← Chapters

ပြီးပြည့်စုံသော အဆုံးသတ်

Vol. 40 Ch. 595

ပြီးပြည့်စုံသော အဆုံးသတ်

Vol. 40 Ch. 595

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များ ပွက်လောရိုက်ကုန်သည်။

ရိုက်ကူးရေး အဖွဲ့သည်လည်း စိတ်လှုပ်ရှားနေပြီး အချင်းချင်း ပြန်ကြည့်ကာ နောက်ဆုံး၌ စိတ်အေးကာ သက်ပြင်းချ နေကြသည်။

ကျောက်လျန့်ရင်သည် စင်နောက်ဘက်၌ ဟာသဇာတ်လမ်းတိုကြောင့် ရယ်မောနေသည်။ ဇာတ်ညွှန်းကို ဖတ်ထားသော်လည်း ဟာသ ဇာတ်လမ်းကို နားထောင်ရခြင်းက လုံးဝ ခြားနားသော ခံစားချက်ပင်။ ရဲ့လင်းချန်က ဇာတ်လမ်း၏ ဉာဏ်များမှုကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့လေသည်။

တုန်းဟိုင် စီရင်စု၏ အိမ်တစ်အိမ်၌ ကောတန့်ရှန်းသည် Gala နွေဦးပွဲတော်ကို ပြသနေသည့် ရုပ်သံလိုင်းအား ကြည့်ရှုနေသည်။ သူ့မျက်နှာက နီရဲနေပြီး နှုတ်ခမ်းက ပြုံးနေသည်။

နှစ်ယောက်လုံးက သူ့အား စိတ်မပျက်စေခဲ့ပါ။ ထို့အပြင် သူတို့သည် သူ မှန်းထားသည်ထက်ပင် သာနေခဲ့သည်။ သူသည် သူ့တပည့် ရှောင်ယွဲ့ယွဲ့အား ကြည်နူးစွာ ကြည့်နေသည်။ ရဲ့လင်းချန်က ဤမျှ အချိန်တိုလေးအတွင်း သူ၏ တပည့်အား များစွာ တိုးတက်လာအောင် ကူညီနိုင်စွမ်း ရှိသဖြင့် ရဲ့လင်းချန်က မည်မျှ ထူးချွန်လိုက်သနည်း။

“ဆရာ၊ ဒ…ဒ…ဒီကိစ္စက သိပ်အံ့ဩဖို့ကောင်းတယ်”

သူ့ဘေးမှ တပည့်များက အံ့ဩနေကြသည်။ ဟာသ ဇာတ်လမ်းတိုသည် နှုတ်စွမ်းရည်တစ်ခုဟု ထင်ရသော်လည်း ၎င်း၏ ခက်ခဲမှုက သိုင်းပညာ သို့မဟုတ် အကပညာနှင့် ယှဉ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း ဘယ်လို စကားပြောရမလဲ ဆိုသည်ကို သိသော်လည်း ယင်းအား တစ်ဆင့်မြှင့်နိုင်ရန် ခက်ခဲသောကြောင့်ပင်။

သူတို့သည် လက်တန်း ဟာသ ဇာတ်လမ်း လောက၌ နှစ်ပေါင်းများစွာ ကျင်လည်လာသည့် ပညာရှင်များ ဖြစ်သောကြောင့် ဟာသ ဇာတ်လမ်းတို တင်ဆက်ခြင်း၏ ခက်ခဲမှုကို နားလည်ကြသည်။ ယင်းသည် နှစ်ပေါင်းများစွာ အားထုတ်ကြိုးစားခြင်း မရှိဘဲ လုပ်နိုင်ရန် မဖြစ်နိုင်ပေ။

အဖွင့်၌ စကားဝိုင်းက တိုတောင်းသော်လည်း ရဲ့လင်းချန်နှင့် ရှောင်ယွဲ့ယွဲ့သည် လူတိုင်းကို အံ့ဩအောင် လုပ်နိုင်ခဲ့ပြီး သူတို့အား သတိလက်လွတ် ဖြစ်စေခဲ့သည်။ လက်တန်း ဟာသ ဇာတ်လမ်း လောက၏ လူအိုကြီးများပင် အံ့အားသင့်သွားခဲ့ရသည်။

ရှောင်ယွဲ့ယွဲ့သည် ကောတန့်ရှန်း လက်အောက်၌ နှစ်ပေါင်းများစွာ တပည့်ခံလာခဲ့သဖြင့် နားလည်ပေး နိုင်သော်လည်း ရဲ့လင်းချန်က ဘယ်လို ဖြစ်ရသနည်း။

သူသည် လုံးဝကို လူသစ်တစ်ယောက် ဖြစ်သည်။

ဟာသ ဇာတ်လမ်းတို ပညာသည် လူတိုင်း စကားပြောတတ်စဉ်ကတည်းက စတင်နိုင်သည့် အရာ ဖြစ်သည်။ သို့သော် ၎င်းသည် ကျွမ်းကျင်ရန် မဆိုထားနှင့် အသိုင်းအဝိုင်းထဲ ဝင်နိုင်ရန် ခက်ခဲလေသည်။ မွေးရာပါ ပညာရှင်များမှလွဲလျင် လူတစ်ယောက်သည် ဆယ်နှစ်ကျော် အပတ်တကုပ် ကြိုးစားရန် လိုအပ်ပေလိမ့်မည်။

သို့သော် ရဲ့လင်းချန်သည် အားကစားသမား တစ်ယောက် ဖြစ်သည်။ ၎င်းသည် ဟာသ ဇာတ်လမ်းတိုနှင့် လုံးလုံး ကွာခြားသော လောကတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မသက်ဆိုင်သော ခေါင်းစဉ်များပင်။ ပါရမီရှင် တစ်ယောက် ဆိုလျင်တောင်မှ အကန့်အသတ်များ ရှိသင့်ပေသည်။

ထို့အပြင် ဟာသ ဇာတ်လမ်းတို ပညာရပ်သည် ပါရမီရှင်တစ်ယောက် ဖြစ်ရုံတစ်ခုတည်းနှင့် မကျွမ်းကျင်နိုင်ပေ။ ယင်းသည် ကြိုးစား အားထုတ်မှုများစွာလည်း လိုအပ်ပေသည်။ ယင်းကား ဟာသ ဇာတ်လမ်းတို ပညာရပ်၏ စိန်ခေါ်မှုပင်တည်း။ နှုတ်ခမ်းတစ်စုံတည်းနှင့် လူတစ်ယောက်သည် ဘာသာစကားကို အသုံးပြု၍ အဖြစ်အပျက် တစ်ခုလုံးကို သက်ဝင်လာအောင် လုပ်ရပြီး လိုက်ဖက်သော အမူအရာများကိုလည်း ပြုလုပ်ရသဖြင့် ယင်းသည် ခက်ခဲပြီး ပြောင်းလဲမှုများလှသည်။

“အင်း၊ ဟေ့၊ ဟူး၊ အာ၊ ဟ”

ထိုအာမဋိတ်များ၏ အသုံးချပုံကို လေ့ကျင့်ရန်ပင် နှစ်ပေါင်းများစွာ အချိန်ယူရပြီး သင့်တော်သော လေယူလေသိမ်းနှင့် ပြတ်ပြတ်သားသား ရွတ်နိုင်ပုံကို ကျွမ်းကျင်ရန်ဆိုလျင် ပြောနေစရာပင် မလိုအောင် ပို၍ အချိန်ယူရပေမည်။

ဟာသ ဇာတ်လမ်းတိုပညာရပ်သည် အခြားနယ်ပယ်များနှင့် လုံးဝ ကွဲပြားခြားနားသော နယ်ပယ်ပင်။

သို့သော်ငြားလည်း ရဲ့လင်းချန်သည် လူပြက်တစ်ယောက်၏ ကဏ္ဍကို ကျွမ်းကျင်ပိုင်နိုင်မှုအပြည့်နှင့် လုပ်ဆောင် သွားနိုင်ခဲ့သည်။ သူတို့ ဘယ်လိုလုပ် မထိတ်လန့်ဘဲ နေနိုင်မည်နည်း။

*သူ ဒါကို ဘယ်တုန်းက သင်လိုက်တာလဲ*

*သူ တကယ်ပဲ ဟာသ ဇာတ်လမ်းတိုကို တင်ဆက်နိုင်တာလား*

ထို့အပြင် ဤဟာသ ဇာတ်လမ်းတိုအတွက် ဇာတ်ညျွန်းကို ရဲ့လင်းချန်ကိုယ်တိုင် ရေးထားခဲ့ခြင်း ဖြစ်သည်ဟု သူတို့ ကြားခဲ့ရသည်။ ၎င်းအား ငါးမိနစ်ပင် မရှိသော အချိန်အတွင်း လက်တန်း ရေးခဲ့ခြင်းပင်။

ယင်းကား … အံ့ဩစရာ ကောင်းလွန်းလှပေသည်။

ဟာသ ဇာတ်လမ်းတို ပညာရှင်များ အံ့အားသင့်သွားရသည်။ သူတို့၏ နှစ်ပေါင်းများစွာ ရှိခဲ့သော အတွေးအမြင်များ ပျက်စီးကုန်၏။ ရဲ့လင်းချန်နှင့် ယှဉ်လိုက်သောအခါ သူတို့ ရုတ်တရက် ရှက်ရွံ့သလို ခံစားသွားရသည်။

စင်ပေါ်၌ …

ရှောင်ယွဲ့ယွဲ့ သည်းမခံနိုင်တော့ချေ။ သူသည် ပြန်လည် ချေပ၍ သူ့နေရာသူ ပြန်ရချင်နေသည်။

သူ ညင်သာစွာ ပြုံးလိုက်သည်။

“ရယ်စရာ ပြောတာတွေ ရပ်ပြီး အတည် ပြောရအောင်၊ ရဲ့နတ်ဘုရား၊ မင်း အခုတလော တော်တော်လေး နာမည်ကြီးနေတယ်ဆိုတာကို ငါတို့အားလုံး သိပါတယ်”

ရဲ့လင်းချန်က သူ့မျက်နှာကို အုပ်လိုက်သည်။ သူသည် မာန်တက်နေပုံ ပေါ်သော်လည်း နှိမ့်ချဟန်ဖြစ်ရန် ကြိုးစားနေသည်။

“ဒီလိုပါပဲ၊ ဟီးဟီးဟီး …”

ရှောင်ယွဲ့ယွဲ့ ဆွံ့အသွားလေသည်။

“ကြည့်စမ်းပါဦး၊ နည်းနည်းလေး ချီးကျူးလိုက်တာနဲ့ မာန်တက်နေပြီ၊ မင်း နည်းနည်းလေး ရထားတယ် မဟုတ်လား၊ မင်း အိမ်ဝယ်ပြီးပြီလား”

ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။

“ဟင့်အင်း၊ ငါ မတတ်နိုင်ပါဘူး”

ရှောင်ယွဲ့ယွဲ့က အသံကိုနှိမ့်၍ ပြောလိုက်သည်။

“မင်း နေစရာနေရာ တစ်ခုတော့ ရှာနိုင်မှာပါ၊ ဟုတ်တယ်မလား၊ မင်း ဘယ်မှာနေလဲ”

“အိမ်ရာမဲ့ပါ”

“ခွီး … ဟားဟားဟား … ရဲ့နတ်ဘုရားက သူ့ကို နှောက်နေပြီ”

“ဒါက ရှောင်ယွဲ့ယွဲ့ကို ရူးအောင် လုပ်နေမှာပဲ၊ သူ့မျက်လုံးတွေ ပြူးနေပြီ”

“ရဲ့နတ်ဘုရားက တော်တော် ဆိုးတာပဲ၊ အရှက်ကို မရှိဘူး၊ စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်”

ရှောင်ယွဲ့ယွဲ့၏ မျက်နှာက နီရဲလာသည်။

“မင်းလို သူဌေးက အိမ်ရာမဲ့ ဖြစ်လာတာလား”

ရဲ့လင်းချန်: “အာ … အဲ့ဒါ ဘာဖြစ်လို့လဲ၊ အဲ့လို လုပ်လို့မရလို့လား”

ရှောင်ယွဲ့ယွဲ့က အလျင်စလို ပြန်ပြောလိုက်သည်။

“မရဘူးလေ၊ မင်း ငါ့ကို လိပ်စာ ပေးကို ပေးရမယ်၊ မင်း ဘယ်မှာနေလဲ”

ရဲ့လင်းချန်က မတတ်သာဟန်ဖြင့် ပြန်ပြောသည်။

“ငါ သစ်ပင်ပေါ်မှာ နေတာ”

ရှောင်ယွဲ့ယွဲ့က ဟားတိုက် ရယ်မောလာသည်။

“မင်းက ငှက်လား၊ မင်း ဘယ်နေရာလဲဆိုတာ ပြောရမယ်”

ရဲ့လင်းချန်က တစ်ခဏမျှ ငြိမ်သွားပြီးမှ သူ့အား လက်ခါပြသည်။

“ဘယ်နေရာလဲ ပြောရမယ် ဟုတ်လား၊ တတိယ အကိုင်းမှာလေ”

ပရိသတ်များ အားပါးတရ ရယ်မောကြသည်။

“ဟားဟားဟား … ငါ လုံးဝ မရတော့ဘူး၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်”

“ရဲ့နတ်ဘုရားရေ၊ မင်း တအား ညစ်နေတာကို ရပ်လိုက်ပါတော့လား”

“တတိယအကိုင်းတဲ့၊ ဒီစကားက ငါ့ကို တစ်နှစ်လုံး ရယ်မောနိုင်အောင် လုပ်နိုင်တော့မှာပဲ”

“ရဲ့နတ်ဘုရား၊ မင်းက နာမည်ကြီး အားကစားသမားဆိုတာကို မှတ်ထားပေးပါ၊ အရမ်း လမ်းမလွဲသွားပါစေနဲ့”

ပရိသတ်များက ရယ်မောနေပြီး ပို၍ စိတ်ဝင်စားလာကာ ပျော်ရွှင်လာကြသည်။

အိမ်၌ ရဲ့လင်းချန်၏ ညီအစ်ကို မောင်နှမများအားလုံးသည် ရယ်ရလွန်း၍ မျက်ရည်များ ထွက်နေကြသည်။ သူတို့သည် ဆိုဖာကို တဘုန်းဘုန်းရိုက်၍ ရယ်မောကာ စကားပြောနေသည်။

“ဒါ သိပ်အံ့ဩဖို့ ကောင်းတာပဲ၊ ငါ့အစ်ကိုက တကယ်ကို အံ့ဩဖို့ကောင်းတယ်”

သူ၏ အဘိုးအဘွားများသည် အားပါးတရ ရယ်နေကြသည်။

“ဒီရှောင်ရဲ့ကတော့လေ၊ သူက တကယ်ကို … တစ်ခုခုပဲ”

သူ့မိခင်၏ မျက်နှာတွင် အပြုံးပန်းများ ဝေနေပြီး သတိရကာ သူမ၏ သူငယ်ချင်းများကို ဖုန်းလိုက်ဆက်လေသည်။

“ကြည့်ပါဦး၊ ငါ့သားက တီဗွီမှာ ပါနေပြီ၊ ဘယ်မှာလဲ ဟုတ်လား၊ Gala နွေဦးပွဲတော်ရဲ့ စင်ပေါ်မှာလေ”

…

ဟာသ ဇာတ်လမ်းတိုကို နားထောင်နေစဉ်မှာပင် အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နှစ်သစ်ကူး ပွဲတော်၏ အငွေ့အသက်များနှင့် ပေါင်းလိုက်သောအခါ လူတိုင်း ပျော်ရွှင်ကြည်နူးနေကြသည်။

ဟာသ ဇာတ်လမ်းတိုက နောက်ဆုံး၌ ပြီးဆုံးသွားလေသည်။

ရဲ့လင်းချန်နှင့် ရှောင်ယွဲ့ယွဲ့သည် စင်ပေါ်မှနေ၍ အနောက်သို့ ဆင်းလာသည်။ ရှောင်ယွဲ့ယွဲ့က ပင့်သက်ရှိုက်သွားသည်။ သူ၏ နဖူးတွင် ချွေးစေးများ ဖုံးလွှမ်းနေ၏။

“ဘယ်လိုလဲ”

ရဲ့လင်းချန်က ပြုံး၍ မေးလိုက်သည်။

“ငါ ချွေးတွေ ဘူးသီးလုံးလောက် ကျနေတာ၊ နေ့တိုင်း ဒီလောက် ချွေးထွက်ရရင် ငါ တစ်လတည်းနဲ့ ကိုယ်အလေးချိန် ငါးကီလိုဂရမ် ကျမယ်ထင်တယ်”

ရှောင်ယွဲ့ယွဲ့က သူ့အဝတ်အစားမှ ချွေးများကို သုတ်နေသည်။

“ဟားဟားဟား အခုတော့ ပြီးသွားပါပြီ၊ စိတ်လှုပ်ရှားဖို့ ကောင်းလား”

ရဲ့လင်းချန် ရယ်နေသည်။ ရှောင်ယွဲ့ယွဲ့က ဖြူရော်နေသော မျက်နှာနှင့် အသည်းအသန် လက်ခါသည်။

“ငါ ဒါမျိုး လုံးဝ ထပ်မလုပ်ဘူး၊ ဒါက အရမ်း ကြောက်ဖို့ကောင်းတယ်”

စိတ်ကိုထိန်းချုပ်ရခြင်းက ပြင်းထန်လွန်းပြီး သူ့အား တစ်ချိန်လုံး ဖိအားပေးနေခဲ့သည်။ ယခု သူ စင်ပေါ်မှ ဆင်းလာပြီ ဖြစ်သဖြင့် မောဟိုက်လာပြီး လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့ချေ။

“ရဲ့နတ်ဘုရား”

သူတို့ စကားပြောနေစဉ်မှာပင် အရိပ်တစ်ခုက သူတို့ထံ ရုတ်တရက် ပြေးလာသည်။ ဖုန့်ရှောင်ဖုန်းက သူ့အား ခပ်ဝေးဝေးမှ လက်ပြကာ စိတ်လှုပ်ရှားနေ၏။

“ဒီဘက်မှာ”

သူ့အနောက်၌ လူများစွာ ရှိနေသည်။ ဆယ်ယောက်၊ အယောက် နှစ်ဆယ်၊ သုံးဆယ်။

ထိုအဖွဲ့ထဲတွင် လင်းအောင်၊ ချန်ရှောင်ယန်၊ ကျောက်လျန့်ရင်နှင့် သူ ရင်းနှီးသော အခြားသူများ ရှိနေသည်။ သူတို့ထဲတွင် Gala နွေဦးပွဲတော်၏ လက်ထောက် ဒါရိုက်တာ၊ အကြံပေး လေးယောက်နှင့် ဥက္ကဋ္ဌပင် ရှိနေ၏။ ကျန်လူများမှာ Gala နွေဦးပွဲတော်၏ မိတ်ကပ်၊ သန့်ရှင်းမှုနှင့် စီမံခန့်ခွဲမှု ဝန်ထမ်းများ ဖြစ်ကြသည်။

သူတို့အားလုံးသည် ရဲ့လင်းချန်အား တောက်ပသော မျက်လုံးများနှင့် ကြည့်နေသည်။ တစ်ဖွဲ့လုံး စကားမပြောဘဲ အနားသို့ ရောက်လာကြသည်။

ရုတ်တရက် တစ်ယောက်က လက်ခုပ်တီးလာပြီးနောက် ဆက်တိုက် လက်ခုပ်တီးသံ ထွက်လာသည်။

“ဖြောင်း ဖြောင်း ဖြောင်း”

ဒါရိုက်တာ၊ လက်ထောက် ဒါရိုက်တာနှင့် ဥက္ကဋ္ဌတို့အားလုံးက သူ့အား ချီးကျူးနေသည်။

သူတို့အားလုံး စိတ်လိုလက်ရ လက်ခုပ်တီးကြသဖြင့် လက်ဝါးများပင် နီကုန်သည်။ ဤမြင်ကွင်းက ထူးဆန်း လှပေသည်။

၎င်းသည် စိတ်လှုပ်ရှား၊ အံ့ဩဖွယ်ကောင်းပြီး တစ်ချိန်တည်းမှာပင် ထိတ်လန့်ဖွယ် ကောင်းပေသည်။

ယင်းက ဆန်းကြယ်မှုတစ်ခုပင်တည်း။

All Chapters