မဟာအကြီးအကဲ၏ ဆင့်ခေါ်ချက်
Vol. 9 Ch. 86
" ကျုပ် မသိဘူး " လို့ သူကပြောပေမယ့် သူ့စကားတွေထဲက ခြိမ်းခြောက်မှုကို ဘယ်သူက မကြားဘဲနေမှာလဲ။
အကယ်၍ မင်းသာ သဘောမတူပါက ယန်မိသားစုက ဘာလုပ်မယ်ဆိုတာကို ဘယ်သူသိမှာလဲ။
" ယန်ပါးထောင် ကျုပ်တို့ကို အဝေးကို တွန်းပို့မနေနဲ့။ ကျုပ်တို့ ပိုင်မိသားစုက ချန်ထင်မြို့မှာ ရှိနေတာ နှစ်တွေအများကြီး ကြာခဲ့ပြီ။ ကျုပ်တို့ဒီမှာ ရှိနေတာ ဘာအတွက်ကြောင့်မှ မဟုတ်ဘူး " ပိုင်ကျင့်ဖေ ၏ မျက်နှာက အမည်းရောင် ပြောင်းသွားခဲ့သည်။သူသည် ယခင်က ဤကဲ့သို့ တစ်ခါမှ ခြိမ်းခြောက်မခံ့ခဲ့ရပေ။
ယန်မိသားစုက ယနေ့တွင် ၎င်းတို့၏ သရုပ်မှန်ကို အမှန်တကယ် ပြသနေခဲ့သည်။
သို့သော်လည်း ယန်မိသားစုက သူတို့အား ဝါးမြိုချင်ပါက သူတို့က အခန့်သားထိုင်နေပြီး သေခြင်းတရားကို စောင့်နေမည်မဟုတ်ပေ။ သူတို့ တတ်နိုင်သမျှ အစွမ်းကုန် ပြန်တိုက်ခိုက်ကြပေလိမ့်မည်။
"ကျုပ်မှာ မဟာမိတ်အတွက် ကန့်ကွက်စရာမရှိပါဘူး။ပြီးတော့ ချန်ထင်မြို့က ထွက်သွားဖို့လည်း သဘောတူပါတယ်။ ဒါပေမယ့် မဟာမိတ်ရဲ့ခေါင်းဆောင်က ဘာလို့ ယန်ပါးထောင် ခင်ဗျား ဖြစ်သင့်တာလဲ" ကျောက်ရီချိုးက ယန်ပါးထောင်အား စိုက်ကြည့်နေခဲ့သည်။
လူတိုင်းက ယန်မိသားစုအား အတူတကွ ဆန့်ကျင်နေကြသည့် မိသားစုနှစ်ခုကို စောင့်ကြည့်နေကြသော်လည်း သူတို့က ထိုကဲ့သို့ အဆင့်မြင့်သည့် ကစားပွဲထဲ၌ မပါဝင်နိုင်ကြပေ။ ယခု သူတို့သည် ကျောက်မိသားစု ၊ ပိုင်မိသားစု နှင့် တစ်လှေတည်း စီးနေကြသူများဖြစ်ကြသည်။
သူတို့၌ မဟာမိတ်ခေါင်းဆောင် ရာထူးအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း မရှိကြပေ။
သူတို့က ယန်မိသားစု အား ခုခံရန် အရင်းအနှီးမကြပေ။ သူတို့ စုစည်းကြရင်တောင်မှ အသုံးမဝင်ပေ။ ထို့ကြောင့် သူတို့က ထိုမိသားစုနှစ်ခုအပေါ်တွင် မှီခိုရပေမည်။
ညစာစားပွဲတစ်ခုလုံးက ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့ကြပြီး အန္တရာယ်အငွေ့အသက်ကို ပြင်းပြင်းထန်ထန် ရရှိနေခဲ့ကြသည်။
ထိုမိသားစု နှစ်စု ၏ မေးခွန်းများကို ကြုံတွေ့ရသည့်အခါတွင် ယန်ပါးထောင်က အနည်းငယ် ပြုံးလိုက်ပြီး လုံးဝ စိတ်မဆိုးခဲ့ပေ။
ပိုင်ကျင့်ဖေ နှင့် ကျောက်ရီချိုးသည် ယန်မိသားစု၌ အားကိုးရန် တစ်ယောက်ယောက်ရှိနေသည်ကို သိထားပြီး ယခု သူတို့နှစ်ယောက်က ယန်ပါးထောင်အား သူ၏ ဝှက်ဖဲကို ထုတ်လာစေချင်သည်ကို ယန်ပါးထောင်က သိပေသည်။
"ဘာကြောင့်လဲ ? ဟုတ်လား?"
ထိုအခိုက်အတန့်၌ ယန်ပါးထောင်က မျက်ခုံးပင့်လိုက်ပြီး သူ၏ အရှိန်အဝါကို ဖြန့်ကျက်လိုက်ခဲ့သည်။
မူလအဆင့် စစ်မှန်သည့် အနှစ်သာရ က လေးလံသည့် တိမ်တိုက်တစ်ခုကဲ့သို့ သက်ရောက်လာခဲ့ပြီး ရှိနေသည့် လူတိုင်းအား သူတို့ပုခုံးပေါ်မှ အလေးချိန်ဖိအားကို ခံစားရစေခဲ့သည်။ သူတို့က အေးစက်သည့် ရေကန်ထဲသို့ ကျသွားခဲ့ပြီး အသက်ရှုရန် ရုန်းကန်နေရသကဲ့သို့ ဖြစ်နေခဲ့ကြသည်။
ရုန်းကန်ဖို့ ခက်ခဲလှသည်။
ထိုအခိုက်အတန့်တွင် သူတို့၏ မျက်လုံးထဲ၌ ယန်ပါးထောင်က မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လာခဲ့သည်။
အကြည့်တစ်ချက်ဖြင့်ပင် သူတို့၏ စိတ်ဝိဉာဉ်ကို ကိုင်လှုပ်နိုင်ပြီး လက်တစ်ဖက်တည်းဖြင့် သူတို့၏ အရိုးများကို ချိုးပစ်ရန် တတ်နိုင်သည်ဟု ထင်ရပေသည်။
အစွမ်းမဲ့သည့် ခံစားချက်က သူတို့၏ သွေးကြောထဲသို့ စိမ့်ဝင်သွားပြီး သူတို့၏ ရိုးတွင်းခြင်ဆီကို ထိုးဖောက်ဝင်ရောက် သွားခဲ့သည်။
လုံးဝပြီးပြည့်စုံသည့် ထိရောက်မှု အတိုင်းအတာပင်။
မည်သူမှ ခုခံရန် အတွေးကို မစုစည်းနိုင်တော့ပေ။
ပြန်လည်မွေးဖွားခြင်းအဆင့်၏ ထိပ်တန်းအဆင့် ဆရာသခင်များ ဖြစ်ကြသည့် ကျောက်ရီချိုးနှင့်ပိုင်ကျင့်ဖေ သည်ပင် တောင်ကြီးတစ်တောင်ဖြင့် အဖိခံထားရသကဲ့သို့ ခံစားခဲ့ကြရသည်။
ယန်ပါးထောင်၏ ရှေ့၌ သူတို့နှစ်ယောက်က ထိုမျှ သိမ်ငယ်သွားခဲ့ကြသည်။
" မူလ...."
သူတိူ့ နှစ်ယောက်၏ မျက်လူံများက ပြူးကျယ်နေခဲ့ကြပြီး ထိုစကားလုံးနှစ်လုံးသာ ထွက်လာခဲ့သည်။
ပေါများသည့် မူလအဆင့် စစ်မှန်သည့် အနှစ်သာရက အရာအားလုံးကို ရှင်းပြသွားခဲ့ပြီဖြစ်သည်။
ယန်ပါးထောင်က မူလအဆင့်ကို တက်လှမ်းသွားခဲ့ပြီ !
ယန်ပါးထောင်က ဘာမှ ရှင်းပြစရာမလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်က အရာအားလုံးအား သက်သေပြဖို့ လုံလောက်ပေသည်။
ယခု ယန်ပါးထောင်က ပိုင်မိသားစုနှင့် ကျောက်မိသားစုအား အမှန်တကယ် ဝါးမျိုချင်ပါက သူတို့၌ ခုခံရန် အစွမ်းမရှိကြပေ။
အဘယ်ကြောင့်ဆိုသော် ယန်ပါးထောင်သာ အလိုရှိပါက သူက မိသားစုနှစ်စုလုံးအား လှုပ်ရှားမှုတစ်ခုတည်းနှင့် သတ်ပစ်နိုင်ပေသည်။
သူတို့၌ မူလအဆင့်အား ခုခံရန် အစွမ်းအစမရှိကြဘဲ သူတို့အားစောင့်မျှော်နေသည့် ကံကြမ္မာက သေခြင်းတရားပင်။
" ဘာကြောင့်ဆိုတာကို ပြောဖို့လိုသေးလား" ယန်ပါးထောင်က သူ၏အရှိန်အဝါကို ရုတ်သိမ်းလိုက်ပြီး လူတိုင်းက အလွန် စိတ်သက်သာရရသွားကြသည်။
မိသားစုငယ်များ၏ ခေါင်းဆောင်များက ချွေးများ မနည်းမနောထွက်နေကြပြီး ပင့်သက်ရှိုက်နေကြကာ ယန်ပါးထောင်အား ကြည့်သည့် အခါ၌ သူတို့၏ မျက်လုံးထဲ၌ ပြင်းထန်သည့် အကြောက်တရားဖြင့် ပြည့်နှက်နေခဲ့သည်။
သေခြင်းနှင့်ရှင်ခြင်းအား တခြားသူများက ချုပ်ကိုင်ခံထားရသည့် ခံစားချက်။
ကြောက်စရာကောင်းပေသည်။
ကျောက်ရီချိုးနှင့် ပိုင်ကျင့်ဖေ တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပြီး အောင့်သက်သက်သာပြုံးနိုင်ပေသည်။ တစ်ဦးချင်း၏ မျက်လုံးထဲ၌ အလွန်ကြီးမားသည့် အကူအညီမဲ့
မှုကို မြင်ခဲ့ကြပေသည်။
ယန်မိသားစုရှိ မူလအဆင့်တစ်ယောက်နဲ့ဆိုရင် သူတို့က စဉ်းတီတုံးပေါ်က ငါးတစ်ကောင်ပဲ မဟုတ်လား။
ဘယ်လို ခုခံမှာလဲ။
" ကျုပ် ပိုင်မိသားစုက မဟာမိတ်ဖွဲ့ဖို့ လက်ခံပါတယ် "
" ကျုပ်ရဲ့ ကျောက်မိသားစုကလည်း လက်ခံပါတယ်"
သူတို့နှစ်ယောက်က လက်ခံရန်သာ တတ်နိုင်ပေသည်။
ယန်မိသားစုက မဟာမိတ်ဖွဲ့ပြီးသည့်နောက်တွင် သူတို့အား ထပ်၍ အမြတ်ထုတ်ခဲ့ပါက သူတို့က အံကြိတ်၍ သည်းခံရန်သာ တတ်နိုင်မည်ဟုပင် တွေးထားခဲ့ကြသည်။
ကျောက်မိသားစုနှင့် ပိုင်မိသားစုက သဘောတူကြသည့်အတွက် တခြား မိသားစုငယ်များက ဘာပြောနိုင်မှာလဲ။
သူတို့လည်း သဘောတူရုံပင် တတ်နိုင်ပေသည်။
" ကျုပ်လည်း သဘောတူတယ်"
ကျုပ် သဘောတူတယ်"
လူတိုင်းက ပဲ့တင်ထပ်နေခဲ့ကြသည်။
" ကျုပ် သဘောတူတယ်"
ထိုအခိုက်အတန့်၌ ရွယ်ဟုန်သည်လည်း ထရပ်ကာ ပြောခဲ့သည်။
သို့သော်လည်း ထိုအချိန်၌ ယန်ပါးထောင်က ရုတ်တရက် ရွယ်ဟုန်အား ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောခဲ့သည်
" ရွယ်မိသားစုက ရွယ်ဟုန်လား"
" အကြီးအကဲ ယန် " ရွယ်ဟုန် က ရှေ့သို့ လျင်မြန်စွာတိုးသွားခဲ့ပြီး ပြောလိုက်သည်
" ကျုပ်ပါပဲ"
" မာစန်းထောင် ကို ခေါ်လာခဲ့တာ ခင်ဗျားလား" ယန်ပါးထောင်၏ အသံက ငြိမ်သက်နေသည့် ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်နေခဲ့သည်။
မေးခွန်း မေးပြီးပြီးချင်းမှာပင် ရွယ်ဟုန်၏ နှလုံးက ဒိန်းခနဲ ခုန်သွားခဲ့သည်။
သူ့ရဲ့ မျက်နှာက ချက်ချင်း အကျည်းတန်သွားခဲ့သည်။
" အကြီးအကဲ ယန် .... "ရွယ်ဟုန်က လျင်မြန်စွာ ရှင်းပြလာခဲ့သည်။ "ဒါက နားလည်မှုလွဲတာ
။ မာစန်းထောင်က .... "
ရွယ်ဟုန်သည် မာစန်းထောင်အား ပိုင်ကျင့်ဖေ က ခေါ်လာသည်ဟု ပြောချင်ကာ အလျင်အမြန်ရှင်းပြလာခဲ့သည်။
ပိုင်ကျင့်ဖေ၏ မျက်နှာသည်လည်း ပြောင်းလဲသွားခဲ့သည်။ သူသည် ရွယ်ဟုန်ထံမှ ရောင်းစားခံရတော့မည်ဖြစ်သည်။
သို့သော်လည်း အရေးကြီးသည့် အခိုက်အတန့်၌ ရုတ်တရက် တားမြစ်ခံခဲ့ရသည် !
ယန်ပါးထောင်၏လက်အား သာမန်ကာလျှံကာ တစ်ချက်ယမ်းရုံဖြင့် ရွယ်ဟုန်၏ လည်ပင်း၌ သွေးအမှတ်တစ်ခုပေါ်လာခဲ့ပြီး မြေပြင်သို့ လဲကျသွားကာ အသက်မရှူတော့ဘဲ ဘာမှမပြောနိုင်တော့ပေ။
" ငါ့ရဲ့ ယန်မိသားစုကို လျှို့ဝှက်ကြံစည်တယ်" ယန်ပါးထောင်က ခနဲ့လိုက်သည် " ဒီလို သစ္စာဖောက်တစ်ယောက်က ငါ့ရဲ့ ယန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ချင်တာလား။ သေဖို့ပဲ ထိုက်တန်တယ်"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက မြေပြင်ပေါ်၌ လဲနေသည့် ရွယ်ဟုန်ကို ကြည့်နေခဲ့ကြပြီး သူတို့၏အဝတ်အစားများ၌ ချွေးများရွှဲနစ်လာကြပြီး အချို့လူများက ကြောက်ဒူးများပင် တုန်လာခဲ့ကြသည်။
ကျောက်ရီချိုး နှင့် ပိုင်ကျင့်ဖေ တို့သည်လည်း အလွန်အမင်း ထိတ်လန့်နေခဲ့ကြသည်။
ရွယ်ဟုန်သည်လည်း ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ယန်ပါးထောင်၏ လှုပ်ရှားမှုနှင့်ရင်ဆိုင်ရသည့်အချိန်၌ တုံပြန်ချိန်ပင်မရှိဘဲ ချက်ချင်းအသတ်ခံခဲ့ရသည်။
ယန်ပါးထောင်၏ ခွန်အားက အမှန်တကယ် ကြောက်စရာပင်။
သူတို့က အရူးတွေမဟုတ်ကြဘဲ ယန်ပါးထောင်က မျောက်များကို ခြောက်ဖို့ ကြက်ကိုသတ်လိုက်ခြင်းဖြစ်ကြောင်း သူတို့နားလည်နိုင်ပေသည်။
ဤစကားက သူတို့အားလည်း ဆိုလိုပေသည်။
ထိုအချိန်၌ ယန်မိသားစု၏ မိသားစုဝင်အချို့က ရွယ်ဟုန်၏ အလောင်းကို သယ်ဆောင်သွားခဲ့ကြသည်။
" လူကြီးမင်းတို့ ဒီလူယုတ်မာကြောင့် ခင်ဗျားတို့ရဲ့စိတ်အခြေအနေကို အပျက်စီးမခံပါနဲ့ ။ ဆက်သောက်ကြပါ " ယန်ပါးထောင်က လူတိုင်းအားကြည့်ကာ ပြောခဲ့သည် " ပြီးတော့ မဟာမိတ် အကြောင်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့မှာ တခြားအမြင်တွေရှိမလားဆိုတာ သိချင်ပါတယ်။ ခင်ဗျားတို့ တင်ပြနိုင်ပါတယ်"
" အားလုံးကောင်းပါတယ် အကြီးအကဲ ယန် "
ဒီအချိန်မှာ တစ်ခုခုပြောဖို့ဘယ်သူက သတ္တိရှိမှာလဲ။
" ဒါဆိုရင် ကျုပ် မငြင်းတော့ပါဘူး" ယန်ပါးတထောင်က ခေါင်းညိမ့်ခဲ့သည်။
ထိုအချိန်၌ ကျောက်ရီချိုးက မေးခဲ့သည် " ကျုပ်သိချင်တာက မဟာမိတ် အကြီးအကဲ ယန် .... ကျုပ်ဆိုလိုတာက မဟာမိတ်ခေါင်းဆောင် ယန် လား။ ကျုပ်တို့က ခင်ဗျားရဲ့ ထင်မြင်ချက်ကို ကြားချင်ပါတယ်"
" ကောင်းပြီ ၊ ကျုပ်မှာ အကြံတစ်ချို့ရှိတယ်။ ပြီးတော့ ခင်ဗျားတို့ ကျုပ်ကို အကြံဉာဏ်တစ်ချို့ ပေးနိုင်တယ်" ယန်ပါးထောင်က ပြောခဲ့သည်။
လူတိုင်းက သူတို့၏ စိတ်ထဲ၌ ခနဲ့နေကြသည်။ ခင်ဗျားစိတ်ထဲရှိတာကို ပြောရုံနဲ့ ကျုပ်တို့က ဘာအကြံဉာဏ်ပေးနိုင်မှာလဲ။
ဘယ်သူက ကန့်ကွက်ဝံ့မှာလဲ။
" ချန်ထန်းမြို့ကို ကျော်ပြီး စီးပွားရေးစွန့်စားဖို့ စီစဉ်ထားတာမို့လို့ မဟာမိတ်ဖွဲ့ပြီး ကုန်သွယ်ရေးလုပ်ငန်းတစ်ခုထူထောင်ကြရအောင်။ တဖြည်းဖြည်းချင်းနဲ့ တခြားမြို့တွေဆီကို ချဲ့ထွင်နိုင်တယ်။ ကျုပ်တို့ရဲ့ သေးငယ်တဲ့ ရည်မှန်းချက်က မင်ဟုန် ခရိုင်တစ်ခုလုံးကို ပျံ့နှံ့ဖို့ပဲ"
" အချိန်ကျရင် ကျုပ်တို့က ဒီထက်ပိုပြီးတောင် စွန့်စားပြီး လုပ်နိုင်တယ်" ယန်ပါးထောင်က ယုံကြည်မှုရှိရှိ အဆိုပြုခဲ့သည်။
" ကုန်သွယ်ရေး လုပ်ငန်းလား"
ဤသည်ကို ကြားပြီး ကျောက်ရီချိုးက အတွေးထဲ၌ နစ်မျောသွားခဲ့သည်။
" မင်ဟုန်ခရိုင်မှာ ကုန်သွယ်ရေးလုပ်ငန်းတွေအများကြီးရှိတယ်။ တကယ်လို့ ကျုပ်တို့က တခြားမြိုတွေမှာ ကျုပ်တို့ရဲ့ လုပ်ငန်းကို အလောတကြီး ထူထောင်ခဲ့မယ်ဆိုရင် တခြားသူတွေရဲ့ အကျိုးစီးပွားကို ထိပါးမိပြီး လွယ်လွယ်ကူကူနဲ့ အပယ်ခံရနိုင်တယ်" ကျောက်ရီချိုးက ထောက်ပြခဲ့သည်။ "ကုန်သွယ်ရေးလုပ်ငန်းတွေအများကြီးထဲမှာမှ မင်ဟိုင်ကုန်သွယ်ရေး လုပ်ငန်းနဲ့ ယွင်လင် ကုန်သွယ်ရေး လုပ်ငန်းက အကြီးဆုံးပဲ။ သူတို့ရဲ့ နောက်ကွယ်က မိသားစုအင်အားကလည်း လျော့တွက်လို့မရဘူး"
" မင်ဟိုင် ကုန်သွယ်ရေးလုပ်ငန်းရဲ့ နောက်ခံက ဟိုင်မိသားစုဖြစ်ပြီး ယွင်လင် ကုန်သွယ်ရေးလုပ်ငန်းရဲ့ နောက်ခံက ယွင်လင် ဂိုဏ်းပဲ။ နှစ်ဖက်စလုံးမှာ သူတို့ရဲ့ ပဲ့ကိုင်အနေနဲ့ မူလအဆင့် ကျွမ်းကျင်သူတွေရှိတယ်။ သူတို့ရဲ့ အခြေခံအုတ်မြစ် ကို လွယ်လွယ်နဲ့ ကိုင်လှုပ်နိုင်မှာမဟုတ်ဘူး"
" ကျောက်ရီချိုး ခင်ဗျားက အများကြီးသိထားတာ သေချာတာပဲ" ယန်ပါးထောင်က မှတ်ချက်ပေးခဲ့သည်။ " ဒါပေါ့ သူတို့ရဲ့ အကျိုးအမြတ်အများစုကို ယွင်လင် ကုန်သွယ်ရေး လုပ်ငန်းနဲ့ မင်ဟိုင် ကုန်သွယ်ရေးလုပ်ငန်းက ပိုင်းခြားထားတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ အများကြီးရှိတယ်ဆိုတာ သိတယ်။ ဒါပေမယ့်လည်း ကျုပ်တို့လုပ်ငန်းက အခွင့်အရေးရှိပါသးတယ်။ အသေးစိတ်အချက်အလက်တွေကို နောက်မှ ခင်ဗျားနဲ့ လာဆွေးနွေးလှည့်မယ်"
" အခုဆိုရင် အားလုံးက မဟာမိတ်ဖွဲဖို့ သဘောတူခဲ့ကြပြီး ကိစ္စတွေက ပိုပြီးလွယ်သွားပြီ။ ခင်ဗျားတို့ပြန်ရောက်တဲ့အခါကျရင် ခင်ဗျားတို့ရဲ့ မိသားစုတွေနဲ့ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံမယ့် ပမာဏ ကို ဆုံးဖြတ်ပါ။ ခင်ဗျားတို့ရဲ့ ရင်းနှီးမြှုပ်နှံတဲ့အချိုးအပေါ် အခြေခံပြီးတော့ အမြတ်ငွေတွေကို ခွဲဝေပေးမယ် " ယန်ပါးထောင်က လူအုပ်ကြီးအား အကြောင်းကြားခဲ့သည်။
ဒီအချိန်၌ သူတို့က ရွေးချယ်စရာမရှိ လိုက်နာရပေမည်။
ယာယီအားဖြင့် သေရည်သောက်ဖို့ စိတ်ကူးကို ဘေးဖယ်ထားပြီး အိမ်ပြန်ကာ သူတို့၏ မိသားစုဝင်များနှင့် ရင်းနှီးမြှုပ်နှံမည့်ပမာဏကို ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြပေသည်။ ထိုပို၍သေးငယ်သည့် မိသားစုများက ပိုင်မိသားစုနှင့် ကျောက်မိသားစု၏ ဆုံးဖြတ်ချက်များကို စောင့်နေကြဆဲဖြစ်သည်။ သူတို့က ယန်မိသားစုနောက်သို့ လိုက်ရန် အမှန်တကယ်ပင် သဘောတူသလား သို့မဟုတ် တခြားအစီအစဉ်များရှိမလားဆိုသည်ကို သိချင်ခဲ့ကြသည်။
ကျောက်ရီချိုး နှင့် ပိုင်ကျင့်ဖေ သည်လည်း ထွက်သွားချင်ခဲ့ကြသည်။သို့သော်လည်း ယန်ပါးထောင်က သူတို့အား တားထားခဲ့သည်။
" ခင်ဗျားတို့ နှစ်ယောက် ခဏနေပါဦး"
ယန်ပါးထောင်က သူတို့အား ဆင့်ခေါ်ခဲ့သည်။
" မဟာမိတ်ခေါင်းဆောင်မှာ တခြားကိစ္စတွေရှိလို့လား" နှစ်ယောက်က ယန်ပါးထောင်အား ကြည့်ကာ သူတို့၏ မျက်လုံးများထဲ၌ ရှုပ်ထွေးခြင်း၊ သတိ ဖြင့် ပြည့်နှက်နေခဲ့သည်။
" ကျုပ်နောက်လိုက်ခဲ့ပါ။ ကျုပ်တို့ရဲ့ မဟာ အကြီးအကဲ က ခင်ဗျားတို့ကို တွေ့ချင်နေတယ် " ယန်ပါးထောင်က တည်ငြိမ်စွာ ပြောဆိုခဲ့သည်။
" မဟာ အကြီးအကဲ ? "
ကျောက်ရီချိုးနှင့်ပိုင်ကျင့်ဖေ တို့က အကြည့်ချင်း ဖလှယ်ခဲ့ကြသည်။ သူတို့၌ ယန်ပါးထောင်ပြောသည့် မဟာအကြီးအကဲဆိုသည်ကို ဖော်ထုတ်ရန်ကြိုးစားသည့် ထင်မြင်ချက်ရှိနေခဲ့သည်။
ယန်မိသားစုက ဘာကြောင့် ရုတ်တရက် အင်အားကြီးလာရတာလဲ။
ယန်ပါးထောင်က ဘယ်လိုလုပ်ပြီး မူလအဆင့် ကျွမ်းကျင်သူ ဖြစ်လာခဲ့တာလဲ။
ယန်မိသားစုနဲ့ ပူးပေါင်းပြီး မာစန်းထောင်ကို သတ်တာက ဘယ်သူလဲ။
အဲ့ဒီ မဟာ အကြီးအကဲ ဖြစ်နိုင်လောက်လား။
သူတို့က ယန်ပါးထောင်နောက်သို့ လိုက်လာရင်း အကူအညီမဲ့စွာဖြင့် မှန်းဆနေခဲ့သည်။
" မဟာ အကြီးအကဲ က ကျုပ်တို့ရဲ့ ကျေးဇူးရှင်ပဲ" သူတို့မမေးနိုင်ခင်မှာပဲ ယန်ပါးထောင်က စတင်ခဲ့သည်။ " ခင်ဗျားတို့ မှန်ပါတယ်။ မာစန်းထောင်က မဟာ အကြီးအကဲရဲ့ ခြံဝင်းထဲမှာ သေဆုံးသွားခဲ့တာ။ ဒါပေမယ့်လည်း မဟာအကြီးအကဲက ကိုယ်တိုင်မလုပ်ဆောင်ခဲ့ဘူး။ မာစန်းထောင်က သူကိုယ်တိုင်အာရုံစိုက်ဖို့ ထိုက်တန်တယ်လို့ မယူဆထားဘူး"
" မထိုက်တန်ဘူး ?"
ဤစကားအား ကြားပြီး သူတို့က ပို၍ ထိတ်လန့်သွားခဲ့ကြသည်။
မာစန်းထောင်က မူလအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။
ထို့အပြင် သူက နာမည်ပျက်စာရင်းပေါ်က လူတစ်ယောက်ဖြစ်ပြီး ရှိန်လောက်သည့် တိုက်ခိုက်နိုင်စွမ်းနှင့် အကြင်နာတရားကင်းမဲ့သူတစ်ယောက်ဖြစ်သည်။
ဒီဆန်းကြယ်တဲ့ မဟာ အကြီးအကဲက အဲ့ဒီလို အစွမ်းထက်တဲ့ လူက သူ့ရဲ့ ကိုယ်တိုင်အာရုံစိုက်ခြင်းနဲ့ မထိုက်တန်ဘူးလို့ ယူဆထားတယ်လား"
အဲ့ဒီ မဟာ အကြီးအကဲက ဘယ်လောက်အစွမ်းထက်တာလဲ။
သူက မူလအဆင့်ရဲ့ အထွတ်အထိပ်မှာ ဖြစ်နိုင်လား။
ဒါမှမဟုတ်ရင် ပြီးပြည့်စုံအဆင့်မှာရှိတဲ့ မဟာ အကြီးအကဲတစ်ယောက်ဖြစ်နိုင်မလား။
နှစ်ယောက်က ရုတ်တရက် ကြောက်ကြောက်ရွံ့ရွံ့ဖြစ်လာခဲ့ကြသည်။သူတို့က ယန်မိသားစု၏ ကောင်းမွန်သည့်ကံတရားကိုလည်း အလွန်အံ့ဩခဲ့ကြပေသည်။ဘာလို့ ကောင်းတဲ့အရာတွေအားလုံးက ယန်မိသားစုမှာ ဖြစ်ရတာလဲ။ အဲ့ဒီလို မဟာ အကြီးအကဲမျိုးက သူတို့ရဲ့ မိသားစုနဲ့သာ ပူးပေါင်းခဲ့မယ်ဆိုရင် ဘိုးဘေးတစ်ယောက်ရှိနေသလို ကိုးကွယ်နေမှာမလား။
ယန်ပါးထောင်က သူတို့အား လီချန်ချင်းနေထိုင်ရာ ခြံဝင်းဆီသို့ ဦးဆောင်လာခဲ့သည်။ သူက လေးလေးစားစားဖြင့် အကြောင်းကြားခဲ့သည် " မဟာအကြီးအကဲ သူတို့ကိုခေါ်လာခဲ့ပါပြီ"
"ဝင်လာခဲ့"
လီချန်ချင်း၏ အသံက အတွင်းမှ ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်၌ လီချန်ချင်းက သူ၏ခြံဝင်းထဲ၌ ပန်းပင်များရေလောင်းနေခဲ့သည်။ ယန်မိသားစု၏ ကျေးဇူးဖြင့် သူက နေ့တိုင်း ဘာမှလုပ်စရာမရှိသဖြင့် ခြံဝင်းထဲ၌ ရှားပါးသည့် ပန်းပင်များ စိုက်ပျိုးထားခဲ့သည်။ ဤပန်းများသည် အခြားနေရာများ၌ အလွယ်တကူရှာတွေ့နိုင်သည့် ပန်းများမဟုတ်ပေ။
ပန်းတစ်ပွင့်ချင်းဆီက မယုံနိုင်လောက်အောင်လှပပြီး ၎င်းတို့၏ ကိုယ်ပိုင် ပုံစံဖြင့် တစ်မူထူးခြားပေသည်။
သူတို့သုံးယောက်ဝင်လာသည်နှင့် ကျောက်ရီချိုးနှင့် ပိုင်ကျင့်ဖေ တို့သည် ခပ်လှမ်းလှမ်းမှ လီချန်ချင်းအား တွေ့ခဲ့ကြသည်။ သို့သော်လည်း သူ့ထံမှ မည်သည့်အစွမ်းထက်သည့် ကျွမ်းကျင်သူ၏ အရှိန်အဝါကိုမှ မခံစားရပေ။
သူက သာမန်လူတစ်ယောက်ဟု ထင်ရပေသည်။
သူတို့နှင့် ပို၍နီးကပ်လာသည်နှင့် ပိုင်ကျင့်ဖေသည် သူ့အား အရင်က အတော်လေးတွေ့ဖူးခဲ့သကဲ့သို့ ဤလူက ရင်းနီးပုံပေါ်သည်ဟု ခံစားခဲ့ရသည်။
" မဟာအကြီးအကဲ သူတို့ကို ခေါ်လာခဲ့ပါပြီ " ယန်ပါးထောင်က လေးလေးစားစား အသိပေးခဲ့သည်။
" ထိုင်ပါဦး" လီချန်ချင်းက ရေဖြန်းပုံးကိုချပီုး သူတို့နှစ်ယောက်အား လှည့်ကြည့်ခဲ့သည်။
လီချန်ချင်း၏ မျက်နှာအား မြင်သည်နှင့် ပိုင်ကျင့်ဖေက အံ့အားသင့်စွာရေရွတ်ခဲ့သည် " ခင်ဗျားက ချန်ချင်း ပန်းချီခန်း က လီချန်ချင်းမဟုတ်လား"
" ချန်ချင်း ပန်းချီခန်းလား"
ကျောက်ရီချိုးက မျက်တောင်ခတ်လိုက်ပြီးနောက် နှုတ်မှ လွှတ်ခနဲထွက်သွားခဲ့သည်။ " ခင်ဗျားပြောတာက ရှေးဟောင်းတာအိုတောင်နယ်မြေမှာ ကျင့်ကြံနေတဲ့သားရှိပြီး ထူးခြားပြောင်မြောက်တဲ့ ပန်းချီကားတစ်ခုကိုမှ မရေးဆွဲနိုင်တဲ့ လုံးဝ အသုံးမကျတဲ့ ပန်းချီဆရာလား"
" ခင်ဗျား ဘယ်လိုပြောရဲတာလဲ! "
ယန်ပါးထောင်က ဒေါသဖြင့် ကြိမ်းဝါးခဲ့သည်။
မူလအဆင့်၏ စွမ်းအား အပြည့်အဝပါဝင်သည့် သူ၏ ကြိမ်းဝါးသံက ထိုနှစ်ယောက်အား သူတို့၏ ခေါင်းများပေါက်ကွဲလုမတတ် ခံစားရစေခဲ့သည်။ သူတို့က နောက်သို့ ခြေလှမ်းအနည်းငယ်ယိုင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့ကြသည်။
သူတို့၏ မျက်နှာက ဖြူဖျော့နေခဲ့ကြသည်။ သူတို့က ယန်ပါးထောင်၏ ကြိမ်းဝါးသံကိုမျှပင် တောင်မခံနိုင်ကြပေ။
" ဒါက အမှန်ပဲလေ။ စိတ်ဆိုးနေဖို့မလိုပါဘူး။ ဒါက ကိစ္စကြီးတစ်ရပ်မဟုတ်ပါဘူး။ ငါ့ကို အသုံးမကျတဲ့ပန်းချီဆရာတစ်ယောက်လို့မြင်တာ သူတို့မမှားပါဘူး။ ဒါက အပြင်လူတွေ ငါ့ကို ဘယ်လိုမြင်လဲဆိုတာပဲ" လီချန်ချင်းက အပြုံးနှင့် ပြောခဲ့သည်။
" သူတို့ ခင်ဗျားကို စော်ကားနေတာကို ကျုပ် သည်းမခံနိုင်ဘူး မဟာအကြီးအကဲ" ယန်ပါးထောင်က လျင်မြန်စွာရှင်းပြခဲ့သည်။ သူ၏ စိတ်ထဲ၌ လီချန်ချင်းက ယန်မိသားစု၏ ကြီးမြတ်ဆုံး ကျေးဇူးရှင်ပင် ဖြစ်သည်။လီချန်ချင်း မရှိဘဲ ယန်ပါးထောင်သည် သူ၏ သက်တမ်းတစ်လျောက်၌ မူလအဆင့်သို့ ရောက်ရှိရန် ဘယ်တော့မှ အခွင့်အရေးရှိမည်မဟုတ်ပေ။
" မသိတာက အပြစ်မဟုတ်ပါဘူး။ အဆင်ပြေပါတယ် " လီချန်ချင်းက ပြောခဲ့ပြီး သူစိတ်မဆိုးသည်ကို ပြသနေခဲ့သည်။
" ဟုတ်ကဲ့ပါ" ယန်ပါးထောင်က လေးလေးစားစားဖြင့် ဘေးဖယ်လိုက်ပေမယ့် မသွားခင် သူတို့နှစ်ယောက်အား ခက်ထန်သည့် အကြည့်တစ်ခုဖြင့် ကြည့်နေခဲ့သည်။ ' မဟာအကြီးအကဲ ကာပြောပေးတာကြောင့် ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ဒါပေမယ့် နောက်တစ်ခါရှိမှာမဟုတ်ဘူး' ဟု ပြောနေသကဲ့သို့ပင်။
ကျောက်ရီချိုးနှင့်ပိုင်ကျင့်ဖေတို့က အံ့အားသင့်သွားခဲ့ကြသည်။ ယန်ပါးထောင်က အရမ်းနာခံနေသည်ကို တွေ့ပြီး လီချန်ချင်းက လှည့်စားထားသလားဟု သိချင်ခဲ့ကြသည်။
လီချန်ချင်းက ချန်ထင်မြို့၌နှစ်အတော်ကြာ နေထိုင်ခဲ့ပေသည်။
သူက ဂျူနီယာ ပန်းချီဆရာ အဆင့်သို့ပင်မရောက်နိုင်ခဲ့ပေ။
ထို့အပြင် သူက အရည်အချင်းမရှိ အလကားဖြုန်းတီးသူတစ်ယောက်ဖြစ်သည်။ သူရေးဆွဲခဲ့သည့် ပန်းချီကား အားလုံးက အမှိုက်များဖြစ်ကြသည်။ သူက တစ်ကြိမ်တစ်ခါ ကံကောင်း၍သာ လူတစ်ယောက်အား ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ကျော်ဖြတ်ရန်ကူညီပေးနိုင်သည့် ပန်းချီကားတစ်ခုကို ရေးဆွဲနိုင်ခဲ့သည်။ ထို့နောက် သူက ချန်ထင်တစ်မြို့လုံးသိသည့်တိုင်အောင် ထိုအကြောင်းအား ကြွားဝါနေခဲ့သည်။ထိုအချိန်ကတည်းက ပြောဆိုရန် အောင်မြင်မှုတစ်ခုမှမရှိခဲ့ပေ။
အစစ်အမှန်အရည်အချင်းမရှိ ၊ ကြွားဝါရသည်အား အရသာတွေ့နေသည့် လူက ရှေးဟောင်းတာအိုတောင်နယ်မြေမှ သူ့သား၏ ပိုက်ဆံဖြင့် အသက်ဆက်နေခဲ့သည်။
ဤသည်က လူထုက သူ့အပေါ်မြင်သည့် အမြင်ဖြစ်သည်။ သူက ရုတ်တရက်ဘယ်လိုလုပ်ပြီး ယန်မိသားစုရဲ့ အဆင့်မြင့် အကြီးအကဲတစ်ယောက် ဖြစ်လာတာလဲ။ နှစ်ခုကြားက ကွာဟချက်က အလွန်ကြီးမားပေသည်။
" လူကြီးမင်းတို့" လီချန်ချင်းက အပြုံးတစ်ခုနှင့် ပြောခဲ့သည် " မြေကြီးပေါ်မှာ မထိုင်ကြပါနဲ့ အေးတယ်။ ကျေးဇူးပြုပြ ခုံမှာထိုင်ကြပါ"
ဤသို့နှင့် လီချန်ချင်းက သူ့လက်အား ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် သူတို့၏ နားထဲသို့ နဂါးတစ်ကောင်၏ ဟိန်းဟောင်သံကိုကြားခဲ့ရပြီး ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်သွားသကဲ့သို့ပင်။
သူတို့အသိဝင်လာသည့်အချိန်၌ သူတို့က ခြံဝင်းထဲရှိ ကျောက်တုံးခုံတန်းလျား၌ ထိုင်နေသည့် သူတို့ကိုယ်တိုင်ကို ထိတ်လန့်စွာရှာတွေ့ခဲ့ကြသည်။
ကြယ်တွေရွေ့သွားသကဲ့သို့ ဖြစ်သည်။
ဘာ ... ဘာဖြစ်တာလဲ။
သူတို့နှစ်ယောက်လုံးက သူတို့၏ စွမ်းဆောင်ရည်များ၌ အထွတ်အထိပ်၌ ရှိကြပြီး မြေပြင်မှ ထိုင်ခုံပေါ်သို့ မည်သည့် ခံစားရခြင်းမှမရှိဘဲ ရွေ့ပြောင်းခံခဲ့ရပြီး တစ်ဖက်လူက သူ၏ လှုပ်ရှားမှုအား မည်သို့လုပ်ဆောင်ခဲ့သည်ကိုပင် မမြင်ခဲ့ကြပေ။
ထိုကဲ့သို့ ထူးခြားသည့် အပြုအမူအား ယန်ပါးထောင်ပင် မလုပ်ဆောင်နိုင်ပေ။ သူလုပ်နိုင်မလား?
ဒါတွေအားလုံးက လီချန်ချင်း လုပ်ခဲ့တာလား။
ဒီလို အောင်မြင်ဖို့ ဘယ်လို ကျင့်ကြံခြင်းအဆင့် လိုအပ်မလဲ။
ထိုအခိုက်အတန့်၌ သူတိူ့၏ စိတ်ထဲ၌ ကသောင်းကနင်း ဖြစ်နေခဲ့ကြသည်။
ဒီလီချန်ချင်းက ဒီနှစ်တွေအားလုံး ချန်ထျင်မြို့မှာ ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်လား။