အပြင်းအထန် ညတိုက်ပွဲ
Vol. 42 Ch. 624
လေထဲရှိ နိုးထဝိညာဉ် အယောက်တစ်ရာသည် တိုက်ပွဲမြေပေါ်သို့ ဆင်းသက်၍ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်ဖော်ကာ စစ်ဆေးကြည့်လိုက်ကြ၏။
နိုးထဝိညာဉ်တစ်ယောက်သည် ရှေးဟောင်းသစ်ပင်တစ်ပင်ဘေးကနေ ဖြတ်လျှောက်လိုက်စဉ်မှာ မမျှော်လင့်ဘဲ ရုတ်တရက် အမှောင်ထုထဲမှ တုတ်ခိုင်သော လက်ကြီးတစ်ဖက်က ထွက်လာ၏။
ထိုလက်က အနာကွန်ဒါတစ်ကောင်လို တုတ်ခိုင်ပြီး ထိုနိုးထဝိညာဉ်ကို ရစ်ပတ်ကာ ရှေးဟောင်းသစ်ပင်နောက်သို့ ဆွဲယူသွား၏။
“အားးး”
ထိုလူက ကြောက်လန့်တကြား အသံတစ်ချက်သာ ထွက်ိလိုက်နိုင်ပြီးနောက် ငြိမ်သက်တိတ်ဆိတ်သွား၏။
ဘုန်း..
ပုံပျက်ပန်းပျက် ခန္ဓာကိုယ်တစ်ခုက ရှေးဟောင်းသစ်ပင်နောက်ကနေ လွင့်ပျံထွက်လာ၏။ သူ့ခေါင်းက ကြေမွပျက်စီးနေလေပြီ။
သူ့သွင်ပြင်က လုံးဝ ပျက်စီးနေပြီဖြစ်သော်လည်း အလောင်းပေါ်ရှိ အဝတ်အစားအရ အဲ့ဒါသည် စောစောက တိုက်ခိုက်ခံလိုက်ရသော နိုးထဝိညာဉ်ဖြစ်ကြောင်း သိနိုင်လေသည်။
“အဲ့ဒါ ဘယ်သူလဲကွ”
“သတ်စမ်း”
နိုးထဝိညာဉ်တစ်အုပ်စုသည် ကျယ်လောင်စွာ အော်ဟစ်၍ ရှေးဟောင်းသစ်ပင်ဆီသို့ သူတို့၏ ဓမ္မတိုက်ကွက်များကို ထုတ်ဖော်ကာ ပစ်လွှတ်လိုက်ကြ၏။
ဝုန်းး
ရှေးဟောင်းသစ်ပင်ကြီးက အပိုင်းပိုင်းကြေမွ ပျက်စီးသွား၏။
အမှောင်ထုထဲတွင် ပုံရိပ်တစ်ခုက ရှေးဟောင်းသစ်ပင်ကနေ လျှောချထွက်သွားပြီမှာ ကြာလေပြီ။ ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှုများနှင့်အတူ ထိုပုံရိပ်က တောအုပ်ထဲသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားလေပြီ။
“အဲ့ဒါက သူပဲ”
“အဲ့ဒါ လူပုံစံတောကောင်ပဲ”
သူတို့သည် ထိုပုံရိပ်၏ မျက်နှာကို မမြင်လိုက်ရသော်လည်း သူ့ထံမှ ဖြာထွက်နေသော အော်ရာအရ အဲ့ဒါသည် စောစောက တွေ့ခဲ့ရသော လူပုံစံတောကောင်နှင့် အတူတူပင် ဖြစ်တာ သေချာလေသည်။
“မင်းက ဘယ်များ ပြေးချင်နေသေးတာလဲ”
များစွာသော နိုးထဝိညာဉ်များသည် အော်ဟစ်မာန်မဲ၍ အပြေးလိုက်ဖမ်းကြလေသည်။
သို့သော်လည်း နဂိုတည်းက တောအုပ်က မှောင်သည့်အပြင် ညအမှောင်ထုကပါ ထပ်မံအားဖြည့်ထားသောကြောင့် သိပ်မကြာမီ သူတို့သည် လူပုံစံတောကောင်ကို မျက်ခြေပြတ်သွားကြ၏။
“အဲ့ဒါက ဘာသားရဲတောကောင်လဲကွ”
“ငါလဲ မပြောတတ်ဘူး.. စောစောက ငါ့စိတ်ဝိညာဉ်အသိစိတ်ကို သုံးပြီး စစ်ဆေးကြည့်ဖို့ ကြိုးစားကြည့်လိုက်သေးတယ်.. ဒါပေမယ့် သူ့အစစ်အမှန်ပုံစံကို ငါ မမြင်ရဘူး.. တစ်ခုခုက ကာဆီးထားသလိုပဲ”
“ဘယ်လို ဖြစ်နိုင်မှာလဲ”
နိုးထဝိညာဉ်အချို့သည် မျက်မှောင်ကြုတ်၍ အသည်းအသန် ဆွေးနွေးလိုက်ကြ၏။
သားရဲတောကောင်က လူပုံစံ ယူထားတာဆိုလျှင် သူတို့က စိတ်ဝိညာဉ်အသိစိတ်ကို သုံးပြီး စစ်ဆေးကြည့်သည်နှင့် ထိုတောကောင်၏ ကျင့်ကြံမှုအဆင့်က အရမ်းမြင့်မားမနေသရွေ့ သူ့အစစ်အမှန်ပုံစံကို မြင်တွေ့ရမည် ဖြစ်လေသည်။
“ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ”
အနက်ရောင်ဝတ်နိုးထဝိညာဉ်တစ်ယောက်က တီးတိုးရေရွတ်လိုက်၏။
ရုတ်တရက် ခရမ်းရောင်တောင်ပံလင်းယုန်က ရက်စက်သောအကြည့်နှင့်အတူ သူတို့ဆီသို့ ပျံသန်းလာ၏။ ထိုငှက်က သူ၏ ထက်ရှသော လက်သည်းများဖြင့် အနက်ရောင်ဝတ်ကျင့်ကြံသူကို ဖမ်းဆွဲလိုက်၏။
“ဒီတောကောင်ကတော့ သေချင်နေတာပဲ”
အနက်ရောင်ဝတ်ကျင့်ကြံသူက အေးစက်စက် ငေါက်ငမ်း၍ သူ့နဖူးကိုထိကာ ဓါးပျံတစ်လက်ကို ဆွဲထုတ်လိုက်၏။ သူ့ဝတ်ရုံကြားမှ ဓမ္မစွမ်းအားက တလိပ်လိပ်တက်လာပြီး ဓါးပျံကို ရှေ့သို့ ပို့လွှတ်လိုက်လေသည်။
ဖောက်...
ဓါးပျံ၏ အရှိန်က အရမ်းမြန်လွန်း၏။
ခရမ်းရောင်တောင်ပံလင်းယုန်က အကောင်းဆုံးကြိုးစား၍ ရှောင်တိမ်းလိုက်သော်လည်း ဓါးပျံက သူ့ကို ထိုးဖောက်သွားဆဲဖြစ်ကာ သေဆုံးသွားလေသည်။
ခရမ်းရောင်တောင်ပံလင်းယုန်၏ အသေကောင်ကိုယ်က လေထဲကနေ ပြုတ်ကျလာပြီး အနက်ရောင်ဝတ်ကျင့်ကြံသူဘေးကနေ ဖြတ်သွား၏။
အနက်ရောင်ဝတ်ကျင့်ကြံသူကလည်း ရွှေအမြုတေအဆင့်စိတ်ဝိညာဉ်သားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သိပ်ပြီး အာရုံစိုက်မနေပေ။ သူသတိပေါ့သွားသော အချိန်မှာပင် သူ့မျက်လုံးထောင့်နားမှာ ပုံရိပ်တစ်ခုက ဖျတ်ကနဲ ပေါ်လာသည်ဟု ခံစားလိုက်ရ၏။
ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်က ရုန်းကြွလာလေသည်။
ချက်ချင်းပင် အနက်ရောင်ဝတ်ကျင့်ကြံသူသည် ရေခဲရေတွင်းထဲသို့ ပြုတ်ကျသွားသည့်အလား ခံစားလိုက်ရ၏။
အဲ့ဒါက လူပုံစံကြမ်းကြုတ်တောကောင်ပင်။
ထိုကြမ်းကြုတ်တောကောင်က ခရမ်းရောင်တောင်ပံလင်းယုန်၏ ကျောပေါ်မှာ ပုန်းကွယ်နေခဲ့ခြင်း ဖြစ်၏။
အနက်ရောင်ဝတ်ကျင့်ကြံသူ၏ ဓါးပျံက သူ့ဘေးနားသို့ ပြန်မရောက်သေးသောကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ အထိတ်ထိတ်အလန့်လန့်နှင့်ပင် သူသည် လက်ဟန်ချိတ်စည်းတစ်ခုကို လှုပ်ရှားကာ ဝင်ရောက်လာသူကို တွန်းလှန်ဖို့ ဓမ္မတိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။
သို့သော်လည်း သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေပြီဖြစ်ရာ ထိုပုံရိပ်သည် တစ်ချက်ခုန်၍ သူ့ရှေ့သို့ ရောက်ရှိလာ၏။
ဝင်ရောက်လာသူက အနက်ရောင်ဝတ်ကျင့်ကြံသူ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး သူ့လက်ချောင်းများဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။
“ဟင်း”
ဓါးမြှောင်များကဲ့သို့ ထက်ရှသော လက်သည်းများက အနက်ရောင်ဝတ်ကျင့်ကြံသူ၏ အသားနှင့် အရိုးများကို ချက်ချင်းထိုးဖောက်သွား၏။
“အားးး”
အနက်ရောင်ဝတ်ကျင့်ကြံသူသည် နာကျင်စွာ ညည်းတွားအော်ဟစ်လိုက်ပြီး သူ့မျက်နှာမှ ချွေးသီးချွေးပေါက်များက ချက်ချင်းကျလာ၏။
သူ မတုံ့ပြန်နိုင်ခင်မှာပင် ဝင်ရောက်လာသူ၏ ဒူးနှစ်ဖက်က ရှေ့သို့ ပစ်တိုက်ချလိုက်ပြီဖြစ်၏။
ဘုန်း..
အနက်ရောင်ဝတ်ကျင့်ကြံသူ၏ ရင်အုပ်က ချိုင့်ဝင်သွားပြီး သူ့မျက်လုံးများက ပြူးကျယ်ထွက်သွား၏။ ကျွတ်ဆတ်ဆတ်အသံနှင့်အတူ သူ့လက်နှစ်ဖက်ကလည်း ဆုတ်ပြဲကာ ပြတ်ထွက်သွားပြီဖြစ်၏။
သွေးများက ပန်းထွက်လာ၏။
နောက်ထပ်နိုးထဝိညာဉ်တစ်ယောက်က သေလေပြီ။
“မင်း ဘယ်လိုတောင် ရဲတင်းနေတာလဲ.. တောကောင်”
အခြားသော နိုးထဝိညာဉ်များသည် ဖြစ်ပျက်နေသည်ကို နားလည်သွားပြီး ဒေါသူပုန်ထကာ သူတို့၏ ဓမ္မလက်နက်များကို အလောတကြီး ဆင့်ခေါ်၍ ဝင်ရောက်လာသူထံသို့ ပြေးလိုက်ကြလေသည်။
ညအမှောင်၏ လွှမ်းခြုံမှုအောက်တွင် ထိုပုံရိပ်က အနက်ရောင်ဝတ်ကျင့်ကြံသူကို သတ်ဖြတ်ပြီးနောက် လုံးဝရပ်နားခြင်း မရှိဘဲ အလင်းစက်တစ်ခုအသွင် တောထဲသို့ လှစ်ကနဲ ဝင်ပြေးသွားလေသည်။
ဘယ်ချိုးညာချိုးနှင့် ထိုပုံရိပ်က သိပ်မကြာမီ တောကောင်အုပ်ထဲသို့ ဝင်ရောက်ကာ တစ်ဖန်ပျောက်ကွယ်သွားပြန်လေသည်။
လမ်းတစ်လျှောက် ပြေးလိုက်သွားပြီး ဘာမှ ရမလာဘဲ ပြန်လာသော နိုးထဝိညာဉ်များအားလုံး၏ မျက်နှာက သုန်မှုန်နေကြ၏။
သူတို့သည် ဒေါသအမျက်ထောင်းထောင်း ထသွားပြီး သူတို့၏ ဓမ္မလက်နက်များ၊ ဓမ္မပညာရပ်များဖြင့် မြင်မြင်သမျှကို တိုက်ခိုက်ချေမှုန်းလိုက်ရာ တောအုပ်တစ်ခုလုံးနီးပါးက ပြားပြားဝပ်ပြိုလဲကျသွား၏။
ဘေးပတ်လည်မှာရှိသော သားရဲတောကောင်များစွာလည်း သေဆုံးကုန်ကြလေသည်။
စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် မဟာရှမင်းသားက မအီမသာနှင့် မေးလိုက်၏။
“အဲ့တောကောင်က ဘယ်ပျောက်သွားတာလဲ.. ငါတို့ သူ့ကို ဒီအတိုင်း ထွက်ခွင့်ပေးလိုက်လို့ မရဘူးလေ”
အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီးက မျက်ခုံးပင့်ပြီး စိတ်ရှုပ်ထွေးစွာ ပြောလိုက်၏။
“ဘာလို့လဲ မသိဘူး.. ငါ့စိတ်ဝိညာဉ်အသိစိတ်က အဲ့လူနောက်ကို လိုက်ကပ်လို့ မရဘူး.. ငါ့စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်တာနဲ့ တစ်ခုခုက ပိတ်ဆို့ထားသလိုပဲ”
“ငါလဲ အတူတူပဲ.. အဲ့လို ခံစားရတယ်”
ဗလတောင့်တောင့်ကတုံးပြောင်က ခေါင်းညိတ်လိုက်၏။
လူတိုင်းသည် ပိန်ပိန်ပါးပါးအဖိုးအိုကို အလိုလို လှည့်ကြည့်လိုက်ကြ၏။
သူတို့သုံးယောက်တွင် ပိန်ပိန်ပါးပါးအဖိုးအိုက အတွေ့အကြုံ အရှိဆုံးနှင့် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်၏။
“ဖြစ်နိုင်ခြေက နှစ်မျိုးပဲ ရှိတယ်”
ပိန်ပိန်ပါးပါးအဖိုးအိုက ပြောလိုက်၏။
“ပထမတစ်ချက်.. အဲ့ဒီသားရဲတောကောင်က စိတ်ဝိညာဉ်အသိစိတ်ကို တားဆီးနိုင်တဲ့ သားရဲလျှို့ဝှက်ပညာရပ်တစ်ခုခုကို ကျင့်ကြံထားတာ.. ဒုတိယတစ်ချက် သူ့မှာ စိတ်ဝိညာဉ်အသိစိတ်ကို တားဆီးနိုင်တဲ့ ရတနာတစ်ခုခု ရှိနေတာပဲ”
အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီးနှင့် ဗလတောင့်တောင့်ကတုံးပြောင်တို့သည် တွေးတွေးဆဆအမူအယာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ပိန်ပိန်ပါးပါးအဖိုးအို၏ အကြည့်က အေးစက်စွာ တောက်ပလာ၏။
“ဒီသားရဲတောကောင်ရဲ့ ကျင့်ကြံမှုအဆင့်က သိပ်မမြင့်သေးတဲ့အတွက် အဲ့လိုမျိုးသားရဲကျင့်စဉ်တစ်ခုကို ကျင့်ကြံထားနိုင်ဖို့ဆိုတာ သိပ်ပြီးတော့ ယုတ္တိမရှိဘူး.. ငါ့အထင်တော့ သူ့ဆီမှာ ရတနာတစ်ခုခု ရှိနေတာပဲ”
အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီးနှင့် ဗလတောင့်တောင့်ကတုံးပြောင်သည် ရင်ထဲ ဒိတ်ကနဲတစ်ချက် ခုန်သွားပြီး သူတို့၏ မျက်လုံးများ၏ လောဘရမ္မက်ဖြင့် အရောင်လက်လာကြ၏။
ထိုကဲ့သို့သော ရတနာမျိုးက သူတို့အတွက်လည်း တန်ဖိုးရှိလေသည်။
ပိန်ပိန်ပါးပါးအဖိုးအို ပြောသည်က မမှားပေ။
နိုးထဝိညာဉ်နှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်ခဲ့သော လူပုံစံတောကောင်က ဆူဇီမိုဖြစ်၏။
ပိန်ပိန်ပါးပါးအဖိုးအို ခန့်မှန်းချက်ထုတ်ထားသော ရတနာဆိုသည်မှာ မင်းဝမ်ပုတီးကုံး ဖြစ်လေသည်။
ဆူဇီမိုသည် သားရဲနှင့် အင်မော်တယ် ကျင့်ကြံမှု နှစ်မျိုးစလုံးကို တတ်မြောက်ထားသော်လည်း သူသည် အမြုတေစိတ်ဝိညာဉ်တစ်ခုကို မကျင့်ကြံရသေးသည့်အတွက် သူ့ခွန်အားက နိုးထဝိညာဉ်မျာ၏ ယှဉ်ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။
ဒါ့အပြင် သူသည် နိုးထဝိညာဉ်တစ်ရာနှင့် ရင်ဆိုင်နေရခြင်း ဖြစ်၏။
တစ်ချက်လောက် ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် သူက သေရပေလိမ့်မည်။
သူ၏ အားသာချက်က အနီးကပ်တိုက်ခိုက်ရည်သာ ဖြစ်၏။
ဆူဇီမိုသည် ကန်းလန်ရိုးမ၏ ရှုပ်ထွေးသောပတ်ဝန်းကျင်၊ ညအမှောင်ထု၊ မင်းဝမ်ပုတီးနှင့် သူ၏ သွင်ပြင်ပြောင်းလဲနိုင်စွမ်းတို့ကို အသုံးချပြီးမှသာ နိုးထဝိညာဉ်နှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်၏။
ပြောရသည်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အသက်တစ်ရှိုက်စာမျှနှင့် သေခြင်း၊ ရှင်ခြင်းကို အဆုံးဖြတ် ပေးသွားနိုင်၏။
သို့သော်လည်း အဲ့ဒါက ဘယ်လောက်အန္တရာယ်များသည်ဆိုတာကို ဆူဇီမိုသာလျှင် သိလေသည်။
သူသည် ခြေတစ်လှမ်း နောက်ကျသွားရုံ သို့မဟုတ် အမှားတစ်ခု ကျူးလွန်မိရုံနှင့် နိုးထဝိညာဉ်တစ်ရာ၏ ဝိုင်းပတ်ခြင်းကို ခံရပြီး ပွဲချင်းပြီး သေဆုံးသွားနိုင်လေသည်။
ဒါ့အပြင် နိုးထဝိညာဉ်နှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် ကျန်ရှိနေသော ကျင့်ကြံသူများက ယခုအခါ အလွန်တရာ သတိကြီးနေကြပြီဖြစ်၏။ မူမမှန်သော လှုပ်ရှားမှုတစ်ခုက ပေါ်လာသည်နှင့် သူတို့က အသည်းအသန်ဖိ၍ တုံ့ပြန်တိုက်ခိုက်ကြပေလိမ့်မည်။
ညအမှောင်ထုက တဖြည်းဖြည်း လျော့ပါးလာ၏။
အရုဏ်ဦးအလင်းရောင်က ခပ်ယဲ့ယဲ့ တက်လာလေပြီ။
ဆက်လက်၍ ချောင်းမြောင်းတိုက်ခိုက်ဖို့က မဖြစ်နိုင်တော့ပေ။
ဆူဇီမိုသည် တောအုပ်အနက်ပိုင်းထဲမှာ ပတ်ဝန်းကျင်နှင့် တစ်သားတည်းကျ ပုန်းကွယ်၍ လေထဲရှိ အကြီးမားဆုံး စိတ်ဝိညာဉ်ယာဉ်ပျံကို အေးစက်တိတ်ဆိတ်စွာနှင့် စူးစိုက်ကြည့်နေ၏။