← Chapters

ပြောင်းလဲသွားသော

Vol. 42 Ch. 626

ပြောင်းလဲသွားသော

Vol. 42 Ch. 626

ပိန်ပိန်ပါးပါးအဖိုးအိုက သေဆုံးသွားပြီဖြစ်သော်လည်း ဆူဇီမိုသည် ဆက်လက်တိုက်ခိုက်နေရဆဲဖြစ်ပြီး အဖိုးအို နောက်ဆုံး ဆင့်ခေါ် ထုတ်လွှတ်ခဲ့သော ဓမ္မစွမ်းအားလက်ညိုးကို မရှောင်တိမ်းနိုင်တော့ပေ။

ဘန်း..

ဆူဇီမိုသည် ဆတ်ကနဲ တုန်ယင်သွားပြီး သူ့ကိုယ်တွင်းအင်္ဂါများက လှုပ်ခါကုန်၏။

သွေးစီးကြောင်းတစ်ခုက အပေါ်သို့ လှိုက်တက်လာပြီး သူ့လည်ချောင်းဝမှာ တစ်စို့လာ၏။

သူသည် ရွှေအမြုတေတစ်ယောက်အနေနှင့် နိုးထဝိညာဉ်များကို သတ်ဖြတ်ချင်လျှင် ကြီးမားသည့် အန္တရာယ်တစ်ခုမှာ စွန့်စားရဲရပေမည်။

ကံကောင်းထောက်မစွာနှင့် ဆူဇီမိုသည် တာမင်းမန္တန်ကို ဆက်တိုက်ထုတ်ဖော်ခဲ့သည့်အတွက် ပိန်ပိန်ပါးပါးအဖိုးအို၏ ဓမ္မပညာရပ်မှ ထိတွေ့ရိုက်ခတ်မှုကို အတော်လေး လျှော့ချပစ်နိုင်ခဲ့လေသည်။

မဟုတ်ပါက ထိုတိုက်ခိုက်မှုနှင့်ပင် သူက အပြင်းအထန် ဒဏ်ရာရရှိသွားပေမည်။

ယခုဆူဇီမို၏ အင်္ဂါများက လှုပ်ခါသွားသော်လည်း သူ၏ ကိုယ်ကာယက သန်မာပြီး ကြောက်စရာကောင်းသော ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထား၏။ အဲ့ဒါက သူခုခံနိုင်သော ဒဏ်ရာတစ်ခုသာ ဖြစ်နေသေး၏။

တစ်ချိန်တည်းမှာပင်..

ဗလတောင့်တောင့်ကတုံးပြောင်၏ မျက်လုံးများက ရက်စက်စွာ တောက်ပလာပြီး သူ့လက်သီးက ရောက်ရှိလာပြီဖြစ်၏။

သူ့အမြင်အရ ဆူဇီမိုက ယခုလို ဒဏ်ရာရရှိထားချိန် မပြောနှင့် ထိုသူ၏ အထွတ်အထိတ်အခြေအနေမှာ ရှိနေလျှင်တောင် သူ့ထံမှ ထိုးနှက်ချက်က ထိထိမိမိ ကျဆင်းသွားသည်နှင့် ထိုသူက သေရပေလိမ့်မည်။

ဘယ်လိုပဲတွက်တွက် သူက ခန္ဓာမီးဆေးကျင့်ကြံထားသော နိုးထဝိညာဉ်တစ်ယောက်ဖြစ်၏။

ဆူဇီမို၏ မျက်လုံများကလည်း ဝင်းလက်သွားပြီး ရက်စက်စွာ တောက်ပလာ၏။ သူ့သွေးချီက ရုန်းကြွလာပြီး နဂါးဟောက်သံ၊ ကျားဟိန်းသံတို့နှင့်အတူ သူ့အရွတ်များက တဒုတ်ဒုတ်လှုပ်ကာ သူ့အရိုးများမှ သတ္တုသံများက မြည်ဟည်းလာ၏။

ဆူဇီမိုသည် နောက်ဆုတ်ခြင်း၊ ရှောင်ရှားခြင်း မရှိဘဲ ပြန်လည်ထိုးနှက်လိုက်လေသည်။

ဘုန်း..

လက်သီးနှစ်လုံးက ထိတွေ့မိသွား၏။

အသားနှင့်အရိုးတို့ ထိတွေ့သံနှင့်အတူ ခပ်ထိုင်းထိုင်း အသံတစ်သံကပါ ထွက်ပေါ်လာ၏။

ဗလတောင့်တောင့်ကတုံးပြောင်၏ မျက်နှာအမူအယာက ရုတ်ချည်းပြောင်းလဲသွားလေသည်။

တစ်ဖက်သူ၏ လက်သီးထံမှ ရပ်တန့်လို့မရသော စွမ်းအားတစ်ခုက သူ့ဆီသို့ တလိပ်လိပ်နှင့် စီးဝင်လာသည်ကို သူခံစားရ၏။ အဲ့ဒါက သူ့ကို ဝါးမျိုတော့မည့် ဆူနာမီတစ်ခုလိုပင်။

“ဆိုးပြီဟ.. ဒီလူ့ရဲ့ ခန္ဓာကိုယ်က တစ်ကယ်ကြီး သန်မာတာပဲ”

ဗလတောင့်တောင့်ကတုံးပြောင်သည် ထိတ်လန့်သွား၏။

ဆူဇီမိုက နိုးထဝိညာဉ်အဆင့်ကို မရောက်သေးသော်လည်း သူ့ခန္ဓာကိုယ်က အလွန်တရာ ကြောက်စရာကောင်းနေပြီဖြစ်၏။ သူ၏ သွေးချီစွမ်းအားနှင့် အနီးကပ်တိုက်ခိုက်ရည်က သာမန်နိုးထဝိညာဉ်များထက်ကို သာလွန်လေသည်။

တစ်ဖက်လူက ဖန်သားနန်းတော်မှ နိုးထဝိညာဉ်တစ်ယောက် ဖြစ်လျှင်တော့ သူနှင့်ဆူဇီမိုအကြား တိုက်ခိုက်မှုက အနိုင်အရှုံးကို ပြောဖို့ ခက်ပေလိမ့်မည်။

သို့သော် ဗလတောင့်တောင့်ကတုံးပြောင်ကတော့ သာမန်ခန္ဓာမီးဆေးကျင့်ကြံသူတစ်ယောက်သာ ဖြစ်လေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် အနီးကပ်တိုက်ခိုက်ခြင်းမှာဆို ဗလတောင့်တောင့်ကတုံးပြောင်သည် ဆူဇီမိုကို မပြောနှင့် ဆူဇီမိုလက်ချက်နှင့် သေခဲ့ရသော ရှီးဝူယာကိုတောင် အသာစီးရယူနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသာ ပိန်ပိန်ပါးပါးအဖိုးအို၏ ဓမ္မပညာရပ်နှင့် တိုက်ခိုက်မှုကို မခံခဲ့ရဘူးဆိုလျှင် ထိုထိုးချက်တစ်ချက်နှင့်ပင် အနိုင်အရှုံးက ကွဲပြားသွားနိုင်၏။

ထိုတစ်ကွက် ဖလှယ်ပြီးနောက် ဗလတောင့်တောင့်ကတုံးပြောင်သည် တစ်ခုခုလွဲမှားနေတာကို အာရုံခံမိသွားပြီဖြစ်၏။

ဗလတောင့်တောင့်ကတုံးပြောင်သည် ဆူဇီမိုနှင့် ထိုးနှက်ခြင်းမှ ကန်အားအဟုန်ကို သုံး၍ နောက်သို့ခုန်ဆုတ်ကာ သူတို့အကြားကို တတ်နိုင်သမျှ ပြန်ခွာပြီး ဓမ္မပညာရပ်ကို ထုတ်လွှတ်ဖို့ ရည်ရွယ်လိုက်၏။

ဗလတောင့်တောင့်ကတုံးပြောင်၏ လှုပ်ရှားမှုကို မြင်သောအခါ ဆူဇီမို၏ အကြည့်က ဖျတ်ကနဲ လက်သွားပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

သူသည် နိုးထဝိညာဉ်နှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်နိုင်ခဲ့သော်လည်း သူ့အခြေအနေက အလွန်တရာ စိုးရိမ်ဖွယ်ကောင်းလာပြီဖြစ်၏။

သည်နေရာမှာ ဖြစ်ပျက်နေသည်ကို ပတ်ဝန်းကျင်ရှိ နိုးထဝိညာဉ်များကလည်း သတိထားမိသွားကြပြီဖြစ်၏။

သူသည် ဤဗလတောင့်တောင့်ကတုံးပြောင်ကို အမြန်ဆုံး သတ်ဖြတ်လို့ လုပ်ရပေတော့မည်။

သို့သော် ယခုအခါ ဗလတောင့်တောင့်ကတုံးပြောင်က နောက်သို့ ခုန်ဆုတ်သွားပြီဖြစ်တာကြောင့် ဆူဇီမိုက ခြေတစ်လှမ်း နောက်ကျသွားလေပြီ။

ရုတ်တရက် ဆူဇီမိုသည် ဉာဏ်ကွန့်မြူးသွားပြီး သူ့ပါးစပ်ကို ဟလိုက်၏။

“ဖွီး”

သူ၏ စွမ်းအားကောင်းသော အင်္ဂါများ၊ လျှာနှင့် ပါးစပ်တို့ကို အသုံးချ၍ သူ့လည်ချောင်းထဲရှိ သွေးများဖြင့် ဗလတောင့်တောင့်ကတုံးပြောင်၏ မျက်နှာဆီသို့ မြားတစ်စင်းကဲ့သို့ မှုတ်ထုတ်လိုက်၏။

တာမင်းမန္တန်က ဗလတောင့်တောင့်ကတုံးပြောင်အပေါ်တွင် အကျိုးသက်ရောက်မှု နည်းပါးလေသည်။

သို့သော်လည်း ထိုသွေးမြားကတော့ ပေါ့ပေါ့တန်တန် သဘောထားလို့ မရနိုင်ပေ။

ဆူဇီမိုသည် ရွှေအမြုတေများကိုတောင် သူ့အသံ၏ တုန်ခါအားဖြင့် သေသည့်တိုင်အောင် သတ်ဖြတ်နိုင်ခဲ့၏။

ထို့ကြောင့် ယခု သူ့လည်ချောင်းကိုဖြတ်၍ သူ့ပါးစပ်ထဲကနေ အရှိန်အဟုန်ဖြင့် ထွက်လာသော သွေးမြားက အလွန်တရာ သန်မာလေသည်။

ဗလတောင့်တောင့်ကတုံးပြောင်၏ မျက်ခွံက တဆတ်ဆတ် လှုပ်သွား၏။ ရှောင်လို့ မရနိုင်တော့ဘဲ သူ့လက်ကို မြှောက်ကာ အလိုလို ကာလိုက်ရ၏။

ဘန်း..

သွေးမြားက သူ့လက်ဝါးကို ထိခတ်သောအခါ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်၏။

အဲ့ဒါက သူ့အရိုးထိ မထိခိုက်သော်လည်း ဗလတောင့်တောင့်ကတုံးပြောင်သည် တုန်လှုပ်သွားဆဲဖြစ်၏။

သူသာ ထိုသွေးမြားကို လျှော့တွက်မိပြီး ဒီတိုင်း ရင်ဆိုင်ခဲ့မိလျှင် သူ့မျက်နှာက ပျက်စီးသွားနိုင်လေသည်။

ဗလတောင့်တောင့်ကတုံးပြောင်သည် မသက်မသာ ခံစားလာရ၏။

သို့သော်လည်း သူသေချာ မပြင်နိုင်သေးခင်မှာပင် သူ့မျက်လုံးထောင့်ကနေ ဝိုးတဝါးအရိပ်တစ်ခုကို မြင်လိုက်မိ၏။

ဗလတောင့်တောင့်ကတုံးပြောင်သည် ရင်ထဲ နင့်ကနဲ ဖြစ်သွား၏။

နောက်ခဏ၌ အားကောင်းသော သတ်ဖြတ်လိုစိတ်ကို သူခံစားမိလိုက်ပြီး သူ့ခေါင်းမွေးများက ထောင်ထလာ၏။

“သွေးမြားက ငါးစာတစ်ခုသာပဲ”

ဗလတောင့်တောင့်ကတုံးပြောင်သည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာ၏။

ရှေးဟောင်းမိစ္ဆာနတ်ဆိုးတစ်ကောင်ကဲ့သို့ ပုံရိပ်တစ်ခုက သူ့ရှေ့သို့ ရောက်လာပြီဖြစ်ပြီး ကြီးမားသော လက်ဝါးကြီးတစ်ဖက်ဖြင့် သူ့ဦးခေါင်းကို ဖိအုပ်တွန်းချလိုက်၏။

“သေစမ်း”

ဆူဇီမို၏ အရိုင်းဆန်ကြမ်းကြုတ်မှုက အကန့်အသတ်မဲ့ ဖြစ်လာပြီး လျှပ်စီးလိုအကြည့်နှင့်အတူ ဟိန်းဟောက်လိုက်၏။

ဗလတောင့်တောင့်ကတုံးပြောင်သည် သူ၏ ဓမ္မစွမ်းအားများကို စုစုည်းနေဖို့ အချိန်မရတော့ဘဲ သူ့လက်နှစ်ဖက်ကိုသာ ထောင့်ဖြတ်ပင့်မြှောက်၍ ဆူဇီမို၏ လက်ဝါးကို ခုခံလိုက်ရ၏။

ဘုန်း..

နှစ်ဖက်က ထိတွေ့သွားကြ၏။

ဗလတောင့်တောင့်ကတုံးပြောင်၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ့လက်နှစ်ဖက်မှတစ်ဆင့် စူးစူးရှရှ နာကျင်မှုက တိုးဝင်လာ၏။

ထို့နောက် ချက်ချင်းပင် သူ့လက်နှစ်ဖက်မှ ခံစားမှုအားလုံးကို ဆုံးရှုံးသွားလေသည်။

ဆူနာမီကဲ့သို့ စွမ်းအားများက အလုံးအရင်းနှင့် သူ့ပေါ်သို့ ဖိခြေဆင်းသက်လာ၏။

ဘုန်း..

ဗလတောင့်တောင့်ကတုံးပြောင်သည် မြေပေါ်သို့ ဒူးထောက်ကျသွားပြီး သူ့ခြေကျင်းဝတ်နှစ်ဖက်က ကြေမွလုနီးပါး ဖြစ်သွားလေပြီ။

ထိုစဉ်မှာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအများစုသည် ဤနေရာမှာ ဖြစ်ပျက်နေသည်ကို သတိထားမိသွားကြပြီဖြစ်၏။

မြင်ရသည်တွင် လူတိုင်း တုန်လှုပ်သွားကြ၏။

နိုးထဝိညာဉ်တစ်ယောက်ကို အတင်းဖိအားပေး၍ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ကျသွားစေ၏။

လူတိုင်း၏ မျက်လုံးထဲတွင် ဆူဇီမို၏ လက်ဖဝါးအောက်၌ တဆတ်ဆတ်တုန်ယင်နေသော ဗလတောင့်တောင့်ကတုံးပြောင်သည် အရာမရောက်သော ပုရွက်ဆိတ်လေးတစ်ကောင်က အသက်ရှင်ဖို့အတွက် ရုန်းကန်နေရသလိုပင်။

သို့သော်လည်း ဆူဇီမိုကတော့ ခိုင်မြဲစွာ ရပ်နေပြီး သူ့အနက်ရောင်ဆံပင်များက ကခုန်နေ၏။

ရွှေအမြုတေအဖြစ်နှင့်သူက နိုးထဝိညာဉ်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ဖိနှိမ်ခဲ့၏။

သမိုင်းမှာ ဘယ်သူ အဲ့ဒါမျိုး လုပ်နိုင်ပါသလဲ..

အေးစက်စက်အကြည့်နှင့်အတူ ဆူဇီမိုက သူ့ခြေထောက်ကို ဆန့်ထုတ်ပြီး ဗလတောင့်တောင့်ကတုံးပြောင်၏ ရင်ဘတ်ကို အသာအယာ ကန်ကျောက်လိုက်၏။

ဗလတောင့်တောင့်ကတုံးပြောင်သည် ဆူဇီမို၏ လက်ဝါးဖိချက်အောက်တွင် စဉ်းစားကြည့်လို့တောင် မရသော ဝန်ထုပ်ဖိအားကို အံကြိတ်ခုခံနေရဆဲဖြစ်၏။ သူသည် အချိန်မရွေး လဲပြိုကျတော့မည့်အလား သူ့အရိုးများက တဖျောက်ဖျောက် မြည်နေ၏။

ဆူဇီမို၏ ခြေထောက်က ဆင်းသက်လာတာကို သူသည် ရှောင်ရှားနိုင်ခြင်း မရှိဘဲ ကူကယ်ရာမဲ့စွာ ငေးကြည့်နေရ၏။

ဘုန်း..

ဗလတောင့်တောင့်ကတုံးပြောင်၏ ရင်အုပ်က ကျွံဝင်သွား၏။

သူ့ရင်အုပ်ရိုးများက ကျိုး၍ သူ့နှလုံးကို ထိုးဖောက်သွားပြီး သူ့အသက်ဓါတ်ကို ဖြတ်တောက်သွားလေသည်။

ဗလတောင့်တောင့်ကတုံးပြောင်၏ သွေးချီများက လျှင်မြန်စွာ ပျက်စီးယိုယွင်းသွားပြီး သူ့ပါးစပ်ထဲသို့ သွေးများက လှိုက်တက်လာကာ ကလူးကလူးနှင့် ဖြစ်နေ၏။ အသက်မဲ့လာသော သူ့မျက်လုံးများထဲတွင် မရဏအော်ရာက ပြည့်နှက်လာလေသည်။

သူ့နဖူးက တောက်ပသွား၏။

တလက်လက်ထနေသော ပုံရိပ်လေးတစ်ခုက ပျံထွက်လာ၏။

ဗလတောင့်တောင့်ကတုံးပြောင်၏ အမြုတေစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်ကာ ထွက်ပြေးဖို့ ကြိုးစားလိုက်လေသည်။

“မာ!”

မန္တန်ရွတ်ဖတ်သံက ထွက်လာ၏။

ဗလတောင့်တောင့်ကတုံးပြောင်၏ အမြုတေစိတ်ဝိညာဉ်က တသိမ့်သိမ့် တုန်ယင်သွားပြီး သူ့အရောင်က မှေးမှိန်ကျသွား၏။

နိုးထဝိညာဉ်များ၏ အမြုတေစိတ်ဝိညာဉ်က အညစ်အကြေးများနှင့် ပြည့်နေပြီး အလွန်တရာ အားနည်းလေသည်။

မန္တန်ရွတ်ဖတ်သံနှင့်ပင် သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးချေမှုန်းခံလိုက်ရလေပြီ။

ဆူဇီမိုက သူ့ဖဝါးကို ဆက်လက်ဖိချလိုက်၏။

ဝုန်း..

ဗလတောင့်တောင့်ကတုံးပြောင်၏ ခန္ဓာကိုယ်က ယာဉ်ဦးစွန်းပေါ်တွင် ကျိုးကြေမွသွားပြီး အသားပျော့ဖတ်ပုံကြီးအဖြစ် ပြိုလဲကျသွားလေသည်။

ယာဉ်ဦးစွန်းပေါ်တွင် ရှင်းလင်းသော သွေးရောင်လက်ဝါးရာကြီးက နက်ရှိင်းစွာ ပေါ်လာလေသည်။

စိတ်ဝိညာဉ်ယာဉ်ပျံကို သာလွန်အဆင့်သတ္တုဖြင့် ပြုလုပ်ထားပြီး သာလွန်အဆင့်လက်နက်များထက်တောင် ပိုမိုခိုင်မာလေသည်။

သို့သော် ယခုအခါ ထိုအပေါ်မှာ ဆူဇီမို၏ လက်ဝါးရာက ခပ်နှိပ်ပြီးသား ဖြစ်သွားလေပြီ။

“ဂါး”

ဆူဇီမိုက ကျုံးထ၍ သူ့လက်ဝါးမှာ နိုးထဝိညာဉ်တစ်ယောက်၏ သွေးများက စွန်းထင်းနေဆဲဖြစ်ကာ တုန်လှုပ်ချောက်ချားဖွယ်ရာအော်ရာကို ထုတ်လွှတ်လိုက်၏။ ကြောက်မက်ဖွယ်ရာ အကြည့်နှင့်အတူ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး ပဲ့တင်ထပ်ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။

“ဂါး” “ဝေါင်း” “ဂီး”

ထို့နောက် ချက်ချင်းပင် တောကောင်များ၏ ဟိန်းဟောက်သံများကလည်း ဆက်တိုက်ထွက်ပေါ်လာ၏။ သားရဲတောကောင်များအားလုံးက ရူးသွပ်သွားကြလေပြီ။

ချက်ချင်းပင် လေထုက သားရဲချီများဖြင့် ပြည့်နှက်လာပြီး တောင်တန်းနှင့် မြစ်များ၏ အရောင်က ပြောင်းလဲလာလေသည်။

All Chapters