အားလုံးက ဘဲကင်ကြောင့်ပဲ
Vol. 10 Ch. 91
"စီနီယာ အကို ၊ ကျွန်တော် သရဲခြောက်ခံနေရတာလား။ အဲ့ဒီလူသုံးသွားတာက ကျွန်တော်တို့ ရှေးဟောင်းတာအိုတောင်နယ်မြေရဲ့ နှင်းငှက်မွှေးကိုယ်ဖော့သိုင်းထင်တယ်" တပည့်တစ်ယောက်သည် လီချန်ချင်း၏ ပုံရိပ်ကို မြင်လိုက်ပြီး အံ့ဩစွာရေရွတ်ခဲ့သည်။
နှင်းငှက်မွှေးကိုယ်ဖော့သိုင်းသည် ရှေးဟောင်းတာအိုနယ်မြေအတွင်း၌ အတွင်းစည်းတပည့်များသာ ပိုင်နိုင်ကျွမ်းကျင်သည့် ရှိန်လောက်သည့် ကိုယ်ဖော့သိုင်းတစ်ခုဖြစ်သည်။
ထိုကဲ့သို့ အစွမ်းထက်သည့် သိုင်းပညာတစ်ခုအား ထုတ်ဖော်ရန်အတွက် သူတို့၏ အတွင်းအားက အလုံအလောက် ကြံ့ခိုင်သောကြောင့်ဖြစ်ပေသည်။
သူတို့ကဲ့သို့ အပြင်စည်းတပည့်များက မနာလိုမှုနှင့် ကြည့်နေရန်သာတတ်နိုင်ပေသည်။
သူတို့အများစုက ဤကျင့်စဉ်ကို နားလည်သဘောပေါက်ရန် မတတ်နိုင်ကြပေ။ ထိုကောင်းမွန်သည့် နားလည်သဘောပေါက်နိုင်စွမ်းများဖြင့်ပင် သူတို့၏ အတွင်းအား မလုံလောက်မှုကြောင့် ထိုသိုင်းပညာအား ထိန်းထားရန်မဖြစ်နိုင်ပေ။ နှစ်ကြိမ်မျှ အသုံးပြုပြီးသည့်နောက်တွင် မောဟိုက်လာပေသည်။
တကယ်ကို အကျပ်အတည်းတစ်ခုပင်။
" မင်း မှန်တယ် ၊ အဲ့တာက နှင်းငှက်မွှေးကိုယ်ဖော့သိုင်းပဲ။ ပြီးတော့ ငါမြင်ဖူးတဲ့ အပြင်စည်း အကြီးအကဲတွေ ထုတ်ဖော်တာထက်တောင် ပိုမြန်သေးတယ်" အခြားတပည့်တစ်ယောက်က အံ့အားသင့်စွာ ခေါင်းညိမ့်ခဲ့သည်။
သို့သော်ငြား လီချန်းချင်းသည် မျက်နှာဖုံးတစ်ခုအား ဝတ်ဆင်ကာ သူတို့မှ သူ့အား ထုတ်ဖော်ခန့်မှန်း၍မရနိုင်စေရန် ပြုလုပ်ထားပေသည်။
" တောင်ထိပ် ၃၆ခုက တောင်သခင်တစ်ယောက်ယောက်ဖြစ်နိုင်တယ်"
သူတို့သည် နှင်းငှက်မွေးကိုယ်ဖော့သိုင်းအား ထိုမျှထိ ကျွမ်းကျင်ပိုင်နိုင်သည့် တခြားတစ်ယောက်အား မစဉ်းစားနိုင်တော့ပေ။
အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်မရောက်ခင် လီချန်ချင်းသည် ရှေးဟောင်းတာအိုတောင်နယ်မြေ၏ အဝင်ပေါက်သို့ ရောက်ရှိလာခဲ့ပေသည်။
သူ၏ ရှေးဟောင်းတာအိုတောင်နယ်မြေသို့ ပထမဆုံး အလည်အပတ်တွင် လီချန်ချင်းသည် သူ၏ ရှေ့ရှိ ထုထည်ကြီးမားသည့် ဂိတ်တံခါးကြောင့် အမှန်တကယ် ထိတ်လန့်ကြောက်ရွံ့လာခဲ့သည်။
ဧရာမတံခါးကြီးသည် လီချန်ချင်းအား ကျယ်ပြောသည့် သမုဒ္ဒရာထဲမှ မဖြစ်စလောက် လှေငယ်လေးတစ်စီးကဲ့သို့ ခံစားရစေခဲ့သည်။
ထိုအချိန်၌ လီချန်ချင်းသည် ရှေးဟောင်းတာအိုတောင်နယ်မြေအတွင်းမှ တဟူးဟူးအုံကြွနေသည့် စိတ်ဝိဉာဉ်စွမ်းအားများနှင့် များပြားသည့် အစွမ်းထက်သည့် ပုဂ္ဂိုလ်များ၏ အရှိန်အဝါများအား သတိပြုမိသွားလေသည်။
အတွင်း၌ အမှန်တကယ်ပင် ကျွမ်းကျင်သူများစွာရှိပေသည်။
ထို့အပြင် ရှေးဟောင်းတာအိုတောင်နယ်မြေသည် အလွန်ကျယ်ပြန့်ကာ တောင်တစ်ခုလုံးအား လွှမ်းခြုံထားပေသည်။ ပေါင်းစပ်လိုက်သည့်အခါ၌ မြို့တစ်မြို့ထက်ပင် ပိုကြီးမားသည့် မယုံနိုင်လောက်အောင် တန်ဖိုးကြီးသည့် တောင်ထိပ် ၃၆ခုအားပြောစရာမလိုတော့ပေ။
လီချန်ချင်းသည် လီဟမ်ရှန်းအား ချက်ချင်းသွားရှာချင်သော်လည်း သူကိုယ်တိုင်အဖြေရှာမရသည့် ပြသနာတစ်ခုကို တွေ့ခဲ့သည်။
လီဟမ်ရှန်း က ဘယ်မှာနေတာလဲ။
သူသည် စာထဲမှ လီဟမ်ရှန်း က ချင်ကျူးတောင်ထိပ်၌နေသည်ဟု သိထားပေမယ့်လည်း ချင်ကျူးတောင်ထိပ်က ဘယ်နေရာမှာလဲ။
ဒီနေရာ၌ အမှတ်အသားများ သို့မဟုတ် လမ်းညွှန်ချက်များမရှိပေ။
ထို့အပြင် လီချန်ချင်းသည် သူ့သားက ဘယ်လိုပုံစံရှိလဲဆိုသည်ကိုပင် မသိသည်ကို သဘောပေါက်ခဲ့သည်။
ဒီနေရာ၌ ဓာတ်ပုံများမရှိကြပေ။
မူလ လီချန်ချင်း၏ မှတ်ဉာဏ်များမရှိပါက သူသည် သူတို့အချင်းချင်းဖြတ်သွားလျှင်ပင် သူ့သားအား မှတ်မိလိမ့်မည်မဟုတ်ပေ။
သူဘာလုပ်ရမလဲ။
ရှေးဟောင်းတာအိုတောင်နယ်မြေ၌ သူသိသည့် တစ်ယောက်တည်းသောသူမှာ ရှမူဟိုင်ဖြစ်သည်။ သို့သော်လည်း သူသည် သူ့ကိုလည်း မရှာနိုင်ပေ။
ဤအတွေး၌ လီချန်ချင်းသည် သူစမ်းကြည့်နိုင်သည့် နည်းလမ်းတစ်ခုရှိသည်ဟု ခံစားခဲ့ရသည်။
လီချန်ချင်းသည် သူ၏ မျက်လုံးများအား ဖြည်းညှင်းစွာမှိတ်ခဲ့ပြီး စူးစူးစိုက်စိုက်အာရုံစိုက်ထားခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံးက အလွန်တိတ်ဆိတ်ငြိမ်သက်လာသည်ဟု ထင်ရသည်။
တိတ်ဆိတ်မှုထဲ၌ လီချန်ချင်းသည် ရင်းနှီးသည့် အရှိန်အဝါတစ်ခုအား ခံစားခဲ့ရသည်။ သူသည် ထိုအရှိန်အဝါထွက်ပေါ်လာသည့်ဘက်သို့ လှမ်းကြည့်ခဲ့သည်။
သူသွားရမည့်နေရာ ဖြစ်ရပေမည်။
ဤသည်မှာ မြေကမ္ဘာစောင့် ဗောဓိသတ္တရုပ်ထု၏ အရှိန်အဝါဖြစ်သည်။
သူထွင်းထုထားသည့် မြေကမ္ဘာစောင့်ဗောဓိသတ္တရုပ်ထု၌ သူ၏ စိတ်ဝိဉာဉ်စွမ်းအား ပါရှိသောကြောင့် ၎င်းမှ အနည်းငယ်သော ပြောင်းလဲမှုများကို လီချန်ချင်းသည် အာရုံခံနိုင်ပေသည်။
ဦးတည်ချက်ကို သိပြီးသည်နှင့် လီချန်ချင်းသည် ရှမူဟိုင်အား ရှာဖွေနိုင်ပေသည်။
ထို့ကြောင့် လီချန်းချင်းသည် နောက်တစ်ကြိမ် နှင်းငှက်မွှေးကိုယ်ဖော့သိုင်းအား ထုတ်ဖော်လိုက်ကာ သူ၏ ပုံရိပ်သည် ရှေးဟောင်းတာအိုတောင်နယ်မြေ၏ အဝင်ပေါက်၌ ပျောက်ကွယ်သွားခဲ့သည်။
ရှေးဟောင်းတာအိုတောင်နယ်မြေ၏ အဝင်ဝ၌စောင့်ကြပ်နေသည့် တပည့်များမှာ လေပြည်လေညှင်းတစ်ခုကိုသာ ခံစားခဲ့ရပြီး သာမန်မဟုတ်သည့် အရာတစ်ခုကိုမျှ မမြင်ခဲ့ပေ။
" တစ်ယောက်ယောက် ဖြတ်သွားတာလား" တပည့်တစ်ယောက်က နားမလည်နိုင်စွာမေးခဲ့သည်။
သူသည် သူ့မျက်နှာအားထိတွေ့ကာ တစ်ယောက်ယောက်ဖြတ်သွားသည်ဟု ခံစားနေခဲ့ရသည်။
" ဘာတွေပြောနေတာလဲ။ မင်း အိပ်မက်မက်နေတာဖြစ်မယ်" တခြားတပည့်များက ရယ်နေခဲ့ကြသည်။
" မင်း နေ့ခင်းဘက်တွေမှာ လျော့သောက်သင့်တယ်။ အခုဆိုရင် ဂယောင်ခြောက်ခြားဖြစ်နေပြီ" တပည့်တစ်ယောက်က ပျက်ရယ်ပြုခဲ့သည်။
" ညသန်းခေါင်ကြီးမှာ တစ်ယောက်ယောက်က ငါတို့ရှေးဟောင်းတာအိုတောင်ဂိုဏ်းကို ကျူးကျော်ရဲလိမ့်မယ်လို့ တကယ်ထင်တာလား"
" မင်း မှန်တာ ဖြစ်နိုင်ပါတယ် " ထိုတပည့်က ခေါင်းညိမ့်ကာ သူ၏ အရင်က မသင်္ကာမှုအား အထင်အမြင်လွဲမှားမှုတစ်ခုအဖြစ် ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
" မနက်ဖြန်ကျရင် မင်း လျော့သောက်သင့်တယ်"
ရှေးဟောင်းတာအိုတောင်ဂိုဏ်းအတွင်းသို့ ရောက်သည်နှင့် လီချန်ချင်းသည် ၎င်း၏ ရှုပ်ထွေးပွေလီမှုများကြောင့် ထိုးနှက်ခံခဲ့ရပေသည်။
အဆုံးမရှိသည့် တောင်တန်းများ ၊ ကြီးကျယ်ခမ်းနားသည့် ခန်းမများ ၊ ခြံဝင်းများ ၊ စံအိမ်များ နှင့် လှိုဏ်ဂူများက နေရာအနှံ့ရှိပေသည်။
သူက အကြမ်းဖျဉ်း ဦးတည်ချက်ကိုသာ အာရုံခံနိုင်ပြီး သတိဖြင့် ရှေ့ဆက်ရပေမည်။
နေရာတိုင်း၌ ကင်းလှည့်နေသည့် တပည့်များရှိကြပြီး အချို့ကျွမ်းကျင်သူများက မူလအဆင့်သို့ပင် နီးကပ်နေကြပြီဖြစ်သည်။ ဤသည်က ယွင်လင်ဂိုဏ်း၌ တွေ့ခဲ့သည်ထက် များစွာပို၍ သာလွန်ပေသည်။
" တကယ် ကျယ်ပြန့်တာပဲ"
တောင်အချို့ဖြတ်ကျော်လာပြီးသည့်နောက်တွင် လီချန်ချင်းသည် သူသွားရမည့်နေရာက ဝေးကွာနေဆဲဟု ခံစားရပေသည်။
ယခုလေးတင် သူဖြတ်ကျော်လာခဲ့သည့်တောင်များက အစွမ်းထက်သည့် သူများ စောင့်ကြပ်နေကြပေသည်။ သူက အကြိမ်ရေအချို့ ရှာတွေ့ခံရလုနီးပါး ဖြစ်ခဲ့သောကြောင့် လီချန်ချင်းသည် နောက်အခါ၌ ပို၍ သတိထားရန် ဆုံးဖြတ်ခဲ့ပေသည်။
အကယ်၍ သူ့အားမိသွားခဲ့ပါက ဘာလုပ်ရမယ်မသိဖြစ်နေပေလိမ့်မည်။
" အဖေတစ်ယောက်ဖြစ်ရတာ မလွယ်ပါလား" လီချန်ချင်းသည် အကူအညီမဲ့စွာ သက်ပြင်းချခဲ့သည် " ရှမူဟိုင်က တကယ်ကို အဝေးကြီးမှာနေတာပဲ"
ရှေးဟောင်းတာအိုတောင်ဂိုဏ်း၏ ကင်းလှည့်နေသည့်အဖွဲ့မှာ သူတို့၏ နယ်မြေအတွင်းသို့ တစ်ယောက်ယောက်က ထိုးဖောက်ဝင်ရောက်ခဲ့သည်ကို လုံးဝမသိသည့်ပုံပင်။
အမှန်တကယ်တော့ လီချန်ချင်း၏ နှင်းငှက်မွှေးကိုယ်ဖော့သိုင်းအား ကျွမ်းကျင်မှုက အရမ်း ကောင်းမွန်သည့် အဆင့်သို့ရောက်နေပြီး ရှေးဟောင်းတာအိုတောင်ဂိုဏ်းတစ်ခုလုံး၏ ထိပ်တန်းအဆင့်အတွင်းသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ တစ်နာရီခန့် ရုန်းကန်လှုပ်ရှားပြီးသည့်နောက်တွင် လီချန်ချင်းသည် နောက်ဆုံး၌ ရှမူဟိုင်ဆီသို့ နီးကပ်လာပြီဟု ခံစားခဲ့ရသည်။
" ဘယ်လောက်မွေးလိုက်တဲ့ အနံ့လဲ"
ရုတ်တရက် လီချန်ချင်းသည် အရသာရှိလှသည့် အနံ့တစ်မျိုးကို ရှုရှိုက်မိခဲ့သည်။
လီချန်ချင်းသည် ချုံပုတ်တစ်ခုထဲသို့ ခုန်ဝင်ပုန်းလိုက်ကာ ထိုနေရာမှ ချောက်ကမ်းပါးတစ်ခုပေါ်တွင် အသားကင်စားရင်း သေရည်သောက်နေသည့် ပုံရိပ်နှစ်ခုကိုတွေ့ခဲ့သည်။
မီးပုံကြီးက အနီးဝန်းကျင်ကို လင်းထိန်နေကာ မီးဖိုပေါ်၌ ဘဲတစ်ကောင်ကို ကင်နေခဲ့သည်။
နှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောနေရင်း သူတို့၏ သေရည်ခွက်များကို တိုက်နေခဲ့ကြသည်။ သူတို့နှစ်ယောက်က သန်မာကြပြီး အနည်းဆုံးတော့ လီချန်ချင်း၏ အမြင်၌ သူတို့က လင်းရှန့်နန်ထက် ပို၍ သန်မာကြပေသည်။
လင်းရှန့်နန်ထက် ပိုပြီး သန်မာထက် ကျွမ်းကျင်သူနှစ်ယောက်လား။
သူသည် သူတို့အား ရှောင်တိမ်းရန် ဆုံးဖြတ်ခဲ့သည်။
လီချန်ချင်းသည် အစက တောင်နှင့် မျက်နှာချင်းဆိုင်လမ်းကြောင်းဆီသို့ သွားကာ ရှမူဟိုင်ဆီသို့ တန်းတန်းသွားရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း သူလှည့်လိုက်သည်နှင့် ဘဲကင်၏ အနံကို ရခဲ့ပေသည်။
တစ်နေ့လုံးဘာမှမစားရသေးသည့် လူတစ်ယောက်ဖြစ်သောကြောင့် လီချန်ချင်း၏ အစာအိမ်က မရည်ရွယ်ဘဲ ကျယ်လောင်စွာမြည်လာခဲ့သည်။
လီချန်ချင်း၏ ပုခုံးထက်၌ တိတ်ဆိတ်စွာနားနေသည့် ဖေးကပင် သူ့အား အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လာခဲ့သည်။
" ငါတော့ သွားပြီ"
သူ့အစာအိမ်က အသံကို ထိုနှစ်ယောက်မကြားစေဖို့ လီချန်ချင်း၌ မည်သည့် မျှော်လင့်ချက်မှ မထားပေ။ ထိုနှစ်ယောက်က ပါရမီရှင်အဆင့် အစွမ်းထက်သည့်ပုဂ္ဂိုလ်များဖြစ်ကြပြီး သူ့အစာအိမ်ကအသံကို ဘယ်လိုလုပ်မကြားနိုင်ဘဲနေလိမ့်မလဲ။
" ဘယ်သူလဲ"
မျှော်လင့်ထားသကဲ့သို့ပင် ၊ ခြင်္သေ့ဟိန်းသံကဲ့သို့ အသံတစ်သံထွက်လာခဲ့ပြီး အသံက မြက်ပင်များကိုပင် ပိုင်းဖြတ်သွားခဲ့သည်။
အသံလှိုင်းက လေထုတစ်လျောက်လှိုင်းထလာခဲ့ပြီး လီချန်ချင်း၏ နားဆီသို့ ရိုက်ခတ်ကာ သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ကိုပင် တုန်လှုပ်ရန် ကြိုးပမ်းနေပေသည်။
လီချန်ချင်း၏ နတ်ဘုရားစိတ်ဝိဉာဉ်သည် ဂယက်ထသွားခဲ့သော်လည်း သူ့အပေါ်၌ လုံးဝသက်ရောက်မှုမရှိခဲ့ပေ။
သူက အဝေးကြီးသို့ လှုပ်ရှားကာ ထွက်ပြေးခဲ့သည်။
သူ၏ ကြိမ်းဝါးသံက လီချန်ချင်းအား မရပ်တန့်နိုင်သည်ကို တွေ့ပြီး အစွမ်းထက်သည့် ပုဂ္ဂိုလ်က သိသိသာသာအံ့ဩနေခဲ့သည်။
ဒီလူရဲ့ နတ်ဘုရားစိတ်ဝိဉာဉ်က သန်မာလိုက်တာ!
ထိုသို့မဟုတ်ပါက သူ့ထက် ကျင့်ကြံခြင်း ပိုမြင့်နေလျှင်ပင် သူ၏ ကြိမ်းဝါးသံအား တုန့်ပြန်မှုမရှိ တောင်ခံနိုင်လိမ့်မည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် လီချန်ချင်းက ထွက်ပြေးရန် ပြင်ဆင်နေသည့်အခါ၌ အခြားပုံရိပ်တစ်ခုက လှုပ်ရှားပြီးဖြစ်ပေသည်။
သူ၏ပုံရိပ်က ရေထဲမှ မြွေတစ်ကောင်ကဲ့သို့ လီချန်ချင်း၏ လမ်းကြောင်းကို ချက်ချင်းပိတ်ဆို့လာခဲ့သည်။
ထိုလူ၏ မျက်နှာက အာဟာရချို့တဲ့နေသကဲ့သို့ အတော်လေး ဖြူဖျော့နေခဲ့သော်လည်း သူ၏ တိုက်ခိုက်မှုက အားနည်းသည့် အရိပ်အယောင်လုံးဝ မပြသခဲ့ပေ။
သူက ဘာမှမရှိသည့် လေထုကို ကုတ်ခြစ်ခဲ့ပြီး လက်သည်းရာများက လေထုထဲ၌ ကြီးမားသည့် ပိုက်ကွန်တစ်ခုဖြစ်လာကာ လီချန်ချင်း ဆီသို့ ရောက်လာခဲ့သည်။
" ငါ့ကို သတ်ဖို့ ကြိုးစားနေတာပဲ! "
လီချန်ချင်းသည် က ရေရွတ်ခဲ့သည်။ ဒီနှစ်ယောက်က လုံးဝချုပ်တည်းမထားဘူးပဲ။
အစိမ်းရောင်အလင်းတစ်ခုက သူ့ခြေထောက်အောက်မှ တောက်ပလာခဲ့ပြီး လီချန်ချင်း က လှုပ်ရှားရန်အတွက် သိုင်းပညာကို သုံးကာ ရုတ်တရက်ရှေ့ထွက်လာခဲ့ပြီး အလွန်လျင်မြန်သောကြောင့် သူ၏ အရိပ်က ဖမ်းမိဖို့ ခဲယဉ်းပေသည်။ သူက ဧရာမ ပိုက်ကွန်ကြီးကို ရှောင်ရှားကာ အနောက်မှ တောင်စောင်းငယ် တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။
"ဟူး ! "
လီချန်ချင်းသည်လည်း စိတ်သက်သာရာရစွာသက်ပြင်းချခဲ့သည်။
ဒီနှစ်ယောက်က တကယ်ပဲ ကိုင်တွယ်ဖို့ မလွယ်ဘူးပဲ။
" သူက စည်းတံဆိပ်ငါးချက်ကို သုံးသွားတာ"
လီချန်ချင်းသုံးသွားသည့် သိုင်းပညာကိုတွေ့ပြီး နှစ်ယောက်သည်လည်း အံ့ဩနေခဲ့ကြသည်။
ပုခုံးပေါ်မှာခွေးတစ်ကောင်ကို သယ်ပြီး ထူးဆန်းတဲ့မျက်နှာဖုံးကို တပ်ထားတဲ့ သူတို့ရှေ့က လျှို့ဝှက်ဆန်းကြယ်တဲ့ လူက ရှေးဟောင်းတာအိုတောင်နယ်မြေရဲ့ စည်းတံဆိပ်ငါးချက်ကို တကယ်သုံးနိုင်တာလား။
ဒီလူကလည်း ရှေးဟောင်းတာအိုတောင်နယ်မြေက ဖြစ်နိုင်လား။
ဘယ်သူပဲဖြစ်နေပါစေ ညသန်းခေါင်ယံ၌ မျက်နှာဖုံးတပ်ကာ ဤနေရာ၌ ပေါ်လာခြင်းမှာ ပုံမှန်မဟုတ်ပေ။
" ဘယ်သူလဲ" ဟုန်ရှို့ယန်က လီချန်ချင်းအား စိုက်ကြည့်ကာ မေးခဲ့သည်။
သူက သူ၏ အသွင်အပြင်ပုံစံဖြင့် လီချန်ချင်းအားဖော်ထုတ်ရန်ကြိုးစားခဲ့သော်လည်း အချိန်အတော်ကြာပြီးသည့်နောက်တွင် သူ့၌ ထင်မြင်ချက်မရှိပေ။
ဟုန်ရှို့ယန် သည် ရှေးဟောင်းတာအိုတောင်နယ်မြေ၏ တောင်ထိပ် ၃၆ခုမှ အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ကာ ရှေးဟောင်းတာအိုတောင်နယ်မြေမှ လူတိုင်းကို သူ သိလေသည်။သို့သော်လည်း သူ့ရှေ့မှ လူက မည်သူဆိုသည်ကို သူခန့်မှန်း၍ မရနိုင်ခဲ့ချေ။
" ကျုပ်က တစ်ယောက်ယောက်ကိုရှာဖို့ ဖြတ်သွားရုံပဲ ။ ခင်ဗျားတို့ဂိုဏ်းကို ထိခိုက်စေဖို့ မဆိုလိုဘူး" လီချန်ချင်းသည် ထိုနှစ်ယောက်အား ရှင်းပြရပေမည်။
" ဒီလူက သံသယဖြစ်စရာပဲ။ ပြီးတော့ သူက ငါတို့ ရှေးဟောင်းတာအိုတောင်နယ်မြေရဲ့ သည်းတံဆိပ်ငါးချက်ကို သုံးနိုင်တယ်။ သူ့ကို အရင်ဆုံး ဖမ်းတာက ပိုကောင်းတယ်" အတော်လေးဖျော့တော့သော အသားအရည်နှင့် လူ၏မျက်လုံး၌ အေးစက်စက်အလင်းတန်းတစ်ခု ဖြစ်ပြေးသွားခဲ့သည်။
ထို့နောက် သူက ဟုန်ရှို့ယန် နှင့် အကြည့်ချင်းဖလှယ်ခဲ့သည်။
သူတို့နှစ်ယောက်လုံးက တောင်ထိပ်သခင်အဆင့်အတန်းရှိ ကျွမ်းကျင်သူများဖြစ်ကြပြီး မိတ်ဆွေကောင်းများလည်းဖြစ်ကြပေသည်။ သူတို့က အကြည့်တစ်ချက်ဖြင့်ပင် တစ်ယောက်၏ရည်ရွယ်ချက်ကိုတစ်ယောက် နားလည်ကြပေသည်။
လီချန်ချင်းက ဆက်ပြီးရှင်းမပြနိုင်ခင်မှာပင် နှစ်ယောက်က အတူတကွ တိုက်ခိုက်လာခဲ့ကြသည်။
ဝက်ဝံကဲ့သို့ တောင့်တင်းသည့် ခန္ဓာကိုယ်နှင့် ဟုန်ရှို့ယန် ၏ ဟိမ်းဟောက်ကြိမ်းဝါးသံ က တစ်ဖန်ထွက်ပေါ်လာခဲ့ပြီး ဒီတစ်ခေါက်က အရင်ကထက်ပင် ပို၍ ပြင်းထန်ပေသည်။
ဤတစ်ခေါက်၌ ကြိမ်းဝါးသံတင်မကဘဲ မတူညီသည့် စွမ်းအား အမျိုးအစားတစ်ခုလည်းပါဝင်လာခဲ့သည်။
လီချန်ချင်းသည် သူ့ဆီသို့ အပြေးအလွှားလာနေသည့် သံကြိုးများကို တွေ့ပြီး သူ၏ ပတ်ဝန်းကျင်အား ကာရံထားခဲ့သည်။
ဤမြင်ကွင်းက လီချန်ချင်းအတွက်ရင်းနှီးပေသည်။ ရှမူဟိုင်က သူ၏ လက်ဝါးတိုက်ခိုက်ခြင်း၌ သုံးသည့် စည်းတံတိပ်ငါးချက်နှင့် အတူတူပင်ဖြစ်သည်။
ဒီလူကလည်း စည်းတံဆိပ်ငါးချက်ကို အသုံးပြုနေပေသည်။
လီချန်ချင်းသည် ဤကျင့်စဉ်အား ရှမူဟိုင်၏ စည်းတံဆိပ်ငါးချက်အား ကူးယူပြီးသည့်နောက်တွင်သာ နားလည်ခဲ့ပေသည်။
ဤသည်က ရှေးဟောင်းတာအိုတောင်နယ်မြေ၏ ပြိုင်ဘက်ကင်း သိုင်းကျင့်စဉ်တစ်ခုဖြစ်သည်။
၎င်းအားနားလည်သဘောပေါက်ရန် ထူးခြားသည့် ပန်းချီများသာ အသုံးပြုနိုင်ပြီး စည်းတံဆိပ်ငါးချက်ဟု ခေါ်သည့် ကျင့်စဉ်၌ အဆင့်ငါးဆင့်ရှိပေသည်။ ပထမအဆင့်က နတ်ဘုရားခြေလှမ်းဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းအဆင့်များပင် ထုတ်ဖော်နိုင်ပေသည်။ ၎င်းက ဖျက်ဆီး၍ မရနိုင်ကာ ကတ်တီတစ်ထောင်၏ အစွမ်းကို ပိုင်ဆိုင်ထားပေသည်။
( 1 ကတ်တီ = 0.5 ကီလိုဂရမ်)
၎င်းက လူတစ်ယောက်၏ အရှိန် ၊ အကာအကွယ် နှင့် ခွန်အားကို တိုးမြှင့်စေသည်။
၎င်းက ခန္ဓာကိုယ်ခွန်အား အဆုံးစွန်ကို တစ်ခဏမျှ ထုတ်လွှတ်နိုင်ပေသည်။
ဒုတိယအဆင့် ယွမ်ပိတ်ဆို့ခြင်းက လူတစ်ယောက်၏ ကိုယ်ပိုင်ချီနှင့် စစ်မှန်သည့် အတွင်းအားကို ချိတ်ပိတ်ထားနိုင်ပေသည်။
တတိယအဆင့် ခန္ဓာပိတ်ဆို့ခြင်း က နာမည်အတိုင်းပင် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပိတ်ဆို့ထားနိုင်ပေသည်။
စတုတ္တအဆင့် စိတ်ဝိဉာဉ်ပိတ်ဆို့ခြင်း။ ဒီအဆင့်ကို ရောက်သည်နှင့် ရန်သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ကို ပိတ်ဆို့နိုင်ပေသည်။ ဤအဆင့်က ကျင့်ကြံရန်အလွန်ခက်ခဲပေသည်။
ရှမူဟိုင်ပင် မကျင့်ကြံနိုင်ပေ။
ပဉ္စမအဆင့်က ဒဏ္ဍာရီလာ အဆုံးမဲ့ အဆင့်ဖြစ်သည်။
ဤအဆင့်သို့ရောက်ရှိသွားပါက ကမ္ဘာကြီး၏ လောကနိယာမသဘောတရားများကိုပင် ယာယီ ပိတ်ပင်ကာ ချုပ်နှောင်ထားနိုင်သည်ဟူသည့် ကောလဟာလရှိပေသည်။
သို့သော်လည်း ဤသည်က ဒဏ္ဍာရီတစ်ခုသာဖြစ်ပေသည်။ ရှေးဟောင်းတာအိုတောင်နယ်မြေ၏ သမိုင်းတစ်လျောက်၌ ဂိုဏ်းချုပ်တစ်ဦးတည်းသာ ဤအဆင့်သို့ရောက်ရှိခဲ့ပေသည်။
ကံမကောင်းစွာဖြင့် ဤသည်က စာသားမှတ်တမ်းတစ်ခုသာဖြစ်ပြီး ကမ္ဘာကြီး၏လောကနိယာမသဘောတရားများအား ပိတ်ပင်ရန် မည်သို့ အသုံးချသည်ဆိုသည်ကို မည်သူမျှ မျက်မြင်မတွေ့ဖူးကြပေ။
သို့သော်ငြားလည်း ၎င်း၏ ပထမအဆင့်လေးဆင့်ဖြင့် စည်းတံဆိပ်ငါးချက်က အလွန်အစွမ်းထက်ပေသည်။ အစစ်အမှန်တိုက်ပွဲအတွင်း၌ စည်းတံဆိပ်ငါးချက်သည် အဆင့်တူ ရန်သူအား ပိတ်ဆို့ရန် မဖြစ်နိုင်သော်လည်း အနည်းငယ်မျှသော လွှမ်းမိုးမှုတစ်ခုကပင် သတ်ဖြတ်ခြင်းထိုးနှက်ချက်တစ်ခုဖြစ်နိုင်ပေသည်။
ထိုအခိုက်အတန့်၌ ဟုန်ရှုယန်နှင့် ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူက လီချန်ချင်းအား မလှုပ်ရှားနိုင်ရန် ကြိုးပမ်းကာ စည်းတံဆိပ်ငါးချက်အား အသုံးပြုရန်အတွက် အမှန်တကယ် လက်တွဲခဲ့ကြပေသည်။
တစ်ယောက်တည်းက လီချန်ချင်းအား မထိန်ချုပ်နိုင်တာကြောင့် နှစ်ယောက်ကလက်တွဲခဲ့ကြပေသည်။
" ခန္ဓာပိတ်ဆို့ခြင်း"
ဟုန်ရှုယန်၏ ခြင်္သေ့ဟိန်းဟောက်အသံလှိုင်းကက လီချန်ချင်းအား အများအပြား မပိတ်ဆို့နိုင်သော်လည်း သူတို့နှစ်ယောက်အတူ ထုတ်ဖော်ထားသည့် ခန္ဓာပိတ်ဆို့ခြင်းက လီချန်ချင်းအား သူ့ကို တိုက်ရိုက် ချည်နှောင်လာသည့် ထူထပ်သည့် သံကြိုးအချို့ကို မြင်ရစေပေသည်။
သို့သော်လည်း လီချန်ချင်းက ထိန်းချုပ်မခံရပေ။
တကယ်တော့ သူတို့၏ အဆင့်များက အရမ်းကွာခြားနေကြသောကြောင့်ပင်။
လီချန်ချင်းသည် သူ၏နတ်ဘုရားစိတ်ဝိဉာဉ်က မည်သည့်အဆင့်သို့ရောက်ရှိနေသည်ကို မဆုံးဖြတ်နိုင်သော်လည်း သူ့အား သူတို့နှစ်ယောက်ထုတ်ဖော်သည့် ခန္ဓာပိတ်ဆို့ခြင်းဖြင့် ဖမ်းဆီးရန်စိတ်ကူးက အနည်းငယ် ရယ်စရာပင်။
ထို့ကြောင့် လီချန်ချင်းသည် သူ၏ဝတ်ရုံအားတစ်ချက်ခါလိုက်ရုံဖြင့် ၎င်းတို့က အမြှုပ်များဖြင့် လုပ်ထားသကဲ့သို့ အလွယ်တကူ ကြေမွသွားပြီး သံကြိုးအားလုံးမှာလည်း ကျိုးပျက်သွားပေသည်။
သံကြိုးများကြေမွသွားသည်နှင့် သူတို့နှစ်ယောက်က နောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်ကာ သူတို့၏ ပူးပေါင်းအားထုတ်မှုကပင် ထိုလူအား မတုန်လှုပ်စေနိုင်မည်ကို မျှော်လင့်မထားကြပေ။
" လူကြီးမင်းတို့ ၊ ကျုပ် သွားရတော့မယ်"
လီချန်ချင်းက သူတို့နှင့် ကစားရန် စိတ်မဝင်စားပေ။ ပြီးတော့ လူအများအာရုံစိုက်ခံရခြင်းကိုလည်းစိုးရိမ်ပေသည်။ ထို့ကြောင့် သူက လှည့်ထွက်ခဲ့ပေသည်။
" မသွားနဲ့"
သူတို့နှစ်ယောက်က လီချန်ချင်း၏ ကျင့်ကြံခြင်းကြောင့် အတော်လေး ထိတ်လန့်အံ့အားသင့်နေခဲ့ကြသည်။
သို့သော်လည်း သူတို့က လီချန်ချင်းအား ဂိုဏ်းထဲ၌ သောင်းကျမ်းတော့မည်ကို ခွင့်မပြုနိုင်ကြချေ။