← Chapters

မင်းတို့ရဲ့ သင်္ချိုင်း

Vol. 42 Ch. 625

မင်းတို့ရဲ့ သင်္ချိုင်း

Vol. 42 Ch. 625

နိုးထဝိညာဉ်နှစ်ယောက် ဆက်တိုက်သေဆုံးသွားပြီးနောက် ကျန်ရှိနေသော နိုးထဝိညာဉ်များသည် သုန်မှုန်စွာနှင့် လေထဲမှာ ရပ်လိုက်ကြ၏။

အန္တရာယ်အငွေ့အသက်တစ်ခု သို့မဟုတ် လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိသည်နှင့် လူတိုင်းသည် အထိတ်အလန့်နှင့် ကြိုတင်ကာကွယ် တိုက်ခိုက်လိုက်ကြ၏။

မည်သည့်သားရဲတောကောင်မဆို အနားကပ်ဖို့ ကြိုးစားလာသည်နှင့် အညှာတာမဲ့စွာ သတ်ဖြတ်ခံရမည်သာ ဖြစ်လေသည်။

“အဲ့တောကောင်က ဘယ်ရောက်သွားတာလဲ”

မဟာယွီမင်းသားက ကျယ်လောင်စွာ မေးလိုက်၏။

နိုးထဝိညာဉ်နှစ်ယောက်ကို သတ်ဖြတ်ပြီးတာနှင့် ဆူဇီမိုသည် ဤနေရာကနေ ထွက်ခွာသွားသည့်အလား လုံးဝ ပြန်ပေါ်မလာတော့ပေ။

“ဒီတောကောင်က တော်တော် ပါးနပ်တာပဲ”

ဗလတောင့်တောင့်ကတုံးပြောင်က အေးစက်စက် ငေါက်လိုက်၏။

“သူသာ အခုတစ်ခါ ပြန်ပေါ်လာရဲရင် ငါသေချာပေါက် သူ့ကို ရအောင်သတ်မယ်”

အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီးက ပြော၏။

“သားရဲတောကောင်တွေက အန္တရာယ်အငွေ့အသက်ကို အာရုံခံတဲ့နေရာမှာ လူသားတွေထက် ပိုထက်ရှတယ်.. ငါထင်တာ သူ ဒီနေရာကနေ ထွက်သွားလောက်ပြီ”

သူတို့နှစ်ယောက် စကားပြောပြီးနောက် ပိန်ပိန်ပါးပါးအဖိုးအိုကို လှည့်ကြည့်လိုက်ကြ၏။

ပိန်ပိန်ပါးပါးအဖိုးအိုက ခေါင်းခါပြ၏။

“ငါ မပြောတတ်ဘူး.. ငါသိချင်တာက ဘာလို့ ဒီသားရဲတောကောင်က တောကောင်အုပ်ကြီးတစ်ခု စုဖွဲ့ပြီး ငါတို့မဟာမိတ်စစ်တပ်ကို ဝင်တိုက်ခိုက်ရတာလဲဆိုတာပဲ”

ထိုစဉ်မှာပင် သွေးများစိုရွှဲနေသော ရွှေအမြုတေတစ်ယောက်က သူတို့ဆီသို့ ပျံသန်းလာ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်က သားရဲတောကောင်များ၏ လက်ချက်ဖြင့် စုတ်ပြဲနေ၏။

ထိုလူက စိတ်ဝိညာဉ်ယာဉ်ပျံ၏ ဦးစွန်းပေါ်သို့ ဆင်းသက်ပြီး မင်းသားသုံးယောက်ထံ လျှောက်လှမ်းသွားကာ အသံပြာပြာနှင့် ပြောလိုက်၏။

“အရှင်မင်းသားတို့.. တောကောင်အုပ်က အရမ်းကို ကြမ်းကြုတ်လွန်းလို့ ကျုပ်တို့ ကောင်းကောင်း မခုခံနိုင်တော့ဘူး.. ကျေးဇူးပြုပြီး နောက်ပြန်ဆုတ်ဖို့ အမိန့်ပေးပါ အရှင်မင်းသားတို့”

“အဓိပ္ပါယ် မရှိတာကွာ”

မဟာယွီမင်းသားက စားပွဲကို ဘန်းကနဲရိုက်ပြီး ထရပ်ကာ ငေါက်ငမ်းလိုက်၏။

“ငါတို့မဟာမိတ်စစ်တပ်မှာ နိုးထဝိညာဉ် အယောက်တစ်ရာတောင် ပါတယ်လေ.. သူတို့ တိုက်ခိုက်မယ်ဆို အဲ့ဒီတောကောင်အုပ်ကို ငါတို့ အချိန်မရွေး ဖိနှိမ်လို့ ရတာပဲ”

“ဟမ့်”

မဟာရှမင်းသားက သူ့အကြည့်ကို မှေးကျဉ်းပြီး အေးစက်စွာ ပြောလိုက်၏။

“မင်းက စစ်တပ်ရဲ့ ဗိုလ်ချုပ်တစ်ယောက် လုပ်နေပြီး အဲ့လို သွေးကြောင်နေမယ်ဆိုရင်တော့ သေဒဏ်ပေးခံရလိမ့်မယ်နော်”

“တော်လောက်ပြီ”

မဟာရှန်မင်းသားက လက်ကာပြလိုက်၏။

“ဗိုလ်ချုပ်စွန်း.. အရင်ဆုံး ရှေ့ကို ပြန်သွားပြီး ရန်သူတွေကို ခင်ဗျားတတ်နိုင်သလောက် ကြိုးစားပြီး သတ်ဖြတ်.. ကျုပ်တို့ဘက်မှာ နိုးထဝိညာဉ်စီနီယာတွေ ရှိနေတဲ့အတွက် အနိုင်အရှုံးက သတ်မှတ်ထားပြီးသားပဲ”

ဘာပဲပြောပြော ဗိုလ်ချုပ်စွန်းက မဟာရှန်အင်ပါယာမှလူ ဖြစ်၏။ ထိုကဲ့သို့သော အကြောင်းပြချက်တစ်ခုနှင့် အသတ်မခံနိုင်ပေ။

မဟာရှန်မင်းသားအနေနှင့် ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ကာကွယ်ပေးရပေမည်။

ဒါ့အပြင် တိုက်ပွဲအခြေအနေက တစ်ကယ်လည်း သူပြောသည့်အတိုင်း ဖြစ်နေ၏။

များစွာသော နိုးထဝိညာဉ်များသည် သူတို့၏ ဓမ္မပညာရပ်များကို ထုတ်လွှတ်၍ တိုက်ခိုက်ကာ တောကောင်အုပ်စုကို ဖိနှိမ်ခဲ့ကြ၏။

တောကောင်အုပ်က ကြမ်းကြုတ်သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျသည့်အတွက် နိုးထဝိညာဉ်များ၏ သတ်ဖြတ်စွမ်းအားကို မခုခံနိုင်ကြပေ။

တောကောင်အုပ်၏ အင်အားက အားနည်းသည့်လက္ခဏာကို ပြသလာနေပြီဖြစ်၏။

တိုတောင်းသော အချိန်အပိုင်းအခြားလေးအတွင်း ဗိုလ်ချုပ်စွန်းသည် စိတ်ဝိညာဉ်ယာဉ်ပျံပေါ်မှာ သူ့ခြေလှမ်းများကို ရပ်တန့်ခြင်း မရှိဘဲ မင်းသားသုံးပါးထံသို့ ချဉ်းကပ်သွား၏။

တိုက်ပွဲက ဖြစ်ပေါ်လာသောအခါ ပိန်ပိန်ပါးပါးအဖိုးအိုနှင့် အခြားနိုးထဝိညာဉ်နှစ်ယောက်သည် မတော်တဆဖြစ်ရပ်များကို ကာကွယ်ရန်အတွက် မင်းသားသုံးပါးအနီးမှာ ရောက်နေကြပြီးဖြစ်၏။

တစ်ခုခု မူမမှန်သည်ကို အရင်ဆုံး သတိထားမိသူမှာ ဗလတောင့်တောင့်ကတုံးပြောင်လူ ဖြစ်လေသည်။

လမ်းလျှောက်လာနေသော ဗိုလ်ချုပ်စွန်းကိုကြည့်ကာ ဗလတောင့်တောင့်ကတုံးပြောင်က မျက်မှောင်ကြုတ်ပြီး မာန်မဲလိုက်၏။

“စည်းမျဉ်းစည်းကမ်းကို မင်း နားမလည်ဘူးလား.. မင်းသားတို့ရဲ့ ရှေ့ကို ရောက်ရင် ဒူးထောက်ရမယ်ဆိုတာ မင်းမသိဘူးလား”

တစ်ချိန်တည်းမှာပင် ပိန်ပိန်ပါးပါးအဖိုးအိုက မျက်မှောင်ကြုတ်၍ ဗိုလ်ချုပ်စွန်းထံသို့ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ပို့လွှတ်လိုက်၏။

“ဟမ့်”

ပိန်ပိန်ပါးပါးအဖိုးအို၏ အမူအယာက ပြောင်းလဲသွား၏။

သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးက တားဆီးထားလေသည်။

ရင်းနှီးခဲ့ဖူးသော ထိုခံစားချက်က...

မဟန်တော့ဘူး..

ပိန်ပိန်ပါးပါးအဖိုးအိုသည် ပင့်သက်ရှိုက်၍ သူ့နှလုံးခုန်က ရပ်တန့်လုနီးပါး ဖြစ်သွား၏။

တစ်ချိန်တည်းမှာပင် အေးစက်စက်အသံတစ်သံက ထွက်လာ၏။

“ငါက ဒူးမထောက်ဘူးလေ.. ဘာလို့ဆို.. ငါက မင်းတို့ရဲ့သင်္ချိုင်းကို ပို့ပေးဖို့ ဒီကို လာခဲ့တာမို့ပဲ”

ထိုအခိုက်မှာပင် ဗိုလ်ချုပ်စွန်းက နိုးထဝိညာဉ်သုံးယောက်၏ ရှေ့သို့ ရောက်ရှိလာပြီဖြစ်၏။

အားလုံး၏ ရှေ့မှောက်မှာပင် ဗိုလ်ချုပ်စွန်း၏ မျက်နှာကြွက်သားများက တွန့်တွသွားပြီး တစ်ခဏအတွင်း အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။

အဲ့ဒါက အေးစက်၍ သတ်ဖြတ်လိုသော မျက်လုံးများနှင့် ရည်မွန်သောစာပေသမားတစ်ယောက်ဖြစ်၏။

ဝင်ရောက်လာသူက ဗိုလ်ချုပ်စွန်းမဟုတ်တော့ဘဲ.. ဆူဇီမိုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

လူတိုင်းနီးပါးသည် ဖြစ်ပျက်နေသည်ကို အာရုံစိုက် ကြည့်လိုက်ကြ၏။

ဆူဇီမိုက သူ့ကိုယ်တိုင် ချဉ်းကပ်လာရဲလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

“ဒါက...”

အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီးသည် ကြောင်အသွား၏။

ထိုကဲ့သို့ သတိတစ်ချက် လစ်ဟင်းမှုက သေခြင်းရှင်ခြင်းကို အဆုံးအဖြတ် ပေးနိုင်လေသည်။

ဆူဇီမို၏ မျက်လုံးထဲတွင် အနီးကပ်တိုက်ခိုက်ခြင်းမှာ အဲ့ဒါက သေနိုင်လောက်သည့် ဟာကွက်ပင်။

ဆူဇီမိုက လက်ကို ဆန့်တန်း၍ အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီး၏ ဦးခေါင်းကို ဖြတ်ရိုက်ချလိုက်၏။

ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။

အဖြူရောင်ကိုယ်ကျပ်ဝတ်အမျိုးသမီး၏ ဦးခေါင်းက ပေါက်ကွဲထွက်သွားပြီး ဦးနှောက်ရည်များက အဘက်ဘက်သို့ ပြန့်ကျဲထွက်ကာ သူမ၏ အမြုတေစိတ်ဝိညာဉ်ကပါ တစ်ခါတည်း ဖျက်ဆီးခံလိုက်ရလေသည်။

ပိန်ပိန်ပါးပါးအဖိုးအိုနှင့် ဗလတောင့်တောင့်ကတုံးပြောင်ကတော့ တုံ့ပြန်ချိန် ရသွား၏။

ဗလတောင့်တောင့်ကတုံးပြောင်သည့် ခန္ဓာမီးဆေးစစ်သည်တော်တစ်ယောက်ဖြစ်သည့်အတွက် ဆူဇီမို အနားကပ်လာတာကို သူက သဘောကျလေသည်။

သူ့မျိုးဆက်သွေးက ဆူပွက်လာ၏။

ဗလတောင့်တောင့်ကတုံးပြောင်က ဆူဇီမို၏ ဦးခေါင်းကို ပြင်းထန်စွာ ပစ်ထိုးချလိုက်၏။

သူ့လက်သီးက ဥက္ကာခဲတစ်လုံးလို မနှိုင်းယှဉ်သာသော ခွန်အားဖြင့် ချက်ချင်းရောက်ချလာ၏။

သို့သော်လည်း ပိန်ပိန်ပါးပါးအဖိုးအိုကတော့ ပိုပြီးတော့ အတွေ့အကြုံကြွယ်ဝပြီး ချက်ချင်းနောက်ဆုတ်လိုက်လေသည်။

သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ခွာထားနိုင်သရွေ့ သူက အားသာချက် ရရှိပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူသည် လက်ဟန်ချိတ်စည်းတစ်ခုကို လှုပ်ရှားကာ ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်၏။

ဓမ္မစွမ်းအားက တလိပ်လိပ် တက်လာလေသည်။

ကောင်းကင်ထောက်တိုင်နှင့်တူသော လက်ညိုးတစ်ချောင်းက လျှင်မြန်စွာ စုဖွဲ့သွားပြီး ဆူဇီမို၏ ရင်အုပ်ဆီသို့ ကြောက်စရာစွမ်းအားနှင့်အတူ ပစ်ဝင်လာ၏။

“ဥုံ!”

ဆူဇီမိုထံမှ အသံ ထွက်လာ၏။

တာမင်းမန္တန်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်လေသည်။

ဂါထာမန္တန်က လေထဲမှာ အတောမသတ် ပဲ့တင်ထပ်သွားပြီး မြင့်မြတ်သော စွမ်းအားတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

အရင်ဆုံး အကျိုးသက်ရောက်ခံရသည်မှာ ယာဉ်ဦးစွန်းနားရှိ အင်ပါယာစစ်သားများ ဖြစ်လေသည်။

ခွမ်.. ချွင်..

များစွာသော အင်ပါယာစစ်သားများသည် နာကျင်စွာဖြင့် ရှုံ့မဲ့သွားကြပြီး သူတို့၏ လက်နက်များကို တစ်ယောက်ပြီးတစ်ယောက် လွှတ်ချလိုက်ကြ၏။

ဗျစ်.. ဗျစ်.. ဗျစ်..

မင်းသားသုံးပါး၏ ကာကွယ်ရေးအဆောင်များပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာ၏။ ဂါထာမန္တန်သံတစ်သံဖြင့် သူတို့က လှုပ်ခတ်သွားလေပြီ။

ပိန်ပိန်ပါးပါးအဖိုးအိုသည် သိမ့်ကနဲ တုန်သွားပြီး သူ့မျက်လုံးထဲမှာ နာကျင်မှုအရိပ်အယောင်နှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။

သူသည် နိုးထဝိညာဉ်တစ်ယောက်ဖြစ်သော်လည်း ခန္ဓာမီးဆေးကျင့်ကြံသူတစ်ယောက် မဟုတ်သည့်အတွက် ဂါထာမန္တန်မှ ထွက်ပေါ်လာသော စွမ်းအားကို ခုခံဖို့ လုံလောက်အောင် မသန်မာပေ။

လေထဲတွင် စုဖွဲ့လာသော ဓမ္မစွမ်းအားလက်ညိုးက အနည်းငယ် ပျက်ပြယ်သွားပြီး သူ၏ စွမ်းအားကလည်း လျော့ကျသွား၏။

ဗလတောင့်တောင့်ကတုံးပြောင်ကတော့ ထိုအသံကို အတော်လေး ခံနိုင်ရည်ရှိလေသည်။

သူ၏ ထိုးနှက်ချက်က အနည်းငယ်မျှသာ အရှိန်လျော့ကျသွား၏။

“မာ!”

ဆူဇီမို၏ အမူအယာက ပြောင်းလဲမသွားဘဲ သူ့ထံမှ နောက်တစ်သံက ထွက်ပေါ်လာ၏။

ဒုတိယမြောက် မန္တန်က ရောက်ရှိလာလေပြီ။

ဘုန်း.. ဘုန်း.. ဘုန်း..

ယာဉ်ဦးစွန်းပေါ်ရှိ စစ်သားအများစုသည် သူတို့၏ ဒွာရများအားလုံးမှ သွေးများက ယိုစီးကျလာပြီး တောင့်တင်းစွာနှင့် ပြိုလဲကျကုန်၏။ သူတို့၏ ဦးနှောက်များက စုတ်ပြဲသွားပြီး ဆိုဆိုးဝါးဝါး နာကျင်ခံစားကာ သေဆုံးကုန်ကြ၏။

မင်းသားသုံးပါး၏ မျက်နှာများပေါ်မှာလည်း ဆိုးရွားပျက်စီးသည့် အမူအယာများ ပေါ်လာပြီး ကြမ်းပြင်ပေါ် ပစ်လဲကျကုန်၏။

ဓမ္မစွမ်းအားလက်ညိုးက လေထဲကနေ တုန်ခါ၍ ရောက်ရှိလာပြီး သူ့ခွန်အားက အတော်သိသိသာသာ လျော့ကျသွားလေပြီ။

ပိန်ပိန်ပါးပါးအဖိုးအိုသည် ဒယီးဒယိုင်ဖြင့် နောက်ဆုတ်လိုက်၏။

သို့သော်လည်း သူက သိပ်ပြီး ကြောက်လန့်မနေပေ။

သူတို့နှစ်ယောက်ကြား အကွာအဝေးက အတော်လေး ကွာသွားပြီဖြစ်၏။

ဒါ့အပြင် ဆူဇီမိုသည် သူ၏ ဓမ္မပညာရပ်ကို ကိုင်တွယ်ရမည့်အပြင် ဗလတောင့်တောင့်ကတုံးပြောင်နှင့်လည်း တိုက်ခိုက်နေရသေး၏။ သူ့အနေနှင့် ပိန်ပိန်ပါးပါးအဖိုးအိုထံသို့ ချဉ်းကပ်လာနိုင်စရာ အခွင့်အရေး မရှိတော့ပေ။

ရုတ်တရက်..

ပိန်ပိန်ပါးပါးအဖိုးအိုသည် သူ့မျက်လုံးထောင့်ကနေ အလင်းစက်တစ်ခုကို ရိပ်ကနဲ မြင်လိုက်ရ၏။

သူသည် အလိုလို လှမ်းကြည့်လိုက်၏။

မလှမ်းမကမ်းရှိ ဆူဇီမို၏ ညာဘက်မျက်လုံးမှ နေတစ်စင်းနှင့်တူသော တဖျတ်ဖျတ်တလက်လက်အလင်းက ထွက်ပေါ်လာပြီး နေရာတစ်ခွင်လုံးကို နေ့ဘက်အလား ထိန်ထိန်လင်းသွားစေ၏။

မီးပဒေသာမျက်လုံး...

ဝုန်း..

ဝင်းထိန်တောက်ပနေသော အလင်းတန်းတစ်ခုက လေထုကို ဖြတ်သန်းလာပြီး ပိန်ပိန်ပါးပါးအဖိုးအို၏ မျက်နှာပေါ်သို့ ထိုးဆင်းသွား၏။

ချက်ချင်းပင် လောကက ငြိမ်သက်သွား၏။

ရောင်ခြည်ရောင်ဝါများက ထိန်လင်းသွားလေသည်။

နောက်ခဏ၌ အလင်းတန်းက ပျက်ပြယ်သွားပြီး...

ညအမှောင်က ပြန်ရောက်လာ၏။

စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် ပိန်ပိန်ပါးပါးအဖိုးအို၏ ခန္ဓာကိုယ်က တဆတ်ဆတ်နှင့် အကြောဆွဲနေ၏။

သူ့မျက်နှာပေါက်မှာ ဟောင်းလောင်းပေါက် အပေါက်ကြီးတစ်ပေါက်ရှိပြီး.. သူ့သွင်ပြင်က ပျက်စီးသွားပြီဖြစ်ကာ အပေါက်၏ ဘေးပတ်လည်က မီးကျွမ်းထား၏။

အဖြူရောင်အလင်းတန်းက သူ့မျက်နှာကို တိုးလျှိုပေါက် ထိုးဖောက်သွားခဲ့လေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်ပါ ထွက်ပြေးခွင့်မရဘဲ ချေမှုန်းခံလိုက်ရ၏။

တစ်ခဏအတွင်း.. စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် နိုးထဝိညာဉ်နှစ်ယောက်က သေဆုံးသွားလေပြီ။

All Chapters