← Chapters

တာအိုကို ငါတည်ထောင်မယ်

Vol. 42 Ch. 618

တာအိုကို ငါတည်ထောင်မယ်

Vol. 42 Ch. 618

ဆူဇီမိုက လင်းတကတုံးဘက်သို့ လှည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ကဲ ပြော မင်းသိထားသမျှ အကုန်”

“တာအိုရောင်းရင်း.. ခင်-ခင်ဗျား ဘာပြောနေတာလဲ ကျုပ်-ကျုပ်လဲ မသိရပါလား”

လင်းတကတုံးက ခြောက်ကပ်ကပ် ရယ်လိုက်၏။

“မင်း မပြောရင် သေရမယ်”

ဆူဇီမိုသည် လေထဲကနေ လင်းတကတုံးဆီသို့ တစ်လှမ်းချင်း လျှောက်သွား၏။ သူ၏ အရှိန်က အနှေးမမြန်သော်လည်း မြောက်များလှစွာသော ဖိအားက ချက်ချင်း ရှေ့သို့ တလိပ်လိပ်တက်လာ၏။

အဲ့ဒါကို တစ်ကယ့်ကို အမှန်အကန် ဖိနှိမ်ခြင်းပင်။

တစ်ကယ်တော့ လင်းတကတုံးသည် ရင်ထဲမှာ တစ်စို့လာသည်ဟု ခံစားနေရ၏။

သူ့လက်နှစ်ဖက်က အနည်းငယ် တုန်ယင်နေပြီး သူ့မျက်လုံးထဲရှိ ကြောက်ရွံ့မှုများက ရူးသွပ်မှုအဖြစ်သို့ ပြောင်းလာနေ၏။

လင်းတကတုံး၏ မျက်နှာက ရှုံ့မဲ့လာပြီးနောက် ဖမ်းဟောက်လိုက်၏။

“ငါ မင်းကို အကုန် ပြောပြမယ်.. ဒါပေမယ့် မင်းငါ့ကို မသတ်ဘူးလို့ ကတိပေးရမယ်”

“မင်းက ငါနဲ့ ညှိနှိုင်းဖို့ အဆင့်မမီဘူး”

ဆူဇီမိုက ရေခဲတမျှ အေးစက်စက် မျက်နှာထားနှင့် လင်းတကတုံးရှေ့သို့ ရောက်လာ၏။ သူက ထိုလူ၏ လည်မျိုကို ဖမ်းဆုပ်၍ ခွန်အားကို စိုက်ထုတ်မလို့ ရှိစဉ်မှာပင် မွှေးပျံ့သောရနံ့က လွှမ်းခြုံလာ၏။

“ဇီမို.. ငါ့ကို လွှဲပေးလိုက်”

နတ်ဆိုးမကျိ၏ ပိုးသားလို ချောမွတ်နေသော လက်က ဆူဇီမိုကို လက်ကောက်ဝတ်ကို လာထိ၏။

ဆူဇီမိုက သူ့လက်ကို ဖြေလျှော့ပေးလိုက်၏။

လင်းတကတုံးရှေ့သို့ ရောက်လာ၍ နတ်ဆိုးမကျိက ညှို့ငင်ဓါတ်အပြည့်နှင့်ပြုံးကာ သူမ၏ မျက်ဝန်းထဲကနေ ဝဲဂယက်လေးများက ထွက်ပေါ်လာပြီး နူညံ့ညင်သာစွာ မေးလိုက်၏။

“ကြီးမြတ်တဲ့ တပ်မှူးကြီး ရှင်က ကျမလမ်းကို ဘာလို့ လာပိတ်ရပ်ရတာလဲရှင့်”

လင်းတကတုံးသည် သူ့ဝိညာဉ်ကို ဆုံးရှုံးလိုက်ရသည့်အလား ထုံထိုင်းကာ ငေးကြောင်နေ၏။

“ဒုတိယနဲ့ စတုတ္ထမင်းသားက တတိယမင်းသမီးကို ရှင်းထုတ်ပစ်ပြီး ပထမမင်းသားကြီး နန်းတက်နိုင်ဖို့ ကြိုးစားနေကြတာ.. ပထမမင်းသားက အကြီးဆုံးဆိုတော့ သူက နန်းတတ်ပြီး အမွေအနှစ်ကို ဆက်ခံသင့်တယ်လေ.. တတိယမင်းသမီးက ထီးနန်းကို မတရားသဖြင့် ရယူထားတာပဲ.. နောက်ပြီး သူက အမျိုးသမီးတစ်ယောက်လေ”

“သူက အမျိုးသမီးတစ်ယောက် ဖြစ်နေတာ ဘာမှားလို့လဲ”

နတ်ဆိုးမကျိက မျက်ခုံးပင့်ပြီး အေးစက်စွာ ပြောလိုက်၏။

“အမျိုးသမီးတွေက နန်းတက်လို့ မရဘူးလား.. ငါ့အစ်မက အခုထိ ရှေ့တန်းမှာ ရန်သူတွေနဲ့ တိုက်ခိုက်နေရတာလေ.. နင်တို့က ချောင်ထဲမှာ ကုပ်ပြီး အကောက်ကြံဖို့ အကွက်ချနေကြတယ်ပေါ့”

“နင်တို့အားလုံးက သေသင့်တဲ့ အမျိုးတွေပဲ”

သူမစကား မဆုံးသေးခင်မှာပင် နတ်ဆိုးမကျိ၏ လက်ချောင်းက လင်းတကတုံးကို လည်ပင်းကို ပွတ်ဆွဲလိုက်၏။

အနီရောင်မျဉ်းကြောင်းတစ်ခု ပေါ်လာ၏။

လင်းတကတုံးသည် မျက်လုံးပြူးမျက်ဆံပြူးနှင့် ထုံထိုင်းနေရာမှ နိုးထလာ၏။ သူသည် လက်နှစ်ဖက်ဖြင့် လည်ပင်းကို ဆုပ်ကိုင်ပြီး သူ့ခြေထောက်များက ယက်ကန်ယက်ကန် ဖြစ်နေ၏။ သို့သော်လည်း သွေးများပန်းထွက်လာခြင်းက ရပ်တန့်မသွားခဲ့ပေ။

ရှီး...

နောက်ဆုံးမှာတော့ လင်းတတုံး၏ အကြည့်က မှေးမှိန်ပြီး လဲကျကာ သေဆုံးသွားတော့၏။

“ငါ နင့်ကို မြို့တော်ထဲက အရေးကိစ္စတွေကို ကိုင်တွယ်ပေးစေချင်တယ်”

ဆူဇီမိုက တည်တံ့စွာ ပြောလိုက်၏။

“နင့်ရဲ့ ဂုဏ်အဆင့်အတန်းနဲ့ နည်းလမ်းတွေအရဆို ဒီကိစ္စကို ကိုင်တွယ်ဖို့ သိပ်မခက်ခဲလောက်ပါဘူး”

“ရတယ်.. စိတ်မပူပါနဲ့” နတ်ဆိုးမကျိက ခေါင်းညိတ်လိုက်၏။

ဆူဇီမိုသည် ရထားလုံးထဲသို့ ပြန်ဝင်၍ ဆူဟုန်ကို ကူညီခေါ်ထုတ်ကာ နတ်ဆိုးမကျိကို ခေါင်းညိတ်ပြလိုက်၏။

“ငါ အခု သွားတော့မယ်”

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက ဆူဟုန်ကို သယ်ပိုးပြီး အလွန်တရာ မြန်ဆန်စွာနှင့် ထွက်ခွာသွားပြီဖြစ်၏။ နောက်ခဏ၌ သူက အတော်ဝေးဝေးသို့ ရောက်ရှိသွားလေပြီ။

“ရှင်တို့ ဘယ်သွားကြမှာလဲ”

နတ်ဆိုးမကျိက နောက်ကနေ လှမ်းအော်လိုက်၏။

အတန်ကြာသည့်အထိ ပြန်ဖြေသံ ထွက်မလာခဲ့ပေ။

နတ်ဆိုးမကျိသည် နောက်ကနေ ပြေးလိုက်ချင်သော်လည်း အခုချိန်မှာ မဟာကျိုးမြို့တော်က သူမကို ပိုပြီးတော့ လိုအပ်နေကြောင်း သူမ သိထားလေသည်။

. . .

ယန်တိုင်းပြည်ကောင်းကင်ထက်ကနေ ဧရာမငှက်ကြီးတစ်ကောင်က ပျံသန်းလာ၏။

ငှက်က အကြားဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသော မီးတောက်လေးများ လောင်ကျွမ်းနေ၏။ သူ့မျက်လုံးများက ထက်ရှပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေကာ ဖြန့်ထားသော သူ့တောင်ပံများက ပေတစ်ရာကျော်လေသည်။

အဲ့ဒါက ရှေးဦးအဆက်နွယ်တောကောင် ခရမ်းမီးတောက်ငှက် ဖြစ်လေသည်။

တုန်လှုပ်စရာအကောင်းဆုံးအချက်မှာ ထိုခရမ်းမီးတောက်ငှက်က သာမန်ပုံစံ ရထားလုံးတစ်စင်းကို ဆွဲလာခြင်း ဖြစ်၏။

ရထားလုံးတွင်းမှာ လူနှစ်ယောက်က ဘေးချင်းကပ်ထိုင်နေကြ၏။ တစ်ယောက်က ချောမောခံ့ညားသော စာပေသမားတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်ကတော့ ဆံပင်ဖြူများနှင့် ချိနဲ့နေသော အဖိုးအိုတစ်ယောက် ဖြစ်လေသည်။

သူတို့နှစ်ယောက်က ယန်တိုင်းပြည်သို့ အပြင်းနှင်လာကြသော ဆူဇီမိုနှင့် ဆူဟုန်တို့ ဖြစ်ကြလေသည်။

ဆူဇီမိုသည် လမ်းမှာ ရှေးဦးအဆက်နွယ်တောကောင်တစ်ကောင်ကို ဖမ်းဆီးပြီး ယာယီရထားလုံးတစ်စင်း ပြုလုပ်ကာ ဆွဲစေခြင်းဖြင့် ပြဿနာတချို့ကို ဖြေရှင်းခဲ့လေသည်။

သူတို့နှစ်ယောက်သည် ဖန်သားနန်းတော်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ယန်တိုင်းပြည်၏ မြို့ ၁၃ မြို့သို့ ဖြတ်လာကြ၏။ အခုချိန်ထိတိုင်အောင် အရိုးစုများက ပုံထပ်၍ ပြန့်ကျဲနေ၏။

အဆောက်အဦနံရံများက သွေးများ စွန်းထင်းနေပြီး နှစ်ပေါင်းများစွာ ရာသီဥတုဒဏ် ခံလာပြီးနောက် ညိုမည်းလာခဲ့၏။

မြို့တစ်မြို့ကို ဖြတ်သွားတိုင်း ဆူဟုန်သည် မြို့ရှေ့မှာ ဒူးထောက်ချ၍ ခြောက်သွေ့နေသော အလောင်းများကို ရိုသေလေးစားမှု ပြသလေသည်။

နောက်ဆုံးမြို့..

အတိတ်ကာလက ယန်တိုင်းပြည်၏ မြို့တော် ဖြစ်ခဲ့ဖူး၏။

နှစ် ၂၀ ကြာပြီးနောက် အတိတ်ကာလက သာယာကြည်နူးဖွယ်ရာများက မရှိတော့လေပြီ။

အတိတ်ကာလက သူတို့၏ အသိအကျွမ်းများမှာလည်း သေသူသေ၊ အိုသူအိုကုန်ကြပြီဖြစ်၏။

ဦးလေးကျန့်၊ လျှိုယု၊ ယုချီဟို၊ စုန့်ချီနှင့် မဟူရာချပ်ဝတ်မြင်းစစ်သည်များလည်း အပျက်အစီးပုံများကြားမှာ နစ်မြုပ်သွားခဲ့ကြလေပြီ။

သူတို့သည် မဟာပထဝီမြေကြီးဆီသို့ ပြန်ရောက်သွားကြလေပြီ။

“လွန်ခဲ့တဲ့ နှစ် ၂၀ က ငါ မင်းတို့တွေနဲ့ ဒီနေရာမှာ အတူရှိခဲ့သင့်တာကွ”

“ညီအစ်ကိုတို့.. ကျုပ် ပြန်ရောက်လာပြီ”

ရင်းနှီးခဲ့ဖူးသော ကုန်းမြေမှာရပ်ရင်း ဆူဟုန်၏ မျက်ရည်များက စီးကျလာပြီး သူ့ရင်ထဲမှာ ဝမ်းနည်းမှုက လှိုက်တက်လာ၏။

ဤနေရာသို့ ဖန်သားနန်းတော်မှ လူများက ရောက်ချလာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည့် မြင်ကွင်းကို ဆူဇီမိုသည် မြင်ယောင်လာ၏။

ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် မော်တယ်များက ကူကယ်ရာမဲ့ပြီး သူတို့၏ အသက်များက မြက်ပင်များကဲ့သို့ ဈေးပေါသွားလေသည်။

ဆူဇီမိုသည် ခေါင်းကိုငုံ့ပြီး ငူငူကြီး ရပ်နေမိ၏။

ပြီးခဲ့သည့် ရက်အနည်းငယ်က သူတို့၏ လမ်းခရီးတစ်လျှောက်တွင် များစွာသော အရိုးစုများကို မြင်တွေ့ခဲ့ရ၏။

သတ်ဖြတ်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ ဆာလောင်ခြင်း၊ ဆင်းရဲမွေတေခြင်း၊ အနိုင်ကျင့်စော်ကားခံရခြင်း၊ ယုယက်ဖျက်ဆီးခံရခြင်း၊ သေဆုံးခြင်း၊ အသွေးအသားကို စားသုံးခံရခြင်း....

အဆောက်အဦတိုင်းကလည်း ဖျက်ဆီးခံခဲ့ရ၏။

လူသားများ၏ အသက်က ပုရွက်ဆိတ်များထက်တောင်မှ ဈေးပေါလေသလား..

သူ့ရှေ့မှမြင်ကွင်းက ဗုဒ္ဓဝါဒီမှာ ဖော်ပြထားသော ငရဲဆိုသည့်အရာနှင့် သိပ်မကွာခြားပေ။

စစ်မီးများက တောက်လာသည်နှင့် ကူကယ်ရာအမဲ့ဆုံးနှင့် သနားစရာအကောင်းဆုံးမှာ စိတ်ဝိညာဉ်ရင်းမြစ် မရှိသောကြောင့် မကျင့်ကြံနိုင်သော မော်တယ်များ ဖြစ်ကြလေသည်။

မော်တယ်များအကြောင်း တွေးချိန်တွင် ဆူဇီမိုသည် သူ့ကိုယ်သူ မြင်ယောင်လာ၏။

သူသည်လည်း အစက သာမန်အကျဆုံး မော်တယ်တစ်ယောက်သာ ဖြစ်၏။

တျဲယွဲ့နဲ့သာ မတွေ့ခဲ့ရလျှင် သူသည်လည်း လမ်းတစ်လျှောက်တွေ့ခဲ့ရသော အရိုးစုများထဲမှ တစ်ခု ဖြစ်နိုင်လေသည်။

ဆူဇီမိုက ကြားဝင်စွက်ဖက်လျှင်တောင် သူသည် လူတစ်ယောက်၊ နှစ်ယောက် သို့မဟုတ် တစ်ရာလောက်ကို ကယ်တင်နိုင်ကောင်း၏။ သို့သော် လူတိုင်းကိုတော့ သူကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

တစ်ကယ်တမ်း ပြောရလျှင် သူ့ဆွေမျိုးသားချင်းကိုတောင် သူ မကယ်တင်နိုင်ခဲ့ပေ။

ဆူဟုန်၏ ဘဝသက်တမ်းကုန်ဆုံးလာတာကို သူ ဒီအတိုင်း စောင့်ကြည့်နေရ၏။

လမ်းတစ်လျှောက်တွင် ဆူဇီမိုသည် မေးခွန်းတစ်ခုတည်းကို တစိမ့်စိမ့် တွေးတောလာခဲ့၏။

လွန်ခဲ့တဲ့ ၁၀ နှစ်ထဲက သူထွက်လာခဲ့ရင်တောင် ဘယ်လောက်များ ခြားနားသွားနိုင်မလဲ..

အဲ့ဒါဆို ဆူဟုန်ကို သူကယ်တင်နိုင်မှာလား..

ဘယ်လိုပဲဖြစ်ဖြစ် ဆူဟုန်က ဘဝသက်တမ်းအကန့်အသတ်နှင့် မော်တယ်တစ်ယောက်သာဖြစ်ပြီး နောက်နှစ် ၂၀၊ ၃၀ သို့မဟုတ် အလွန်ဆုံး ၄၀ ပြီးလျှင် သူက သေဆုံးရမှာပင်။ မည်သို့ပင်ဖြစ်စေ.. သူတို့နှစ်ယောက်က ထာဝရခွဲခွာခြင်းကို မလွဲမသွေ ကြုံတွေ့ရမည်သာ။

သူက ဖန်သားနန်းတော်ကို ရန်မစခဲ့ဘူးဆိုလျှင်တောင် ထိုလူများက ကပ်ဘေးကနေ လွတ်မြောက်နိုင်ပါ့မလား။

တိုင်းပြည်မှာ စစ်မီးများ တောက်လာပြီဆိုလျှင် အရင်ဆုံး ထိခိုက်ခံစားရမည်က မော်တယ်များသာ။

ကျင့်ကြံသူများနှင့် တွေ့လျှင် မော်တယ်များက သူတို့ကံကြမ္မာကိုသူတို့ မထိန်းချုပ်နိုင်ကြတော့ပေ။

ကျင့်ကြံသူများက မော်တယ်များ၏ ဂုဏ်သိက္ခာမာန်မာနတို့ကို သူတို့စိတ်တိုင်းကျ နင်းချေဖျက်ဆီးပစ်နိုင်၏။

မော်တယ်များက ဘယ်လိုပင် ရုန်းကန်ကြပါစေ.. ဘာမှ ပြောင်းလဲလာလိမ့်မည် မဟုတ်ပေ။

တျဲယွဲ့သာ မရှိခဲ့လျှင် အတိတ်ကာလတုန်းက ဇောင်ဒင်းယွမ် ကျင့်ကြံပြီး ပြန်ရောက်လာသည်နှင့် ဆူဇီမိုက အသတ်ခံရနိုင်လေသည်။

သူက သေဖို့ ကံပါလာခဲ့ပြီးသာ လူတစ်ယောက်ဖြစ်၏။

သူ့ကံကြမ္မာကို တျဲယွဲ့က ပြောင်းလဲပေးခဲ့၏။

သို့သော်လည်း ဆူဟုန်၏ ကံကြမ္မာကို ဘယ်သူက ပြောင်းလဲပေးနိုင်မှာလဲ။

ဤလောကမှာ သက်ရှိအားလုံး၏ ကံကြမ္မာကို ဘယ်သူက ပြောင်းလဲပေးနိုင်မှာလဲ။

ဒါဆို စိတ်ဝိညာဉ်ရင်းမြစ် မရှိလို့ မကျင့်ကြံနိုင်တဲ့ မော်တယ်တွေက စစ်ပွဲရဲ့ စတေးခံတွေလား.. သူတို့က သားရဲတောကောင်တွေရဲ့ စားစရာလား.. သူတို့က ကျင့်ကြံသူတွေ စိတ်ရှိတိုင်း နင်းချေလို့ရတဲ့ သတ္တဝါတွေလား။

ဆူဇီမိုက သူတော်စင်တစ်ယောက် မဟုတ်ပေ။

သူသည် တစ်ကမ္ဘာလုံးက သက်ရှိများအားလုံးကို သူတစ်ယောက်တည်းနှင့် ကယ်တင်နိုင်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူက သူတို့အသက်ရှင်နိုင်ဖို့ ကြိုးစားရန်အတွက် ကူညီပေးချင်ရုံသာ ဖြစ်၏။

သူလိုချင်တာက.. ကမ္ဘာပေါ်က မော်တယ်များအားလုံးသည် သူတို့၏ ကံကြမ္မာနှင့် တိုက်ခိုက်ဖို့ အခွင့်အရေးလေးတစ်ခု ရစေချင်တာမျိုး ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

“ငါ တာအိုကို တည်ထောင်ချင်တယ်”

ရုတ်တရက်...

ဆူဇီမိုသည် ခေါင်းကိုမော့၍ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။ သူ့မျက်လုံးများမှ အံ့မခန်းအလင်းရောင်တစ်မျိုးက တောက်နေပြီး မယိမ်းမယိုင်သော၊ ပြတ်သားသော လေသံဖြင့် သူက တစ်လုံးချင်း ပြောလိုက်၏။

“ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတိုင်းကို ရစ်ပတ်ချည်နှောင်ထားတဲ့ ကံကြမ္မာကြိုုးမျှင်ကို ငါ ချိုးဖျက်ပေးချင်တယ်”

“သူတို့မှာ စိတ်ဝိညာဉ်ရင်းမြစ် မရှိဘူးဆိုတော့ရော ဘာဖြစ်လဲ”

“သက်ရှိအားလုံးရဲ့ကံကြမ္မာကို ငါပြောင်းလဲပေးတော့မယ်”

“ဒီကမ္ဘာပေါ်က သက်ရှိတိုင်း ကျင့်ကြံနိုင်ပြီး အင်မော်တယ်ဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ငါပေးမယ်”

သူ့အသံက ကောင်းကင်ယံထက်သို့ အလွန်တရာ ကျယ်လောင်သော တုန်ခါအားဖြင့် ပဲ့တင်ထပ်သွား၏။

ဝုန်း..

သူစကားပြောနေစဉ်မှာပင်...

အစက ကြည်လင်နေသော ကောင်းကင်ယံမှာ မိုးကြိုးသံများက ထွက်ပေါ်လာ၏။

သူသည် ကောင်းကင်ဘုံမှ နတ်ဘုရားများကို ရန်စမိသည့်အလား ကြောက်လန့်တုန်လှုပ်စရာအော်ရာတစ်ခုက မရပ်တန့်နိုင်သော နတ်ဘုရားစွမ်းအားနှင့်အတူ အာကာတစ်ခွင် လွှမ်းခြုံဆင်းသက်လာ၏။

တစ်ချိန်တည်းမှာပင်..

ထျန်ဟွမ်းကုန်းမြေတိုက်ကြီး၏ နေရာအနှံအပြားတွင် အမျိုးမျိုးသော လျှို့ဝှက်ကုန်းမြေများ၌ တံခါးပိတ်ကျင့်ကြံနေကြသော မျိုးနွယ်စုခေါင်းဆောင်ကြီးများသည် နိုးထလာပြီး ကောင်းကင်ယံထက်ကို တုန်လှုပ်ချောက်ချားနေသော မျက်နှာများဖြင့် မော့ကြည့်လိုက်ကြ၏။

ပဟေဠိနန်းတော်တွင်..

သရဖူတစ်ခုကို ဆောင်းထားသော အဖိုးအိုတစ်ယောက်သည် တစ်ခုခုကို အာရုံခံမိသွားပြီး သူ့လက်ချောင်းများကို လှုပ်ရှား၍ ဗေဒင်တွက်ချက်နေ၏။ သူသည် အထိတ်တလန့် ဖြစ်သွားပြီး ရေရွတ်လိုက်၏။

“အို့.. တစ်ယောက်ယောက်က မိုးကောင်းကင်ကိုတောင် တုန်လှုပ်သွားစေနိုင်တဲ့ မဟာအဓိဋ္ဌာန်တစ်ခုကို အခုပဲ ချမှတ်လိုက်တာပဲ”

All Chapters