← Chapters

ထမင်းတစ်နပ်ရဲ့ တန်ဖိုး

Vol. 10 Ch. 99

ထမင်းတစ်နပ်ရဲ့ တန်ဖိုး

Vol. 10 Ch. 99

လီချန်ချင်းသည် လမ်းပေါ်သို့ ထွက်လာခဲ့ပြီး ဝေးဝေးမသွားရသေးခင်မှာပင် ခပ်ဝေးဝေး၌ ရန်ပွဲတစ်ခုဖြစ်နေပြီး စုရုံးနေကြသည့် လူအုပ်ကြီးကို တွေ့ခဲ့သည်။ ရုတ်ရုတ်သဲသဲဖြစ်သည့်အကြောင်းအား စပ်စုရန် သူသည် သူ၏လမ်းကြောင်းကို လူအုပ်ကြီးအား ဖြတ်၍ လျောက်လာရာ လမ်းတစ်ဖက်ရှိ ပေါက်စီဆိုင်တစ်ဆိုင်မှ ဆိုင်အကူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်နေသည်ကိုသာ တွေ့ခဲ့သည်။

"ကလေးတွေက အလကားစားတာလား"

" ပြီးတော့ မင်းက ပေါက်စီဗန်းတစ်ခုလုံးကိုလည်း မြေကြီးပေါ်ကို မှောက်ပစ်တယ်။ ခင်ဗျားမှာ ပိုက်ဆံမရှိဘူးလို့ ပြောတာနဲ့ ဖြေရှင်းလို့ရမယ်ထင်နေတာလား။ ကျုပ်ပြောမယ်။ ဒီနေ့ ခင်ဗျား ပိုက်ဆံမပေးနိုင်ရင် ထွက်သွားဖို့တောင်မစဉ်းစားနဲ့။ ခင်ဗျား ဒီနေရာမှာ ညစာစားပြီး လစ်ပြေးနိုင်မယ်လို့ ထင်နေတာလား။ ဒါက ဘယ်သူ့ရဲ့ စီးပွားရေးလဲ ခင်ဗျားသိရဲ့လား"

ဆိုင်အကူအချို့သည် လူနှစ်ယောက်အား ရန်လိုစွာ ဝိုင်းထားကြသည်။

သူတို့ထဲက တစ်ယောက်က ပိန်ပါးကာ ထူးထူးဆန်းဆန်း သားမွှေးကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။ သူ့နောက်၌ သူ၏ခါးအား ဖက်ထားသည့် မိန်းကလေးတစ်ယောက်ရှိကာ သူမ၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှုများ ထင်ဟပ်နေခဲ့သည်။

ထိုလူ၏ ပုံစံက အလွန်သာမန်ဖြစ်ကာ သူ၏မျက်နှာပေါ်၌ ခက်ခဲသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။ ဆိုင်အကူများက သူ၏ ရင်ဘတ်အား တလိမ့်တုံးဖြင့် ထိုးနေခဲ့သော်လည်း သူက မရှောင်ခဲ့ပေ။

"ကျုပ်အလုပ်လုပ်ပြီး အကြွေးပြန်ဆပ်နိုင်တယ်" ထိုလူက အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ပြော‌လာခဲ့သည်။

"အလုပ်လုပ်မယ်" ဆိုင်အကူများက သရော်ခဲ့သည်။ "ကျုပ်တို့က ခင်ဗျားရဲ့ အကူအညီလိုမှာလား"

"အဓိပ္ပါယ်မရှိတာတွေပြောနေတာတော်တော့။ တကယ်လို့ မပေးနိုင်ဘူးဆိုရင် ခင်ဗျားရဲ့ဓားကိုထားခဲ့။ အဲ့တာက တန်ဖိုးရှိပုံရတယ်" ဆိုင်အကူတစ်ယောက် ကပြောခဲ့သည်။ သူ၏ မျက်လုံးက ထိုလူ၏ခါး၌ ချိတ်ဆွဲထားသည့် အပြာရောင်ဓားအိမ်နှင့် ဓားအပေါ်တွင် လောဘကြီးစွာ စိုက်ကြည့်နေခဲ့သည်။

"မဖြစ်နိုင်ဘူး" ထိုလူက အခိုင်အမာ ငြင်းဆိုခဲ့သည်။

"ဓားကိုထားခဲ့မလား ၊ ပိုက်ဆံပေးမလား။ ရှင်းရှင်းလေးပါ" တခြားဆိုင်အကူက ဝင်ပြောလာခဲ့သည်။

ဘေးမှကြည့်ရှုသူများက ဒီမြင်ကွင်းကို သဘောကျနေကြပေသည်။ သူတို့၏ ပြောစကားများအရ လီချန်ချင်းသည် အဖြစ်အပျက်ကိုနားလည်ခဲ့သည်။ ထိုလူအနောက်မှ ‌ကလေးမလေးက ဗိုက်အရမ်းဆာတာကြောင့် ဆိုင်မှ ပေါင်မုန့်တစ်ချို့ခိုးရန်ကြိုးစားခဲ့ပေသည်။ဆိုင်အကူတွေက သူမကိုတွေ့တဲ့အခါမှာ သူမကိုဖမ်းဖို့ကြိုးစားကြမယ်။ သူမက ခြေဦးတည့်ရာလျောက်ပြေးရင်းနဲ့ ပေါက်စီဗန်းတစ်ခုလုံးကို မြေကြီးပေါ်ကို တိုက်ချခဲ့ပေသည်။

"ပေါက်စီဖိုးပိုက်ဆံပေးမယ်"

ဖြစ်ပျက်နေသည်အား နားလည်ပြီးသည့်နောက်တွင် လီချန်ချင်းသည် ရှေ့သို့ ထွက်လာခဲ့သည်။ သူသည် သူတို့နှစ်ယောက်အားမသိပေမယ့်လည်း ထိုလူသည် သူ့သမီးအား ထိုလူများ ထိတွေ့ခြင်းမှ ကာကွယ်နေခဲ့သည်ကို တွေ့ခဲ့ရသည်။

အလျင်မီအောင်ရုန်းကန်နေရသည့် နောက်ထပ် အဖေတစ်ယောက်ပင်။

ပေါက်စီတစ်ခြင်းသာလျှင်ဖြစ်သည်။ လီချန်ချင်းသည် ဤသည်ကို မျင်မြင်တွေ့ခဲ့သောကြောင့် သူသည် ကူညီဖို့ရာအတွက် ဆုံးဖြတ်ခဲ့သည်။

"ပန်းချီဆရာ လီ?"

ဆိုင်အကူများသည် လီချန်ချင်းက ဤကဲ့သို့ အရေးမပါသည့်ကိစ္စတစ်ခုအား ဝင်ပါသည်ကိုတွေ့ပြီး အံ့ဩနေခဲ့ကြသည်။

လီချန်ချင်းရှေ့ထွက်လာသည့်အခါ၌ ထိုလူသည်လည်း သူ့အားမော့ကြည့်ကာ အံ့ဩသွားပုံပင်။

စကားတစ်ခွန်းမှမပြောဘဲ လီချန်ချင်းသည် ဆိုင်အကူတစ်ယောက်အား ငွေဒင်္ဂါးတစ်ပြားကို ပစ်ပေးလိုက်ပြီး ကိုးရိုးကားယားဖမ်းခဲ့ရသည်။

" အဲ့တာက ပေါက်စီတွေအတွက် လောက်လား။ ပြီးတော့ ဒီသားအဖအတွက် ပေါက်စီတစ်ချို့ ပြင်လာခဲ့" လီချန်ချင်းက မှာကြားခဲ့သည်။

"ကောင်းပါပြီ ၊ ကောင်းပါပြီ ။ ဒါက လုံလောက်တာထက်ပိုပါတယ်"

ငွေဒင်္ဂါးတစ်ပြားက ပေါက်စီဆယ်ခြင်းဝယ်နိုင်ပေသည်။ ဆိုင်အကူ၏မျက်နှာ၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"ကျေးဇူး" စကားနည်းပုံရသည့်ထိုလူသည် ထိုစကားနှစ်လုံးကို ဖျစ်ညစ်ပြောလာခဲ့သည်။

"ကျေးဇူးတင်ပါတယ် ဦးလေး" ထိုလူ၏ အနောက်၌ ပုန်းနေသည့် ကလေးမလေးသည်လည်း ချောင်းကြည့်လာခဲ့သည်။ သူမ၏မျက်နှာက အနည်းငယ်ညစ်ပတ်နေသော်လည်း သူမ၏မျက်လုံးများကအလွန်တောက်ပပေသည်။ သူမက နည်းနည်းရှက်နေပုံရသည်။

"အသက်ဘယ်လောက်ရှိပြီလဲ"

လီချန်ချင်းသည် ဆောင့်ကြောင့်ထိုင်ချကာမေးခဲ့သည်။

"ငါးနှစ်" ကောင်မလေးက တိုးတိုးလေးဖြေလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ဆိုင်အကူတစ်ယောက်သည် ဆီစိမ်စက္ကူနှင့်ထုပ်ထားသည့် ပေါက်စီတစ်ထုပ်ဖြင့် ပြန်ထွက်လာကာ လီချန်ချင်းအား ကမ်းပေးခဲ့သည်။

လီချန်ချင်းသည် ပေါက်စီများကို ယူခဲ့ပြီး ထိုလူထံသို့ ကမ်းပေးရင်း ပြောနေခဲ့သည်။ "ယူလိုက်ပါ။ ခင်ဗျားရဲ့ကလေးက ဗိုက်ဆာနေပြီးတော့ ခင်ဗျားလည်း ဆာနေမှာပဲ"

လီချန်ချင်းကမ်းပေးသည့် ပေါက်စီပူပူများကိုကြည့်ပြီး ထိုလူက တစ်ခဏမျှတုံ့ဆိုင်းနေခဲ့သည်။သို့သော်လည်း ကလေးမလေးက သူ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ပေါက်စီများအား သိသိသာသာ မျှော်လင့်နေသည်ကို ခံစားခဲ့ရသည်။

"ကျေးဇူး" ထိုလူသည် စကားနှစ်ခွန်းကိုသာ ထပ်ပြောလာခဲ့သည်။

"စားပါ" သူသည် ဆီစိမ်စက္ကူထဲမှ ပေါက်စီတစ်လုံးကို ယူကာ ကလေးမလေးဆီသို့ လှမ်းပေးခဲ့သည်။

အရမ်းစားချင်နေသည့် ကလေးမလေးသည် သူမ၏ညစ်ပတ်နေသည့်လက်များကို ဂရုမစိုက်နိုင်ဘဲ အငမ်းမရစတင်စားခဲ့တော့သည်။

သူမက အချိန်အတော်ကြာအစာမစားခဲ့ရသကဲ့သို့ စားခဲ့သည်။

ဤသည်ကို‌တွေ့ပြီး လီချန်ချင်းသည် ညင်သာစွာ သက်ပြင်းချခဲ့သည်။

သူက လက်လှမ်းလိုက်ပြီး ကလေးမလေး၏ ခေါင်းကို ပုတ်ပေးခဲ့သည်။

" နောင်ကျရင် မခိုးရဘူးနော်။ဟုတ်ပြီလား" လီချန်ချင်းသည် စိတ်ရှည်လက်ရှည် ပြောပုနေခဲ့သည်။ "မင်းရဲ့အဖေနဲ့ပဲနေ။ ကိစ္စတွေက ပိုပြီးကောင်းမွန်လာလိမ့်မယ်"

ကလေးမလေးသည် ခေါင်းညိမ့်ခဲ့သော်လည်း အပြည့်အဝနားမလည်ခဲ့ပေ။

"ကျုပ် အခု သွားရတော့မယ်။ ကျုပ်တို့ ထပ်တွေ့ကြတာပေါ့" လီချန်ချင်းသည် ထိုလူအားတစ်ချက်ကြည့်ကာ ပြောခဲ့သည်။

ထိုလူက ဘာမှမပြောဘဲ လီချန်ချင်းအား ခေါင်းသာညိမ့်ပြခဲ့သည်။

ကောင်မလေးက ပေါက်စီကို စားနေရင်း အဝေးကိုထွက်သွားသည့် လီချန်ချင်းအားကြည့်နေခဲ့သည်။

အစက သူသည် သနားစရာသားအဖအား ငွေဒင်္ဂါးအချို့ ပေးချင်ခဲ့သည်။ လီချန်ချင်းသည် တွေးကြည့်ပြီးသည့်နောက်တွင် သူသည် ထို စိတ်ကူးအားလက်လျော့ခဲ့သည်။

ကမ္ဘာကြီးထဲ၌ သူတို့ကဲ့သို့ သူများစွာရှိပြီး သူက အားလုံးကို မကယ်တင်နိုင်ပေ။

လူတိုင်း၌ သူတို့၏ ကိုယ်ပိုင်ကံကြမ္မာရှိကြပေသည်။

အစားအစာထောက်ပံ့ခြင်းက လုံလောက်နေပြီဖြစ်သည်။

လမ်းတစ်လျောက်လှည့်လည်သွားလာပြီးသည့်နောက်တွင် လီချန်ချင်းသည် လူအိုကြီးလော၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ပေ။ထို့နောက် သူသည် လမ်းဆုံလမ်းခွ၌ လူများအား ကူညီပြီးစာရေးပေးသည့် သူတစ်ယောက်ကိုတွေ့ခဲ့သည်။

လီချန်ချင်းသည် သူရေးထားသည့်စာကို ထုတ်ပြီး တစ်စောင်ကူးရေးခဲ့သည်။

ထို့နောက် သူသည် စန်းယွမ်ပို့ဆောင်ရေးဌာနသို့ နောက်တစ်ခေါက်သွားကာ ရှေးဟောင်းတာအိုတောင်နယ်မြေရှိ လီဟမ်ရှန်းဆီသို့ အမည်‌မဖော်လိုသည့် စာတစ်စောင်ပေးပို့ခဲ့သည်။

ထိုတာဝန်များအားလုံးပြီးဆုံးသည့်နောက်တွင် လီချန်ချင်းသည် ယန်မိသားစုစံအိမ်ဆီသို့ ပြန်လာခဲ့သည်။

သို့သော်လည်း ယန်မိသားစုစံအိမ်ဝင်ပေါက်သို့ ရောက်သည့်အခါတွင် ထိုသားအဖကိုထပ်မံတွေ့ရသည့်အတွက် အံ့ဩသွားခဲ့သည်။

"ခင်ဗျားပဲ" လီချန်ချင်းသည် သူတို့အား အံ့ဩစွာကြည့်လိုက်ပြီး " ဘာလို့ ဒီကိုရောက်နေတာလဲ"

" စားစရာမလုံလောက်သေးလို့လား" လီချန်ချင်းသည် မတတ်နိုင်စွာမေးခဲ့သည်။

" လုံလောက်ပါတယ်။ ပေါက်စီတွေက အရမ်းအရသာရှိတယ် ဦးလေး။ ဦးလေးက လူကောင်းတစ်ယောက်ပဲ" ကလေးမလေးသည် အပြစ်ကင်းစင်သည့် မျက်လုံးများဖြင့် ပြောခဲ့သည်။

" ကျုပ်က ခင်ဗျားကို လာရှာတာပါ"

ထိုအခိုက်အတန့်၌ ထိုလူက စကားပြောလာခဲ့သည်။

" ခင်ဗျား .... ကျုပ်‌တို့အတွက် နေစရာနေရာတစ်ခုနဲ့ စားစရာပေးနိုင်မလား" ထိုလူက တစ်ခဏမျှတုန့်ဆိုင်းနေပြီးနောက် ပြောလာခဲ့သည်။ "ကျုပ် ခင်ဗျားအတွက် လူသတ်ပေးနိုင်ပါတယ်"

ဤသည်ကို ကြားပြီး လီချန်ချင်းသည် ကိုယ့်နားကိုယ်မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။

သတ်ပေးမယ်?

သို့သော်လည်း ‌ထိုလူ၏ လေးနက်သည့် အမူအရာကိုကြည့်ပြီး လီချန်ချင်းသည် ဟာသပြောနေသည်ဟု မတွေးခဲ့ပေ။

သို့သော်လည်း လီချန်ချင်းသည် ထိုလူက သူ့သမီးအား တစ်ရက်လျှင်ထမင်းသုံးနပ်ကျွေးနိုင်မည့်နေရာတစ်ခုအားရှာတွေ့ရန်ကြိုးစားနေသည်ကို နားလည်ခဲ့သည်။

လီချန်ချင်းသည် ဤခံစားချက်ကို နားလည်ပေသည်။ ထိုလူသည် စိတ်‌ဓာတ်ပြတ်သားပြီး တခြားသူများအားအလွယ်တကူတောင်းပန်တတ်သည့် ပုံစံမဟုတ်သည်ကို သူပြောနိုင်ပေသည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူ၏ မျက်လုံးထဲ၌ အသနားခံနေသည့် အရိပ်အယောင်တစ်ခု ကိန်းအောင်းနေပေသည်။

" လူသတ်မှုကျူးလွန်ရမယ်ဆိုရင်တောင်မှလား"

ကမ္ဘာကြီး၏ အခြေအနေအား သက်ပြင်းချကာ လီချန်ချင်းသည် ခေါင်းခါခဲ့သည်။

လီချန်ချင်း ခေါင်းခါသည်ကို တွေ့ပြီး ထိုလူ၏ မျက်လုံးထဲ၌ ညှိုးငယ်သည့် အရိပ်အယောင်တစ်ခုပေါ်ထွက်လာခဲ့သည်။တောင်းပန်နေသကဲ့သို့ သူ့သမီး အားတစ်ချက်လှမ်းကြည့်ခဲ့သည်။

" ကျွန်မက တစ်နေ့ကိုထမင်းတစ်နပ်ပဲစားနိုင်ပါတယ်။ တစ်နပ်ကို ပေါက်စီတစ်လုံး မဟုတ်ဘူး ။ တစ်ဝက်ဆိုရင်ကို လုံလောက်ပါတယ်" ကလေးမလေးက အလျင်အမြန်ပြောလာခဲ့သည်။

သူမသည် လီချန်ချင်းက သူမ အများကြီး စားမည်ကို စိုးရိမ်သောကြောင့်ဟု ထင်နေခဲ့ပေသည်။

" ခင်ဗျား ကျုပ်အတွက် လူသတ်ပေးစရာမလိုပါဘူး။ ဒီလိုလုပ်ရအောင် ကျုပ်တို့ တွေ့ကြကတည်းက ကံကြမ္မာရှိလို့ပဲ။ ခင်ဗျားတို့ ကျုပ်ကို ကူညီပြီး ကျုပ်ရဲ့ခြံဝင်းကို သန့်ရှင်းပြီးတော့ ကျုပ်ရဲ့ခြံထဲက သစ်ပင် ၊ ပန်းပင်တွေကို ဂရုစိုက်ပေးပေါ့"

လီချန်ချင်းသည် သူတော်စင်တစ်ယောက်မဟုတ်သော်လည်း ထိုသားအဖနှင့်ဆုံတွေ့ရသည့်အခါ၌ သူ၏နှလုံးသားက မတတ်နိုင်ဘဲ ပျော့ပြောင်းသွားခဲ့ရသည်။

ယန်မိသားစုက သူ့ရဲ့ ခြံဝင်းကို သန့်ရှင်းရေးလုပ်ဖို့ လူမရှိလို့လား။

အဲ့တာထက် ကောင်းကောင်းမွန်မွန်တောင်မစားနိုင်ဘဲ အဖေနဲ့ လှည့်လည်သွားလာနေတဲ့ ကလေးငယ်လေးတစ်ယောက်အား တွေ့သည်ကို သည်းမခံနိုင်ခဲ့ပေ။ အသက် 11 နှစ် 12 နှစ်အရွယ်ဖြင့် အိမ်မှထွက်သွားကာ နှစ်အတော်ကြာတစ်ယောက်တည်း လျောက်သွားနေခဲ့ရသည့် သူ့သား လီဟမ်ရှန်းအား တွေးနေခဲ့သည်။သူ့သားကလည်း အဲ့အချိန်တုန်းက ဘယ်လိုဘဝမျိုးကို ဦးတည်နေခဲ့တာလဲ။

ထို့ကြောင့် လီချန်ချင်းသည် ဤသားအဖအား ခေါ်ထားရန် ဆုံးဖြတ်ခဲ့သည်။

ဒီလူက လူဆိုးတစ်ယောက်ဖြစ်နေမလားဆိုတာကိုတော့။

လီချန်ချင်း လုံးဝ မစိုးရိမ်ခဲ့ပေ။

သူ့၌ ဖုံးကွယ်ထားသည့် လှုပ်ရှားမှုများရှိနေလျှင်ပင် ၎င်းတို့အား လုပ်ဆောင်ရန် အစွမ်းအစရှိရပေလိမ့်မည်။ အကယ်၍ မူမမှန်သည့် လှုပ်ရှားမှုတစ်ခုခုရှိခဲ့ပါက သူသည် ဖေးအား သူ၏ ညလယ်စာအတွက် ထိုလူကို စားခိုင်းနိုင်ပြီး ဘယ်သူကမှအပြစ်တင်နိုင်လိမ့်မည်မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ်"

နောက်ဆုံး၌ ထိုလူ၏ မျက်နှာ၌ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"ခင်ဗျားရဲ့ နာမည်က ဘယ်လိုခေါ်လဲ" လီချန်ချင်းက မေးခဲ့သည်။

"ကျန့်ဖုကွမ်းပါ" ထိုလူသည် သူ၏အောက်ရှိ ခေါင်းသေးသေးလေးကို ငုံ့ကြည့်လိုက်ပြီး ပြောခဲ့သည်။ "ဒါက ကျုပ်ရဲ့ သမီး ကျန့်စစ်ယောင်ပါ"

" ကျုပ်နဲ့လိုက်ခဲ့ပါ"

လီချန်ချင်းသည် ထိုနှစ်ယောက်ကို ယန်မိသားစုစံအိမ်အတွင်းသို့ ဦးဆောင်ခေါ်လာခဲ့ပြီး သူတို့အား အဝတ်အစားလဲပြီး ‌သူ၏ခြံဝင်းထဲ၌ နေစရာစီစဉ်ပေးဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့သည်။

ကျန့်စစ်ယောင်အား ရေနွေးဖြင့် ကောင်းကောင်းရေချိုးရန် တစ်ယောက်ကို ပြင်ဆင်ခိုင်းခဲ့သည်။

သန့်ရှင်းပြီးသွားသည့်နောက်တွင် ကလေးမလေး ကျန့်စစ်ယောင်သည် ပို၍ပင် ချစ်စဖွယ်ကောင်းလာခဲ့သည်။

နုနယ်သည့်အရုပ်ကလေးတစ်ယောက်ကဲ့သို့ပင်။

သူ့သမီးလေးသန့်သန့်ရှင်းရှင်းဖြစ်နေသည်ကိုတွေ့ပြီး ကျန့်ဖုကွမ်း၏ မျက်နှာတွင်လည်း အပြုံးတစ်ခုပေါ်ပေါက်လာခဲ့သည်။

"သမီးတွေက တကယ်ကောင်းတာပဲ" လီချန်ချင်းသည် သက်ပြင်းချခဲ့သည်။ သူ၏အရင်ဘဝ၌ သူသည်လည်း သမီးတစ်ယောက်ရဖို့ မျှော်လင့်ခဲ့ပေသည်။ နောက်ပိုင်းတွင် သားသမီးနှစ်ယောက်မူဝါဒကို အကောင်အထည်ဖော်ခဲ့သော်လည်း ထိုအချိန်၌ သူက မတတ်နိုင်ခဲ့ပေ။

ကလေးတစ်ယောက်ပျိုးထောင်ရခြင်းက အလွန်ဈေးကြီးပေသည်။

"ဦးလေး ၊ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ခရီးတစ်လျောက်လုံးမှာ တွေ့ဖူးတဲ့ အကြင်နာတတ်ဆုံးလူတစ်ယောက်ပဲ" ကျန့်စစ်ယောင်က ချိုသာစွာပြောခဲ့သည်။

"ကျေးဇူးတင်ပါတယ်" ကျန့်ဖုကွမ်းသည်လည်း ပထမဆုံး အရိုအသေပေးကာ ပြောခဲ့သည်။

" " မင်းက ဒီမှာ လုပ်ရမှာက ခြံဝန်းကိုသန့်ရှင်းရေးလုပ်ပြီး ခြံထဲက သစ်ပင် ၊ ပန်းပင် တွေကို ပြုစုပေးရုံပဲ။ လစာအနေနဲ့ တစ်လကို ငွေဒင်္ဂါးငါးပြားပေးမယ်"

"ဟုတ်ကဲ့" ကျန့်ဖုကွမ်းသည် စကားနည်းသည့် သူတစ်ယောက်ဖြစ်နေဆဲပင်။

"ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က ဘယ်ကလာတာလဲ။ ဘာလို့ သားမွေးကုတ်တွေကို ဝတ်နေသေးတာလဲ" လီချန်ချင်းသည် အတော်လေးအံ့အားသင့်နေခဲ့သည်။

" မဟာယွမ်မင်းနေပြည်တော်ကပါ"

ကျန့်ဖု‌ကွမ်းက ပြောခဲ့သည်။ "မဟာယွမ်မင်းနေပြည်တော်မှာ တစ်နှစ်ပတ်လုံး အေးတဲ့ရာသီဥတုရှိတယ်။ အဲ့ဒါကြောင့် ကျုပ်တို့က သားမွေးကုတ်အင်္ကျီတွေကိုဝတ်ဖို့လိုတာ"

"အိုး?"

လီချန်ချင်းသည် မျက်ခုံးပင့်ခဲ့သည်။ သူတို့က မဟာယွမ်မင်းနေပြည်တော်ကပဲ။

အဲ့ဒီနေရာက လုကျင်းမြို့နဲ့ မဝေးဘူးပဲ။ မြစ်ကိုဖြတ်ပြီး တောင်ကိုကျော်လိုက်တာနဲ့ မဟာယွမ်မင်းနေပြည်တော်ကို ရောက်လိမ့်မယ်။ လီချန်ချင်းသည် ထိုအကြောင်းကို အရင်က စာအုပ်ထဲ၌ ဖတ်ဖူးပေသည်။ မဟာယွမ်မင်းနေပြည်တော်က တကယ်ကို နှင်းဖုံးနေပြီး တစ်နှစ်ပတ်လုံးအေးကာ ဆိုက်ဘေးရီးယားပြည်နယ် ကဲ့သို့ပင်။သို့သော်လည်း ဤမဟာယွမ်မင်းနေပြည်တော်က အရမ်းအင်အားကြီးမားပေသည်။

ထိုနေရာမှလူများသည်လည်း အရမ်းသန်မာကြကာ စစ်သည်များက ရဲရင့်ကြပြီး ခက်ခဲသည့်နေရာဒေသမျိုးစုံ၌ ကောင်းကောင်းတိုက်ခိုက်နိုင်ကြပေသည်။

ယနေ့တွင် သူသည် မဟာယွမ်မင်းနေပြည်တော်မှ လူတစ်ယောက်ကို တကယ်တွေ့ဖူးခဲ့ပြီး လီချန်ချင်းသည် ရုတ်တရက် စိတ်ဝင်စားလာခဲ့သည်။

ထို့နောက် သူသည် ကျန့်ဖုကွမ်းအား ခြံဝင်းထဲ၌ ထိုင်ရန်ဆွဲခေါ်သွားခဲ့ပြီး တစ်ယောက်ကို လက်ဖက်ရည်အိုး ယူခိုင်းခဲ့ပြီး ကျန့်ဖုကွမ်းနှင့်အတူ မဟာယွမ်မင်းနေပြည်တော်အကြောင်း ပြောဆိုနေခဲ့ကြသည်။

ကျန့်ဖုကွမ်းသည် လီချန်ချင်းက မဟာယွမ်မင်းနေပြည်အား ထိုမျှစိတ်‌ဝင်စားနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် စကားနည်းသည့် သူတစ်ယောက်ဖြစ်သော်လည်း လီချန်ချင်း၏ မေးခွန်းအားလုံးကိုဖြေဆိုပေးခဲ့သည်။

ကျန့်စစ်ယောင်သည် လူကြီးများ၏ စကားဝိုင်းကိုတွေ့ပြီး ဘေး၌ သူမဘာသာကစားနေခဲ့ပြီး ခြံထဲရှိ ရေကန်အတွင်းမှ ငါးကိုကြည့်နေခဲ့သည်။ သူမသည် အရမ်းစိတ်ဝင်စားနေပြီး တစ်နေ့လည်လုံးကြည့်နေခဲ့သည်။

လီချန်ချင်းသည်လည်း ထိုနေရာမှ စီးပွားရေးအခွင့်အလမ်းတစ်ချို့ရှာတွေ့နိုင်မလားဆိုသည်ကို သိချင်ကာ ပို၍ မေးမြန်းချင်နေခဲ့သည်။

ညနေရောက်လာသည်နှင့်။

လီချန်ချင်းသည် တစ်ယောက်အား ခြံဝင်းထဲသို့ ညစာယူလာခိုင်းခဲ့သည်။ သူသည် သူတို့အား ပို၍ ချက်ပေးရန် သေသေချာချာတောင်းဆိုခဲ့သည်။ ကျန့်ဖုကွမ်း နှင့် ကျန့်စစ်ယောင်တို့သည် ပေါက်စီမစားရသေးခင်က ဘာမှစားရဦးမည်မဟုတ်သည်ကို လီချန်ချင်းက ပြော‌နိုင်ပေသည်။

သူက အတော်လေးဆာလောင်နေပေမည်။

သို့သော်လည်း ဤပြတ်သားသည့်သူက ဘာတစ်ခွန်းမှ မပြောပေ။

စားပွဲဝိုင်းအပြည့် ဟင်းပွဲများကို ကြည့်ပြီး ကျန့်စစ်ယောင်က သွားရည်ကျနေခဲ့သည်။ သူမသည် လမ်းတစ်လျောက်၌ ဆာလောင်ပြီး ဗိုက်ဝခဲ့ဖူးပေသည်။ သူမသည် ထိုမျှ များပြသည့် ဟင်းပွဲများကိုတော့ တစ်ခါမှမမြင်ဖူးခဲ့ပေ။

" လာ ၊ ထိုင်ကြ" လီချန်ချင်းသည် လက်ယပ်ခေါ်ခဲ့သည်။

" လူကြီးမင်း ၊ ကျွန်တော်သမီးအတွက် အသီးအရွက်နည်းနည်းထည့်ပြီး ဘေးမှာ ထိုင်စားနိုင်ပါတယ်" ကျန့်ဖုကွမ်းသည် လျင်မြန်စွာပြောလာခဲ့သည်။

" ဒီမှာ အဲ့လိုစည်းကမ်းတွေအများကြီးမရှိပါဘူး။ ကျုပ်တို့စားပွဲတစ်ခုတည်းမှာ အတူတူစားလို့ရပါတယ်။ လူအများနဲ့ဆို ပိုပြီး အသက်ဝင်တာပေါ့" လီချန်ချင်းက ‌ခေါင်းခါကာ "ပြီးတော့ ဘာလို့ အသီးအရွက်လဲ။ စစ်ယောင်ကို ကြည့်ဦး။ သူမက အရမ်းပိန်တယ်။ သူမ ကြီးထွားလာဖို့ အသားများများစားဖို့လိုအပ်တယ်။ စစ်ယောင် အဲ့လိုထင်တယ်မလား"

" အမ် အင်း" ကျန့်စစ်ယောင်သည် လျင်မြန်စွာခေါင်းညိမ့်ခဲ့သည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း" လီချန်ချင်းက ထိုသို့ပြောနေသဖြင့် ကျန့်ဖုကွမ်းသည်လည်း ခေါင်းညိမ့်ခဲ့သည်။

သူ၏ သမီးက အမှန်တကယ်ပင် ဖွံ့ဖြိုးစပြုနေသော အရွယ်ဖြစ်လေသည်။

"ဖုကွမ်း ၊ ကျုပ် ကို ဒီဟင်း မြည်းကြည့်ပေးပါဦး"

ထိုအချိန်၌ လီချန်ချင်းသည် ကျန့်ဖုကွမ်းရှေ့သို့ ဟင်းပွဲတစ်ပွဲ တွန်းပို့ခဲ့သည်။

" ဟင်းမြည်းရမှာလား" ကျန့်ဖုကွမ်းသည် သူ့ရှေ့ရှိ အနီရောင်ဟင်းပွဲကို ကြည့်နေခဲ့သည်။ အနံ့က စွဲမက်ဖွယ်ကောင်းကာ သွားရည်ယိုစေပေသည်။

တစ်ချိန်တည်းမှာပင် ကျန့်ဖုကွမ်းသည်လည်း ထိုဟင်းပွဲထံမှ အလွန်ရင်းနှီးသည့် အနံ့တစ်ခုကိုရခဲ့သည်။

ဒါက အစပ် ထင်တယ်။

" စားကြည့် ပြီးတော့ အဲ့ဟင်းက မဟာယွမ်မင်းနေပြည်တော်က လူတွေရဲ့ အကြိုက်နဲ့ သင့်တော်တယ်"

လီချန်ချင်းသည် မဟာယွမ်မင်းနေပြည်တော်က အလွန်အမင်းချမ်းအေးကာ လူအများက များသောအားဖြင့် ဟင်းချက်ရန် အစပ်ကိုသုံးလေ့ရှိကြသည်ကို ကျန့်ဖု‌ကွမ်းထံမှ သိခဲ့ရပေသည်။ သို့သော်လည်း မဟာယွမ်မင်းနေပြည်တော်၌ ဟင်းပွဲအမျိုးအစားများက အလွန်နည်းပါးကာ လူအများသည် စားရလွယ်သည့် အသားကင်လိုမျိုးအရာများကို ပို၍ နှစ်သက်ကြပေသည်။

အဆီများသည့် အသားအများကြီးက သူတို့အား အအေးဒဏ်ကို ပို၍ ကောင်းကောင်းခုခံရန် ကူညီနိုင်ပေသည်။

ထို့ကြောင့် လီချန်ချင်းသည် ဝက်အသားလွှာပြုတ်ဟင်းက မဟာယွမ်မင်းနေပြည်တော်မှလူများ၏ အကြိုက်နှင့် ကိုက်ညီမလားဆိုသည်ကို သိချင်ခဲ့‌သည်။

{လူအချို့က သေသွားကြပေမယ့် သူတို့က လုံးဝသေဆုံးမသွားကြဘူး........}

All Chapters