← Chapters

ယွင်လင်ဂိုဏ်း

Vol. 9 Ch. 90

ယွင်လင်ဂိုဏ်း

Vol. 9 Ch. 90

လူအိုကြီး လော ၏ နောက်ဆုံးစကားများက လီချန်ချင်း အား လက်ဖက်ရည်ဆိုင်ထဲ၌ အချိန်အတော်ကြာ ငေးမှိုင်နေစေခဲ့သည်။

အကယ်၍ ကံကြမ္မာဟောသူ က သူ့အား နောက်နှစ်ရက်အတွင်း သွေးထွက်သံယိုဖြစ်မည့် အန္တရာယ်တစ်ခု နဲ့ ကြုံတွေ့ရမည်ဟု ပြောခဲ့ပါက လီချန်ချင်းသည် ၎င်းအား ခေါင်းထဲမှ ထုတ်ပစ်လိုက်ပေမည်။ တစ်နေ့တည်း၌ ထိုမျှများပြားသည့် သွေးထွက်သံယိုဖြစ်မည့် ကိစ္စများ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

သူ့လက်ထဲမှ ချွန်ထက်နေသည့် အသားစတစ်ခုကပင် သူတို့၏ မျက်လုံးထဲ၌ သွေးထွက်သံယို ဖြစ်မည့် အန္တရာယ်ဟု ယူဆနိုင်ပေသည်။

သူက ဟားတိုက်ပစ်လိုက်ရုံသာ။

ထိုအကြောင်းအား တွေးနေမည်မဟုတ်ပေ။

သို့သော်လည်း လူအိုကြီး လော ပြောသွားသည်မှာ နောက်နှစ်ရက်အတွင်း၌ လီဟမ်ရှန်း က သွေးထွက်သံယိုဖြစ်မည့် အန္တရာယ်တစ်ခုနှင့် ကြုံတွေ့လိမ့်မည်ဖြစ်ပြီး လီချန်ချင်းက မည်သို့မျှ မတားဆီးနိုင် ဟူ၍ ဖြစ်သည်။

တကယ်ပဲ အန္တရာယ်ဖြစ်နိုင်တာလား။

လီချန်ချင်းသည် စိတ်တထင့်ထင့် ဖြစ်လာခဲ့ရသည်။ လျစ်လျူရှုသည်ထက် ယုံကြည်ခြင်းက ပိုကောင်းပေသည်။

တကယ်လို့ အန္တရာယ်ဖြစ်လာရင် သူဘာလုပ်ရမလဲ။

" ငါသွားပြီးတော့ စစ်ဆေးကြည့်ရမယ်" ဟု လီချန်ချင်း က တွေးခဲ့သည်။ သူကိုယ်တိုင် သွားမကြည့်ရလျှင် သူက အမြဲတမ်းစိုးရိမ်နေရပေလိမ့်မည်။

သို့သော်လည်း ဤသည်က သူ့သားနှင့်တွေ့ဖို့ ‌အချိန်ကောင်းတစ်ခု မဟုတ်မှန်း လီချန်ချင်း သိပေသည်။

ဖော်ထုတ်ခံရဖို့ ဖြစ်နိုင်ချေ အရမ်းများပေသည်။

လီဟမ်ရှန်းသည် သူ့အား အရင်က လှည့်စားခဲ့ပြီးပြီဖြစ်သည်။ အကယ်‌၍ သူတို့တွေ့ခဲ့ပါက စကားဆယ်ခွန်းမပြည့်ခင်မှာပဲ အဲ့ဒီကောင်လေး၏ ထောင်ချောက်အတွင်းသို့ ကျရောက်သွားမည်ကို စိုးရိမ်ပေသည်။

အဲ့ကောင်လေးရဲ့ စကားတွေက အမှန်တွေလား သူ့ကို စမ်းသပ်တာလား ဆိုတာကို ဘယ်သူက သိမှာလဲ။

ဤကလေးစုတ်လေးက လုံးဝ ချစ်စရာမကောင်းဟု လီချန်ချင်းသည် ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။

" ဖေး ၊ ရှေးဟောင်း‌တာအိုတောင်ဂိုဏ်းကို သွားရအောင်" လီချန်ချင်းသည် ခရီးတစ်ခုသွားရန် ဆုံးဖြတ်ရင် သူ့ခြေရင်း၌ရှိသည့် ဖေး အားပြောခဲ့သည်။ သူသည် လီဟမ်ရှန်းမှ သူ့အား ရှမတွေ့စေရန် အနီးအနားသို့ ‌ခိုးကြောင်ခိုးဝှက်သွားရပေမည်။ အန္တရာယ်မရှိသည်ကို အတည်ပြုပြီးသည်နှင့် သူက စိတ်အေးလက်အေး ပြန်လာနိုင်ပေသည်။

" အာ ဝူး " ဖေးက ညည်းတွားရင်း ပျင်းရိစွာ ထလာခဲ့သည်။

လီချန်ချင်းသည် ဖေးအား ခေါ်ဆောင်၍ မြို့မှ ချက်ချင်းထွက်လာခဲ့သည်။

မြို့မှ ထွက်လာပြီးသည်နှင့် ဖေး၏ ခန္ဓာကိုယ်က ချက်ချင်းပြောင်းလဲလာကာ ၎င်း၏ ကြီးမားသည့် အတောင်များကို ဖြန့်ရင်း ရွှေလင်းလန်သားရဲအဖြစ်သို့ ပြေင်းလဲသွားခဲ့သည်။ ထိုအခိုက်အတန့်၌ ၎င်းက ဘုရင်တစ်ပါးကဲ့သို့ပင်။

သို့သော်လည်း လီချန်ချင်း၏ အမြင်၌ ဤကြောက်မက်ဖွယ်ရာ ရွှေလင်းလန်သားရဲ က အတောင်ပံများပါသည့် ဂိုးဒင်ရီထရီဗာ တစ်ကောင်ထက် မပိုပေ။

ဖေး ကို စီးရင်း လူတစ်ယောက်နှင့် ခွေးတစ်ကောင်က ကောင်းကင်သို့ ရောက်ရှိသွားခဲ့သည်။

လီချန်ချင်းသည် လီဟမ်ရှန်းဘာမှမဖြစ်စေရန် မျှော်လင့်ရင်း သူ၏ စိတ်ခံစားချက်များကို ငြိမ်သက် စေခဲ့သည်။

သူတို့က နှစ်နာရီခန့် ပျံသန်းခဲ့ကြသည်။

လီချန်ချင်းသည် ရှေးဟောင်းတာအိုတောင်နယ်မြေ၏ အရိပ်အယောင်တစ်ခုကိုမျှ မမြင်ရသေးပေ။

" ဖေး ဒီလမ်းက လမ်းမှန်ဆိုတာ သေချာရဲ့လား" လီချန်ချင်းက နားမလည်စွာမေးခဲ့သည်။

" အူ ဝူး" ဖေးက လီချန်ချင်း အား အပြစ်ကင်းစွာကြည့်နေခဲ့သည်။ ကျွန်တော်မှ ရှေးဟောင်းတာအိုတောင်နယ်မြေကို မရောက်ဖူးတာ ဘယ်လိုလုပ်သိမှာလဲ ဟု ပြောနေသကဲ့ပင်။

" ငါလည်း မရောက်ဖူးဘူး" လီချန်ချင်းက အကူအညီမဲ့နေခဲ့သည် " ဒါဆိုလည်း ဘာလို့ ရည်ရွယ်ချက်မရှိ လျောက်ပျံနေတာလဲ"

သူစဉ်းစားနေသည့် အခိုက်၌ လီချန်ချင်းသည် အဝေးမှ အပေါ်သို့တက်နေသည့် မီးခိုးတန်းတစ်ခုကို ရုတ်တရက်တွေ့ခဲ့သည်။ သူသည် ဖေးအား ထိုနေရာသို့ မြန်မြန်ပျံသန်းရန် တိုက်တွန်းခဲ့သည်။

သူတို့နီးကပ်လာသည်နှင့်အမျှ လီချန်ချင်းသည် လူများစွာနှင့် ကြီးမားသည့် တောင်အပေါက်ကြီး တစ်ခုကို အံ့အားသင့်စွာတွေ့ခဲ့ရသည်။ လူများက ယန်မိသားစုထက်ပင် ပိုများပုံပေါ်သည်။

" သူတို့ကို မေးရအောင်" လီချန်ချင်းသည် ထိုလူအုပ်ကြီးအား မေးရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် လီချန်ချင်းအား သယ်ဆောင်ထားသည့် ဖေးသည် ကောင်းကင်မှ ဆင်းလာပြီး မြေကွက်လပ်တစ်ခု၌ နားခဲ့သည်။

"ဘာကြီးလဲ ! " လူများစွာက အုတ်အော်သောင်းနင်းဖြစ်သွားကြသည်။

လီချန်ချင်းနှင့် ဖေးတို့ ဆင်းသက်လာသည့် အခါ၌ အစွမ်းထက်သည့် လူများစွာက အဝေးမှ အပြေးအလွှားရောက်လာခဲ့ကြသည်။

သူတို့ထဲက တစ်ချို့၌ အလွန်အားကောင်းသည့် အရှိန်အဝါများရှိကြပြီး မူလအဆင့်သို့ ပင် ရောက်ရှိနေကြသည်။

" မူလအဆင့်လား" လီချန်ချင်းသည် ဒီနေရာက ဂိုဏ်းတစ်ခုဖြစ်နိုင်လားဟု မတတ်နိုင်စွာစဉ်းစားနေခဲ့သည်။ သူက အဝေးကနေ ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရဘဲ တခြားသူရဲ့ ဂိုဏ်းကို ကျူးကျော်ခဲ့တာလား။

သူက သာမန်မိသားစု တစ်စု သို့မဟုတ် လူမျိုးစုအချို့၏ တောင်ပေါ်ရွာလေးတစ်ရွာဟု ထင်ထားခဲ့သည်။

ဝှစ် ဝှစ် ဝှစ်။

မူလအဆင့် ကျွမ်းကျင်သူ သုံးယောက်သည် ထိုနေရာသို့ ချက်ချင်းရောက်လာခဲ့ပြီး သူတို့ ဘေးမှ တပည့်များက သတိထားကာ နောက်ဆုတ်သွားခဲ့ကြသည်။

" ဒါက ရွှေလင်းလန်သားရဲပဲ ! "

မူလအဆင့် ကျွမ်းကျင်သူတစ်ယောက်က အံ့အားသင့်စွာရေရွတ်ခဲ့သည်။

တခြားနှစ်ယောက်သည်လည်း အံ့ဩစွာခေါင်းညိမ့်ခဲ့ကြသည်။ အမှန်တကယ်ကို ရွှေလင်းလန်သားရဲပင်။

ဤသည်က ရွေလင်းလန်သားရဲအား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။

အရင်က ပန်ချီကားများ သို့မဟုတ် စာအုပ်များထဲ၌ ဖော်ပြချက်များကို သာ တွေ့ဖူးခဲ့ကြသည်။

" ဝေါင်း ! " ဖေးသည် မူလအဆင့် တစ်ချို့ကို မြင်ပြီး သူ့မျက်လုံးထဲ၌ သတိထားသည့် အကြည့်တစ်ချက် ပေါ်လာခဲ့သည်။ ထိုအချိန်၌ သူ၏ အားကောင်းသည့် အရှိန်အဟုန်ဖြင့် ဟိန်းသံက မူလအဆင့်ကျွမ်းကျင်သူအချို့၏ မျက်နှာထားများကို ပြောင်းလဲသွားစေခဲ့ပြီး သူတို့က လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။

ရွှေလင်းလန်သားရဲထံမှ မတားဆီးနိုင်သည့် အားတစ်ခုကို ခံစားခဲ့ရသည် ။

ဖေး၏ ရိုက်ချက်တစ်ချက်ဖြင့် သူတို့၏ ဦးခေါင်းခွံများ ကြေမွသွားနိုင်သည်ဟု ခံစားခဲ့ရသည်။

ဖေး၏ ဟိန်းဟောက်သံကြောင့်လည်း ရှိနေသည့်လူအများသည် အလွန်အင်အားကြီးမားသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားခဲ့ရသည်။

" ဖေး မရိုင်းစမ်းနဲ့" လူအများက ဖေးအား ကြောက်နေကြသည်ကို တွေ့ပြီး လီချန်ချင်းသည် သူ့အား လျင်မြန်စွာ အပြစ်တင် ဆုံးမခဲ့သည်။

ထို့နောက် ဖေးသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်ခဲ့ပြီး လီချန်ချင်း၏ ဘေး၌ လိမ်လိမ်မာမာဝပ်နေခဲ့သည်။

" စီနီယာ ကျုပ်တို့ ယွင်လင်း ဂိုဏ်းကို ဘာကြောင့်ရောက်လာရသလဲဆိုတာ သိခွင့်ရမလား" အသက်ခြောက်ဆယ်အရွယ် လူတစ်ယောက်သည် လူအုပ်နောက်မှ လျောက်လာပြီး သူ၏မျက်လုံးများက တလက်လက်တောက်ပနေခဲ့သည်။

သူက တခြား မူလအဆင့်အဆင့် ကျွမ်းကျင်သူသုံးယောက်ထက် ပို၍အားကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

" ဂိုဏ်းချုပ်" ။ ထိုလူအားတွေ့သည်နှင့် ပါရမီရှင် ကျွမ်းကျင်သူတစ်ချို့က လေးလေးစားစား နှုတ်ဆက်ခဲ့ကြသည်။

" ကျုပ်က ယွင်လင် ဂိုဏ်းချုပ် လင်းရှန့်နန် ပါ" ထိုလူကြီးသည်လည်း လီချန်ချင်းအား အရိုအသေပေးခဲ့သည်။

သူသည် အခုလေးတင်ရောက်လာခဲ့သော်လည်း ဖေး၏ ဟိန်းသံကြောင့် ယခုတိုင် တုန်လှုပ်နေဆဲဖြစ်သည်။

ထိုကဲ့သို့ စွမ်းအားကြီးသည့် ရွှေလင်းလန်သားရဲအား ထိန်းချုပ်နိုင်သည့် ပုဂ္ဂိုလ်က ပို၍ပင် အစွမ်းထက်နေရပေမည်။

အစွမ်းထက်သည့် သူ လင်းရှန့်နန် သည်ပင် လီချန်ချင်း၏ ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်မမြင်နိုင်ပေ။

ထို့ကြောင့် လင်းရှန့်နန်သည် အလွန် နိမ့်ကျသည့် အဆင့်အတန်းဟန်ပန်ကို ထိန်းသိမ်းထားခဲ့သည်။

"လီချန်ချင်း" ။ တစ်ဖက်လူက အလွန် ယဉ်ကျေးသည်ကို တွေ့ပြီး သူက သူတို့၏ တောင်ဂိတ်တံခါးသို့ ကျူးကျော်ဝင်ရောက်သည့်အတွက် မှားသည်ကို သိရှိပြီး လီချန်ချင်းသည်လည်း ပြန်လည်နှုတ်ဆက်ခဲ့သည်။

"အိုး ၊ ဒါဆို စီနီယာ လီချန်ချင်း ပဲ။ ခင်ဗျားအကြောင်းတွေ ကျုပ် အများကြီး ကြားဖူးထားတယ်" လင်းရှန့်နန်သည် လျင်မြန်စွာ ယဉ်ယဉ်ကျေးကျေးတုံ့ပြန်ခဲ့သည်။

လီချန်ချင်းသည် ဤသည်က လောကဝတ်တစ်ခုသာဖြစ်မှန်းသိပေသည်။ သူက လူသိများသည့်သူမဟုတ်ဘဲ သူတို့က သူ့အကြောင်းကို ဘယ်ကနေကြားလိမ့်မလဲ။

"စီနီယာ လီချန်းချင်းရဲ့ အလည်အပတ်ရောက်လာမှုက ကျုပ်တို့ ယွင်လင် ဂိုဏ်းကို ဂုဏ်သတင်း ယူဆောင်လာတာပါပဲ။ ကျူပ်တို့ရဲ့ ဧည့်ဝတ်ကျေပြွန်မှုပျက်ကွက်တာကို ‌ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး အထဲကိုဝင်ပါဦး" လင်းရှန့်နန်သည် လီချန်ချင်းအား လျင်မြန်စွာ ဖိတ်ခေါ်ခဲ့သည်။

ဒီနေရာအတွက် လီချန်ချင်းက ဘာပဲဖြစ်နေပါစေ သူတို့၏ အပြုအမူများအား မည်သူကမှ ရမယ်ရှာသည်ကို ခွင့်မပြုနိုင်ပေ။

" မဟုတ်ပါဘူး ၊ ခင်ဗျားတို့ဂိုဏ်းကို နှောင့်ယှက်မိတဲ့အတွက် ကျုပ် တကယ်ပဲ တောင်းပန်ပါတယ်။ ကျုပ်က လမ်းမေးချင်ရုံပါပဲ။ ကျုပ်က ကိစ္စတစ်ချို့အတွက် ရှေးဟောင်းတာအိုတောင်နယ်မြေကို သွားနေတာပါ။ ဒါပေမယ့် ကျုပ်က လမ်းမသိတာကြောင့်မို့ ခင်ဗျားတို့ကို စိတ်အနှောင့်အယှက်ပေးမိတာပါ။ ကျုပ်ကို လမ်းညွှန်ချက်တစ်ချို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လီချန်ချင်းက လျင်မြန်စွာရှင်းပြခဲ့သည်။

"ရှေးဟောင်းတာအိုတောင်နယ်မြေလား" လူအုပ်ကြီးသာ် လီချန်ချင်း၏ စကားများအား ကြားသည့်အခါ၌ သက်ပြင်းချခဲ့ကြသည်။

လီချန်ချင်း၏ ရည်ရွယ်ချက်အားမသိရခင်က လီချန်ချင်း၌ သူတို့ ယွင်လင်ဂိုဏ်းအား ဆန့်ကျင်ရန် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်အချို့ရှိနေပြီး ဒုက္ခပေးရန် ရောက်ရှိလာသည်ဟု အမြဲ သင်္ကာမကင်းဖြစ်နေခဲ့ကြသည်။ယခု လီချန်ချင်း၏ ရည်ရွယ်ချက်အား သိပြီး သူတို့က စိတ်အေးသွားခဲ့ကြသည်။

သူက လမ်းမေးရုံပါပဲ။

ဒီလိုမျိုး လမ်းမေးဖို့အတွက် အသည်းအသန်ဖြစ်နေတာမျိုးက အတော်လေး ထိတ်လန့်စရာကောင်းပေသည်။

" ခင်ဗျားက ရှေးဟောင်းတာအိုတောင်နယ်မြေကို သွားနေတာဆိုရင် အရှေ့တောင်ဘက်ကို ဦးတည်သွားရုံပါပဲ" လင်းရှန့်နန်က အပြုံးဖြင့်ပြောခဲ့သည် " ဒါဆို ခင်ဗျားက ရှေးဟောင်းတာအိုတောင်နယ်မြေရဲ့ ဧည့်သည်ပေါ့။ ကျုပ် သတိမထားမိတဲ့အတွက် ခွင့်လွှတ်ပေးပါ"

ဒီလို စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ရှေးဟောင်းတာအိုတောင်နယ်မြေကို သွားနေတာက သူက အဲ့ဒီက စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဖိတ်ကြားခံထားရတာဖြစ်နိုင်တယ် ဒါမှမဟုတ်ရင် သူက တာဝန်တစ်ချို့ လုပ်ဖို့ လိုအပ်လို့ဖြစ်မယ်။

" မဟုတ်ပါဘူး ။ လုံးဝ မဟုတ်ပါဘူး" လီချန်ချင်းသည် သူ၏ လက်ကို လျင်မြန်စွာ ဝှေ့ယမ်းခဲ့သည်။ " ကျုပ်က ရှေးဟောင်းတာအိုတောင်ဂိုဏ်းကို စီးပွားရေးလုပ်ငန်းတစ်ချို့အတွက် သွားနေတာပါ။ ကျုပ်က စီးပွားရေးသမားတစ်ယောက်ပါ"

" စီးပွားရေးသမားလား" လူအချို့က အံ့ဩသွားကြသည်။ ဒီလို အစွမ်းထက်တဲ့ လူတစ်ယောက် က စီးပွားရေးသမားတဲ့လား"

" ဟုတ်ပါတယ် ၊ ကျုပ်ရဲ့ လုပ်ငန်းက ချန်ချင်း ကုန်သွယ်ရေး လို့ခေါ်ပါတယ်" လီချန်ချင်းက အပြုံးတစ်ခုဖြင့်ပြောရင်း သူ၏ နောက်ခံကို ဖော်ထုတ်ခဲ့သည်။

အဘယ်ကြောင့် ဆိုသော် လီချန်းချင်း က ရုတ်တရက်သတိရသွားခဲ့သောကြောင့်ဖြစ်သည်။ ယွင်လင်ကုန်သွယ်ရေး ရဲ့ နောက်ခံက ယွမ်လင်ဂိုဏ်းမဟုတ်လား။

သူ၏ လုပ်ငန်းအား တည်ထောင်ပြီးသည့်အချိန်၌ သူတို့အားရင်ဆိုင်ရမည်မှာ ဧကန်ဖြစ်သောကြောင့် သူက ယခု ရင်းရင်းနှီးနှီးဆက်ဆံရန် ဆုံးဖြတ်ခဲ့ပေသည်။

" ဘယ်လိုတောင် တိုက်ဆိုင်တာလဲ" လီချန်ချင်း နှင့် ခပ်တန်းတန်းဖြစ်ခြင်းအားရင်းနှီးလာစေရန် ကြိုးစားနေသည့်ဟန်ဖြင့် လင်းရှန့်နန် က ပျူငှာစွာပြောခဲ့သည်။ " ကျုပ်တို့ ယွင်လင်ဂိုဏ်းမှာလည်း ယွင်လင် ကုန်သွယ်ရေး လုပ်ငန်း လို့ခေါ်တဲ့ ကုန်သွယ်ရေးလုပ်ငန်းတစ်ခုရှိတယ်။ ကျုပ်တို့က စီးပွားရေးလမ်းကြောင်းတူပုံရတယ်"

"ယွင်လင် ကုန်သွယ်ရေးလုပ်ငန်းက တောင့်တင်းတဲ့ အရင်းအနှီးတွေနဲ့ ကောင်းကောင်းတည်ထောင်ထားတာပဲ။ ကျုပ်ရဲ့ ချန်ချင်းလုပ်ငန်းက စံချိန်မှီမဟုတ်ပါဘူး အစပျိုးကာစပဲရှိပါသေးတယ်။ အနာဂါတ်မှာ ခင်ဗျားရဲ့ လမ်းညွှန်ချက်တွေကို မျှော်လင့်ပါတယ် ဂိုဏ်းချုပ် လင်း"

လီချန်ချင်း က ဦးညွှတ်ကာပြောခဲ့သည်။

" ဒါပေါ့။ အနာဂါတ်မှာ ကျုပ်တို့က အကြီးအကဲ ချန်ချင်းနဲ့ ပိုပြီးဖလှယ်ကြဖို့ စောင့်မျှော်နေပါတယ်" လီချန်ချင်းနှင့် အကွာအဝေးက သိသိသာသာ နီးကပ်လာပြီဟု ခံစားခဲ့ရသည်။ ထိုကဲ့သို့ စွမ်းအားကြီးသည့်ပုဂ္ဂိုလ်တစ်ယောက်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်‌နိုင်ခြင်းက ယွင်လင်ဂိုဏ်းအတွက် ကြီးမားသည့် အကျိုးကျေးဇူးပင်ဖြစ်သည်။

" လမ်းညွှန်ပြီး ကူညီပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ ထပ်တွေ့ကြတာပေါ့"

ဤသို့နှင့် လီချန်ချင်းသည် အတောင်တဖျတ်ဖျတ်ခတ်နေသည့် ဖေးအပေါ်သို့တက်ကာ ရှေးဟောင်းတောင်ဂိုဏ်းဆီသို့ ဦးတည်ကာ ပျံတက်သွားခဲ့သည်။

လီချန်ချင်းထွက်မသွားသည့်တိုင်အောင် လူတိုင်းက အမှန်တကယ် စိတ်အေးလက်‌ရှိနေခဲ့ကြသည်။

" ဂိုဏ်းချုပ် ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းကို ကျွန်တော် တစ်ခါမှမကြားဖူးဘူး" တပည့်တစ်ယောက်က ပြောလာခဲ့သည် " အနီးအနားက ပြည်နယ်တွေမှာလည်း မကြားဖူးဘူး။ တခြားနေရာက ဖြစ်နိုင်တယ်"

" ဟုတ်တယ် ၊ ငါလည်းမကြားဖူးဘူး။ ဒီလူရဲ့ ကျင့်ကြံခြင်းက အံ့အားသင့်စရာပဲ။ သူနဲ့ မိတ်ဆွေဖွဲ့ခဲ့တာက ငါတို့ယွင်လင်ဂိုဏ်းအတွက် အကျိုးအမြတ်ပဲဖြစ်လိမ့်မယ်။ ငါတို့ရဲ့တပည့်တွေကိုလည်း ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်း က ဘယ်မှာရှိတာလဲဆိုတာကို စုံစမ်းခိုင်းနိုင်တယ်။ တကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင် သူတို့ကို အလည်အပတ်ဖိတ်နိုင်မယ်" လင်းရှန့်နန် က ညွှန်ကြားနေခဲ့သည်။

" ဟုတ်ကဲ့"

အနီးနားမှ လူများက လက်ခံကာ ခေါင်းညိမ့်ခဲ့ကြသည်။

နေဝင်ရီတရောရောက်သည်နှင့် လီချန်ချင်းသည် နောက်ဆုံးတော့ အဝေးမှ မြို့တစ်မြို့ကို တွေ့ခဲ့သည်။

ချန်ကျိုးမြို့တော်။

"ဖေး ၊ ဆင်းကြစို့"

မြို့စွန်မြို့ဖျားသို့ရောက်သည်နှင့် ဖေး သည် ခွေးငယ်လေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။လီချန်ချင်းသည် မြို့နာမည်ကိုကြည့်ပြီး အတော်လေးစိတ်ဝင်စားနေခဲ့သည်။

လီချန်ချင်းသည် ချန်ကျင်းမြို့တော်အကြောင်း ကြားဖူးပေသည်။ထိုမြို့သည် ရှေးဟောင်းတာအိုတောင်နှင့်မဝေးပေ။

လီဟမ်ရှန်း၏ စာထဲ၌ အပြင်စည်းတပည့်များဈေးဝယ်ထွက်သည့်အကြိမ်တိုင်း သူတို့က ချန်ကျိုးမြို့သို့ ရောက်ကြလိမ့်မည်ဟု ရေးထားသည်ကို ဖတ်ခဲ့ဖူးသည်။

ချန်ကျိုးမြို့တော်သည် ရှေးဟောင်းတာအိုတောင်နယ်မြေသို့ သွားရန် မလွဲမရှောင်သာသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

လီချန်ချင်းသည် ဖေးအား ချက်ချင်းပင် ပျံသန်းခွင့်မပြုခဲ့ပေ။ ရှေးဟောင်းတာအိုတောင်နယ်မြေသည် အခြားနေရာများကဲ့သို့ မဟုတ်ဘဲ အင်အားကြီးသည့် သူများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်သည်။

တောင်သခင် 36 ယောက်။

အကြီးအကဲ အဖွဲ့။

ဂိုဏ်း၏ ထင်ရှားကျော်ကြားသည့် ခေါင်းဆောင်များပင်။

ထိုကဲ့သို့ အင်အားစု ရှိသည့်နေရာသို့ မြင့်မြတ်သည့် အပြုအမူဖြင့် ဖေးအား စီးသွားပါက အလွယ်တကူ ရှာတွေ့ခံရလိမ့်မည်။ ကျူးကျော်သူအဖြစ် ဆက်ဆံခံရခြင်းက ကောင်းမည်မဟုတ်ပေ။

သူက ချန်ကျိုးမြို့တော်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် လီချန်ချင်းသည် ကျန်သည့်လမ်းတစ်လျောက်အား ခြေလျင်သွားရန် ဆုံးဖြတ်ခဲ့သည်။

ချန်ကျိုးမြို့တော်မှ ရှေးဟောင်းတာအိုတောင်နယ်မြေသို့ ရောက်ရန် အချိန်ကြာလိမ့်မည်မဟုတ်ပေ။

နောက်ကျသည့်တိုင်အောင် ချန်ကျိုးမြို့တော်သည် ‌ချန်ထင်မြို့ထက် များစွာပို၍ စည်ကားနေဆဲဖြစ်သည်။

လီချန်ချင်းသည် ဤကမ္ဘာသို့ရောက်လာပြီးကတည်းက တခြားမြို့သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သဖြင့် ‌စိတ်ဝင်စားစွာ လျောက်ပတ်ကြည့်နေခဲ့သည်။

လမ်းမများက ရထားလုံးများနှင့် စည်ကားနေကြသည်။

များပြားသည့်ရထားလုံးများက လမ်းတစ်ဖက်တစ်ချက်၌ မီးပုံးများ ချိတ်ဆွဲထားသည့် လမ်းမတစ်ခုလုံး လင်းထိန်နေသည့် လမ်းကို ဖြတ်သန်းသွားခဲ့သည်။

ဈေးရောင်းနေသည့် အသံ က မရပ်မနားပင်။

သရေစာဆိုင်များ ၊ အနုပညာပစ္စည်းဆိုင်လေးများ ၊ လက်ရေးလှ နှင့် ပန်းချီကား ဆိုင်များပင် ရှိကြသည်။

လီချန်ချင်းသည် ပန်းချီကားများအား စူးစမ်းကာ ကြည့်ခဲ့သည်။ ပန်းချီကားထဲ၌ စိတ်စွမ်းအင်မပါဘဲ သာမန်ပန်းချီကားများသာ ဖြစ်ပြီး လုံးဝ အသုံးမဝင်ပေ။

မကြာခဏဆိုသလိုပင် ရှေးတောင်းတာအိုတောင်ဂိုဏ်း၏ ဝတ်စုံအား ဝင်ဆင်ထားသည့် တပည့်များဖြတ်သွားကြသည်။

လီချန်ချင်းသည် သူတို့၏ စကားဝိုင်းအား သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ကို ဖွင့်ကာနားထောင်ခဲ့သည်။

တစ်ခဏမျှနားထောင်ပြီးသော်လည်း သူ့သားနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမှ မကြားရပေ။

" ကြည့်ရတာ ဒီ‌ကလေးမှာ ပြဿနာမဖြစ်ခဲ့ဘူးထင်တယ်" လီချန်ချင်းသည် တစ်ကိုယ်တည်းရေရွတ်နေခဲ့သည်။

ယခုဆိုလျှင် သူ့သားက ရှေးဟောင်းတာအိုတောင်နယ်မြေရှိ စိတ်ဝင်စားစရာလူတစ်ယောက်ဖြစ်သည်။ အကယ်‌၍ သူက တကယ်ပဲ တစ်ခုခုဖြစ်ခဲ့ပါက ထိုတပည့်များက သေချာပေါက်သိကြပေလိမ့်မည်။ သူတို့၏ ဆွေးနွေးခြင်း၌ ထိုကိစ္စနှင့် ပတ်သက်သည့် ကြောင်းအရာတစ်ချို့က မလွဲဧကန် ပါဝင်ပေလိမ့်မည်။

ဘာမှမရှိဘူးဆိုကတည်းက သူ့သားက ဘေးကင်းတယ်လို့ ဆိုလိုတာပင်။

လီချန်ချင်းသည် ပို၍ စိတ်အေးသွားခဲ့ပြီး အရင်ကလောက် မစိုးရိမ်တော့ပေ။ ထိုအစား သူက လမ်းတစ်လျောက် လျောက်သွားနေခဲ့သည်။

ဖေးသည် ခွေးပေါက်လေးအဖြစ် လီချန်ချင်း၏ ပုခုံးပေါ်၌ ခေါင်းတင်နေရင်း ဤနေရာကို စပ်စပ်စုစုနှင့် လိုက်ကြည့်နေခဲ့တော့သည်။

"အိုး ၊ ပစ္စည်းကောင်းကို ရှာတွေ့ပြီ" လီချန်ချင်းသည် ရုတ်တရက် လမ်းတစ်ဖက်၌ရှိသည့် ဆိုင်အသေးလေးကို သတိထားမိခဲ့သည်။

သတ္တုမျက်နှာဖုံးများ ရောင်းချသည့် ဆိုင်စ်သည်။

ကြေးနီမျက်နှာဖုံးများ ၊ သံမျက်နှာဖုံးများ အားလုံးက ပုံစံမတူကြပေ။

လီချန်ချင်းသည် တစ်ခဏမျှစဉ်းစားနေခဲ့ပြီး အဖြူရောင်မျက်နှာဖုံးတစ်ခုကို ကောက်ယူခဲ့ပြီး ဝယ်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ရှေးဟောင်းတာအိုတောင်နယ်မြေသို့ သူ့သားအား တိတ်တဆိတ်စောင့်ကြည့်ရန် သွားနေသောကြောင့် သူ့သားအား တွေ့ခွင့်မပေးနိုင်ပေ။ မျက်နှာဖုံးတစ်ခုတပ်ထားခြင်းက အကြံကောင်းတစ်ခုဖြစ်ပေလိမ့်မည်။

" သူဌေး ဒါဘယ်လောက်လဲ"

" ကြေးနီ ဒင်္ဂါး နှစ်ဆယ်"

" ပြန်မအမ်းနဲ့တော့" သူ့၌ ကြေးနီဒင်္ဂါးမရှိသောကြောင့် လီချန်ချင်းသည် ငွေဒင်္ဂါးတစ်ခုကို ပစ်ချခဲ့သည်။

လီချန်ချင်းက အများကြီးပေးသည်ကို မြင်ပြီး ဆိုင်ရှင်၏ အပြုံးက သူ့နားရွက်သို့ တက်ချိတ်နေလောက်အောင်ပြုံးနေခဲ့သည်။

အဖြူရောင်မျက်နှာဖုံးအားဝတ်ဆင်၍ သူ၏ အရှိန်အဝါအားဖိနှိပ်ကာ လီချန်ချင်းသည် ယခု သူ့မျက်နှာအား မည်သူမျှမမြင်နိုင်သောကြောင့် ဟန်ဆောင်ခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။

နှင်းငှက်မွေးကိုယ်ဖော့သိုင်းအား အသုံးပြုကာ ငှက်မွေးတောင်တစ်ခုကဲ့သို့ ပေါ့ပေါ့ပါးပါးရွေ့လျားခဲ့ပြီး ခြေလှမ်းအနည်းငယ်ဖြင့် မီတာရာချီကို ခရီးရောက်လာခဲ့သည်။

{လူတစ်ချို့က သေသွားပေမယ့် သူတို့က လုံးဝ မသေကြဘူး.....}

All Chapters