← Chapters

သံသယတွေ ပိုတိုးလာတဲ့ လီဟမ်ရှန်း

Vol. 9 Ch. 82

သံသယတွေ ပိုတိုးလာတဲ့ လီဟမ်ရှန်း

Vol. 9 Ch. 82

မှောင်ရီပျိုးစ အချိန်တွင်

ဂိုဏ်း၏ ဆုလာဒ်များသည် အမှန်တစ်ကယ်ပင် ရောက်ရှိလာ၏။

ရှမူဟိုင်က ကိုယ်တိုင် ပေးပို့လာမည်ဟု လီဟမ်ရှန်း မျှော်လင့်မထားပေ။

" နှုတ်ဆက်ပါတယ် ဆရာ "

" နှုတ်ဆက်ပါတယ် ဆရာ "

လီဟမ်ရှန်းနှင့် ကျိုးကျွင်း နှစ်ယောက်စလုံးသည် ရှေ့တိုး၍ အရိုအသေပေးလိုက်ကြသည်။

ရှမူဟိုင်အနေနဲ့ သူရဲ့ ရှေ့မှ လီဟမ်ရှန်းအားကြည့်၍ ပိုပို၍ သဘောကျ နေတော့သည်။ တစ်နေ့လုံး သူ့ရဲ့ သူငယ်ချင်းများစွာက မူဟိုင်ဖုန်းသို့ သူ့အတွက် ဝမ်းမြောက်ကြောင်း လာပြောကြသည်ကို သူမသိရှာပေ။

ထိုအရာသည် ရှမူဟိုင်၏ ဂုဏ်သတင်းအား များစွာ မြင့်တက်စေသည်။

" တော်တော် တော်တာပဲ " ရှမူဟိုင်သည် မချီးကျူးဘဲ မနေနိုင်ပေ။

ရှမူဟိုင်သည် ဝက်ခေါင်းကဲ့သို့ မျက်နှာ ဖူးရောင်နေသော ကျိုးကျွင်းအား တစ်ချက်ကြည့်ပြီး စိတ်ပျက် အံ့အားသင့်သွားရသည်။ " မင်းက ဘယ်သူလဲ။ မင်းကလည်း မူဟိုင်ဖုန်းက တပည့်လား "

ကျိုးကျွင်းသည် ချုံးပွဲချ ငိုချမိလုနီးပါးပင် " ဆရာ ကျွန်တော်က ကျိုးကျွင်းလေ "

" ဟမ် " ရှမူဟိုင်သည် ယုံရခက်နေပုံပေါ်သည်။ " မင်းက ကျိုးကျွင်းလား။ ကျစ် ကျစ် ထျန်ထျန် က မင်းကို ထပ်ပြီး အနိုင်ကျင့်လိုက်ပြန်ပြီနဲ့ တူတယ်။ သူမက မင်းကိုရိုက်တဲ့နေရာမှာ ဘယ်လိုတောင် ရက်ရောနေရတာလဲ "

ကျိုးကျွင်းသည် မျက်ရည်ကျလုနီးပါးပင်။ ဒါက ဆရာတစ်ယောက်က သူ့ရဲ့ တပည့်ကို ဆက်ဆံတဲ့ ပုံစံလား။ သူ့မှာ ဒီလို အခြေအနေထိ ရိုက်ခံထားရတာတောင် သူ့ကို စနေသေးသည်။

" ဟမ်ရှန်း ဒီနေ့ မင်းရဲ့ အောင်မြင်မှုအတွက် ဂိုဏ်းက မင်းကို ဆုချီးမြှင့်လိုက်တယ် " ရှမူဟိုင်သည် ရတနာ သေတ္တာကို ထုတ်လိုက်ပြီး ထိုထဲမှ ရွှေရောင် ချပ်ဝတ်တန်ဆာကို ထုတ်ယူလိုက်၏။

" ဒါက ရွှေရောင် ပိုးထည် ချပ်ဝတ်တန်ဆာ ပဲ။ ဂိုဏ်းက မင်းအတွက် ချီးမြှင့်လိုက်တာ " သူသည် ထိုသို့ ပြောရင်း ချပ်ဝတ်တန်ဆာကို လီဟမ်ရှန်းအား လှမ်းပေးလိုက်၏။

" ရွှေရောင် ပိုးထည် ချပ်ဝတ်တန်ဆာ ! "

ကျိုးကျွင်းသည် မျက်လုံးပြူးနေ၏။

ရွှေရောင် ပိုးထည် ချပ်ဝတ်တန်ဆာ ဆိုတာ တစ်ကယ့် ရတနာ တစ်ပါးလေ။ ရှေးဟောင်းတာအိုဂိုဏ်း တစ်ခုလုံးမှာ ကိုးခုပဲ ရှိတယ်လို့ ပြောကြတာနဲ့တင်ကို သူ့ရဲ့ ရှားပါး ဈေးကြီးမှုက ကျော်ကြားနေတာလေ။

အဲဒီ ချပ်ဝတ်တန်ဆာကို အလွန်ရှားပါးတဲ့ ရွှေရောင်ပိုးချည်နဲ့ ရက်လုပ်ထားပြီးတော့ ဓားတွေလှံတွေ မသက်ရောက်နိုင်၊ ရေနဲ့မီးကိုလည်း ခုခံနိုင်တဲ့ အပြင် ထိခိုက်မှုစွမ်းအားကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်တဲ့ တန်ပြန် စွမ်းအားပင် ရှိသေးတယ်။

ရွှေရောင် ပိုးထည် ချပ်ဝတ်တန်ဆာကို ဝတ်ထားတာက အသက်ပို တစ်ခု ရှိသလိုပဲ !

ကျိုးကျွင်းသည် မနာလိုလွန်း၍ ငိုချမိတော့မလိုပင် !

သူသည် ရှေးဟောင်း တာအိုဂိုဏ်းက ဒီရတနာကို လီဟမ်းရှမ်းအား ချီးမြှင့်လိမ့်မည်ဟု မျှော်လင့်မထားပေ။

ကျိုးကျွင်းသည် သွားရည်ယိုနေပြီ ဖြစ်၏။

" မနာလိုနေတာလား "

ရှမူဟိုင်သည် ကျိုးကျွင်းအား ကြည့်လိုက်၏။

" အွန် ဟွန်း " ကျိုးကျွင်းသည် ရွှေရောင် ပိုးထည် ချပ်ဝတ်တန်ဆာအား စိုက်ကြည့်၍ ခေါင်းညိတ်ပြလေသည်။

" အဲဒါဆို ကြိုးစား။ မင်းသာ တစ်ကယ်လို့ ကိုးထပ်တိုက်ပွဲ ခန်းမရဲ့ ပဉ္စမမြောက် အဆင့်ကို စိန်ခေါ်နိုင်တယ်ဆိုရင် မင်းကို တစ်ခု ချီးမြှင့်ပေးဖို့ ဂိုဏ်းကို တောင်းဆိုပေးမယ် " ရှမူဟိုင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" အွန် ဟွန်း " ကျိုးကျွင်းသည် ရှမူဟိုင် ပြောသမျှကို လုံးဝကြားပုံ မရဘဲ ခေါင်းသာ ညိတ်နေလေသည်။

သို့သော် သူ သတိပြန်ကပ်သွားချိန်တွင်မူ ကျိုးကျွင်း၏ မျက်နှာသည် ပြန်လည် ခါးသီးသွားရ၏။

" ဆရာ၊ ကျွန်တော့်ကို ဟာသ မလုပ်ပါနဲ့ " ကျိုးကျွင်းသည် ခါးသီးစွာ ပြောလိုက်သည်။ " အခု ကျွန်တော့်မှာ စတုတ္ထမြောက် အဆင့်ကိုတောင် မအောင်နိုင်သေးဘူး ဆရာက ပဉ္စမမြောက်အဆင့်ကို စိန်ခေါ်ခိုင်းနေတယ် ကျွန်တော့်ကို ဟာသ လုပ်နေတာ မဟုတ်ဘူးလား "

လီဟမ်ရှန်းသည် သူ၏ လက်ထဲရှိ ရွှေရောင် ပိုးထည် ချပ်ဝတ်တန်ဆာအား ကိုင်ကြည့်လိုက်သည်။ ရွှေရောင် တောက်ပနေပေမယ့် သာမန် အဝတ်အစားတွေလို တော်တော် ပေါ့ပါးတာပဲ။

ကိုင်ရတာ အေးမြနေပြီး အတော် သက်တောင့် သက်သာ ရှိတယ်။

တစ်ကယ့်ကို ပြိုင်ဘက်ကင်း ရတနာ တစ်ခုဆိုတာ ရှင်းနေတာပဲ။

" ကျေးဇူးတင်ပါတယ် ဆရာ " လီဟမ်ရှန်းသည် ချပ်ဝတ်တန်ဆာအား လက်ကကို မချပေ။ သက်တောင့် သက်သာ ရှိရုံမက အကာအကွယ် ပေးသေးတယ်။ ဘယ်လောက်တောင် ကောင်းလိုက်လဲ။

ရှမူဟိုင်ပင် အနည်းငယ် မနာလို ဖြစ်နေသည်။ သူ့တွင် ဒီလို ရွှေရောင် ပိုးထည် ချပ်ဝတ်တန်ဆာမရှိပေ။ ရှေးဟောင်း တာအို ဂိုဏ်း၏ တောင်ထွတ် ဆရာသခင် ၃၆ ယောက်ထဲတွင် တစ်ယောက်သာ ဒီလိုဟာမျိုး ရှိလေသည်။

ယနေ့ လီဟမ်ရှန်းသာ သူ့ရဲ့ တက်လှမ်းခြင်း အဆင့် 7 နဲ့ အသက် ကိုးရှိုက်စာ အချိန် နဲ့သာ သံမျက်နှာဖုံးနှင့်လူ ကို အနိုင်မယူနိုင်ခဲ့လျှင် ဒီလို စွမ်းအားကြီးသော ရတနာမျိုးကို ဂိုဏ်းက ချီးမြှင့်လိမ့်မည် မဟုတ်ပေ။

ဂိုဏ်းခေါင်းဆောင် မရှိသော်လည်း လီဟမ်ရှန်း၏ ဖြစ်ရပ်က ရှေးဟောင်း တာအိုဂိုဏ်း၏ အကြီးအကဲ အုပ်စုအား သတိပြုမိစေမည်ဟု ရှမူဟိုင် မျှော်လင့်မထားပေ။

အကြီးအကဲ အုပ်စု တစ်ခုလုံးက အတူတကွ ထုတ်ပြန်လိုက်သော အမိန့်ဖြစ်လေသည်။

လီဟမ်ရှန်းက ရှေးဟောင်း တာအိုဂိုဏ်းရှိ လူတိုင်း၏ အာရုံစိုက်မှုကို အမှန်တစ်ကယ် ရသွားပုံ ပေါ်တယ်။

" အဲဒီမှာ အဲဒါတွေရှိသေးတယ်။ အဲဒါတွေကလည်း မင်းဟာတွေပဲ " ရှမူဟိုင်သည် သေတ္တာကြီး တစ်ခုအား ညွှန်ပြလိုက်၏။ " အထဲမှာက ကျင့်ကြံရေး ဆေး အမျိုးမျိုးပဲ။ ပြီးတော့ ကုသရေး ဆေးတွေရောပဲ တခြားဟာတွေလည်း ပါတယ်။ မင်းရဲ့ ကျင့်ကြံရေး အတွက် လုံလုံလောက်လောက်ပါပဲ "

ဒီဆေးတွေကို နေ့လည်က ရှမူဟိုင် လက်ခံလိုက်ရခြင်း ဖြစ်၏။ ဆေးဘုရင် တောင်ကြားမှ ရှေးဟောင်း တာအိုဂိုဏ်းသို့ ပို့လိုက်၍ စန်းယွမ် ပို့ဆောင်ရေး ဌာနမှ လူများ လာပို့ကြခြင်း ဖြစ်သည်။

မူချင်းကောဆီမှ စာကို ဖတ်ပြီး ရှမူဟိုင်သည် ဖြစ်ပျက်သွားသည်များကို သိလိုက်ရသည်။

ဒါပေမယ့် သူသာ ဒီဆေးတွေက ဆေးဘုရင်တောင်ကြားမှ လီဟမ်ရှန်းအတွက် ပို့ပေးလိုက်တာပါလို့ ပြောလိုက်ရင် ဆေးဘုရင်တောင်ကြားက ဘာလို့ သူ့ကို ဆေးတွေ ပို့ပေးရတာလဲဆိုပြီး လီဟမ်ရှန်း သေချာပေါက် အံ့အားသင့်သွားလိမ့်မယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာကို ကြောက်၍ ရှမူဟိုင်အနေနဲ့ ဒီဆေးတွေက လီဟမ်ရှန်းရဲ့ ယနေ့အောင်မြင်မှု အတွက် ဆုလာဒ်ပါလို့ပဲ ပြောနိုင်တော့တယ်။

ဆေးအပြည့်ပါသော သေတ္တာကို ကြည့်ပြီး ကျိုးကျွင်းဟာ သူ့ရဲ့ ယခင်က ‌အတွေးကို ပိုမို ယုံကြည်သွားတော့သည်။

လီဟမ်ရှန်းက ရှမူဟိုင်ရဲ့ တရားမဝင်သား ဖြစ်မယ် !

သံသယ ဖြစ်စရာကို မရှိဘူး !

လီဟမ်ရှန်းဟာ တက်လှမ်းခြင်း အဆင့် 9 အထွတ်အထိပ်ကို တက်လှမ်းဖို့ ဒါတွေနဲ့ စုပေါင်းပြီး ကျင့်ကြံ အားထုတ်လိုက်ဖို့ အဆင့်သင့်ပဲ !

များပြားလိုက်တဲ့ အရင်းအမြစ်တွေ

သူအရင်က အိပ်မက်တောင် မမက်ရဲဖူးတဲ့ ဟာပဲ။

လီဟမ်ရှန်းသည် လီချန်ချင်းဆီသို့ စာအလွန် ရေးချင်နေပြီ ဖြစ်သည်။ သူ့ရဲ့ သားက တစ်ကယ့်ကို စွမ်းရည်တွေ ရှိနေပြီဆိုတာကို သိစေချင်မိသည်။

ညစာစားပြီးနောက် လီဟမ်ရှန်းသည် မကြာသေးမီက အဖြစ်အပျက်များနဲ့ ပတ်သတ်၍ စာတစ်စောင် ရေးလိုက်ပြီး နောက်ရက် ပို့ဖို့ အဆင်သင့် လုပ်ထားလိုက်သည်။

သူသည် တစ်ညလုံး ကျင့်ကြံနေလိုက်သည်။

ဆေးဘုရင် တောင်ကြားမှ ပို့လိုက်သော ဆေးများသည် အဓိကက ကျင့်ကြံရေး အတွက် ဖြစ်သည်။ လီဟမ်ရှန်းအနေနဲ့ အမည်ပင် မသိသော တန်ဖိုးကြီး ဆေးများစွာ ရှိလေသည်။

ခန္ဓာကိုယ် ဖြတ်လတ်မှုကို တိုးစေရုံသာမက နတ်ဘုရား စိတ်ဝိဉာဉ်ကိုပါ တည်ငြိမ်စေနိုင်ပြီး တန်ဖိုး အလွန်ကြီးမားလေသည်။

လီဟမ်ရှန်းသည် ၃ ရက် အတွင်းတွင် တက်လှမ်းခြင်း အဆင့် 8 သို့ တက်လှမ်းနိုင်မည်ဟု ခံစားနေရလေသည်။

မနက်စောစော၌

လီဟမ်ရှန်းသည် စာကို ပို့ပေးပါရန် ရှုခွေအား လှမ်းပေးတော့မလို့ရှိသေး သူဘာမှ မပြောရသေးခင် ရှုခွေက စာတစ်စောင်ကို သူ့အား လှမ်းပေးလေသည်။

" သခင်လေး သခင်လေးအိမ်က ပို့လိုက်တဲ့ စာပါ "

" နောက်ထပ် စာတစ်စောင်လား "

လီဟမ်ရှန်းသည် အံ့အားသင့်မှုများနှင့် ယူလိုက်သည်။

" အဖေ့ဆီက စာက မကြာသေးခင်ကမှ ရောက်လာထားတာပါ " လီဟမ်ရှန်းသည် ပထမဦးဆုံး လီချန်ချင်း ဘာရေးထားလဲဆိုတာ ကြည့်ရန် ဆုံးဖြတ်လိုက်၏။

အရင်ရက်တွေက လီဟမ်ရှန်းသည် လီချန်းချင်းဆီ ပြန်စာ ရေးရန် အချိန်မရှိ‌ခဲ့ပေ။ အခု နောက်တစ်စောင် ထပ်ရောက်လာတာက အနည်းငယ် ထူးဆန်းနေလေသည်။

စာအိပ်ကို ဖွင့်လိုက်ရာ ငွေလက်မှတ် ၃ သိန်း ထွက်ကျလာ၏။

ထို ငွေလက်မှတ် ၃သိန်းကိုကြည့်ပြီး လီဟမ်ရှန်း၏ နှလုံးသည် ခပ်ပြင်းပြင်း တစ်ချက် ခုန်သွားရ၏။ နောက်ထပ် ၃ သိန်း !

ဒီငွေလက်မှတ်တွေက လီချန်ချင်းတယောက် ပန်းချီကားတွေ သူ့ဘာသာ ဆွဲထားတာ ဖြစ်နိုင်လောက်လား

အဲ့လိုမှမဟုတ်ရင် သူက ဘယ်လိုလုပ် ဒီလောက် ချမ်းသာပါ့မလဲ

လီချန်ချင်းက ယန်မိသားစုမှာ ဖောက်သည် တစ်ယောက်ဖြစ်လာပြီး ချန်ချင်း ပန်းချီခန်းရဲ့ စီးပွားရေးဟာ တိုးတက်လာပြီလို့ အရင်က ဖော်ပြဖူးပေမယ့် လတိုင်း ငွေ ၃ သိန်းပို့ဖို့ ဆိုတာက မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား။

ယန်မိသားစုက ချမ်းသာပေမယ့် နောက်ဆုံးမှာတော့ ပါရမီရှင် ကျင့်ကြံသူ တစ်ယောက်တောင်မရှိတဲ့ ချန်ထင်မြို့က မျိုးနွယ်စုလေး တစ်ခုပဲလေ။ သူတို့ တစ်လရတဲ့ ဝင်ငွေက ရာပေါင်းများစွာသော မျိုးနွယ်စုဝင် တွေကို ထောက်ပံ့ရသေးတယ်။ သူတို့မှာ လီချန်ချင်းကို ပေးဖို့ အဲ့လောက် ပိုက်ဆံအများကြီး ဘယ်လိုလုပ်ရှိမှာတုန်း။

လီဟမ်ရှန်းသည် ငွေလက်မှတ် ၃ သိန်းကို ကြည့်ရင်း အတွေး မနက်ဘဲ မနေနိုင်ပေ။

အဓိပ္ပာယ်မရှိလိုက်တာ ။

အကျိုးသင့် အကြောင်းသင့် ဖြစ်မနေဘူး ။

စာအိပ်ထဲမှ စာကို ကြည့်လိုက်ရာ လီချန်ချင်းသည် မကြာသေးမီက အလွန်ချမ်းသာသော ဝယ်သူတစ်ယောက်နဲ့ တွေ့ခဲ့ရ၍ သူ့ပန်းချီတစ်ခုကို ဝယ်ယူသွားပြီး ပိုက်ဆံအများကြီး ပေးခဲ့ကြောင်း ရေးထားလေသည်။

သူသည် ယန်မိသားစုရှိ မကြာသေးမီက အဖြစ်အပျက်များ၊ သူတို့ရဲ့ အဝတ်အထည်ဆိုင် နှင့် စားသောက်ဆိုင် အကြောင်းများကိုပါ ရေးထားလေသည်။

ထိုအရာအားလုံးသည် သာမန် ကိစ္စများ ဖြစ်သော်လည်း လီဟမ်ရှန်းသည် သူဆက်ပြီး ဖတ်လေ တစ်ခုခု ရှိနေသေးသလို ခံစားရလေ ဖြစ်နေသည်။

အထူးသဖြင့် လီချန်ချင်းသည် ယန်မိသားစု ‌စားသောက်ဆိုင်မှ မကြာသေးမီက မိတ်ဆက်ထားသော အစားအစာ အသစ်အကြောင်း ဖော်ပြထားပြီး သူပြန်လာလျှင် စားကြည့်ပါရန် တိုက်တွန်းထားချိန်၌ ဖြစ်သည်။

ဥပမာ အားဖြင့် - ကောက်ညှင်း ဖက်ထုပ်၊ ကြက်ဥနဲ့ ပုစွန် ဆန်မုန့် ခေါက်ဆွဲလိပ်၊ ဝက်သားကင် အစရှိသည်တို့ ဖြစ်သည်။

သူသည် ထိုအရာများ အကြောင်း များစွာ ရေးထားပြီး အဆုံးတွင် လီဟမ်ရှန်အား ကျင့်ကြံရေးကို အရမ်းကြီး မကြိုးစားပါရန် သတိပေးထားသည်။ တစ်ကယ်လို့ တစ်နေ့နေ့မှာ သူပင်ပန်းလာပြီး အရှုံးပေးချင်လာရင်ပဲ ဖြစ်ဖြစ် တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားရရင်ပဲ ဖြစ်ဖြစ် အိမ်ကို ပြန်လာသင့်ကြောင်း ရေးထားသည်။

မင်းရဲ့အဖေက မင်းကို ထောက်ပံ့ပေးနိုင်ပါတယ်ကွ ။

နောက်ဆုံးစာကြောင်းသည် လီဟမ်ရှန်း၏ နှလုံးအား အနည်းငယ် တုန်ရီသွား စေသော်လည်း သူ၏ အကြည့်များသည် စောစောက ဖော်ပြထားသော စားစရာများပေါ်တွင် မြဲမြံနေလျက်ရှိသည်။

ကြက်ဥနဲ့ ပုစွန် ဆန်မုန့် ခေါက်ဆွဲလိပ်

သူ့အနေနဲ့ အဲဒါက ဘာမှန်း မသိသော်လည်း အနည်းဆုံးတော့ ကြက်ဥနဲ့ ပုစွန်ပါတယ်ဆိုတာ သိသည်။

လီဟမ်ရှန်းသည် သူငယ်စဉ်က ပုစွန်ကို စားပြီး အကြောင်းပြချက် အချို့ကြောင့် အပြင်းအထန် မသက်မသာ ခံစားခဲ့ရပြီး သေလုနီးပါး နာကျင် ခံစားခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိပါသေးသည်။

သူ့ရဲ့ ကျန်းမာရေး ဖွဲ့စည်းပုံသည် အနည်းငယ် ထူးခြားနေပြီး ပုစွန်တို့ ဂဏန်းတို့ကို စားလို့မရကြောင်း သမားတော်က ပြောခဲ့သည်။

ထိုအချိန်မှစ၍ လီချန်ချင်းသည် သူ့အား ပုစွန်တို့ ဂဏန်းတို့ စားခွင့်မပြုခဲ့ပေ။ စားသောက်ဖွယ် စားရင်းထဲရှိ ငါးပင် စားရခဲ ဖြစ်ခဲ့ရသည်။

ဒါပေမယ့် အခုတော့ လီချန်ချင်းက သူ့အား အမှန်တစ်ကယ်ပင် ပုစွန် ဆန်မုန့် ခေါက်ဆွဲလိပ်အား စားကြည့်စေချင်နေသည်။

သူ မေ့သွားတာလား ။

ဒါမှမဟုတ် သူလုံးဝကို မသိတာလား ။

ဒီလူက တစ်ကယ်ရော သူ့အဖေ ဟုတ်ရဲ့လား ။

လီဟမ်ရှန်းသည် တစ်ခဏလောက် တွေးပြီးနောက် သူ့ပစ္စည်းများအား စတင် ထုတ်ပိုးလိုက်၏။ သူသည် ချန်ထင်မြို့သို့ ပြန်ရန် စီစဉ်လိုက်သည်။

သူသည် ဒီစာတွေကို ရေးတဲ့သူက တစ်ကယ်ပဲ သူ့အဖေလား ဆိုတာကို ကိုယ်တိုင် မြင်ချင်မိသည်။

မထွက်ခွာမီ လီဟမ်ရှန်းသည် ရှမူဟိုင်အား ထွက်ခွာခွင့်တောင်းရန် မူဟိုင်ဖုန်းသို့ သွားလိုက်သည်။

" မင်းက အိမ်ပြန်မလို့လား " လီဟမ်ရှန်းက ရုတ်တရက် အိမ်ပြန်ချင်သည်ကို ကြားလိုက်ရသောအခါ ရှမူဟိုင် အံ့အားသင့်သွားရလေသည်။ " မင်းက ရုတ်တရက်ကြီး ဘာလို့ အိမ်ပြန်ချင်သွားရတာတုန်း "

လီဟမ်ရှန်းသည် ခဏလောက် တုံ့ဆိုင်းသွားရပေမယ့် ရှမူဟိုင် အား ဘာမှ မဖုံးကွယ်ဘဲ သူ့ရဲ့ သံသယများအား ပြောပြလိုက်တော့သည်။

" မင်းက မင်းရဲ့ အဖေကို သရဲ ဝင်ပူးနေတယ်လို့ သံသယ ဖြစ်နေတာလား " ရှမူဟိုင်သည် မျက်လုံးပြူးသွားရသည်။

ဒီလိုစိတ်ကူးနဲ့ ဘာလို့ စာရေးဆရာ ဖြစ်မလာတာလဲ ။

" ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အဖေက ခုနောက်ပိုင်း တော်တော် ထူးဆန်းနေလို့ပါ " လီဟမ်ရှန်းသည် သူ့ရဲ့ သံသယအားလုံးကို ထုတ်ပြောလိုက်တော့သည်။

ရှမူဟိုင်သည် ခါးသက်စွာ မပြုံးဘဲ မနေနိုင်ပေ။ မင်းရဲ့ အဖေက ကြီးကြီးမာစတာ တစ်ယောက်ပဲကွ !

ယန်မိသားစုကနေ ဝေစု ၅၀ ရာခိုင်နှုန်း ရနေမှတော့ သူ့မှာ ပိုက်ဆံတွေ ရှိနေတာ ပုံမှန်ပဲ မဟုတ်ဘူးလား ။

ဒါတင်မကသေး မင်းအဖေကတော့ မင်းရဲ့ ရှေ့ရေးအတွက် နေရာတိုင်းမှာ လမ်းတွေ ခင်းပေးနေတယ်။ ဆေးဘုရင် တောင်ကြားက စုန့်နတ်သမီးတောင်ပါသေး။ မင်းကတော့ မင်းအဖေကို သရဲ ဝင်ပူးနေတယ်လို့တောင် သံသယ ဝင်နေသေးတယ်ပေါ့လေ ။

" အဓိပ္ပာယ်မရှိတာတွေ မတွေးပါနဲ့ " ရှမူဟိုင်သည် တိုက်ရိုက်ပင် ပြောလိုက်သည်။ " ဝင်ပူးတယ်ဆိုတာက မင်းထင်သလောက် မရိုးရှင်းဘူးကွဲ့။ တစ္ဆေမျိုးနွယ်စုရဲ့ ရှားပါးပြီး စွမ်းအားကြီးတဲ့သူတွေပဲ ဝင်ပူးနိုင်တာ။ ပြီးတော့ သူတို့ကလည်း အနည်းဆုံး ပါရမီရှင် အဆင့် အထွတ်အထိပ် ဖြစ်မှ ရတာ "

" ပြီးတော့ ဝင်ပူးတဲ့သူတွေမှာ သူတို့ရဲ့ ပစ်မှတ်ဆိုတာတွေ ရှိတယ်။ အားကောင်းတဲ့ ခန္ဓာနဲ့ သိုင်းကျင့်ကြံသူတို့ ဒါမှမဟုတ် အားကောင်းတဲ့ နတ်ဘုရား စိတ်ဝိဉာဉ် နဲ့ ပန်းချီဆရာတို့ ပေါ့။ မင်းအဖေက ဘယ်ဟာနဲ့များ ကိုက်ညီမယ်လို့ မင်းထင်လဲ "

ရှမူဟိုင်က ထိုသို့ မေးလိုက်သောအခါ လီဟမ်ရှန်းသည် စိတ်ပျက် အံ့အားသင့်သွားရ၏။ အမှန်ပဲ ဘယ်ဟာမှ ကိုက်ညီမနေဘူးပဲ ။

ရှမူဟိုင် အနေနဲ့ လီချန်ချင်းမှာ အားကောင်းတဲ့ နတ်ဘုရား စိတ်ဝိဉာဉ် ရှိပြီး ဝင်ပူးတဲ့ အခြေအနေမျိုး ကြုံတွေ့နိုင်သည်ကို သိပေမယ့် လီချန်ချင်းရဲ့ အားကောင်းတဲ့ နတ်ဘုရား စိတ်ဝိဉာဉ်မျိုးနဲ့ ဘယ်သူက သူ့ ဝင်ပူးရဲမှာလဲ ။

တစ္ဆေမျိုးနွယ်စုက ရက်စက်ပေမယ့် မတုံးပေ။

ဒါပေမယ့် လီဟမ်ရှန်းအနေနဲ့ လက်တွေ့မကျတဲ့ စိတ်ကူးကို စွန့်လွှတ်ရန် ရှမူဟိုင်သည် ခပ်တည်တည်ဖြင့် ဇာတ်လမ်း ထွင်ပြောရသေးသည်။

" ပါရမီရှင် အဆင့် အထွတ်အထိပ်မှာ ရှိတဲ့ တစ္ဆေ မျိုးနွယ်ဝင် တစ်ယောက်က မင်းအဖေကို ဝင်ပူးဖို့ သူ့ရဲ့ စွမ်းအားတွေကို သုံးလိုက်ဖို့ဆိုတာ လုံးဝ အဓိပ္ပာယ် ရှိမနေဘူးလေ " ရှမူဟိုင်သည် ဆက်လက် အယုံသွင်းနေလေသည်။ လီချန်ချင်းသည် သူ့ရဲ့ အထောက်အထားအား ကူညီဖုံးပေးရန် သူ့အား ညွှန်ကြားထားလေသည်။ တစ်ကယ်လို့ လီဟမ်ရှန်းသာ အိမ်ပြန်သွားရင် တွေ့ရှိသွားမည်ကို ရှမူဟိုင် စိုးရိမ်နေသောကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်၍ အကြံဉာဏ် ပေးနေရခြင်း ဖြစ်လေသည်။

နောက်ကျမှ ဒီကိစ္စကို ဆွေးနွေးဖို့ နဲ့ သတိထားဖို့ လီချန်ချင်းဆီ စာရေးပြီး အသိပေးရမယ်။

လီဟမ်ရှန်း တိတ်ဆိတ်သွားတာကို ကြည့်ပြီး ရှမူဟိုင်သည် ရှေ့ဆက်၍ ခပ်တည်တည်ပြောလိုက်သည်။ " ကောင်းပြီ။ အများကြီးတွေးမနေပါနဲ့။ လူတွေက ပြောင်းလဲတတ်ကြတာပဲ။ မဟုတ်လဲ အသိဉာဏ်ဝင်တဲ့အချိန်ဆိုတာလည်း ရှိတတ်ကြတာပဲလေ။ အခုဆို မင်းအဖေက မင်းကို စိတ်ပူလို့ ပိုက်ဆံတွေပို့ပြီး ပိုဂရုစိုက်လာတယ်လေ။ မင်း သူ့ကို ဘယ်လိုတောင် သံသယ ဝင်နိုင်ရတာလဲ။ သူလည်း မင်းအတွက် အလုပ်ကြိုးစားနေတာပဲလေကွယ် "

" အရင်က မင်းရဲ့အဖေက သူ့ရဲ့ ပန်းချီတွေကို အာရုံစိုက်ထားပြီးတော့ မင်း အိမ်က ထွက်လာတာလည်း ကြာပြီလေ။ တစ်ချို့အရာတွေကို မေ့သွားတာက ပုံမှန်ပါပဲ "

" ပြီးတော့ ရှေးဟောင်း တာအိုဂိုဏ်းကနေ ဂရုမစိုက်ပဲ ထွက်သွားတာကလည်း မင်းအတွက် အန္တရာယ် တော်တော် များတယ် " ရှမူဟိုင်သည် ဆက်ပြောလိုက်သည်။ " မင်းရဲ့ တက်လှမ်းခြင်း အဆင့် ကျင့်ကြံရေးနဲ့ ကိုးထပ်တိုက်ပွဲ ခန်းမရဲ့ ပထမ အဆင့်ကို မင်း ကျော်ဖြတ်ခဲ့တယ်လေ။အဲဒီ သတင်းက ပျံ့သွားလောက်ပြီ။ တစ္ဆေမျိုးနွယ်စုက မင်းရဲ့ စွမ်းရည်ကို သတိထားမိပြီး မင်းကို ရှင်းပစ်ချင်နေလောက်တယ် "

ထိုသို့ ကြားပြီး လီဟမ်ရှန်း၏ စိတ်နှလုံးသည် တုန်ရီသွားရ၏။

ထိုအရာသည် အမှန်တစ်ကယ်ပင် ဖြစ်လာနိုင်သည့် ကိစ္စ ဖြစ်လေသည်။

" မင်းရဲ့ ကျင့်ကြံရေးပေါ်မှာပဲ အာရုံစိုက်ထား။ မင်းကိုယ်မင်း ကာကွယ်နိုင်ပြီလို့ ခံစားရတဲ့ အချိန်ကျရင် မင်း အိမ်ပြန်နိုင်ပြီ " ရှမူဟိုင်သည် အကြံပေးလိုက်သည်။

" ဟုတ်ကဲ့ပါ "

လီဟမ်ရှန်းသည် နားလည်သွားပြီ ဖြစ်သည်။

သို့သော် လီချန်ချင်း၏ ကိစ္စက သူ့ စိတ်ထဲတွင် အနှောင့်အယှက် ဖြစ်နေဆဲ ဖြစ်သည်။

All Chapters