← Chapters

နှင်းထူသောညတစ်ညမှာ ဝိုင်ပူပူလေးနဲ့ နှုတ်ဆက်ကြခြင်း

Vol. 42 Ch. 620

နှင်းထူသောညတစ်ညမှာ ဝိုင်ပူပူလေးနဲ့ နှုတ်ဆက်ကြခြင်း

Vol. 42 Ch. 620

နောက်ရက်များတွင်...

ဆူဇီမိုသည် ဆူဟုန်နှင့်အတူ နေထိုင်ခြင်း၊ ထင်းမီးဖိုခြင်း၊ ချက်ပြုတ်ခြင်း၊ စကားပြောဆိုခြင်းတို့ဖြင့် မော်တယ်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်၏။

ဆူဟုန်၏ နှုတ်ဆက်ခါနီးအချိန်တွေမှာ သူရှိနေပေးရပေမည်။

ဆူဇီမိုသည် ပြီးခဲ့သည့်နှစ်များအတွင်း သူ၏ အတွေ့အကြုံများကို ပြန်ပြောင်းပြောပြနေ၏။

လွန်ခဲ့သည့် နှစ် ၂၀ကျော် ဤမက်မွန်ပင်ကြီးအောက်မှာ သူ၏ ကျင့်ကြံမှုလမ်းခရီး အစပြုခဲ့ပုံနှင့် စတင်၍ ပြောပြ၏။ တျဲယွဲ့၊ ရှောင်းနင်၊ ကျိယောင်ရွှယ်၊ ဆန်းကြယ်တောင်ထွတ်.... စသည့်တို့နှင့် ပတ်သတ်သည့် အကြောင်းအရာများကို သူပြောပြခဲ့၏။

သူသည် မည်သည့်အရာကိုမှ မခြွင်းမချန်ဘဲ တစ်ခုချင်း အသေးစိတ် ပြန်ပြောပြလေသည်။

ထိုကဲ့သို့သော ဖြစ်ရပ်များကို ဆူဟုန်သည် တစ်ခါမှ မကြားဖူးသည့်အတွက် အကုန်လုံးက သူ့အတွက် အလွန်တရာ ဆန်းသစ်နေ၏။

သူစိတ်လှုပ်ရှားတက်ကြွလာသည့်အခါ သူ၏ စွမ်းအင်များကလည်း မြင့်တက်လာ၏။

တစ်ကယ်တော့ ရာသီဥတုက အေးလာသည်နှင့်အမျှ ဆူဟုန်၏ ကျန်းမာရေးကလည်း ယုတ်လျော့လာပြီး သူ၏ နိုးထနေသော အချိန်ကလည်း နည်းပါးလာ၏။

သူအိပ်စက်နေသော အချိန်က ပိုပို များလာလေသည်။

တစ်ခါတစ်ရံ သူက ဆူဇီမိုကိုတောင် စနောက်ပြီး ပြောတတ်သေး၏။

“ဘယ်ပြောလို့ ရမလဲ.. တစ်ရက်မှာ ငါအိပ်နေရင်းနဲ့ ပြန်မနိုးတော့တာလဲ ဖြစ်ရင် ဖြစ်မှာပေါ့”

ဆူဇီမိုက ပြန်မဖြေဖြစ်ဘဲ သူ့ရင်ထဲမှာတော့ အောင့်သွားတတ်၏။

ဆူဟုန်နိုးလာသောအချိန်မှာဆို ဆူဇီမိုက ဘယ်မှ မသွားတော့ပေ။

သူတို့နှစ်ယောက် အတူရှိချိန်က တစ်မိနစ်ပြီးတစ်မိနစ် ပိုပိုလျော့လာသည်ကို သူသိနေ၏။

သူတို့ပြောဆိုနေသော စကားများက အချိန်မရွေး နောက်ဆုံးနှုတ်ဆက်စကားများ ဖြစ်သွားနိုင်၏။

ဆူဟုန်အိပ်ပျော်သွားမှသာလျှင် ဆူဇီမိုက ထွက်ခွာလေသည်။

စံအိမ်ထဲကနေ ထွက်လာပြီးနောက် ဆူဇီမိုသည် ပင်ယန်းမြို့ပတ်လည်မှာ ဦးတည်ချက် ရေရေရာရာ မရှိသလို လျှောက်သွားတတ်ပြီး ရံဖန်ရံခါဆိုသလို တစ်နေရာရာမှာ ရပ်တန့်၍ အတန်ကြာသည့်အထိ စဉ်းစားတွေးတောနေတတ်၏။

သူသည် စိတ်ပြေလက်ပျောက် လမ်းလျှောက်နေသည့်အလား အလွန်ကို နှေးကွေးစွာနှင့် လမ်းလျှောက်နေတတ်၏။

သို့သော်လည်း ထက်ရှသော ကျင့်ကြံသူတစ်ယောက်ယောက်သာ အနားကနေ ဖြတ်သွားမည်ဆိုလျှင် ဆူဇီမို၏ လက်ချောင်းထိပ်၌ စိတ်ဝိညာဉ်ချီစက အတန်းလိုက်ကျန်ရစ်ခဲ့သည်ကို တွေ့ရပေလိမ့်မည်။ အဲ့ဒါသည် ထက်ရှသော ဓါးတစ်လက်ဖြင့် မြေပြင်ပေါ်တွင် တစ်ခုခုကို ထွင်းနေသလိုပင်။

သူ့နောက်ဘက်ရှိ မြေပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ဒဏ်ချက်လမ်းကြောင်းများက တစ်ခုပြီးတစ်ခု ဖြစ်ကျန်ခဲ့ပြီး အဲ့ဒါက မှော်ဆန်သော အင်းကွက်များနှင့် တူနေလေသည်။

အေးစက်စက် လေပြေများက တိုက်ခတ်လာချိန်တွင် ထိုလမ်းကြောင်းများကို ဖုံမှုန့်များက ဖုံးအုပ်သွား၏။

ဆူဟုန်က နိုးလာသည်ကို အာရုံခံမိသည်နှင့် ဆူဇီမိုသည် အိမ်သို့ ပြန်သွားပြီး သူ့အစ်ကိုကြီးနှင့် စကားဆက်ပြောလေသည်။

ဆူဟုန် အိပ်ပျော်သွားသည်နှင့် သူလုပ်နေကျအလုပ်ကို တစ်ဖန် ထပ်လုပ်လေသည်။

တစ်နေ့ပြီးတစ်နေ့ ထိုဖြစ်ရပ်များက နိစ္စဒူဝလည်ပတ်နေ၏။

ဘာမှ ပြောင်းလဲခြင်း မရှိဟု ထင်ရလေသည်။

သို့သော်လည်း ဆူဟုန်၏ ကျန်းမာရေးက ယုတ်လျော့လာနေတာကို ဆူဇီမို ရှင်းရှင်းလင်းလင်း သိ၏။ သူ့ဘဝသက်တမ်းက ကုန်ဆုံးသွားပြီဖြစ်ပြီး နောက်ဆုံးအကန့်အသတ်၏ တဲတဲကို ရောက်နေပြီ ဖြစ်လေသည်။

ဤနေ့တွင် ဆူဟုန် အိပ်မောကျသွားပြီးနောက် ဆူဇီမိုသည် စံအိမ်ထဲကနေ ထွက်ကာ သူ့သိုလှောင်အိတ်ထဲကနေ အလံဟောင်း တချို့ကို ဆွဲထုတ်လိုက်၏။ အဲ့ဒါက စုစုပေါင်း ၄၉ ခု ရှိလေသည်။

အလံတိုင်များကို သစ်သားဖြင့် ပြုလုပ်ထားသော်လည်း ဆွေးမြည့်မည့် လက္ခဏာ မရှိပေ။

အလံရွက်များကို အမျိုးအမည် မသိရသော တောကောင်သားရေဖြင့် ပြုလုပ်ထားပြီး သူတို့ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးသော အင်းကွက်များကို ရေးဆွဲထား၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့၏ ဝိညာဉ်ကို အထဲသို့ ဆွဲသွင်းခံလိုက်ရသည့်အလား ကြည့်မိသူများကို စိတ်ရှုပ်ထွေးနောက်ကျိသွားစေနိုင်လေသည်။

ဆူဇီမိုသည် လေထဲကနေ ပျံသန်းလာ၏။

သူသည် ဖြတ်သွား၍ နေရာတစ်ခုခုသို့ အရောက်၌ အတန်ကြာသည့်အထိ သေချာစစ်ဆေးပြီးနောက် အလံတစ်ခုကို ပစ်ချလိုက်၏။

အလံတိုင်က မြေကြီးထဲသို့ နစ်ဝင်သွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သောအလင်းနှင့်အတူ ပျောက်ကွယ်သွားလေသည်။

အလံတိုင်တစ်ခုပြီးတစ်ခုကို.. ထိုသို့ ဆက်လက်ပြုလုပ်သွား၏။

အလံ ၄၉ ခုကို မြေကြီးထဲသို့ ပစ်စိုက်ပြီးချိန်တွင် သူသည် ပင်ယန်းမြို့ကို တစ်ပတ် ပတ်ပြီးပြီဖြစ်ကာ သူ့နဖူးမှာ ချွေးများစို၍ ပင်းပန်းနွမ်းနယ်နေပြီဖြစ်၏။

အလံများကို ပစ်စိုက်ရခြင်းက ရိုးရှင်းသည့် အလုပ်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းမှာတော့ သူ၏ စိတ်စွမ်းအား အများအပြားကို သုံးစွဲခဲ့ရလေသည်။

ရုတ်တရက်.. ဆူဇီမို၏ နှလုံးက ဒိတ်ကနဲ ခုန်သွားပြီး အိမ်ဆီသို့ ချက်ချင်း ပြန်လှည့်သွား၏။

အခုဆို ဆူဟုန်က နိုးနေလေပြီ။

ယနေ့ သူ့အခြေအနေက ပိုကောင်းနေသလိုပင်။

သို့သော်လည်း ဆူဇီမို၏ နှလုံးသားက ကိုက်ခဲလာ၏။

အဲ့ဒါက နောက်ဆုံး အဆုံးမသတ်ခင် ထတောက်သော မီးတောက်တစ်ခုသာ ဖြစ်ကြောင်း ဆူဇီမို သိနေ၏။

ဆူဟုန်က နူးညံ့စွာ ပြုံးလိုက်၏။

“ဇီမို.. ငါ့ခန္ဓာကိုယ် နွေးသွားအောင်လို့ ဝိုင်ပူပူလေး လုပ်ပေးပါလား”

“ဟုတ်ကဲ့”

ဆူဇီမိုသည် ဆူဟုန်ဘေးသို့ ရောက်လာပြီး မီးဖိုထဲသို့ ထင်းထည့်ကာ ရေတစ်အိုးကို ဆူအောင်တည်လိုက်၏။

ဆူပွက်နေသော ရေနွေးအိုးထဲမှာ ဝိုင်တစ်ပုလင်း ရှိလေသည်။

ဆူဟုန်က ပြော၏။

“ဇီမို မင်းပြောပြတဲ့ ကျင့်ကြံရေးလောကက မင်းရဲ့အကြောင်းတွေက တစ်ကယ်ကို ဆန်းကြယ်ခမ်းနားပြီးတော့ စိတ်အားတက်ကြွစရာပဲကွ.. မင်းအနေနဲ့ လူတိုင်း ကျင့်ကြံလို့ ရနိုင်မယ့် တာအိုတစ်ခုကို ထူထောင်ချင်တာ ကောင်းတဲ့ကိစ္စပဲ.. ဒါပေမယ့်.. တာအိုတစ်ခုကို ထူထောင်ဖို့ဆိုတာ ကောင်းကင်ဘုံကို အရှင်လတ်လတ်တက်ဖို့ထက်တောင် ပိုခက်ခဲမှာ ငါသိတယ်”

“ဟုတ်ပါတယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

စိတ်ဝိညာဉ်ရင်းမြစ် မပါရှိသော သာမန်ပြည်သူများအားလုံး ကျင့်ကြံနိုင်မည့်.. အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုတို့နှင့် မတူညီသော တာအိုတစ်ခုကို ထူထောင်ဖို့ဆိုသည်မှာ... ကမ္ဘာဦးခေတ်က ဧကရာဇ်များတောင်မှ မလုပ်နိုင်ခဲ့သော တစ်စုံတစ်ရာ ဖြစ်၏။ ဆူဇီမိုလို ရွှေအမြုတေတစ်ယောက်အတွက်ကတော့.. ဟာသတစ်ခုလို ရယ်စရာကောင်းနေလေသည်။

တာအိုလမ်းကြောင်းက အဆုံးသတ်မဲ့ပြီး အနာဂတ်က ဘာမှန်းမသိရပေ။

မည်သူမှလည်း သူ့ကို ကူညီနိုင်လိမ့်မည် မဟုတ်ပေ။

တာအိုတစ်ခုကို တည်ထောင်ဖို့ သူဆုံးဖြတ်ချက် ချလိုက်သည်နှင့် ဆူဇီမိုသည် ထိုလမ်းကြောင်းကို တစ်ယောက်တည်း လျှောက်ဖို့ အထုံပါသွားခဲ့လေပြီ။

သို့သော် တစ်ကယ့်လက်တွေ့မှာလည်း သိုးများကသာ အုပ်စုလိုက်သွားကြ၏။ ကြမ်းကြုတ်တောကောင်များအားလုံးက တစ်ကောင်တည်းသာ သွားလေ့ရှိလေသည်။

ဆူဟုန်က ကျယ်လောင်စွာ ပြောလိုက်၏။

“တစ်ကမ္ဘာလုံးက သက်ရှိအားလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲပေးဖို့ဆိုတာ.. ဘယ်လောက်တောင် ရဲရင့်ပြတ်သားဝင့်ကြွားနိုင်ဖို့ လိုလိုက်မလဲ.. ဇီမို.. မင်းအောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ.. ငါမင်းအတွက် သေချာပေါက် ဂုဏ်ယူနေမှာကွ”

ထို့နောက် ချက်ချင်းပင် ဆူဟုန်သည် တစ်နည်းတစ်ဖုံ စိတ်ပျက်လက်ပျက်ပုံ ဖြစ်သွားပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

“အဲ့ဒီအခိုက်အတန့်တွေကို ငါမမြင်နိုင်တော့တာ နှမြောစရာပဲ.. နောက်ပြီး ငါ မရှိတော့တဲ့အချိန် မင်း.. ရှောင်းနင်နဲ့ အတူတူ ကောင်းကောင်းရှင်သန်ကြရမယ်နော်”

“အစ်ကိုကြီး...” ဆူဇီမိုသည် နှာရည်များ စီးကျလာပြီး ရင်ထဲမှာ တစ်စို့ကာ စကားမပြောနိုင်တော့ပေ။

ဆူဟုန်က လက်ကာပြပြီး ဘေးနားက မီးဖိုကို လက်ညိုးထိုးလိုက်၏။

“ငါ့ကို ဝိုင်တစ်ခွက် ငှဲ့ပေး”

ဆူပွက်နေသော ရေထဲရှိ ဝိုင်ပုလင်းထံမှ မွှေးပျံ့သော ရနံ့က ထွက်ပေါ်လာ၏။

ဝိုင်က နွေးနေလေပြီ။

ဆူဇီမိုသည် ရင်ထဲက ဝမ်းနည်းမှုကို ဖိနှိမ်ပြီး ဆူဟုန်အတွက် ဝိုင်တစ်ခွက်ကို ငှဲ့ပေးလိုက်၏။

အဲ့ဒါကို လှမ်းယူပြီးနောက် ဆူဟုန်သည် မွှေးပျံသောဝိုင်ခွက်ကို ငေးကြောင်ကြည့်နေ၏။

ခမ်းနားထည်ဝါသော စစ်ဝတ်စုံဖြင့် ပြတ်သားသော လူငယ်တစ်ယောက်က ဝိုင်မျက်နှာပြင်ပေါ်မှာ ရောင်ပြန်ဟပ်လာသည်ဟု ထင်ရ၏။ သူက လှံတံကို ကိုင်မြှောက်ပြီး ချပ်ဝတ်တန်ဆာဝတ်မြင်းတပ်သားများကို စစ်ပွဲထဲသို့ ဦးဆောင်သွားကာ စစ်မြေပြင်မှာ လွှမ်းမိုးခြယ်လှယ်ခဲ့၏။

မြင်ကွင်းတစ်ခုပြီးတစ်ခု တဖျပ်ဖျပ် ပေါ်လာနေ၏။

တော်တော်ကြီး ကြာသွားပြီးနောက်...

တဖျပ်ဖျပ်လက်နေသော နှင်းပွင့်များက ဝိုင်ပေါ်သို့ ကျဆင်းလာကာ ပုံရိပ်များကို ပြိုကွဲသွားစေ၏။

နှင်းများ ကျနေလေပြီ။

အဲ့ဒါက ဆောင်းရာသီ၏ ပထမဆုံးနှင်း ဖြစ်၏။

ဆောင်းဦးကုန်၍ ဆောင်းရာသီသို့ ရောက်ရှိလာခြင်းက တစ်ခုခုကို သွယ်ဝိုက်ပြောနေသလိုပင်။

စောစောက ပုံရိပ်များအားလုံးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ဝိုင်မျက်နှာပြင်ပေါ်တွင် ကျန်နေခဲ့သော တစ်ခုတည်းသောအရာမှာ လူအိုတစ်ယောက်၏ မျက်နှာသာ။

ဆူဟုန်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး ဝိုင်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်ချလိုက်၏။

သူ၏ တစ်ဘဝလုံးစာကို ထိုဝိုင်တစ်ခွက်နှင့်အတူ ကုန်ဆုံးလိုက်သည့်အလားပင်။

“ကောင်းလိုက်တဲ့ ဝိုင်ကွာ”

အသံကျယ်ကျယ် တစ်ချက်ရယ်ပြီးနောက်.. ဆူဟုန်က ကွယ်လွန်သွားခဲ့လေပြီ။

ဆူဇီမိုသည် ပြိုလဲသွားပြီး ဒုတ်ကနဲ ဒူးထောက်ချလိုက်၏။ သူ့ရှေ့ရှိ အဖိုးကြီးကို ငေးကြည့်ပြီး စီးကျလာသော မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။

ဤနေ့က နောက်ဆုံးတော့ ရောက်လာခဲ့လေပြီ။

သူသည် အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားသော်လည်း ဆူဟုန်နှင့် တစ်ကယ်တမ်း ခွဲရချိန်မှာတော့ သူ့နှလုံးသားက ကွဲကြေကာ ဝမ်းနည်းပူဆွေးမှုကို ခံစားရဆဲဖြစ်၏။

သူတို့သည် လောကီအရေးမှာ နက်ရှိင်းစွာ ပတ်သတ်ဆက်နွယ်မိလေ.. သူတို့၏ သံယောဇဉ်ကြိုးကို ဖြတ်တောက်ဖို့ ပိုခက်ခဲလေဖြစ်၏။

ကောင်းကင်က တဖြည်းဖြည်း မှောင်လာ၏။

ကျဆင်းနေသော နှင်းများကလည်း ပိုမိုသိပ်သည်းလာ၏။

ဆူဇီမိုသည် ဆူဟုန်ရှေ့မှာ မလှုပ်မယှက် ဒူးထောက်ပြီး ငူငိုင်နေ၏။

သူက ကျင့်ကြံသူတစ်ယောက် ဖြစ်၏။

သူက သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားဖြစ်၏။

သူက သမိုင်းတစ်လျှောက်မှာ ဒုတိယမြောက်လူအဖြစ် အန္တိမအခြေတည်အဆင့်သို့ ရောက်ရှိနိုင်ခဲ့သူဖြစ်၏။

ထိုသို့ဆိုလျှင်တောင် သူ၏ အရင်းနှီးအချစ်ခင်ရဆုံး ဆွေမျိုးသားချင်းကို မကယ်တင်နိုင်ခဲ့ပေ။

နှင်းများက သိပ်သည်းလာနေဆဲ..

အအေးဓါတ်ကလဲ ပိုကဲလာနေဆဲ..

သို့သော်လည်း ဆူဇီမို၏ ရင်ထဲမှာက အညှတာမဲ့မီးတောက်များဖြင့် တောက်လောင်နေဆဲပင်။

အတန်ကြာပြီးနောက် ကန်းလန်ရိုးမတောင်ဘက်မှ လူသံနှင့် မြင်းသံများကို ဝိုးတဝါး ကြားလာရ၏။ တဖြည်းဖြည်းနှင့် ထိုအသံများက ပို၍ ရှင်းလာ၏။

မြင်းခွာသံများက နီးကပ်လာနေလေပြီ။

သာမန်လူများက အဲ့ဒါကို အာရုံခံမိလိမ့်မည် မဟုတ်သော်လည်း ဆူဇီမိုကတော့ ရှင်းလင်းစွာ ကြားနိုင်၏။

ဝှီး.. ဝှီး.. ဝှစ်..

လေထဲမှာ ပွက်ပွက်ညံနေသော စိတ်ဝိညာဉ်ယာဉ်ပျံများ၏ အသံကိုတောင် သူကြားနေရ၏။

အတော်ဝေးဝေးတွင် ဖုန်များက တထောင်းထောင်းထပြီး မြေစာများက ဖွာလန်ကြဲ၍ ကျန်ရစ်ခဲ့၏။

ဆူဇီမိုသည် အေးစက်စက် အမူအယာနှင့်အတူ ထရပ်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ အဆုံးမသတ်သော သတ်ဖြတ်လိုစိတ်က တလိပ်လိပ် တက်လာနေ၏။ သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး ကန်းလန်ရိုးမဆီသို့ ပျံသန်းသွားလေတော့သည်။

All Chapters