ပျောက်ကွယ်သွားခြင်း
Vol. 42 Ch. 623
ဆူဇီမို၏ အင်အားကြီးမားသည့် ခန္ဓာကိုယ်ကြီးက လှုပ်ရှားသွားပြီး ငွားငွားစွင့်စွင့် မြင့်မားသော မိစ္ဆာနတ်ဆိုးကြီးတစ်ကောင်လို ရှေ့သို့တက်သွား၏။
ဘန်း.. ဘုန်း.. ဘုန်း..
မြေပြင်ပေါ်မှာ ကြီးမားသည့်ချိုင့်ခွက်ကြီးများက ဖြစ်ကျန်ခဲ့၏။
အချိန်မီ မရှောင်လိုက်နိုင်သော ချီစုဖွဲ့စစ်သည်တော်များနှင့် အခြေတည်အဆင့်ကျင့်ကြံသူများသည် ဆူဇီမို၏ ဧရာမခြေဖဝါးအောက်တွင် အသားပျော့ဖတ်များအဖြစ်သို့ ဖိနင်းခြေခြင်း ခံလိုက်ရပြီး မြေခဲများနှင့် ပိပြားရောနှောကုန်၏။
သူခြေတစ်လှမ်း လှမ်းတိုင်း တောကြောတစ်ခုလုံးက တသိမ့်သိမ့်လှုပ်သွား၏။
“မင်း ဘယ်လိုတွေတောင် လာပြီးတော့ ဇောင်းကြွပြနေတာလဲကွ တောကောင်”
“သူ့ကို သတ်စမ်း”
ရွှစ် ရွှစ် ရွှစ်...
စိတ်ဝိညာဉ်အလင်းများက တဖျတ်ဖျတ်လက်သွား၏။
ဓါးပျံများက ကူးလူးယှက်ဖြာလာ၏။
များစွာသော ရွှေအမြုတေများသည် သူတို့၏ ဓါးပျံများကို ပစ်လွှတ်၍ တိုက်ခိုက်လိုက်ကြ၏။ အဖြူရောင် အလင်းတန်းများက မိုးပေါက်များကဲ့သို့ ဆူဇီမို၏ ကိုယ်ပေါ်သို့ တဖွဲ့ဖွဲ့ ကျဆင်းလာကြလေသည်။
မဟာမိတ်စစ်တပ်မှာ ရွှေအမြုတေများစွာ ပါလာသော်လည်း သူတို့၏ ခွန်အားက လွန်ခဲ့သည့်နှစ် ၂၀ က မြောက်ပိုင်းဒေသပြိုင်စံရှားများနှင့် နှိုင်းယှဉ်လျှင် အတော်လေးကို အားနည်းလေသည်။
သူတို့အသုံးပြုသော ဓါးပျံများကလည်း သာလွန်အဆင့်မျှသာ ဖြစ်ကြလေသည်။
ထိပ်တန်းအဆင့်ဓါးပျံကိုင်နိုင်သည့်သူက အတော်ရှားပြီး ပကတိအဆင့် သို့မဟုတ် မူလအဆင့်လက်နက်ဆိုသည်က ဝေးလာဝေးပင်။
ဆူဇီမိုက ရှောင်ရှားခြင်း မရှိပေ။ တစ်ကယ်ဆို သူက မျက်တောင်ပင် မခတ်ဘဲ ထိုအဖြူရောင်အလင်းတန်းများကို သူ့ကိုယ်ပေါ်သို့ ကျရောက်ခွင့် ပေးထား၏။
ချွမ်း.. ချွမ်.. ချွင်..
သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာ၏။
မရေမတွက်နိုင်သော ဓါးပျံများက ပြန်ကန်ထွက်သွားကြ၏။ သူတို့က ဆူဇီမို၏ ကိုယ်ကို ထိုးဖောက်နိုင်ခြင်း မရှိကြပေ။
ဘုန်း.. ဘုန်း.. ဘုန်း..
ဆူဇီမိုသည် ရှေ့သို့ ခြေသုံးလှမ်း ဆက်တိုက်လှမ်း၍ လွှမ်းမိုးခြယ်လှယ်စွာ ပစ်ဆောင့်နင်းခြေလိုက်၏။ သစ်ပင်ကြီးများစွာက အမြစ်လန်ကျ၍ ကျိုးပြတ်ကုန်ပြီး များစွာသော ကျင့်ကြံသူများသည် နင်းခြေဖိသတ်ခြင်း ခံလိုက်ကြရ၏။
လူအုပ်ကြီးထဲသို့ သူ၏ ဧရာမခြေဖဝါးကြီး တစ်ချက်ဆောင့်နင်းလိုက်တိုင်း နီနီရဲရဲ သွေးကွက်ကြီးတစ်ကွက်က ကျန်နေခဲ့လေသည်။
မဟာမိတ်စစ်တပ်တွင် အစက ကျင့်ကြံသူပေါင်း သန်းချီ ပါဝင်၏။ သို့သော် ယခုအခါ ဆူဇီမို၏ တိုက်ခိုက်မှုတွင် သူတို့အများစုသည် ရှံးနိမ့်ပြိုကွဲ၍ အဖွဲ့သေးသေးလေးများအဖြစ် ကွဲထွက်သွားကြ၏။
တစ်ချိန်တည်းမှာပင် တောကောင်တစ်အုပ်ကြီးကလည်း အဘက်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်နေကြသောကြောင့် အချိန်ခဏလေးသာ တိုက်ခိုက်ရသေးသော်လည်း မဟာမိတ်စစ်တပ်သည် ထိချက်အတော်လေးပြင်းထန်ပြီး ကြီးမားစွာ ထိခိုက်ခံစား ဆုံးရှုံးကုန်ကြပြီဖြစ်၏။
ဤနေရာက ကန်းလန်ရိုးမ၏ အူတိုင်ပင်။
သူတို့နောက်ဆုတ်ချင်လျှင်တောင် သူတို့မှာ ထွက်ဖို့နေရာ မရှိတော့ပေ။
သားရဲတောကောင်များက ပင်ကိုသဘာဝအားဖြင့် သွေးဆာပြီး ရက်စက်ကြမ်းကြုတ်၏။
ယခု လူများက အစုလိုက်အပြုံလိုက် သေကြေလာသောအခါ သားရဲများက ပိုလို့တောင် စိတ်အားတက်ကြွလာပြီး သူတို့၏ မျက်လုံးများက နီရဲလာ၏။
စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင်..
အင်ပါယာသုံးခုမှ မင်းသားများက မျက်မှောင်ကြုတ်နေကြ၏။
ဗလတောင့်တောင့်ကတုံးပြောင်က တည်တံ့စွာ ပြောလိုက်၏။
“ဘာမှ စိတ်မပူကြပါနဲ့ မင်းသားတို့.. အဲ့ဒါက ရွှေအမြုတေအဆင့်စိတ်ဝိညာဉ်သားရဲတစ်ကောင်ပါပဲ.. သူက အရွယ်အစား နဲနဲ ကြီးမားပေမယ့်လို့ အဲ့လောက်လဲ စိုးရိမ်နေစရာ မရှိပါဘူး”
“အမှန်ပဲ”
အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီးက သဘောတူကာ ခေါင်းညိတ်လိုက်၏။
“ငါတို့က ထိပ်တန်းအဆင့် ရွှေအမြုတေနဲနဲလောက်ပဲ လိုတာပါ.. သူတို့ရဲ့ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်တာနဲ့ အဲ့သားရဲကို သတ်လို့ရတယ်”
သူမ၏ စကား မဆုံးသေးခင်မှာပင် ရွှေအမြုတေအချို့က သားရဲတောကောင်အနည်းငယ်ကို ဆက်တိုက်သတ်ဖြတ်ပြီး သူတို့၏ လှုပ်ရှားမှုနည်းစနစ်များကို ထုတ်ဖော်ကာ ဆူဇီမိုဆီသို့ ချီတက်လာကြပြီဖြစ်၏။
“တောကောင်.. ငါ့ရဲ့ မြစ်ကူးချိန်းကြိုးကို ဖမ်းကြည့်လိုက်ဦး”
ထိုလူက ဟိန်းဟောက်လိုက်ချိန်မှာပင် သူ့နောက်မှ မြစ်တစ်စင်းက ထွက်ပေါ်လာပြီး ရေလှိုင်းများက ကမ်းခြေကို တဝုန်းဝုန်း ပစ်ဆောင့်နေ၏။
အလွန်တရာ တုတ်ခိုင်သော ချိန်းကြိုးကြီးတစ်ချောင်းက မြစ်ကို ဖြတ်သန်းလာပြီး ဆူဇီမိုပေါ်သို့ အညှာတာမဲ့စွာ ကျဆင်းလာ၏။
ဘန်း.. ဘန်း..
အခြားသော ရွှေအမြုတေအချို့သည်လည်း ရှေ့သို့တက်လာပြီး သူတို့၏ အမြုတေနယ်မြေများကို ထုတ်ဖော်လိုက်၍ စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာ၏။
“လစ်စမ်း”
ဆူဇီမိုက ဟိန်းဟောက်၍ သူ၏ ကြီးမားသည့် လက်သီးကြီးကို လွှဲရမ်းကာ ရွှေအမြုတေနယ်မြေအချို့ကို ပစ်ထိုးချလိုက်၏။
“မင်းကတော့ သေချင်နေတာပဲ”
“ဘာပဲပြောပြော သူက တောကောင်တစ်ကောင်ပဲကို.. ရွှေအမြုတေနယ်မြေကို သူ့ခန္ဓာကိုယ်နဲ့ ရင်ဆိုင်နိုင်တယ်လို့ တွေးနေတာ နေမှာပေါ့”
ဝေါ...
ဆူဇီမို၏ ဆူနာမီသွေးနှင့်အတူ အရွတ်များနှင့် အရိုးများမှ အသံဗလံများက ထွက်ပေါ်လာ၏။
သူ၏ ထိုးချက်ကနေ သွေးရနံ့နှင့်အတူ ကြောက်စရာကောင်းသည့်အော်ရာတစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။
ဝုန်း..
ကြောက်ခမန်းလိလိအသံကြီးက ထွက်ပေါ်လာ၏။
လေထုက အေးခဲသွားသည်ဟု ထင်လိုက်ရလေသည်။
ထို့နောက် ချက်ချင်းပင် လေထဲရှိ ရွှေအမြုတေနယ်မြေများက ကြေမွပျက်စီးကုန်၏။
တိုက်ခိုက်လိုက်သော ရွှေအမြုတေအချို့သည် ထိချက်ပြင်းပြင်းနှင့်အတူ လေထဲကနေ လဲပြိုကျကာ သွေးများကို ပျို့အန်ထုတ်လိုက်ရ၏။ သူတို့က သေရဖို့ များလေပြီ။
“ဟမ့်”
စိတ်ဝိညာဉ်ယာဉ်ပျံပေါ်ရှိ လူတိုင်း၏ အမူအယာက ပြောင်းလဲသွား၏။
ထိုသားရဲတောကောင်၏ ခွန်အားက သူတို့မျှော်မှန်းထားသည်ထက် ကျော်လွန်နေ၏။
သတ္တုရောင်ပြောင်လက်နေသော ခန္ဓာကိုယ်ကြီးက သန်မာလှသည့်အပြင် လက်နက်များ၊ မီးများနှင့် ရေများကိုပါ ပီးလေသည်။
အမြုတေနယ်မြေကို ကျင့်ကြံထားနိုင်သော ရွှေအမြုတေအချို့၏ ပူးပေါင်းတိုက်ခိုက်မှုနှင့်တောင် သူကို ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ပေ။ ထို့အစား တိုက်ခိုက်လိုက်သူအားလုံးက သူ့ထံမှ ထိုးချက်တစ်ချက်ဖြင့် အသက်ပျောက်ကုန်ကြလေပြီ။
သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလှတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေတာလဲ..
“တစ်ခုခုတော့ မှားနေပြီ”
မဟာရှန်မင်းသားက သုန်မှုန်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
“ဒီတိုင်းသာ ဆက်သွားရင် ငါတို့ရဲ့ မဟာမိတ်စစ်တပ်က အဲ့တောကောင်လက်ချက်နဲ့ ကုန်တော့မယ်.. ပကတိအရှင်တို့ လှုပ်ရှားကြပါတော့”
“မပူပါနဲ့ မင်းသား.. ကျုပ် အခုပဲ သွားပြီး အဲ့တောကောင်ရဲ့ ခေါင်းကို ဖြတ်ယူလာခဲ့ပါ့မယ်”
ဗလတောင့်တောင့်ကတုံးပြောင်က မလှမ်းမကမ်းရှိ ဆူဇီမိုကို သတ်လိုဖြတ်လိုအော်ရာနှင့်အတူ စိုက်ကြည့်ပြီး နှုတ်ခမ်းကို သပ်လိုက်၏။
“ငါလဲ လိုက်မယ်”
အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီးကလည်း ပြောလိုက်၏။
“ခင်ဗျားတို့နှစ်ယောက် ကျေးဇူးပြုပြီး နေကြပါဦး”
ပိန်ပိန်ပါးပါးအဖိုးအိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“ကျုပ်တို့သုံးယောက်ရဲ့ တာဝန်က ကျုပ်တို့ရဲ့ မင်းသားတွေကို ဘေးကင်းလုံခြုံအောင် ကာကွယ်ဖို့လေ.. ကျုပ်တို့ရဲ့ တာအိုရောင်းရင်း နိုးထဝိညာဉ်တွေကိုပဲ အဲ့တောကောင်ကို ကိုင်တွယ်ခိုင်းသင့်တယ်”
မဟာမိတ်စစ်တပ်တွင် အခြားသော နိုးထဝိညာဉ်တစ်ရာ ပါလာသေး၏။
ထိုအချိန်တွင် ကန်းလန်ရိုးမ၏ အုတ်အော်သောင်းနင်းက အခြားသော နိုးထဝိညာဉ်များကိုပါ ထိတ်လန့်ကာ သတိဝင်လာစေပြီဖြစ်၏။.
သူတို့သည် စစ်တပ်၏ နောက်ကနေ တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ ပျံတက်လာကြပြီး ကြောက်စရာကောင်းသည့် အော်ရာများနှင့်အတူ ရှေ့သို့ တက်လာကြ၏။
ပိန်ပိန်ပါးပါးအဖိုးအို၏ မျက်လုံးထဲမှာ အလင်းရောင်တချို့ လက်သွားပြီး သူက လေးနက်စွာ ပြောလိုက်၏။
“ဒီကိစ္စက နဲနဲထူးဆန်းနေတယ်.. ငါတို့က ဂရုတစိုက်ကိုင်တွယ်ကြတာ ပိုကောင်းလိမ့်မယ်”
“ခွိခွိ..”
ဗလတောင့်တောင့်ကတုံးပြောင်က လှောင်ပြောင်ရယ်မောလိုက်၏။
“တာအိုရောင်းရင်း ခင်ဗျားက သတိလွန်ကဲနေတာပဲ.. ရွှေအမြုတေအဆင့် စိတ်ဝိညာဉ်သားရဲက ဘယ်လောက်ထိ ပြဿနာရှာနိုင်မှာမို့လဲ”
“ငါတို့ ငြင်းခုန်နေကြစရာ မလိုဘူး”
မဟာရှန်မင်းသားက တည်ငြိမ်စွာ ပြောလိုက်၏။
“နိုးထဝိညာဉ်တစ်ရာရဲ့ ပူးပေါင်းတိုက်ခိုက်မှုက နေရာတစ်ခုလုံးကို ဓမ္မစွမ်းအားနဲ့ ပြည့်နှက်သွားလိမ့်မယ်.. ဒီတောကောင်တွေကို ငါတို့ ကြောက်နေစရာ မရှိဘူး.. ငါတို့ အခုလောလောဆယ် ပြန်ထိုင်ပြီး စောင့်နေကြရုံပဲ”
“တောကောင်က ဘယ်မှာလဲ”
အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီးသည် ရုတ်တရက် အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“ဘယ်တောကောင်လဲ”
လူတိုင်း မှင်တက်သွားကြ၏။
ထို့နောက် သူတို့သည် တဖြည်းဖြည်း နားလည်လာကြ၏။
သူတို့ စကားပြောနေစဉ်မှာပင် ငွားငွားစွင့်စွင့် ရပ်တည်နေသော လူပုံစံရှေးဟောင်းတောကောင်ကြီးက ပျောက်ကွယ်သွားလေပြီ။
လူတိုင်း ကပျာကယာ ငုံ့ကြည့်လိုက်ကြ၏။
တိုက်ပွဲကွင်းပြင်က ရုတ်ရုတ်သဲသဲ ဖြစ်နေသော်လည်း လူပုံစံတောကောင်က မရှိတော့လေပြီ။
အဲ့ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ..
အဲ့လောက်ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးက ပုန်းကွယ်ဖို့ဆို အတော်ခက်ခဲမှာလေ.. သူက ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားရတာလဲ...
မင်းသားသုံးယောက်သည် နဝေတိမ်တောင် ဖြစ်နေကြ၏။
ဗလတောင့်တောင့်ကတုံးပြောင်က မျက်မှောင်ကြုတ်လိုက်၏။
“မပူပါနဲ့ မင်းသားတို့.. ကျုပ်ရဲ့ စိတ်ဝိညာဉ်အသိစိတ်နဲ့ စစ်ဆေးကြည့်လိုက်ပါ့မယ်”
သူ့နဖူးက တောက်ပသွားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဆက်တိုက် ဖြန့်ကျက်ထုတ်လိုက်၏။
အာရုံငါးပါးထဲမှ အမြင်အာရုံကို အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်၏။
မျက်လုံးရှေ့မှာ တစ်ခုခု ကွယ်သွားလျှင် သူတို့က ဆက်ပြီး ကြည့်ရှုနိုင်မှာ မဟုတ်တော့ပေ။
သို့သော်လည်း စိတ်ဝိညာဉ်အသိစိတ်ကတော့ နေရာအကြားအလပ်မကျန် ဖောက်ထွင်းကွေ့ပတ် ကြည့်ရှုနိုင်လေသည်။
စိတ်ဝိညာဉ်အသိစိတ်ကနေ မည်သည့်အရာမှ ပုန်းကွယ်လို့ ရနိုင်လိမ့်မည် မဟုတ်ပေ။
သားရဲတောကောင်တစ်ကောင်က ဤတောအုပ်ထဲမှာ ပုန်းကွယ်ချင်လျှင် လွယ်ကူလေသည်။
သို့သော်လည်း သူက စိတ်ဝိညာဉ်အသိစိတ်၏ ထောက်လှမ်းမှုကနေ ရှောင်ရှားချင်လျှင်တော့ မဖြစ်နိုင်ပေ။
ခဏနေပြီးနောက် ဗလတောင့်တောင့်ကတုံးပြောင်သည် သုန်မှုန်ပျက်စီးနေသော အမူအယာဖြင့် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်၏။
အဲ့ဒီမှာ ဘာမှ မရှိပေ။
သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ငါးကီလိုမီတာပတ်လည်အထိ ဖြန့်ကျက်ခဲ့၏။ သို့သော်လည်း လူပုံစံကြမ်းကြုတ်တောကောင်၏ အရိပ်အယောင်ကို တစ်စွန်းတစ်စတောင် မတွေ့ခဲ့ရပေ။
ဗလတောင့်တောင့်ကတုံးပြောင်သည် အနည်းငယ် တွေဝေနေဆဲဖြစ်၏။
ဤမျှ အချိန်ကလေးအတွင်း ငါးကီလိုမီတာကျော်အောင် လွတ်မြောက်ထွက်ပြေးဖို့က မည်သို့မှ မဖြစ်နိုင်ပေ။
ရွှေအမြုတေအဆင့်စိတ်ဝိညာဉ်တောကောင်တစ်ကောင်ကို အသာထား.. နိုးထဝိညာဉ်များနှင့် မူလနတ္ထိအဆင့်များတောင် ထိုသို့လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
လူပုံစံကြမ်းကြုတ်တောကောင်က လေထဲမှာ ပျောက်ကွယ်သွားသည့်အလားပင်။
တစ်ကယ်တော့ ဗလတောင့်တောင့်ကတုံးပြောင် တစ်ယောက်တည်း မဟုတ်ပေ။
လေထဲရှိ နိုးထဝိညာဉ်တစ်ရာအပြင် ကိုယ်ကျပ်ဝတ်အမျိုးသမီးနှင့် ပိန်ပိန်ပါးပါးအဖိုးအိုတို့သည်လည်း သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်ကာ ဆူဇီမိုကို ရှာဖွေလိုက်ကြ၏။
သို့သော်လည်း မည်သူမှ ဘာကိုမှ မတွေ့နိုင်ကြပေ။
ရုတ်တရက်..
တိုက်ပွဲကွင်းပြင်မှာ အပြောင်းအလဲတစ်ခုက ပေါ်လာ၏။