← Chapters

ပကတိတိတ်ဆိတ်ငြိမ်သက်ခြင်း

Vol. 42 Ch. 619

ပကတိတိတ်ဆိတ်ငြိမ်သက်ခြင်း

Vol. 42 Ch. 619

တစ်စုံတစ်ယောက်အတွက် တာအိုကို တည်ထောင်ဖို့ဆိုတာ ဘယ်လောက် ခက်ခဲလိုက်မလဲ...

သမိုင်းတစ်လျှောက် မရေမတွက်နိုင်သော အချိန်ကာလများကို ဖြတ်ကျော်ခဲ့ပြီးတာတောင် လူသားမျိုးနွယ်တွင် လက်ဆင့်ကမ်းခဲ့ကြသော တာအိုများမှာ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုတို့သာ ဖြစ်လေသည်။

တစ်စုံတစ်ယောက်က သက်ရှိအားလုံး၏ ကံကြမ္မာကို ပြောင်းလဲပေးဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ..

တျဲယွဲ့၏ အံ့မခန်း နည်းလမ်းများနှင့်တောင် သူမသည် အသောကပန်းကဲ့သို့သော အထွတ်အမြတ်ပစ္စည်း၏ အကူအညီဖြင့်သာ ဆူဇီမို၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့နိုင်လေသည်။

အခြားသူများအနေနဲ့ ထိုကဲ့သို့သော အရာမျိုးကို လုပ်နိုင်ဖို့ အိပ်မက်တောင် မမက်ရဲကြပေ။

သည့်အရင်က ဆူဇီမို ကျင့်ကြံရခြင်း၏ အကြီးမားဆုံး ရည်မှန်းချက်မှာ အခြားကမ္ဘာတစ်ခုသို့ တက်လှမ်းပြီး တျဲယွဲ့နောက်သို့ လိုက်နိုင်ဖို့ ဖြစ်လေသည်။

အခုချိန်မှာတော့...

ဆူဟုန်၏ နေဝင်ချိန်နှင့် ယန်တိုင်းပြည်၏ ငရဲဆန်ဆန် မြင်ကွင်းက သူ့စိတ်ကို ကြီးမားစွာ ရိုက်ခတ်လာခဲ့၏။

ထိုကဲ့သို့သော ကူကယ်ရာမဲ့မှုက ဆူဇီမို၏ နှလုံးသားထဲရှိ မကျေမချမ်းမှုများကို နှိုုးဆွပေးလာ၏။

အဲ့ဒါက ဆူဟုန်ရဲ့ ကံကြမ္မာလား..

အဲ့ဒါက အဲ့ဒီသက်ရှိ(မော်တယ်)တွေရဲ့ ကံကြမ္မာလား..

ဘာလို့လဲ...

“ငါ တာအိုကို တည်ထောင်ချင်တယ်”

ဆူဇီမိုသည် မဟာအဓိဋ္ဌာန်ကို ချမှတ်လိုက်၏။

ထိုတာအိုက ထာဝရ တည်တံ့ပြီး အင်မော်တယ်အမွေအနှစ်တစ်ခု ဖြစ်လာခဲ့၏။

နောက်ပိုင်းမျိုးဆက်များမှာ အဲ့ဒါနှင့် ပတ်သတ်ပြီး ဒဏ္ဍာရီများစွာ ရှိလာခဲ့လေသည်။

သို့သော်လည်း ထိုမျှကြီးကျယ်ခမ်းနားသည့် ဖြစ်ရပ်ကြီးက လူတစ်ယောက်သည် ပျက်ဆီးယိုယွင်းနေသော မြို့ပျက်နှင့် ဘဝနေဝင်ခါနီးလူတစ်ယောက်ကို မျက်မြင်ကိုယ်တွေ့ခဲ့ခြင်းမှ အစပြုပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဆိုတာကို စဉ်းစားကြည့်ဖို့ အတော်ခက်ပေလိမ့်မည်။

ထိုမြင်ကွင်းမှ အစပြု၍ သက်ရှိအားလုံး၏ ကံကြမ္မာက ပြောင်းလဲသွားခဲ့လေသည်။

ယခုအချိန်သည် ဆောင်းဦး၏ အဆုံးသတ်ခါနီးကာလကို ရောက်နေပြီး ရာသီဥတုက အေးစိမ့်လာခဲ့လေပြီ။

ဆူဟုန်သည် အေးစက်နေသော လေပြင်းများကြားမှာ မတ်တပ်ရပ်ရင်း သူ၏ ချိနဲ့နေသော ခန္ဓာကိုယ်က အနည်းငယ် ယိမ်းနေ၏။ သို့သော်လည်း သူက ထွက်ခွာဖို့ စိတ်ကူး မရှိသေးပေ။

နောက်ဆုံးမှာတော့ ညမှောင်လာသောအခါ ဆူဟုန်က လှည့်လိုက်၏။

“သွားရအောင်”

ဆူဟုန် လှည့်လိုက်ချိန်တွင် သူ့အစ်ကိုကြီးက သိသိသာသာ ထပ်မံအိုစာလာခဲ့သည်ကို ဆူဇီမို တွေ့လိုက်ရ၏။

ထိုမှုန်ရီနေသော မျက်လုံးများထဲတွင် မည်သည့်အတက်အကျမှ မရှိတော့ပေ။

သူတို့က ရှေးကျသော ရေတွင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်၏။

ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အဖိုးကြီးသည် ဤနေ့ကို ရောက်ရှိလာဖို့အတွက် အချိန်တိုင်း စောင့်ဆိုင်းနေခဲ့၏။

အခုတော့ သူ့မှာ နောင်တများ မရှိတော့ပေ။

ဆူဇီမိုက ဆူဟုန်ကို ရထားလုံးထဲသို့ တွဲခေါ်၍ ရှေ့ဆက်ခဲ့ကြ၏။

သူတို့က ပင်ယန်းမြို့သို့ ဦးတည်ခဲ့ကြလေသည်။

အဲ့ဒါက သူတို့၏ နောက်ဆုံးခရီးပန်းတိုင် ဖြစ်လေသည်။

အဲ့ဒါက ဆူဟုန်ဘဝ၏ နောက်ဆုံး ခရီးမှတ်တိုင်တစ်ခုလည်း ဖြစ်လေသည်။

. . .

သူတို့နှစ်ယောက်သည် ရထားလုံးထဲမှာ ရှိနေကြသော်လည်း လမ်းတစ်လျှောက် ပျံ့လွင့်လာသော လေထဲမှ သတင်းအချို့ကလည်း ပါလာခဲ့၏။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း..

မဟာကျိုးဧကရီက စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ကာ နယ်စပ်စည်းမျဉ်းပေါ်ကနေ ခုခံခဲ့ကြ၏။ သူမသည် စစ်ဗျူဟာ အမျိုးမျိုးကို တီထွင်ကြံဆကာ နယ်မြေအားသာချက်ကို အသုံးချ၍ အင်ပါယာသုံးခုမှ မဟာမိတ်စစ်တပ်၏ တိုက်ခိုက်မှုကို ကြိမ်ဖန်များစွာ ခုခံနေခဲ့၏။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အခြေအနေက သူမအတွက် ပိုပို ခက်ခဲလာလေသည်။

ပြီးခဲ့သည့်တစ်လက မဟာကျိုးဧကရီသည် ဒဏ်ရာ ရရှိသွားပြီး သေလုမတတ် ဖြစ်ခဲ့ရ၏။

မဟာကျိုးပိုင်နက်အတွင်းသို့ ကီလိုမီတာ ၅၀၀ ကျော်သည် ရန်သူလက်အောက်သို့ ကျရောက်သွားခဲ့လေပြီ။

မဟာမိတ်စစ်တပ်၏ စွမ်းအားက ရပ်တန့်လို့ မရနိုင်ဘဲ သူတို့သည် မြောက်ဘက်သို့ အတင်းအကြမ်း စိမ့်ဝင်ထိုးဖောက်လာနေ၏။ ထိုသို့နှင့်ပင် သူတို့သည် မဟာကျိုးပိုင်နက်အတွင်းရှိ ပြည်နယ်ခွဲအချို့ကို သိမ်းပိုက်နိုင်လာကြ၏။

မဟာကျိုး၏ ကျင့်ကြံသူစစ်တပ်သည် မဟာကျိုးဧကရီကို ကာကွယ်ရင်း တစ်ချိန်လုံး နောက်ဆုတ်ပေးနေရ၏။ သူတို့သည် ကန်းလန်ရိုးမမြောက်ပိုင်းနှင့် ကန်လန်းမြို့ထိ ဆုတ်လာရင်း ယန်တိုင်းပြည်ကို လက်လွှတ်ရတော့မည်ကဲ့သို့ ဖြစ်လာ၏။

မဟာကျိုး၏ အခြေအနေက အခုချိန်မှာ တစ်ကယ့်ကို သေရေးရှင်ရေး ဖြစ်လာခဲ့လေပြီ။

ပင်ယန်းမြို့..

ပင်ယန်းမြို့သို့ ပြန်ရောက်လာပြီးနောက် ဆူဇီမိုသည် ခရမ်းမီးတောက်ငှက်ကို လွှတ်ပေးလိုက်၏။ သူသည် ရထားလုံးကို သိမ်းပြီး ဆူဟုန်ကို တွဲထူကာ လျှောက်လိုက်၏။

ဆောင်းဦးသစ်ရွက်များက ကြွေကျ၍ နေရာက ဗရမ်းဗတာ ဖြစ်နေ၏။

ပင်ယန်းမြို့၏ လမ်းများက တိတ်ဆိတ်ခြောက်ကပ်နေ၏။

နေ့ဘက်မှာတောင် လမ်းပေါ်မှာ လူသွားလူလာ သိပ်မရှိဘဲ အိမ်တံခါးအတော်များများကို တင်းကျပ်စွာ ပိတ်ထားကြ၏။

သိပ်မကြာမီမှာ အင်ပါယာသုံးခုမဟာမိတ်စစ်တပ်က ကန်းလန်ရိုးမကို ဖြတ်၍ ဤနေရာသို့ ကျူးကျော်လာကြပေတော့မည်။

ယခုဆို ပင်ယန်းမြို့မှာ လူများစွာ မကျန်ရှိတော့ပေ။ ကျန်နေသေးသူ အများစုက လူအိုများ၊ အားနည်းသူများ၊ အမျိုးသမီးများ၊ ကလေးများ သို့မဟုတ် ဤနေရာကို အလွန်တရာ ခင်တွယ်သူများ ဖြစ်ကြလေသည်။

ဆူဇီမိုသည် ဆူဟုန်ကို ဖေးမ၍ သူ့စံအိမ်သို့ ဝင်လာခဲ့၏။

ခြံတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်ချိန်တွင် မက်မွန်ပင်ကြီးကို တွေ့လိုက်ရ၏။

အရာရာတိုင်းသည် အရင်က အတိုင်းပင်။

ဆူဟုန်က ပြောလိုက်၏။

“အပြင်မှာပဲ နေကြရအောင်.. နောက်ဆုံးချိန်ထိ ကောင်းကင်နဲ့ လောကကို ကြည့်လို့ ရတာပေါ့”

“ဟုတ်ကဲ့”

ဆူဇီမိုသည် သူ့အခန်းထဲသို့ ဝင်သွားပြီး ခုံရှည်တစ်လုံးကို အပြင်ထုတ်လာ၏။ သူသည် ဆူဟုန်ကို ထိုခုံပေါ်မှာ မှီထိုင်စေပြီး သူ့အပေါ်သို့ စောင်အချို့ကို ခြုံပေးလိုက်၏။

သူသည် နောက်ဖေးဘက်သို့ ပြန်ဝင်သွားပြီး အုတ်ခဲနှင့် ရွှံ့တုံးအချို့ကို ယူလာ၏။

သိပ်မကြာမီ သူသည် ဆူဟုန်၏ ဘေးနား မြေပြင်ပေါ်မှာ မီးဖိုလေးတစ်ခုဖိုပြီး သစ်ကိုင်းခြောက်အချို့နှင့် မီးမွှေးလိုက်၏။

နှစ်ပေါင်းများစွာ ကြာပြီးတာတောင် သူလုပ်နေကျ အရာများကို ကျွမ်းကျင်နေဆဲဖြစ်၏။

ဆူဇီမိုသည် ဘေးမှာ ထိုင်ပြီး မီးဖိုထဲရှိ တောက်လောင်နေသော မီးတောက်ကို ငေးငိုင်ကြည့်နေ၏။

အတန်ကြာပြီးနောက် ဆူဟုန်က ရုတ်တရက် ပြောလိုက်၏။

“ဇီမို.. ငါက သေရတော့မယ့် လူတစ်ယောက်ပဲ.. ဒီမှာ ငါနဲ့ အချိန်ဖြုန်းမနေနဲ့.. သွားစရာရှိတာ သွား”

ဆူဇီမိုက ခေါင်းကို ငုံ့ထားပြီး ဘာမှ ပြန်မပြောပေ။

ဆူဟုန်က ဆက်ပြော၏။

“ကောင်မလေးကျိက ဒဏ်ရာရထားလို့ မင်းစိုးရိမ်နေတာ ငါသိပါတယ်.. သူက အခု အခြေနေ သိပ်ကောင်းလှတာ မဟုတ်ဘူး.. မင်း သူ့ကို သွားကြည့်ပြီး ကူညီပေးလိုက်ပါလား”

“သူက အဆင်ပြေမှာပါ”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“ဧကရီတစ်ပါးအနေနဲ့ သူသာ တစ်ခုခု ဖြစ်ခဲ့ရင် သတင်းက ရောက်လာမှာပေါ့”

ဆူဟုန်က ခေါင်းခါပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

ဆူဇီမိုက ထိုသို့ ပြောနေသော်လည်း သူ့မျက်လုံးများထဲမှာ စိုးရိမ်ပူပန်မှုကို မဖုံးကွယ်နိုင်တာ သူမြင်နေရလေသည်။

“အစ်ကိုကြီး စိတ်မပူပါနဲ့.. ကျုပ်တို့က အဲ့လိုကိစ္စမျိုးတွေကို လိုက်ပူနေစရာ မလိုပါဘူး”

ဆူဇီမိုက ဆူဟုန်၏ စောင်စကို ဆွဲခြုံပေးရင်း ညင်သာစွာ ပြောလိုက်၏။

ဆူဟုန်က ခေါင်းညိတ်ပြရင်း သူ့မျက်ခွံများက လေးလံလာ၏။

မဟာကျိုးမြို့တော်ကနေ ပင်ယန်းမြို့ထိ ခရီးစဉ်က ရှည်လျားလှသည့်အတွက် ကျန်းမာရေးကောင်းသည့် လူများတောင် ပင်ပန်းနွမ်းးနယ်နိုင်၏။ သူ့လို ဘဝနေဝင်တော့မည့် အဖိုးကြီးတစ်ယောက်ဆို ပြောနေစရာ မလိုပေ။

မသိလိုက်မသိဘာသာနှင့်ပင် ဆူဟုန်က အိပ်ပျော်သွား၏။

ဆူဇီမိုက ခြံဝန်းထဲမှာထိုင်ပြီး ကန်းလန်ရိုးမတောင်ဘက်သို့ ငေးကြည့်နေ၏။ သူ့အကြည့်က အေးစက်ခက်ထန်လာလေသည်။

ညနက်ပိုင်းတွင်..

ဆူဟုန်က အိပ်မောကျနေဆဲဖြစ်၏။

နောက်ဆုံးမှာတော့ ဆူဇီမိုသည် ဖြည်းဖြည်းချင်းထပြီး ကန်လန်းရိုးမဘက်သို့ ထွက်ခွာသွားလေသည်။

ညအမှောင်၏ လွှမ်းခြုံမှုအောက်တွင် ကန်းလန်ရိုးမသည် အလွန်တရာ မကောင်းဆိုးဝါးဆန်ပြီး ကျောချမ်းစရာကောင်းနေသည်ဟု ထင်ရလေသည်။ သစ်ပင်ကြီးများ၏ အရိပ်က ယိမ်းထိုး၍ ကြမ်းကြုတ်တောကောင်များ၏ ဟိန်းဟောက်သံက တောင်တန်းများကိုပင် တုန်ခါသွားစေ၏။

ရံဖန်ရံခါဆိုသလို ကြမ်းကြုတ်ငှက်များက လေထဲမှာ ပျံဝဲသွားကြ၏။

ရုတ်တရက်..

ကန်းလန်ရိုးမ၏ အထက်ကောင်းကင်သို့ အစိမ်းရောင်ပုံရိပ်တစ်ခုက ရောက်ရှိလာ၏။

အေးစက်စက်လရောင်အောက်တွင် ထိုလူကို သားရဲချီများက လွှမ်းခြုံလာပြီး ကြောက်စရာကောင်းသည့် ရှေးဟောင်းသားရဲများက သူ့ပတ်လည်မှာ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာ၏။

ဆူဇီမိုသည် လေထဲမှာ စွမ်းအားကြီးမားစွာ ရပ်နေ၏။ သူ့အနက်ရောင်ဆံပင်များက ကခုန်နေပြီး သူ့မျက်လုံးများက နီရဲကာ ပြိုင်ဘက်ကင်း သားရဲဘုရင်တစ်ပါးနှင့် တူနေလေသည်။

တစ်ချိန်တည်းလိုလိုပင်..

ကန်းလန်ရိုးမရှိ သားရဲတောကောင်များအားလုံးက သူ့ကို မြင်တွေ့သွားကြ၏။

“ဂါးးးးး!”

ဆူဇီမိုသည် သူ့ပါးစပ်ကို ဟ၍ သူ့အောက်ဘက် တောအုပ်ဆီသို့ အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

ရာသီဥတုက ပြောင်းလဲသွား၏။

သားရဲတောကောင်များအားလုံးသည် ဆူဇီမိုထံမှ ရင်တလျှပ်လျှပ် ခံစားရသည့် အော်ရာတစ်ခုကို အာရုံခံမိလိုက်ကြ၏။

အဲ့ဒါက သူတို့ရဲ့ မျိုးဆက်သွေးအနက်ပိုင်းထဲမှာ အမြစ်တွယ်ထားသော ကြောက်ရွံ့မှု ဖြစ်လေသည်။

ကန်းလန်ရိုးမှာ တောဘုရင်အသစ်က မွေးဖွားလာလေပြီ။

စိတ်ဝိညာဉ်တောကောင်များအားလုံးနှင့် စိတ်ဝိညာဉ်သားရဲအများစုသည် မြေပြင်ပေါ်မှာ တိတ်ဆိတ်စွာနှင့် ဒူးထောက်လိုက်ကြ၏။

သို့သော်လည်း ဆိုးယုတ်အော်ရာများနှင့်အတူ ကြောက်မက်ဖွယ်ရာ စိန်းစိန်းဝါးဝါးစိုက်ကြည့်နေကြသော သားရဲတောကောင်အချို့လည်း ရှိသေး၏။

“ဝု.. အူး....”

ကန်းလန်ရိုးမ၏ အရှင်သခင်.. မီးခိုရောင်စံပြဝံပုလွေက ကောင်းကင်ထက်သို့ ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်၏။

အခြားသော ဝံပုလွေများသည်လည်း တစ်ကောင်ပြီးတစ်ကောင် ထလာပြီး တူညီစွာ တုံ့ပြန်လိုက်ကြ၏။

ဝံပုလွေဟိန်းသံများက နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

ဆူဇီမိုသည် လေထဲကနေ ပျံသန်း၍ စံပြဝံပုလွေ၏ ရှေ့သို့ ရောက်သွား၏။ သူ၏ ကြီးမားသည့် လက်ကြီးနှစ်ဖက်ကို ထုတ်ပြီး စံပြဝံပုလွေ၏ ဦးခေါင်းကို ဖိချလိုက်၏။

စံပြဝံပုလွေက သူ၏ သွေးသံရဲရဲ ပါးစပ်ကြီးကိုဟပြီး ဆူဇီမို၏ လက်ကောက်ဝတ်တစ်ဖက်ကို ကြမ်းကြုတ်စွာ လှမ်းကိုက်ချလိုက်၏။

ဆူဇီမို၏ လက်ပေါ်ရှိ အသားများက ပြန့်ကားလာပြီး သူ့အရွတ်များက တုန်ခါလာ၏။

သူ့လက်တစ်ဖက်လုံးက သံမဏိနှင့် ပြုလုပ်ထားသလိုပင်။

စံပြဝံပုလွေသည် ကိုက်ခဲဖို့ မတတ်နိုင်ခဲ့ရုံသာမက သူ့သွားစွယ်များပါ ယိုင်နဲကုန်၏။

ဘန်း..

တစ်ချက်တည်းနှင့်..

စံပြဝံပုလွေသည် ဆူဇီမို၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း စုတ်ပြတ်သတ်ထွက်သွား၏။

တစ်ချိန်တည်းမှာပင် ရွှေအမြုတေအဆင့် ငွေလခြင်္သေ့တစ်ကောင်က နောက်ကနေ ခုန်အုပ်လာ၏။ လရောင်၏ လွှမ်းခြုံမှုနှင့်အတူ ငွေလခြင်္သေ့၏ ခန္ဓာကိုယ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေ၏။

သူ့နောက်ကျောမှာ မျက်စိပါသည့်အလား ဆူဇီမိုသည် လှည့်မကြည့်ဘဲနှင့် လက်ပြန်လွှဲရိုက်ချလိုက်၏။

ဘုန်း..

ငွေလခြင်္သေ့သည် လွင့်စင်ထွက်သွားပြီး လေထဲမှာတင် အသက်ပျောက်သွား၏။

သွေးများက ပြန့်ကျဲစွန်းထင်းသွားလေသည်။

ရှေးဦးအဆက်နွယ်သားရဲနှစ်ကောင်က ဆူဇီမိုထံမှ ထိုးနှက်ချက်တစ်ချက်စီကိုပင် ခံနိုင်ရည် မရှိကြပေ။

“ဂါး”

သွေးများစိုနေသော ဆူဇီမိုသည် တောင်ကြားတစ်ခုလုံးကို ငုံ့ကြည့်ပြီး နောက်တစ်ဖန် ဟိန်းဟောက်လိုက်၏။

မည်သည့်သားရဲမှ အသံမထွက်ရဲကြတော့ပေ။

ရိုးမတစ်ခုလုံးကို ပကတိတိတ်ဆိတ်မှုက လွှမ်းခြုံသွား၏။

All Chapters