အစီအရင်ဝင်္ကပါသုံးခု
Vol. 42 Ch. 629
အစိမ်းရောင်ဝတ်ရုံသစ်နှင့် ထွက်လာသော စာပေသမားက ဤနေရာသို့ ထွက်ပြေးလာခဲ့သော ဆူဇီမိုပင် ဖြစ်လေသည်။
နိုးထဝိညာဉ်တစ်ရာ၏ စိတ်အာရုံက ထိုအပေါ်သို့ ချက်ချင်းကျရောက်သွား၏။
အမျိုးသမီးအိုက အပြင်ဘက်တွင် ဖြစ်ပျက်နေသည်ကို မမြင်နိုင်ဘဲ ကလေးငယ်ကိုသာ သူမ၏ ရင်ခွင်ထဲမှာ တင်းကျပ်စွာ ထွေးပိုက်ထား၏။
“တောကောင်လေး.. နောက်ဆုံးတော့လဲ မင်းလူလုံး ထွက်ပြလာပြီပေါ့လေ”
လေထဲရှိ နိုးထဝိညာဉ်များသည် မလှမ်းမကမ်းရှိ စံအိမ်ကို ငုံ့ကြည့်ပြီး လှောင်ပြောင်ရယ်မောလိုက်၏။
ဆူဇီမိုက ထူးမခြားနားအမူအယာနှင့်ပင် ခြံဝန်းထဲသို့ ကျောက်လှေကားကနေ လမ်းလျှောက်ဆင်းလာ၏။ သူ့မျက်လုံးများထဲတွင် နက်ရှိုင်းသည့်ဝမ်းနည်းပူဆွေးမှုတစ်ခုက ရှိနေပြီး မက်မွန်ပင်ကြီးအောက်ရှိ အဖိုးအိုကို တိတ်တဆိတ် ငေးကြည့်နေ၏။
အဖိုးကြီး၏ မျက်လုံးများက မှိတ်ထားပြီး အိပ်မောကျနေသည့်အလား တည်ငြိမ်အေးချမ်းသောအမူအယာ ရှိနေ၏။
နီရဲနေသော ရွှံ့မီးဖိုက တောက်လောင်နေဆဲဖြစ်ပြီး တဖျပ်ဖျပ်လက်နေ၏။
မီးဖို၏ အထက်ရှိ ဝိုင်တစ်ခွက်က ပူနွေးနေဆဲ ဖြစ်လေသည်။
ဆူဇီမိုသည် နိုးထဝိညာဉ်တစ်ရာ၏ ဝိုင်းပတ်ထားမှုကို လျစ်လျူရှုထားပြီး မီးဖိုဆီသို့ လမ်းလျှောက်သွား၏။ သူသည် ကျန်ရှိနေသော ဝိုင်တစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။
“ကောင်းလိုက်တဲ့ ဝိုင်ကွာ”
ဆူဇီမိုက ရေရွတ်လိုက်၏။
အဲ့ဒါက ဆူဟုန်ပြောခဲ့သော နောက်ဆုံးစကား ဖြစ်လေသည်။
“တောကောင်”
နိုးထဝိညာဉ်တစ်ယောက်က ဟိန်းဟောက်လိုက်၏။
“မင်း အခုနေ အညံ့ခံပြီး နတ်ဖီးနစ်အရိုးနဲ့ မင်းရဲ့သားရဲကျင့်ကြံမှုနည်းစနစ်ကို ထုတ်ပေးမယ်ဆိုရင် ငါတို့ မင်းအလောင်းကို အကောင်းပကတိ ထားပေးမယ်”
“မဟုတ်ရင်တော့.. မင်းရော မင်းအစ်ကိုရဲ့ အလောင်းကိုရော တစ်စစီဖြစ်အောင် စုတ်ဖြဲပစ်မယ်”
ဆူဇီမိုက ဆိတ်ဆိတ်သာနေပြီး လေထဲရှိ နိုးထဝိညာဉ်တစ်ရာကို လှောင်ပြောင်သရော်လိုသည့်အကြည့်ဖြင့် ကြည့်နေ၏။
အခြားနိုးထဝိညာဉ်တစ်ယောက်က ဆိုးယုတ်စွာ ရယ်မောလိုက်၏။
“ဪ နောက်ပြီးတော့ ဒီနေ့ အခြားဘယ်သူ့မှ ချမ်းသာရာ မရစေရဘူး”
သူ့အသံက ပင်ယန်းတစ်မြို့လုံးသို့ ပျံ့နှံ့သွားလေသည်။
မြို့ထဲရှိ အိမ်များမှ အာမေဋိတ်သံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။
တိတိပပပြောရလျှင် အချို့အိမ်များထံမှ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ငိုယိုရှိုုက်သံသဲသဲနှင့် အော်ဟစ်သံများကို ကြားနေရ၏။ ပင်ယန်းမြို့ရှိ လူတိုင်း၏ နှလုံးသားထဲတွင် အကြောက်တရားများက တဖြည်းဖြည်း ကြီးထွားလာ၏။
ပျက်စီးယိုယွင်းနေသော အိမ်တွင် အမျိုးသမီးအိုက ကလေးငယ်၏ ကျောကို ပွတ်သပ်ပေးပြီး အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးနေ၏။ သို့သော်လည်း သူမ၏ မျက်နှာပေါ်တွင် နွေးထွေးသော မျက်ရည်စီးကြောင်းနှစ်ခုက သွင်သွင်စီးကျနေလေသည်။
ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် မော်တယ်များ၏ အသက်က ဟင်းရွက်ကန်စွန်းများလို ဈေးပေါ၍ ပကတိကူကယ်ရာမဲ့လေသည်။
သူတို့လုပ်နိုင်တာ ဘာမှ မရှိပေ။
အဖိုးအိုတစ်ယောက်က သူ၏ လမ်းလျှောက်တောင်ဝှေးကို ဆုပ်ကိုင်ပြီး သူ့အခန်းထဲကနေ ယိုင်တိယိုင်တိုင်နှင့် ထွက်လာ၏။ သူက လေထဲရှိ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဦးချ၍ ဝမ်းနည်းဖွယ်ရာ အသံဖြင့် ပြောလိုက်၏။
“မြင့်မြတ်သော အင်မော်တယ်အရှင်တို့.. ကျေးဇူးပြုပြီး ကျတော်တို့ကို သနားညှာတာပါဦး.. ကျတော်က အိုနေပါပြီ.. သိပ်ကြာကြာလဲ မနေရတော့ပါဘူး.. အရှင်တို့ ကျတော့်ကို ဘယ်လိုပဲ အပြစ်ပေးပေး ကျတော်သေပေးလို့ ရပါတယ်.. ဒါပေမယ့် ပင်ယန်းမြို့မှာ အမျိုးသမီးနဲ့ ကလေးငယ် သုံးထောင်ကျော် ရှိနေပါသေးတယ်.. ကျေးဇူးပြုပြီး ကျတော်တို့ကို သနားညှာတာပါဦး.. သူတို့ကို အသက်ရှင်ခွင့်လေး ပေးလို့ မရဘူးလားဗျာ”
အဖိုးအို၏ အသံက ရင်နင့်စရာကောင်းပြီး ပူဆွေးသောကများစွာ ပါဝင်နေလေသည်။
သို့သော်လည်း လေထဲရှိ နိုးထဝိညာဉ်တစ်ရာက အေးစက်သော အမူအယာများဖြင့်သာ ရှိနေကြ၏။ အချို့က သူ့ကို လျစ်လျူရှုထားပြီး အချို့က သရော်သလိုကြည့်ကာ အဲ့ဒီမှာ အေးစက်စက်နှင့် လှောင်ပြောင်ရယ်မောလိုက်ကြသူများတောင် ရှိ၏။
“စိတ်ရှုပ်ဖို့ ကောင်းလိုက်တာကွာ”
နိုးထဝိညာဉ်တစ်ယောက်က စိတ်မရှည်တော့ပုံနှင့် ကျယ်လောင်စွာ ငေါက်ငမ်းလိုက်၏။
ထိုအသံက အဖိုးအို၏ နားထဲတွင် ဝုန်းကနဲ မြည်ဟည်းသွားပြီး မူးဝေထိုင်းမှိုင်းကာ မြေကြီးပေါ် ခေါင်းငိုက်စိုက်ကျသွား၏။
“ဟဟဟားဟား”
ထိုနိုးထဝိညာဉ်က ရယ်ချလိုက်၏။
“မင်းတို့ရဲ့ ဒီမြို့မှာ ပြန်ဝင်စားမွန်းစတား တောကောင်တစ်ကောင် မွေးဖွားလာတာကိုး.. အပြစ်တင်ချင်ရင် သူ့ကိုပဲ တင်လိုက်ကြတော့.. မင်းတို့အားလုံး အခုလို ရောပါ အသတ်ခံရမှာ သူ့ကြောင့်ပဲ”
“ဟား”
ထိုစဉ်မှာပင် ခြံဝန်းထဲမှ အေးစက်စက် သက်ပြင်းချသံတစ်သံက ထွက်ပေါ်လာ၏။
“မင်းတို့အားလုံး ဒီနေရာထိ ရောက်လာမှတော့ ပြန်ထွက်ဖို့ မစဉ်းစားနဲ့တော့”
ဆူဇီမိုက မှင်သေသေနှင့် ပြောလိုက်၏။
“အသက်ဝင်စမ်း”
ဇီ...
ဝှစ်..
ချပ်..ချပ်.. ချပ်..
ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးက လှုပ်ခါလာ၏။
ကောင်းကင်ထက်ကနေ မကောင်းဆိုးဝါးဆန်ဆန် ဆိုးယုတ်သော လေပြင်းများက တိုက်ခတ်လာပြီး လျှပ်စီးလိုအလင်းများက တဖျပ်ဖျပ် လက်လာ၏။ ကြောက်စရာကောင်းသည့် စွမ်းအင်များက နိုးထလာသလို အလင်းရောင်များက တဖျတ်ဖျတ်တလက်လက် တောက်ပ၍ ပင်ယန်းမြို့ကို ရုတ်တရက် လွှမ်းခြုံသွား၏။
“အား”
လေထဲရှိ နိုးထဝိညာဉ်များသည် ထိတ်လန့်တကြား ဖြစ်သွားကြ၏။ သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို အသုံးပြုလို့ မရနိုင်တော့တာကို တွေ့ရှိလိုက်ရလေသည်။
အလွန်တရာ လှည့်ဖြားတတ်သော စွမ်းအင်တစ်မျိုးက သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို ခိုင်မြဲစွာ ကန့်သတ်ချုပ်နှောင်သွား၏။
နိုးထဝိညာဉ်များ သန်မာရသည့် အကြောင်းရင်းမှာ သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို ကျင့်ကြံပြီးနောက် သူတို့သည် လောကဆိုင်ရာစွမ်းအားကို ထိန်းချုပ်အသုံးပြုနိုင်လာသောကြောင့် ဖြစ်လေသည်။ တစ်နည်းအားဖြင့် အဲ့ဒါက ဒဏ္ဍာရီလာ ဓမ္မစွမ်းအား ဖြစ်လေသည်။
ဓမ္မလက်နက်များနှင့် ပညာရပ်များကို အသုံးပြုနိုင်သည့် အခရာမှာ သူတို့၏ အမြုတေစိတ်ဝိညာဉ် ဖြစ်လေသည်။
သူတို့၏ အမြုတေစိတ်ဝိညာဉ်များက သော့ခတ်ခံလိုက်ရသည်နှင့် နိုးထဝိညာဉ်များသည် သူတို့၏ အသန်မာဆုံး တိုက်ခိုက်ရေးနည်းလမ်းများကို ဆုံးရှုံးသွားရလေပြီ။
“အဲ့ဒါ အစီအရင်ဝင်္ကပါဟ” “ဝင်္ကပါတစ်ခုပဲ”
နိုးထဝိညာဉ်တစ်ယောက်သည် ကြောက်လန့်တကြားနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“တိတ်တိတ်နေစမ်း”
အခြားတစ်ယောက်က ဖမ်းဟောက်လိုက်၏။
“အဲ့ဒါက ဝင်္ကပါတစ်ခုဆိုတာ လူတိုင်း သိတာပေါ့ဟ.. အဓိက မေးရမှာက အဲ့ဒါက ဘာဝင်္ကပါအမျိုးအစားလဲ”
သူတို့၏ အတွေ့အကြုံအရ သူတို့အားလုံးသည် ကြိုတင်ကြံစည်ထားသည့် အခြေအနေတစ်ခုမှာ သက်ဆင်းသွားရပြီဆိုတာ ပြောနိုင်ကြလေသည်။
နိုးထဝိညာဉ်တစ်ယောက်က အသက်ပြင်းပြင်းရှိုက်ပြီး သူ့ကိုယ်သူ အကောင်းဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်၏။
“ကျုပ် အရင်က ဝင်္ကပါနည်းစနစ်တွေကို နဲနဲပါးပါး လေ့လာလိုက်စားဖူးတယ်.. ကျုပ်ထင်တာ မမှားဘူးဆိုရင် ဒါက ရှေးဟောင်းခေတ်က ရှေးဟောင်းအမြုတေသော့ခတ်ဝင်္ကပါ ဖြစ်လိမ့်မယ်.. ဒါပေမယ့် ဒီရှေးဟောင်းဝင်္ကပါက ပျောက်ဆုံးသွားတာ အတော်ကြာခဲ့ပြီဆိုတော့.. အဲ့ဒါက ဘယ်လို....”
ရုတ်တရက်ဆိုသလို...
မြို့ငယ်လေး၏ ပတ်ဝန်းကျင်ကို မြူခိုးတစ်လွှာက လွှမ်းခြုံရစ်သိုင်းလာ၏။
ပင်ယန်းမြို့ထဲမှာ ရှိနေကြသူများသည် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို ဆက်လက်မြင်နိုင်ခြင်း မရှိကြတော့ပေ။
မြို့ငယ်လေးက လုံးဝ ပိုင်းခြားထားခြင်း ခံလိုက်ရလေပြီ။
“နောက်ထပ်ဝင်္ကပါတစ်ခုလား”
“ဒါက ကျုပ်တို့ ထွက်ပြေးလို့ မရနိုင်အောင် ကာဆီးလိုက်တဲ့ ထောင်ချောက်ဝင်္ကပါတစ်ခုပဲ”
“ဘာလဲဟ.. သူက တော်တော် အတင့်ရဲလှချေလား.. သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
“ကျုပ်တို့ရဲ့ အမြုတေစိတ်ဝိညာဉ်က ချုပ်နှောင်ခံထားရရင်တောင် ကျုုပ်တို့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို သုံးလို့ ရသေးတာပဲ.. ကျုပ်တို့အကုန် ပူးပေါင်းတိုက်ခိုက်ကြရင် သူတစ်ယောက်ထဲနဲ့ ဘယ်လို ခုခံနိုင်မှာလဲ”
သူ့စကား မဆုံးသေးခင်မှာပင် ပင်ယန်းမြို့ပတ်လည်မှ တဖျတ်ဖျတ်တလက်လက် အလင်းရောင်များက ရုန်းကန်ထွက်လာပြီး အကာအရံအလင်းလွှာများက ဆက်တိုက်ဆင့်ကဲ ထွက်ပေါ်လာ၏။
“အား”
“တတိယမြောက်ဝင်္ကပါ”
“သွားပြီ.. ငါ့စိတ်ဝိညာဉ်စွမ်းအင်ပါ သုံးမရတော့ဘူး”
“အဲ့ဒါက ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်ဝင်္ကပါပဲ”
နိုးထဝိညာဉ်များ၏ အမူအယာက ပြောင်းလဲသွားပြီး သူတို့ကိုယ်သူတို့ ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကြ၏။
သည်တစ်ကြိမ်တွင်တော့ လူတိုင်း အမှန်တစ်ကယ်ကို ကြောက်လန့်တကြား ဖြစ်ကုန်ကြလေပြီ။
အဲ့ဒီမှာ ရှေးဟောင်းအမြုတေသော့ခတ်ဝင်္ကပါတစ်ခုအပြင် ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်ဝင်္ကပါတစ်ခုပါ ထပ်ရှိနေ၏။
သူတို့အားလုံးက ဒုက္ခိတတွေလို ဖြစ်ကုန်ကြလေပြီ။
ထောင်ချောက်ဝင်္ကပါတစ်ခုပါ ထပ်ပေါင်းလိုက်သောအခါ ပင်ယန်းမြို့က ယခုအခါ လှောင်အိမ်တစ်ခု ဖြစ်လာလေပြီ။
ဝင်္ကပါသုံးခုတွင် ထောင်ချောက်ဝင်္ကပါနှင့် ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်ဝင်္ကပါက ဆူဇီမိုသည် ပင်ယန်းမြို့မှာ ဆူဟုန်နှင့်အတူ ရှိနေစဉ်အချိန်အတွင်း အားလပ်သည့်အချိန်တိုင်း ချခင်းထားခဲ့ခြင်းဖြစ်၏။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ.. သူသည် ရှေးဟောင်းအမြုတေသော့ခတ်ဝင်္ကပါကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသလို ချခင်းနိုင်ခြင်းလည်း မရှိပေ။
သူသည် ဤရှေးဟောင်းဝင်္ကပါကို အသက်သွင်းနိုင်ရသည့် အကြောင်းရင်းမှာ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ဘုရားကျောင်းအိုထဲမှ ဝင်္ကပါအလံ ၄၉ ခုကို သူရရှိခဲ့သောကြောင့် ဖြစ်လေသည်။
ထိုဝင်္ကပါအလံ တစ်စုံစာ၏ မူလပိုင်ရှင်က မဟာချွမ်အင်ပါယာနန်းတော်ဖြစ်ပြီး နောက်ပိုင်းမှာ အဲ့ဒါကို ဘုရားကျောင်းအိုထဲမှာ ထိန်းသိမ်းထားခဲ့လေသည်။
အပေါ်ယံကြည့်လျှင်တော့ အဲ့ဒါက မသိသာမထင်ရှားသော အလံများကဲ့သို့ ထင်ရလေသည်။
သို့သော်လည်း တစ်ကယ်တမ်းမှာတော့ အလံတစ်ခု ထွက်ပေါ်လာဖို့အတွက် ပင်ပန်းခက်ခဲစွာ အားစိုက်ထည့်၍ ကြိုးစားဖန်တီးခဲ့ရလေသည်။
အလံတိုင်များကို မိစ္ဆာသားရဲများ၏ အရိုးဖြင့် ပြုလုပ်ထားပြီး အလံရွက်များကို မိစ္ဆာသားရဲများ၏ သားရေဖြင့် ပြုလုပ်ထား၏။
မိစ္ဆာသားရဲများ၏ အမွေးကို ချည်မျှင်အဖြစ်သုံးပြီး အလံတိုင်နှင့် အလံရွက်များကို တွဲချည်ခဲ့လေသည်။
မိစ္ဆာသားရဲများ၏ သွေးကို မင်အဖြစ်၊ ဓမ္မစွမ်းအားကို စုတ်တံအဖြစ် အသုံးချပြီး အလံပေါ်တွင် ရှုပ်ထွေးနက်နဲသည့် အင်းကွက်များကို ရေးဆွဲခဲ့၏။
အလံတိုင် ၄၉ ခုနှင့်အတူ ဆူဇီမိုသည် ရှေးဟောင်းအမြုတေသော့ခတ်ဝင်္ကပါ၏ အချင်းဝက်ကို ပုံကြမ်းဆွဲ တွက်ချက်ပြီး ဝင်္ကပါမျက်လုံးနေရာမှာ စိုက်ထူရလေသည်။ ထို့နောက် ဝင်္ကပါအလံရွက်များကို လွင့်ထူပြီးနောက် သူက ဝင်္ကပါကို အသက်သွင်းနိုင်လေသည်။
ဝင်္ကပါများမှာ လိုအပ်ချက်များစွာ ရှိလေသည်။ အထူးသဖြင့် သူတို့ကို ခင်းကျင်းဖို့အတွက် အချိန်များစွာ ယူရပြီး အတော်လေး အားစိုက်ထုတ်ရလေသည်။ ရှေးဟောင်းဝင်္ကပါများစွာက ပျောက်ဆုံးလာပြီးနောက် ဝင်္ကပါတာအိုက ကျဆင်းလာလေသည်။
တစ်ကယ်တမ်း တိုက်ပွဲတစ်ခုမှာဆိုရင် မည်သူမဆို အသေအကြေ မတိုက်ခိုက်ခင် တစ်ဖက်ရန်သူကို ဝင်္ကပါတစ်ခု ခင်းကျင်းဖို့ အချိန်ပေးလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် ဝင်္ကပါတာအို၏ အားနည်းချက်ကို ဖာထေးဖို့အတွက် ဧကရာဇ်တစ်ပါးက ဝင်္ကပါအလံများကို တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။
ဝင်္ကပါဧကရာဇ်ဟု နာမည်ကျော်ကြားခဲ့သော ထိုဧကရာဇ်က ရှေးဟောင်းခေတ် ဧကရာဇ်များထဲမှ တစ်ပါးဖြစ်ပြီး သားရဲထုတ်ဖော်ကြေးမုံကို ဖန်တီးခဲ့သော လက်နက်ဧကရာဇ်နှင့် ခေတ်ပြိုင်ဖြစ်ခဲ့လေသည်။