← Chapters

ကျီချင်းကျယ်

Vol. 10 Ch. 98

ကျီချင်းကျယ်

Vol. 10 Ch. 98

မူဟိုင်ဖုန်းတောင်၌ နှစ်ရက်ခန့် စောင့်ကြည့်ပြီးသည့်နောက်တွင် လီဟမ်ရှန်းသည် အမှန်တကယ် သက်သာလာခဲ့သည်။ သူ၏ အသက်ရှူနှုန်းက အမြဲတည်ငြိမ်နေပြီး သူ၏ အသားအရေက တဖြည်းဖြည်းချင်း သွေးရောင်လွှမ်းလာခဲ့သည်။

ထို့အပြင် လီဟမ်ရှန်းသည် နှစ်ရက်ကြာပြီးနောက်တွင် မေ့မြောနေရာမှ သတိပြန်လည်လာခဲ့သည်။

သူက အတော်လေးအားနည်းနေသေးသော်လည်း သူ၏ခန္ဓာကိုယ်ကို လုံးဝ မတားဆီးနိုင်ပေ။ နောက်ထပ်လုပ်ဖို့ရာ လိုအပ်သည့် အရာအားလုံးက သူ့ကိုယ်သူ ကောင်းကောင်းမွန်မွန် ဂရုစိုက်ဖို့ရာပင်။

" ဆရာ ကျွန်တော့်ကို ကိုယ်တိုင်ဂရုစိုက်နေရပြီးတော့ ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်" လီဟမ်ရှန်းသည် အတော်လေး ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြောခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်တွင် ရှမူဟိုင်သည် ရေနှင့် ဆေးကို ယူဆောင်လာခဲ့ပြီး လီဟမ်ရှန်းအား ကိုယ်တိုင်ကိုယ်ကျပြုစုစောင့်ရှောက်နေခဲ့သည်။ ဤသည်က လီဟမ်ရှန်းအား ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားစေခဲ့သည်။ တောင်သခင်တစ်ယောက်က သူ့အား ထိုကဲ့သို့ အသေးစိတ်ဂရုစိုက်ပေးခဲ့သည်။

" ကိစ္စမရှိပါဘူး။ မင်းပြန်ကောင်းလာဖို့က အရေးအကြီးဆုံးပဲ" ရှမူဟိုင်က ပြောခဲ့သည်။ ယခုပြန်လည်ကောင်းမွန်နေပြီဖြစ်သည့် လီဟမ်ရှန်းအား ကြည့်ကာ သူ၏ စိတ်အခြေအနေက အများကြီး တိုးတက်လာခဲ့ပြီဖြစ်သည်။ ထိုသို့မဟုတ်ပါက လီဟမ်ရှန်းတစ်ခုခုဖြစ်ခဲ့ပါက ဘာတွေဖြစ်လာမလဲဆိုသည်ကို အာမမခံနိုင်ပေ။ လီချန်ချင်းက ဒေါသထွက်ကာ တစ်ခုခုအား ရူးရူးမိုက်မိုက် လုပ်ပစ်ပေလိမ့်မည်။

" ကျွန်တော် အိပ်မက်အရှည်ကြီး တစ်ခုမက်ခဲ့တာထင်တယ်" လီဟမ်ရှန်းက တည်ငြိမ်စွာ ပြောလာခဲ့သည်။

"အိုး? ဘာအိပ်မက်ပါလိမ့်" ရှမူဟိုင်က မေးခဲ့သည်။

" ကျွန်တော့် အဖေကို အိပ်မက်မက်ခဲ့တာ" လီဟမ်ရှန်းက တွေးတွေးဆဆဖြင့်ပြောခဲ့သည်။ "အိပ်မက်ထဲမှာ အဖေက ကျွန်တော့်လက်ကို ကိုင်ထားပြီး ကျွန်တော့်ကို သန်မာဖို့ ပြောနေတာ။ ကျွန်တော့်ဘေးကနေပြီးတော့ ကျွန်တော့်ကို အသက်ဆက်ရှင်ဖို့ တိုက်တွန်းနေတာ။ အဖေ့ကို အချိန်အကြာကြီး မတွေ့ရတာကြောင့်ထင်တယ် တကယ်လိုပဲခံစားရတယ်"

ရှမူဟိုင်သည် မည်သည့် ခံစားချက်မှ မပြဘဲ အများကြီးမပြောခဲ့ပေ။

" ကျွန်တော် .... လုညီမလေးကိုလည်း အိပ်မက်မက်ခဲ့တယ်" ရုတ်တရက် လီဟမ်ရှန်းက ပြုံးရောင်သန်းလာကာ သူ၏ စိတ်ထဲမှ စစ်မှန်သည့် ပျော်ရွှင်မှုကို ထုတ်ဖော်လာခဲ့သည်။

"သူမကို အိပ်မက်မက်တာလား" ရှမူဟိုင်က ရယ်ခဲ့သည်။ "မင်းက လူညစ်လေးပဲ။ မင်းအသက်ကို ဆုံးရှုံးရလု ဆဲဆဲဖြစ်နေတာတောင်မှ မိန်းကလေးတွေကို အိပ်မက်မက်ဖို့ စိတ်အခြေအနေရှိနေတုန်းပဲနော်"

လီဟမ်ရှန်းက ဘာမှမပြောသော်လည်း သူ့မျက်နှာပေါ်ရှိအပြုံးက ပျောက်ပျက်မသွားခဲ့ပေ။

သူက လုချောင်းချောင်းအား အိပ်မက်မက်ရုံသာမက သူမက သူ့ကိုနမ်းခဲ့သည်ဆိုသည်ကိုလည်း မပြောခဲ့ပေ။

ဤအကြောင်းအားတွေးရင်း လီဟမ်ရှန်းသည် မသိစိတ်အလျောက် သူ့နှုတ်ခမ်းဆီသို့ လက်လှမ်းလိုက်သည်။ ခံစားချက်က တကယ်အစစ်အမှန်လိုပင်။

ဒါက ချစ်ခြင်းခံစားချက်လား။

သူ၏ နှလုံးသားအား ‌မတည်ငြိမ်အောင်လုပ်နေပေသည်။

လီချန်ချင်းသည် သူ့သားသတိလည်လာသည်ကို တွေ့ပြီး သူ၏ စိတ်က လုံးဝ သက်သာရာရသွားခဲ့သည်။

သို့သော်လည်း လီချန်ချင်းသည် လီဟမ်ရှန်းအား အသိ‌မပေးခဲ့ပေ။ လီဟမ်ရှန်းနိုးလာသည့်မနက်၌ သူ့သားက ‌ပြန်ကောင်းလာသည်ကို အတည်ပြုပြီးသည်နောက်တွင် လီချန်ချင်းသည် ရှေးဟောင်းတာအိုတောင်နယ်မြေမှ ထွက်လာခဲ့ပြီး ချန်ထင်မြို့သို့ ပြန်လာခဲ့သည်။

ရက်အနည်းငယ် ရှာဖွေပြီးသည့်နောက်တွင် လီချန်ချင်းအား ရှေးဟောင်းတာ‌အိုတောင်နယ်မြေထဲ၌ ရှာမတွေ့တော့ဘဲ မူမမှန်တာ ဘာတစ်ခုမှ မဖြစ်ခဲ့တာကြောင့် နိုးကြားမှုက အတော်များများ လျော့နည်းသွားခဲ့သည်။

ဂိုဏ်းရှိ အင်အားကြီးသူများသည် ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့်သူက အစီအရင်အား တိတ်တဆိတ်ရှောင်ရှားကာ ရှေးဟောင်းတာအိုတောင်နယ်မြေမှ ထွက်သွားနိုင်မည်ဟု တွေးခဲ့ကြသည်။

အခြေအနေက လျော့ပါးလာသည်ကိုတွေ့ပြီး ရှမူဟိုင်သည် မူဟိုင်ဖုန်း၏ ဈေးဝယ်ထွက်သည့် ယုံကြည်စိတ်ချရသည့် တပည့်များထဲမှ တစ်ယောက်အား အထွေအထွေတပည့်တစ်ယောက်အဖြစ် အယောင်ဆောင်ထားသည့် လီချန်ချင်းအား သူနှင့်အတူခေါ်ဆောင်သွားပြီး ရှေးဟောင်းတာအိုတောင်နယ်မြေမှ ထွက်သွားစေခဲ့သည်။

လီချန်ချင်း ချန်ထင်မြို့သို့ ပြန်လာသည့်အချိန်၌ ညရောက်နေပြီဖြစ်သည်။

ရက်အတန်ကြာအောင် လီချန်ချင်းထံမှ သတင်းမကြားရသည့်အတွက် ယန်မိသားစုက စိုးရိမ်ပူပန်နေခဲ့ကြသည်။

လီချန်ချင်းပြန်ရောက်သည်နှင့် ယန်ပါးထောင်က သူ့အားတွေ့ရန် ရောက်လာခဲ့သည်။

"မဟာအကြီးအကဲ နောက်ဆုံးတော့ ပြန်လာပြီပဲ" ယန်ပါးထောင်ကပြောခဲ့သည်။ လီချန်ချင်း အဆင်ပြေသည်ကို တွေ့ပြီးသူက နောက်ဆုံးတော့ စိတ်သက်သာသွားခဲ့သည်။ ယခုတွင် လီချန်ချင်းသည် ယန်မိသားစု၏ ကျောထောက်နောက်ခံဖြစ်သည်။ သူမရှိဘဲ ကုန်သွယ်ရေး လုပ်ငန်းအား မကိုင်တွယ်နိုင်ပေ။

" ကျုပ်တောင်းပန်ပါတယ်။ ကျုပ်ခရီးရှည်ကြီးသွားခဲ့ရတာ" လီချန်ချင်းသည် ယန်ပါးထောင်အားပြောခဲ့သည် " မင်း ဘယ်အချိန်ကပြန်ရောက်တာလဲ"

" လွန်ခဲ့တဲ့ နှစ်ရက်ကပြန်ရောက်တာပါ" ယန်ပါးထောင်က လျင်မြန်စွာဖြေဆိုခဲ့သည်။ "မာစန်းထောင်ရဲ့ ခေါင်းကို ပို့လိုက်ပြီးတော့ ကျန့်ဟယ်ဌာနက ဆုငွေတွေပေးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းအသစ်အတွက် နေရာရွေးပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ပထမဆုံး ချန်ချင်းကုန်သွယ်ရေးက လုကျင်းမြို့မှာ ဖွင့်လှစ်ဖို့ အဆင်သင့်ပါပဲ

"လုကျင်းမြို့က ကောင်းပါတယ်" လီချန်ချင်းက ခေါင်းညိမ့်ခဲ့သည်။လုကျင်းမြို့က မင်ဟုန်ခရိုင်မှာ အကြီးဆုံးမြို့ပဲ။ ကျုပ်တို့ရဲ့ ကုမ္ပဏီက အဲ့ဒီမှာ ဖွင့်တယ်ဆိုကတည်းက အကောင်းဆုံးနေရာကို ရွေးချယ်လိုက်တာပဲ။အဲ့ဒါအပြင်ကို လုကျင်းမြို့က ပို့ဆောင်ဆက်သွယ်ရေးအဆင်ပြေပြီးတော့ မဟာယွမ်မင်းနေပြည်တော် နဲ့လည်း နီးတယ်။ကုန်သည်တွေက ကုန်ပစ္စည်းတွေရောင်းချဖို့ လုကျင်းမြို့ကို ခဏတိုင်းလာကြတယ်။ လူဦးရေလည်းများတယ်။ကျုပ်တို့သာ ကောင်းကောင်းလုပ်မယ်ဆိုရင် မကြာခင်မှာ ဒုတိယတစ်ခုကို ဖွင့်လို့ရမှာပဲ"

" မင်းက အားလုံးကို စီစဉ်ထားတာ။ မင်းမှာ စီးပွားရေးလုပ်တဲ့ အတွေ့အကြုံပိုရှိတာပဲ"

" ကျောက်ရီချိုးနဲ့ ပိုင်ကျင့်ဖေကိုလည်း ပူးပေါင်းခိုင်းလိုက်။ ကျုပ်တို့ လုပ်ငန်းရဲ့ ကုန်ပစ္စည်းတွေအတွက် ကုန်ပစ္စည်းလမ်းကြောင်းတစ်ခုရော ရှာတွေ့ပြီလား။ အားလုံးကို ဘယ်လိုစီစဉ်ထားလဲ"

လီချန်ချင်းသည် ဤအကြောင်းအားပို၍ စိုးရိမ်ပေသည်။

" မဟာအကြီးအကဲ ၊ စိတ်ချပါ ။ အားလုံးကို သေချာစီစဉ်ထားပါတယ်။ ပြီးတော့ အကြီးအကဲရဲ့ စီစဉ်မှုအရ ကျွန်တော်တို့လုပ်ငန်းက အသုံးပြုဖို့ လုံးဝ လုံလောက်တဲ့ မြေအောက်သိုလှောင်ခန်းတစ်ခုကိုလည်း လုကျင်းမြို့မှာ ချိတ်ဆက်ထားတယ်" ယန်ပါးထောင်သည် လီချန်ချင်းအား လေးလေးနက်နက်တင်ပြခဲ့သည်။

"ကောင်းတယ်"

" ကျန်တာတွေကို ကိုင်တွယ်လိုက်ပါဦး" လီချန်ချင်းက ပြောကာ အနားယူရန်ပြင်ဆင်နေခဲ့သည်။ သူကောင်းကောင်းအနားမယူရသည်မှာ ရက်အတော်ကြာခဲ့ချေပြီ။

" မဟာ အကြီးအကဲ အရင်ဆုံး အနားယူလိုက်ပါဦး" ယန်ပါးထောင်က ပြောကာ ထွက်သွားရန် ပြင်ဆင်နေခဲ့သည်။

"ခဏ"

ရုတ်တရက် လီချန်ချင်းသည် ယန်ပါးထောင်အား ခေါ်ခဲ့သည်။ " အခုလတ်တလော ချန်ထင်မြို့မှာ ကံကြ‌မ္မာဟောတဲ့သူ ရှိလား။ သူ့နာမည်က အဘိုးကြီးလော လို့ခေါ်တယ်" သူပြန်ရောက်ကတည်းက လီချန်ချင်းသည် ချန်ထင်မြို့ ပတ်ပတ်လည်ကို လှည့်လည်သွားလာခဲ့ပြီး အရင်က လက်ဖက်ရည်သောင်ခဲ့သည့် လက်ဖက်ရည်ဆိုင်လေး၌ပင် စောင့်နေခဲ့သော်လည်း လူအိုကြီးလော၏ အရိပ်အယောင်ကို မမြင်ခဲ့ရပေ။

လီချန်ချင်းသည် လူအိုကြီးလောအား ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်ခဲ့ပေသည်။

သူသာ မပြောခဲ့ပါက သူ့သားကအန္တရာယ်ကျရောက်နေသည်ကို သိလိမ့်မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် လီချန်ချင်းသည် လူအိုကြီးလော က တကယ်ပဲမည်သူလဲဆိုသည်ကို အမှန်ပင် သိချင်နေခဲ့သည်။

သူ၏ ကံကြမ္မာဟောခြင်းက အရမ်းကိုတိကျပေသည်။

ထိုလူ၌ ပြောင်မြောက်သည့် အစွမ်းတစ်ခုခု ရှိရပေမည်။

လီချန်ချင်သည် လူအိုကြီးလောအား သူ့အတွက်လည်း ကံကြမ္မာဟောပေးစေချင်ခဲ့သည်။

ထို့အပြင် လူအိုကြီးလောသည် လီဟမ်ရှန်း၏ အမေအကြောင်း သိထားပုံပေါ်လည်း သူ့အားကြည့်ရသည်မှာ ဤကိစ္စအား အလွန်သတိထားနေသကဲ့သို့ပင်။ လီချန်ချင်းသည် လူအိုကြီးလောမှ တစ်ဆင့် လီဟမ်ရှန်း အမေ၏ အခြေအနေကို သိချင်ပေသည်။

ဖြစ်နိုင်တာကတော့ လီဟမ်ရှန်းရဲ့ အမေက လီချန်ချင်းကို ချစ်မိသွားတဲ့ မိသားစုကြီးတစ်ခုက မျက်ရှုပုလဲလေးဖြစ်ပြီး သူနဲ့ ခိုးရာလိုက်ပြေးခဲ့ကြပြီး လီဟမ်ရှန်းကို မွေးခဲ့ပြီးတော့ နောက်ဆုံးမှာ မိသားစုကြီးက ပြန်ရှာတွေ့သွားတာခဲ့တယ်။ အဆုံးမှာ လီဟမ်ရှန်းရဲ့ အမေက သူတို့ကိုကာကွယ်ရင်း သေသွားပြီးတော့ မိသားစုကလည်း ပြန်သွားခဲ့ကြ‌လေသည်။

ဒီလိုမျိုး ဇာတ်လမ်းဆန်ဆန် ဇာတ်ကြောင်းမျိုးလား။

ဒါပေမယ့်လည်း ဖြစ်နိုင်ချေမရှိပေ။

တကယ်လို့ သူမက ပုန်းကွယ်နေတဲ့မိသားစုက မျက်ရှုပုလဲလေးဆိုရင် သူမရဲ့သားက ဘယ်လိုလုပ် အရည်အချင်းမရှိဖြစ်နိုင်မှာလဲ။

လီချန်ချင်း၏ မေးခွန်းအား နားထောင်ပြီးသည့်နောက်တွင် ယန်ပါးထောင်က ပြောခဲ့သည်။"မနက်ဖြန်ကျရင် စုံစမ်းဖို့ လူလွှတ်လိုက်ပါ့မယ်"

" ကောင်းပြီ ၊ သွားတော့ " လီချန်ချင်းသည် စကားပြောပြီးသည့်နောက်တွင် သူသည်လည်း အနားယူခဲ့တော့သည်။

ညသန်းခေါင်ကျော်အချိန်၌။

"စီနီယာ....."

ညင်သာသည့် ခေါ်သံတစ်ခု။

လီချန်ချင်းသည် သူ့ကိုယ်သူအား သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ထဲ၌ ပြန်တွေ့ခဲ့ရပြီး သူ့အား စောင့်နေသည့် လုချောင်းချောင်းအား တွေ့ခဲ့သည်။

"မတွေ့ရတာကြာပြီနော်" လုချောင်းချောင်းအားတွေ့သည်နှင့် လီချန်ချင်းက ပြောခဲ့သည်။ "ငါ မင်းကို ရက်တွေအများကြီး စောင့်နေခဲ့တာ။ မင်းက ရောက်မလာခဲ့ဘူး။ မင်း အန္တရာယ်တစ်ခုခုတွေ့နေတာလားလို့ ငါသိချင်နေခဲ့တာ"

"ပန်းချီရတနာကို တစ်ခါသုံးပြီးတာနဲ့ ကျွန်မ အချိန်အကြာကြီး အနားယူဖို့လိုအပ်တယ်။ အဲ့တာကို ဆက်တိုက်အသုံးမပြုနိုင်ဘူး" လုချောင်းချောင်းသည် ခေါင်းယမ်းကာပြောခဲ့သည်။ "အဆုံးမဲ့ည ရှေးဟောင်းနန်းတော်က လူတွေကလည်း ကျွန်မကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေကြတာ။ အခွင့်အရေးရှာဖို့ မလွယ်ဘူး။ စီနီယာ ကို စိတ်ပူစေတဲ့အတွက် တောင်းပန်ပါတယ်"

" မင်းအဆင်ပြေတယ်ဆိုရင် ကောင်းပါတယ်" လီချန်ချင်းက ခန့်မှန်းခဲ့သည်။ "‌အဆုံးမဲ့ည ရှေးဟောင်းနန်းတော်မှာ မင်းအတွက် လွယ်ကူတဲ့ အချိန်ရှိမှာမဟုတ်ဘူးလို့ ငါထင်တယ်။မင်းအရင်ကပြောပုံအရဆိုရင် မင်းရဲ့ ချီရှန်းအမိန့်ပြားက အရမ်းအရေးကြီးတယ်ဆိုတော့ စန်းယွမ်နယ်မြေမှာ မင်းရဲ့ အသက်ကို လိုချင်နေတဲ့လူတွေ အများကြီးရှိမှာ။ မင်း သေချာ ဂရုစိုက်ရမယ်"

" စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံ က ကျွန်မကိုကောင်းကောင်းဂရုစိုက်ပါတယ်" လုချောင်းချောင်းက ပြုံးကာ "အဆုံးမဲ့ညရှေးဟောင်းနိုင်ငံမှာ ကျွန်မကို ကာကွယ်ပေးတဲ့သူက မူလအဆင့်အထွတ်အထိပ်ကို ရောက်နေတဲ့ အကြီးအကဲဟောင်းတစ်ယောက်ပါ"

ဤသည်ကိုကြားပြီး လီချန်ချင်းမျက်လုံးပြူးသွားခဲ့သည်။

မူလအဆင့်အထွတ်အထိပ်အဆင့် !

‌စန်းယွမ်နယ်မြေတစ်ခုလုံး၌ ရှားပါးသည့် ဖြစ်တည်မှုတစ်ခု‌ဖြစ်သည်။ မြေကမ္ဘာအင်မော်တယ်အဆင့် ပေါ်ထွက်မလာပါက မူလအဆင့်အား မကျော်လွှားနိုင်ပေ။

အဆုံးမဲ့ညရှေးဟောင်းနိုင်ငံ က တကယ် သဘောထားကြီးပေသည်။

ဒီလို အစွမ်းထက်တဲ့ လူမျိုးက လုချောင်းချောင်း ကို ကာကွယ်ဖို့တဲ့။

လီချန်ချင်းသည် အလွန် မနာလိုကာ သွားရည်ကျနေခဲ့သည်။တကယ်လို့ သူ့သားရဲ့ အစောင့်အရှောက်က မူလအဆင့်အထွတ်အထိပ်အဆင့် သန်မာတဲ့လူတစ်ယောက်ဆိုရင် အနာဂါတ်မှာ ဘာကို စိုးရိမ်နေရမှာလဲ။

မြေကမ္ဘာအင်မော်တယ်အဆင့် ကိုယ်တိုင်ရောက်မလာသရွေ့ သူ့သားရဲ့ ခေါင်းပေါ်က ဆံပင်ကိုတောင် ဘယ်သူက ထိခိုက်အောင်လုပ်နိုင်မှာလဲ။

" စီနီယာ ဘာဖြစ်လို့လဲ" လုချောင်းချောင်းသည် လီချန်ချင်း၏ အကြည့်က အနည်းငယ်မှားနေသည်ကို ခံစားခဲ့ရသည်။ မနာလိုတဲ့ အရိပ်အယောင်လား.....

" ဒါနဲ့ ဒီရက်တွေမှာ အစ်ကိုဟမ်ရှန်း ဘယ်လိုနေလဲ" လုချောင်းချောင်းသည် လီဟမ်ရှန်း၏ လတ်တစ်လောအခြေအနေအား အမြန်မေးလာခဲ့သည်။

" သူက သေဘေးကနေသီသီလေးလွတ်လာပြီးတော့ အသက်သေဆုံးလုနီးပါးပဲ" လီချန်ချင်းက အမှန်အတိုင်းပြောပြခဲ့သည်။

" ဘယ်လို ? ဘာဖြစ်တာလဲ?" လုချောင်းချောင်သည် ထိတ်လန့်သွားကာ သူမ၏ မျက်နှာက စိုးရိမ်မှုဖြင့်ပြည့်နှက်လာခဲ့သည်။ "အခုရော ၊ အစ်ကိုဟမ်ရှန်း အဆင်ပြေရဲ့လား"

"စိတ်မပူပါနဲ့ သူအခုကောင်းသွားပါပြီ" လီချန်ချင်းသည် သူမအား လီဟမ်ရှန်းဖြစ်ခဲ့သမျှ တစ်ခုမကျန် အကုန်ပြောပြခဲ့သည်။

"ထာဝရရှင်သန်ခြင်းဂိုဏ်း ?"

လုချောင်းချောင်း၏ အကြည့်သည်လည်း အတွေးနက်နေကာ " ဒီနာမည်ကို မကြာသေးခင်က ကြားဖူးတယ်"

"မင်းလည်း ကြားဖူးတာလား" လီချန်ချင်းက မေးခဲ့သည်။ "မင်းဘယ်လောက်ထိသိထားလဲ"

"ကျွန်မအများကြီးမသိပါဘူး။ ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ အစွမ်းထက်‌တဲ့လူတွေအများကြီးရှိတယ်ဆိုတာပဲသိထားတယ်။ သူတို့က လျှို့ဝှက်ဆန်းကြယ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလင်းလင်းမရှိဘူး။ ဒါပေမယ့် သူတို့က အတော်ကြာကြာကတည်းက ပျောက်ကွယ်သွားပြီဖြစ်တဲ့ တစ္ဆေမျိုးနွယ်စု နဲ့ ဆက်စပ်နေတယ်။ သူတို့က လူသားမျိုးနွယ်အင်အားစု‌တွေ နဲ့ စန်းယွမ်နယ်မြေက အင်အားစုအသီးသီးထဲမှာ သူလျှိုတွေထည့်ထားပြီးတော့ တခြားသူတွေကို သူတို့အတွက် အလုပ်လုပ်ပေးဖို့ ထူးခြားတဲ့ နည်းလမ်းတစ်ခုနဲ့ ထိန်းချုပ်နေတာ"

"အဆုံးမဲ့ညရှေးဟောင်းနိုင်ငံက အဲ့ဒီ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ တည်ရှိမှုကို မကြာသေးခင်ကမှ သိသိသာသာ သတိထားမိခဲ့ကြတာ။ စီနီယာပြောတဲ့ 'ပုံရိပ်ယောင်ကမ္ဘာ' မျက်လုံးနဲ့ ပုဂ္ဂိုလ်ကိုတော့ ကျွန်မလည်း သူမကိုသိတယ်"

" အဲ့ဒီလူက ယွင်ဟွမ် ကျီ မိသားစုက ကျီမိသားစုရဲ့ ဒုတိယသခင်လေးက အရက်မူးပြီးတော့ မွေးလာတဲ့ ကျီမိသားစုက အိမ်စေရဲ့ သမီး ၊ ကျီချင်းကျယ်ပဲ"

" အစတုန်းက ကျီမိသားစုက သူမကို အသိအမှတ်မပြုခဲ့ကြပေမယ့် ကျီချင်းကျယ် အသက်သုံးနှစ်အရွယ်မှာ သူမရဲ့ 'ပုံရိပ်ယောင်ကမ္ဘာ'မျက်လုံးက နိုးထလာခဲ့ပြီး သူမရဲ့ ကျင့်ကြံခြင်းအရည်အချင်းက သာမန်ဖြစ်ပြီး သူမရဲ့ကျင့်ကြံဆင့်က မမြင့်မားတာတောင်မှ သူမက ကျီမိသားစုထဲမှာ အဲ့ဒီမျက်လုံးတွေနဲ့ အခိုင်အမာရပ်တည်နေနိုင်ခဲ့တာ"

" အဲ့ဒီ ကျီချင်းကျယ်က ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ ပူးပေါင်းထားတာဖြစ်ရမယ်" လုချောင်းချောင်း က စိစစ်နေခဲ့သည်။

လီချန်ချင်းသည် လုချောင်းချောင်းပြောသည့် အချက်အလက်များအား မှတ်သားနေခဲ့သည်။

သူသည် အချက်အလက်အားလုံးအား သူ၏စိတ်ထဲ၌ သိမ်းထားခဲ့ပြီး ဆက်တိုက်ဦးနှောက်ခြောက်မခံနိုင်တော့ပေ။ တစ်ယောက်ည်းက တခြားသူတွေနဲ့ ပြဿနာမရှာပေမယ့် တခြားသူတွေက ကိုယ်ကိုယ်တိုင်ပြသနာရှာကြပေသည်။ လူတစ်ယောက်သည် သူ၏ အသက်အား မည်သူက အန္တရာယ်ဖြစ်စေသည်ကို လုံးဝမသိပါက တစ်နေ့၌ သူ့သားက မရေရာမှုများထဲ၌ ပျောက်ဆုံးသွားပေလိမ့်မည်။

"စီနီယာ လီချန်ချင်း ဒီကိစ္စကို နောက်ကျရင် ကျွန်မစုံစမ်းလိုက်ပါ့မယ်။ ထာဝရရှင်သန်ခြင်းဂိုဏ်းအကြောင်း သတင်းရတဲ့အခါကျရင် စီနီယာကို အကြောင်းကြားပေးပါ့မယ်" လုချောင်းချောင်းက ‌အလေးအနက်ပြောခဲ့သည်။

"ကောင်းပါပြီ ၊ မင်းရဲ့ အကူအညီကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်းရဲ့ လုံခြုံရေးကိုလည်း သေချာအောင်လုပ်ရမယ်။ မင်း ဘာပြဿနာမှ ကြုံလို့မရဘူး" လီချန်းချင်းသည် စိုးရိမ်စွာပြောခဲ့သည်။

" ကျွန်မကိုယ်ကျွန်မ ကာကွယ်ပါ့မယ်။ ဒါပေမယ့် သူတို့က အစ်ကို ဟမ်ရှန်းကို ထိခိုက်စေတာမို့လို့ သူတို့ကို တိုက်ခိုက်မှာပဲ" လုချောင်းချောင်းသည် ဒေါသတကြီးဖြင့်ပြောခဲ့သည်။

ထာဝရရှင်သန်ခြင်းဂိုဏ်းက လီဟမ်ရှန်းအား သတ်လုနီးနီးဖြစ်ခဲ့သည်ကို ကြားပြီးသည့်နောက်တွင် လုချောင်းချောင်းသည် သူမ၏ စိတ်ထဲ၌ ထာဝရရှင်သန်ခြင်းဂိုဏ်းအား သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်သည်။

ဤသည်ကို ပြောပြီးသည့်နောက်တွင် လုချောင်းချောင်းသည် စဉ်းစဉ်းစားစားပြောလာခဲ့သည်။ "စီနီယာ လီချန်ချင်း ကျွန်မအစ်ကိုဟမ်ရှန်းဆီကို စာရေးချင်တယ်။ အဲ့တာ ကျွန်မကို ကူညီပြီးတော့ သူ့ဆီကိုပို့ပေးနိုင်မလား သိချင်ပါတယ်"

"ငါပို့ပေးနိုင်ပါတယ် ၊ ဒါပေမယ့် ....." လီချန်ချင်းသည် အပြုံးဖြင့်ပြောခဲ့သည်။ "ဟမ်ရှန်းက မင်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကို ခေါ်သွားခံရတာကို သိတယ်လေ။ တကယ်လို့ ငါက ရုတ်တရက် သူ့ဆီကို အမည်မဖော်လို‌တဲ့စာတစ်စောင်ရေးမယ်ဆိုရင် သူက ယုံကြည်မှမဟုတ်ဘူး။ မင်းဘာလို့ ငါ့ကို မင်းတို့နှစ်ယောက်ကြားထဲက ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ်မပြောပြတာလဲ။ ငါအဲ့တာတွေကို စာထဲမှာထည့်ရေးလိုက်မယ်။ ဒါဆိုရင် ဟမ်ရှန်းက အဲ့ဒီစာကို မင်းဆီကလို့ ယုံကြည်လိမ့်မယ်"

"ကောင်းပါပြီ" လုချောင်းချောင်းက သိတ်အနှောင့်အယှက်မဖြစ်ပေ။ သူမသည် လီချန်ချင်း၏ တောင်းဆိုမှုအား သံသယမရှိပေ။

ထို့နောက် လုချောင်းချောင်းသည် သူမဂိုဏ်းသို့ဝင်ရောက်လာပြီးသည့်နောက်တွင် လီဟမ်ရှန်းနှင့် မည်သို့ ပထမဆုံးတွေ့ဆုံခဲ့ပုံနှင့် အခြားအကြောင်းအရာများအား အေးအေးဆေးဆေးပြန်ပြောပြခဲ့သည်။

သက်ဆိုင်ရာ နေရာများစွာအား ပြောပြသည့်အခါ၌ လုချောင်းချောင်းသည် ထိုအချိန်က ပျော်ရွှင်မှုအား ပြန်လည်အမှတ်ရနေသကဲ့သို့ သိနားလည်သည့်အပြုံးတစ်ခုကို ပြုံးပြလာခဲ့သည်။

လီချန်ချင်းသည် အလွန် ဂရုတစိုက်နားထောင်နေခဲ့ပြီး အရူးကဲ့သို့ စိတ်ဖြင့် လိုက်မှတ်နေခဲ့သည်။

လီဟမ်ရှန်း ပြောခဲ့တာတွေ ၊ အိမ်မှာ ဖြစ်ခဲ့တာတွေ ၊ သူဘာတွေဖြစ်ခဲ့တယ်ဆိုတာတွေ ၊ သူကလေးဘဝတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာတွေ။

လီချန်ချင်းသည် သူလျှိုတစ်ယောက်ကဲ့သို့ အားလုံးကို မှတ်သားနေခဲ့သည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် သူတို့၏ တွေ့ဆုံမှု နှင့် ဂိုဏ်းအတွင်း၌ တစ်‌ဦးနှင့်တစ်ဦး သိရှိခဲ့ကြသည့် အပိုင်းအစများကို နားထောင်ပြီး လီချန်ချင်းသည်လည်း ခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။

ငယ်ရွယ်မှုက အံ့ဩစရာကောင်းပေသည်။

ဒါပေမယ့်လည်း ဒီ‌ဦးနှောက်မရှိတဲ့ ကောင်လေးက သူ့ကိုသူ အရမ်းအပြစ်တင်နေတာပဲ။

သဘောကျတဲ့သူကို တွေ့တာတောင်မှ ဝန်ခံဖို့ သတ္တိမရှိခဲ့ဘူး။

သို့သော်ငြားလည်း လီချန်ချင်းသည် နားလည်ခဲ့ပေသည်။ သူ့လို ပျက်စီးနေတဲ့ အဖေတစ်ယောက်နဲ့ ဒီလို မိသားစုဘဝနဲ့ လီဟမ်ရှန်းက ဘယ်နေရာကနေ ယုံကြည်မှုရမှာလဲ။

အကယ်၍ သူက တခြားတစ်ယောက်ရဲ့ ဘဝကို ‌ပျော်ရွှင်မှုယူလာမပေးနိုင်ရင် တိတ်တိတ်နေတာကလည်း ချစ်ရသူကို ဆင်းရဲတွင်းထဲကို မဆွဲချမယ့် ကာကွယ်မှုတခုပဲလေ။

သတိမမူမိစွာဖြင့် အရုဏ်တက်လုနီးနီးရှိနေပြီဖြစ်သည်။

လုချောင်းချောင်း၏ နတ်ဘုရားစိတ်ဝိဉာဉ်သည် ကြာကြာမရှိနိုင်တော့ဘဲ နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့သည်။

လီချန်ချင်းသည်လည်း အိပ်ချင်ပြေသွားခဲ့သည်။ အိပ်ယာထပြီးနောက်တွင် သူသည် ပထမဆုံး လုချောင်းချောင်းပြောခဲ့သည့် လီဟမ်ရှန်းအကြောင်းအရေးကြီးသည့်အချက်အလက်များကို ချရေးပြီး‌ သေသေချာချာ မှတ်စုထုတ်ကာ လုချောင်းချောင်း၏ တောင်းဆိုချက်အရ လီဟမ်ရှန်းဆီသို့ စာတစ်စောင်ရေးခဲ့သည်။

အားလုံးပြီးသည့် နောက်တွင် လီချန်ချင်းသည် မနက်စာစားရန်အတွက် ထွက်လာခဲ့ပြီး လူအိုကြီးလောနှင့် ထပ်တွေ့နိုင်မလားဟု သူ၏ ကံကို စမ်းကြည့်ချင်ခဲ့ပေသည်။

အကယ်၍ လူအိုကြီးလောက လီဟမ်ရှန်း၏ အမေအကြောင်း ပြောရန် ဆန္ဒမရှိလျှင် ကိစ္စမရှိပေ။ သူသည် သူ့သားက နောက်ထပ်အန္တရာယ်တွေ့ဦးမလားဆိုသည်ကို တွက်ချက်ရန် မေးနိုင်ပေသည်။

ထို့နောက် သူသည် သူ့အားကူညီကာ သူရေးထားသည့် စာအားပြန်ကူးရေးပေးမည့် လမ်းပေါ်မှ လူတစ်ယောက်ကို ရှာဖွေရပေလိမ့်မည်။

သူရေးထားသည့်စာအား ဒီအတိုင်း ပေးလိုက်ပါက လီဟမ်ရှန်းသည် သူ၏ လက်ရေးအား မှတ်မိပေလိမ့်မည်။

သူ့သားက သူ့၌ ထူးခြားသည့် အစွမ်းအချို့ ရှိနေသည်ဟု သံသယမဖြစ်စေချင်ပေ။

All Chapters