ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ပြိုင်ဘက်ကိုအလဲထိုးသော လှုပ်ရှားမှု
Vol. 10 Ch. 100
" ကောင်းပြီလေ ကျွန်တော်မြည်းကြည့်ပါအုံးမယ် " ကျန့်ဖုကွမ်း သည် သူ၏တူများကို ကောက်ကိုင်လိုက်ပြီး အသားတစ်ဖပ်နှင့် ဂေါ်ဖီတစ်ချို့ကို ပါးစပ်ထဲထည့်လိုက်၏။
ဒီအသားဟင်းရည်ချက်ပြုတ်နည်းသည် ယန်မိသားစု စားဖိုမှူးကို လီချန်ချင်း သင်ကြားပေးထားခြင်းဖြစ်သည်။ အရင်က ယန် မိသားစု စားသောက်ဆိုင်တွင် ဒီဟင်းလျာကိုမရနိုင်ပေ။ အကယ်၍ ဤအရသာသည်မဟာယွမ် မင်းနေပြည်တော်မှ ဟင်းလျာများ၏အရသာနှင့် တူညီပါက၊ ကျန့်ဖုကွမ်း သေချာပေါက် ကြိုက်နှစ်သက်ပေလိမ့်မည်။
" ကောင်းလိုက်တာ! " အံ့အားသင့်နေသည့် အကြည့်တစ်ခုက ကျန့်ဖုကွမ်း ၏ မျက်နှာပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့၏။ ကျန့်ဖုကွမ်း၏မျက်နှာတွင် ခံစားချက်တစ်စုံတစ်ရာကိုပြသည့်အမူအရာမျိုးကို လီချန်ချင်း ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပေသည်။
ကျန့်ဖုကွမ်း ထိုဟင်းလျာကို အလွန်ကြိုက်နှစ်သက်တယ်ဆိုတာ အသေအချာပါပဲ။ နူးညံ့အိစက်ပြီး အစပ်အရသာကဲထားသောအသားက၊ ဂေါ်ဖီ၏ ချိုမြိန်မှုနှင့် ပေါင်းစပ်ကာ ပြီးပြည့်စုံနေသည်။
ပူပူစပ်စပ်အရသာတစ်ခုက ပါးစပ်ထဲအရသာရှိရှိပျော်ဝင်သွားခဲ့၏။ စပ်သောအစားအစာများကို စားသုံးလေ့ရှိသည့် ကျန့်ဖုကွမ်း သည် ထိုဟင်းလျာကို မြည်းစမ်းကြည့်ပြီးနောက် မဟာယွမ် မင်းနေပြည်တော်သို့ ရောက်နေသလိုခံစားချက်မျိုးကိုပင် ခံစားသွားခဲ့ရသည်။
ကျန့်ဖုကွမ်း နောက်တစ်လုပ် ထပ်ယူစားကြည့်လိုက်ပြီး အရသာက သူ့အရိုးထဲ စိမ့်ဝင်သွားရလောက်အောင်ပင် ကောင်းမွန်နေသည်ကိုတွေ့လိုက်ရပေသည်။
ထိုအရသာသည် မဟာယွမ် မင်းနေပြည်တော် မှ သာမန်အသားကင်များထက် များစွာ အရသာရှိသည်။ မဟာယွမ် မင်းနေပြည်တော်၏ စားသောက်ဆိုင်များတွင် ချက်ပြုတ်ကြော်လှော်ထားသော ဟင်းလျာတစ်ချို့ ရှိသော်လည်း အများကြီးမဟုတ်ပေ။ မဟာယွမ် မင်းနေပြည်တော်၏ ရာသီဥတုသည် အလွန်အေးသောကြောင့် လူအများစုက အစားအသောက်စားရန်အတွက် အဆင်ပြေလွယ်ကူသောနည်းလမ်းကိုသာရွေးချယ်လေ့ရှိကြသည်။
ကင်ရ၊ ပြုတ်ရသောဟင်းလျာများသည် ပြုလုပ်ရန် ခက်ခဲပြီး အချိန်ယူရပေသည်။ ချမ်းအေး၍ ဆာလောင်နေသောအချိန်တွင် ဒီလိုရှုပ်ထွေးသောဟင်းလျာကို ဘယ်သူကမှ တကူးတက စောင့် စားနေမည်မဟုတ်ပေ။
အလွယ်တကူ လျင်လျင်မြန်မြန်စား၍ရသော အစားအစာမျိုးကိုသာ စားသောက်လေ့ရှိကြသည်။
" ဘယ်လိုလဲ?မဟာယွမ် မင်းနေပြည်တော်ရဲ့ အရသာနဲ့ ကိုက်ညီရဲ့လား " လီချန်ချင်းသည် ပြုံးကာ မေးလိုက်၏။
"ဟုတ်ကဲ့ အဲ့ဒီကအရသာလိုပါပဲ။တကယ်တော့ ကျွန်တော်တို့ မဟာယွမ် မင်းနေပြည်တော်က ဟင်းလျာတွေထက်တောင် မှပိုကောင်းနေပါသေးတယ်။ ဒီဟင်းလျာကို မဟာယွမ် မင်းနေပြည်တော်ကလူတိုင်းကြိုက်ကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ် " ကျန့်ဖုကွမ်း သည် ခေါင်းတညိတ်ညိတ်ဖြင့် ပြောလာခဲ့၏။
ဘေးနားတွင်ထိုင်နေသော ကျန့်စစ်ယောင် လည်း သိချင်လာပြီး တစ်ကိုက် ကိုက်စားကြည့်လိုက်လေသည်။ ကျန့်စစ်ယောင် သည် အသက်ငါးနှစ်သာရှိသေးသော်လည်း မဟာယွမ် မင်းနေပြည်တော်တွင် မွေးဖွားကြီးပြင်းလာသူတစ်ယောက်ဖြစ်၍ အစပ်အရသာကို အတော်လေး ခံနိုင်ရည်ရှိနေပြီဖြစ်သည်။
အရသာကိုသိသွားချိန်မှာပဲ သူမ၏မျက်လုံးများ တောက်ပလာတော့၏။ အရင်က သူမ စားခဲ့ဖူးသမျှ ဟင်းလျာတွေထက် ပို၍ အရသာရှိနေသည်ကို သိလိုက်ရပေသည်။
သူမ ဒီဟင်းကို အရမ်းကြိုက်တာပဲ
" သခင်ကြီး ကျွန်တော်တို့ရဲ့ မဟာယွမ် မင်းနေပြည်တော်မှာ စီးပွားရေးလာလုပ်ဖို့ စိတ်ကူးများရှိသလား " ကျန့်ဖုကွမ်း က စိတ်ဝင်တစား မေးလိုက်၏။
" ဟုတ်တယ် ကျွန်တော်မှာ အဲ့လိုအကြံတစ်ခုတော့ရှိတယ် " လီချန်ချင်းဖုံးကွယ်မထားပေ။ ကျန့်ဖုကွမ်း သည် ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
စီးပွားရေးလုပ်ငန်းတွေကို သူ နားမလည်ပါဘူး။ သူ လုပ်ဖို့လိုတာက ခြံဝင်းတစ်ခုလုံးကို နေ့တိုင်း သန့်ရှင်းရေးလုပ်ဖို့ပဲလေ။
ညဘက်ရောက်လာတော့ လီချန်ချင်း လည်း သူ့အခန်းသို့ ပြန်သွားခဲ့၏။
သူတို့သားအဖအတွက်ပေးထားသောအခန်းသည် သပ်ရပ်သန့်ရှင်းကာ အိပ်ယာသည်လည်းကူရှင်အပျော့များ၊ ဂွမ်းစောင်များဖြင့် ခင်းကျင်းထားသည်။ ကျန့်စစ်ယောင် လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့၏ ။ ဤ ငါးနှစ်သားကလေးမလေးသည် လွန်ခဲ့သောရက်ပေါင်းများစွာက တောထဲတွင်နေထိုင်ခဲ့ရပြီး ကောက်ရိုးပုံများ၊ သစ်ရွက်ခြောက်များပေါ်နှင့် တစ်ခါတစ်ရံတွင် အေးစက်စက်လိုဏ်ဂူများထဲ၌ ပင်ပန်းဆင်းရဲစွာ ဖခင်နှင့်အတူ အိပ်စက်ခဲ့ရသည်။
သူမ ဘယ်မှာ ဒီလောက် သက်တောင့်သက်သာ အိပ်ခဲ့ရဖူးမှာလဲ။ ဒါကြောင့်ပဲ လှဲချလိုက်တာနဲ့ မကြာဘူး အိပ်ပျော်သွားတော့တာပေါ့။ သူမရဲ့ အသက်ရှူသံဟာ တဖြည်းဖြည်း တည်ငြိမ်လာပြီး သူမရဲ့ မျက်နှာပေါ်ရှိ အမူအရာသည် ပြုံးမယောင်နှင့် အလွန်အေးချမ်းနေပေသည်။ သူမကိုကြည့်ရသည်မှာ အလွန်သက်တောင့်သက်သာရှိနေသည့်ဟန်ပင်။
သူ့သမီး၏အမူအရာကိုမြင်တော့ ကျန့်စစ်ယောင် ၏အေးစက်စက်မျက်နှာပေါ်တွင် နူးညံ့သော အရိပ်အယောင်လေးတစ်ခုပေါ်လာခဲ့သည်။ သူ့သမီးကို သက်တောင့်သက်သာဖြစ်အောင်နေရာချလိုက်ပြီးနောက် ကျန့်ဖုကွမ်း သည် ခြံဝင်းထဲ၌ သန့်ရှင်းရေးလုပ်ရန် ထွက်လာလိုက်၏။ ဖေး ကိုကျွေးရန် အသားနှင့် အရိုးအချို့ကိုလည်း ယူလာခဲ့လိုက်သည်။
ဖေး သည် သူနှင့် အတော်လေး ရင်းနှီးနေခဲ့ပြီဖြစ်ပြီး အစာကျွေးသော သူ့ကိုခုခံငြင်းဆန်ခြင်းလည်းမရှိပေ။
နတ်ဘုရားဝိညာဉ်ရှိတဲ့ ဖေး လိုသားရဲတစ်ကောင်က အသားနဲ့အရိုးတွေကို အမှန်တကယ်စားချင်နေလိမ့်မယ်လို့ လီချန်ချင်းတစ်ယောက် ဘယ်လိုမှတွေးမိမှာမဟုတ်ပေ။
ရွှေလင်းလန်သားရဲ က သူ့ကိုယ်သူ ခွေးတစ်ကောင်လို့ တကယ်ကြီး ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော်??
အားလုံးရှင်းလင်းပြီးတော့ သူလည်း အိပ်ယာဝင်ခဲ့လိုက်တော့သည်။ လီချန်ချင်း သည် ထိုသားအဖကို သူ၏နတ်ဘုရားဝိဉာဉ်ဖြင့် စောင့်ကြည့်နေခဲ့၏။ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာမရှိသည်ကို သိမြင်ပြီးနောက် နောက်ဆုံးတော့ သူလည်း အိပ်ပျော်သွားခဲ့တော့သည်။
နောက်တစ်နေ့မနက်တွင်
လီချန်ချင်း နိုးလာချိန်၌ ကျန့်ဖုကွမ်း သည် ခြံဝင်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပြီးနေခဲ့ပြီဖြစ်သည်။
"သခင်ကြီး၊ ဒီမနက် သခင်ကြီးကိုတွေ့ဖို့ လူနှစ်ယောက် ရောက်လာပါတယ်။ ဒါပေမယ့် သခင်ကြီးအိပ်ပျော်နေတုန်းမို့ ကျွန်တော် သူတို့ကို ဧည့်ခန်းမှာ စောင့်ခိုင်းထားပါတယ် " ကျန့်ဖုကွမ်းသည် လီချန်ချင်း ထံရောက်လာကာ တင်ပြလိုက်၏။
" အိုး ဟုတ်လား " လီချန်ချင်းလည်း ဧည့်သည်များနှင့်တွေ့ဆုံရန် သွားလိုက်၏။ ဟိုရောက်တော့ ပိုင်ကျင့်ဖေ နဲ့ ကျောက်ရီချိုး တို့နှစ်ဦးကို တွေ့လိုက်ရလေသည်။ လီချန်ချင်း လာနေတာကို မြင်သည်နှင့် သူတို့နှစ်ဦးသည် မတ်တပ်ထရပ်ကာ တလေးတစား နှုတ်ဆက်လိုက်ကြ၏။ "လူကြီးမင်း ချန်ချင်း "
လီချန်ချင်း သူ့ကိုဒီလိုခေါ်ဝေါ်တာကိုနှစ်သက်ပေသည်။ စီနီယာ ဒါမှမဟုတ် အကိုကြီး အဲ့လိုမျိုး ခေါ် ဝေါ်ကြတာကို တော့မကြိုက်ပေ။
"ထိုင်ကြပါ"
ထို့နောက် ပိုင်ကျင့်ဖေ ကတင်ပြလာခဲ့ခဲ့၏။
"လူကြီးမင်း ချန်ချင်း၊ ကျွန်တော်တို့ အားလုံးကို ပြင်ဆင်ပြီးပါပြီ။ လုကျင်းမြို့မှာရှိတဲ့ ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းရဲ့ ဆိုင်ခွဲကိုလည်း ဖွင့်ဖို့ ပြင်ဆင်ထားပြီးပါပြီ၊ အလှဆင်တွေအပါအဝင် အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ လူကြီးမင်းရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့လူတွေ အားလုံးလည်း လုကျင်းမြို့ကိုရောက်နေကြပါပြီ "
ကျောက်ရီချိုး ကဆက်၍ပြောလာခဲ့၏။ " ချန်ချင်းကုန်သွယ်ရေးရဲ့ လုပ်ငန်းခွဲကို ဘယ်တော့စဖွင့်မယ်လို့ လူကြီးမင်း စီစဉ်ထားတယ်ဆိုတာ ကျွန်တော်တို့သိချင်ပါတယ် "
" အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှတော့ ငါတို့ဘာကိုစောင့်နေကြမလဲ။ လုပ်ငန်းအမြန်ဆုံးစကြတာပေါ့ " လီချန်ချင်း အချိန်ဆွဲနေတာမျိုးကို မကြိုက်ပေ။ အဆင်သင့်ဖြစ်ပြီဆို ချက်ချင်း စတင်တော့မည်ဖြစ်သည်။
"ကောင်းတာပေါ့ဗျာ !" သူတို့ နှစ်ယောက်လည်း အလျင်အမြန် သဘောတူလိုက်ကြသည်။ သူတို့သာမက ချန်ထင် မြို့မှာရှိတဲ့ မိသားစုကြီးများ၊ မိသားစုငယ်လေးများအားလုံးက သူတို့ရဲ့ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းဖွင့်ပွဲကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပေသည်။
သူတို့၏ငွေအမြောက်အမြားကို ဒီလုပ်ငန်းတွင်မြှုပ်နှံထားကြသည်။ ဒါတင်မကဘဲ ချန်ထင် မြို့မှာရှိတဲ့ လုပ်သားအင်အားများစွာကိုလည်း ဒီလုပ်ငန်းအတွက် အသုံးပြုထားကြသေးသည်။
ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းသည် ချန်ထင် မြို့ရှိ သူတို့၏ စီးပွားရေးလုပ်ငန်းများတွင် လူအင်အားအများအပြားကို ခန့်ထားစေခဲ့သည်။
လုကျင်းမြို့ရှိ ချန်ချင်းကုန်သွယ်ရေး ၏ ခေါင်းဆောင်အဖြစ် ယန်ပါးထောင် က ဦးစီးလုပ်ကိုင်နေခဲ့သည်။ ကျောက်ရီချိုး နှင့် ပိုင်ကျင့်ဖေ တို့က ဒုခေါင်းဆောင်များဖြစ်ကြပေသည်။
ဆိုင်ခွဲ၏ ပိုင်ရှင်သည်လည်း ယန်မိသားစုမှ အကြီးအကဲတစ်ဦးဖြစ်ပြီး အခြားမိသားစုများမှလူများလည်း ထိုဆိုင်ခွဲတွင် တာဝန်ထမ်းဆောင်နေကြပေသည်။
လက်ရှိတွင် လုကျင်းမြို့ရှိ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသည် ဖွင့်လှစ်ရန် သာလိုတော့၏။ လီချန်ချင်း ထံမှအမိန့်ရတာနဲ့ တိုက်ရိုက် တန်းဖွင့်တော့မှာပင်။
ဒီလိုနဲ့ နောက်တစ်နေ့၌ လုကျင်းမြို့တွင် အလွန်စည်ကားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။ ကုန်သွယ်ရေးလုပ်ငန်းကြီးတစ်ခု ၏ ဖွင့်ပွဲပင်ဖြစ်၏။
ထိုဖွင့်ပွဲသည် လုကျင်းမြို့တစ်ခုလုံး၏အာရုံကိုဆွဲဆောင်သွားခဲ့တော့သည်။ လုကျင်းမြို့သည် မင်ဟုန်ခရိုင်အတွင်း၌ အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်သောကြောင့် အလွန်စည်ကားလှသည်။
ဒါ့အပြင်၊ လုကျင်းမြို့သည် ချန်ထင် မြို့နှင့် သိပ်မဝေးဘဲ လှည်းဖြင့်သွားလျှင် တစ်ရက်ပင်မကြာပါချေ။
အရင်ရက်တွေက ပြင်ဆင်မှုများလုပ်နေသည့် ဤနေရာကို စီးပွားရေးလုပ်ငန်းတော်တော်များများက သတိပြုမိကြပြီးဒီနေရာကို ဝယ်လိုက်တဲ့သူက ဘာများလုပ်မလို့လဲဆိုတာကို သိချင်နေကြသည်။ ဒီနေ့ ဖွင့်ပွဲကြီးလုပ်လိုက်တဲ့အခါမှာတော့ လူတိုင်း အံ့အားသင့်သွားခဲ့ရသည်။ ဒါက ကုန်သွယ်ရေးလုပ်ငန်းတစ်ခုပဲ!။ ထိုကုန်သွယ်ရေးလုပ်ငန်း၏ ဖွင့်ထားသောတံခါးများကိုကြည့်ကာ လူအများစုက တုန်လှုပ်နေကြပေသည်။
လုကျင်းမြို့ရှိကုန်သွယ်ရေးလုပ်ငန်းများအကြား ပြိုင်ဆိုင်မှုသည် အလွန်ပြင်းထန်ခဲ့သည်။ အသေးစားကုန်သွယ်ရေးလုပ်ငန်းများသည်ပင် သူတို့၏နေ့စဉ်အသုံးစရိတ်များ ကာမိအောင်ကို မနည်းရုန်းကန်နေကြရပြီးခက်ခက်ခဲခဲရပ်တည်နေကြရသည်။ ကိုယ့်အိတ်ထဲထည့်ဖို့ အပိုငွေလေးအနည်းငယ်ထွက်လာလျှင်ကို အခြေအနေကောင်းတစ်ခုဟု ယူဆထားကြရသည်။
အရင်တုန်းက လုကျင်းမြို့၌ ကုန်သွယ်ရေးလုပ်ငန်းကြီးများလာဖွင့်ဖို့ ကြိုးစားခဲ့ကြသူများရှိခဲ့ဖူးသည်။ သို့သော်လည်း နှစ်ဝက်လောက်တောင်မကြာပဲ ဒေဝါလီခံကာပိတ်သွားခဲ့ရသည်။
လူအများ၏အမြင်တွင်၊ ဤချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသည်လည်း ရှေ့ကလူတွေလိုပဲ ဒေဝါလီခံကာ ပိတ်သိမ်းသွားလိမ့်မယ်လို့ပဲထင်မှတ်လိုက်ကြ၏။
ယွင်လင် ကုန်သွယ်ရေးနှင့် မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်း တို့ကဲ့သို့သော အင်အားစုကြီး နှစ်ခုရှိနေသမျှကာလပတ်လုံး အခြားသော ကုန်သွယ်ရေးလုပ်ငန်းများအတွက် နေရာမရှိပေ။
ဒီကုန်သွယ်လုပ်ငန်းအသစ် ဘယ်လောက်ကြာမလဲဆိုတာ လူအများက သိချင်နေခဲ့ကြသည်။ အလွန်ဆုံးကြာလှ တစ်လ ဒါမှမဟုတ်နှစ်လ ပဲပေါ့။ ကုန်သွယ်ရေးလုပ်ငန်းအသစ်၏ ဖွင့်ပွဲကြီးသည် အလွန်စည်ကားနေပြီး ဝန်ထမ်းများအားလုံးက လူတိုင်းကို အထဲသို့ဝင်ရောက်ကြည့်ရှုရန် ဖိတ်ခေါ်နေခဲ့ကြသည်။
အပြင်ဖက်တွင် လာရောက်စပ်စုသူအများအပြားရှိသော်လည်း၊ အထဲသို့ အမှန်တကယ်ဝင်ရောက်သူကတော့ သိပ်မရှိပေ။ လာရောက်သူအများစုက လုကျင်းမြို့တွင် ကုန်သွယ်ရေးလုပ်ငန်းတစ်ခုလာဖွင့်ရဲသော လူနှင့် ထိုလူ ဘယ်လောက်တောင်သတ္တိကောင်းနေသလဲဆိုတာကို မြင်လိုကြသောကြောင့် ဤနေရာသို့ရောက်နေကြခြင်းဖြစ်သည်။
သူတို့၏ ကုန်ပစ္စည်းများကို ဘယ်သူကမှ စိတ်မဝင်စားပေ။ သူတို့သည် ဈေးဝယ်ခြင်းနှင့်ပတ်သတ်ပြီး ယွင်လင် ကုန်သွယ်ရေးနှင့် မင်ဟိုင် ကုန်သွယ်ရေး တို့၏ တည်ရှိမှုနှင့်သာ ကျင့်သားရနေခဲ့ကြပြီး ထိုလုပ်ငန်းနှစ်ခု၏ ဖောက်သည်များဖြစ်ကြသည်။ ဘာကြောင့် အခြားကုန်သွယ်ရေးလုပ်ငန်းတစ်ခုကို ပြောင်းဝယ်ကြမှာလဲ။
အထဲသို့ ဝင်ရောက်လာသူအများစုကလည်း စပ်စုရုံသာဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းတစ်ခု၏ လက်လီရောင်းချမှုသည် လုပ်ငန်း၏အစိတ်အပိုင်းလေးတစ်ခုမျှသာဖြစ်ပြီး တကယ့်ဝင်ငွေသည် အရောင်းအဝယ်သဘောတူစာချုပ်များနှင့် ကြိုတင်အမှာစာများသာဖြစ်သည်။
လုကျင်းမြို့တွင် ကြိုတင်အမှာစာများရရှိဖို့ဆိုသည်မှာ ကောင်းကင်ကိုတက်ရသလိုပင်ခက်ခဲပေလိမ့်မည်။ လူတော်တော်များများ ဝင်မလာသည်ကို တွေ့လိုက်ကြရပြီး ချန်ထင်မြို့မှ မိသားစုငယ်လေးများ၏ အကြီးအကဲတစ်ချို့သည် စိတ်ပူစပြုလာကြသည်။
သို့သော်လည်း ယခုချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသစ်၏ ခေါင်းဆောင် ယန်လီရှန့် ကတော့ ထိုသို့မဟုတ်ပေ။ ယန်လီရှန့် သည် ယန် မိသားစုမှ အကြီးအကဲတစ်ဦးဖြစ်ပြီး သူသည် နှစ်ပေါင်းများစွာ ယန် မိသားစု၏လုပ်ငန်းအများစုကို ကိုင်တွယ်ခဲ့ဖူးသည်။
သူ့တွင် အတွေ့အကြုံ များစွာရှိ၏။ ဒါ့အပြင် ကုန်သွယ်ရေးလုပ်ငန်းသစ်ကို စဖွင့်ရာတွင် သူ့ဝတ်ရုံထဲ၌ ဝှက်ဖဲတစ်ချပ်ကရှိနေသေးသည်။
ယွင်လင် ကုန်သွယ်ရေးနှင့် မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်း တို့ကို ယှဉ်ပြိုင်ရန် သာမှန်ကုန်ပစ္စည်းများနှင့်သာ ယှဉ်ပြိုင်မည်ဆိုပါက အလွန်နိမ့်ကျသောစျေးနှုန်းများဖြင့်သာ စျေးကွက်အတွင်းသို့ ဝင်ရောက်ရပေလိမ့်မည်။
သို့သော် ပြိုင်ဖက်ကို ထိခိုက်စေသလို သူတို့ကိုယ်တိုင်လည်းနစ်နာစေမည့် ဒီနည်းလမ်းမျိုးကို သူတို့မသုံးတော့။ သူတို့တွင် စုဆောင်းထားသောလုပ်ငန်းရံပုံငွေ အများအပြား ရှိသော်လည်း၊ အဓိက ကုန်သွယ်ရေး လုပ်ငန်းကြီးနှစ်ခုနှင့် ယှဉ်ပြိုင်ရန်အတွက်တော့ လုံလောက်မှု မရှိပေ။ ချန်ထင်မြို့ မှာရှိတဲ့ မိသားစုအားလုံးက စည်းစိမ်တွေကို ရောင်းလိုက်ရင်တောင် ဒီကုန်သွယ်ရေး လုပ်ငန်းကြီးနှစ်ခုရဲ့ ဘဏ္ဍာရေးအင်အားကို ယှဉ်နိုင်မည်မဟုတ်ပေ။
သူတို့ရဲ့ ကုန်သွယ်ရေး လုပ်ငန်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ဆိုရင်၊ အခြားကုန်သွယ်ရေး လုပ်ငန်းတွေမှာ မရှိတဲ့အရာတစ်ခု သူတို့မှာရှိရပေလိမ့်မည်။
" ယူခဲ့ကြ " ယန်လီရှန့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အမျိုးမျိုးသောစားစရာများနှင့် ပြည့်နေသည့် အိုးကြီးများကို သယ်ဆောင်ထားသည့်လူများက ကုန်သွယ်ရေး လုပ်ငန်း၏အပြင်ဖက်သို့ထွက်လာကြသည်။
အိုးတစ်ခုစီတွင် ထူးခြားသော ဟင်းလျာများပါရှိ၏။ ထိုဟင်းလျာများမှ ထွက်ပေါ်နေသည့်ရနံ့များသည် အံအားသင့်နေသည့် လူအုပ်ကြီးကို ဆွဲဆောင်သွားခဲ့ပေသည်။
ဘာတွေဖြစ်နေတာလဲ? ဘာလို့ သူတို့က ဟင်းလျာတွေ ကျွေးကြတာလဲ။ ဒါက ကုန်သွယ်ရေး လုပ်ငန်းတစ်ခုဖွင့်တာမဟုတ်ဘူးလား? စားသောက်ဆိုင်ဖွင့်ပွဲလား? လူတိုင်းက ဆိုင်းဘုတ်ကို သေသေချာချာပြန်ကြည့်လိုက်ကြရ၏။ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်း လို့ရေးထားတာပါ၊ ချန်ချင်းစားသောက်ဆိုင်မဟုတ်ပါဘူးဟ!
ဟုတ်တယ်လေ။ ဒါပေမယ့် ဘာတွေဖြစ်နေတာလဲ။
သို့ပေမယ့်လည်း... အရောင်အသွေးစုံလင်သောဟင်းလျာများကို ကြည့်ရင်းဖြင့် အားလုံးက တံတွေးကိုသာ မျိုချနေကြရသည်။
ကြည့်ရတာ အရမ်းအရသာရှိမယ့်ပုံပဲ!
ဒီလိုဟင်းလျာများကို သူတို့ အရင်က မမြင်ဖူးခဲ့ပေ။
" လူကြီးမင်းတို့၊ ဒီဟင်းလျာတွေက ကျွန်တော်တို့ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းရဲ့ အထူးထုတ်ကုန်တွေပဲဖြစ်ပါတယ်။ ဒီနေ့က ကျွန်တော်တို့ ကုန်သွယ်ရေးလုပ်ငန်းရဲ့ ဖွင့်ပွဲကြီးဖြစ်တဲ့အတွက် ဟင်းလျာတွေကို လာရောက်မြည်းစမ်းကြည့်ဖို့ လူကြီးမင်းတို့အားလုံးကို ဖိတ်ခေါ်ပါတယ် ခင်ဗျာ " ယန်လီရှန့် က အပြုံးတစ်ခုနှင့်အတူ ပြောလာခဲ့၏။
ဟင်းလျာများကို စားပွဲပေါ်တွင် တင်ထားပြီး တစ်ခါသုံး ဝါးတူများစွာကိုလည်း ပြင်ဆင်ပေးထားလေသည်။
လာရောက်သူအားလုံးက ဟင်းလျာများကို မြည်းစမ်းကြည့်ချင်စိတ်များ ပေါ်ပေါက်လာကြ၏။ ဒီဟင်းလျာများအားလုံးသည် စားသောက်ဆိုင်များတွင် မရရှိနိုင်သော ဟင်းလျာများကို အခြေခံ၍ လီချန်ချင်း ကိုယ်တိုင်ပြုလုပ်ထားခြင်းဖြစ်သည်။
ကမ္ဘာနှစ်ခု၏ အစားအသောက်များသည် ကွာခြားမှုသိပ်မရှိသော်လည်း ကွဲပြားမှုအချို့တော့ရှိနေပေသည်။ ဤကမ္ဘာရှိ အစားအသောက် များသည် အတော်လေး နောက်ကျကျန်နေဆဲဖြစ်သည်။
လီချန်ချင်း ရဲ့ ဟင်းချက်စွမ်းရည်က သိပ်မမြင့်မားဘူးဆိုရင်တောင် အရသာရှိတဲ့ ဟင်းလျာများစွာကိုတော့ ဖန်တီးနိုင်ပါသေးသည်။ သူ၏ အမျိုးမျိုးသော ဟင်းပွဲများစွာသည် စန်းယွမ်နယ်မြေ မှလူများအား သင်ခန်းစာကောင်းတစ်ခုပေးရန် လုံလောက်ပေသည်။
" အရသာရှိလိုက်တာ! " မြည်းစမ်းကြည့်လိုက်သော တစ်စုံတစ်ယောက်သည် ပထမဆုံးတစ်ကိုက်ဖြင့်ပင် ချက်ချင်း အော်ပြောလာခဲ့၏။
" ဒီဟင်းရည်ကလည်း အရမ်းကောင်းတယ် " တစ်စုံတစ်ယောက်ကလည်း ဝက်အစာအိမ်ကြက်သားသွပ် စွပ်ပြုတ်တစ်ဇွန်းကို မြည်းစမ်းကြည့်ပြီး ချီးမွှမ်းလိုက်ပြန်၏။ ဒါကိုမြင်တော့ တခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် မြည်းစမ်းကြည့်လာကြတော့သည်။
အစားအသောက်များကို သူတို့နှစ်သက်ကြသော်လည်း ပဟေဠိဖြစ်နေဆဲပင်။ ချန်ချင်း ကုန်သွယ်ရေး သည် ကုန်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည်မှာ ထင်ရှားပေသည်၊ ဒါဆို ဘာကြောင့် သူတို့ကို ဟင်းလျာတွေ မြည်းစမ်းကြည့်ခိုင်းနေတာလဲ?
လုပ်ငန်းခွဲတစ်ခုအနေနဲ့စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ဖို့ စီစဉ်နေတာလား?
" ဆိုင်ရှင်ရေ၊ တစ်ဆိတ်လောက်ဗျာ " အနည်းငယ် ဝသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောလာခဲ့၏။ သူ၏ ခေါင်းတွင် ပိုးသားဦးထုပ်တစ်လုံးဆောင်းထားပြီး၊ သူ၏ အဝတ်အစားများကလည်းတောက်ပြောင်ကာ သားနားနေပေသည်။သူ၏ ကိုယ်ပေါ်တွင် ရွှေငွေများလည်းဝတ်ဆင်ထားပြီး သူ့ကြည့်ရသည်မှာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သည်မှာ အထင်အရှားပင်ဖြစ်၏။
"ဟုတ်ကဲ့ ခင်ဗျ?" ယန်လီရှန့် သည် ရှေ့ထွက်လာခဲ့၏။
" မင်းတို့ရဲ့ အစားအသောက်တွေက စားသောက်ဆိုင်တွေကဟင်းလျာတွေထက်တောင် ပိုအရသာရှိပါတယ်၊ ဒါပေမယ့် ဒါက ကုန်သွယ်ရေးလုပ်ငန်းတစ်ခုမဟုတ်လား၊ မင်းတို့ဘာလုပ်နေကြတာလဲ၊ တကယ်ပဲ ဒီဟင်းလျာတွေကို ထုတ်ကုန်တစ်ခုအနေနဲ့ ရောင်းဖို့စီစဉ်ထားကြတာလား " လူဝကြီးသည် သံသယ အနည်းငယ် ဖြင့်မေးလာခဲ့၏။
" ဟုတ်ပါတယ်၊ ကျွန်တော်တို့က အဲဒီ ဟင်းလျာတွေကို ထုတ်ကုန်တစ်ခုအနေနဲ့ ရောင်းမှာပါ " ထိုစကားလုံးများသည် လူတိုင်း၏စိတ်ဝင်စားမှုကို ချက်ချင်းမြင့်တက်သွားစေခဲ့၏။ ချက်ပြုတ်ထားတဲ့ဟင်းလျာတွေကို ရောင်းတဲ့ ကုန်သွယ်ရေးလုပ်ငန်းတစ်ခု၊ ဟုတ်လား? ဒါက ခေတ်ရေစီးကြောင်းအသစ်တစ်ခုလား?
ပြီးတော့ ဒါတွေကို ဘယ်လိုရောင်းကြမှာလဲ? လူတိုင်း၏ မျက်နှာပေါ်တွင် ပဟေဠိဖြစ်နေသော အကြည့်များကို မြင်လိုက်ရပြီးနောက် ယန်လီရှန့် လည်း အချိန်ဖြုန်းမနေတော့ဘဲ နောက်သို့လှည့်ကာ ပြောလိုက်၏။ "ယူလာခဲ့ပါ" တစ်စုံတစ်ယောက်သည် သေတ္တာတစ်လုံးကို သယ်ဆောင်လာခဲ့၏။
လူတိုင်း၏ အကြည့်များသည် ထိုသေတ္တာပေါ်တွင်ကျရောက်နေခဲ့၏။ သေတ္တာသည် စတုရန်းပုံသဏ္ဌာန် ဖြစ်ပြီး အထဲမှာ ဘာတွေရှိနေသလဲဆိုတာ ဘယ်သူမှ မမြင်နိုင်ပေ။
ယန်လီရှန့် သေတ္တာကိုဖွင့်လိုက်သည်နှင့် အတွင်းထဲမှ အအေးဓာတ်များစိမ့်ထွက်လာခဲ့သည်။ သေတ္တာအတွင်း၌ ရေခဲတုံးများကို ပိတ်သားအချို့ဖြင့် ထုတ်ကာအလုံပိတ်ထားခြင်းဖြစ်သည်။ ရေခဲတုံးများအကြားတွင် နောက်ထပ် သစ်သားသေတ္တာတစ်ခုရှိနေပြန်သည်။
ယန်လီရှန့် သည် ထိုသစ်သားသေတ္တာကိုဖွင့်လိုက်ပြန်၏။ အတွင်း၌ ဟင်းလျာတစ်ခုရှိနေပေသည်။ အတိအကျပြောရရင် နှပ်ထားသောဝက်သားများဖြစ်၏ ။ ထိုဝက်သားနှပ်ဟင်းလျာသည် အေးခဲနေသည်မှာထင်ရှားပေသည် ။
" ဒါကို အသင့်စား ဟင်းလျာလို့ ခေါ်ပါတယ် " ယန်လီရှန့်သည် လူအုပ်ကြီးကို ရှင်းပြလာခဲ့၏။ " သေတ္တာကို အလုံပိတ်ထားရင် အထဲမှာရှိတဲ့ ရေခဲတွေက ဟင်းလျာကို ငါးရက်ကြာ လတ်ဆတ်အောင် ထိန်းသိမ်းထားနိုင်ပါတယ်။ ဒီဟင်းလျာကို လူကြီးမင်းတို့စားချင်တဲ့အချိန်မှာ အပြင်ကိုထုတ်ပြီး အိုးထဲထည့် အပူပေးလိုက်ရုံပါပဲ။ ကြာချိန်က လက်ဖက်ရည်အိုးတစ်ဝက် တည်လောက်တောင်မကြာပါဘူး။ ပြီးတော့ အရသာက လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသလိုပဲဖြစ်နေမယ်ဆိုတာ ကျွန်တော်တို့အာမခံပါတယ်"
"ဒါက အရသာရှိတဲ့ ဟင်းလျာတွေစားချင်တဲ့အချိန်တိုင်း စားသောက်ဆိုင်ကို ပြေးရတဲ့ဒုက္ခကို သက်သာစေပါလိမ့်မယ်။ လူကြီးမင်းတို့စားချင်တဲ့အချိန်တိုင်း အိမ်မှာပဲ အလွယ်တကူစားလို့ရနိုင်တော့မှာပါ "
"ဥပမာပြောရရင် ညဘက် စားသောက်ဆိုင်ပိတ်သွားတဲ့အခါ အိမ်မှာပဲ ဝက်သားနှပ်ဟင်းလျာလေးကို အပူပေးပြီး ဝိုင်လေးတစ်ခွက်နဲ့သာဆိုရင်? ဟားဟား အံ့သြစရာပဲ မဟုတ်လားဗျာ " ယန်လီရှန့် သည် ခပ်ပြုံးပြုံးဖြင့်ဟင်းလျာကို မိတ်ဆက်ပေးနေခဲ့၏။
" ဟင်းလျာကို ဒီလို အေးခဲထားတာက အရသာကို ပျက်စီးမသွားစေဘူးလား?" လူတစ်ယောက်က မေးလာခဲ့၏။ "ပြီးတော့ အရသာက တကယ်ပဲ လတ်လတ်ဆတ်ဆတ်ချက်ထားသလိုဖြစ်ပါ့မလား?
"လူကြီးမင်း၊ လူကြီးမင်း ခုနက ကျွန်တော်တို့ရဲ့ ဝက်အစာအိမ်ကြက်သားသွပ် စွပ်ပြုတ် ကို မြည်းစမ်းကြည့်တာ ကျွန်တော်မြင်လိုက်ရပါတယ်၊ အဲ့ဟင်းရဲ့အရသာ ဘယ်လိုရှိပါသလဲ" ယန်လီရှန့်က မေးလိုက်၏။
" သိပ်အရသာရှိတယ် " လူကြီးသည် ခေါင်းတဆတ်ဆတ်ညိတ်ကာပြောလာခဲ့၏။ "ဝက်ရဲ့အစာအိမ်က နူးညံ့ပြီး၊ ကြက်သားကလည်း လတ်ဆတ်တယ်၊ ပြီးတော့ ဟင်းရည်ကလည်း အရမ်းအရသာရှိတယ်။ ပန်းကန်လုံးကြီးတစ်လုံးလောက်တောင် ငါသောက်လိုက်မိတယ် "
"ဟဲဟဲ"
"
လူကြီးမင်း အခုစားခဲ့ရတာက ကျွန်တော်တို့ ကြိုပြီးပြင်ဆင်ထားတဲ့ အစားအစာတစ်ခုပါ။ ကျွန်တော်တို့ ချန်ချင်း ကုန်သွယ်ရေး မှာ ရေခဲနဲ့ပြုလုပ်ထားတဲ့သိုလှောင်ခန်းတစ်ခုရှိပါတယ်။ လူကြီးမင်းသောက်ခဲ့တဲ့ လတ်ဆတ်ပြီးအရသာရှိတဲ့ ဟင်းရည်ကို လွန်ခဲ့တဲ့ငါးရက်က ပြင်ဆင်ချက်ပြုတ်ထားခဲ့တာပါ" ယန်လီရှန့် ၏ စကားများကြောင့် ဟင်းရည်ကို မြည်းစမ်းကြည့်ခဲ့တဲ့လူတိုင်းရဲ့ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဒီ၊ဒီဟင်းရည်က... ငါးရက်တောင်ရှိနေပြီလား?