← Chapters

အင်ပါယာသုံးခုမဟာမိတ်စစ်တပ်

Vol. 42 Ch. 616

အင်ပါယာသုံးခုမဟာမိတ်စစ်တပ်

Vol. 42 Ch. 616

နဂါးသင်္ချိုင်းတောင်ကြားတွင်..

နတ်ဆိုးမကျိသည် ကမ်းပါးစွန်းနားမှာ မျက်ခုံးတွန့်၍ အတန်ကြာ ရပ်နေ၏။ အေးစက်သော လေများက သူမကို တိုက်ခိုက်နေပြီး သူမသည် ဝေခွဲမရ ဖြစ်နေ၏။

သူမသည် လက်လျှော့ပြီး ထွက်ခွာမလို့ လုပ်စဉ်မှာပင် မလှမ်းမကမ်းမှ ပုံရိပ်တစ်ခုက ပေါ်လာ၏။

အဲ့ဒါက နီးသထက်နီးလာလေသည်။

ထိုအစိမ်းရောင်ဝတ်ရုံက အလွန်ရင်းနှီး၏။

သူမသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။

နှစ် ၂၀ ကြာပြီးနောက် ဆူဇီမိုထံမှာ ဖော်မပြတတ်သော တစ်မူထူးခြားသည့် အော်ရာတစ်ခု ရှိလာရုံကလွဲလျှင် ကျန်တာ ဘာမှ ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။

နတ်ဆိုးမကျိသည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး စိတ်ဝိညာဉ်အကဲဖြတ်ခြင်းဖြင့် ဆူဇီမို၏ ဒါန်ထျန်ကို စစ်ဆေးကြည့်လိုက်၏။

ချက်ချင်းပင် သူမ၏ မျက်ဝန်းထဲမှာ သနားမှုအရိပ်အယောင်က ပေါ်လာလေသည်။

‘အာ.. ပျက်စီးသွားတဲ့ ဒါန်ထျန်က ဘယ်လို ပြန်ကောင်းနိုင်မှာလဲ.. ငါ အတွေးလွန်နေတာပဲ’

သူမသည် စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

သူမ၏ ထောက်လှမ်းမှုတွင်.. ဆူဇီမို၏ ဒါန်ထျန်က ပေါက်နေသော ရေအိတ်တစ်လုံးလို မည်သည့်စိတ်ဝိညာဉ်ချီမှ ရှိမနေပေ။

တစ်ကယ်တော့ ဆူဇီမို၏ ဒါန်ထျန်သည် ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် အတိတ်ကာလတုန်းကနှင့် မတူတော့ပေ။

သူ၏ ရွှေအမြုတေက ပျက်စီးခဲ့ပြီး အနက်ရောင်တွင်းတစ်ခုသာ ကျန်ရှိနေခဲ့၏။

ထိုတွင်းနက်ထဲတွင် အသောကပန်းက ပုန်းကွယ်နေလေသည်။

ဆူဇီမိုက သူ့စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်မသုံးသေးသရွေ့.. ကျင့်ကြံသူများသည် ဘာကိုမှ ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ဘဲ ဗလာကျင်းနေသော ဒါန်ထျန်တစ်ခုကိုသာ တွေ့ရပေလိမ့်မည်။

သူတို့သာ သူ၏ အတိတ်က အဖြစ်အပျက်များကို သိမထားလျှင်.. မည်သည့်အပြင်လူမဆို သူ့ကို သာမန်မော်တယ်တစ်ယောက်ဟုသာ ထင်မိပေလိမ့်မည်။

“ဇီမို.. ဒီနှစ်တွေထဲမှာ နင်ဘယ်လို နေခဲ့လဲ”

နတ်ဆိုးမကျိသည် ရှားရှားပါးပါး နောက်ပြောင်မနေပေ။ ထို့အစား သူမ၏ မျက်လုံးများက သနားစာနာမှုဖြင့် နာကျင်နေပြီး သူမ၏ အမူအယာက စိတ်ခံစားချက် မြင့်တက်နေ၏။

လွန်ခဲ့သည့် နှစ် ၂၀က သူမရှေ့က ဤလူသည် ဂုဏ်ကျက်သရေ ထွန်းတောက်ပြောင်ခဲ့၏။

မြောက်ပိုင်းဒေသမှာသာမက.. ထျန်ဟွမ်ကုန်းမြေတိုက်၏ အခြားဒေသရှိ လူအချို့တောင်မှ သူ့ကို သိကြလေသည်။

သို့သော် ယခုအခါ ထျန်ဟွမ်ကုန်းမြေတိုက်မှ လူများကို မဆိုထားနှင့်.. မြောက်ပိုင်းဒေသရှိ လူအများစုတောင်မှ သူ့ကို မေ့လျော့သွားကြလေပြီ။

ဆူဇီမိုက တည်ငြိမ်စွာ ပြန်ဖြေ၏။

“ငါ အဆင်ပြေပါတယ်”

“ဆရာဆူရှိတဲ့နေရာကို ငါသိတယ်.. ငါ နင့်ကို ခေါ်သွားပေးမယ်”

ဆူဟုန်မှာ အချိန်သိပ်မကျန်တော့ပေ။ သူတို့ အမြန်ဆုံးတွေ့နိုင်လေ ကောင်းလေ ဖြစ်၏။ လက်ရှိဆူဇီမို၏ စိတ်ဆန္ဒကို နတ်ဆိုးမကျိ သိထားပြီး တုံ့ဆိုင်းခြင်းမရှိ ခေါ်ဆောင်သွား၏။

ဆူဇီမိုက နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။

သူတို့နှစ်ယောက်သည် မဟာချွမ်အပျက်အစီးကို ဖြတ်ကျော်လာခဲ့ကြ၏။

နန်းတော်၏ အနက်ပိုင်းထဲသို့ ရောက်လာပြီးနောက် ဆူဇီမိုသည် ခဏမျှ ရပ်တန့်ကာ သူ့အောက်ရှိ သွေးစွန်းနေသော အပျက်အစီးမြေကို ကြည့်လိုက်၏။

လွန်ခဲ့သည့် နှစ် ၂၀ က မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများသည် ဟင်္သပဒါးသစ်သီးအတွက် ဤနေရာမှာ လာရောက်စုဝေးခဲ့ကြ၏။

ထိုတိုက်ပွဲမှာ မြောက်များလှစွာသော ပြိုင်စံရှားများက ကျဆုံးခဲ့ကြလေသည်။

ကောင်းကင်တစ်ဝက်တောင် မီးလောင်ပြာကျခဲ့၏။

ချော်ရည်ပူများ၏ အပူချိန်က အလွန်တရာ မြင့်မားပြီး မြေပြင်ပေါ်မှာ အပေါက်များ၊ တွင်းချိုင့်များ ဖြစ်ကျန်ခဲ့၏။ မြေအောက်နန်းတော်က အတန်ကြာကတည်းက နစ်ဝင်ပြိုကျသွားပြီး လိုဏ်ဂူက မြှုပ်နှံခံလိုက်ရလေပြီ။

လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်မီးတောင်ကလည်း မြေအောက်မှာ နစ်မြုပ်သွားပြီဖြစ်၏။

အထဲမှာ ဘယ်လို လျှို့ဝှက်ချက်ပဲရှိရှိ မည်သူမှ အဲ့ဒါကို ရှာမတွေ့လောက်တော့ပေ။

အနည်းငယ် ရပ်တန့်ပြီးနောက် ဆူဇီမိုက နတ်ဆိုးမကျိကို အမီလိုက်ပြီး ရုတ်တရက် မေးလိုက်၏။

“ယောင်ရွှယ်က အန္တရာယ် ရှိနေတာလား”

ကျိယောင်ရွှယ်သာ ဆူဟုန်၏ အခြေအနေကို သိထားလျှင် သူ့ကို သတင်းလာပေးမည့်သူက သူမ ဖြစ်ပေလိမ့်မည်။

သူမ မလာနိုင်ရသည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူမက အန္တရာယ်ရှိသော အခြေအနေမှာ ကျရောက်နေပြီး ဝေးဝေး မသွားနိုင်သောကြောင့်ပင်။

“အင်း”

နတ်ဆိုးမကျိက ခေါင်းညိတ်လိုက်၏။

“မကြာသေးတဲ့ နှစ်တွေကစပြီး မြောက်ပိုင်းဒေသမှာ ပြည်နယ်ခွဲတွေ ထကြွလာရင်းနဲ့ စစ်မီးတောက်လာခဲ့တယ်.. မဟာကျိုးအင်ပါယာရဲ့ နန်းတွင်းက အတွင်းအပြင် ပဋိပက္ခတွေ ဖြစ်ပြီး ရှုပ်ထွေးလာတဲ့ချိန်မှာ အခြားအင်ပါယာသုံးခုက မဟာကျိုးရဲ့ နယ်စပ်တွေကို ကျူးကျော်လုယက်လာခဲ့ကြတယ်”

“ပြီးခဲ့တဲ့နှစ်နှစ်က မဟာရှ၊ မဟာရှန်နဲ့ မဟာယွီတို့က အတူပူးပေါင်း မဟာမိတ်ဖွဲ့ပြီးတော့ မဟာကျိုးရဲ့ နယ်စပ်မြို့တွေကို ကျူးကျော်လာခဲ့ကြတယ်.. သူတို့က မဟာကျိုးကို ချေမှုန်းပြီးတော့ အကျိုးအမြတ်တွေကို ခွဲဝေယူချင်နေကြတာ”

ဆူဇီမိုက သာမန်ကာလျှံကာပုံစံနှင့်ပင် မေးလိုက်၏။

“အင်ပါယာတွေကြားက စစ်ပွဲမှာ တိုက်ခိုက်နေကြတဲ့ လူတွေရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်တွေလဲ”

“စစ်တပ်အများစုကတော့ အခြေတည်အဆင့်တွေ၊ ရွှေအမြုတေတွေနဲ့ ဖွဲ့စည်းထားတာပဲ.. အဲ့မှာ နိုးထဝိညာဉ် နဲနဲပါးပါးလဲ ပါတာပေါ့.. မူလနတ္ထိအဆင့်တွေကတော့ အခုလောလောဆယ် ရှေ့တန်းမျက်နှာစာမှာ ပေါ်လာမှာ မဟုတ်သေးဘူး.. သူတို့ရဲ့ မဟာမိတ်စစ်တပ်က မဟာကျိုးမြို့တော်ကို ရောက်လာတဲ့ နောက်ဆုံးတိုက်ပွဲကျရင်တော့ သူတို့ ပေါ်လာလိမ့်မယ်” နတ်ဆိုးမကျိက ဖြေပေးလိုက်၏။

“ငါ သိပြီ” ဆူဇီမိုက ပြောသည်။

နတ်ဆိုးမကျိက ဆက်ပြောလေသည်။

“ငါ့အစ်မက စစ်တပ်ကို သူကိုယ်တိုင် ဦးဆောင်ပြီးတော့ ရန်သူတွေကို ပင်လယ်ကွေ့မှာ သွားတားထားတယ်.. သူက အခုဆို နန်းတော်ကို ပြန်မလာဘဲနဲ့ အပြင်မှာနေတာ နှစ်နှစ်နီးပါး ရှိနေပြီ.. ဆရာဆူရဲ့ ကျန်းမာရေးအခြေအနေကို သူ မသိနိုင်ဘူး”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

နတ်ဆိုးမကျိက အလောတကြီး ထပ်ပြောလိုက်၏။

“မပူပါနဲ့.. သူက အဆင်ပြေပါတယ်.. ပကတိအရှင်မင်းကျီကလဲ သူ့အနားမှာ တစ်ချိန်လုံး ရှိနေတာပဲ”

ဆူဇီမိုက ဆိတ်ဆိတ်နေ၏။

နတ်ဆိုးမကျိ၏ စကားများမှတစ်ဆင့် ကျိယောင်ရွှယ်က အခြေအနေ သိပ်မကောင်းလှတာကို ဆူဇီမို ခန့်မှန်းမိပြီးဖြစ်၏။

သူမက အသက်အန္တရာယ် မရှိသေးဘူးဆိုလျှင်တောင် ပြဿနာများ ပတ်လည်ဝိုင်းနေလောက်လေပြီ။

အင်ပါယာသုံးခုက မဟာမိတ်ဖွဲ့ထားကြ၏။ သူတို့၏ ရည်ရွယ်ချက်က မဟာကျိုးနယ်မြေကို ခွဲဝေသိမ်းပိုက်ဖို့ပင်။

မဟာကျိုးက အခြေခံ အရင်းအမြစ်များနှင့် နယ်မြေအားသာချက်ရှိသည် ဆိုလျှင်တောင် အင်ပါယာသုံးခု ပေါင်းထားသော မဟာမိတ်စစ်တပ်ကို ခုခံဖို့ အတော်ခက်ခဲပေလိမ့်မည်။

နှစ်နှစ်အတွင်း ကျိယောင်ရွှယ် ပြန်မလာနိုင်ခဲ့သည့်အချက်က အခြေအနေ ဘယ်လောက်ဆိုးကြောင်း သက်သေပင်။

ဒါ့အပြင် စစ်မြေပြင်မှာ အပြောင်းအလဲများက လျှင်မြန်စွာ ဖြစ်ပွားတတ်ပြီး ဘာမဆို ဖြစ်သွားနိုင်လေသည်။

ပကတိသက်ရှိမင်းကျီက သူမအနားမှာ ရှိနေလျှင်တောင် ကျိယောင်ရွှယ်၏ လုံခြုံစိတ်ချမှုအတွက် အာမခံချက် မရှိပေ။

. . .

သူတို့နှစ်ယောက်သည် နေ့ရောညပါ မရပ်မနားဘဲ ခရီးဆက်ခဲ့ကြ၏။

ရက်အနည်းငယ် ကြာပြီးနောက် သူတို့က မဟာကျိုးမြို့တော်သို့ ရောက်လာခဲ့၏။

မလိုအပ်သည့် ပြဿနာများကို ရှောင်ရှားနိုင်ရန် ဆူဇီမိုက နတ်ဆိုးမကျိ၏ ရထားလုံးထဲမှာ လိုက်ပါခဲ့လေသည်။ နန်းတော်ထဲ လမ်းတစ်လျှောက်တွင် သူတို့သည် အချိုးအကွေ့များကို လှည့်ပတ်ပြီးမှ နန်းတော်၏ လျှို့ဝှက်ကုန်းသို့ ရောက်ရှိသွား၏။

သိပ်မကြာမီ နတ်ဆိုးမကျိက ဆူဇီမိုကို အိမ်တစ်လုံးဆီသို့ ခေါ်သွားပြီး ညင်သာစွာ ပြောလိုက်၏။

“ငါ အပြင်မှာ နေဦးမယ် အထဲကို မလိုက်တော့ဘူး.. နင်လိုအပ်တာ တစ်ခုခုရှိရင် ငါ့ကို လှမ်းခေါ်လိုက်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

တံခါးအပြင်ဘက်တွင် တိတ်တဆိတ် ရပ်နေရင်း ဆူဇီမိုသည် တံခါးကို မဖွင့်ရဲသေးပေ။

တစ်ကယ်တော့ သူ့လက်ဝါးကို ဖြန့်၍ တံခါးရွက်ကို ထိထားပြီးဖြစ်၏။ သို့သော် သူသည် တွန်းမဖွင့်ရဲ ဖြစ်နေ၏။

သူ့အစ်ကိုကြီးဆူဟုန်က အထဲမှာ ရှိတာကို သူသိလေသည်။

အခန်းထဲမှ ဖြာထွက်နေသော နေဝင်ခါနီးအော်ရာကို သူခံစားမိနေ၏။

“ဇီမို.. မင်းမလား”

ရုတ်တရက် အထဲမှ အသံက ထွက်လာ၏။

ထိုအသံက အားနည်း၍ ခြောက်ကပ်နေ၏။

ချက်ချင်းပင် မရေမတွက်နိုင်သော ပုံရိပ်များက ဆူဇီမို၏ စိတ်ထဲမှာ ဖြတ်ပြေးသွား၏။

“ဇီမို.. သွားပြန်ပြီး စာကြည့်.. မင်းကို သိုင်းသင်ဖို့ ခွင့်ပြုမထားဘူး”

“ဒီမြင်းက ဇူဖန်တဲ့.. သူ့မှာ အသိဉာဏ် နဲနဲရှိတယ်.. သူက မင်းနဲ့ ရေစက်ပါမှတော့ ဒီနေ့ကစပြီး သူက မင်းမြင်းဖြစ်သွားပြီ”

“ဇီမို.. မင်း ကောလိပ်စာမေးပွဲ အောင်ရင် ငါ မင်းကို စံအိမ်တစ်လုံး ဆုချမယ်...”

ဤအသံက အတိတ်ကာလတုန်းကလို အားပါခိုင်မာခြင်း မရှိတော့ပေ။

သို့သော်လည်း ထိုအသံက ဆူဇီမို၏ မှတ်ဉာဏ်ထဲရှိ ပုံရိပ်များစွာကို နိုးထလာစေ၏။

ချက်ချင်းပင် သူ့နှာခေါင်းထဲသို့ နှာရည်များ စီးဝင်လာသည်ဟု ခံစားလိုက်ရပြီး သူက တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်၏။

“အစ်ကိုကြီး ကျုပ်ပါဗျ”

သူသည် သူ့စိတ်ကိုသူ ကြိုတင်ပြင်ဆင်ထားသော်လည်း ဆူဟုန်ကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားက ထိတ်ကနဲ ခုန်သွား၏။

သူ့အစ်ကိုကြီးက အိုစာနေခဲ့လေပြီ။

အသက်က အညှာတာမဲ့သော ဓါးတစ်လက်လို လှီးဖြတ်ခဲ့ပြီး ဆူဟုန်၏ မျက်နှာပေါ်မှာ ဓါးချက်များလို အရေးအကြောင်းများက တွန့်တွနေခဲ့လေပြီ။

သူကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းသာ မဟုတ်လျှင်.. သူ့ရှေ့ရှိ အင်အားချိနဲ့နေသော ဤလူအိုကြီးသည် တစ်ချိန်က သံမဏိလှံတံကို ကိုင်စွဲ၍ မဟူရာချပ်ဝတ်မြင်းစီးစစ်သည်များကို ဦးဆောင်ကာ စစ်မြေပြင်မှာ လွှမ်းမိုးခြယ်လှယ်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း စဉ်းစားကြည့်ဖို့ ခက်ခဲပေလိမ့်မည်။

အရင်တုန်းက သူဘယ်လောက် သန်မာခဲ့သလဲ..

ဆယ်စုနှစ်တချို့က ကုန်ဆုံးခဲ့၏။

အသက်ခြောက်ဆယ်ကျော်မှာ ဆူဟုန်သည် အသက်တစ်ရာကျော်လူတစ်ယောက်ကဲ့သို့ အိုစာသွားခဲ့၏။

သူ့ဆံပင်များက ဖြူဖွေးပြီး သူ့မျက်လုံးတစ်စုံက မှုန်ရီဝေဝါးနေပြီဖြစ်၏။

သို့သော်လည်း ဆူဇီမိုကိုကြည့်သော သူ၏ အကြည့်မှာ အရင်ကလိုပဲ နွေးထွေးကြင်နာမှုနှင့် စိတ်ကျေနပ်နှစ်သိမ့်မှုက ပါနေဆဲဖြစ်၏။

ဆူဇီမိုသည် ရှေ့သို့ အလျှင်အမြန် တက်သွားပြီး ဆူဟုန်ရှေ့မှာ ဒူးထောက်ကာ ထိုသူ၏ လက်ကောက်ဝတ်နှစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။

ဆူဇီမို၏ လက်များက တုန်ယင်နေ၏။

ဆူဟုန်၏ အသက်ဓါတ်က သူ့ခန္ဓာကိုယ်ကနေ နည်းနည်းချင်း ယုတ်လျော့လာတာကို သူရှင်းလင်းစွာ ခံစားမိနေ၏။ သူ့အင်္ဂါများ၏ အလုပ်လုပ်ပုံက စတင်ယိုယွင်းလာနေပြီဖြစ်၏။

ဆူဟုန်၏ ဘဝသက်တမ်းက အဆုံးသတ်ခါနီးသို့ ရောက်လာပြီး အချိန်များစွာ မကျန်ရှိတော့ဘဲ ဤအခြေအနေမှာ သူ့ကို နတ်ဘုရားဆင်းကယ်လျှင်တောင် ရနိုင်တော့မည် မဟုတ်ပေ။

“ကျတော် နောက်ကျသွားတယ်”

ဆူဇီမိုသည် ခေါင်းငိုက်စိုက်ချပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။

“နောက်မကျပါဘူး.. နောက်မကျဘူးကွ”

ဆူဟုန်သည် ဆူဇီမို၏ လက်ဝါးကို ညင်သာစွာ ပုတ်ပြီး နှစ်သိမ့်ပေးလိုက်၏။

“မင်းအဆင်ပြေနေတာ မြင်ရတော့ ငါ့မှာ နောင်တ မရှိတော့ဘူး.. ငါစိတ်ဖြောင့်ဖြောင့်နဲ့ ထွက်သွားလို့ရပြီ”

“ဟား”

ထို့နောက် ချက်ချင်းပင် ဆူဟုန်က သက်ပြင်းချလိုက်၏။

“နှမြောဖို့ ကောင်းတာက နောက်ဆုံးအချိန်မှာ ငါ ရှောင်းနင်ကို မမြင်ရတော့ဘူး.. အဲ့ကလေးမ ဘယ်လိုနေလဲ ငါသိချင်လိုက်တာ.. သူ ထိခိုက်ခံစားရသေးလား မသိဘူး”

“မင်းသိပါတယ်.. သူ့စိတ်က အရမ်းနုတယ်လေ.. ငါတို့ မရှိတုန်း သူ့ကို သူများတွေ ဝိုင်းအနိုင်ကျင့်ကြရင် ဘယ်လိုလုပ်မလဲ”

All Chapters