မိသားစုကြီးတစ်ခုစီ၏ တုံ့ပြန်မှု
Vol. 8 Ch. 71
"တစ်ခုခုတော့မှားနေပြီ!"
ပိုင်ကျင့်ဖေ ဂနာမငြိမ်ဖြစ်နေစဉ်မှာပဲအပြင်ကနေ အလျင်လိုနေသောအသံတစ်ခုထွက်ပေါ်လာခဲ့၏။
ပိုင် မိသားစုမှ ကင်းထောက်တစ်ယောက်သည် မျက်နှာတွင် အံ့ဩထိတ်လန့်မှုများအပြည့်နှင့် အပြေးအလွှားဝင်ရောက်လာခဲ့သည်။
"ဘာဖြစ်တာလဲ? " ပိုင်ကျင့်ဖေ တစ်ယောက် အလျင်အမြန်ပင်မေးလိုက်၏။
" မာစန်းထောင် သေသွားပြီ၊ ဘယ်အချိန်ကတည်းက သူ့ခေါင်းကိုမြို့တံခါးမှာ ချိတ်ဆွဲထားလဲမသိဘူး " ကင်းထောက်သည် အသက်ပင်မရှူနိုင်လောက်အောင်အမောဆို့နေပြီး သူ့အမူအရာသည်လည်း အလွန်ထိတ်ထိတ်ပြာပြာဖြစ်နေပေသည်။
"မဖြစ်နိုင်ဘူး!" ပိုင်ကျင့်ဖေ အံ့အားသင့်စွာဖြင့် ပြောလိုက်ပြီး ပိုင် မိသားစုအိမ်တော်မှ အလျင်စလိုထွက်ခွာသွား၏။
ချန်ထင်မြို့ ၏ မြို့တံခါးအထက်တွင် ဦးခေါင်းတစ်ခုချိတ်ဆွဲထားပြီး ထိုအရာသည် လေနှင့်အတူ လှုပ်ရမ်းနေပေသည်။
အနီးအနားတွင် လူတော်တော်များများလည်း စုရုံးကြည့်ရှုနေကြသည်။
ချန်ထင်မြို့ တွင်ရောက်ရှိနေသော ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှ တပည့်များသည်လည်း မယုံကြည်နိုင်ဖွယ်အမူအရာများဖြင့် ကြည့်နေကြသည်။
သူတို့သည်လည်းချိတ်ဆွဲထားသည့်ခေါင်းကိုကြည့်ကာ အံ့သြတုန်လှုပ်နေကြသည်။
ပိုင်ကျင့်ဖေ ရောက်လာချိန်တွင် လူအုပ်ထဲ၌ ကျောက်ရီချိုး ကို တွေ့လိုက်ရ၏။
ကျောက်ရီချိုး သည်လည်း ပိုင်ကျင့်ဖေ ကိုမြင်လိုက်၏။ သို့သော် ဘာစကားမှမပြောဘဲ လှည်းပေါ်တက်ကာပြန်သွားခဲ့သည်။
ထိုဦးခေါင်းသည် မာစန်းထောင် ၏ဦးခေါင်း အမှန်ဖြစ်သည်ကို ပိုင်ကျင့်ဖေ အတည်ပြုလိုက်နိုင်ပြီးနောက် သူ့မျက်နှာသည် ဖြူဖျော့သွားတော့၏။
မာစန်းထောင် သေဆုံးသွားပြီ!
သူက မူလအဆင့် က စွမ်းအားကြီးတဲ့လူတစ်ယောက် မဟုတ်လား?
သူတို့ သိထားသည်မှာ၊ မူလအဆင့် မှ စွမ်းအားကြီးသော လူတစ်ယောက်သည် မှန်းဆလို့မရနိုင်သော ခွန်အားများကိုပိုင်ဆိုင်ပြီးအလွန်တရာအစွမ်းထက်လှသည်။
မူလအဆင့် သည် ထူးခြားသော အဆင့်တစ်ခုဖြစ်သည်။ ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်ရှိ စွမ်းအားကြီးသောလူများစုပေါင်းတိုက်ခိုက်လျှင်ပင် မူလအဆင့် က လူတစ်ယောက်ကို မသတ်နိုင်ပေ။
မူလအဆင့် မှ စွမ်းအားကြီးသောလူတစ်ယောက်သည် ခွန်အားချည်းသက်သက်ဖြင့်ပင် ပြန်လည်မွေးဖွားခြင်းအဆင့် မှကျင့်ကြံသူများကို အလွယ်လေးကိုင်လှုပ်နိုင်သည်။
မာစန်းထောင် က ဘယ်လိုဖြစ်ပြီး ဒီလောက်လွယ်လွယ်ကူကူနဲ့သေဆုံးသွားရတာလဲ?
ကင်းထောက်သည် မနေ့ညက မာစန်းထောင် ယန် မိသားစုအိမ်တော်အတွင်းသို့ ဝင်ရောက်သွားသည်ကို သူ့မျက်လုံးများနဲ့ အသေအချာတွေ့ခဲ့ရကြောင်းပြောခဲ့၏။
နောက်တစ်ရက်လည်းရောက်ရော မာစန်းထောင် ကိုသူထပ်တွေ့ရတော့ ခေါင်းသာကျန်တော့သည်တဲ့။
ယန် မိသားစုထဲမှာ ဘာတွေဖြစ်သွားခဲ့တာလဲ?
မာစန်းထောင် ကို ဘယ်သူသတ်တာလဲ?
ခဏအကြာတွင် ပိုင်ကျင်းဖေ ၏ ခန္ဓာကိုယ်တစ်ခုလုံး အမျိုးအမည်မသိရသော ကြောက်ရွံ့မှုတစ်ခုက လွှမ်းမိုးသွားတော့သည်။
ယန် မိသားစုထဲမှာ ဖုံးကွယ်ထားတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ရှိနေတာလား?
ဒီလိုသာဆိုရင် ပြဿနာကြီးတစ်ခုဖြစ်လာတော့မှာမဟုတ်လား!
ပိုင်ကျင့်ဖေ သည် မြေကြီးပေါ်သို့ လဲကျလုမတတ်ဖြစ်နေပြီး လှည်းပေါ်သို့ အလျင်အမြန်တက်လိုက်ရတော့သည်။
ပိုင်ကျင့်ဖေတစ်ယောက်လှည်းပေါ်သို့ ရောက်အောင်အတော်ခက်ခက်ခဲခဲတက်လိုက်ရ၏။
ထိုနေ့တွင် ချန်ထင်မြို့ တစ်မြို့လုံး အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ သာမာန်အရပ်သားများသည်ပင်လျှင် ချန်ထင်မြို့ပေါ်မှ ဖိအားများနှင့်အနေရခက်သော လေထုကို ခံစားနေရပေသည်။ သို့သော်လည်း ဘာတွေဖြစ်ပျက်နေခဲ့တယ်ဆိုတာကိုတော့ သူတို့မသိကြချေ။
လီချန်ချင်း ကတော့ ကြီးကြီးမားမား ပြဿနာတစ်ခုမဟုတ်ဟုသာ တွေးထားလေသည်။
ဒီဖြစ်ရပ်ကြောင့် လီချန်ချင်း သူ၏ စွမ်းအားအခြေအနေကို အကြမ်းဖျင်းသိလိုက်ရ၏။မာစန်းထောင်ကို ချုပ်နှောင်လိုက်သည့် “မလှုပ်ရှားနိုင်ခြင်းစွမ်းအားတန်ခိုး” သည် ရှမုဟိုင် ထံမှ သူကူးယူထားသော စည်းတံဆိပ်ငါးချက်ကျင့်စဉ်ထဲမှတစ်ခုဖြစ်သည်။
သာမန် မူလအဆင့် မှ ကျင့်ကြံသူများသည် ထိုအရာကို မခုခံနိုင်ပေ။
သူ့ရဲ့ခွေးလေး ဖေး ကတော့ သာမန် မူလအဆင့်များကို သတ်ပစ်နိုင်သည်။ ပိုပြီးစွမ်းအားကြီးတဲ့သူများကို သတ်နိုင်မလားဆိုတာကိုတော့ လီချန်ချင်း သေချာမသိပေ။
လီချန်ချင်းသည် ခြံဝင်းထဲ၌ ထိုင်နေခဲ့ပြီး သူရှာတွေ့ထားခဲ့သည့် ထူးဆန်းသော ဓားပျံလေးတစ်ချောင်းနှင့်ဆော့ကစားနေပေသည်။
"မဟာအကြီးအကဲ"
ထိုအချိန်တွင် ယန်ပါးထောင် ရောက်ရှိလာပြီး လီချန်ချင်းအား အရိုအသေပြုလိုက်၏။
"ထိုင်ပါ " လီချန်ချင်း ပေါ့ပေါ့ပါးပါးဖြင့်ပင် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ " ယန်ပါးထောင်လည်း လီချန်ချင်းအနီးတွင်ထိုင်လိုက်၏။
"ခေါင်းဆောင် ယန် မနေ့ညကသေဆုံးသွားတဲ့ မူလအဆင့် က သိပ်ကိုစွမ်းအားကြီးတာလား"
ယန်ပါးထောင် ရုတ်တရက်ဆွံ့အသွား၏။
ဒါက ဘယ်လိုမေးခွန်းကြီးလဲဟ?
ခင်ဗျားအတွက် ဘယ်အရာကို စွမ်းအားကြီးတယ်လို့သတ်မှတ်ပြီး ဘယ်အရာကိုစွမ်းအားမကြီးဘူးလို့ သတ်မှတ်နေတာလဲ?
ကျွန်တော့အတွက်ကတော့ သူက သေချာပေါက် စွမ်းအားကြီးတဲ့သူတစ်ယောက်ပေါ့။ ဒါပေမယ့် ခင်ဗျားအတွက်ကတော့ ခွေးတစ်ကောင်လောက်တောင် အဆင့်ရှိမနေနိုင်ဘူးလေ။
" အကြီးအကဲကို တင်ပြရမယ်ဆိုရင် အဲဒီလူဟာ မူလအဆင့် တစ်ယောက်ဖြစ်ပြီး အလွန်စွမ်းအားကြီးပါတယ် " ယန်ပါးထောင် အမြန်ပင်ပြန်ပြောလိုက်သည်။
"ဒီလူက မူလအဆင့် ဆိုရင်၊
ရှမုဟိုင် နဲ့ ယှဉ်လို့ရတယ်ပေါ့ "
"နှိုင်းယှဉ်လို့ မရနိုင်ပါဘူး အကြီးအကဲ" ယန်ပါးထောင်သည် သူ့ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ " ရှေးဟောင်းတာအိုတောင် နယ်မြေရဲ့ တောင်ထိပ်36ခုထဲမှာ မူဟိုင်ဖုန်းတောင်သခင် ရဲ့ အစွမ်းက ထိပ်တန်းအဆင့်မှာရှိပါတယ်။ သူတို့ နှစ်ယောက်လုံးက မူလအဆင့် မှာအတူတူပဲဆိုပေမယ့် မာစန်းထောင် က မူဟိုင်ဖုန်းတောင်သခင် ရဲ့ ခြေဖျားတောင် မမှီနိုင်ပါဘူး"
" မာစန်းထောင် က သာမန် မူလအဆင့် တစ်ယောက်ပါ။ ဒါပေမယ့် မူဟိုင်ဖုန်းတောင်သခင်ရဲ့ ကျင့်ကြံဆင့်ကတော့ မူလအဆင့် ရဲ့ အထွတ်အထိပ်အဆင့် ဒါမှမဟုတ် ထူးကဲ မူလအဆင့် ကိုတောင် ရောက်နေလောက်ပါပြီ " ယန်ပါးထောင် ခန့်မှန်းကာပြောလိုက်၏။
"တကယ်တော့ ကျွန်တော်က မူလအဆင့်ကို မရောက်သေးဘူးဆိုတော့ သေချာပြောနိုင်တာ မရှိပါဘူး။ ခန့်မှန်းလို့ပဲရနိုင်ပါတယ် အကြီးအကဲ"
"မူလအဆင့် ၊ မူလအဆင့် ပြီးပြည့်စုံခြင်း …" လီချန်ချင်း တီးတိုးရေရွတ်လိုက်၏။ " အာ ငါမှတ်မိပြီ။ ထူးကဲမူလအဆင့် နဲ့ မူလအဆင့်အထွတ်အထိပ် အကြောင်းပါတဲ့ စာအုပ်တစ်အုပ်ကို ငါဖတ်ဖူးတာပဲ "
"ဟုတ်ကဲ့"
"မူလအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတွေက အများကြီးရှိသလား"
"ဒါက...သူတို့တွေက ဖီးနစ်ငှက်ရဲ့အမွေးတွေနဲ့ ယူနီကွန်ဦးချိုတွေလိုပဲ သိပ်ကိုရှားပါးပါတယ် " ယန်ပါးထောင် ခဏလောက်တွေးကာပြောလိုက်၏။ ထိုကဲ့သို့သော တည်ရှိမှုများသည် အဓိကဂိုဏ်းကြီးများမှ ထိပ်တန်းကျွမ်းကျင်သူများသာ ဖြစ်နိုင်ပေသည်။
"ကောင်းပြီလေ ၊ ဘာမှမဟုတ်ပါဘူး၊ ငါက ဒီတိုင်းပဲမေးကြည့်တာပါ" လီချန်ချင်းသည် ဤကမ္ဘာကြီးသည်သူ့အတွက် မည်မျှ အန္တရာယ်ရှိနိုင်သည်ကို အတည်ပြုချင်ရုံသာဖြစ်သည်။ မူလအဆင့် အထွတ်အထိပ် များသာ နေရာတိုင်းတွင် ရှိနေပါက၊ သူ့ရဲ့ နိမ့်ကျလှတဲ့ အဆင့်လေးဖြင့် သိုသိုသိပ်သိပ်သာနေရမည်ဖြစ်သည်။
" မဟာအကြီးအကဲ၊ အကြီးအကဲလက်ထဲမှာ ကိုင်ထားတာဘာကြီးလဲ…" ယန်ပါးထောင်သည် လီချန်ချင်း လက်ထဲရှိ ဓားပျံကို အံ့အားသင့်စွာကြည့်နေခဲ့သည်။
"ဒါလား? မာစန်းထောင် ရဲ့ ကိုယ်ပေါ်မှာ ငါတွေ့ခဲ့တာ။" လီချန်ချင်း သည် ဓားပျံကို ယန်ပါးထောင် ဆီသို့ ပစ်ပေးလိုက်ပြီး မေးလိုက်၏။ " ခေါင်းဆောင် ဒါကို သိလား"
ယန်ပါးထောင်သည် ဓားကိုယူကာ အချိန်အတော်ကြာ စစ်ဆေးပြီးနောက် “ဒါက ပန်းချီရတနာ တစ်ခုပဲ”
"ပန်းချီရတနာ?" လီချန်ချင်း အလွန် အံ့အားသင့်သွားခဲ့၏။ အရင်က မူချင်းကော ထုတ်ပြခဲ့သော ပန်းချီရတနာတစ်ခုကို သူမြင်ဖူးသည်။ ထို့အပြင်အခြားသော ပန်းချီရတနာအချို့ကိုလည်း တွေ့မြင်ခဲ့ဖူးသည်။ လီချန်ချင်းသည် အံ့သြတကြီးဖြင့်ပြောလာခဲ့၏။ " ပန်းချီရတနာတွေဆိုတာ စာလိပ်တွေထဲမှာရှိတာ မဟုတ်ဘူးလား"
"အားလုံးတော့မဟုတ်ပါဘူး"
ယန်ပါးထောင် သည်ဆက်ရှင်းပြလာခဲ့၏။
" ပုံမှန်ဆိုရင်တော့ ပန်းချီရတနာတစ်ခုဟာ စာလိပ်ထဲမှာပဲ ရှိသင့်ဟုတ်ပါတယ်။ ဒါပေမယ့် ပန်းချီရတနာတစ်ခုဟာ စာလိပ်ရဲ့အပြင်ဘက်မှာ လည်း ရှိနေနိုင်ပါသေးတယ် "
" ပန်းချီရတနာတစ်ခုဟာ စာလိပ်ကို စွန့်ခွာလိုက်လိုက်တာနဲ့ ပန်းချီရတနာမှာ ရှိနေတဲ့ ဝိညာဉ်စွမ်းအားက ပုံသေဖြစ်သွားပါတယ်။ အဲ့ဒီ ဝိညာဉ်စွမ်းအားကတစ်ရက်လောက်သုံးလိုက်မယ်ဆိုရင်ကုန်ဆုံးသွားပြီး၊ ပန်းချီရတနာကို ထပ်အသုံးချလို့ရတော့မှာမဟုတ်ပါဘူး "
" ဒါပေမယ့် ပန်းချီရတနာက စာလိပ်ကို မစွန့်ခွာခဲ့ဘူးဆိုရင်တော့၊ ကမ္ဘာကြီးထဲက ဝိညာဉ်စွမ်းအားတွေကို စာလိပ်ကနေ တစ်ဆင့် စုပ်ယူနိုင်တဲ့အတွက် ပန်းချီရတနာဟာ ကုန်ဆုံးသွားတဲ့ဝိညာဉ်စွမ်းအားတွေ အချိန်မရွေး ပြန်ဖြည့်နိုင်ပြီး အချိန်အကြာကြီး အသုံးပြုလို့ရနေမှာပဲဖြစ်ပါတယ် "
လီချန်ချင်း အကြောင်းအရာများကိုနားလည်သွားခဲ့တော့သည်။
စာလိပ်ဆိုတာ ပန်းချီရတနာအတွက် စွမ်းအင် သိုလှောင်ခန်း တစ်ခုလိုပါလား။
"ဒီပစ္စည်းကို ဘယ်လိုသုံးရမှာလဲ " လီချန်ချင်း စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်၏။
"အကြီးအကဲရဲ့ စစ်မှန်တဲ့ မူလအဆင့် အနှစ်သာရ ကို အဲဒီထဲ ဖြည့်သွင်းပြီး သုံးလို့ရပါတယ် " ယန်ပါးထောင် သည် ဓားပျံကို လီချန်ချင်းအား ပြန်ပေးရင်းဖြင့်ပြောလိုက်၏။
" ခေါင်းဆောင် မနေ့ညက ကိစ္စကို ကောင်းကောင်း ကိုင်တွယ်ခဲ့ရဲ့လား" လီချန်ချင်း သည် ပျံသန်းနေသောဓားကို ဖယ်ရှားလိုက်ကာ ယန်ပါးထောင်အားမေးလိုက်၏။
" အားလုံး ပြီးခါနီးပါပြီ "
" အခြား မိသားစုတွေရဲ့ တုံ့ပြန်မှုကို စောင့်နေရုံပါပဲ။ မမျှော်လင့်ထားတာတွေ ဘာမှမဖြစ်ဘူးဆိုရင်တော့ သူတို့ကိုယ်တိုင် အဆင်ပြေအောင်လုပ်ရတော့မှာပါပဲ"
" ကောင်းပြီ၊ ချန်ထင်မြို့လေးထဲမှာ စီးပွားရေးလုပ်ငန်းတွေက အများကြီးပဲလေ။ အဲ့ဒါတွေအားလုံးကို တစ်ယောက်တည်းက လက်ဝါးကြီးအုပ်ထားတာမျိုးက မကောင်းပါဘူး " လီချန်ချင်း သည် ပေါ့ပေါ့ပါးပါးဖြင့်ပင် ပြောလိုက်၏။
" ငါတို့ အပြင်ကို ဘယ်လို ချဲ့ထွင်နိုင်မလဲဆိုတာကိုစဉ်းစားကြရမယ်။ ဒီမြို့ငယ်လေးထဲမှာပဲ အမြဲနေတာက ယန် မိသားစု တိုးတက်ရေးအတွက်လည်း မကောင်းဘူး "
" အကြီးအကဲရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် " ယန်ပါးထောင် သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
ရှေးဟောင်းတာအိုတောင်နယ်မြေ၌။
ရှမူဟိုင် သည် မူဟိုင်ဖုန်းတောင် သို့ပြန်ရောက်လာခဲ့ပြီဖြစ်သည်။
ကျိုးကျွင်း တစ်ယောက် မူဟိုင်ဖုန်းတောင်တွင် အမှန်တကယ်နေထိုင်နေသည်ကို သူတွေ့လိုက်ရ၏။
" ဆရာ၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ ဆရာရဲ့တပည့်သစ်လေး တစ်ခုခု ဖြစ်သွားခဲ့တယ်ဗျ!" ကျိုးကျွင်း သည် ရှမူဟိုင် ကိုတွေ့လိုက်ရသည်နှင့်နှင့် အလျင်စလိုပင် ပြောလာခဲ့သည်။
" ဟမ်? လီဟမ်ရှန်း ဘာဖြစ်သွားလို့လဲ "
သူပြန်ရောက်ရောက်ချင်းမှာပဲ လီဟမ်ရှန်း တစ်ခုခုဖြစ်သွားသည့်သတင်းကိုကြားလိုက်ရသောအခါ၊ ရှမူဟိုင် လိပ်ပြာလွင့်သွားလုမတတ် ထိတ်လန့်သွားတော့သည်။
လီဟမ်ရှန်းသာ တစ်ခုခုဖြစ်သွားခဲ့ရင် လီချန်ချင်း ကို သူဘယ်လိုရှင်းပြရတော့မှာလဲ?
" ဆရာ့ရဲ့တပည့်သစ်လေးက မျောလွင့်ပုံရိပ်ခန်းမကို ပထမဆုံးအကြိမ်သွားခဲ့ပြီး သိုင်းပညာရပ်အသစ်တစ်ခုကို နားလည်သဘောပေါက်ခဲ့ပါတယ်။ ပြီးတော့ အဲဒါက ပန်းချီသူတော်စင်အဆင့်ပါ!" ကျိုးကျင်း သည် အလျင်အမြန်ပင် ပြောလာခဲ့သည်။
"ဘာ?"
ကျိုးကျွင်း၏စကားများကိုကြားပြီးနောက် ရှမူဟိုင် သည် အလွန်အံ့အားသင့်ကာ ဆွံ့အသွားတော့၏။
ဒါကို နားကြားလွဲသွားတာလို့ ယူဆလို့ရလား?
ခဏလေး
ပန်းချီသူတော်စင်အဆင့် ပန်းချီကားတစ်ချပ်ကနေ သိုင်းပညာရပ်အသစ်တစ်ခုကို သဘောပေါက်နားလည်သွားခဲ့တာလား?
ဘယ်သူက?
လီဟမ်ရှန်း ကလေ?
"ဘယ် ပန်းချီကားလဲ" ရှမူဟိုင် မမေးပဲမနေနိုင်တော့ချေ။
" ဝမ်ချင်းလေညနေခင်း"
"အဲ့ဒီပန်းချီကားလား" ရှမူဟိုင် အနည်းငယ် မျက်မှောင်ကြုတ်ကာစဉ်းစားလိုက်၏။ ဝမ်ချင်းလေ ညနေခင်း ပန်းချီကား တွင် အစွမ်းထက်သော သိုင်းပညာရပ်သစ် တစ်ခုမှ မရှိသော်လည်း ပန်းချီသူတော်စင်အဆင့် လက်ရာတစ်ခုကို နားလည်သဘောပေါက်ခြင်းသည်ပင် အလွန်အထင်ကြီးစရာကောင်းနေပေသေးသည်။
" ငါ ချင်ကျူး တောင်ကို ခဏလောက်သွားကြည့်လိုက်အုံးမယ် " ရှမူဟိုင်သည် လီဟမ်ရှန်း ၏ လက်ရှိ ကျင့်ကြံမှု ဘယ်လိုရှိသလဲဆိုတာကို တွေ့မြင်လို၏။