တုန်နေအောင်ချစ်သည့် အရူးအဖေ
Vol. 10 Ch. 93
ရေတံခါးနတ်ဘုရားသည် ရှေ့သို့ခြေတစ်လှမ်းလှမ်းခဲ့ပြီး လှိုင်းထိပ်က ဆယ်မီတာခန့်အမြင့်သို့ ရောက်ရှိနေသည့် ကြီးမားသည့်လှိုင်းလုံးကြီးတစ်ခုကို ဖြစ််ပေါ်စေခဲ့သည်။
ထိုအချိန်မှာပင် သူ၏လက်ထဲမှ ဧရာမပုဆိန်ကြီးက လီချန်ချင်းအား ချိန်ရွယ်လာခဲ့သည်။
စူးရှသည့် အသံနှင့်အတူ ပုဆိန်က ဝုန်းခနဲ ပြုတ်ကျလာခဲ့သည်။
လေထုကပင် ပုဆိန်ကြောင့် ဖိနှိပ်ခံခဲ့ရပြီး လီချန်ချင်းသည် လေဖိအားက ရုတ်ချည်း တိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေသည်။
သူ့အပေါ်၌ တောင်ကြီးတစ်ကောင် ဖိထားသကဲ့သို့ပင်။
ဤပုဆိန်က မြစ်အား ဖြတ်တောက်ရန် အလုံအလောက်အစွမ်းထက်ပြီး သူ့အား အသားလုံးအဖြစ်သို့ ကြိတ်ချေနိုင်ပေသည်။
" တကယ်လား" လီချန်ချင်းသည် လီကျင့်စုန်ထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားရပြီး သူ၏ နှလုံးသားက တဒုန်းဒုန်းခုန်သွားခဲ့သည်။ သူက သူ၏ သတ်မှတ်ချက်များအား ကျော်လွန်သွားပြီ ဟုထင်ရသည်။
အစက သူသည် သူ့သားအား စစ်ဆေးရန် ခိုးဝင်ခဲ့သော်လည်း သူ့ကို မိသွားခဲ့ကြသည်။ သူလွတ်မြောက်တော့မည့်အချိန်၌ အစွမ်းထက်သည့် ပုဂ္ဂိုလ်အား ရင်ဆိုင်ရပေသည်။
ရှေးဟောင်းတာအိုတောင်နယ်မြေက တကယ်ကို ဝင်ရောက်ဖို့ မလွယ်ကူပေ။
ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးသည့်နောက်တွင် အနည်းငယ် အပြစ်ရှိစိတ်ကို ခံစားခဲ့ရသည်။ အကယ်၍ ယခုသူ အညံ့ခံလိုက်ပါက သူ့သားက နောင်၌ ရှေးဟောင်းတာအိုတောင်နယ်မြေတွင် နေထိုင်ရန် မဖြစ်နိုင်တော့ပေ။
သူက သူ့သားအား ရှာဖွေရန် ကျောင်းထဲသို့ခိုးဝင်လာခဲ့သော်လည်း အဆုံးသတ်၌ သူ့သားအား တွေ့ပင်မတွေ့ရဘဲ ကျောင်းအုပ်နှင့် တိုက်ခိုက်နေခဲ့သည်။ ဒါကို လက်ခံပါ့မလား"
အရင်ဆုံး သူထွက်သွားသင့်လား။
သူက မနက်ဖြန်ဤ မျက်နှာဖုံးမပါဘဲ ပြန်လာနိုင်ပေသည်။ သူက ကြီးမားသည့် ရုန်းရင်းဆန်ခတ်မှုအား ဖြစ်ပေါ်စေခဲ့သော်လည်း မည်သူကမှ သူ့အား မသိကြပေ။ ထို့ကြောင့် သူ့သားအား ထိခိုက်မည်မဟုတ်ပေ။ သူထွက်ပြေးနိုင်တာနဲ့အမျှ အရာအားလုံးက အဆင်ပြေနေပေလိမ့်မည်။
“အခြေအနေမကောင်းဘူး၊ ငါအတည်ချမှ ရတော့မယ်”
လီချန်ချင်းက အသက်ပြင်းပြင်းရှူခဲ့ပြီး နောက်တစ်ခဏ၌ သူ၏မျက်လုံးထဲမှ ရွှေရောင်အလင်းတန်းများ လင်းထိန်လာခဲ့ကာ နဂါးအစစ်ထွက်ပေါ်လာသကဲ့သို့ နဂါးအရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး နဂါးဟိန်းသံက တောင်ကြားတစ်လျောက်သို့ ပဲ့တင်ထပ်သွားခဲ့သည်။
ထိုအချိန်မှာပင် လီချန်ချင်းသည် သူ၏ လက်ဝါး၂ဖက်ကို လက်သီးဆုပ်ကာ ဆန့်ထုတ်လိုက်ပြီး ကိုယ်ကို ယိမ်းကာ အားနှင့် ထိုးချလိုက်လေ၏။ ချက်ချင်းပင် လီချန်ချင်း၏ ခန္ဓာကိုယ်ထဲမှ အတွင်းအားလှိုင်းများက လှိုင်လှိုင် ထွက်ပေါ်လာကာ ရွှေရောင် အလင်းတန်းလှိုင်းများစွာတို့ ထွက်ပေါ်လာခဲ့၏။ထိုအလင်းများအားလုံး စုပေါင်းသွားကာ သူ၏ လက်သီးထိုးချက်လားရာအတိုင်း လေဟာနယ်ထဲသို့ နဂါးနှစ်ကောင် ပျံထွက်လာခဲ့လေတော့၏။
ဂရားးး
“နဂါးနိုင်လက်ဝါးသိုင်း ၁၁ကွက်မြောက် - ရေအောက်က နဂါးညီနောင်”
ထွက်ပေါ်လာသော နဂါးညီနောင်မှာ ခက်ထန်သော အကြည့်နှင့် ရေတံခါးနတ်ဘုရားကို စိုက်ကြည့်ပြီး ချက်ချင်းပေါင်းစပ်ကာ ဧရာမ နဂါးနတ်ဘုရားကြီး အဖြစ်သို့ ပြောင်းလဲသွားကာ ဟိန်းသံပေးကာ နဂါးလက်သည်းကို လွှဲယမ်းလိုက်ခဲ့၏။ ဧရာမနဂါးလက်သည်း၏ အောက်၌ ရေတံခါးနတ်ဘုရားပင် ကြီးသည်မထင်ရတော့ပေ။
နဂါးလက်သည်းက ရေတံခါးနတ်ဘုရား၏ ဧရာမပုဆိန်ကြီးကို ဆွဲယူလိုက်ပြီး လေထဲ၌ ဘီလူးနှစ်ကောင် ရင်ဆိုင်တိုက်ခိုက်နေကြသကဲ့သို့ ပြင်းထန်သည့် အားက မြစ်ပြင်ကို ထက်ခြမ်းကွဲသွားခဲ့သည်။
"ဝုန်း"
ကောင်းကင်တစ်ဝက်ပြိုကျသကဲ့သို့ မိုးခြိမ်းသံပင်ဖြစ်သည်။
ဧရာမ ရေတံခါးနတ်ဘုရားသည် လီချန်ချင်း၏ နဂါးလက်သည်းကြောင့် ချေဖျက်ခံခဲ့ရသည်။
တောင်များနှင့် မြစ်ချောင်းများကို ဖိချေနိုင်သည့် ရေတံခါးနတ်ဘုရားသည် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်တဝက်မှာ လက်သည်းချက်ကြောင့် ပျက်စီးသွားခဲ့ရချေပြီ။ ပန်းချီရတနာမှာလည်း တဆတ်ဆတ် တုန်ရီနေကာ ပန်းချီစာလိပ်မှာ နဂါးစွမ်းအားကြောင့် ပျက်စီးတော့ပေမည်။
" အဲ့တာက ဘာလဲ"
ရှေးဟောင်းတာအိုတောင်နယ်မြေမှ သန်မာသည့် လူများစွာသည် လီချန်ချင်း၏ နဂါးနိုင်လက်ဝါးသိုင်းကို တွေ့သည့်အခါ၌ မင်သက်နေခဲ့ကြသည်။
" အဲ့ဒါက .... နဂါးပဲ"
ထိုအခိုက်အတန့်၌ လီကျင့်စုန် သည် လုံးဝ အံ့အားသင့်နေခဲ့သည်။
ဒီလူရဲ့ သိုင်းပညာက နဂါးတစ်ကောင်ရဲ့ ပန်းချီကားကနေဆင်းသက်လာတာဖြစ်ရမယ်။ ဒီလူက နဂါးကို တကယ်မြင်ဖူးတာလား။
လီကျင့်စုန် သည် သူ့လက်ကို ချလိုက်ပြီး ရေတံခါးနတ်ဘုရားက ချက်ချင်း ပြိုကွဲသွားခဲ့သည်။ လီကျင့်စုန်၌ နောက်ထပ်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိတော့ပေ။
ယင်းအစား သူက အလျင်စလိုမေးမြန်းခဲ့သည် " ခင်ဗျား နဂါးကို မြင်ဖူးလား"
" ဘယ်သူက ဆွဲခဲ့တာလဲ" လီကျင့်စုန် က အော်ဟစ်ခဲ့သည်။
" တောင်းပန်ပါတယ် ဒီနေ့မှာ သိုင်းကွက်ကို ထုတ်မသုံးချင်ပေမယ့် ဒီလိုလုပ်ဖို့ ဖိအားပေးခံရလို့ပါ။ နောက်ရက်မှ အလည်လာခဲ့ပါမယ်"
လီချန်ချင်းသည် ချက်ချင်းပင် ထွက်ပြေးရန် ပြင်ဆင်လိုက်လေ၏။ ထိုသို့မဟုတ်ပါက နောင်တွင် ထွက်သွားရန် မဖြစ်နိုင်တော့ပေ။
" သူ့ကို ဖမ်းကြ"
" မလွတ်စေနဲ့"
ထိုအချိန်၌ ရှေးဟောင်းတာအိုတောင်နယ်မြေမှ သန်မာသည့်သူများစွာသည် လီချန်ချင်း ပန်းချီရတနာမှ လွတ်မြောက်လာသည့် ကိုမြင်သည်နှင့် အချိန်ကိုက် အခင်းဖြစ်ရာသို့ ရောက်လာခဲ့ကြသည်။
လီချန်ချင်းသည် တောင်တံခါးဝသို့ ဦးတည်လိုက်သည်နှင့်ချက်ချင်း ရှေးဟောင်းတာအိုတောင်နယ်မြေတစ်ခုလုံး ရုတ်တရက် တုန်ခါလာသည်ကို ခံစားခဲ့ရသည်။
အဝေး၌ အလင်းတိုင်အချို့က နေရာအနှံ့ကျရောက်နေခဲ့သည်။
ဂိုဏ်း၏ ကြီးမားသည့် အစီအရင်က အသက်ဝင်လာခဲ့ချေပြီ။
မိုးတိမ်မည်းများကဲ့သို့ အလင်းတိုင်များကြား၌ လမ်းကြောင်းအားလုံးက ပိတ်ဆို့ခံခဲ့ရပေသည်။
သူ ထွက်မပြေးနိုင်တော့ပေ။
လီချန်ချင်းသည် ပတ်ဝန်းကျင်အားကြည့်ရှုကာ အံကြိတ်လျက် လမ်းကြောင်းတစ်ခုသို့ အရှိန်ပြင်းပြင်း ဝင်ရောက်ခဲ့သည်။
လီချန်ချင်းက ထွက်ပြေးသွားသည်ကိုတွေ့ပြ လီကျင့်စုန်သည် အားအင်များကုန်ဆုံးသွားသကဲ့သို့ မြေကြီးပေါ်သို့ ထိုင်ချခဲ့သည်။
မြစ်ပန်းချီကားစာလိပ်သည်လည်း လီကျင့်စုန်၏လက်အတွင်းသို့ ပျံသန်းရောက်လာခဲ့သည်။
လီချန်ချင်းပျောက်ကွယ်သွားသည့်ဘက်ကို ကြည့်နေရင်း လီကျင့်စုန် ဆက်မလိုက်နိုင်တော့ပေ။ သူအကြိုက်ဆုံးအရုပ်တစ်ရုပ်ပျောက်ဆုံးသွားသည့် ကလေးတစ်ယောက်ကဲ့သို့ ကြည့်နေခဲ့ပေသည်။
ရှေးဟောင်းတာအိုတောင်နယ်မြေမှ သန်မာသည့်သူများစွာသည် လီချန်ချင်းအား ရှာဖွေရန် စတင်ခဲ့ကြသော်လည်း လီချန်ချင်း၏ နှင်းငှက်မွှေးကိုယ်ဖော့သိုင်းက အလွန်ကောင်းမွန်ကာ လူများစွာ၏ အမြင်မှ ရှောင်ရှားကာ ခြေရာလက်ရာမရှိပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းသည် မူဟိုင်ဖုန်းသို့သွားသည့် တစ်လျှောက်လုံး သူ့နောက်မှ လိုက်နေခဲ့ကြသော်လည်း သူတို့သည် လီချန်ချင်းအား နောက်ထပ်မတွေ့ရတော့ပေ။
တောင်သခင်အချို့သည်လည်း မူဟိုင်ဖုန်းသို့ရောက်လာခဲ့ကြပြီး ရှမူဟိုင်ဆီသို့ တန်းတန်းမတ်မတ်လာခဲ့ကြသည်။
သူတို့သည် ရှမူဟိုင်ထွက်မလာခင်အထိ ရှမူဟိုင်၏ တံခါးအား အချိန်အတော်ကြာခေါက်ခဲ့ကြသည်။
ရှမူဟိုင်၏ မျက်နှာက မသာမယာနှင့် အသံဩဩဖြင့်ပြောလာခဲ့သည်" ကျုပ်က တံခါးပိတ်ကျင့်ကြံနေတာ ၊ ခင်ဗျားတို့ ဘာလိုချင်လို့လဲ"
" ရှမူဟိုင် ၊ဂိုဏ်းမှာ ဒီလို ကိစ္စကြီး ဖြစ်သွားတာကို မင်းမှာ တံခါးပိတ်ကျင့်ကြံဖို့ စိတ်အခြေအနေရှိသေးတာလား " ဟုန်ရှုယန် က ဆို့နင့်စွာပြောခဲ့သည်။ "လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်က ဂိုဏ်းကိုကျူးကျော်ဝင်ရောက်လာခဲ့ပြီး အရေးကြီးပြသနာတစ်ခုခုရှိရမယ်။ မင်းရဲ့ မူဟိုင်ဖုန်းတောင်ကို တစ်ယောက်ယောက် ရောက်လာတယ်လို့ မခံစားရဘူးလား"
ရှမူဟိုင်သည် သူ့ရှေ့မှလူများအား တစ်ချက်ကြည့်လိုက်ပြီး မှုန်တေတေဖြင့် ပြောခဲ့သည်။ "မင်းတို့ကလွဲပြီး ဘယ်သူမှမလာဘူး။ ဂိုဏ်းရဲ့ ကျူးကျော်ဝင်ရောက်ခြင်းကို စည်းကမ်း ထိန်းချုပ်ရေး တောင်ထိပ်ကို ကိုင်တွယ်ခိုင်းလိုက်လေ။ ဝူဝေ့ယင် က ဘာမှမစားရသေးလို့ သူ့တာဝန်ကို သူမလုပ်နိုင်ဘူးလား"
ထိုသို့ပြောပြီးနောက်တွင် ရှမူဟိုင်သည် တံခါးကို ချက်ချင်း ပိတ်ပစ်ခဲ့သည်။
အခြားသူများသည် တံခါးအပြင်၌ ရပ်ကာကျန်နေခဲ့ကြပြီး အကူအညီမဲ့စွာ ထွက်လာရန်သာတတ်နိုင်ခဲ့ကြပေသည်။
တံခါးပိတ်ပြီးသည့်နောက်တွင် ရှမူဟိုင်သည် လှည့်ပတ်ကြည့်လိုက်ပြီး သူ၏ ခြံဝင်းအတွင်း၌ ထိုင်ကာ ကောင်းကင်သို့ မော့ကြည့်နေသည့် လီချန်ချင်းအားတွေ့ခဲ့သည်။ ရှမူဟိုင်သည် အောင့်သက်သက် ပြုံးရန်သာတတ်နိုင်ခဲ့ပြီး " အကို ချန်ချင်း ၊ ကျုပ်ရဲ့ ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှာ အတော်လေး ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်ခဲ့တာပဲ"
"ကျုပ် ကို မတော်တဆ မိသွားခဲ့တာပါ။ ခင်ဗျားဆီမှာ စားစရာတစ်ခုခုမရှိဘူးလား။ ကျုပ်ကို အခုရှာတွေ့သွားတာကလည်း ဗိုက်ဆာပြီး ဆူဆူညံညံအသံထွက်သွားလို့ပဲ" လီချန်ချင်းသည် အကူအညီမဲ့စွာ ပြောခဲ့သည်။
"ကျုပ်မှာ အစာခြောက်တစ်ချို့ပဲရှိတယ်။ ခင်ဗျားအတွက် ယူပေးမယ်" ရှမူဟိုင်က ပြောခဲ့သည်။ "ခင်ဗျား အခုချက်လို့ရတယ်။ နေ့ခင်းဆိုရင် ခင်ဗျားအတွက် တစ်ခုခုချက်ပေးဖို့ တစ်ယောက်ယောက်ရှိမှာ" "ရှေးဟောင်းတာအိုတောင်က တကယ် အန္တရာယ်များတာပဲ။ အဲ့ဒီထောင်ခြောက်ထဲမှာ ကျုပ်သေလုနီးပါးပဲ" လီချန်ချင်းက ကြောက်ရွံ့နေသော အမူအရာနှင့် ပြောလိုက်လေ၏
"ခင်ဗျားကပဲ ပြောရတယ်ရှိသေး" ရှမူဟိုင်သည် တံခါးပိတ်ကျင့်ကြံနေခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားသည့်အခါ၌ သူက ထွက်လာကာ အဝေးမှ စောင့်ကြည့်နေခဲ့သည်။
တိုက်ပွဲက ပြင်းထန်ကာ ကျောက်တုံးထောင်ချီတောင်ထိပ်သခင် ဟုန်ရှုယန် နှင့် လဲမှို့ပင်တောင်ထိပ်၏ တောင်ထိပ်သခင် ဝေ့ချီ တို့သည် လီချန်ချင်းတစ်ယောက်တည်းကို ပူးပေါင်းတိုက်ခိုက်နေကြပေသည်။
အစပိုင်းတွင် ရှမူဟိုင်သည် မသိနားမလည်သည့် သူခိုး အချို့က ကျူးကျော်ဝင်ရောက်လာကာ ထိုတောင်ထိပ်သခင်နှစ်ယောက်က အလွယ်တကူကိုင်တွယ်နိုင်မည်ဟု ယူဆကာ အာရုံမစိုက်ခဲ့ပေ။
ဒါပေမယ့် ဘာဖြစ်တာလဲ။
နှစ်ယောက်သည် လီချန်ချင်း၏ ဆော့ကစားခံနေခဲ့ရသည်။
လီကျင့်စုန် ထွက်လာသည့် အခါ၌ ရှမူဟိုင်သည် သူဝင်ပါရန် မလိုအပ်ဟု ခံစားခဲ့ရသည်။
ဘယ်သူက လီကျင့်စုန် ကို ခက်ခဲအောင်လုပ်နိုင်မှာလဲ။
အထူးသဖြင့် လီကျင့်စုန် က ပိုးချည်မြစ်မြေပုံအား ထုတ်သုံးသည့်အချိန်၌ပင်။
တိုက်ပွဲက ပို၍ ပြင်းထန်လာသည်နှင့်အမျှ အခြေအနေ၏လေးနက်မှုကို သဘောပေါက်ခဲ့သည်။ ကျူးကျော်သူသည် ပေါ့ပေါ့တန်တန်ယူဆရမည့်သူတစ်ယောက်မဟုတ်ပေ။
ရှမူဟိုင်သည်လည်း လီကျင့်စုန်အား ကူညီ၍ ကျူးကျော်သူအား ဖမ်းရန်ပြင်ဆင်ထားခဲ့သည်။
သို့သော်လည်း သူစထွက်ခါနီးတွင် လျှို့ဝှက်ဆန်းကြယ်သည့်သူက နဂါးနိုင်လက်ဝါးကို သုံ၍ ရေတံခါးနတ်ဘုရားအား တိုက်ချခဲ့သည်ကို တွေ့ခဲ့သည်။
ရှမူဟိုင်သည် အံ့အားသင့်သွားခဲ့သည်။
သူသိထားသည်မှာ နဂါးနိုင်လက်ဝါးအား သိသည့်သူမှာ တစ်ယောက်တည်းသာရှိပေသည်။
ကျူးကျော်လာသည့်သူက လီချန်ချင်း ဖြစ်ပေသည်။
ရလာဒ်အနေဖြင့် လီချန်ချင်းက သူ့ဆီသို့ရောက်လာသည့်အချိန်၌ ရှမူဟိုင်သည် ခါးသက်သက်အပြုံးဖြင့် သူ့အား ဖွက်ထားရန်သာ တတ်နိုင်ခဲ့ပြီး ဟုန်ရှုယန် နှင့် အခြားသူများအား နှင်ထုတ်ခဲ့ပေသည်။
လီချန်ချင်း သည် သူ၏ အစာအိမ်အားဖြည့်တင်းရန် ပန်ကိတ်အချို့စားပြီးသည့်နောက်တွင် စကားပြောရန် စတင်လာခဲ့သည်။
" အကို ချန်ချင်း ရှေးဟောင်းတာအိုတောင်ဂိုဏ်းကို ပွင့်ပွင့်လင်းလင်းလာရင် ပိုကောင်းမှာမဟုတ်ဘူးလား။ ဘာလို့ မျက်နှာဖုံးတပ်ပြီး ခိုးကြောင်ခိုးဝှက်ဝင်လာရတာလဲ။ ခင်ဗျားကို မြင်တဲ့သူတိုင်းက မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်လို့ ထင်ကြမှာပဲ" ရှမူဟိုင်သည် သူ၏ စားစရာအား အငမ်းမရ စားသောက်နေသည့် လီချန်ချင်းအား ကြည့်နေခဲ့သည်။
"ငါဒီမှာရှိတာ လီဟမ်ရှန်း ကို မသိစေချင်လို့" လီချန်ချင်းသည် ပန်ကိတ်အား တစ်ကိုက်ကိုက်ကာ ပြောခဲ့သည်။ "အစက တိတ်တိတ်လေးလာရှာဖို့စီစဉ်ထားတာ။ ဒါပေမယ့် အဲ့နှစ်ယောက်ဆီမှာ မိသွားတယ်လေ။ သူတို့ရဲ့ အရှိန်က ငါ့ကိုမယှဉ်နိုင်ဘဲ သူတို့ကို မျက်ခြေဖြတ်နိုင်တာမို့ ကိစ္စကြီးမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် လီကျင့်စုန် ထွက်လာပြီး ကိစ္စတွေက ကိုင်တွယ်လို့မရတော့ဘူး"
" သူတို့က ခင်ဗျားကို မျက်နှာဖုံးချွတ်ပေးဖို့ တောင်းဆိုကြတယ်လေ။ တကယ်လို့ ခင်ဗျားက အဲ့လိုလုပ်ပြီး ကျုပ်ကိုသိတယ်လို့ပြောခဲ့မယ်ဆိုရင် ကျုပ်ကခင်ဗျားအတွက် အာမခံပေးနိုင်ပြီး အရာအားလုံးက ပြီးသွားမှာ။ ဒါပေမယ့် ဘာတွေဖြစ်သွားလဲကြည့်လိုက်ဦး ၊ ရှေးဟောင်းတာအိုတောင်တံခါးပေါက်ရဲ့ အစီအရင်တောင် အသက်ဝင်လာခဲ့ပြီးတော့ ရှေးတောင်တာအိုတောင်နယ်မြေက အချိန်တစ်ခုအထိ ငြိမ်သက်မှာ မဟုတ်ဘူး" ရှမူဟိုင်သည် အကူအညီမဲ့စွာပြောလာခဲ့သည်။
လီချန်ချင်းသည် တိတ်ဆိတ်နေခဲ့သည်။ လီကျင့်စုန် ကသူ့အား တွေ့သည့်အခါ၌ သူ၏မျက်နှာဖုံးအားချွတ်ကာ ရှမူဟိုင်ကိုရှာရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းပြရန် စဉ်းစားခဲ့ပေသည်။
သို့သော်လည်း များပြားသည့် တောင်ထိပ်အသီးသီးမှ လူများနှင့် ကင်းလှည့်နေသည့် တပည့်များရှိကြပေသည်။သူက လီဟမ်ရှန်းက ဘယ်လိုပုံစံရှိသလဲဆိုသည်ကိာ မသိကာ အကယ်၍ သူတို့ကြား၌ သူ့သားကရှိနေပြီး သူ့မျက်နှာကို မြင်သွားပါက အဆုံးသတ်သွားမှာမဟုတ်လား။
"ဒါဆို အကိုချန်ချင်း ကျုပ်ကို ဘာလို့လာရှာရတာလဲ" ရှမူဟိုင်က သိချင်စွာမေးခဲ့သည်။
" ကျုပ်သားကို သတိရပြီး သူ့ကိုတွေ့ချင်လို့" လီချန်ထျင်းသည် စားနေရင်း ပြောခဲ့သည်။
" အာ ? " ရှမူဟိုင်သည် အံ့အားသင့်သွားခဲ့သည်။
" ပြီးတော့ရော" ရှမူဟိုင်သည် လီချန်ချင်းအား အံ့အားသင့်စွာကြည့်နေခဲ့သည်။
" အဲ့ဒါပဲ" လီချန်ချင်းသည် နှုတ်ခမ်းထောင့်၌ ကပ်နေသည့် နှမ်းစေ့ကို ယူလိုက်ပြီး သူ့ပါးစပ်ထဲမှ ပန်ကိတ်တစ်ကိုက်ကို မြိုချကာ " ဒါပဲလေ"
ရှမူဟိုင်၏ နှုတ်ခမ်းက မဲ့သွားခဲ့သည်။
မင်းရဲ့သား ဆီကို အလည်လာရုံပဲလား။
ပြီးတော့ ရှေးဟောင်းတာအိုတောင်နယ်မြေတစ်ခုလုံးကို ဒီလိုမျိုး ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့တာလား။
ထိုအခိုက်အတန့်၌ ရှမူဟိုင်သည် အပြင်ဘက်မှအသံခပ်တိုးတိုးကိုကြခဲ့ပြီး သူ၏ အဓိကတောင်ထိပ်ပေါ်တွင် ရွေ့လျားနေကြသည့် မီးတုတ်များကို တွေ့ခဲ့သည်။ အကြီးအကဲအဖွဲ့က သတိပေးခံရကြောင်းဖြစ်နိုင်ချေက ရှင်းလင်းပေသည်။
ဂိုဏ်းချုပ်က သေမျိုးလောကကနေ ပြန်မလာသေးပေ၊ ဒုဂိုဏ်းချုပ်ရွယ်ချမ်းပိုင်က ဘယ်မှာမှ ရှာမတွေ့ပေ။
တောင်ထိပ်သခင်နှစ်ယောက်က ပြန်မတိုက်နိုင်သည်အထိ ထိုးနှက်ခံခဲ့ရသည်။
မျောလွင့်ပုံရိပ်ခန်းမသခင်က အစွမ်းကုန်သုံးကာ တစ်ကိုယ်တည်း တိုက်ခိုက်နေခဲ့ရသည်
ပန်းချီသူတော်စင်နှင့် ပန်းချီရတနာ ပေါင်းစည်းခဲ့တာကပင် မထိရောက်ပေ။
.
အားလုံးက သူ၏ ရှေ့၌ ထိုင်ကာ ပန်ကိတ်စားရင်း သူ့သားအားသတိရကာ တွေ့ချင်ကြောင်းပြောနေသည့် ထိုလူကြောင့်ပင်ဖြစ်သည်။
ထိုအခိုက်အတန့်၌ ရှမူဟိုင်သည် ဘာပြောရမယ်မသိဖြစ်သွားခဲ့သည်။
" တကယ်တော့ ဒီလိုဖြစ်ခဲ့တာပဲ" လီချန်ချင်းသည် ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ရှမူဟိုင်အား ပြောပြခဲ့သည်။
" ခင်ဗျားက ကံကြမ္မာဟောတဲ့သူပြောတာကို ယုံတယ်လား" ရှမူဟိုင်၏ မျက်လုံးများကပြူးကျယ်သွားကာ လီချန်ချင်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်က ကံကြမ္မာဟောသူ၏ စကားတစ်ခွန်းကြောင့်ရှေးဟောင်းတာအိုတောင်နယ်မြေသို့ ရူးရူးမိုက်မိုက်ရောက်လာခဲ့သည်ကို မယုံကြည်နိုင်ခဲ့ပေ။
"ခင်ဗျားကတစ်ခါမှအဖေမဖြစ်ဖူးတော့ နားလည်မှာမဟုတ်ပါဘူး" လီချန်ချင်းက ပုခုံးတွန့်ပြခဲ့သည်။ "ခင်ဗျားရဲ့ ကိုယ်ပိုင်ကလေးရှိလာတဲ့အခါကျရင် စိုးရိမ်နေမှာ သေချာတယ်။ မယုံကြည်တာထက် ယုံကြည်တာက ပိုကောင်းတယ်။ ဒါကြောင့် ဟမ်ရှန်း ဘယ်လိုနေနေလဲ လာကြည့်တာ"
" ဒါနဲ့ ကျုပ်သားက ဘယ်မှာနေတာလဲ" လီချန်ချင်း ကမေးခဲ့သည်။
" အာ သူက ဂိုဏ်းမှာမဟုတ်ဘူး" ရှမူဟိုင်က နှုတ်ခမ်းသပ်လိုက်ကာ "တိုက်ရိုက်တပည့်တစ်ယောက်ဆီက လတိုင်းမှာ တာဝန်တစ်ခုပြီးမြောက်အောင်လုပ်ရတယ်။ သူက ရက်နည်းနည်းကြာမှ ပြန်ရောက်မှာ"
" သူက ဒီမှာမရှိဘူးလား" လီချန်ချင်းသည် မင်သက်သွားခဲ့သည်။ သူ့သားက ဒီမှာမရှိဘူး။ ဒါဆို ဒီအရှုပ်တွေအကုန်လုံးက ဘာလဲ။
" သူဘယ်ကိုသွားတာလဲ။ သူ့ရဲ့တာဝန်က ဘာလဲ။ အန္တရာယ်များလား" လီချန်ချင်းသည် စိုးရိမ်စွာမေးခဲ့သည်။
" အန္တရာယ်မရှိပါဘူး" ရှမူဟိုင်က ထိုင်ချကာ "ဒါက ရှာဖွေရေးတာဝန်တစ်ခုပါပဲ။ စိတ်မပူပါနဲ့ ။ သူနဲ့အတူ ကျုပ်ရဲ့ ဒုတိယတပည့် ရှိပါတယ်။ သူမက သန်မာပြီးတော့ လီဟမ်ရှန်းကို ကာကွယ်ပေးပါလိမ့်မယ်။ ဘာပြသနာမှမရှိပါဘူး"
"ဒါဆို ကျုပ်ဟမ်ရှန်းပြန်လာတဲ့အထိစောင့်မယ်။ အရာအားလုံးအကုန်အဆင်ပြေတယ်ဆိုမှ ကျုပ်ပြန်မယ်" လီချန်ချင်းသည် ယခုလတ်တလော၌ ဘာမှလုပ်စရာမရှိပေ။
"ခင်ဗျားက ဒီကိုရောက်နေပြီဆိုတော့ ဒီမှာပဲနေပါ။ ဒါပေမယ့် ခင်ဗျားက အတော်လေး ပြသနာဖြစ်စေတာပဲ။ကျုပ်အနားမှာပဲနေ ၊ ဘယ်မှလျောက်သွားမနေနဲ့" ရှမူဟိုင်က ညွှန်ကြားနေခဲ့သည်။
"အဖေတစ်ယောက်အနေနဲ့ ခင်ဗျားသားဆီကို လာတဲ့အချိန်မှာ ခင်ဗျားက ကမောက်ကမတွေဖြစ်နေတာပဲ။ သူ့ရဲ့ လုံခြုံရေးအတွက်ဖြစ်လာတဲ့ အချိန်မှာ ခင်ဗျားက ဘာမဆိုလုပ်နိုင်ပြီး ခင်ဗျား က အဲ့အကြောင်းကို ပိုတွေးလေလေ ခင်ဗျားက ပိုပြီး ကိုးရိုးကားယားဖြစ်လာလေပဲ"
" ပြသနာဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်" လီချန်ချင်းသည် အတော်လေးရှက်ရွံ့နေခဲ့သည်။
" ဘာမှမဖြစ်ပါဘူး။ ဒါက သူတို့ကို နိုးနိုးကြားကြားရှိစေတဲ့ ကြေညာချက်တစ်ခုပါပဲ။ ရှေးဟောင်းတာအိုတောင်နယ်မြေက အေးအေးချမ်းချမ်းရှိနေတာ အချိန်အတော်ကြာပြီ သူတို့အတွက် အကျပ်အတည်းခံစားချက်တစ်ခုရှိတာ ကောင်းပါတယ်"
ထို့နောက် ရှမူဟိုင်သည် အချိန်တစ်ခဏမျှစဉ်းစားခဲ့ပြီး လီချန်ချင်းအား ပြောလိုက်သည်။ "အစ်ကို ချန်ချင်း ခင်ဗျားကို မပြောရသေးတာ တစ်ခုရှိတယ်။ ထာဝရရှင်သန်ခြင်းဂိုဏ်းကလူတွေပေါ်လာခဲ့သေးတယ်"
"ထာဝရရှင်သန်ခြင်းဂိုဏ်း" လီချန်ချင်းသည် ထိုနာမည်နှင့် အတော်လေးရင်းနှီးနေခဲ့သည်။
ထို့နောက် လီချန်ချင်းသည် လျှို့ဝှက်ရှေးဟောင်းပန်းချီကားထဲသို့ ပထမဆုံးဝင်သွားသည့်အချိန်က တစ္ဆေမျိုးနွယ်မှ ထာဝရရှင်သန်ခြင်းဂိုဏ်းဟု ပြောခဲ့သည်ကို မှတ်မိခဲ့သည်။
ရှမူဟိုင်သည့် ထာဝရရှင်သန်ခြင်းဂိုဏ်းနှင့် ရင်ဆိုင်ခဲ့ရသည့်အကြောင်းအား ပြောပြနေခဲ့သည်။
" ခင်ဗျား လုပ်ပေးထားတဲ့ သစ်သားရုပ်ထုကသာ အဲ့ဒါကို ဖိနှိပ်မထားခဲ့ဘူးဆိုရင် ထာဝရရှင်သန်ခြင်းဂိုဏ်းကြောင့် ကျုပ်သေသွားလောက်ပြီ" ရှမူဟိုင်သည် ထိတ်လန့်နေဆဲဖြစ်သည်။
" ဒါက ယုံကြည်မှုတစ်မျိုးလိုပါပဲ" လီချန်ချင်းသည် ကူကယ်ရာမဲ့စွာဖြင့် ပြောခဲ့သည်။ " ကျုပ်ပေးခဲ့တဲ့ မြေကမ္ဘာစောင့်ဗောဓိသတ္တ က ဖိနှိပ်ရုံသာဖြစ်ပြီး မဖယ်ရှားနိုင်တာ နှမျှောစရာပဲ။ မုချင်းကောက သူမပြန်ရောက်ပြီးတော့ နည်းလမ်းရှာတွေ့ပြီလို့ မပြောဘူးလား။ ဆေးဘုရင်တောင်ကြားက ဘာမှမလုပ်နိုင်ဘူးလား"
" ကျုပ် ဆေးဘုရင်တောင်ကြားကို စာတစ်စောင်ပို့ခဲ့တယ်။ ဒါပေမယ့် ဘာသတင်းမှမရသေးဘူး" ရှမူဟိုင်သည် အတော်လေး စိုးရိမ်နေခဲ့သည်။
" ဟမ်ရှန်း က တကယ်အဆင်ပြေရဲ့လား"
ရှမူဟိုင် : "......"
ရှမူဟိုင်၏ အမြင်၌ လီချန်ချင်းသည် သားကို တုန်နေအောင်ချစ်သည့် အဖေတစ်ယောက်ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
အရုဏ်တက်လာခဲ့ပြီ။
ရွေ့လျားတိမ်တိုက်မြို့။
လီဟမ်ရှန်းသည် တည်းခိုခန်းထဲမှ ထွက်လာခဲ့ပြီး မလှမ်းမကမ်းရှိ လမ်းဘေးဆိုင်တစ်ဆိုင်၌ မနက်စာစားနေသည့် ယန်ထျန်းထျန်းအားတွေ့ခဲ့သည်။
" မင်္ဂလာနံနက်ခင်းပါ ၊ စီနီယာ အမ " လီဟမ်ရှန်း က ချည်းကပ်လာခဲ့သည်။
သူတိူ့သည် လမ်း၌ ကြန့်ကြာနေခဲ့ကြပြီး မနေ့က အတော်နောက်ကျမှ ရွေ့လျားတိမ်တိုက် မြို့သို့ ရောက်လာခဲ့ကြသည်။ ထို့ကြောင့် သူတို့က ဒီနေရာ၌ တစ်ရက်နေပြီး နောက်ရက်မှ ဖမ်းယွင်ရွာသို့ သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
" မင်း အိပ်ယာထတာ တကယ်နောက်ကျတာပဲ" ယန်ထျန်းထျန်းသည် လီဟမ်ရှန်းအား မော့ကြည့်ခဲ့သည်။
" ကျွန်တော် ကျင့်ကြံနေရင်း အချိန်ကိုမေ့သွားလို့" လီဟမ်ရှန်းက ပြုံးဖြဲဖြဲဖြင့်ပြောခဲ့သည်။ သူသည် မနေ့ညက မအိပ်ဘဲ ကျင့်ကြံနေခဲ့ပြီး သူပြီးသည့်အခါ၌ မိုးလင်းနေခဲ့ပြီဖြစ်သည်။
" အစ်မ လှိုဏ်ဂူထဲက အခြေအနေကို ဒီမှာတာဝန်ကျနေတဲ့ တပည့်တွေဆီကို သွားမေးလိုက်ရမလား" လီဟမ်ရှန်းသည်လည်း ပန်ကိတ်တစ်ခုကို ကောက်ယူခဲ့သည်။
" ငါ ရောက်ဖူးတယ်"
ယန်ထျန်းထျန်း သည် ရုတ်တရက်စားနေသည်ကို ရပ်လိုက်ပြီး ပြောခဲ့သည်။ "အဲ့ဒီတပည့်တွေက အခုမှ ဒီမြို့ကို တာဝန်ကျတာ၊ သူတို့က အရင်တစ်သုတ်ကမဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့ထဲကဘယ်သူမှသိမှာမဟုတ်ဘူး"
" ဒါဆို ကျွန်တော်တို့ ဘာသာပဲ သွားရမယ်ထင်တယ်" လီဟမ်ရှန်း က ခေါင်းညိမ့်ခဲ့သည်။
စားသောက်ပြီးသည့်နောက်တွင် သူတို့နှစ်ယောက်သည် မြို့မှ ထွက်လာခဲ့ကြပြီး ကောင်းလျန်တောင်ဆီသို့ ဦးတည်ထွက်လာခဲ့ကြသည်။
ကောင်းလျန်တောင်တန်းများသည် မတ်စောက်ကာ တောရိုင်းတိရစ္ဆာန်များပြည့်နှက်နေပေသည်။ ထိုသို့ရောက်ရန် လီဟမ်ရှန်း နှင့် ယန်ထျန်းထျန်းတို့က နှစ်နာရီခန့်အချိန်ယူခဲ့ရပေသည်။
ထိုအခိုက်အတန့်၌ တောင်ခါးပန်းတစ်ခုပေါ်တွင်။
အရိပ်တစ်ခုက ဒူးထောက်ကာ ရိုရိုကျိုးကျိုးပြောခဲ့သည်။ " စောင့်ရှောက်သူ သူတို့ရောက်လာပါပြီ"
"နောက်ဆုံးတော့"
အသံက ပျင်းရိလေးတွဲ့နေခဲ့သည်။ မိန်းမငယ်လေးတစ်ဦးသည် သူ့ရှေ့ရှိ နွယ်ပင်တစ်ပင်ပေါ်၌ ထိုင်နေကာ သူမ၏ ပုခုံးပေါ်၌ မြေခွေးပေါက်တစ်ကောင်က ဝပ်နေခဲ့သည်။
မိန်းကလေး၏ မျက်လုံးများက မီးခိုးရောင်သန်းနေကာ သူငယ်အိမ် မရှိသလောက်ဖြစ်သည်။
အတော်လေး ခြောက်ခြားဖွယ်ရာပင်။
မိန်းကလေးက လှည့်လာကာ တောင်ခါးပန်းအစွန်းသို့ ရောက်လာခဲ့သည်။ သူမသည် မလှမ်းမကမ်းသို့ ကြည့်ကာ ထိုင်ချခဲ့သည်။
" အားလီ ၊ ငါ့ကို နိယာမတွေကို ကာကွယ်ဖို့ ကူညီပါဦး" မိန်းကလေးသည် သူ့ပုခုံးထက်ရှိ မြေခွေးလေးအားပြောခဲ့သည်။
မြေခွေးလေးက ခေါ်ခံရပြီးသည့်နောက်တွင် သူမ၏ ပုခုံးထက်မှ ခုန်ချသွားခဲ့သည်။
မိန်းကလေးသည် အဝေးသို့လှမ်းကြည့်နေရင်း ထိုအခိုက်အတန့်၌ သူမ၏ မီးခိုးရောင်သူငယ်အိမ်များက ရုတ်ချည်း ပြူးကျယ်လာကာ သူမ၏ သူငယ်အိမ်အတွင်းမှ လှိုင်းဂယက်တစ်ခုပျံ့နှံ့လာပြီး ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်းရှိ အရာအားလုံးက ပြောင်းလဲသွားသည်ဟု ထင်ရပေသည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ တောင်တန်းပေါ်ရှိ ဖမ်းယွင်ရွာအား ရှာဖွေနေသည့် လီဟမ်ရှန်း နှင့် ယန်ထျန်းထျန်း တို့သည် ဤမငြိမ်မသက်ဖြစ်ခြင်းကို လုံးဝ မသိကြသကဲ့သို့ပင်။
" အမ ကျွန်တော်ရှာတွေ့ပြီ" ထိုအခိုက်အတန့်၌ လီဟမ်ရှန်းသည် ခပ်ဝေးဝေးသို့ လက်ညှိုးထိုးပြကာ ပြောခဲ့သည်။ "အဲ့ဒီမှာ မီးခိုးရှိတယ်။ တစ်ယောက်ယောက် ချက်ပြုတ်နေတာဖြစ်ရမယ်။ ဖမ်းယွင် ရွာက အဲ့ဒီမှာနေမှာ"
ယန်ထျန်းထျန်းသည် တစ်ချက်ကြည့်လိုက်ပြီး အမှန်တကယ်ပင် မီးခိုးများထွက်နေပေသည်။
သူမက ခုနက ဘာလို့မမြင်ရတာလဲ။
မီးခိုးအားစိုက်ကြည့်ရင်း ယန်ထျန်းထျန်းသည် တစ်ခုခုထူးဆန်းနေသည်ကို ခံစားရသော်လည်း ဘာဖြစ်နေသည်ကို မပြောနိုင်ခဲ့ပေ။
" သွားကြမယ်" ယန်ထျန်းထျန်းသည် ပေါ့ပေါ့ပါးပါးပြောကာ လီဟမ်ရှန်းရှေ့မှ ဦးဆောင်လာကာ နိုးနိုးကြားကြားဖြစ်လာခဲ့သည်။