ထွက်ပြေးခြင်း
Vol. 42 Ch. 628
“ခွေးကောင်.. မင်းက သေတော့မှာပဲ”
များစွာသော နိုးထဝိညာဉ်များသည် တစ်ပြိုင်တည်း အော်ဟစ်၍ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။
ဓမ္မစွမ်းအားများက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး ကျယ်လောင်သော မြည်ဟိန်းသံများက ထွက်ပေါ်လာလေသည်။
ဓမ္မလက်နက်များကလည်း ဆင်းသက်လာကြ၏။
စွမ်းအားများက ကမ်းလန်ရိုးမကို လွှမ်းခြုံသွားပြီး တောင်ကြားတစ်ခုလုံးက ပြင်းထန်စွာ တုန်ခါသွားလေသည်။
တောင်ထွတ်များက ပြိုကျ၊ ကျောက်တုံးကျောက်ခဲများက တဖွားဖွားလွင့်ပျံ၊ ရှေးဟောင်းသစ်ပင်များက ပြိုလဲကျပြီး ဖုန်များက တထောင်းထောင်းထလာ၏။ ကမ္ဘာပျက်သည့် မြင်ကွင်းမျိုးပင်။
ဤနေရာမှာ ရှိနေကြသော နိုးထဝိညာဉ်များက အမှန်တစ်ကယ်ကို ဒေါသထွက်သွားကြလေသည်။
ဆူဇီမိုသည် သူတို့၏ ရှေ့မှောက်မှာပင် မင်းသားသုံးပါးကို သတ်ဖြတ်ပစ်လိုက်၏။ ထိုလုပ်ရပ်က သူတို့ကို လုံးဝ ဂရုမစိုက်တာပင်။
ဒါ့အပြင် မင်းသားသုံးပါးက သေဆုံးသွားပြီး မဟာမိတ်စစ်တပ်က များစွာ အထိနာသွားပြီဖြစ်၏။ ရလဒ်က ဘယ်လိုပဲထွက်ထွက် သူတို့က နောက်ပြန်ဆုတ်ရပေတော့မည်။
သူတို့၏ ကျူးကျော်တိုက်ခိုက်မှုက ကျရှုံးသွားလေပြီ။
မင်းသားသုံးပါးကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် လုံးဝ ကြန့်ကြာမနေဘဲ ချက်ချင်းထွက်ပြေးလေသည်။
သူ၏ အတွင်းအမြုတေကို အရူးအမူး လှည့်ပတ်၍ သူ့သွေးချီက တလိပ်လိပ် တက်လာ၏။ သူသည် အနာကွန်ဒါတစ်ကောင်လို မြေပြင်မှာ ဝပ်တွား၍ တောအုပ်အနက်ပိုင်းထဲသို့ အလွန်တရာ ပေါ့ပါးဖျတ်လတ်သည့် လှုပ်ရှားမှုနည်းစနစ်များဖြင့် လျှောထိုးပြေးဝင်သွား၏။
သူ၏ ကြောက်ခမန်းလိလိ အာရုံခံသတိစိတ်ကို ထုတ်လွှတ်ထား၏။
သူသည် အစွမ်းကုန်ထုတ်၍ ထွက်ပြေးနေလေသည်။
ဘုန်း.. ဘုန်း.. ဝုန်း..
ရွှစ်.. ရွှစ်.. ဝှစ်..
ဓမ္မပညာရပ်များ၏ တိုက်ခိုက်မှုသံက သူ့နားထဲမှာ ဆက်တိုက်မြည်ဟည်းလာ၏။
ဓမ္မလက်နက်များသည် အေးစက်စက်အလင်းများနှင့်အတူ သူ့နောက်ကနေ တကောက်ကောက်လိုက်ပါလာ၏။
နိုးထဝိညာဉ်တစ်ရာနှင့် ရင်ဆိုင်နေရခြင်းဖြစ်၍ တစ်ချက်မှားသွားသည်နှင့် တစ်ခါတည်း အသက်ထွက်သွားနိုင်၏။
ဓမ္မတိုက်ခိုက်မှုတစ်ခုက ဆင်းသက်လာ၏။
ဆူဇီမို၏ အရွတ်များနှင့် အရိုးများက တစ်ပြိုင်တည်း အသံမြည်သွားပြီး သူ့ခန္ဓာကိုယ်က လူတစ်ယောက်၏ အကန့်အသတ်ကို ကျော်လွန်၍ မယုံကြည်နိုင်ဖွယ်ရာ တွန့်လိမ်သွား၏။ သူက တစ်လက်မလောက် အကွာဖြင့် ဓမ္မတိုက်ခိုက်မှုတစ်ခုကို နောက်တစ်ဖန် ရှောင်တိမ်းလိုက်၏။
ဘုန်း..
ဓမ္မတိုက်ကွက်တစ်ခုက ကျောက်ဆောင်တစ်ခုကို ပြိုကွဲသွားစေပြီး အဲ့ဒါက ဆူဇီမို၏ ကျောပေါ်သို့ သည်းထန်စွာ ကျရောက်လာ၏။
သူသည် သွေးချောင်းဆိုးလိုက်ရသော်လည်း လုံးဝ မရပ်တန့်ခဲ့ပေ။
ထိုအခိုက်အတန့်၌ သူ့လှုပ်ရှားမှုက တစ်ချက်ကလေး လေးကန်သွားလျှင်တောင် သူ့အသက်က ချက်ချင်း ထွက်သွားနိုင်၏။
“ဗြီး”
ဓါးပျံတစ်လက်က ပျံသန်းလာ၏။
ဆူဇီမို၏ ပေါင်ပေါ်တွင် သွေးသံရဲရဲ ပြတ်ရှရာတစ်ခုက ပေါ်လာ၏။
သို့သော်လည်း သူသည် နာကျင်မှုကို လုံးဝ မခံစားရသည့်အလား သူ့မျက်လုံးထဲတွင် ခံစားမှုအတက်အကျ ရှိမနေပေ။
ဆူဇီမိုသည် ထွက်ပြေးနေရင်း သူ့ဒဏ်ရာဘေးရှိ ကြွက်သားများကို လိုက်ဖက်ညီအောင် ထိန်းချုပ်ကာ သွေးထွက်ခြင်းကို လျှော့ချခဲ့၏။ သူသည် ဆက်တိုက်ပြေးလွှားနေရင်း သူ့အမြန်နှုန်းက အကန့်အသတ်ကို ရောက်ရှိလာခဲ့ပြီဖြစ်၏။
ပြောရမည်ဆိုလျှင် အဲ့ဒါသည် ကန်းလန်ရိုးမ၏ အမှောင်ထုနှင့် ရှုပ်ထွေးပွေလီသော နယ်မြေအားသာချက်ကြောင့်လည်း ဖြစ်လေသည်။
တောင်ထွတ်များ၊ တောအုပ်များ၊ သစ်ပင်များနှင့် တွင်းပေါက်များ... သူ့အတွက် ပုန်းခိုစရာ နေရာတွေက များပြားလွန်းလှ၏။
ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားပြီး ကန်းလန်ရိုးမမှာ တစ်နှစ်တိတိ နေခဲ့ဖူး၏။ ထိုသို့ဖြင့် သူသည် ဤနေရာတစ်ခုလုံးကို အလွတ်ရနေလေပြီ။
ထို့ကြောင့်ပင် နိုးထဝိညာဉ်တစ်ရာ လိုက်နေသည့်ကြားက သူသည် ဤမျှကြာမြင့်အောင် ထိန်းချုပ်ကိုင်တွယ်နိုင်နေသေးခြင်းဖြစ်၏။ ပြောရလျှင် သူသည် သူတို့ကို ခါချနိုင်ခဲ့လုနီးပါး အကြိမ်ရေတချို့ ရှိခဲ့၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ အခြေအနေက ပိုပို၍ အန္တရာယ်များလာနေ၏။
သူက ဒဏ်ရာ ရထား၏။
အရူးအမူး ထွက်ပြေးနေရခြင်းက သူ၏ ခွန်အားကို အတော်လေး ကုန်ဆုံးစေပြီး သူ့မှာ ပြန်လည်ဖြည့်တင်းဖို့ အချိန်လုံးဝ မရှိပေ။
အချိန်အတန်ကြာလာပြီးနောက် သူ့အမြန်နှုန်းက လျော့ကျလာ၏။
ဒါ့အပြင် ညအမှောင်ထုက ဆုတ်ယုတ်လာလေပြီ။
အရုဏ်တက်လာသည်နှင့်အမျှ နိုးထဝိညာဉ်များ၏ မြင်နိုင်စွမ်းအားကလည်း သိသိသာသာ မြင့်တက်လာ၏။
သူတို့၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံရသည်နှင့် တစ်ပြိုင်နက် သူ့မှာ အတောင်ပံများ ရှိနေလျှင်တောင် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ခက်ခဲသွားပေလိမ့်မည်။
“ခွေးကောင်.. မင်း ဒီနေ့ သေရမယ်ကွ”
နိုးထဝိညာဉ်များသည် နှစ်ပေါင်းရာချီ ကျင့်ကြံနေထိုင်လာခဲ့သူများ ဖြစ်ကြ၍ လက်ရှိအခြေအနေကို ကောင်းကောင်းဖတ်နိုင်ကြလေသည်။
“ငါတို့ အဲ့တောကောင်ကို အရှင်ဖမ်းသင့်တယ်ထင်တယ်”
“အမှန်ပဲ.. မြောက်ပိုင်းဒေသမှာ ဒီကောင်လေးကို စိတ်ဝင်စားတဲ့ ဂိုဏ်းတွေ၊ အဖွဲ့အစည်းတွေ အများကြီးရှိတာ အသေအချာပဲ”
နိုးထဝိညာဉ်တစ်ရာသည် သူတို့ နိုင်တော့မည်ဆိုတာကို ယုံကြည်မှုရှိလာသည့်အတွက် စတင်ဆွေးနွေးလာကြ၏။
မည်သို့ပင်ဆိုစေ.. ဆူဇီမိုထံမှာ လျှို့ဝှက်ချက်ပေါင်း သောင်းခြောက်ထောင် ရှိနေလေသည်။
သူသည် လူသားဧကရာဇ်နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ဖူးပြီး အန္တိမအခြေတည်အဆင့်ကိုလည်း ကျင့်ကြံနိုင်ခဲ့၏။
သူက အန္တိမအခြေတည်အဆင့်၏ နောက်ကွယ်က လျှို့ဝှက်ချက်ကို သိသော တစ်ဦးတည်းသောသူ ဖြစ်လေသည်။
ဒါ့အပြင် သူ့ဆီမှာ ဒဏ္ဍာရီလာရတနာဖြစ်သော နတ်ဖီးနစ်အရိုး ရှိနေ၏။
နိုးထဝိညာဉ်တစ်ရာ၏ မျက်လုံးများက စိတ်လှုပ်ရှားတက်ကြွမှုဖြင့် တောက်ပလာ၏။
တစ်ကယ်တော့ သူတို့၏ ကျင့်ကြံမှုအဆင့်အရ အင်ပါယာများအကြား ပဋိပက္ခက သူတို့ကို စိတ်ဝင်စားမှု သိပ်မပေးနိုင်ပေ။
ဤကျူးကျော်တိုက်ခိုက်မှုက မအောင်မြင်ခဲ့လျှင်တောင် သူတို့သည် ဆူဇီမိုကို အရှင်ဖမ်းပြီး နတ်ဖီးနစ်အရိုးကဲ့သို့သော ရတနာမျိုးကို ရနိုင်မည်ဆိုလျှင် သူတို့၏ ခရီးစဉ်က အလဟဿ မဖြစ်တော့ပေ။
“ဒီကမ္ဘာမှာ လူတစ်ယောက်က သားရဲနဲ့ အင်မော်တယ် ကျင့်ကြံမှုကို ဘယ်လိုများ ပေါင်းစပ်ပြီး ကျင့်ကြံခဲ့သလဲ ငါတစ်ကယ်ကို သိချင်လိုက်တာ”
နိုးထဝိညာဉ်တစ်ယောက်က အလေးအနက် ရေရွတ်လိုက်၏။
လူတိုင်းမှာလည်း တူညီသော ထိုစိတ်ကူး ရှိနေကြ၏။ ဆူဇီမိုထံမှာ ရတနာများနှင့် လျှို့ဝှက်ချက်များစွာ ရှိသော်လည်း တစ်ကယ့်တစ်ကယ် အဖိုးတန်သော အရာက ထိုအမည်မသိသားရဲကျင့်ကြံမှုနည်းစနစ် ဖြစ်လေသည်။
ထိုနည်းစနစ်ကို ကျင့်ကြံထားသော ဆူဇီမိုက အဆင့်ကျော်၍ နိုးထဝိညာဉ်ငါးယောက်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းအား သူတို့အားလုံး မျက်မြင်ကိုယ်တွေ့ခဲ့လေသည်။
အဲ့ဒါက အလစ်ချောင်းမြောင်း၍ အနီးကပ်တိုက်ခိုက်ခြင်းသာ ဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် ကြောက်စရာကောင်းနေဆဲဖြစ်၏။
ဒါ့အပြင် ဆူဇီမို၏ ရွေ့လျားမှုအမြန်နှုန်းက နိုးထဝိညာဉ်များအောက် မနိမ့်ကျပေ။ သူ့ခန္ဓာကိုယ်၏ ခွန်အားနှင့် သူ့သွေးချီ၏ သိပ်သည်းပြင်းထန်အားကလည်း ကြောက်ခမန်းလိလိပင်။
နှစ်ဖက်စလုံးသည် လိုက်တမ်းပြေးတမ်းကို ဆက်လက်ပြုလုပ်နေကြဆဲဖြစ်၏။
နိုးထဝိညာဉ်များသည် သူတို့ရှေ့ရှိ တောအုပ်က တဖြည်းဖြည်း ကျဲပါးလာသည်ကို ကြည့်ပြီး တုန်လှုပ်သွားကြ၏။
လူတိုင်းရှေ့သို့ မျှော်ကြည့်လိုက်ကြ၏။
ရှေ့လမ်းကြောင်းက ရှင်းလင်းနေ၏။
“ဟဟ.. အဲ့ကောင်လေးက ကြောက်အားလန့်အားနဲ့ ထွက်ပြေးလိုက်တာ.. လမ်းမှားပြီးတော့ ရိုးမအပြင်ဘက်တောင် ထွက်တော့မယ်”
ပကတိအရှင်များသည် နောက်ကနေ လိုက်ရင်း အားပါးတရ ရယ်မောလိုက်ကြ၏။
သူတို့ တောအုပ်အပြင်ဘက် ရောက်လျှင် ဆူဇီမိုသည် ဆက်လက်၍ သိပ်ကြာကြာ ပြေးနိုင်တော့မည် မဟုတ်ပေ။
ဆူဇီမိုသည် ကန်းလန်ရိုးမအနီးရှိ မြို့ငယ်လေးတစ်မြို့ထဲသို့ အရူးအမူး ပြေးဝင်ချသွားပြီးနောက် စံအိမ်တစ်လုံးထဲသို့ ဆက်လက်ပြေးဝင်ကာ ထပ်မံ၍ ထွက်မလာတော့သည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။
“အားလုံးပဲ နေကြပါဦး.. အရမ်းကာရော မလုပ်ကြနဲ့.. အဲ့ကောင်လေးက ဒီထဲကို ပြေးဝင်သွားတယ်ဆိုတာ သူ့မှာ အကြောင်းရင်းတချို့ ရှိလိမ့်မယ်” တစ်ယောက်က လူအုပ်ကို တားဆီး၍ သံသယမကင်းသည့်ဟန်ဖြင့် ပြောလိုက်၏။
“ညီကိုလီ.. ခင်ဗျားက ဒီကောင်လေးကို အရမ်းတွေ အထင်ကြီးနေပြန်ပါပြီ”
ဘေးနားရှိ တစ်ယောက်က ဟက်ကနဲ ရယ်မောလိုက်၏။
“အဲ့စံအိမ်ထဲမှာ ဘာရှိနေသလဲ တစ်ချက်လောက် ကြည့်လိုက်ပါဦး”
“အလောင်းတစ်လောင်းလား”
တစ်ယောက်က နားလည်သဘောပေါက်သွား၏။
“ငါသိပြီ.. အဲ့ဒါ သူ့အစ်ကိုရဲ့ အလောင်းပဲ ဖြစ်ရမယ်”
“ဒါပေါ့.. သူ့မှာ ပြေးစရာနေရာ မရှိတော့ဘူးဆိုတာ သိသွားလို့ အဲ့ကောင်လေးက သူ့အစ်ကိုနောက်ကို လိုက်ရအောင် ဒီနေရာကို ပြန်လာခဲ့တာ ဖြစ်ရမယ်”
နိုးထဝိညာဉ်တစ်ယောက်က ယုံကြည်မှုရှိရှိ ကြေညာလိုက်၏။
“ငါထင်တာ မမှားဘူးဆိုရင် ဒီမြို့လေးက အဲ့ကောင်လေးရဲ့ မွေးရပ်မြေပဲ ဖြစ်ရမယ်.. သူ့ဇာတိကိုယ်သူ အရောက်ပြန်တဲ့သဘောပဲ”
“ဖြစ်နိုင်ခြေ အများကြီး ရှိတယ်”
“သွားကြရအောင်”
နိုးထဝိညာဉ်များက သူတို့၏ ထက်ရှသော အော်ရာများကို ထုတ်ဖော်ပြီး မြို့လေးထဲသို့ ဝင်ရောက်လိုက်ကြ၏။
ကြီးမားသည့် ရုတ်ရုတ်သဲသဲကြောင့် မြို့ထဲမှာ နေရစ်ခဲ့ဖို့ ရွေးချယ်ခဲ့သူများသည် နိုးနေကြပြီဖြစ်၏။
လူတိုင်းသည် ကြောက်လန့်တကြား အမူအယာ ရှိနေကြပြီး အသံတစ်ချက် မထွက်ရဲဘဲ သူတို့အိမ်ထဲမှာသူတို့ ပုန်းကွယ်နေကြ၏။
“ဖွားဖွား.. ဘာကို ကြောက်နေတာလဲဟင်”
ပျက်စီးယိုယွင်းနေသော အိမ်လေးတစ်လုံးထဲတွင် ကလေးငယ်တစ်ယောက်၏ ရိုးစင်းသော အသံတစ်သံက ထွက်ပေါ်လာ၏။
ထိုအသံက အားပျော့သော်လည်း လေထဲရှိ နိုးထဝိညာဉ်များက ရှင်းလင်းစွာ ကြားနိုင်လေသည်။
“ရှူး”
အမျိုးသမီးအိုတစ်ယောက်က သူမ၏ လက်ညိုးကို နှုတ်ခမ်းဝမှာတေ့ပြီး တိုးတိုးတိတ်တိတ်နေဖို့ အမူအယာ လုပ်ပြလိုက်၏။
“ကလေး.. စကား မပြောနဲ့.. အင်မော်တယ်တွေကို အာခံမိရင် မင်း အသတ်ခံရလိမ့်မယ်”
“ဘာလို့လဲ”
ကလေးက စူးစမ်းချင်စိတ်ဖြင့် မျက်လုံးပြူး၍ မေးလိုက်၏။
“အင်မော်တယ်တွေကို ဘာလို့ အာခံမိမှာလဲ.. သားက ဘာလုပ်နေလို့လဲ”
“အား.. အင်မော်တယ်တွေကို အာခံမိဖို့အတွက် အကြောင်းပြချက် မလိုဘူးကွဲ့”
အမျိုးသမီးအိုက သက်ပြင်းချလိုက်၏။
“ဟိုးတစ်ချိန်ကပေါ့.. အင်မော်တယ်တွေရှေ့မှာ ဒူးမထောက်မိလို့ မီးရှို့အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့ရတဲ့ စာပေသမားတစ်ယောက် ဒီမြို့မှာ ရှိခဲ့ဖူးတယ်ကွဲ့”
“အာ”
ကလေးက ထိတ်လန့်သွားပုံရပြီး အံ့အားတသင့် အော်လိုက်၏။
အမျိုးသမီးအိုက ကလေး၏ ပါးစပ်ကို ကပျာကယာ လှမ်းပိတ်ပြီး ချွေးစေးများ ထွက်လာ၏။
ခဏနေပြီးနောက် သူမက လက်ကို ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးလိုက်သောအခါ ကလေးက တွေးတွေးဆဆနှင့် တိုးတိုးလေး ပြောလိုက်၏။
“ဖွားဖွား.. အဲ့မှာ ကောင်းတဲ့အင်မော်တယ်တွေနဲ့ မကောင်းတဲ့အင်မော်တယ်တွေ ဆိုပြီးတော့လဲ ရှိတယ်တဲ့.. အကြောင်းပြချက်မရှိ လူသတ်တဲ့အင်မော်တယ်တွေက အင်မော်တယ်လူဆိုးတွေပဲ ဖြစ်ရမယ်”
ထိုစဉ် ဝုန်းကနဲ မြည်သံက ထွက်ပေါ်လာ၏။
မြေဖွားနှစ်ယောက်နေသော အိမ်၏ ခေါင်မိုးက ရုတ်တရက် စုတ်ပြဲကာ ပွင့်ထွက်သွားလေသည်။
စွမ်းအားကြီးပုဂ္ဂိုလ် အယောက်တစ်ရာက လေထဲမှာ ရပ်နေပြီး သူတို့နှစ်ယောက်ကို အေးစက်စွာ ငုံ့ကြည့်နေ၏။
အမျိုးသမီးအိုက ကြောက်လန့်တကြားနှင့် ကလေးငယ်ကို တင်းကျပ်စွာ ပွေ့ဖက်ပြီး တုန်ယင်နေ၏။
နိုးထဝိညာဉ်တစ်ယောက်က ကြောက်မက်ဖွယ်ရာ စိုက်ကြည့်၍ အေးစက်စွာ မာန်မဲလိုက်၏။
“အင်မော်တယ်တွေကို နောက်ကွယ်ကနေ မကောင်းပြောနေတာက သေဒဏ်ပေးရမယ့် ပြစ်ဒဏ်ပဲ”
ရုတ်တရက်.. မလှမ်းမကမ်းရှိ စံအိမ်တစ်လုံးမှ တံခါးတစ်ချပ်က ကျွီကနဲ ပွင့်သွားပြီး အစိမ်းရောင်ဝတ်ရုံရှည်ဖြင့် ချောမောခံ့ညားသော စာပေသမားတစ်ယောက်က လှမ်းထွက်လာ၏။