← Chapters

လောလျှိုထောင် : မင်းရဲ့သားမှာ အသက်အန္တရာယ်တစ်ခုရှိနေပြီ။

Vol. 9 Ch. 89

လောလျှိုထောင် : မင်းရဲ့သားမှာ အသက်အန္တရာယ်တစ်ခုရှိနေပြီ။

Vol. 9 Ch. 89

"တကယ်တော့ ဒါက တကယ့်ပြသနာပဲ"

လီဟမ်ရှန်း အားနာနာဖြင့်ပင် ပြန်ပြောလိုက်၏။ " ကျွန်တော်နဲ့ သင့်တော်မယ့် တာဝန်တစ်ခုခုများရှိလား "

" သိပ်မရှိဘူး "

"တိုက်ရိုက်တပည့်တွေအတွက် တာဝန်တွေက များသောအားဖြင့် အမည်ပျက်စာရင်း ထဲကလူတွေကို လိုက်ရှာဖမ်းရတာ ဒါမှမဟုတ် ကောင်းကင်ရတနာ‌တွေရှာဖွေရတာနဲ့ တချို့ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးရတာတွေပဲ။ ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးက မင်းနဲ့မသင့်တော်ဘူး။ မင်းရဲ့ လက်ရှိ ကျင့်ကြံဆင့်နဲ့ဆိုရင် အမည်ပျက်စာရင်းထဲက လူတွေကိုလည်း သတ်နိုင်မှာမဟုတ်ဘူး "

လီဟမ်ရှန်း ဒါကို သဘောတူပါသည်။ သာမန် ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတွေနဲ့တွေ့ရရင် ပြဿနာသိပ်မရှိပေမယ့်လို့ အမည်ပျက်စာရင်း ထဲကလူတွေနဲ့ဆိုရင်တော့ သိပ်လွယ်မှာမဟုတ်ဘူး။

"ဒါပေမယ့် ဒီနေ့ မင်း ကံကောင်းတာပဲ၊ ငါ သင့်တော်တာတစ်ခုတွေ့ထားတယ် " ယန်ထျန်းထျန်း သည် စာရွက်တစ်ရွက်ကိုထုတ်ကာ‌ပြောလိုက်၏။ "မင်းကိုယ်စား ငါ ဒီတာဝန်ကို လက်ခံထားလိုက်တယ်။ ဒီလိုတာဝန်မျိုးရဖို့က သိပ်ရှားတာ။ ဒီဝာာဝန်ကို မြင်လိုက်တာနဲ့ မင်းနဲ့ အရမ်းသင့်တော်တယ်ဆိုတာ ငါသိလိုက်တယ်လေ။ ဒါက သိပ်အန္တရာယ် မရှိပါဘူး၊ ပြီးတော့ငါလည်း မင်းနဲ့အတူ လိုက်ပေးမှာပါ “

လီဟမ်ရှန်း သည် ယန်ထျန်းထျန်း ထံမှ စာရွက်ကိုယူကာ တာဝန်နှင့်ပတ်သတ်သောအသေးစိတ်အကြောင်းအရာများကို ဂရုတစိုက်ဖတ်လိုက်၏။

တည်နေရာက မင်ဟုန်ခရိုင်မှာ ဖြစ်သည်။

မင်ဟုန်ခရိုင်ထဲရှိ ကောင်းလျန်တောင် တွင် ဖမ်းယွင်ကျေးရွာ ဟုခေါ်သော ရွာတစ်ရွာရှိသည်။ မကြာသေးမီက ထိုရွာတွင် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့၏။

ဖမ်းယွင်ရွာ မှရွာသားများသည် ဆေးဖက်ဝင်အပင်များကို ရှာဖွေစုဆောင်းကာ အသက်မွေးကြလေသည်။ တစ်နေ့၌ မြေပြိုမှုတစ်ခုကြောင့် လှိုဏ်ဂူတစ်ဂူ ထွက်ပေါ်လာခဲ့သည်။ လှိုဏ်ဂူသည် အတော်အတန်နက်ရှိုင်းပြီး ရွာသားများသည် အထဲတွင် မည်သည့်အရာများရှိမည်ကိုသိလိုကာ ဝင်ရောက်စူးစမ်းကြလေသည်။

အထဲမှာ ရတနာတွေသာရှိနေခဲ့မယ်ဆိုရင် သူတို့တွေ အခုလိုပင်ပင်ပန်းပန်း လုပ်ကိုင်စား‌သောက်နေစရာမလိုတော့ဘူးလေ။

သို့သော် ထူးထူးဆန်းဆန်းပင် ရွာသားများ ဂူထဲသို့ ဝင်ရောက်သွားပြီးနောက် တစ်ယောက်မှ ပြန်ထွက်မလာခဲ့ကြပေ။

အပြင်ဖက်မှ စောင့်နေသူများသည် အချိန်အတော်ကြာအောင် စောင့်နေခဲ့ကြသော်လည်း ဝင်သွားသည့်လူများ တစ်ယောက်မှ ပြန်ထွက်လာတာ မတွေ့ကြပေ။ ထူးဆန်းနေသည်ကို သိလိုက်ကြပြီး နောက်ထပ် လူတစ်ချို့ထပ်မံ စေလွှတ်ကာ အထဲမှအခြေအနေကိုလေ့လာခိုင်းလိုက်ကြပြန်သည်။ သို့သော် ထိုသူများလည်း ထွက်မလာကြတော့။

သူတို့အားလုံး ပဟေဠိဆန်စွာ ပျောက်ဆုံးသွားခဲ့ကြသည်။

ရွာသားများသည် လှိုဏ်ဂူထဲ၌ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ရှိမည်ဖြစ်ကာ ထိုသားရဲက ဝင်ရောက်သွား‌သောရွာသားများကို ကိုက်ဖြတ်စားသောက်လိုက်သည်ဟု ယူဆကာ အလွန်ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြသည်။

ဒီလိုနဲ့ သူတို့ရွာနှင့် အနီးဆုံးဖြစ်သော ဖန်းယွင် မြို့ကို သွားကာ ထိုမြို့ရှိ ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှ တပည့်တွေကိုတွေ့ပြီး အကူအညီတောင်းခဲ့ကြသည်။

ရွာသားများအတွက်အန္တရာယ်ရှိမည်ကိုစိုးရိမ်ပြီး ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှ တပည့်များလည်း ဖမ်းယွင်ရွာသို့ သွားရောက်ခဲ့ကြသည်။

ထို့နောက် ပြန်လည်မွေးဖွားခြင်းအဆင့်မှ အပြင်စည်းတပည့်တစ်ဦး ဂူထဲသို့ဝင်‌ရောက်သွားသော်လည်း အချိန်အတော်ကြာသည်အထိ ပြန်ထွက်မလာခဲ့ပေ။ ပို၍ထိတ်လန့်စရာကောင်းသည်မှာ အပြင်မှ စောင့်ကြည့်နေခဲ့ကြသော တပည့်များသည် အတွင်းမှ မည်သို့သော တိုက်ခိုက်သံကိုမှမကြားခဲ့ကြချေ။

ဤသို့ဖြင့် ထိုကိစ္စသည် ရှေးဟောင်းတာအိုတောင်ဂိုဏ်း၏ အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့ပြီး ဂိုဏ်းမှတိုက်ရိုက်တပည့်များကိုပေးအပ်လာသည့် တာဝန်တစ်ခု ဖြစ်လာခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သောလှိုဏ်ဂူထဲ၌ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ သိချင်ကြသည်။

"ဒီတာဝန်က အန္တရာယ်အရမ်းများတဲ့ပုံတော့မပေါ်ပါဘူး" လီဟမ်ရှန်း သည် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး " ရက်စက်ကြမ်းကြုတ်တဲ့ သာမန်သားရဲတစ်ကောင် ဒါမှမဟုတ် ဝိညာဉ်သားရဲတစ်ကောင် ဂူထဲမှာရှိနေပြီး ဝင်လာသမျှလူ‌တွေကို အဲ့ဒီသားရဲကအန္တရာယ်ပေးနေတာပဲဖြစ်မယ် "

အကယ်၍ အထဲမှာရှိနေတာက ဝိညာဉ်သားရဲ တစ်ကောင်သာဆိုရင် အားလုံးဖြေရှင်းပြီးသားဖြစ်ပေလိမ့်မည်။ သာမန် ပြန်လည်မွေးဖွားခြင်းအဆင့်မှလူများသည် ဝိညာဉ်သားရဲ များနှင့် ရင်ဆိုင်နိုင်ကြမည်မဟုတ်ပေ။

" ပျောက်ဆုံးသွားတဲ့ အပြင်စည်းတပည့်တစ်ယောက်က ဘယ်သူလဲ " လီဟမ်ရှန်း သိလိုစိတ်ပြင်းပြစွာ မေးမြန်းလိုက်၏။ "သူက ဘယ်တောင်ထိပ်ကတပည့်လဲ"

" ပြောမထားဘူး " ယန်ထျန်းထျန်း သည် သူမ၏ မြင်းမြှီးစတိုင်စည်းထားသောဆံပင်နှစ်ဖက်ကိုခါယမ်းကာပြောလာခဲ့သည်။

"ငါ နောက်ထပ် ခန့်မှန်းမိတာတစ်ခု ရှိတယ်။ လှိုဏ်ဂူထဲမှာ လျှို့ဝှက်နယ်မြေတစ်ခု ရှိနေတာလည်းဖြစ်နိုင်တယ် "

"လျှို့ဝှက်နယ်မြေလား?" လီဟမ်ရှန်း မျက်မှောင်ကြုတ်လိုက်၏။ တကယ်ပဲလျှို့ဝှက်နယ်မြေတစ်ခုရှိနေတာဆိုရင် ကိစ္စတွေက ပိုပြီးရှုပ်ထွေးလာတော့မှာပဲ။

အချို့သောလျှို့ဝှက်နယ်မြေများသည် အန္တရာယ်လုံးဝမရှိသော်လည်း မူလအဆင့် ထိပ်တန်းကျွမ်းကျင်သူများပင် ပြန်ထွက်မလာနိုင်ခဲ့သည့် အချို့လျှို့ဝှက်နယ်မြေအကြောင်း ကောလာဟလများလည်းရှိပေသည်။

" သိပ်ပြီး စိုးရိမ်မနေပါနဲ့။ လျှို့ဝှက်နယ်မြေ တစ်ခု တကယ်ရှိနေတယ်ဆိုရင် ငါတို့တွေ အလျင်စလို ဝင်သွားစရာ မလိုဘူး။ ငါတို့က အဲ့ဒီအကြောင်းကို ဂိုဏ်းကို သတင်းပြန်ပို့ရုံပဲ ။ သတင်းပို့ပြီးတာနဲ့ မင်းရဲ့ တာဝန်က ပြီးသွားပြီလို့ ယူဆလို့ရတယ်။ ဒါဆိုရင်မင်းအတွက် အောင်မြင်မှုအမှတ်တွေ လွယ်လွယ်လေးရပြီပေါ့ "

ယန်ထျန်းထျန်း သည် ပြုံးကာပြောလိုက်၏။ "ဒီတာဝန်က သိပ်ပြီးအန္တရာယ်ကြီးတာ မဟုတ်ဘူး။ အကယ်၍ ဝိညာဉ်သားရဲတစ်ကောင် ရှိနေခဲ့မယ်ဆိုရင်လည်း မင်းရဲ့ စီနီယာအစ်မကြီးက အဲ့ဒီမှာရှိနေမှာပဲလေ။ ဘာကြောက်စရာရှိလဲ။ "

လီဟမ်ရှန်း ထိုကိစ္စကို စိတ်မပူတော့ပေ။ မူလအဆင့် ဝိညာဉ်သားရဲ တစ်ကောင် ရှိခဲ့လျှင်ပင် စိုးရိမ်စရာမရှိပါ။ သူ၏ စီနီယာအစ်မကြီးသည် ကလေးတစ်ယောက်ဟုထင်ရသော်လည်း သူမသည် အလွန်စွမ်းအားကြီးသူတစ်ယောက်သာဖြစ်သည်။

" ကောင်းပါပြီ။ ကျွန်တော် ဒီတာဝန်ကို လက်ခံပါ့မယ် " လီဟမ်ရှန်း သည် ထိုတာဝန်ကိုလက်ခံရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့သည်။

သူသည် တိုက်ရိုက်တပည့်တစ်ဦးအနေဖြင့် လစဉ်တာဝန်များကို ပြီးမြောက်‌အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ သူ့အတွက် သင့်တော်သော တာဝန်တစ်ခု ရှာတွေ့ဖို့ဆိုသည်မှာမလွယ်ကူပေ။ ဒါ့အပြင် လီဟမ်ရှန်းသည် ရှေးဟောင်းတာအိုတောင်ဂိုဏ်း မှ ခဏလောက် ထွက်ခွာနေချင်ခဲ့သည်။

ယခင်က ရှမူဟိုင်သည် သူဂိုဏ်းအပြင်သို့ထွက်သွားချိန်၌ လီဟမ်ရှန်းအန္တရာယ်ရှိမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုတော့ ယန်ထျန်းထျန်းနှင့်အတူရှိနေပြီဖြစ်၍ စိုးရိမ်စရာမလိုတော့ပေ။

သူ့ရဲ့ အစ်မ၂က တကယ့်ကို ကြမ်းတမ်းရက်စက်တဲ့သူတစ်ယောက်ပဲ။ ဘယ်သူ့ကိုမှညှာနေမှာမဟုတ်ဘူး။

" ကဲ ၊ဒါဆို ဂျူနီယာမောင်လေး၊ အဆင်သင့်ပြင်တော့။ ငါတို့ အခုပဲစထွက်ကြရအောင်"

" အရင်ဆုံးငါတို့ ဖန်းယွင်မြို့ ကိုသွားရမယ်၊ ပြီးရင် ကောင်းလျန်တောင်ကို သွားပြီး အဲဒီဂူကို ရှာကြမယ် "

" ဂူထဲမှာ ဘာတွေရှိလဲဆိုတာ ငါတကယ်ကိုသိချင်နေပြီ!" ယန်ထျန်းထျန်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာဖြင့် တဖျပ်ဖျပ်တောက်ပနေကြ၏။

အကြီးအကျယ်မျှော်လင့်စောင့်စားနေဟန်ပင်။

အချိန်အတော်ကြာ အစားမစားခဲ့ရတဲ့ ဆာလောင်မွတ်သိပ်နေသော ကလေးတစ်ယောက်က ထမင်းတစ်နပ်စားရဖို့ မျှော်လင့်နေသကဲ့သို့ပင်ဖြစ်၏။

လီဟမ်ရှန်း မရယ်ဘဲမနေနိုင်တော့။ ယန်ထျန်းထျန်း သူမရဲ့ ပြင်းပြတဲ့ စူးစမ်းလိုစိတ်ကြောင့်သာ ဒီခရီးကိုသွားခြင်းဖြစ်မယ်ဆိုတာ သူခံစားလိုက်မိသည်။

သူမက လျှို့ဝှက်ဆန်းကြယ်မှုတွေကို စူးစမ်းလေ့လာရတာ ကြိုက်တဲ့သူတစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။

သူ၏ အစ်မ၂သည် ကလေးလေးတစ်ယောက်နှင့်တူပြီး၊ ကလေးတစ်ယောက်ကဲ့သို့ပင်အရာရာစူးစမ်းလေ့လာရတာလည်း ကြိုက်နှစ်သက်ပေသည်။

ဤသည်မှာ ယန်ထျန်းထျန်း အပေါ် လီဟမ်ရှန်း၏ ပထမဆုံး အမြင် ဖြစ်သည်။

လီဟမ်ရှန်း သည် လျင်မြန်စွာ ထုပ်ပိုးကာ ယန်ထျန်းထျန်း နှင့်အတူ စတင်ထွက်ခွာခဲ့ကြသည်။

ဖန်းယွင်မြို့နှင့် ကောင်းလျန်တောင် နှစ်ခုစလုံးသည် မင်ဟုန်ခရိုင်ထဲတွင်ရှိသော်လည်း အတော်လေးဝေးကွာနေဆဲဖြစ်သည်။ အဲဒီကိုရောက်ဖို့ အနည်းဆုံး တစ်ရက်လောက်တော့ အချိန်ယူရမည်ဖြစ်သည်။

"တာဝန်ပြီးဆုံးသွားရင်တော့၊ အပြန်လမ်းမှာ ချန်ထင် မြို့ကို ဝင်ပြီးအဖေနဲ့တွေ့ရမယ်" လီဟမ်ရှန်း တွေးတောနေခဲ့၏။

လွန်ခဲ့သည့်သုံးနှစ်အတွင်းတွင် သူ အိမ်ကို လုံးဝမပြန်ချင်ခဲ့ပေ။

တစ်နေ့ခင်းလုံး အိပ်နေတတ်ပြီး၊ အချိန်တန်ငွေကိုလက်ဖြန့်တောင်းကာ အမြဲ သောက်စားမူးယစ်နေသော ဖခင်ကို နေ့တိုင်းရင်ဆိုင်ရသည်မှာ သူ၏ ငယ်ဘဝအမှတ်တရများပင် ဖြစ်သည်။သူ အဲ့ဒီ နွေးထွေးမှုမရှိတဲ့နေရာကို လုံးဝမပြန်ချင်ခဲ့။

အခုချိန်တွင် သူ၏ခံစားချက်များပြောင်းလဲနေခဲ့ပြီဖြစ်၏။ လီဟမ်ရှန်း သူ့နှလုံးသားထဲတွင် အလွန်လွမ်းဆွတ်နေခဲ့သော ထိုလူကို ပြန်သွားကြည့်ချင်နေပေသည်။

...

ချန်ထင် မြို့သည် ပုံမှန်အတိုင်း ပျားပန်းခပ်မျှ သွားလာစည်ကားနေပေသည်။ အဆင့်မြင့် မိသားစုကြီးများသာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုသိကြ‌၏။ သာမန်လူများအတွက်တော့ ချန်ထင်မြို့ သည် ချန်ထင်မြို့သာဖြစ်နေဆဲပင်။

သူတို့အတွက်တော့ ဤနေရာသည် မနက်တွင် နေထွက်လာကာ ညနေတွင် ပုံမှန်အတိုင်း နေဝင်သွားသည့်နေရာ တစ်ခု ဖြစ်နေသေးသည်။

ယန် မိသားစုသည် မဟာမိတ်အဖွဲ့တစ်ခုကို ထူထောင်ခဲ့၏။

ထို့နောက် ယန်မိသားစုသည် မဟာမိတ်မိသားစုတစ်ခုဆီကို တာဝန်များ ခွဲဝေပေးလိုက်သည်။ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်သည် ယန်ပါးထောင် ဖြစ်၏။

လီချန်ချင်း သည် လုပ်စရာမရှိတော့သည့်နောက် ပျင်းရိလာတော့သည်။

ယန် မိသားစုအိမ်တော်ထဲမှာ တနေကုန် နေရတာ ငြီးငွေ့စရာကောင်းလှပေသည်။ ထို့ကြောင့်ပင် အပြင်ထွက်ပြီး လမ်းလျှောက်တာ၊ တိုင်းယန်ကျိုက်မှာ အလွန်ဆိုးဝါးသော ဇာတ်လမ်းတွေ သွားနားထောင်တာ ဒါမှမဟုတ် လမ်းဘေးဆိုင်မှာရောင်းတဲ့ ဖက်ထုပ်သေးသေးလေးတစ်ပန်းကန်လောက် သွားစားရတာ။

ဒါမှမဟုတ် ပြဇာတ်ရုံသွားပြီး ပြဇာတ်တွေသွားကြည့်တာမျိုး လုပ်လေ့ရှိသည်။

လီချန်ချင်းသည် ထိုကဲ့သို့ ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းရင်း အဆင်ပြေနေခဲ့ပေသည်။ သူ့အမြင်တွင်၊ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက် သတ်ဖြတ်နေကြတာတွေ၊ တစ္ဆေမျိုးနွယ်များ ၏ လျှို့ဝှက်ကြံစည်မှုတွေအားလုံးသည် သူနှင့်မသက်ဆိုင်ပေ။

အနာဂတ်တွင်လည်း သူ့သားနဲ့အတူ သာမန်ဘဝတစ်ခုကို အေးအေးချမ်းချမ်းလေးသာဖြတ်သန်းသွားချင်ပေသည်။ တခြားဘာကိုမှ စိတ်မပူချင်ပေ၊ အဲ့ဒီအရာတွေကသူနဲ့ ဘာမှ မဆိုင်ဘူးမဟုတ်လား။

ကူးပြောင်းလာသူတွေက ကယ်တင်ရှင်တွေမဟုတ်ဘူးလေ။ကိစ္စတိုင်းကို ဝင်ပါတာက လူငယ်တွေအလုပ်ပဲလေ။သူ့လို အသက်သုံးဆယ်အရွယ်လူတယောက်ကတော့ အေးအေးဆေးဆေးပဲ နေတာ အကောင်းဆုံးဟု တွေးထားခဲ့သည်။

လီချန်ချင်း သည် ဆိုင်လေးတစ်ဆိုင်တွင်ထိုင်ကာ ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့ရင်း ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားနေကြသော လူများ၊ လှည်းများကို ငေးမောနေခဲ့သည်။ သူ၏ခြေထောက်နားတွင် ဖေးသည် ပျင်းရိစွာလဲလျောင်းနေပြီး နေပူဆာလှုံနေ၏။

လီချန်ချင်းသည် သူ့ပတ်ဝန်းကျင်မှ လူများ ပြောဆိုနေကြသည့် သူတို့၏နေ့စဉ်ဘဝအကြောင်းအရာများကိုလည်းနားထောင်နေခဲ့သည်။

ပိုက်ဆံ ပျောက်သွားသောလူတစ်ယောက်၊ ဘယ်သူရဲ့ဇနီးသည်ကတော့ ဘယ်သူနဲ့ ထွက်ပြေးသွားတာ၊ ကလေးရဲ့ ဘောင်းဘီက ညစ်ပတ်သွားပြန်ပြီ၊စသည် စသည်ဖြင့်။ ဒါက တကယ့်လက်‌တွေ့ဘဝများပင်ဖြစ်၏။

"ဒီနေရာမှာထိုင်လို့ရမလား?"

ထိုအခိုက်အတန့်တွင် အသံတစ်ခုသည် လီချန်ချင်း ၏ အတွေးများကို လက်ရှိသို့ ပြန်ဆွဲခေါ်လိုက်လေသည်။

လီချန်ချင်း အသံလာရာကို မော့ကြည့်လိုက်သောအခါ အသက်ငါးဆယ်အရွယ် မုတ်ဆိတ်မွှေးနှင့်အမျိုးသားတစ်ဦးကိုတွေ့လိုက်ရ၏။ ထိုသူသည် ဖျင်ကြမ်းအဝတ်များကို ၀တ်ဆင်ထားပြီး ဗေဒင်ဟောသည့်ဆိုင်းဘုတ်တစ်ခုကိုလည်း ကိုင်ဆောင်ထားသည်။

ထိုဆိုင်းဘုတ်အပေါ်တွင် စကားလုံးနှစ်လုံးကိုရေးသားထားသည်။

ကောင်းကင် ကံကြမ္မာ။

သူ၏ ပုံပန်းသဏ္ဍာန်အရတော့ ဗေဒင်ဆရာတစ်ယောက်ဆိုတာ သိသာပေသည်။

လီချန်ချင်း အတွက် ဤကမ္ဘာတွင် ဗေဒင်ဆရာတစ်‌ယောက်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။

"ကျေးဇူးပြုပြီး ထိုင်ပါ" လီချန်ချင်း သည် သူ့ရှေ့မှလူကြီးကို ကြည့်ကာ‌ပြောလိုက်သည်။

ထိုလူကြီးသည် ဗေဒင်ဆိုင်းဘုတ်ကို ဘေးတွင်ချကာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်၏။ အလွန်ရေဆာနေပုံရပြီး ရေနွေးကြမ်းတစ်ခွက်ကို အလျင်အမြန်ပင်တောင်းဆိုလာခဲ့ပြန်သည်။

လီချန်ချင်း သည် သူ့လက်ကို မြှောက်ကာ ဗေဒင်ဆရာအတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်၏။

"သောက်ပါ"

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် " ဗေဒင်ဆရာသည် လီချန်ချင်းကိုကျေးဇူးတင်စကား ဆိုလိုက်ပြီး တစ်ခွက်လုံး အပြောင်အစင် မေ့သောက်လိုက်သည်။

လီချန်ချင်း လည်း ပြုံးကာနောက်တစ်ခွက် ထပ်ငှဲ့‌ပေးလိုက်၏။

ထိုလူကြီးသည် ထပ်ခါ မော့သောက်လိုက်ပြန်သည်။

" လူကြီးမင်းက မြို့ပြင်ကလာခဲ့တာလား " လီချန်ချင်း သည် ပေါ့ပေါ့ပါးပါး ပင်မေးလိုက်သည်။

" ဟဲဟဲ၊ ကျုပ်က အသက်မွေးဝမ်းကြောင်းအတွက် လှည့်လည်သွားလာနေတဲ့သူတစ်ယောက်ပါ " ထိုလူကြီးသည် ရယ်မောကာ ပြန်ဖြေလာခဲ့သည်။

" လူကြီးမင်းရဲ့ နာမည်ကဘယ်လိုခေါ်ပါသလဲ?" လီချန်ချင်း လည်း စပ်စုကာမေးမြန်းလိုက်၏။

" ငါ့ကို လူအိုကြီးလော လို့ပဲ ခေါ်နိုင်ပါတယ် " ထိုလူကြီးက လျင်မြန်စွာပြန်ပြောလာခဲ့သည်။ " ဒါနဲ့ ဒီက ညီလေးရဲ့ နာမည်ကရော ဘယ်လိုခေါ်ပါသလဲ?"

" လီချန်ချင်း လို့ခေါ်ပါတယ် " လီချန်ချင်း သည် သူ့ရှေ့ရှိ ညစ်ထေး ဟောင်းနွမ်းနေသော အဝတ်အစားများနှင့် လူအိုကြီးလော ကို ကြည့်ကာ ဘယ်ကမ္ဘာ‌မှာပဲဘယ်ဖြစ်ဖြစ် ဘဝအတွက် ရုန်းကန်နေရသော လူအိုကြီး‌လောကဲ့သို့သောလူများ ရှိနေသည်ကို တွေးမိကာ သက်ပြင်းတစ်ချက်ချလိုက်မိတော့သည်။

လီချန်ချင်း သည် ယခင်က ဗေဒင်ဆရာများကို မယုံကြည်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် လူလိမ်များသာဖြစ်ပြီး ယုံကြည်စိတ်ချရသူများ မဟုတ်ဟု ထင်မိသောကြောင့်ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့မှလူကြီးကိုကြည့်ကာ တစ်ခဏမျှစဉ်းစားလိုက်ပြီး သူ့ဝတ်ရုံလက်ထဲမှ ငွေတုံးတစ်တုံးကိုထုတ်၍ လူအိုကြီး လော ကို ပေးလိုက်၏။ " ကျွန်တော့ရဲ့ကံကြမ္မာကို ဟောပေးနိုင်မလား?"

" ညီလေးချန်ချင်း က ကံကြမ္မာကိုသိချင်လို့လား "

လူအိုကြီး လော သည် စားပွဲပေါ်မှ ငွေတုံးကို ကြည့်ကာ သူ့မျက်လုံးများ တောက်ပလာခဲ့သည်။

ထိုငွေတုံးသည် ငွေစငါးစနှင့်ညီမျှပေသည်။

ထိုငွေတုံးဖြင့်ဆိုလျှင် အချိန်တခဏလောက်တော့ အစားအသောက်အတွက် ပူပန်နေစရာ မလိုတော့ပေ။

" ဟုတ်ပါတယ်။ လူကြီးမင်းကို အလုပ်ရှုပ်စေမိပါပြီ " လီချန်ချင်းသည်ပြုံးကာကြည့်နေခဲ့၏။ သူသည် ဒီကမ္ဘာက ဗေဒင်ဆရာတွေ လူတွေကို ဘယ်လို အရူးလုပ်ကြသလဲဆိုတာ ကြည့်ချင်မိသောကြောင့်ပင်ဖြစ်သည်။

လူအိုကြီး လော သည် ငွေတုံးကို ကောက်ယူပြီး သွားဖြင့် တစ်ချက်ကိုက်လိုက်၏။ ထို့နောက် ပြုံးဖြဲဖြဲလုပ်ကာ ငွေတုံးကို သူ့အိတ်ထဲသို့ ထည့်လိုက်တော့သည်။

တစ်ဆက်တည်းပင် သူ့အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလာခဲ့၏။

ထိုအရာသည် အလွန်အိုဟောင်းနေသော သံလိုက်အိမ်မြှောင်တစ်ခုဖြစ်သည်။

သို့သော် ထိုသံလိုက်အိမ်မြှောင်သည် အရင်က လီချန်ချင်းမြင်ဖူးသော သံလိုက်အိမ်မြှောင်များနှင့် မတူညီပေ။ သံလိုက်အိမ်မြှောင်များပေါ်တွင် ရေးထိုးထားသော စာများကိုလည်း သူနားမလည်နိုင်ပဲရှိသည်။

လူအိုကြီး လော သည် သူ့လက်ထဲမှ သံလိုက်အိမ်မြှောင်ကို အလွန်ယုံကြည်လေးစားသည့်အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ၏လက်ငါးချောင်းဖြင့် သံလိုက်အိမ်မြှောင်ကို ဆုပ်ကိုင်လိုက်၏။ ချက်ခြင်းဆိုသလိုပင် သံလိုက်အိမ်မြှောင်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ကြယ်တာယာမြေပုံတစ်ခုက အလင်းရောင်များကြားတွင် ထွက်ပေါ်လာခဲ့သည်။

"ဟမ်?"

လီချန်ချင်း အံ့သြသွားခဲ့၏။

လူအိုကြီး လော က ကျင့်ကြံသူတစ်ယောက်လား?

သို့သော် သူ သေချာအာရုံစိုက်၍ ပြန်ကြည့်လိုက်သောအခါ သံလိုက်အိမ်မြှောင်တွင် မည်သို့သောအလင်းရောင် သို့မဟုတ် မည်သို့သောကြယ်တာယာမြေပုံ မှရှိမနေသည်ကို တွေ့လိုက်ရပြန်သည်။

ခုနက သူမြင်လိုက်ရသော အရာအားလုံးက ထင်ယောင်ထင်မှား ဖြစ်သွားခဲ့သလိုပင်။

လီချန်ချင်း သည် ဖေးအား ကို ငုံ့ကြည့်လိုက်၏။ ဖေးသည် ဘာကိုမှသတိထားမိဟန်မတူဘဲ ငြိမ်သက်စွာ လဲလျောင်းနေဆဲဖြစ်သည်။

ကျင့်ကြံသူ တစ်ယောက် လီချန်ချင်း အနားရောက်လာခဲ့လျှင် ဖေး က အမြဲသတိထားမိမှာပင်။ ယခုမူ ဖေးသည် အိပ်ပျော်နေဆဲဖြစ်သည်။

" ငါ အမြင်မှားသွားတာလား " လီချန်ချင်း သည် မကြာသေးမီကသူမြင်လိုက်ရသောအရာများနှင့်ပတ်သတ်၍ တွေးတောနေခဲ့၏။

ဒီလူကြီးက သူ့ဘဝအတွက် ရုန်းကန်နေတဲ့ သာမန်ဗေဒင်ဆရာ တစ်ယောက်ပါပဲလေ။ သူ့မှာဘယ်လိုလုပ် ကျင့်ကြံစွမ်းအားတွေရှိနေနိုင်မှာလဲ။

ပြီးတော့ ငါ့ရဲ့ နတ်ဘုရား ဝိညာဉ်က အရမ်း အားကောင်းနေပြီ။ ကျင့်ကြံသူ တစ်ယောက်ကလှည့်စားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

"ဟမ်!"

ထိုအချိန်တွင် လူအိုကြီး လော ၏ အံ့အားသင့်နေသော အသံထွက်ပေါ်လာခဲ့သည်။

" ဘာဖြစ်လို့လဲ? " လူအိုကြီး လော မျက်မှောင်ကြုတ်နေတာကိုမြင်တော့ လီချန်ချင်း သိပ်ဂရုမစိုက်တော့ပေ။ ဗေဒင်ဆရာအများစုက မကောင်းတာတစ်ခုခုပြောလာကြမည်။ ထို့နောက် ကံဆိုးမှုမှကာကွယ်ရန် ၎င်းတို့ထံမှ တစ်ခုခုဝယ်ခိုင်းပေလိမ့်မည်။

စန်းယွမ် နယ်မြေမှာလည်း ဒီလိုလှည့်ကွက်ကို အသုံးပြုကြတာပဲလား?

" ညီလေး ချန်ချင်း၊ မင်းက နဂါးနဲ့ ဖီးနစ်ကြားမှာ မွေးဖွားလာတဲ့သူတစ်ယောက်ပဲ။ ရှားမှရှားတဲ့ အာဂလူတယောက်၊ ဆန်းကြယ်လွန်းပြီး ဒီလောကနဲ့ မသတ်ဆိုင်တဲ့ လူလဲ ဖြစ်တယ်။မင်းကိုယ်မင်း မသိပေမယ့် နတ်ဘုရားတွေတောင်မှ မင်းကို ကြောက်ရွံ့ရတယ်။ရှေ့ဆက်လျှောက်ရမယ့်လမ်းဟာ ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်တွေနဲ့ ပြည့်နှက်နေပေမယ့်လို့ မင်းရဲ့စွမ်းအားတွေကတော့ အကန့်အသတ်မဲ့လိမ့်မယ် " လူအိုကြီး လော သည် အလေးအနက်ပင် ပြောကြားလာခဲ့သည်။

"ဟမ့်" လီချန်ချင်း ပြုံးကာတွေးလိုက်၏။ "တကယ့်ကို ဖန်တရာတေနေတဲ့ စကားလုံးတွေပဲဟ"

" မင်းမှာ သားတစ်ယောက်ရှိတယ်၊ ဒါပေမယ့် မင်းအနားမှာ မဟုတ်ဘူး၊ သိပ်ကြီးလည်း မဝေးဘူး။ အဖေနဲ့သားဆက်ဆံရေးက နည်းနည်းတင်းမာ‌နေခဲ့တယ်၊ ဒါပေမယ့် မကြာသေးမီက တိုးတက်မှုတချို့ရှိခဲ့တယ်" လူအိုကြီး လော က ဆက်ပြောလာသည်။

ဒါကိုကြားတော့ လီချန်ချင်း၏ မျက်လုံးများတွင် သိလိုစိတ်များဖြင့် တောက်ပလာခဲ့သည်။

ဒီလူအိုကြီး လော က တကယ်ပဲ အရည်အချင်းရှိတဲ့သူ တစ်ယောက်ဖြစ်နေမလား။

" မင်းရဲ့သားက ငယ်ငယ်လေးကတည်းက သူ့အမေကို တစ်ခါမှမတွေ့ဖူးဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အမေက..." လူအိုကြီး လော ၏ စကားများသည် တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားပြီး သူ၏ သူငယ်အိမ်သည် ရုတ်တရက် ကျုံ့သွားကာ သူ့မျက်နှာသည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

"သူ့အမေ၊ သူ့အမေဘာဖြစ်သွားခဲ့တာလဲ" လီချန်ချင်း အလောတကြီး မေးမြန်းလိုက်၏။

" ဒီဟောကိန်းအတွက် မင်းပိုက်ဆံကို ငါမယူတော့ဘူး " လူအိုကြီး လော သည် ငွေတုံးကိုထုတ်ကာ လီချန်ချင်းအား ပြန်ပေးလိုက်ပြီး မတ်တပ်ထရပ်ကာ ထွက်ခွာသွားတော့သည်။

ရိုးရိုးထွက်သွားတာမဟုတ်ပဲ ထွက်ပြေးသွားတာနဲ့တူပေသည်။

" လော လူကြီးမင်း!" လီချန်ချင်းသည် လူအိုကြီး လောကို လှမ်းခေါ်လိုက်၏။

"ညီလေး ချန်ချင်း၊ မင်းအတွက် ငါဒါကို ဆက်ဟောပေးနိုင်မှာ မဟုတ်ဘူး။ ငါ့ဘဝကို ငါတန်ဖိုးထားတယ်။ ဒါပေမယ့် မင်းကို ဟောကိန်းတစ်ခုတော့ စေတနာနဲ့ ထပ်ဟောပေးခဲ့အုံးမယ်။ မင်းရဲ့သားဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ထိခိုက်စေနိုင်တဲ့ ဘေးဆိုးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ မင်းကိုယ်တိုင်က စွမ်းအားကြီးမားနေပေမယ့်လည်း အဲ့ဒါကို မင်းတားဆီးနိုင်မှာမဟုတ်ဘူး၊ ဂရုစိုက်ပါ။ "

ထို့နောက် လူအိုကြီး လော သည် နောက်ပြန်လှည့်မကြည့်တော့ဘဲ ထွက်ပြေးသွားခဲ့သည်။

မင်းတို့ရဲ့ဆုလာဘ်တွေအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့။ ယန်ကျောက် ရဲ့ခေါင်းဆောင်က ငါ့ဘ၀မှာ ပထမဆုံးခေါင်းဆောင်ဖြစ်ပြီး ငါ ဒါကို အမြဲအမှတ်ရနေမှာပါ။ တစ်ခြားညီအစ်ကိုတွေဆီက ဆုလာဘ်တွေကိုလည်း မမေ့ပါဘူး။ ငါရှေ့ဆက်ပြီးတော့လည်း ပုံပြောသူ ကောင်းတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်သွားပါမယ်။

စင်ပေါ်မှ ပုံပြင်ပြောသူကလည်းဆက်ပြောနေဆဲ၊ လီချန်ချင်းမှာလည်း ဆွံ့အနေဆဲ၊ ကောင်းကင်အထက်မှ ရွှေရောင်အလင်းတန်းများဖုံးလွှမ်းနေသော ဆန်းကြယ်သော ပုံရိပ်တခုကလည်း လီချန်ချင်းကို စိုက်ကြည့်နေဆဲ...

All Chapters