← Chapters

လူငယ်တွေက သိုင်းပညာအကျင့်သီလမရှိကြဘူး(ခ)

Vol. 54 Ch. 839

လူငယ်တွေက သိုင်းပညာအကျင့်သီလမရှိကြဘူး(ခ)

Vol. 54 Ch. 839

သို့ဖြစ်၍ တုံ့ဆိုင်းမနေတော့ဘဲ ရွှီချင်းသည် သူ၏ အတွေးအားလုံးကို ဖိနှိပ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ချော်ရည်အတွင်းသို့ နစ်မြုပ်သွားစေပြီး ဤနေရာနှင့်ဝေးရာသို့ ကူးခတ်သွားသည်။

တစ်ချိန်တည်းမှာ သက်စောင့်မီးအိမ် ဖြစ်တည်လာပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသော အနီရောင်သလင်းကျောက်များကို သိမ်းဆည်းလိုက်သည်။

ဤတစ်ကြိမ်တွင် သလင်းကျောက်နှစ်ဆယ်ကျော်သည် တစ်ခါတည်း ထွက်ပေါ်လာကြသည်။

သူထွက်ခွာသွားသည်နှင့် ပေတစ်သောင်းရှည်လျားသော ဝဲကတော့သည် တဖြည်းဖြည်း နှေးကွေးလာသည်။

ရွှီချင်းထွက်သွားပြီး ခြောက်နာရီကြာပြီးနောက် ဝဲကတော့သည် လုံးလုံးလွင့်ပြယ်သွားသည်။ မကြာမီ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်မှ ကျင့်ကြံသူအုပ်စုတစ်စုသည် ထိုနေရာသို့ အပြေးနှင်လာကြသည်။

ဝဲကတော့က လွင့်ပြယ်သွားပြီဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက ကျန်ရှိနေဆဲပင်။ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များက ထိုနေရာနှင့် နီးကပ်လာသည့်အခါ တစ်စုံတစ်ယောက်က ချက်ချင်း ပြောကြားသည်။

“ ဒီနေရာမှာ တစ်ခုခုလွဲမှားနေတယ် ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း အမြန်အနောက်ဆုတ်သွားသည်။ သူသိမ်းပိုက်ထားသော ခန္ဓာကိုယ်က သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ အလျှင်အမြန် ခြောက်ကပ်လာနေသည်။ ယင်းက သူ၏ အသက်စွမ်းအင်ချည်းသာ လွင့်ပြယ်သွားနေခြင်းမဟုတ်ပေ။ အသက်ကိုယ်တိုင်က အဝေးသို့ ထွက်သွားနေခြင်း ဖြစ်သည်။

ထိုမျိုးနွယ်ဝင်၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။

တခြားပုံရိပ်ယောင်မျိုးနွယ်ဝင်များသည်လည်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

“ ဒီနေရာကို ပညာရှင်ကျင့်ကြံသူတစ်ယောက် ဆင်းသက်လာတာမဟုတ်ရင် ကောင်းကင်ဘုံမီးတောက်ပင်လယ်အောက်မှာ ဆန်းကြယ်တဲ့ ဓမ္မရတနာတစ်ခု ပေါ်ထွက်လာတာဖြစ်ရမယ်… အဲ့ဒါက အချိန်စွမ်းအားနဲ့ ပတ်သက်နေတယ်… ဒါက ကိစ္စကြီးပဲ ”

“ ပြီးတော့ သံလိုက်အိမ်မြှောင်က တစ်ကြိမ်တည်းနဲ့ အဆင့်မြင့် ကောင်းကင်မီးသလင်းကျောက်(၂၀)ကျော်ကို အာရုံခံမိတယ်… အဲ့ဒီအရေအတွက်က တိုက်ပွဲအတွက် အသုံးပြုနိုင်တယ် ”

အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ စိုးရိမ်ကြောင့်ကြခြင်းနှင့် လောဘရမ္မက်တို့ ပေါ်လျှိုးလာသည်။

“ မျိုးနွယ်စောင့်ရှောက်သူက ဒီကိုလာတဲ့ လမ်းမှာပဲ ရှိသေးတယ်… အရင်ဆုံး ငါတို့ဘာသာ စစ်ဆေးကြည့်ရအောင် ”

“ မျိုးနွယ်ဝင်အားလုံးကို ကောင်းကင်ဘုံမီးတောက်ပင်လယ်ဆီလာဖို့ ချက်ချင်း အကြောင်းကြားပါ ”

ထိုကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသည် အသံပို့လွှတ်ပြီးနောက် ချက်ချင်း လူစုခွဲလိုက်ပြီး စုံစမ်းရှာဖွေလိုက်ကြသည်။

ဤနေရာသို့ ရောက်လာကြသူများသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသာ မဟုတ်ကြချေ။ အဝေးတွင် ကျင့်ကြံသူများစွာလည်း စုရုံးရောက်ရှိနေကြသည်။ သံလိုက်အိမ်မြှောင်ပေါ်မှ အပြောင်းအလဲများကို အာရုံခံမိပြီးနောက် သူတို့အားလုံးသည် လောဘရမ္မက်၏ ထိန်းချုပ်ခံလိုက်ရကြပြီး ဤနေရာသို့ ဦးတည်ပြေးလာကြသည်။

တချို့သည် တစ်ယောက်တည်းဖြစ်ပြီး တချို့သည် အုပ်စုဖြင့် ဖြစ်သည်။ သူတို့ထဲတွင် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်သည် အရေအတွက်အများဆုံး ဖြစ်သည်။ သူတို့သည် တစ်ခြားဦးတည်ရာမှ ဤနေရာဆီသို့ တန်းမတ်စွာ ပြေးလာခဲ့ကြခြင်း ဖြစ်သည်။

ကီလိုမီတာငါးထောင်အတွင်းမှ ဧရိယာသည် ဒြပ်မဲ့ဝဲကတော့တစ်ခုသဖွယ် ထင်မှတ်ရပြီး အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများအားလုံး စုဝေးရောက်ရှိနေသောနေရာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ ကောင်းကင်ဘုံတာအိုမှ သတိပေးမှုသည် အလွန်အမင်း ပြင်းထန်လာသည်။ လင်းအာသည်လည်း တုန်ရီသော အသံဖြင့် အမြန်ပြောသည်။

“ အကိုရွှီချင်း… ဒီမှာ လူတွေအများကြီး ရောက်နေတယ်… ပြီးတော့ အဝေးကနေ အရမ်းစွမ်းအားကြီးမားတဲ့ တည်ရှိမှုနှစ်ခု ပြေးလာနေတာကို ညီမအာရုံခံမိတယ် ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ပထမဆုံး သူတွေးမိသည်မှာ သက်စောင့်မီးအိမ်မှ ဖြစ်တည်လာသော ဝဲကတော့က အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားခြင်း ဖြစ်သည်။ သို့သော်လည်း ယခင်က ကောင်းကင်ဘုံတာအို၏ သတိပေးမှုသည် တစ်ကြိမ်ထက်ပိုပေသည်။

“ အနီရောင်သလင်းကျောက်ကြောင့်များလား ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သို့သော်လည်း ချက်ချင်းဆိုသလို သူက ကူးခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ လက်ကို ချော်ရည်၏ မျက်နှာပြင်ပေါ်သို့ တွန်းထုတ်လိုက်သည်။

သူက လက်ဆန့်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကြီးမားသော အင်အားတစ်ခုသည် မီးတောက်ပင်လယ်ပေါ်သို့ သက်ဆင်းလာပြီး ကြီးမားသော မျက်နှာဖုံးတစ်ခုကို ဖြစ်ပေါ်စေသည်။ ယင်းက ချော်ရည်ထဲသို့ နစ်မြုပ်သွားပြီး ရွှီချင်း၏ လက်ဖဝါးနှင့် တွေ့ဆုံသွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံများကြားမှာ ကျယ်ပြောသော ချော်ရည်ဧရိယာသည် ဆယ်ပေခန့် နစ်မြုပ်သွားပြီး မီးတောက်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။ ထိုအခါ ချော်ရည်အောက်မှ ရွှီချင်း၏ ပုံရိပ်သည် မြင်သာစွာ ထွက်ပေါ်လာသည်။

အတွင်းနှင့် အပြင်ဘက်မှ ဝင်ရောက်လာသော ဖိအားကြောင့် မီးတောက်ပင်လယ်သည် ဖျစ်ညှစ်ခံလိုက်ရသော ပူဖောင်းတစ်လုံးနှယ် ပေါက်ကွဲတော့မည့် လက္ခဏာများ ပြလာသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းသည် လေထဲသို့ အရှိန်မြှင့်တင်လိုက်သည်။ ချော်ရည်ပင်လယ်သည် သူ၏ အနောက်မှာ ပေါ်လျှိုးလာပြီး ဧရာမပန်းတစ်ပွင့်သဖွယ် ဖူးပွင့်လာသည်။

မီးတောက်များက မိုးရွာသွန်းသကဲ့သို့ ကျဆင်းလာသောအခါ သူ့အား တိုက်ခိုက်သူကို ရွှီချင်း မြင်သွားသည်။

ထိုလူသည် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်မှ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က ပေ(၇၀)အထိ ရှည်လျားသောကြောင့် သူက မျှော်စင်ငယ်တစ်ခုအလားပင်။ အထူးသဖြင့် သူက မီးတောက်များကြားတွင် ထင်းခနဲမြင်သာစေမည့် ရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း အံ့ဩဖွယ်ကောင်းသည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ တင်ပျဉ်ခွေထိုင်နေကြသော ဝိညာဉ်နတ်သူငယ်ခုနစ်ကောင်သည် သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် အလွန်ကြီးမားသော ဧရာမမျက်နှာဖုံးခုနစ်ခုသို့ ပြောင်းလဲသွားသည်။ ဝိညာဉ်နတ်သူငယ်တစ်ကောင်စီသည် မျက်လုံးမှိတ်ထားကြပြီး သူတို့အားလုံးသည် ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခ၏ အထွတ်အထိပ်မှာ ရှိကြသည်။ သူတို့သည် တတိယကောင်းကင်ကဒ်ဘေးဒုက္ခနှင့် ရင်ဆိုင်ရရန် သိပ်မလိုတော့ပေ။

အစောနက ရွှီချင်းကို တိုက်ခိုက်လိုက်သူသည် ထိုဝိညာဉ်နတ်သူငယ်များထဲမှ တစ်ကောင်ဖြစ်သည်။

“ ချော်ရည်ထဲမှာ ခိုးကြောင်ခိုးဝှက်လုပ်နေတယ်… နိမ့်ကျတဲ့လူသား… မင်းက ရှာဖွေခံရမှာကို တိမ်းရှောင်နေတာမလား ”

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်သည် ရွှီချင်းကို အေးတိအေးစက် ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှ မျက်နှာဖုံးပေါ်တွင် ရောင်စုံမျဉ်းကြောင်း အများအပြား ရှိသည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးပေါက်ထဲမှ မျဉ်းကြောင်းများသည် လှည့်ပတ်သွားကြပြီး ဝဲကတော့အသေးနှစ်ခုသို့ ပြောင်းလဲသွားကာ မျက်လုံးများ ဖြစ်လာသည်။

ထိုမျက်လုံးများသည် ထူးဆန်းသော စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်သောကြောင့် ချော်ရည်အောက်ထဲမှ ရွှီချင်းကို မြင်နိုင်ခြင်း ဖြစ်သည်။

“ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်က ဒီအနီးနားပတ်ဝန်းကျင်ကို ချိပ်ပိတ်ထားတယ်… သူတို့ရှာနေတဲ့လူက မင်းလား ”

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်သည် ရွှီချင်းကို စိုက်ကြည့်လျက် အရှေ့သို့ တစ်လှမ်းချင်းလျှောက်သွားပြီး တည်ငြိမ်စွာ ပြောသည်။

“ အဲ့လိုဆိုရင် မင်းက ကောင်းကင်မီးသလင်းကျောက်တွေကို ယူဆောင်သွားတဲ့တစ်ယောက်မဟုတ်လား ”

“ ငါက ငါးခုပဲလိုချင်တယ်… ငါ့ကို သလင်းကျောက်ငါးခုပေး… အဲ့ဒါဆို ငါမင်းကို မမြင်ခဲ့သလို ဟန်ဆောင်ပေးမယ်… မင်းစဉ်းစားကြည့်နိုင်တယ်… ဒါပေမဲ့ အချိန်သိပ်မကြာရဘူး… ဒီမှာ ကျင့်ကြံသူတွေအများကြီး ရောက်နေကြတယ်… သူတို့အားလုံးက မင်းကို လိုက်ရှာနေကြတာ ”

မည်သို့သောသူဖြစ်ပါစေ ဤသို့ပတ်ဝန်းကျင်မျိုးတွင် ထိုသို့စကားများဖြင့် ရင်ဆိုင်ရသည့်အခါ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက ရန်သူကို ဖျက်ဆီးပစ်ရန် အလုံအလောက်မမြင့်မားလျှင် အကျိုးအမြတ်ကို ချင့်ချိန်စဉ်းစားမည်မှာ မလွဲဧကန်ပင်။

သို့ဖြစ်၍ ထိုစကားများက သူ၏ ပါးစပ်ထဲမှ ထွက်ကျလာသည်နှင့်ချက်ချင်း ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်သည် ရုတ်တရက် ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သည်။

သူ၏ အလျင်သည် ပေါက်ကွဲထွက်လာသည်။ သူက ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကို လှုံ့ဆော်လိုက်ပြီး ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

သူ၏ အလျင်သည် လွန်စွာမှ မြန်ဆန်သောကြောင့် ရွှီချင်း၏ အနားသို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာသည်။ ရွှီချင်းက အကျိုးအမြတ် ချင့်ချိန်စဉ်းစားမည့်အခိုက်အတန့်လေးကို သူက အသုံးချလိုခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ အစီအစဉ်က ကျရှုံးသွားသည်။ ရွှီချင်းသည် အကျိုးအမြတ်ကို ချင့်ချိန်မစဉ်းစားဘဲ တစ်ချိန်တည်း တိုက်ခိုက်လိုက်သည်။

ရွှီချင်း၏ အရှေ့တွင် ထိုသို့လှည့်ကွက်မျိုးသည် အသုံးမဝင်ချေ။ သူသည် တစ်ဖက်လူ၏ အကြံအစည်ကို ရှင်းလင်းစွာ ထွင်းဖောက်မြင်နိုင်သည်။

လျှပ်တစ်ပြက်အတွင်း ထိုနေရာသည် ဝုန်းခနဲမြည်ဟိန်းသွားပြီး ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်က အတင်းအကျပ် အနောက်ဆုတ်သွားရသည်။ သူ၏ အမူအရာသည် ပြောင်းလဲသွားပြီး အံ့အားသင့်ခြင်းနှင့် လောဘရမ္မက်အကြည့်တို့ ထွက်ပေါ်လာသည်။

“ ဝိညာဉ်နတ်သူငယ်(၁၃)ကောင် သက်စောင့်မီးအိမ်(၅)ခု ”

“ အဲ့ဒါကြောင့် တစ်ခုခုလွဲမှားနေတယ်လို့ ငါခံစားမိတာကို… မင်းက လဝတ်ပြုဒေသကြီးက မဟုတ်ဘူး ”

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်သည် စိတ်လှုပ်ရှားစွာ နှုတ်ခမ်းသပ်လိုက်သည်။

“ မင်းမှာ သက်စောင့်မီးအိမ်(၅)ခုတောင် ရှိတာပဲ… ကြည့်ရတာ မင်းက ငါတို့လဝတ်ပြုဒေသကြီးဆီ ခိုးဝင်လာတဲ့ လူသားမျိုးနွယ်ရဲ့ တခြားဒေသကြီးက ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြစ်ရမယ်… မင်းရဲ့အရသာက ဘယ်လိုဖြစ်မလဲ ငါသိချင်မိသား ”

သူ၏ စကားဆုံးသည်နှင့် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်သည် လက်နှစ်ဖက်ဖြင့် ကျင့်ကြံခြင်းလက်ဟန်ချိပ်တံဆိပ်များကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ အနောက်မှ ဝိညာဉ်နတ်သူငယ်မျက်နှာဖုံးခုနစ်ခုသည် မျက်လုံးဖွင့်လိုက်ကြပြီး ရွှီချင်းကို တစ်ပြိုင်နက် စိုက်ကြည့်လိုက်ကြလေရာ စူးစူးဝါးဝါးအော်မြည်သံ ထွက်ပေါ်လာသည်။

All Chapters