သူက အရမ်းတူတယ်။
Vol. 10 Ch. 97
"ဖေး ဒီကိုလာခဲ့"
လီချန်ချင်းသည် ဖေးအား လှမ်းခေါ်ခဲ့သည်။
ဖေး : "???"
"ခင်ဗျား ခွေးကို ခေါ်နေတာလား" နောက်ဆုံးတော့ လီကျင့်စုန်သည် စားပွဲပေါ်ရှိ ဖေးအား သတိထားမိခဲ့သည်။ လီဟမ်ရှန်း၏ တစ္ဆေအဆိပ်ကို စုပ်ထုတ်ရန် ခွေးတစ်ကောင်အား အကူအညီတောင်းခြင်းကြောင့် သူသည် လီချန်ချန်း ရူးသွားသည်ဟု ထင်နေခဲ့သည်။
သို့သော်လည်း လီကျင့်စုန်သည် အနီးကပ်တစ်ခါကြည့်လိုက်သည့်အခါ၌ ဖေးက သာမန်မဟုတ်သည်ကို တွေ့ခဲ့ရသည်။
ဒါက ဘာခွေးမှမဟုတ်ဘူးပဲ !
ဒါက ပန်းချီစိတ်ဝိဉာဉ်ပဲ !
လီကျင့်စုန်သည် တစ်ချိန်က ပန်းချီသူတော်စင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက ပန်းချီစိတ်ဝိဉာဉ်ကဆိုသည်ကို နားလည်သည်မှာ သဘာဝကျပေသည်။ သို့သော်လည်း ဖေးနှင့်ပတ်သက်သည့် တစ်ခုခုက မှားယွင်းနေသည်ဟုထင်ရပေသည်။ ဤပန်းချီစိတ်ဝိဉာဉ်က သူအရင်က တွေ့ခဲ့ဖူးသည်များနှင့် ကွာခြားသည်ဟု ခံစားရသည်။
သူသည် ဘာကွာခြားနေတာလဲဆိုတာကို သေသေချာချာ တိတိပပ မပြောနိုင်ခဲ့ပေ။
၎င်းက သာမန်ပန်းချီစိတ်ဝိဉာဉ်ထက်ပို၍ အသက်ဝင်သည်ဟု ထင်ရပေသည်။
" ဖေး ကူပါဦး ၊ ပြန်ရောက်တဲ့အခါကျရင် မင်းကိုက်ဖို့ အရိုးပေးပါ့မယ် ! " လီချန်ချင်းသည်လည်း ရှက်ရွံ့သောကြောင့်မဟုတ်ဘဲ စမ်းကြည့်ရန် တုန့်ဆိုင်းနေခဲ့သည်။တကယ်တော့ ဤသည်က သေရေးရှင်ရေးကိစ္စတစ်ရပ်ပင်ဖြစ်သည်။။ သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်က သန်မာပေမယ့် သူက နှစ်နဲ့ချီအောင် ကျင့်ကြံထားသူတစ်ယောက်မဟုတ်ပေ။ တစ္ဆေအဆိပ်က သူ့ကိုယ်ထဲကိုရောက်လာလို့ သူက တောင့်ခံနိုင်မည်ဟု သူမသိပေ။
လူတိုင်းက သူ့အား ဆရာသခင်တစ်ယောက်ဟု ထင်နေကြပေမယ့် သူက သူ၏ ကိုယ်ပိုင်အစွမ်းအစကို စူးစမ်းနေရဆဲဖြစ်သည်။
တကယ်လို့ အဆိပ်က သူ့ခန္ဓာကိုယ်ထဲရောက်သွားရင် သေသွားမှာလား။
ထို့ကြောင့် သူက ဖေးအား တွေးမိခဲ့ခြင်းဖြစ်သည်။
ဖေး၏ ကျင့်ကြံခြင်းသည်လည်း သန်မာပြီး ဖေးက သက်ရှိအစစ်မဟုတ်တာကြောင့် သူက တစ္ဆေအဆိပ်ကိုစုပ်ယူခဲ့ရင်တောင်မှ အဆင်ပြေသင့်ပေသည်။
" ခန်းမသခင် လီ အဲ့ဒါက အလုပ်ဖြစ်ပါ့မလား" ရှမူဟိုင်သည်လည်း လီကျင့်စုန်အား အံ့ဩစွာဖြင့် ကြည့်နေခဲ့သည်။
" အာ " လီကျင့်စုန်သည် ကိုးရိုးကားယားဖြင့် ခေါင်းညိမ့်ပြခဲ့သည်။ ပန်းချီစိတ်ဝိဉာဉ်အား အသုံးပြုရန် အမှန်ပင် ဖြစ်နိုင်ချေရှိပေသည်။ပန်းချီစိတ်ဝိဉာဉ််က သူ၏ ကိုယ်ပိုင်အသက်မရှိတာကြောင့် တစ္ဆေစား ကောင်းကင်နွားသိုး ၏ အဆိပ်ကို ကြောက်မည်မဟုတ်ပေ။
အကြံကောင်းတစ်ခုပင်။
လီကျင့်စုန်၏ အတည်ပြုချက်ဖြင့် လီချန်ချင်းသည် ဖေးအား နောက်ထပ်ဆက်လုပ်ရမည်များကိုရှင်းပြခဲ့သည်။
ဖေးသည် စကားမပြောနိုင်သော်လည်း လီချန်ချင်း ဘာပြောသည်ကို နားလည်ပေသည်။
ဖေးသည် ဟိတ်ဟန်များသည့်ခွေးတစ်ကောင်မဟုတ်သောကြောင့် သူ၏ ပထမဆုံးအနမ်းကို ဂရုစိုက်မနေပေ။ သူက လီဟမ်ရှန်းအပေါ်သို့ ခုန်တက်ကာ သူ၏ပါးစပ်၌ တေ့လိုက်သည်။
အားလုံးသည် ဖြစ်ပျက်နေသည့် အရာက အနည်းငယ်ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။
" ဆရာ ၊ ကျွန်မ လေကောင်းလေသန့် သွားရှူလိုက်ဦးမယ်" ယန်ထျန်းထျန်းသည် ခေါင်းကိုလှည့်ကာ ထွက်သွားခဲ့သည်။
လီချန်ချင်းသည် သူ့မျက်လုံးများအား တိတ်တဆိတ်ပိတ်ထားခဲ့သည်။
ဟမ်ရှန်း အဖေတောင်းပန်ပါတယ်။ ငါ့သားရဲ့ ပထမဆုံးအနမ်းကို ဒီလိုဆုံးရှုံးလိုက်ရပြီ။ဒါပေမယ့် မစိုးရိမ်ပါနဲ့ အဖေက ဒါကို လျှို့ဝှက်ချက်တစ်ခုလို သိမ်းထားမှာပါ။ တကယ်လို့ တစ်ယောက်ယောက်က ဒါကို သတင်းဖြန့်ရဲမယ်ဆိုရင် သူတို့ကို ကမ္ဘာအဆုံးထိလိုက်ရမယ်ဆိုရင်တောင်မှ ရေငုံနှုတ်ပိတ်ပစ်မယ်။ အဖေက သားရဲ့ ဂုဏ်သတင်းကို ကာကွယ်ပေးမှာပါ။
ထိုအခိုက်အတန့်တွင် ဖေးသည် အူလိုက်ပြီး သူ၏ နှုတ်သီးကို လီဟမ်ရှန်း၏ ပါးစပ်နားသို့ ရွေ့လိုက်သည်။ ထို့နောက် ၎င်း၏ စိတ်စွမ်းအားကို တိုးမြှင့်ကာ လီဟမ်ရှန်း၏ ပါးစပ်မှ တစ္ဆေအဆိပ်ကို အရူးအမူးစုပ်ယူလေသည်။
လီဟမ်ရှန်း၏ ကိုယ်ထဲမှ အနက်ရောင်တစ္ဆေစွမ်းအင်များသည် ထွက်ပေါက်တစ်ခုတွေ့သွားသည်ဟုထင်ရကာ သူ၏ ပါးစပ်မှ မြန်ဆန်သည့်အရှိန်ဖြင့် ထွက်လာကာ ဖေး၏ နှုတ်သီးအတွင်းသို့ စုပ်ယူခံခဲ့ရသည်။
" ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါက ပထမဆုံးအနမ်းမဟုတ်ဘူး ထိရုံလေးပဲ။ ဖေးက သူ့ရဲ့ လျှာကို မထုတ်ခဲ့ဘူး။ ကောင်လေး မင်းရဲ့ ပထမဆုံးအနမ်းက အန္တရာယ်ကင်းတယ်" ဤသည်ကိုမြင်ပြီး လီချန်ချင်းသည် စိတ်သက်သာရာ ခံစားခဲ့ရသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် လီဟမ်ရှန်း၏ ကိုယ်တွင်းမှ တစ္ဆေအဆိပ်က ထွက်သွားကာ သူ၏ ယခင်က အနက်ရောင်ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်လာခဲ့သည်။
ဖေးက လေချဉ်တက်ခဲ့သည်။ တစ္ဆေအဆိပ်က ဖေး၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားခဲ့သော်လည်း ဖေးအား လုံးဝသက်ရောက်မှုမရှိချေ။
ဤသည်က ဖေးနှင့်ပတ်သက်သည့် လုံးဝကြီးကို မှားယွင်းနေသည်ဟု လီကျင့်စုန်အား ပို၍ ခံစားရစေခဲ့သည်။
ပန်းချီစိတ်ဝိဉာဉ်တစ်ခုဖြစ်နေလျှင်ပင် ထိုမျှများပြားသည့် တစ္ဆေစားကောင်းကင်နွားသိုးအဆိပ်ကူးစက်ခံရခြင်းက ၎င်း၏ စိတ်စွမ်းအင်ကို သေချာပေါက် ထိခိုက်စေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဖေးက လုံးဝ သက်ရောက်မှုမရှိချေ။
ဘာဖြစ်တာလဲ။
ဒါက ရိုးရိုး ပန်းချီစိတ်ဝိဉာဉ်မဟုတ်ဘူးလား။
တကယ်တော့ ဖေးက စန်းယွမ်နယ်မြေတစ်ခုလုံးနှင့် စန်းယွမ်နယ်မြေ၏ သမိုင်း၌ပင် တစ်ခုတည်းရှိသည့် ပန်းချီစိတ်ဝိဉာဉ် နှင့် သစ်သားပန်းပုရုပ်ပေါင်းစပ်ထားခြင်းတစ်ခုဖြစ်သည်ကို လီကျင့်စုန် မသိနိုင်ပေ။
အထူးသဖြင့် ဖေး၏ ခန္ဓာကိုယ်က ထာဝရရှင်သန်ခြင်းသစ်သားဖြင့် ထုလုပ်ထားသောကြောင့်။
နိမ့်ကျတဲ့ တစ္ဆေအဆိပ်က ဘာဖြစ်မှာတဲ့လဲ။
လီဟမ်ရှန်း၏ အသက်ရှူနှုန်းက တည်ငြိမ်လာသော်လည်း သူက သတိလစ်နေဆဲပင်။
သူ့အားစမ်းသပ်ပြီးသည့်နောက်တွင် လီကျင့်စုန်က ပြုံးကာပြောခဲ့သည်။ " သူ အဆင်ပြေတယ်။ သူက တစ္ဆေအဆိပ်ကို ဖိနှိပ်ဖို့ ခွန်အားတွေအများကြီးသုံးလိုက်ရရုံပဲ။ သူက အနားယူပြီးတော့ အားပြန်ဖြည့်ဖို့လိုအပ်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲက တစ္ဆေစားကောင်းကင်နွားသိုးက ပြသနာတစ်ခုဖြစ်နေတုန်းပဲ။ ဒါပေမယ့် ကျုပ်တို့ မကြာခင် ဖယ်ရှားနိုင်မှာပါ"
" ကောင်းတာပေါ့" ရှမူဟိုင်သည်လည်း သက်ပြင်းချခဲ့သည်။"အစ်ကို ချန်ချင်း ခင်ဗျား အခု စိတ်ချလက်ချနေနိုင်ပါပြီ"
"ကျေးဇူးတင်ပါတယ် ခန်းမသခင် လီ " လီချန်ချင်းသည် နောက်ဆုံးတော့ စိတ်အေးသွားခဲ့ပြီဖြစ်သည်။ သူက လီဟမ်ရှန်းအား တစ်ချက်ကြည့်လိုက်ပြီး အခန်းထဲ၌ နောက်ထပ်ကြာကြာမနေတော့ပေ။ အခု လီဟမ်ရှန်းက နေကောင်းသွားပြီး သူက စိတ်သက်သာရာရပေပြီ။
သူသည် လေကောင်းလေသန့်ရှူရန်အတွက် အပြင်ထွက်လာခဲ့သည်။
သူ၏ နှလုံးသားက ချိန်ခွင်ထဲ၌ ဆွဲခံထားရသော်လည်း ယခုတော့ အရာအားလုံးက ပြီးပြတ်သွားချေပြီ။
လီချန်ချင်းသည် ခြံဝင်းထဲမှ ရှေးဟောင်းသစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ခဲ့သည်။သူက ကိုင်းတစ်ခုကို မှီကာ ပြာလဲနေသည့်ကောင်းကင်ထဲမှ တိမ်ဖြူဖြူများကို ငေးကြည့်နေခဲ့သည်။
ထိုအခိုက်အတန့်၌ လီချန်ချင်းသည် စန်းယွမ်နယ်မြေ၏ အန္တရာယ်ဟု ခံစားခဲ့သည့် ပြသနာတစ်ခုကို အရင်တုန်းက တစ်ခါမှ အမှန်တကယ်နားမလည်ခဲ့ပေ။
ဒီနေ့တွင် သူ့သားအား ဆုံးရှုံးရလုဆဲဆဲဖြစ်သည်။
သူသည် ထိုခံစားချက်အား နောက်ထပ် ဘယ်တော့မှ မတွေ့ကြုံချင်တော့ပေ။
"အကြီးအကဲ ချန်ချင်း ၊ ကျွန်မရဲ့ ဂျူနီယာမောင်လေး အခြေအနေဘယ်လိုရှိလဲ" ထိုအချိန်၌ ယန်ထျန်းထျန်းသည် သစ်ပင်ဆီသို့ ရောက်လာကာ မေးခဲ့သည်။
" သူအခု အဆင်ပြေပါပြီ " လီချန်ချင်းသည် ယန်ထျန်းထျန်းအား ငုံ့ကြည့်ခဲ့သည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"ကျွန်မ နာမည်က ယန်ထျန်းထျန်းပါ"
"ထျန်းထျန်း ဟမ်ရှန်းကို အဆိပ်ခပ်တာ ဘယ်သူလဲ" လီချန်ချင်း၏ စကားလုံးများက တည်ငြိမ်သော်လည်း သူ၏အသံထဲမှ မဖော်ပြနိုင်သည့် အေးစက်မှုကို ယန်ထျန်းထျန် ကြားနိုင်ပေသည်။
" ကျွန်မ မသိဘူး" ယန်ထျန်းထျန်းသည် လီချန်ချင်းအား သူမတို့ ယနေ့ကြုံတွေ့ခဲ့ရသည့် အရာအားလုံးကို အစမှအဆုံး အသေးစိတ်ကျကျ ပြောပြခဲ့သည်။
" ပုံရိပ်ယောင်လား" လီချန်ချင်းသည် အနည်းငယ် မျက်မှောင်ကြုတ်ခဲ့သည်။" မင်းတို့က ပုံရိပ်ယောင်တစ်ခုထဲကို သတိမထားမိဘဲ ဝင်သွားတာလား။ ငါခံစားမိတာတော့ မင်းရဲ့ ကျင့်ကြံခြင်းက မနိမ့်ပါဘူး။ မင်းတောင်မမြင်နိုင်တဲ့ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးနိုင်တယ်ဆိုရင် လုပ်ကြံသူတွေက ဘာလို့ အပင်ပန်းခံနေကြတာလဲ။ မင်းတို့နှစ်ယောက်လုံးကို တစ်ခါတည်းသတ်ပစ်လိုက်တာက ပိုပြီးမရှင်းဘူးလား"
"ကျွန်မလည်း မသိပါဘူး။ သူတို့က ပုံရိပ်ယောင်အစီအရင်တစ်ခုခုကိုသုံးထားတာ ဒါမှမဟုတ်ရင် တခြားနည်းလမ်းတစ်ချို့ဖြစ်နိုင်တယ်။ ဒါပေမယ့် ဂျူနီယာမောင်လေးကို ကောင်းကောင်းမကာကွယ်နိုင်တာက ကျွန်မ အမှားပါ။ သူ့ရဲ့ ကိစ္စတွေပြီးသွားတဲ့နောက်မှာ ဆရာက ကျွန်မကို ဘယ်လိုအပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ပါစေ ကျွန်မ လက်ခံမှာပါ" ယန်ထျန်းထျန်းက အခိုင်အမာပြောလာခဲ့သည်။
" ဒါက မင်းအမှား မဟုတ်ပါဘူး။ စန်းယွမ်နယ်မြေက အရမ်းကို ရှုပ်ထွေးတာ" လီချန်ချင်းက ပေါ့ပေါ့ပါးပါးပြောခဲ့သည်။
ပြောပြီးသည့်နောက်တွင် လီချန်ချင်းသည် သူ၏မျက်လုံးများကို အသာအယာ မှိတ်ထားကာ ဤကိစ္စကို စဉ်းစားနေခဲ့သည်။ ဒါက တစ္ဆေမျိုးနွယ်စုနှင့် ကြီးမားသည့် ဆက်နွယ်မှုရှိရမည်ဟူ ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် ကန္တာရတိမ်တိုက်၏ ဖန်တီးမှုဖြစ်သည့် တစ္ဆေစားကောင်းကင်နွားသိုး ကလူသားကမ္ဘာ၌ မတည်ရှိပေ။
တစ္ဆေမျိုးနွယ်စု၏ လုပ်ကြံမှုဖြစ်ရန် ဖြစ်နိုင်ချေများပေသည်။
လီချန်ချင်းသည် တစ်ချိန်က တစ္ဆေမျိုးနွယ် နှင့် လူသားမျိုးနွယ်ကြားက စစ်ပွဲများအား သူနှင့်ဘာမှမဆိုင်သလို လျစ်လျူရှုထားရန် တွေးထားခဲ့ပေသည်။
သူက ရိုးရှင်းသည့် ဘဝတစ်ခု၌သာ ရှင်သန်ခဲ့ချင်ပေသည်။ အကယ်၍ သူ့သားက ကျင့်ကြံချင်ပါက သူသည် သူ့သားအား ထောက်ပံ့ပေးမည်ဖြစ်သည်။ အကယ်၍ သူ့သားက မကျင့်ကြံချင်ပါက မြေတစ်ကွက်ဝယ်ကာ အတူတူလယ်စိုက်နိုင်ပေသည်။
လီချန်ချင်းသည် ထိုကဲ့သို့ ဘဝမျိုး၌ ရှင်သန်ရန် ဆန္ဒရှိပေသည်။
အနာဂါတ်မှာ သူက သူ့သားအတွက် ဇနီးမယားတစ်ယောက်ရှာပေးနိုင်ပြီး မြေးတစ်ယောက်ရကာ မိသားစု၏ ပျော်ရွှင်မှု၌ ပျော်ရွှင်နေနိုင်ပေသည်။ ကြည်နူးစရာမကောင်းဘူးလား။
သို့ပေမယ့်လည်း ယနေ့အဖြစ်အပျက်က လီချန်ချင်းအား အကြောင်းအရာတစ်ခုကို နားလည်သဘောပေါက်စေခဲ့သည် : မင်းက အန္တရာယ်ကို မရှာဖွေတာကြောင့်နဲ့ အန္တရာယ်က မင်းကို ရှာဖွေမှာ မဟုတ်ဘူးလို့ မဆိုလိုဘူး။
မင်းက အဲ့တာတွေရဲ့ အဝေးကနေ သာမန်လူတစ်ယောက်လိုနေချင်ပေမယ့်လည်း လူတစ်ချို့ကမင်းကို သာမန်လို နေခွင့်ပြုမှာမဟုတ်ဘူး။
နောက်ဆုံးတော့ သူကြည့်ဖူးခဲ့သည့် ရှေးခေတ်ဒရမ်ကာဇာတ်ကားများထဲမှ စကားစုများကို နားလည်သဘောပေါက်ခဲ့ချေပြီ။
" မင်းက ကမ္ဘာကြီးထဲမှာ ရှိနေတဲ့အချိန်မှာ မင်းရဲ့ကံကြမ္မာကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး" ဆိုတာ ကဲ့သို့ ဖြစ်နိုင်ပေသည်။
ထိုအခိုက်အတန့်၌ လီကျင့်စုန်သည်လည်း အိမ်ထဲမှ ထွက်လာခဲ့သည်။ သူက ခြံဝင်းပတ်ပတ်လည်သို့ တစ်ချက်ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ခဲ့ပေ။သို့သော်လည်း ရှေးဟောင်းသစ်ပင်ဆီသို့ ကြည့်လိုက်သည့်အခါ၌ သစ်ပင်အားမှီကာ အနားယူနေသည့် လီချန်ချင်းအားတွေ့ခဲ့သည်။
ထိုအခိုက်အတန့်၌ လီကျင့်စုန်သည် ရုတ်တရက်အေးခဲသွားခဲ့သည်။
" ဒါက ....."
လီကျင့်စုန်သည် သစ်ပင်အားမှီနေသည့် လီချန်ချင်း၏ ပုံရိပ်က တစ်ယောက်ယောက်နဲ့တူသည်ဟု ခံစားခဲ့ရသည်။
တစ်ခါက သူအလွန်ရင်းနှီးဖူးသည့် လူတစ်ယောက်ပင်။
" ငါ ဘာတွေတွေးနေတာလဲ" လီကျင့်စုန်သည် ခေါင်းခါကာ အောင့်သက်သက်ပြုံးလိုက်ရင်း သူ၏ အဓိပ္ပါယ်မရှိသည့်အတွေးများကို လှောင်ရယ်နေသကဲ့သို့ပင်။
ဒီလူက....
သူက အဲ့ဒီနေရာမှာ အဖမ်းခံထားရတယ်မဟုတ်ဘူးလား
အမှန်တကယ်တော့ လီကျင့်စုန်၏ စိတ်ထဲ၌ အဖြေတစ်ခုရှိပေသည်။ သူသည် လီချန်ချင်း၏ ပုံရိပ်က ယွဲ့မိသားစုမှ ဟန်ကျွင်းနှင့် အနည်းငယ်တူသည်ဟု ခံစားခဲ့ရပေသည်။
ဟန်ကျွင်းက စန်းယွမ်အရှင်သခင်၏ ဖိနှိပ်ခံထားရကာ အစွမ်းထက်သည့် သူများစွာ၏ စောင့်ကြပ်ခံထားရသည်ကို လီကျင့်စုန် သိထားပေသည်။သူသေသလား ရှင်သလား မသိရသော်လည်း သေချာပေါက် ဒီနေရာ၌ပေါ်မလာနိုင်ပေ။
အစက လီကျင့်စုန်၏ စိတ်ထဲ၌ မေးခွန်းများစွာရှိပေသည်။ အထူးသဖြင့် လီချန်ချင်းအား နဂါးကို မြင်ဖူးသလားဟု မေးချင်ခဲ့သည်။
သို့သော်လည်း ဟန်ကျွင်းနှင့် အတော်လေးတူသည့် လီချန်ချင်း၏ ပုံရိပ်ကိုတွေ့ပြီးနောက်တွင် လီကျင့်စုန်၌ မေးခွန်းများမေးလိုသည့်ဆန္ဒမရှိတော့ပေ။
လီကျင့်စုန်သည် လီချန်ချင်းအား နှုတ်မဆက်ဘဲ မူဟိုင်ဖုန်းမှ တစ်ခါတည်း ပြန်သွားခဲ့သည်။
လီဟမ်ရှန်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။ ရှမူဟိုင်သည် သူ့အတွက် အာဟာရဖြစ်စေမည့် အစားအစာတချို့ကိုပြင်ဆင်ကာ သူ့အတွက် စွပ်ပြုတစ်ပန်းကန်လုပ်ထားခဲ့သည်။ ပြီးသည့်နောက်တွင် သူသည် လီချန်ချင်းအား ရှာရန်ထွက်လာခဲ့သည်။
ယန်ထျန်းထျန်းပြောသည့် ယနေ့အဖြစ်အပျက်ကို ရှမူဟိုင်သည်လည်း ကြားခဲ့ပေသည်။
ကမ္ဘာကြီးထဲရှိ အတွေ့အကြုံရှိသည့် သူတစ်ယောက်အနေဖြင့် ရှမူဟိုင်သည် ယန်ထျန်းထျန်း၏ အဖြစ်အပျက်အား နားထောင်ပြီးသည့်နောက်တွင် ဘာတွေဖြစ်ခဲ့သည်ကို အကြမ်းဖျင်း ယူဆချက်တစ်ခု ရှိခဲ့ပေသည်။
"ဒီဖြစ်ရပ်က ဟမ်ရှန်းကို ပစ်မှတ်ထားတာပဲ" ရှမူဟိုင်သည် အလေးအနက်ပြောခဲ့သည်။ "လတ်တစ်လောမှာ ဟမ်ရှန်းက ဂိုဏ်းထဲမှာ ဂုဏ်သတင်းတစ်ခုကို သူကိုယ်တိုင်လုပ်ဆောင်ခဲ့ပြီး အဆင့် ၇ နဲ့ တက်လှမ်းခြင်းစာရင်းရဲ့ ထိပ်ဆုံးကို ရောက်ခဲ့တယ်။တကယ်တော့ သူက အာရုံစိုက်မှုကို ဆွဲဆောင်ပြီး သူကိုယ်တိုင်အန္တရာယ်ဖြစ်စေတာပဲ။ ဒါပေမယ့်လည်း ဒီကိစ္စရဲ့ နောက်ကွယ်က တစ္ဆေမျိုးနွယ်လား ထာဝရရှင်သန်ခြင်းဂိုဏ်းလားဆိုတာ ကျုပ်သေချာမပြောနိုင်ဘူး"
" ဒီဖြစ်ရပ်ကလည်း ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ သက်ဆိုင်နေတာလား" လီချန်ချင်းသည် တအံ့တဩမေးလာခဲ့သည်။
" ဟုတ်တယ်" ရှမူဟိုင်က ခေါင်းညိမ့်ကာ " ဒီတာဝန်ကို အရည်အချင်းစစ်ခန်းမမှာ ဘယ်သူတင်ပြတာလဲဆိုတာကို ထျန်းထျန်းကိုစုံစမ်းခိုင်းပြီးပြီ။ ဒါပေမယ့် ဘယ်သူမှမသိကြဘူး။ တာဝန်တွေကို ခွဲဝေပေးတဲ့ အရိပ်တောင်ထိပ်တောင်မှ မသိကြဘူး။ ဒါကြောင့် ဒီတာဝန်က တာဝန်တွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လီဟမ်ရှန်းအပေါ်မှာ အခွင့်ကောင်းယူဖို့ တစ်ယောက်ယောက်က ထောင်ချောက်ဆင်ထားတာပဲ"
" ဒီကိစ္စကိုသိတဲ့သူက ကျုပ်တို့ရှေးဟောင်းတာအိုတောင်နယ်မြေရဲ့ အတွင်းလူပဲဖြစ်ရမယ်" ရှမူဟိုင်၏ မျက်လုံးများက ခက်ထန်လာကာ "နောက်ဆုံးတစ်ခေါက် ထာဝရရှင်သန်ခြင်းဂိုဏ်းက သိခဲ့ရတာက သူတို့မှာ ကျန့်ဟယ်ဌာနက လူတွေရှိကြတယ်။ ကျုပ်တို့ရှေးဟောင်းတာအိုတောင်နယ်မြေမှာ လျှို့ဝှက်သတင်းပေးနေတဲ့ ပုန်းကွယ်နေတဲ့သူတစ်ယောက်ယောက်ရှိကိုရှိရမယ်"
" ဟမ်ရှန်း နဲ့ ထျန်းထျန်းက ပုံရိပ်ယောင်ထဲမှာ နစ်မြောနေကြတာဆိုတော့ သူတို့က မျက်လုံးကျင့်စဉ်ကြောင့် သက်ရောက်ခံရဖို့ ဖြစ်နိုင်ခြေများတယ်"
"မျက်လုံး ကျင့်စဉ် ?"
လီချန်ချင်းသည် အံ့အားသင့်နေခဲ့သည်။ မျက်လုံးကျင့်စဉ်က ဘာလဲ။ ရှာရီဂန်လား။
(ဂျပန် အန်နမေး နာရူတို Naruto ထဲက Sharingan ကို ပြောတာပါ)
မျက်လုံးကျင့်စဉ်လိုမျိုး အရာလည်း ရှိတာပဲလား။
"ဟုတ်ပါတယ်။ တချို့လူတွေက အကြောင်းအရင်းတချို့ကြောင့် သာမန်လူတွေနဲ့မတူတဲ့ မျက်လုံးတွေနဲ့မွေးဖွားလာကြတယ်။ ဒါက အရမ်း ထူးခြားတဲ့ အရည်အချင်းဖြစ်ပြီးတော့ အရမ်း ရှားပါးပေမယ့် အဲ့ဒီအစွမ်းက အရမ်းအစွမ်းထက်တာကြောင့် အဲ့တာကိုသုံးဖို့ ကန့်သတ်ချက်တွေအများကြီး ရှိတယ်" ရှမူဟိုင်က ရှင်းပြခဲ့သည်။ "မျက်လုံးကျင့်စဉ်မျိုးက လူတွေကို အမှုမဲ့အမှတ်မဲ့ ပုံရိပ်ယောင်ထဲကို ဝင်လာအောင်လုပ်နိုင်ကြတယ်လို့ ကျုပ်ကြားဖူးတယ်"
"အဲ့တာကို ပုံရိပ်ယောင်ကမ္ဘာလို့ခေါ်တယ်"
" မူရင်းပိုင်ရှင်က တစ္ဆေမျိုးနွယ်ရဲ့ ကန္တာရတိမ်တိုက်က အဖွဲ့ဝင်တစ်ယောက်ပဲ။ မျက်လုံးကျင့်စဉ်က အသုံးပြုသူရဲ့ ဆန္ဒအရ နယ်မြေတစ်ခုကို ပုံရိပ်ယောင်အဖြစ်ပြောင်းလဲပြီးတော့ လူတွေကို အမှုမဲ့ အမှတ်မဲ့ နဲ့ ရောက်လာအောင်လုပ်တာ လို့ ပြောလို့ရတယ်။ ဒါပေမယ့် တန်ကြေးက တစ်ခါသုံးပြီးတာနဲ့ နှစ်ဝက်လောက် မျက်စိကွယ်သွားတာပဲ"
"အဲ့ဒီလူက ထာဝရရှင်သန်ခြင်းဂိုဏ်းကလား" လီချန်ချင်းက မေးလာခဲ့သည်။
" ကျုပ် မသေချာဘူး။ ကျုပ်တို့ ထာဝရရှင်သန်ခြင်းဂိုဏ်းအကြောင်းသိတာက အရမ်းနည်းတယ်" ရှမူဟိုင်သည် လီချန်ချင်းအား ကြည့်ကာပြောခဲ့သည်။ "ဟမ်ရှန်း နေပြန်ကောင်းလာတဲ့အခါကျရင် အချက်အလက်အချို့ဝယ်ဖို့ ကျုပ်ကိုယ်တိုင် ထျန်းဟိုင်မြို့ကိုသွားမယ်။ ဒီကိစ္စကို စေ့စေ့စပ်စပ် စူးစမ်းပြီးတော့ ဖြေရှင်းချက်တစ်ခုပေးပါ့မယ် အစ်ကို ချန်ချင်း" "ကောင်းပါပြီ" ရှမူဟိုင်က ပြောနေသောကြောင့် လီချန်ချင်းက ဘာမှထပ်မပြောတော့ပေ။
" ဒါပေမယ့် ရှေးဟောင်းတာအိုတောင်ဂိုဏ်းထဲမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းက သူလျှိုတွေရှိနေတယ်။ လီဟမ်ရှန်းမသေဘူးဆိုတာကို သူတို့သိသွားရင် သူတို့က ဒုတိယအကြိမ်ရောက်လာမှာလား" လီချန်ချင်းသည် စိုးရိမ်မှုဖြင့် မေးခဲ့သည်။
" မဟုတ်ဘူး" ရှမူဟိုင်က ခေါင်းယမ်းကာ "ထာဝရရှင်သန်ခြင်းဂိုဏ်းက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်း သတိထားတယ်။ ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှာ သူလျှိုတစ်ယောက်ထည့်ဖို့က သူတို့အတွက် မလွယ်ကူဘူး။ သူတို့ရဲ့ သူလျှိုကို လွယ်လွယ်နဲ့ ဖော်ထုတ်ခံမှာမဟုတ်ဘူး။ မဟုတ်ရင် သူတို့က ဟမ်ရှန်းကို သတ်ဖို့ရာအတွက် 'ပုံရိပ်ယောင်ကမ္ဘာ' နဲ့ ဆရာသခင်တစ်ယောက်ကို ဖိတ်ခေါ်ပြီး ဒီလို ကြိုးစားပမ်းစားလုပ်မှာမဟုတ်ဘူး။ ဒါကြောင့် သူက ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှာ အန္တရာယ်ကင်းတယ်"
" အနာဂါတ်မှာကျုပ်က ဟမ်ရှန်းရဲ့ လုံခြုံရေးကို ပိုပြီး အာရုံစိုက်ပါ့မယ်" ရှမူဟိုင်သည်လည်း လီဟမ်ရှန်း၏ ဘေးကင်းလုံခြုံမှုက အရေးကြီးသည်ကို နားလည်ပေသည်။
ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အမြင်၌ လီဟမ်ရှန်းက ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်ပေသည်။ သူက အနာဂါတ်တွင် လူသားမျိုးနွယ်ကြား၌ နောက်ထပ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့ အလားအလာရှိနိုင်ပေသည်။
စန်းယွမ်နယ်မြေထဲမှ နေ့ရက်တိုင်းတွင် လူသားမျိုးနွယ်က တစ္ဆေမျိုးနွယ်၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံကြရရန် ဖြစ်နိုင်ချေရှိနေပေသည်။
သို့သော်လည်း ပထမအကြိမ် ကြိုးစားအားထုတ်ပြီးသည့်နောက်တွင် ဒုတိယအကြိမ် ပေါ်ပေါက်လာရန်အတွက် ခက်ခဲလေ့ရှိသည်။
ထိုအခိုက်အတန့်၌ ရှမူဟိုင်သည် စူးစမ်းချင်ရုံမျှသာဖြစ်ခဲ့သည်။ ရှေးဟောင်းတာအိုတောင်နယ်မြေမှာ ပုန်းအောင်းနေတဲ့ သူလျှိုက ဘယ်သူဖြစ်မလဲ။