← Chapters

သူနဲ့အတူ မြှုပ်နှံမယ်

Vol. 42 Ch. 627

သူနဲ့အတူ မြှုပ်နှံမယ်

Vol. 42 Ch. 627

အစတုန်းကတော့ နိုးထဝိညာဉ်များ၏ သတ်ဖြတ်မှုများကို ခံရပြီးနောက် တောကောင်အုပ်ကြီးသည် ရှုံးနိမ့်တော့မည့် လက္ခဏာများ စတင်ပြသလာ၏။

သို့သော် ယခုအခါ ဆူဇီမိုက ပေါ်လာပြီး မိုးကြိုးလိုခက်ထန်သော စွမ်းပကားဖြင့် စိတ်ဝိညာဉ်ယာဉ်ပျံပေါ်ရှိ နိုးထဝိညာဉ်သုံးယောက်ကို သတ်ဖြတ်လိုက်သောအခါ ကောင်းကင်က သွေးများဖြင့် နီစွေးသွား၏။ ထိုမြင်ကွင်းက သားရဲတောကောင်များ၏ သွေးများကို ဆူပွက်လာစေ၏။

အဆုံးမဲ့ တောင်ကြားအတွင်း မရေမတွက်နိုင်သော သားရဲများသည် မာန်ဖီဟိန်းဟောက်လိုက်ကြ၏။

ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့ရသော တောကောင်အုပ်ကြီးသည် တစ်ဖန်ပြန်လည်စုစည်းကာ မဟာမိတ်စစ်တပ်ဆီသို့ ချီတက်လိုက်ကြ၏။

နေရာတစ်ခွင်က လတ်ဆတ်သောသွေးများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများဖြင့် တစ်ဖန်ပြန်လည် ပြည့်နှက်လာ၏။

ကန်းလန်ရိုးမတွင်းရှိ သားရဲတောကောင်များ စုစည်းလာရသည့် အကြောင်းရင်းမှာ ဆူဇီမို၏ ခွန်အားသက်သက်ကြောင့် မဟုတ်ပေ။

အဲ့ဒါထက် ကျင့်ကြံသူများ၏ အသွေးအသားက သူတို့အတွက် မဟာအားတိုးဆေး ဖြစ်သောကြောင့်လည်း ပါလေသည်။

မဟာမိတ်စစ်တပ်တွင် ကျင်ကြံသူများက သန်းနှင့်ချီ၍ ပါဝင်၏။

အခုအခါမှာတော့ အလောင်းများက နေရာတစ်ခွင် ပြန့်ကျဲနေပြီး သွေးများကလည်း ချောင်းပေါက်နေ၏။

ထိုမျှ ကြီးမားများပြားသည့် အသက်ဓါတ်အဆီအနှစ်များနှင့်ဆိုလျှင် ဇီဝသဘာဝက ပြောင်းလဲတော့ပေမည်။ ဤတိုက်ပွဲပြီးလျှင် သိပ်မကြာမီ ကန်းလန်ရိုးမ၌ မိစ္ဆာသားရဲတစ်ကောင် ပေါ်ပေါက်မွေးဖွားလာဖို့ အခွင့်အရေး များလေသည်။

သားရဲတောကောင်များသည် အသိဉာဏ်ရှိပြီး သူတို့အားလုံးက မိစ္ဆာသားရဲများ ဖြစ်ချင်ကြသည်ချည်းသာ။

သည့်အရင်က နိုးထဝိညာဉ်တစ်ရာသည် စိတ်ဝိညာဉ်ယာဉ်ပျံကနေ ခပ်လှမ်းလှမ်းသို့ ခွာ၍ ဆူဇီမိုကို ရှာဖွေခဲ့ကြ၏။

စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် ဖြစ်ပျက်နေသည်များကို သူတို့သတိထားမိချိန်တွင် သူတို့အတွက် ပြန်လှည့်ဖို့က နောက်ကျလွန်းသွားလေပြီ။

နိုးထဝိညာဉ်သုံးယောက်က အလွန်မြန်မြန် သေဆုံးသွားခဲ့ကြ၏။

ဖြစ်စဉ်တစ်ခုလုံးက အသက်ငါးရှိုက်စာသာ ကြာခဲ့လေသည်။

“မင်း-မင်းက...”

မဟာရှမင်းသားသည် ဆူဇီမိုကို လက်ညိုးထိုးရင်း တစ်ခုခုကို အမှတ်ရသွားသည့်အလား သူ့မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်၍ တဆတ်ဆတ်တုန်ယင်လာ၏။

“မင်းက သူ-သူမှတ်လား...”

“ဆူဇီမို... မင်းက ဆူဇီမိုပဲ”

မဟာရှမင်းသားသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ဝပြဲနေသော သူ့မျက်နှာက လှုပ်ခါသွား၏။

ထိုအချိန်တုန်းက အင်ပါယာသုံးခုသည် သူတို့၏ စစ်တပ်များကို မဟာချွမ်အပျက်အစီးနယ်မြေဆီသို့ ပို့လွှတ်ခဲ့၏။ မဟာရှမင်းသားသည် ကံကောင်းထောက်မ၍ ကမ္ဘာတုန်ထိုတိုက်ပွဲကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရခဲ့လေသည်။

သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားက နဂါးသင်္ချိုင်းတောင်ကြားထဲသို့ ခုန်ချပြီး သေဆုံးသွားခဲ့သော်လည်း ထိုမျက်နှာက သူ့မှတ်ဉာဏ်ထဲမှာ အိပ်မက်ဆိုးတစ်ခုအဖြစ် စွဲထင်ကျန်နေဆဲဖြစ်၏။

ဆူဇီမို..

ထိုနာမည်ကို တစ်ယောက်ယောက်က ထုတ်ပြောလိုက်သည်နှင့် အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။

“အဲ့ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ”

“သူက လူတိုင်းရဲ့ မျက်စိရှေ့မှာပဲ နဂါးသင်္ချိုင်းတောင်ကြားထဲကို ခုန်ချသွားခဲ့တာ မဟုတ်ဘူးလား.. သူ့ရွှေအမြုတေက ပျက်စီးသွားပြီး သူ့အတွင်းအမြုတေက စုတ်ပြဲသွားခဲ့တာ မဟုတ်ဘူးလား.. သူက သေနှင့်ခဲ့ပြီ မဟုတ်ဘူးလား”

“အဲ့ဒါ တစ်ကယ်ပဲ သူလို့ထင်တယ်.. ငါလဲ အဲတုန်းက သူ့ကို မြင်ဖူးလိုက်တယ်”

“အဲ့ဒီပြန်ဝင်စားမွန်းစတားက... မသေနိုင်သေးဘူးလား”

နိုးထဝိညာဉ်တစ်ရာသည် တုန်လှုပ်သွားပြီး မသက်မသာပုံပေါက်လာကြ၏။

လွန်ခဲ့သည့်နှစ် ၂၀ က ပြိုင်စံရှားများ၏ တိုက်ပွဲမှာ သေဆုံးခဲ့ကြသည်က ရွှေအမြုတေအဆင့်များသာလျှင် မဟုတ်ပေ။

ထိုအချိန်က ပေါ်လာခဲ့သော နိုးထဝိညာဉ်များပင်လျှင် မီးလောင်ပြာချခံရပြီး အလောင်းတောင်မကျန်ဘဲ သေဆုံးခဲ့ကြရ၏။

အဲ့ဒါက သမိုင်းထဲမှာတောင် ရှာမှရှားသည့် ကြောက်စရာတိုက်ပွဲတစ်ခု ဖြစ်ခဲ့၏။

ထိုစဉ်က သေသွားပြီဟု လူတိုင်းထင်ခဲ့ကြသော ဤလူက သူတို့ရှေ့မှာ အသက်ရှင်လျက် ပြန်ပေါ်လာမည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

နိုးထဝိညာဉ်များအားလုံးသည် ဆူဇီမိုကို ကြည့်လိုက်ကြ၏။ သူ့ထံမှ မည်သည့်စိတ်ဝိညာဉ်စွမ်းအင် အတက်အကျကိုမှ သူတို့အာရုံမခံမိပေ။ တစ်ယောက်က စိုက်ကြည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“ကောင်းတယ်ကွာ ကောင်းတယ်.. မင်းကိုကြည့်ရတာ သားရဲတစ်ကောင်အဖြစ် လုံးလုံး ပြောင်းလဲသွားပုံပဲ.. မင်းက လူတစ်ယောက် မဟုတ်တော့မှတော့ မင်းက ငါတို့ရဲ့ ဘုံရန်သူပဲ”

နိုးထဝိညာဉ်များက ခြိမ်းခြောက်နေသော်လည်း ဆူဇီမိုသည် အကြောက်အလန့် မရှိဘဲ ယာဉ်ဦးစွန်းတွင် တဆတ်ဆတ် တုန်ယင်နေသော မင်းသားသုံးယောက်ကို လှည့်ကြည့်လိုက်၏။

မင်းသားသုံးပါးက တသိမ့်သိမ့် တုန်ယင်သွားကြလေသည်။

မဟာရှမင်းသားက ပိုလို့သနားစရာကောင်းသည့် အခြေအနေမှာ ရှိနေပြီး သူ့ဘောင်းဘီက ခပ်စူးစူးအနံ့တစ်ခုဖြင့် စိုစွတ်နေ၏။ သူ၏ ချေးများသေးများက အထိန်းအကွပ်မဲ့စွာ ထွက်ကျလာလေပြီ။

“ဆူဇီမို.. အရှင်မင်းသားတို့ကို မင်းထိရဲရင် မင်း ဒီနေ့ သေချာပေါက် သေရမယ်”

နိုးထဝိညာဉ်တစ်ယောက်က ဟိန်းဟောက်လိုက်၏။

နိုးထဝိညာဉ်များသည် ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။

သို့သော်လည်း စိတ်ဝိညာဉ်ယာဉ်ပျံပေါ်မှာ ဆူဇီမိုက မင်းသားသုံးပါးနှင့် အတူရှိနေသောကြောင့် မည်သူမှ အရမ်းကာရော မတိုက်ခိုက်ရဲကြပေ။

မဟာယွီမင်းသားသည် အရင်ကကဲ့သို့ ဆက်လက်ရဲရင့်နိုင်ခြင်း မရှိတော့ပေ။ သူက အလွန်တရာ ကြောက်လန့်နေပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်၏။

“ဆူဇီမို.. ငါတို့က မင်းနဲ့ ရန်ငြိုးရန်စ မရှိဘူးလေ.. မင်း-မင်း ဘာလို့ ဒီလို လုပ်နေရတာလဲ”

“ရန်ငြိုးရန်စ မရှိဘူးလား”

ဆူဇီမိုက ရယ်မော၍ သူ့အောက်ရှိ မြေကို လက်ညိုးထိုးကာ မေးလိုက်၏။

“ဒါက ဘယ်နေရာလဲ မင်းသိလား”

“ဒါ-ဒါက ကန်းလန်ရိုးမလေ” မဟာရှမင်းသားက အချိန်ဆွဲမိလျှင် အသတ်ခံရမည်စိုးသောကြောင့် အလောတကြီး ဖြေပေးလိုက်၏။

“မှားတယ်”

ဆူဇီမိုက ခေါင်းခါလိုက်၏။

“ဒါက ယန်တိုင်းပြည်ပဲ.. မင်းတို့ အင်ပါယာသုံးခုမဟာမိတ်စစ်တပ်က ယန်တိုင်းပြည်ပိုင်နက်ထဲကို ကျူးကျော်လာပြီးတော့ ငါတို့တိုင်းသူပြည်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတာတောင် မင်းတို့က ရန်ငြိုးရန်စ မရှိဘူးလို့ ပြောချင်နေသေးတာလား”

“မင်း ငါတို့ကို ချမ်းသာပေးမယ်ဆို.. ငါတို့ စစ်တပ်ကို အခုပဲ ပြန်ဆုတ်သွားပေးမယ်”

အခုလောလောဆယ်မှာ မဟာရှန်မင်းသားက ဣန္ဒြေအရဆုံးဖြစ်ပြီး တည်တံ့စွာ ပြောလိုက်၏။

“ပြတ်ဆုတ်ပေးမယ် ဟုတ်လား.. ဟဟ”

ဆူဇီမိုက ရယ်မောလိုက်၏။

“ကမ္ဘာပေါ်မှာ အဲ့လောက်လွယ်တဲ့ကိစ္စ ရှိလို့လား”

မဟာရှန်မင်းသားက မျက်နှာထား တင်းသွား၏။

“မင်းက ဘာလိုချင်တာလဲ”

ဆူဇီမိုက ခပ်လှမ်းလှမ်းရှိ မီးခိုးများ အူထွက်နေဆဲဖြစ်သော ကျန့်အန်မြို့ကို ငေးကြည့်ပြီး ပြောလိုက်၏။

“ဒီမြေပေါ်မှာ မင်းတို့စစ်တပ်ရဲ့ မြင်းခွာတွေအောက်မှာ အညှာတာမဲ့စွာနဲ့ သတ်ဖြတ်ခံရတဲ့လူတွေ ဘယ်လောက်တောင် များနေပြီလဲ.. စစ်မီးတောက်နေတဲ့ ဒီဗရမ်းဗတာခေတ်မှာ သေခဲ့ရတဲ့လူတွေ ဘယ်လောက်တောင် များနေပြီလဲ”

သူ့အကြည့်ကို ရုတ်၍ မင်းသားသုံးပါးကို ပြန်လှည့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“သူတို့ရဲ့ အသက်တွေအတွက် ဘယ်သူ တာဝန်ယူပေးမှာလဲ”

ဆူဇီမို၏ လေသံက အလွန်တရာ တည်ငြိမ်နေ၏။ သို့သော်လည်း ထိုသို့ဖြစ်လေ.. မင်းသားသုံးပါးက ပို၍ ကြောက်လန့်လာလေဖြစ်၏။

“တာအိုရောင်းရင်း.. ခင်ဗျားက ကျင့်ကြံသူတစ်ယောက်ပဲ”

မဟာရှန်မင်းသားက ပါးနပ်၏။ သူက ဆူဇီမို၏ သားရဲသရုပ်ကို ဖုံးအုပ်လိုက်၏။

သူ့ကိုယ်သူ တည်ငြိမ်စေဖို့ တံတွေးမြိုချပြီး ဆက်ပြောလိုက်၏။

“ခင်ဗျားက ကျင့်ကြံသူတစ်ယောက်ဆိုမှတော့ ခင်ဗျားရဲ့ မော်တယ်အချုပ်အနှောင်တွေကို ဖြတ်တောက်နိုင်ရမှာပေါ့.. ဒီကမ္ဘာရှိတဲ့ သက်ရှိတိုင်းရဲ့ အသက်တွေကို ခင်ဗျားက အရေးလိုက်လုပ်နေလို့ ဖြစ်ပါ့မလား တာအိုရောင်းရင်းရဲ့”

“ပြောရမယ်ဆိုရင် အခု မြောက်ပိုင်းတစ်ခွင်လုံးက စစ်မီးတောက်နေတာပဲ.. အဲ့ကနေ လူဘယ်လောက်များများက ရှင်သန်နိုင်မှာမို့လဲ.. ကိစ္စတိုင်းမှာ ခင်ဗျားက ကြားဝင်မလို့လား.. လူတိုင်းကို ခင်ဗျား ကယ်နိုင်မှာမို့လား”

“မင်းပြောတာ မမှားဘူး” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ထိုအသံကို ကြားသောအခါ မဟာရှန်မင်းသားက စိတ်သက်သာရာ ရသွား၏။

“ဒါပေမယ့်...”

ရုတ်တရက် ဆူဇီမိုက လေသံပြောင်းပြီး ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။

“ငါ့အစ်ကိုကြီး ကွယ်လွန်သွားလို့ ငါစိတ်ထိခိုက်နေတယ်.. ငါစိတ်တိုနေတယ်.. အဲ့ဒါကြောင့် အခု ငါသတ်ချင်တယ်.. မင်းတို့အကုန်လုံးကို ငါ သူနဲ့အတူ မြှုပ်နှံပေးချင်တယ်”

ထိုစကားကို ကြားချိန်တွင် မင်းသားသုံးပါးသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်၍ ရေခဲမြစ်ထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။

ထိုအကြောင်းပြချက်က ရိုးရင်းပြီး ရယ်စရာကောင်း၏။

သို့သော် မည်သူမှ အဲ့ဒါက မငြင်းဆန်နိုင်ကြပေ။

“ဆူဇီမို”

မဟာရှန်မင်းသားသည် ပြင်းထန်စွာ ခြိမ်းခြောက်ခံလိုက်ရသည့်အတွက် မကျေနပ်ဘဲ အော်ပြောလိုက်၏။

“ဒီနေရာမှာ နိုးထဝိညာဉ်တစ်ရာတောင်ရှိတယ်.. မင်းရဲ့ တည်ရှိမှုကလဲ ထင်ပေါ်နေပြီ.. မင်း ငါတို့ကို တိုက်ခိုက်ရင် မင်းလဲ လွတ်မှာ မဟုတ်ဘူး”

မဟာရှန်မင်းသားက တည်ငြိမ်နေပြီး ချော့တစ်လှည့်၊ ခြောက်တစ်လှည့်ဖြင့် လှည့်ပတ်ပြောဆိုနေသော်လည်း သူက အလွန်တရာ ကြောက်စရာကောင်းလှသည့် လူတစ်ယောက်နှင့် ရင်ဆိုင်နေရတာဖြစ်ကြောင်း ကောင်းကောင်းနားမလည်သေးပေ။

ထိုသူက သတ်ဖြတ်ရာမှာ ဘာကိုမှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အလွန်ပြတ်သားသည့် လူတစ်ယောက်ဖြစ်၏။

ထိုသူက နိုးထဝိညာဉ်များကိုပင် တုန်လှုပ်သွားရအောင် သတ္တိကောင်းသည့် လူတစ်ယောက်ဖြစ်၏။

“အဲ့လိုလား”

ဆူဇီမိုက သရော်လိုက်၏။

“ရတယ်လေ.. ငါစမ်းကြည့်ရတာပေါ့”

ဘုန်း..

ကြမ်းကြုတ်ခက်ထန်သော အကြည့်နှင့်အတူ သူက ယာဉ်ဦးစွန်းကို ဖနောင့်ဖြင့် ပေါက်လိုက်၍ ကျယ်လောင်သော ပဲ့တင်ထပ်ဟိန်းသံကြီးက ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်ယာဉ်ပျံက ပြင်းထန်စွာ တုန်ခါသွား၏။

ယာဉ်ဦးစွန်းပေါ်တွင် ဆူဇီမိုရပ်နေသည့်နေရာကနေ အက်ကွဲကြောင်းတစ်ခုက အတောမသတ် ဆန့်တန်းသွား၏။ အဲ့ဒါက အလွန်တရာ မြန်ဆန်ပြီး သိပ်သည်းပြင်းထန်လေသည်။

ဘုန်း..

ဆူဇီမိုက နောက်တစ်ချက် ပေါက်လိုက်၏။

စိတ်ဝိညာဉ်ယာဉ်ပျံက အပိုင်းပိုင်း ပေါက်ကွဲထွက်သွားလေသည်။

ကြီးမားသည့် စိတ်ဝိညာဉ်ယာဉ်ပျံကြီးက ဆူဇီမို၏ ဖနောင့်ပေါက်ချက်ဖြင့် စုတ်ပြဲပေါက်ကွဲထွက်သွား၏။

ဆူဇီမိုက လျှင်မြန်စွာ ဆင်းသက်၍ သူ့လက်နှစ်ဖက်ကို ဝေ့ရမ်းကာ ကျိုးပဲ့လာသော အစအနများဖြင့် မင်းသားသုံးပါးဆီသို့ တဖွားဖွား ပစ်ပေါက်လိုက်၏။

ဖောက်.. ဖောက်.. ဖောက်..

မင်းသားသုံးပါး၏ ခန္ဓာကိုယ်တွင် သွေးသံရဲရဲအပေါက်များက ပေါ်လာပြီး စုတ်ပြတ်သတ်ကာ သူတို့သည် မြေပေါ်သို့ ပြုတ်မကျခင် လေထဲမှာတင် အသက်ထွက်သွားကြလေသည်။

“အင်ပါယာသုံးခုရဲ့ မင်းသားတွေက သေကုန်ပြီ.. ဒီနေရာက မင်းတို့ အနားယူရမယ့် မြေပုံ ဖြစ်လာလိမ့်မယ်ဟေ့”

ဆူဇီမို၏ အသံက တုန်လှုပ်ချောက်ချားဖွယ်ရာပုံစံဖြင့် တောအုပ်တစ်ခွင်လုံး ပျံ့နှံ့သွားလေသည်။

All Chapters