← Chapters

ဆူဇီမိုဆိုတာ ငါပဲ

Vol. 42 Ch. 617

ဆူဇီမိုဆိုတာ ငါပဲ

Vol. 42 Ch. 617

ဆူဇီမိုက ပြောလိုက်၏။

“ရှောင်းနင်က လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို တိုးမြှင့်ပေးနိုင်တဲ့ ဆေးလုံးတစ်မျိုး ဖော်စပ်နိုင်ဖို့အတွက် ဂိုဏ်းကြီးတစ်ဂိုဏ်းထဲကို ဝင်သွားပြီ.. သူက ထိခိုက်ခံစားရတာမျိုး မရှိပါဘူး.. သူကတောင် ပြောသေးတယ်.. သူ့ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်ပြီးရင် အဲ့ဒါကို ပထမဆုံး မှီဝဲရမယ့်သူက အစ်ကိုကြီးပဲတဲ့”

“အဲ့ကလေးမကတော့”

ဆူဟုန်က ပြုံးလိုက်၏။

ဆူဟုန်၏ အပြုံးကို မြင်ပြီး ဆူဇီမိုရင်ထဲ နာကျင်သွား၏။

ရှေးဟောင်းတိုက်ပွဲမြေ ဖွင့်ဖို့က တစ်လကျော်လောက်လေးသာ လိုတော့လေသည်။

သို့သော် သူ့အစ်ကိုကြီး၏ အခြေအနေကို သူကောင်းကောင်းသိ၏။ သူက အဲ့အချိန်ထိ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်တော့ပေ။

ဆိုလိုသည်မှာ ဆူဟုန်သည် ရှောင်းနင်နှင့် နောက်တစ်ဖန် ဘယ်တော့မှ ထပ်တွေ့နိုင်တော့မည် မဟုတ်ပေ။

ခဏနေပြီးနောက် ဆူဟုန်က ဆူဇီမို၏ ပုခုံးကိုပုတ်ပြီး ညင်သာစွာ ပြောလိုက်၏။

“ငါ့ကို ပြန်ပို့ပေးပါလား”

ဆူဟုန်က ဘယ်နေရာကို ပြန်ပို့ခိုင်းတာလဲဆိုတာ ဆူဇီမို သဘောပေါက်၏။

အဲ့ဒါက ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ဆူဟုန် တစ်ချိန်လုံး စဉ်းစားတွေးတောနေခဲ့သည့် နေရာ ဖြစ်ပေလိမ့်မည်။

မြေခွေးက သူ့တွင်းထဲမှာသာ သူသေ၏။ သစ်ရွက်က အပင်ခြေကိုသာ ဆင်းသက်လေသည်။

မှန်းမျှော်တမ်းတခြင်းအပြင်.. ဆူဟုန်သည် ထိုမြေနှင့် ထိုဒေသခံလူများအတွက် လိပ်ပြာမလုံသလို ခံစားရလေသည်။

သူ ပြန်ရပေမည်။

“ကောင်းပါပြီ”

ဆူဇီမိုက ခေါင်းညိတ်၍ ဆူဟုန်ကို ပွေ့ချီကာ တံခါးဝသို့ လျှောက်လာ၏။

မလှမ်းမကမ်းတွင် စောင့်ဆိုင်းနေသော နတ်ဆိုးမကျိက ပျာပျာသလဲ ပြေးချလာပြီး မေးလိုက်၏။

“ရှင်တို့ ဘယ်သွားကြမလို့လဲ”

ဆူဇီမိုက ဖြေလိုက်၏။ “မြို့တော်ထဲက အရင်ထွက်ကြတာပေါ့”

မဟာကျိုးမြို့တော်ထဲမှာ လူများစွာ ရှိသည့်အတွက် သူက ဆူဟုန်ကို သယ်ပိုးသွားလို့ မဖြစ်ချေ။

မဟာကျိုးမြို့တော်ထဲမှာ ဆူဟုန်ရှိသည်ကိုသာ အခြားလူများ သိသွားလျှင် အင်ပါယာသုံးခု၏ မဟာမိတ်စစ်တပ် ရောက်မလာခင်မှာပင် မဟာကျိုးအင်ပါယာက ချေမှုန်းခံရပေလိမ့်မည်။

ဆူဇီမိုက ဆူဟုန်ကို နတ်ဆိုးမကျိ၏ ရထားလုံးထဲသို့ သယ်ပို့လိုက်၏။

ရထားလုံးကို မျောက်မျက်ရတနာများ၊ ကျောက်စိမ်းများဖြင့် ခမ်းနားထည်ဝါစွာ အလှဆင်ထားပြီး တောက်ပသော စိတ်ဝိညာဉ်အလင်းများဖြင့် တဖျပ်ဖျပ်လက်နေ၏။ ရထားလုံးက လေထဲသို့ ဖြည်းဖြည်းချင်း တက်သွားပြီး မြို့တော်အပြင်ဘက်သို့ ဦးတည်သွား၏။

မင်းသမီး၏ ရထားလုံး ဖြစ်နေသည်ကို တွေ့ရသောအခါ မည်သူမှ အစစ်ဆေးအမေးမြန်း မရှိဘဲ ခရီးစဉ်က ချောမွေ့လေသည်။

သိပ်မကြာမီ သူတို့သုံးယောက်သည် မြို့တော်ထဲကနေ ထွက်လာခဲ့ပြီဖြစ်၏။

ဆူဇီမိုက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီး အနားတွင် မည်သူမှ မရှိသည်ကို တွေ့ရသောအခါ ပြောလိုက်၏။

“ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် နတ်ဆိုးမကျိ.. အစ်ကိုကြီးကို ဒီကနေပဲ ကျုပ်ခေါ်သွားလိုက်တော့မယ်.. ခင်ဗျား ပြန်လို့ ရပါပြီ”

“ငါ့မှာ တခြား လုပ်စရာ မရှိပါဘူး.. နင်တို့သွားချင်တဲ့နေရာကို ပြောလေ.. ငါလိုက်ပို့ပေးမယ်” နတ်ဆိုးမကျိက အလောတကြီး ပြောလိုက်၏။

ဆူဇီမိုက ငြင်းပယ်တော့မည့်ဆဲဆဲမှာပင် သူ့နားရွက်က လှုပ်သွားပြီး မျက်မှောင်ကိုကြုတ်၏။

“တစ်ယောက်ယောက် လာနေတယ်”

ဆူဇီမို၏ အမူအယာက အေးစက်လာ၏။

ထိုလူက သူတို့ဆီသို့ အလွန်တရာ မြန်ဆန်စွာ လာနေ၏။ ဝင်ရောက်လာသူက ဖော်ရွေခြင်း မရှိသည်မှာ သိသာလေသည်။

သိပ်မကြာမီ..

လေထဲမှာ အဝတ်စလေတိုးသံများက တဖျပ်ဖျပ် ထွက်လာ၏။

လူဆယ်ယောက်က ဆင်းသက်ပြီး နတ်ဆိုးမကျိ၏ ရထားလုံးကို ဝိုင်းပတ်လိုက်ကြ၏။

ခေါင်းဆောင်က ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ကတုံးပြောင်လူဖြစ်၏။ သူ့မျက်လုံးများက လင်းတတစ်ကောင်၏ မျက်လုံးများလို ထက်ရှနေ၏။ သူက မဟာကျိုးအင်ပါယာ၏ သွေးလင်းတအဖွဲ့မှ ခေါင်းဆောင်တပ်မှူး လင်းတကတုံး ဖြစ်လေသည်။

အခြားကိုးယောက်က သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူတို့၏ ခါးပေါ်မှာ ဂိုဏ်းတံဆိပ်ပြားများကို ချိတ်ဆွဲထားကြ၏။ သူတို့၏ အော်ရာက အားမနည်းလှဘဲ ဖော်ရွေမှုလည်း မရှိကြပေ။

သူတို့ကိုးယောက်စလုံးက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ ရွှေအမြုတေများ ဖြစ်ကြ၏။

နတ်ဆိုးမကျိက ဆူဇီမို၏ လက်ကို ဖိချပြီး ခေါင်းခါပြကာ အရမ်းကာရောမလုပ်ဖို့၊ စိတ်ငြိမ်ငြိမ်ထားဖို့ လက်ဟန်ပြလိုက်၏။

သူ၏ သရုပ်သာ ပေါ်ပေါက်သွားလျှင် သူ့နောက်သို့ ပြဿနာများက တောက်လျှောက်လိုက်လာပေလိမ့်မည်။

မြောက်ပိုင်းဒေသတစ်ခုလုံးက လှုပ်ခတ်သွားလိမ့်မည်။

ဆူဇီမိုက အမူအယာကင်းမဲ့နေပြီး မလှုပ်ရှားပေ။

နတ်ဆိုးမကျိက လိုက်ကာစကို ဖြတ်ပြီး တည်တံ့စွာ မေးလိုက်၏။

“လင်းတကတုံး.. ငါ ဘယ်သူလဲ နင်မသိဘူးလား.. နင်တို့က ငါ့ရထားကို ဟန့်တားဖို့အထိတောင် သတ္တိကောင်းနေကြတယ်ပေါ့”

“ဟီးဟီး”

လင်းတကတုံးက ရယ်မောလိုက်၏။

“ဘယ်ကိုများ သွားကြမလို့လဲ မင်းသမီးလေးရဲ့”

“အဲ့ဒါ နင်တို့ကိစ္စ မဟုတ်ဘူး.. ထွက်သွားကြစမ်း”

ဒေါသစွက်နေသော နတ်ဆိုးမကျိ၏ အသံက ထွက်လာပြီး ငေါက်ငမ်းလိုက်၏။

“ဟမ့်”

လင်းတကတုံးက သူ့အပြုံးကို ပြန်ရုတ်သိမ်းပြီး ခက်ထန်စွာ ပြောလိုက်၏။

“မင်းသမီးလေး.. နင်က သတင်းတစ်ခုခု ကြားထားပြီး အဲ့ဒါကို နင့်အစ်မဆီ ပို့ဖို့ ကြိုးစားနေတယ်ဆိုတာ ငါသေချာသိထားတယ်.. ဟုတ်တယ်မလား”

“နင်တို့ ဘာတွေ ပြောနေကြတာလဲ”

နတ်ဆိုးမကျိက မျက်မှောင်ကြုတ်လိုက်၏။ လင်းတကတုံး ပြောနေသည်ကို သူမ တစ်ကယ် နားမလည်ပေ။

ထိုစကားကို ကြားသောအခါ.. ကျိယောင်ရွှယ်က သူထင်ထားသည်ထက် ပိုဆိုးသော အခြေအနေမှာ ရောက်နေပြီဆိုတာ ဆူဇီမို နားလည်လိုက်၏။

မြို့စောင့်တပ်မှူးကတောင် မဟာကျိုးမင်းသမီး၏ ရထားလုံးကို ဟန့်တားရဲနေပြီဆိုတော့ မဟာကျိုးမှာ တိုင်းရေးပြည်ရေးနှင့် နန်းတွင်းရေးက အတော်လေးကို ရှုပ်ထွေးနေပြီဖြစ်ကြောင်း သိသာလေသည်။

ဒါ့အပြင် လင်းတကတုံးက သူ့စကားကနေ တစ်ခုခုကို သွယ်ဝိုက်ပြောနေတာ သိသာလေသည်။

လင်းတကတုံးက လှောင်ရယ်လိုက်၏။

“မင်းသမီးလေး.. အခုမှ ကျုပ်ရှေ့မှာ ဘာမှ မသိသလို ဟန်ဆောင်ပြမနေနဲ့.. နင်တစ်ကယ် ဘာမှ မသိဘူးဆိုလဲ ကျေးဇူးပြုပြီး မြို့တော်ထဲကို ပြန်လိုက်ပါတော့”

နတ်ဆိုးမကျိ၏ သတ်ဖြတ်လိုစိတ်က ထောင်းကနဲ ထလာ၏။

သူမသည် ကြင်နာတတ်သော လူမျိုး မဟုတ်ပေ။

မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်တစ်ယောက်အနေနှင့် သူမ၏ မာန်မာနက ပေါ်လာလေသည်။

ထိုစဉ်မှာပင် နတ်ဆိုးမကျိ၏ အမြင်အာရုံက ဝါးကနဲ ဖြစ်သွား၏။ ဆူဇီမိုက ရထားလုံးထဲကနေ ထွက်လာလေပြီ။

“လင်းတကတုံး.. မင်း ငါ့ကို မှတ်မိသေးရဲ့လား”

ရထားလုံး အပြင်ဘက်မှ ထူးမခြားနား အသံတစ်သံက ထွက်ပေါ်လာ၏။

လင်းတကတုံးသည် အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ငေးကြည့်ပြီး ကြောင်အမှင်တက်သွား၏။

ထို့နောက် ချက်ချင်းပင် သူ့မျက်လုံးများက ပြူးကျယ်သွားပြီး သူ့သူငယ်အိမ်က ကျုံ့ဝင်ကာ အလန့်တကြား အော်ဟစ်လိုက်၏။

“မင်း မင်းပဲ”

“မင်းက ဘယ်-ဘယ်လိုဖြစ်လို့ မသေသေးတာလဲ”

လင်းတကတုံးသည် ဆူဇီမိုကိုကြည့်ပြီး ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။

ထိုလူ၏ နာမည်က တားမြစ်ထားသော တစ္ဆေတစ်ကောင်၏ နာမည်လိုပင်။

ဆူဇီမိုသည် မဟာချွမ်အပျက်အစီးမှာ တိုက်ပွဲဆင်နွှဲပြီးနောက် သူ့နာမည်က မြောက်ပိုင်းတစ်ခွင်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့၏။

သူ့ဟာသူ ဒီတိုင်းသေပြီး ပျောက်ကွယ်သွားတာက ကိစ္စမရှိပေ။

သို့သော်လည်း ဆူဇီမိုကို သူတို့ရှေ့မှာ အသက်ရှင်လျက်နှင့် မြင်တွေ့ပြီး ဣန္ဒြေဆယ်နိုင်သည့် ရွှေအမြုတေက မြောက်ပိုင်းဒေသမှာ မရှိနိုင်ပေ။

“အဲ့လူက ဘယ်သူမို့လဲ”

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ကျင့်ကြံသူများက စိတ်ဝိညာဉ်အကဲဖြတ်ခြင်းဖြင့် ထောက်လှမ်းကြည့်လိုက်သော်လည်း အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ ဒါန်ထျန်က ဗလာကျင်းနေသည်ကိုသာ တွေ့ရ၏။ သူက မော်တယ်တစ်ယောက်သာ ဖြစ်သည်ကို တွေ့ရှိရပြီးနောက် သူတို့၏ မျက်လုံးများက အထင်အမြင်သေးမှုဖြင့် ပြည့်နှက်လာ၏။

“သူ-သူက...”

“ငါက ဆူဇီမိုပဲ”

အဲ့ဒီမှာ ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ကျင့်ကြံသူများသည် အကြည့်ချင်း ဖလှယ်ကြပြီးနောက် ဝါးလုံးကွဲ ရယ်ချလိုက်ကြ၏။

“ဆူဇီမိုက နဂါးသင်္ချိုင်းတောင်ကြားမှာ သေသွားပြီဆိုတာ လူတိုင်း သိနေတဲ့ကိစ္စကို.. မင်းကိုယ်မင်း ဆူဇီမိုဆိုပြီး လာနောက်နေတာလား”

“ဟဟဟဟား.. စိတ်ဝင်စားစရာပဲဟေ့.. မင်းက သေလူတစ်ယောက်နေရာမှာ ဟန်ဆောင်ဖို့ ကြိုးစားနေတာလား”

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူတိုင်း ရယ်မောလိုက်ကြ၏။

သို့သော်လည်း လင်းတကတုံးကတော့ တစ်ကိုယ်လုံး တောင့်တင်း၍ ချွေးသီးများ ပေါက်ပေါက်ကျကာ ငိုချချင်နေမိ၏။

တစ်ခုခုကို သူသိနေ၏။

အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ သူ့ကိုယ်သူ ဆူဇီမိုဟု ထုတ်ပြောလာမှတော့ သူတို့အားလုံးက သေရတော့မည်ဟု ဆိုလိုသည် မဟုတ်ပါလား။

“အဲ့ဒါက ရယ်ရလို့လား”

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်သည် ရယ်လို့ မဆုံးသေးခင်မှာပင် သူ့အမြင်အာရုံက ဝါးကနဲ ဖြစ်သွားပြီး သူ့နားထဲမှာ အေးစက်စက်အသံတစ်သံကို ကြားလိုက်ရ၏။

“မြန်လှချေလား”

အဲ့ဒါက ထိုလူ၏ နောက်ဆုံးအတွေးတစ်စ ဖြစ်လေသည်။

နောက်ခဏ၌..

လူတိုင်း၏ ရှေ့မှောက်မှာပင် ဆူဇီမိုက ထိုလူ၏ လည်မျိုကို သူ့လက်ညိုးဖြင့် အသာအယာ ထိုးဖောက်လိုက်၏။

ဖျောက်..

သူ့လည်ပင်းက ကျိုးကြေသွားပြီး ရွှေအမြုတေတစ်ယောက်က သေလေပြီ။

“မိုက်ရိုင်းလိုက်တာ”

“ခွေးကောင် မင်းလုပ်ရဲတယ်ပေါ့”

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ အခြားသော ရွှေအမြုတေများသည် ဒေါသထွက်သွားပြီး ဟိန်းဟောက်လိုက်ကြ၏။

ချွင်.. ချွင်..

ရွှေအမြုတေရှစ်ယောက်သည် သူတို့၏ ဓါးပျံများကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်လိုက်ကြ၏။

ဓါးများက တုန်ခါသွားပြီး စိတ်ဝိညာဉ်အလင်းများက တောက်ပလင်းလက်လာကြ၏။

သူတို့ရှစ်ယောက်သည် ဆူဇီမိုကို အလယ်မှာထား၍ လျှင်မြန်စွာ ဝိုင်းပတ်လိုက်ကြ၏။ သူတို့၏ ဓါးပျံများကို လက်တစ်ဖက်စီဖြင့် ဆင့်ခေါ်ပြီး ကျန်လက်တစ်ဖက်စီဖြင့် လက်ဟန်ချိတ်စည်းများကို လှုပ်ရှားကာ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ စိတ်ဝိညာဉ်တိုက်ကွက် ထုတ်ဖော်လိုက်ကြ၏။

တိုက်ခိုက်မှုများက ချက်ချင်း ထွက်ပေါ်လာလေသည်။

ဆူဇီမို၏ အမူအယာက ပြောင်းလဲခြင်း မရှိဘဲ သူ့ပါးစပ်ကို ဟလိုက်၏။

“ဥုံ!”

မန္တန်ရွတ်ဖတ်သံက ထွက်ပေါ်လာ၏။

တာမင်းမန္တန်မှ ပထမဆုံး ဂါထာစာလုံး..

ချက်ချင်းပင် လေထုထဲမှာ မိုးကြိုးသံက ပဲတင့်ထပ်သွား၏။

တုန်လှုပ်ချောက်ချားစရာ စွမ်းအားက လေထုထဲမှာ ပျံ့နှံ့သွား၏။

ဆူဇီမိုကို ချိန်ရွယ်သော ဓါးပျံများက လေထုအလယ်မှာ အေးခဲသွား၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ပကတိသက်ရှိရှစ်ယောက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက အပြည့်အဝ မဖွဲ့တည်ရသေးခင်မှာပင် လေထဲမှာ ပျက်ပြယ်ကုန်ကြ၏။

သူတို့ရှစ်ယောက်စလုံးသည် နေရာမှာတင် တောင့်တင်းသွားပြီး မျက်လုံးများက ပြူးကျယ်ကာ နီရဲလာကြ၏။

လင်းတကတုံးက ရှင်းလင်းစွာ မြင်နေရ၏။

လူရှစ်ယောက်၏ နား၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များမှ သွေးများက စီးကျလာနေ၏။

သူတို့၏ ဒွာရပေါက်များအားလုံးမှ သွေးများက စီးကျလာခြင်းဖြစ်၏။

“မာ!”

ဆူဇီမို၏ အသံက နောက်တစ်ဖန် ထွက်လာ၏။

ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း..

လင်းတကတုံး၏ ရှေ့မှောက်မှာပင် ပကတိသက်ရှိရှစ်ယောက်၏ ခန္ဓာကိုယ်များက သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး အလောင်းတောင် မကျန်ခဲ့တော့ပေ။

နတ်ဆိုးမကျိသည် ရထားလုံးထဲကနေ ထွက်လာကာစမှာပင် ထိုမြင်ကွင်းကို မြင်လိုက်ရ၏။

ဆူဇီမိုထံမှ စကားသံနှစ်သံနှင့်ပင် ရွှေအမြုတေရှစ်ယောက်က သေဆုံးသည့်အထိ ပေါက်ကွဲထွက်သွားကြ၏။

ရုတ်တရက်.. နတ်ဆိုးမကျိသည် နားလည်လာ၏။

နှစ် ၂၀ ကြာပြီးနောက် ဆူဇီမို၏ တိုက်ခိုက်ရည်က မှေးမှိန်သွားရမည့်အစား အလွန်တရာ ကြောက်စရာကောင်းသည့် အဆင့်တစ်ခုထိ ရောက်လာပြီး သူမတောင်ကို သူ့ကို ဆက်ပြီး မဖတ်နိုင်တော့ပေ။

All Chapters