ရှေးဟောင်းတားမြစ်ဆေးလှိုဏ်ဂူ
Vol. 7 Ch. 65
ညအချိန်သို့ ရောက်လာခဲ့၏။
ယန် မိသားစုအိမ်တော်တွင် လူများ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေကြပေသည်။
အစေခံများသည် ပြေးလွှားလှုပ်ရှားနေကြပြီး အလွန်ပင်အလုပ်ရှုပ်နေကြ၏။ ယန် မိသားစုဝင်များ၏စိတ်ဓာတ်များသည်လည်း အလွန်တက်ကြွနေကြပေသည်။
လတ်လောတွင် ယန်မိသားစု၏ စီးပွားရေးသည် တဟုန်ထိုးတိုးတက်လာသောကြောင့် ယန် မိသားစုဝင်များ၏ ကျင့်ကြံခြင်း အရင်းအမြစ်များသည် ယခင်ကထက် များစွာ အားကောင်းလာခဲ့ပြီဖြစ်သည်။
ထိုအရင်းအမြစ်များကိုအသုံးပြု၍ ကြိုးကြိုးစားစားကျင့်ကြံအားထုတ်ပြီးအောင်မြင်မှုကိုရယူနိုင်ဖို့ ယုံကြည်ချက်များပင်ရှိနေခဲ့ပြီဖြစ်၏။
" သခင်ကြီး၊ ဒီနေ့ ပိုင် မိသားစုနဲ့ ကျောက် မိသားစုက မိသားစုခေါင်းဆောင်တစ်ချို့ကိုစုပြီး ကျင်းဟုန်မျှော်စင်မှာလျှို့ဝှက်တွေ့ဆုံပွဲတစ်ခုလုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲက ဘာအတွက်လဲဆိုတာ မသိရပေမယ့်လို့ ကျွန်တော်တို့ ယန် မိသားစုနဲ့ ဆက်စပ်နေမယ်ဆိုတာ ခန့်မှန်းရမခက်ပါဘူး "
ယန်ပါးထောင်၏ ရှေ့တွင် ယန် မိသားစုမှ သူလျှိုတစ်ဦးသည် ယနေ့ ကျင်းဟုန်မျှော်စင်မှ အဖြစ်အပျက်များကို သတင်းပို့နေခဲ့သည်။
" သူတို့ ဒီအတိုင်းထိုင်မနေနိုင်ဘူးဆိုတာ ငါသိသားပဲ "
မကြာသေးမီက ယန်မိသားစု၏ လုပ်ရပ်များသည် အခြားမိသားစုများကို သေချာပေါက်ရန်စသလိုဖြစ်သွားလိမ့်မယ်ဆိုတာကို သိသော်လည်း ယန်ပါးထောင် မကြောက်ပေ။
ဒါဟာ အင်အားကြီးတဲ့လူက အသာစီးရနေတဲ့ ကမ္ဘာတစ်ခုပဲ။
အခုချိန်မှာ ယန် မိသားစုကို အုပ်ချုပ်နေတဲ့သူက ရှမူဟိုင် ကတောင် လေးစားရတဲ့ ဆရာသခင် လီချန်ချင်း လေ။ သူက ဘာကိုကြောက်နေရတော့မှာလဲ။
ယန်ပါးထောင် သည် လီချန်ချင်း ကို အသုံးချ၍ လိမ်ညာလှည့်ဖြားနေခြင်းမဟုတ်ပေ။ ဤကိစ္စများကို လီချန်ချင်း နှင့် ကြိုတင်ဆွေးနွေးထားခဲ့ပြီးဖြစ်၏။
လီချန်ချင်း ကလည်း ကန့်ကွက်ခြင်းမရှိခဲ့ပေ။
သူ့ရဲ့သား ကျင့်ကြံဖို့အတွက် ငွေပိုရှာတာ ဘာတွေမှားနေမှာလဲ။
တကယ်တော့ ဒါက ရက်စက်ကြမ်းတမ်းပြီး အမြဲယှဉ်ပြိုင်နေရသောကမ္ဘာကြီးသာလျှင်ဖြစ်၏။
လီချန်ချင်း သည် အတိတ်ဘဝတုန်းက လည်း ဒါမျိုး ကြုံတွေ့ခဲ့ဖူးသည်။
အရင်းရှင်များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ ကိုယ်ကိုယ်တိုင် အရင်းရှင်တစ်ဦးဖြစ်လာခြင်းသာဖြစ်သည် ဟူသောစကားတစ်ခုကို သူကြားဖူးသည်။
အခုအချိန်တွင် သူဖြစ်ချင်သော အဆင့်အတန်းတစ်ခုရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန်အခွင့်အရေး သူ့တွင်ရှိနေခဲ့ပြီဖြစ်သည်။
ယန်မိသားစုသည် သူတို့၏ လုပ်ရပ်များအတွက် ကြောက်မနေကြပေ။
ဘာကြောင့်လဲဆိုတော့ ချန်ထင်မြို့မှာယန် မိသားစု၏ သတင်းကွန်ရက်သည် အထူးကောင်းမွန်ပြီး ဤနေရာတွင် လီချန်ချင်းလည်းရှိနေပေသည်။
ထို့ကြောင့်ပင် ယန်ပါးထောင် စိတ်အေးလက်အေးရှိနေခြင်းဖြစ်သည်။
အကြွင်းမဲ့အာဏာရဲ့ရှေ့မှောက်မှာ လျှို့ဝှက်ပူးပေါင်းကြံစည်တာတွေ၊ လှည့်စားတာတွေ မှန်သမျှ အချည်းအနှီးဖြစ်သွားကြမှာပဲ။
"သူတို့ရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာစောင့်ကြည့်ပြီး သတင်းရရင် ပြန်တင်ပြပါ " ယန်ပါးထောင်က သူလျှိုအား ပြောလိုက်၏။
"ဟုတ်ကဲ့ပါ သခင်ကြီး"
သုံးရက်ခန့်ကြာပြီးနောက်။
ဆေးဘုရင်တောင်ကြား။
မူချင်းကော ပြန်ရောက်နေခဲ့တာ ကြာပြီဖြစ်၏။ သူမပြန်ရောက်ပြီးနောက် ပထမဆုံးပြုလုပ်ခဲ့သည်မှာ ဆေးဘုရင်တောင်ကြား၏ လက်ရှိတောင်ကြားသခင်ဖြစ်သော သူမ၏ ဖခင် မူဟန်ရှန်း ကိုရှာခြင်းဖြစ်သည်။
သူမ မကျေမချမ်း ဝိညာဉ်ကျိန်စာ မိခဲ့သည့်အကြောင်းကို မူဟန်ရှန်း အား ပြောပြလိုက်သည်။
မူဟန်ရှန်း သည် မူချင်းကော ၏လည်ပင်းမှ တစ္ဆေလက်သည်းအရာ ကိုတွေ့သောအခါ အလွန်တုန်လှုပ်သွားခဲ့၏။
မူချင်းကော သည် သစ်သားပန်းပုအကြောင်းကိုတော့ ထုတ်မပြောခဲ့ပဲ မကျေမချမ်း ဝိညာဉ်ကျိန်စာ ယခုအချိန်အထိ အစွမ်းမပြသေးကြောင်းသာ ပြောဆိုခဲ့သည်။
မူဟန်ရှန်း သည် ထိုကျိန်စာနှင့်ပတ်သတ်၍အဖြေရှာရန် ဆေးဘုရင်တောင်ကြား၏ ရှေးဟောင်းတားမြစ်ဆေးလှိုဏ်ဂူ သို့ ချက်ချင်းပင်ဝင်ရောက်သွားခဲ့သည်။
ရှေးဟောင်းတားမြစ်ဆေးလှိုဏ်ဂူ သည် ဆေးဘုရင်တောင်ကြားရှိ တားမြစ်နေရာတစ်ခုဖြစ်သည်။ မူဟန်ရှန်း မှလွဲ၍ မည်သူမျှ ဝင်ရောက်ခွင့်မရှိပေ။
ကောလဟာလများအရတော့ ဆေးဘုရင်တောင်ကြား ၏တားမြစ်ထားသောကျင့်စဉ်များစွာကို ထိုဂူအတွင်း၌ ချိပ်ပိတ်ထားခြင်းဖြစ်သည်ဟုဆိုကြ၏။
ရှေးဟောင်းတားမြစ်ဆေးလှိုဏ်ဂူ နှင့် ပတ်သက်၍ မူချင်းကော သည် ငယ်စဉ်ကတည်းက သိလိုစိတ် အလွန်ပြင်းပြခဲ့သည်။ အထဲ၌ ဘာရှိမလဲဆိုတာကို သိချင်လွန်း၍ တစ်ခါက ရှေးဟောင်းတားမြစ်ဆေးလှိုဏ်ဂူ ထဲကိုပင် ခိုးဝင်ခဲ့ဖူး၏။
ရလဒ်အနေနဲ့ သူမ၏အဖေ ရှာတွေ့တာကိုခံခဲ့ရသည်။
မူဟန်ရှန်း သည် အလွန်ဒေါသထွက်သွားခဲ့၏။ အရင်က မူချင်းကော ကိုတုန်နေအောင်ချစ်သည့်သူမ၏အဖေသည် သူမအား တစ်လကြာ အပြင်ထွက်ခွင့် မပေးခဲ့ချေ။
သူမ မိခင်၏ တောင်းပန်မှုသည်ပင် အသုံးမဝင်ခဲ့ပေ။
မူချင်းကောတွင် ထိုကိစ္စနှင့်ပတ်သတ်၍ ဘယ်သူ့ကိုမှ မပြောခဲ့သော အကြောင်းအရာတစ်ခုရှိခဲ့၏။
အဲဒီနေ့က သူမတွေ့ခဲ့ရသည်။
ရှေးဟောင်းတားမြစ်ဆေးလှိုဏ်ဂူ ထဲ၌
ကလေးငယ်တစ်ဦးရှိနေခဲ့၏။
ထိုကလေးသည် သူမနှင့်ရွယ်တူ အသက် 10နှစ်၊ 13နှစ်လောက်ရှိသော ကောင်လေးတစ်ယောက်ဖြစ်သည်။ မူချင်းကော သူ့ကို အရင်က တစ်ခါမှမမြင်ဖူးခဲ့ပေ။
အဲ့ဒီအချိန်ကတည်းကနေ အခုထိလည်း ထိုကောင်လေးကို ထပ်မတွေ့ရတော့ပေ။ သူသည် ဤနေရာ၌ ဘယ်တုန်းကမှ ရှိမနေခဲ့သလိုပင်။
ယခု မူဟန်ရှန်း ရှေးဟောင်းတားမြစ်ဆေးလှိုဏ်ဂူ ထဲသို့ ဝင်ရောက်သွားမှုသည် မူချင်းကော ကို ထိုလျှို့ဝှက်ဆန်းကြယ်သောကလေးငယ်အား အမှတ်ရသွားစေခဲ့၏။
သူမ အတွေးထဲ နစ်မြောနေစဉ်တွင်၊ အပြင်ဘက်မှ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"အကြီးအကဲ ၊ အကြီးအကဲဆီကို စာတစ်စောင်ရောက်လာပါတယ်"
"ငါ့ရဲ့စာလား?"
မူချင်းကော သည် စိတ်မဝင်စားသည့်ဟန်ဖြင့် ပြန်ပြောလိုက်၏။ “ဒါက တစ်ချို့ဂိုဏ်းတပည့်လေးတွေဆီက ရည်းစာစာပဲဖြစ်လိမ့်မယ်”
ထိုကဲ့သို့သောစာများစွာကို သူမလက်ခံရရှိထားခဲ့သည်။
သိုလှောင်ရုံတွင် စုပုံနေပေသည်။
" အကြီးအကဲ၊ ဒီစာက ကျွန်မတို့တစ်ခါမှမကြားဖူးတဲ့ နေရာကပို့လိုက်တာပါ။ ချန်ထင်မြို့ တဲ့။ မင်ဟုန်ခရိုင်ထဲကထင်တယ် "
"မင်ဟုန်ခရိုင်?၊ ချန်ထင် မြို့?" မူချင်းကော ၏ မျက်လုံးများ တဖျပ်ဖျပ်တောက်ပလာခဲ့သည်။
သူမ တံခါးကိုဖွင့်လိုက်တဲ့အခါ အပြင်ဖက်၌ အမျိုးသမီးအစေခံတစ်ဦးသည် စာတစ်စောင်ကိုင်ကာရပ်နေခဲ့၏။
မူချင်းကော သည် ထိုစာကို လှမ်းယူလိုက်ပြီး စာအိတ်ပေါ်ရှိ လီချန်ချင်း ၏ နာမည်ကို တွေ့သည်နှင့် သူမ၏ အမူအရာသည်ရွှင်မြူးသွားတော့သည်။
" ကောင်းပြီ။ မင်းအခုသွားလို့ရပြီ " မူချင်းကော က ထိုအစေခံကိုပြောလိုက်၏။
"ဟုတ်ကဲ့" အစေခံ၏ မျက်နှာသည် သိလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ လီချန်ချင်း ဆိုတာ ဘယ်သူလဲ။
အဲ့ဒီလူက မူချင်းကော ကိုပျော်သွားအောင် တကယ်ကြီးလုပ်နိုင်ခဲ့တယ်ပေါ့?
သူက ဘယ်မိသားစုရဲ့ ပါရမီရှင် လူငယ်လေးလဲ?
မူချင်းကော သည် လီချန်ချင်း သူမဆီကို စာရေးမည်ဟု ထင်မထားခဲ့ပေ။
သူ ငါ့ကို သတိရနေခဲ့တာလား။
မူချင်းကော သည် စာကို အမြန်ဖွင့်ဖတ်လိုက်၏။
စုန့်နတ်သမီး၊ မတွေ့တာကြာပြီနော်။
ငါတို့နောက်ဆုံးတွေ့ခဲ့တာတောင် တစ်လနီးပါးရှိပြီပေါ့။ မင်းရဲ့ ဆေးဘုရင်တောင်ကြား က မကျေမချမ်း ဝိဉာဉ်ကျိန်စာ ကို ဖယ်ရှားဖို့ နည်းလမ်းရှာတွေ့ပြီလားဆိုတာ သိချင်မိတယ်။
ဘာပဲဖြစ်ဖြစ် မြေကမ္ဘာစောင့်ဗောဓိသတ္တရုပ်ထုကို မင်းရဲ့ခန္ဓာကိုယ်ပေါ်ကနေ မဖယ်ရှားရဘူးဆိုတာတော့ မမေ့ပါနဲ့။
……
အလယ်တွင် ရေးသားထားသောစကားလုံးများစွာကို မူချင်းကော သည် အလွန်ဂရုတစိုက်ဖတ်လိုက်ပြီးနောက် စာထဲတွင် လီချန်ချင်း သည် သူ့သား လီဟမ်ရှန်း အကြောင်း ရေးသားထားသည်ကိုသိလိုက်ရ၏။ မူဟိုင်ဖုန်းတောင်သခင် ၏ တိုက်ရိုက်တပည့်ဖြစ်လာပြီး စွမ်းအားကြီးမားသော ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်သစ်တစ်ခုကို နားလည်သဘောပေါက်လာခဲ့သည်။ ...
စသည်၊ စသည်ဖြင့်…။
ပထမတော့ မူချင်းကော အပြင်းအထန်ဖတ်နေခဲ့သော်လည်း ဆက်ဖတ်နေရင်းဖြင့် တစ်စုံတစ်ခုသည်ပုံမှန်မဟုတ်တော့သည် ကို ခံစားရလိုက်၏။
တိုက်ရိုက်တပည့်ဖြစ်လာတယ်?။
စွမ်းအားကြီးမားတဲ့ ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်သစ်တစ်ခုကို လေ့ကျင့်နေတယ်?။
"အိုး ဟုတ်သားပဲ!" မူချင်းကော ရုတ်တရက်သတိရသွားခဲ့ပြီး သူမ၏မျက်နှာသည်ချက်ချင်းနီရဲလာခဲ့၏။
ဆေးဘုရင်တောင်ကြားသို့ ပြန်လာပြီးနောက်တွင် သူမသည် မကျေမချမ်း ဝိဉာဉ်ကျိန်စာကိုသာ စူးစမ်းလေ့လာနေခဲ့ပြီး လီချန်ချင်း က ဂူအတွင်းရှိ ကောင်းကင်ရတနာအားလုံးကို သူမအားပေးခဲ့ခြင်းကိုလည်း မေ့သွားခဲ့သည်။
သူက ငါ့ကို သူ့သား လီချန်ချင်း အတွက် ဆေးတစ်လုံးသန့်စင်ပေးစေချင်ခဲ့တာပဲ။
ဒါပေမယ့် သူမက အဲ့ဒီကိစ္စကို လုံးဝကြီး မေ့နေခဲ့တယ်။
“ ငါ…၊ငါဘယ်လိုလုပ်ရမလဲ ” မူချင်းကော ၏မျက်နှာသည် အလွန်နီရဲနေပြီး သူမရှေ့ရှိစာကိုကြည့်ကာ အတော်လေးရှက်ရွံ့နေခဲ့၏။
သူမ ဘာလုပ်သင့်လဲ။
လီချန်ချင်း ၏ စိတ်ထဲတွင် သူမကိုသဘောထားသေးသိမ်သည့်သူဟုထင်မြင်သွားမှာကို သူမ စိုးရိမ်နေပေသည် ။
သူမက တစ်ခုခုလုပ်ဖို့ ကတိပေးထားခဲ့ပေမယ့်လည်း အဲ့ဒါကို မလုပ်ဆောင်ခဲ့တဲ့အပြင် မေ့တောင် မေ့နေခဲ့သေးတယ်။
ဆေးဘုရင်တောင်ကြား မှ အကြီးအကဲတစ်ဦးအနေဖြင့်၊ သူမ၏ ကတိများကို ဖောက်ဖျက်သည့်အတွက် ဂုဏ်သတင်းလည်း မကောင်းနိုင်ပေ။
သူမ အခုစပြီး သန့်စင်မယ်ဆိုရင်တောင် ပြီးစီးအောင်လုပ်ဖို့ အချိန်အနည်းငယ်တော့ ယူရပေလိမ့်မည်။ ထို့ကြောင့် မူချင်းကောသည် အပြင်သို့ထွက်ကာ ဆေးဘုရင်တောင်ကြား၏ ရတနာအိမ်တော် မှ အရည်အသွေးမြင့်မားသော အဆင့်မြင့်ဆေးလုံးများကို ရွေးချယ်ပြီး အားလုံးကို သေတ္တာကြီးတစ်လုံးထဲ၌စုထည့်ကာ ထုပ်ပိုးလိုက်၏။ .
ထို့နောက် သူမသည် စန်းယွမ်ပို့ဆောင်ရေး ဌာန မှ တစ်စုံတစ်ယောက်ကို ရှာကာ ရှေးဟောင်းတာအိုတောင်နယ်မြေ မှ ရှမူဟိုင် ထံသို့ လေကြောင်းပို့ဆောင်မှု ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။
ဒါတွေအားလုံးလုပ်ပြီးသွားတဲ့အခါ လီချန်ချင်းထံ စာပြန်ရေးခဲ့၏။
မနက်စောစော
ချန်ထင်မြို့၌။
ရှစ်ယန်ကျိုက် သည် ဆိုင်ကို စောစီးစွာဖွင့်လိုက်၏။
ဤဆိုင်သည် ယန် မိသားစု၏ စားသောက်ဆိုင်ဖြစ်သည် ။
ချန်ထင် မြို့တစ်ခုလုံးတွင် သူတို့ဆိုင် သုံးဆိုင်ရှိ၏။
အစောကြီးရှိသေးသော်လည်း လူတွေပြည့်နေခဲ့ပြီဖြစ်သည်။
ဆိုင်အပြင်ဖက်ရှိ မြူများထဲ၌ မွှေးပျံ့သော အစားအသောက်အနံ့များဖြင့် ပြည့်နှက်နေပေသည်။
ဤသည်မှာ ရှစ်ယန်ကျိုက် ၏ အထူးလက်ရာ နံနက်စာပင်ဖြစ်၏။
ပထမထပ်တွင် ထိုင်နေကြသော လူများသည် နံနက်စာကိုမှာကြားကာ လက်ဖက်ရည်တစ်အိုးအရင်ချခိုင်း၍ စောင့်စားရင်းဖြင့် ပုံပြောသူတစ်ယောက်ပြောနေသည့် လီချန်ချင်း ရေးထားသော ဇာတ်လမ်းတစ်ခုကို နားထောင်နေခဲ့ကြသည်။
သစ်သားတူလေးကို ထုလိုက်၏။
ပုံပြောသူသည် အသက်60ကျော်အရွယ် လူအိုကြီးတစ်ယောက်ဖြစ်နေသော်လည်း သူ့အသံက သိပ်ကိုကျယ်လောင်နေပေသည်။
" ဒီနေ့တော့ ' ဒဏ္ဍာရီလာ ၏ လုကျစ်ရှန်း နဲ့ နျန်ရှောင်းချမ့် တို့၏ တိုက်ပွဲ ' ဇာတ်လမ်းကို ပြောပြပါမယ်။ ဒီဇာတ်လမ်းကိုနားထောင်ရတာ ကြိုက်နှစ်သက်တဲ့ လူကြီးမင်းတွေက တခြားသူတွေကို ပြန်ပြီး ညွှန်းဆိုထောက်ခံ ကြဖို့ ၊ ဒါမှမဟုတ် ဒီမှာ လစဉ်လက်မှတ်တွေ လာဝယ်ဖို့ မျှော်လင့်ပါတယ်
"ကောင်းပြီ! ကောင်းပြီ!"
အောက်မှ လူအုပ်ကြီးသည် လက်ခုပ်သြဘာတီးကာ အားပေးကြွေးကြော်လိုက်ကြ၏။
မနေ့က သူတို့လာနားထောင်ခဲ့ကြတဲ့ ဇာတ်လမ်းတွင် လုကျစ်ရှန်း ဆိုသော ဘုန်းတော်ကြီးတစ်ပါးသည် ကျင်းယန် တောင်ရိုး ၌ ဝိုင် 18 ခွက်သောက်ပြီး လန်ရော ဘုရားကျောင်း အတွင်းသို့ ဒယိမ်းဒယိုင် ဝင်ရောက်သွားခဲ့သည်။
ဘုရားကျောင်းအတွင်း၌ နျန်ရှောင်းချမ့် ဆိုသည့် တစ္ဆေမျိုးနွယ် အမျိုးသမီးတစ်ဦးနှင့်တွေ့ဆုံခဲ့၏။
ဒီနေ့ဆက်ပြောပြမည့် အကြောင်းအရာများကို သူတို့အလွန်စိတ်ဝင်စားနေကြပေသည်။
" ယောက်ဖ ကျေးဇူးပြုပြီးဝင်ပါ။ ဒါက ချန်ထင်မြို့ ရဲ့ အထူးနေရာတစ်ခုလေ။ အစားအသောက်တွေက သိပ်ကိုအရသာရှိတာ " ဆိုင်တံခါးအပြင်ဘက်တွင် ရွှယ်ဟုန် သည် သားသားနားနားဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို စားသောက်ဆိုင်ထဲသို့ ခေါ်ဆောင်နေခဲ့သည်။