သစ္စာကိုးပါးလှံ ပန်းချီကား
Vol. 8 Ch. 76
" အစ်ကို ၃ ဘာပြောချင်တာလဲ "
ကျိုးကျွင်းပြောတဲ့စကားတွေနဲ့ ဒီကိစ္စကို ပြောပြတုန်းက ရှမူဟိုင်ရဲ့ ချောက်ချားဖွယ် အပြုံးအရ လီဟမ်ရှန်းသည် ထောက်ချောက်တစ်ခု ရှိသည်ကို ခံစားလိုက်ရ၏။
" ငါ မင်းကို အရင်က သားရဲ တစ်သောင်း အစည်းအရုံး နဲ့ ကိုးထပ် တိုက်ပွဲခန်းမ အကြောင်း ပြောဖူးတယ်လေ ဟုတ်တယ်မလား။ တစ်ကယ်တော့ အဲဒီနေရာနှစ်ခုက အရမ်း စွမ်းအားကြီးတဲ့ ပန်းချီ ရတနာနှစ်ခုနဲ့ ပိုတူတယ် "
ကျိုးကျွင်းရဲ့ မျက်နှာသည် မြင်ရခဲစွာ လေးနက်နေ၏။
လီဟမ်ရှန်းသည် ခေါင်းညိတ်ပြလိုက်၏။ ကျိုးကျွင်းအရင်က ဒါကို ပြောပြဖူးတယ်။
" သားရဲ တစ်သောင်း အစည်းအရုံး နဲ့ ကိုးထပ် တိုက်ပွဲခန်းမ တို့ရဲ့ ဝင်ပေါက်တွေက နှလုံးသားကြေးမုံရေကန် ထဲမှာလေ " ဟု ကျိုးကျွင်းသည် ပြောပြလေ၏။ " နှလုံးသားကြေးမုံရေကန် ဆိုတာကလည်း အရမ်း စွမ်းအားကြီးတဲ့ ပန်းချီ ရတနာတစ်ခုပဲ။ သားရဲ တစ်သောင်း အစည်းအရုံး နဲ့ ကိုးထပ် တိုက်ပွဲခန်းမတို့ကို အဲ့ထဲမှာ ဝှက်ထားပြီးတော့ သူက လူတွေကို ပုံရိပ်ယောင်ထဲကို ဝင်ခွင့်ပြုပေးတယ်။
အဲလိုနည်းနဲ့ သားရဲ တစ်သောင်း အစည်းအရုံး ကိုပဲဖြစ်ဖြစ် ကိုးထပ် တိုက်ပွဲခန်းမ ကိုပဲဖြစ်ဖြစ် ဝင်သွားတဲ့တပည့်တွေဟာ အထဲက တိုက်ပွဲအတွင်းမှာ သေသွားရင်တောင် တစ်ကယ်သေတာ မဟုတ်တော့ဘူး။ ပုံရိပ်ယောင် ကျရှုံးမှုပဲ "
" အံ့ဩစရာ ကောင်းလိုက်တာ ! " လီဟမ်ရှန်းသည် တော်တော်လေး အံ့ဩသွားရ၏။ ဒီလို ရတနာမျိုးရှိတယ်ပေါ့ !
" ကိုးထပ် တိုက်ပွဲခန်းမ နဲ့ သားရဲ တစ်သောင်း အစည်းအရုံး နှစ်ခုစလုံးက အတော် အန္တရာယ်များတဲ့ နေရာတွေပဲ။ သေနိုင်နှုန်းကလည်း 99% လောက်ကို ရှိတယ်။ နှလုံးသားကြေးမုံရေကန် မရှိဘဲနဲ့တော့ ဘယ်သူမှ ဝင်ရဲမှာ မဟုတ်ဘူး "
" ဒါပေမယ့် နှလုံးသားကြေးမုံရေကန် နဲ့ဆိုရင်တော့ ငါတို့ ရှေးဟောင်းတာအိုဂိုဏ်းရဲ့ တပည့်တွေက အဆက်မပြတ်ဝင်ရောက်နိုင်ပြီး တိုးတက်လာနိုင်တယ် "
" ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကတစ်ကယ် မသေပေမယ့် စိတ်ပိုင်းဆိုင်ရာ ညှင်းဆဲခံရမှုကတော့ ကြီးမားတယ် " ကျိုးကျွင်းသည် သက်ပြင်းသာသာ ချလိုက်၏။ " နောက်ဆုံးမှာတော့ သေဆုံးတဲ့ ခံစားချက်က စိတ်ထိခိုက်မှု အလွယ်တကူ ဖြစ်စေနိုင်တယ်လေ။ လူတစ်ယောက်က အကြိမ်များစွာ သေသွားမယ်ဆိုရင် ထုံထိုင်းသွားစေပြီးတော့ အဲဒီလူရဲ့ တစ်ကယ့် စွမ်းအားကိုတောင် အကျိုးသက်ရောက်သွားနိုင်တယ် "
" အဲဒါကြောင့် တပည့်တွေ ဝင်ရောက်ရတဲ့ အကြိမ်ရေကို ဂိုဏ်းက ကန့်သတ်လိုက်တာပဲ "
လီဟမ်ရှန်းသည် နားလည်သလိုလိုတော့ ရှိ၏။ တစ်ကယ်လို့ လူတစ်ယောက်ဟာ ထပ်ခါထပ်ခါ သေနေမယ်ဆိုရင် အချိန်ကြာလာတာနဲအမျှ အဲ့လူဟာ အသက်ကို ဂရုမစိုက် ဖြစ်လာနိုင်၏။
အန္တရာယ်နှင့် အမှန်တစ်ကယ် ရင်ဆိုင်လာရချိန်တွင် အမှန်တစ်ကယ် ဖြစ်ပျက်နေသည်ကို မေ့သွားနိုင်ပြီး သေနိုင်နှုန်း တိုးလာနိုင်၏။
" သားရဲ တစ်သောင်း အစည်းအရုံးမှာ သေရတဲ့ ခံစားချက်က ကြောက်စရာ ကောင်းပေမယ့် ကိုးထပ် တိုက်ပွဲခန်းမ ကတော့ အမြုတေ ကို အမှန်တစ်ကယ် ပျက်စီးစေနိုင်တဲ့ နေရာ တစ်ခုပဲ " ကျိုးကျွင်းသည် အားကိုးရာ မဲ့စွာ ပြောလိုက်၏။ " ကိုးထပ် တိုက်ပွဲခန်းမ မှာ အစောင့် ကိုးယောက် ရှိတယ်။ မင်းအနေနဲ့ အစောင့်ကိုးယောက်ကို နိုင်သရွေ့ အောင်မြင်နိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ စွမ်းအားကတော့ ... "
ထိုအချက်ရောက်သောအခါ ကျိုးကျွင်းသည် အမှန်ပင် ကျောချမ်းနေပုံပေါ်၏။
" ကိုးထပ် တိုက်ပွဲခန်းမ ကို စိန်ခေါ်ပြီးတဲ့နောက် သူတို့ရဲ့ ဘဝတွေကို မေးခွန်းထုတ်လာပြီး အမြုတေတွေ ပျက်စီး၊ ကျင့်ကြံရေးတွေ ရပ်တန့်သွားတဲ့ တပည့်တွေ ဘယ်လောက်တောင် များတယ်ဆိုတာ ငါမသိတော့ဘူး " ကျိုးကျွင်းသည် ကြောက်ရွံ့မှုများ စွဲထင်လျက် ပြောပြလိုက်၏။
" အဲ့လောက်တောင် စွမ်းအားရှိတာလား "
လီဟမ်ရှန်းသည် အတော်လေး အံ့အားသင့်သွားရ၏။
" ဟုတ်တယ် " ကျိုးကျွင်းသည် ခေါင်းညိတ်ပြလိုက်၏။ " ကိုးထပ် တိုက်ပွဲခန်းမ ရဲ့ အစောင့်အားလုံးက ထူးထူးခြားခြားကို အားကောင်းကြတယ်။ သူတို့က အဆင့်တစ်ဆင့်ဆီရဲ့ အထွတ်အထိပ်ကို ကိုယ်စားပြုတယ်။ ငါကတော့ သူတို့ကို တစ်လ တစ်ကြိမ် စိန်ခေါ်တယ် "
" စီနီယာ အစ်ကိုက ဘယ်အဆင့်ထိ စိန်ခေါ်ခဲ့တာလဲ " လီဟမ်းရှန်းသည် စပ်စုစွာ မေးမြန်းလိုက်၏။
" တတိယမြောက် အဆင့် " ကျိုးကျွင်း၏ မျက်နှာတွင် ခါးသီးမှု တစ်ချို့ ရှိနေလေသည်။
" တတိယမြောက် အဆင့်လား " လီဟမ်ရှန်းအနေနဲ့ ယုံကြည်ရန် ခက်ခဲနေ၏။ ကျိုးကျွင်းက အလွန် အားကောင်းပေမယ့် တတိယမြောက်အဆင့်ကိုပဲ ရောက်ခဲ့တာတဲ့လား။
" တစ်ကယ်တော့ တတိယမြောက်အဆင့်ရဲ့ အစောင့်က ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်ပဲ ရှိတာတောင် ပြီးခဲ့တဲ့လကမှ စိန်ခေါ်နိုင်ခဲ့ရုံရှိသေးတာ " ကျိုးကျွင်းသည် သက်ပြင်းချမိ၏။ " ငါနဲ့ ကျင့်ကြံရေး အဆင့်တူတဲ့ ကိုးထပ် တိုက်ပွဲခန်းမရဲ့ စတုတ္ထမြောက် အဆင့်ရဲ့ အစောင့်အတွက်ကတော့ ... "
" ငါ တစ်ချက်တောင် မလှုပ်ရှားရသေးခင် သူသတ်တာ ခံလိုက်ရတာပဲ " ကျိုးကျွင်းသည် ထိုအရာအား ကျင့်သားရနေ၍ အရေးမစိုက်ဟန် ပခုံး တွန့်ပြ၏။
လီဟမ်ရှန်းသည် အလွန်အမင်း ထိတ်လန့်သွားရ၏။
နှစ်ယောက်စလုံးဟာ ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ် ဖြစ်ပြီး ကျိုးကျွင်းရဲ့ ကျင့်ကြံရေးဟာ သူတို့ထဲတွင် အတော် အားကောင်းပေမယ်...
သူဟာ လှုပ်ရှားမှု တစ်ခုကိုတောင် မတားဆီးလိုက်နိုင်ပေါ့လေ
တော်တော် ကြောက်စရာကောင်းနေတာ မဟုတ်ဘူးလား
လူပေါင်းများစွာရဲ့ အမြုတေတွေ ပျက်စီးကြတာ အံ့ဩစရာ မရှိပေ။
သူတို့ရဲ့ စွမ်းအားဟာ မဆိုးဘူးလို့ တွေးခဲ့ကြပေမယ့် အဆင့်တူ တစ်ယောက်ရဲ့ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရတယ်။ တစ်ကယ်လို့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာသာ အားကောင်းမနေ ဘူးဆိုရင် တစ်ကယ်ပဲ ပျက်စီးသွားမှာပဲ မလား။
" ဒါကြောင့်မို့ ညီ ၄ တစ်ကယ်လို့ မင်းသာ စိန်ခေါ်ချင်တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုတယ် "ကျိုးကျွင်းသည် လီဟမ်ရှန်းအား ကြည့်၍ ပြောလိုက်သည်။ " မင်းရဲ့ သိမြင်နားလည်နိုင်မှုက အားကောင်းတယ်ဆိုတာ ငါသိတယ်။ ပြီးတော့ အင်မော်တယ် အရှင်သခင် လှံသိုင်းကို ကျင့်နေတယ်ဆိုတာ ကြားပြီးပြီ။ အဲဒါက ကိုးထပ် တိုက်ပွဲခန်းမ ရဲ့ တစ်ယောက်ချင်းတိုက်ပွဲမှာ စိန်ခေါ်နိုင်လောက်ပေမယ့် သားရဲ တစ်သောင်း အစည်းအရုံးမှာတော့ ဆိုးကျိုးတွေ ရှိလိမ့်မယ် "
" ပြီးတော့ သားရဲ တစ်သောင်း အစည်းအရုံးမှာ မင်းစိန်ခေါ်ရမှာက မရေတွက်နိုင်လောက်အောင် များပြားတဲ့ ဝိဉာဉ် သားရဲတွေပဲ။ မင်းရဲ့ အင်မော်တယ် အရှင်သခင် လှံသိုင်းက အုပ်စုဖွဲ့ တိုက်ပွဲတွေဆို အကျိုးများပုံ မပေါ်ဘူး "
ကျိုးကျွင်းသည် လီဟမ်ရှန်းအား ပိုင်းခြားစိတ်ဖြာပြလိုက်၏။
လီဟမ်ရှန်းအနေနဲ့ နားလည်ပါသည်။
" ကျွန်တော် သိပါပြီ။ မနက်ဖြန် မျောလွင့် ပုံရိပ်ခန်းမကို ထပ်သွားလိုက်ပါ့မယ် " လီဟမ်ရှန်းသည် နောက်ထပ် လှံသိုင်းတစ်ခုအား ရှာဖွေပြီး ကြိုးစားလေ့ကျင့်ရန်နှင့် သူ၏ အားနည်းချက်အား ပြင်ရန် ဆုံးဖြတ်လိုက်၏။
" မျောလွင့် ပုံရိပ်ခန်းမကို သွားစရာမလိုဘူး " ကျိုးကျွင်းသည် အပြုံးလေးနှင့် ပြောလိုက်၏။ " ဒီမှာပဲ စောင့်နေ "
ထို့နောက် ကျိုးကျွင်းသည် မတ်တပ်ရပ်လိုက်ပြီး ထွက်သွားလေသည်။
အမွှေးတိုင် တစ်တိုင်စာ ထွန်းညှိပြီးချိန်လောက်၌ ကျိုးကျွင်းသည် လက်ထဲတွင် စာလိပ်တစ်လိပ်ကို ကိုင်လျက် ပြန်ရောက်လာ၏။
သူသည် လီဟမ်ရှန်းအား စာလိပ် လှမ်းပေးလိုက်သည်။ " ဒါက သစ္စာကိုးပါး နတ်ဘုရားလှံ ပန်းချီကား ပဲ။ မူရင်းတော့ မဟုတ်ဘူး။ ပြန်ကူးထားတာဆိုပေမယ့် ညီ ၄ မင်းရဲ့ နားလည်နိုင်စွမ်းကို ငါယုံတယ်။ ဒီထဲက လှံသိုင်းကို နားလည်ဖို့ မင်းအတွက် ခက်ခဲမှာ မဟုတ်ပါဘူး "
" သစ္စာကိုးပါး နတ်ဘုရားလှံ ပန်းချီကား လား "
လီဟမ်ရှန်းသည် သိချင်စိတ် ပြင်းပြစွာ စာလိပ်ကို ဖွင့်လိုက်၏။
သူသည် မြေလို အဝါရောင်ရှိသော လှံရှည်အား ဆွဲထားသည်ကို တွေ့လိုက်ရ၏။
ဒီလှံက အင်မော်တယ် အရှင်သခင် လှံနဲ့ မတူဘူးပဲ။ ဒီဟာက ပိုကြီးပြီးတော့ အထူးသဖြင့် လေးပင်တဲ့ ခံစားချက်ကို ပေးတယ်။
" ဒီလှံသိုင်းက တိုက်ခိုက်မှုရော ကာကွယ်မှုပါ ပေါင်းစပ်ထားပြီးတော့ ကျယ်ပြန့် နက်နဲတယ်။ တိုက်ခိုက်တာပဲ ဖြစ်ဖြစ် ကာကွယ်တာပဲ ဖြစ်ဖြစ် အရမ်း စွမ်းအားကြီးတယ် " လို့ ကျိုးကျွင်းက ပြောလိုက်တယ်။ " အဲဒါက မင်းနဲ့ ပိုသင့်တော်တယ်။ အင်မော်တယ် အရှင်သခင် လှံသိုင်းက တစ်ကယ်ကို အားကောင်းပေမယ့် အဲဒါက ခွန်အား အများကြီး ကုန်တယ် "
" တစ်ကယ်လို့ မင်းသာ အဲဒါကို နားလည်နိုင်မယ်ဆိုရင် လှံသိုင်းနှစ်ခု နားလည်သဘောပေါက်ထားတာက မင်းအတွက် ကောင်းတယ် "
တစ်ကယ်လို့ အခြားတစ်ယောက်သာ ဆိုရင် ကျိုးကျွင်းအနေနဲ့ ဒီလို အကြံပေးမည် မဟုတ်ပေ။ လူတစ်ယောက်အတွက် လှံသိုင်းတစ်ခု နားလည်သဘောပေါက်တာကိုက ထူးချွန်လှပြီဖြစ်၏။ နောက်တစ်ခုကို နားလည်သဘောပေါက်ဖို့ စွမ်းအားအားလုံး မြှုပ်နှံလိုက်ခြင်းက သူတို့ရဲ့ ကျင့်ကြံရေးကို နှောင့်နှေးစေလိမ့်မည် ဖြစ်သည်။
ဒါပေမယ့် လီဟမ်ရှန်းကတော့ မတူပေ။
သူ့ရဲ့ နားလည်နိုင်စွမ်းက အံ့အားသင့်စရာ ကောင်းလှသည်။
ကျိုးကျွင်းရဲ့ အမြင်တွင် လှံသိုင်း နှစ်မျိုးက လီဟမ်ရှန်းပေါ်တွင် သက်ရောက်မှု ရှိမည်မဟုတ်ပေ။
" ကျေးဇူး တင်ပါတယ် အစ်ကို ၃ " လီဟမ်ရှန်းသည် နက်ရှိုင်းစွာ ကျေးဇူးတင်လိုက်သည်။
ကျိုးကျွင်းသည် အများနှင့်မတူ တစ်မူထူးပုံပေါ်ပေမယ့် တစ်ကယ့်ကို ပြီးပြည့်စုံလှသည်။
" ငါလည်း ဒီဟာကို မသုံးတော့ဘူးလေ " ကျိုးကျွင်းသည် အပြုံးလေးနှင့် ပြောလိုက်၏။ " တစ်ကယ်လို့ မင်းသာ အသုံးပြုနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ "
" ဒါနဲ့ စီနီယာ အစ်ကို ဒီ သစ္စာကိုးပါး လှံ က နတ်ဘုရား လက်နက်စာရင်းမှာ ပါတယ်လား " ရုတ်တရက် လီဟမ်ရှန်းသည် သိချင်မိ၍ မေးလိုက်၏။
" မင်းက နတ်ဘုရား လက်နက် စာရင်းအကြောင်း သိတယ်လား " ကျိုးကျွင်းသည် လီဟမ်ရှန်းအား အံ့အားသင့်စွာ ကြည့်၍ ခေါင်းညိတ်ပြလိုက်ပြီး ပြောပြလေသည်။ " ဟုတ်တယ် သစ္စာကိုးပါး လှံ က နတ်ဘုရား လက်နက် စာရင်းမှာ ၆၇ ခုမြောက် အဆင့် ပဲ။ သစ္စာကိုးပါး လှံ ရဲ့ လက်ရှိ ပိုင်ရှင်က မြောက်ပိုင်းအေးခဲနိုင်ငံ ရဲ့ မဟာ ဗိုလ်ချုပ် ကျိုးပိုင်မင် လို့ သတင်းထွက်နေတယ် "
" မြောက်ပိုင်းအေးခဲနိုင်ငံ... " လီဟမ်ရှန်းသည် ထိုနာမည်အား ကြားဖူး၏။ မြောက်ပိုင်း အေးခဲနိုင်ငံ သည် စန်းယွမ် နယ်မြေတွင် ထိပ်တန်း နိုင်ငံတွေထဲမှ တစ်ခုဖြစ်လေသည်။
၎င်း၏ စွမ်းအားသည် အလွန် အထင်ကြီးစရာ ကောင်းလေသည်။
သူ့လက်ထဲမှ သစ္စာကိုးပါး လှံ ပန်းချီကား ကို ကြည့်၍ လီဟမ်ရှန်းသည် ပြန်သွားပြီး အဲဒါကို နားလည်ဖို့ ကြိုးစားရန် ဆုံးဖြတ်ချက် ချလိုက်၏။
တစ်မျိုးဆိုရသော် ကျိုးကျွင်း ပြောခဲ့သလိုပင် သားရဲ အစည်းအရုံး ရှိ ဝိဉာဉ်သားရဲ အများကြီးနှင့်ဆိုလျှင် သူ့ရဲ့ အင်မော်တယ် အရှင်သခင် လှံသိုင်းက အသက်ရှင်စေလိမ့်မည် မဟုတ်ပေ။
ဒါပေမယ့် သူ့အနေနဲ့ ပထမဆုံး ကိုးထပ် တိုက်ပွဲ ခန်းမကို ကြိုးစားကြည့်နိုင်တယ်။
ကျိုးကျွင်းဆီမှ ကြောက်စရာ ကောင်းလှသော ကိုးထပ်တိုက်ပွဲ ခန်းမ အကြောင်း ကြားပြီးကတည်းက လီဟမ်ရှန်းသည် စိတ်ဝင်စား နေ၏။
သူသည် ထိုနေရာတွင် ဘယ်လိုမျိုး ထိပ်တန်း စွမ်းအားကြီးသူများ ရှိနေမလဲဆိုတာ စူးစမ်းချင်မိသည်။
သူ့ရဲ့ လက်ရှိ အဆင့်ကို စမ်းသပ်ရန် ကောင်းမွန်သော တိုက်ပွဲ တစ်ခု အမှန်ပင် ရှိချင်မိ၏။