အစိမ်းရောင်ဝတ်ရုံ.. သွေးစွန်းသောလမ်း
Vol. 42 Ch. 630
နဂါးသင်္ချိုင်းတောင်ကြား၏ အောက်ခြေတွင် တာမင်းကျောင်းတော်နှင့် ဖာဟွားကျောင်းတော်တို့၏ အမွေအနှစ်များသာ ရှိသည် မဟုတ်ဘဲ.. အဲ့ဒီမှာ မြောက်ပိုင်းဒေသ၏ အထင်ကရ ဖြစ်ခဲ့ဖူးသော မဟာချွမ်အင်ပါယာ၏ အမွေအနှစ်များလည်း ရှိလေသည်။
ဆူဇီမိုသည် အပြင်လောကနှင့် အဆက်ဖြတ်၍ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နှစ် ၂၀ ကြာအောင် ရှင်သန်နေထိုင်ခဲ့ရ၏။ ထိုသို့ဖြင့် သူ့ခွန်အားက ကြောက်စရာအတိုင်းအတာတစ်ခုထိ တိုးတက်လာခဲ့ပြီဖြစ်၏။
ဗုဒ္ဓဝါဒနှင့် ပတ်သတ်သည့် သူ၏ သိမြင်နားလည်မှုကသာ တိုးလာလာခြင်း မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ အစီအရင်ဝင်္ကပါများအပေါ် သူ၏ သိမြင်နားလည်ခြင်းကလည်း နက်ရှိုင်းလာခဲ့၏။
ဝင်္ကပါသုံးခုကို အပြန်အလှန် ချိတ်ဆက်ထားရပြီး တစ်ခုက ချွတ်ချော်သွားလျှင်တောင် လက်ရှိအကျိုးသက်ရောက်မှုမျိုးကို ရနိုင်ဖို့ ခက်ခဲပေလိမ့်မည်။
မော်တယ်များ မြင်တွေ့ရသည်မှာ စောစောက ကောင်းကင်ထက်တွင် မောက်မာဝင့်ကြွားစွာ ရပ်နေခဲ့ကြသော အင်မော်တယ်များသည် တစ်ယောက်ပြီးတစ်ယောက် လေထဲကနေ ပြုတ်ကျလာကြ၏။
“ဘယ်လိုများ ဖြစ်ရတာလဲ”
“ကောင်းကင်ဘုံက မတရားမှုကို ရှာတွေ့သွားတာလား”
မော်တယ်များ၏ စိတ်က ဝေခွဲမရ ရှုပ်ထွေးနေကြစဉ်မှာ ပုံရိပ်တစ်ခုက ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း မြင့်တက်လာ၏။
ထိုပုဂ္ဂိုလ်က အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောတင့်တယ်သော သွင်ပြင် ရှိ၏။ သူ့အမူအယာက အေးစက်နေပြီး သူ့မျက်လုံးများထဲမှာ နက်ရှိုင်းသော သတ်လိုဖြတ်လိုစိတ်ရှိကာ သွေးနီရောင်ဆေဘာတစ်လက်ကို ကိုင်စွဲထား၏။
“သူ့ကို မြင်ဖူးသလိုပါပဲ”
“သူများလား....”
အမျိုးသမီးအို၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွားပြီး လေထဲက ပုဂ္ဂိုလ်ကို မယုံကြည်နိုင်စွာ ငေးကြည့်ကာ တတွတ်တွတ် ဆက်တိုက်ရေရွတ်နေမိ၏။
“အဲ့ဒါသူပဲ.. အဲ့ဒါ သူပဲ.. ..”
“ဖွားဖွား.. အဲ့ဒါ ဘယ်သူလဲဟင်”
သူမ၏ ရင်ခွင်ထဲရှိ ကလေးကလည်း လေထဲရှိ ပုဂ္ဂိုလ်ကို မြင်သွားပြီး စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“ဒုတိယသခင်လေးဆူ.. အဲ့ဒါ ဆူမိသားစုရဲ့ ဒုတိယသခင်လေးဆူပဲ”
အမျိုးသမီးအို၏ အသံက တုန်ယင်နေ၏။
ဆယ်စုနှစ်တချို့ ကြာသွားတာတောင် အမျိုးသမီးအိုက ဆူဇီမိုကို မှတ်မိနေဆဲဖြစ်၏။
ဘာကြောင့်ဆိုသော် ဆယ်စုနှစ်တချို့ ကြာသွားတာတောင် ဒုတိယသခင်လေးဆူ၏ ရုပ်ရည်က အိုစာလာခြင်း မရှိဘဲ အရင်ကအတိုင်း ရှိနေဆဲဖြစ်၏။
ဆူဇီမိုက ဘေးဘက်သို့ တစ်ချက်လှည့်ကြည့်၍ အမျိုးသမီးအိုနှင့် ကလေးငယ်ကို ခေါင်းညိတ်ပြလိုက်၏။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုသော စိတ်ဆန္ဒက သိသိသာသာ လျော့ကျသွား၏။
အမျိုးသမီးအိုသည် မှင်တက်သွားမိ၏။
အဲ့ဒါက ရင်းနှီးသော အပြုအမူတစ်ခု ဖြစ်ပြီး သူမသည် လွန်ခဲ့သော အတိတ်ကာလကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။
အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့ပြီးတာတောင် ဒုတိယသခင်လေးဆူက ပြောင်းလဲမသွားခဲ့ပေ။
ကလေး၏ မျက်လုံးက မျက်တောင်မခတ်ဘဲ ပြူးကျယ်နေ၏။
ဒါကလဲ အင်မော်တယ်တစ်ယောက်ပေါ့...
သို့သော်လည်း ကလေးသည် ဆူဇီမိုထံမှ မည်သည့်အကြောက်တရား သို့မဟုတ် ဖိအားကိုမှ မခံစားရပေ။
အစက တဒုတ်ဒုတ်ခုန်နေသော ကလေး၏ နှလုံးက ပြန်လည်တည်ငြိမ်လာ၏။
သွေးသောက်သူကို ကိုင်စွဲထားသော ဆူဇီမိုသည် လေထဲမှာရပ်၍ ပင်ယန်းမြို့ကနေ အသည်းအသန် ထွက်ပြေးဖို့ ကြိုးစားနေသော နိုးထဝိညာဉ်များကို လှောင်ပြောင်သရော်သလို ငုံ့ကြည့်လိုက်၏။
“မင်းတို့က ထွက်ပြေးဖို့ ကြိုးစားချင်နေသေးတယ်ပေါ့”
ဆူဇီမိုသည် သူ့လက်နှစ်ဖက်ကို မြှောက်၍ လေထဲကနေ ဆင်းသက်လာ၏။ အလွန်တရာ စိတ်လှုပ်ရှားတက်ကြွလာသည့်အလား သွေးသောက်သူက တဝီဝီ မြည်လာလေသည်။ သူသည် လူအုပ်ကြီးထဲသို့ အထက်ကနေအောက် ခုတ်ပိုင်းချလိုက်၏။
သွေးအလင်းတန်းက ဖြာထွက်သွား၏။
ဝုန်း..
လူအုပ်ကြီးက နှစ်ခြမ်းကွဲသွားပြီး မြေပြင်ပေါ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ထားသော မျဉ်းကြောင်းချိုင့်တန်းတစ်ခုက ပေါ်လာ၏။ နိုးထဝိညာဉ် ခုနှစ်ယောက်သည် သွေးအလင်းတန်း၏ ထက်ခြမ်းပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျကာ ညှီတီတီသွေးရနံ့က ထွက်ပေါ်လာ၏။
သွေးသောက်သူသည် ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးကြိမ်အဖြစ် သွေးကို စားသုံးရခြင်း ဖြစ်လေသည်။
ဆေဘာက တောက်ပသော ဆိုးယုတ်ချီနှင့်အတူ ဝင်းလက်လာ၏။
ဆူဇီမိုသည် လှုပ်ရှား၍ လူအုပ်ကြီးထဲသို့ ဖျတ်ကနဲ ခုန်ဝင်သွား၏။
သွေးသောက်သူကို ကန့်လန့်ဖြတ် လွှဲရမ်းသွားလေသည်။
ဇီ..
သွေးရောင်လှိုင်းဂယက်တစ်ခုက လူအုပ်ကြားထဲမှာ တဖျတ်ဖျတ်လက်၍ ဖြန့်ကျက်သွား၏။
ဖောက်.. ဖောက်.. ဖောက်..
သွေးရောင်လှိုင်းဂယက်၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသော နိုးထဝိညာဉ်ဆယ်ယောက်ကျော်၏ ဦးခေါင်းများက ပြတ်ကျသွားပြီး သွေးများက ပန်းထွက်လာကြ၏။
သူတို့၏ အမြုတေစိတ်ဝိညာဉ်များတောင်မှ ထွက်ပြေးဖို့ အခွင့်အရေးမရဘဲ နေရာမှာတင် ဖျက်ဆီးခံလိုက်ရလေသည်။
“ပကတိအရှင်ရောင်းရင်းတို့ မပြေးကြနဲ့တော့.. ကျုပ်တို့ ဒီအတိုင်း လျှောက်ပြေးနေရင် အဲ့ဒီတောကောင်က ကျုပ်တို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်သွားလိမ့်မယ်”
“ပကတိအရှင်ယွင်တူ.. ဝင်္ကပါကို မြန်မြန်ဖျက်ပါဗျ.. ကျုပ်တို့ ခင်ဗျားအတွက် အချိန်ဆွဲပြီး တိုက်ခိုက်ပေးထားမယ်”
“ဟုတ်တယ်ဟေ့.. ငါတို့ ပူးပေါင်းလိုက်ကြရအောင်”
လူတိုင်းသည် အော်ဟစ်၍ အတူတကွ ပြန်လည်စုစည်းကာ သူတို့၏ သွေးချီများကို ထုတ်ဖော်လိုက်ကြ၏။
ခန္ဓာမီးဆေးကျင့်ကြံသော ပကတိအရှင်များက ရှေ့ဆုံးကနေ နေရာယူ၍ သူတို့၏ သွေးချီကို ထုတ်ဖော်ကာ လှံပုဆိန်များ၊ ဓါးများကို ကိုင်စွဲ၍ ချီတက်လိုက်ကြ၏။
ဝေါ..
ဆူဇီမို၏ သွေးချီကလည်း ဆူနာမီအသံနှင့်အတူ တလိပ်လိပ်တက်လာပြီး တုန်လှုပ်စရာ အဟုနဖြင့် ခုတ်ပိုင်းလိုက်၏။
သူ့ဆေဘာလှုပ်ရှားပုံက ကမ်းခြေသို့ တဝုန်းဝုန်း ပစ်ဆောင့်နေသော လှိုင်းလုံးများနှင့် တူနေ၏။
ချွမ်.. ချွင်.. ချွင်..
သွေးသောက်သူသည် နိုးထဝိညာဉ်များ၏ လက်နက်များနှင့် ပြင်းထန်စွာ ထိခတ်မိသွားပြီး ရပ်တန့်လို့မရသော ဒီလှိုင်းများလို မြောက်များလှစွာသော အားတစ်ခုကို ထုတ်ပေးလာ၏။
“ဖွီး”
တစ်ယောက်သည် ထိုခုတ်ချက်ကို မခုခံနိုင်တော့ဘဲ သွေးများကို ထွေးထုတ်လိုက်ရ၏။ သူ့လက်ဖဝါးက ကွဲထွက်သွားပြီး သူ့လက်နက်က သူ့လက်ထဲကနေ စင်ထွက်သွားလေသည်။
သူတို့၏ အမြုတေစိတ်ဝိညာဉ်များနှင့် စိတ်ဝိညာဉ်စွမ်းအင်များက ကန့်သတ်ခံထားရသောကြောင့် ပကတိအရှင်များ အသုံးပြလို့ ရနိုင်သည်မှာ သူတို့၏ ကိုယ်ကာယခွန်အားနှင့် သွေးချီသာ ရှိတော့လေသည်။
သို့သော်လည်း ကိုယ်ကာယခွန်အားနှင့် သွေးချီအရာမှာ မည်သူမှ ဆူဇီမိုကို မယှဉ်နိုင်ကြပေ။
သူတို့သည် ဓမ္မလက်နက်များကို ကိုင်စွဲထားသော်လည်း သူတို့၏ အမြုတေစိတ်ဝိညာဉ်က ချုပ်နှောင်ခံထားရသောကြောင့် သူတို့၏ ဓမ္မစွမ်းအားများကို မလှည့်ပတ်နိုင်ကြပေ။ ထိုသို့ဖြင့် သူတို့သည် ဓမ္မလက်နက်များ၏ အစစ်အမှန်စွမ်းအားကို မထုတ်လွှတ်နိုင်ဘဲ သွေးသောက်သူ၏ ထက်ရှမှုကို ခုခံနေရ၏။
“ဖွီး”
“ထွီး”
သွေးအလင်းတန်းက ယှက်ဖြာ၍ တဖျပ်ဖျပ်လက်လာပြီး ကျန်ရှိနေသော နိုးထဝိညာဉ်များသည် အတူတကွ ပူးပေါင်းထားကြတာတောင် ဆူဇီမို၏ သတ်ဖြတ်မှုကို ရပ်တန့်နိုင်ခြင်း မရှိကြပေ။
ဆေဘာဧကရာဇ်၏ အမွေအနှစ်နှင့် အဆူရာဆေဘာနည်းစနစ်ကို ရရှိခဲ့ပြီးနောက် ဆူဇီမို၏ ဆေဘာအပေါ် သိမြင်နားလည်ခြင်းက ကြောက်စရာကောင်းသည့် အတိုင်းအတာတစ်ခုထိ ရောက်ရှိလာခဲ့ပြီဖြစ်၏။
သွေးသောက်သူသည် ဆူဇီမို၏ လက်ထဲမှာ လတ်ဆတ်သောသွေးအမြောက်အများကို သောက်သုံးနေရပြီဖြစ်၏။
သွေးသောက်သူက စိတ်လှုပ်ရှားတက်ကြွလာသည့်အလား ဆေဘာပေါ်ရှိ သွေးအလင်းက ပိုမိုသိပ်သည်းလာ၏။
မြို့ထဲတွင် အနည်းငယ် ရဲတင်းသော မော်တယ်အချို့က သူတို့၏ သိချင်စိတ်ကို ထိန်းမရတော့ဘဲ သူတို့၏ တံခါးများကို ဖြည်းဖြည်းဟကာ အပြင်ဘက်သို့ ချောင်းကြည့်လိုက်ကြ၏။ ထိုစဉ် သူတို့မြင်လိုက်ရသော မြင်ကွင်းကို သူတို့တစ်သက်လုံး ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပေ။
အစက လေထဲမှာ မောက်မာဝင့်ကြွားစွာဖြင့် ပင်ယန်းမြို့မှာ အသက်ရှင်ကျန်သူ မရှိစေရဟု ကြွေးကြော်ခဲ့သော စွမ်းအားကြီးပုဂ္ဂိုလ်သည် ယခုအခါ အင်မော်တယ်တစ်ပါး၏ ဂုဏ်ကျက်သရေမျိုး လုံးဝ မရှိတော့ဘဲ ကြောက်လန့်တကြားနှင့် ထွက်ပြေးနေရှာ၏။
အစိမ်းရောင်ဝတ်လူက သွေးရောင်ဆေဘာကြီးတစ်လက်ကို ကိုင်စွဲ၍ လမ်းထဲမှာ လျှောက်သွားနေပြီး သူ့နောက်မှာ အလောင်းများသာ ကျန်ရစ်ခဲ့၏။
သူဖြတ်သွားသည့်နေရာတိုင်း သွေးချောင်းစီးသွားလေသည်။
အဲ့ဒါက တစ်ဖက်သတ် သတ်ဖြတ်ခြင်းပင်။
အင်မော်တယ်များသည် အသတ်ခံနေကြရ၏။
ဆူဇီမိုရှေ့တွင် အမြုတေစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်သုံးလို့ မရသော နိုးထဝိညာဉ်များသည် စဉ်းတီတုံးပေါ် ရောက်လာသော ငါးများလိုပင်။
. . .
ကောင်းကင်က ပိုမိုတောက်ပလာ၏။
ပင်ယန်းမြို့၏ အစွန်အစပ်တွင် ပကတိအရှင်ယွင်တူက ဝင်္ကပါပယ်ဖျက်ခြင်းအပေါ် စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားပြီး သူ့နဖူးမှ ချွေးများက တဒီးဒီးကျနေ၏။
ရှေးဟောင်းစိတ်ဝိညာဉ်နှင့် အမြုတေသော့ခတ် ဝင်္ကပါများက အလွန်တရာ ရှုပ်ထွေးနက်နဲပြီး သူ၏ အစွမ်းအစနှင့်ပင် အချိန်တိုအတွင်း ပယ်ဖျက်နိုင်ဖို့က အတော်ခက်ခဲလေသည်။
ကံကောင်းထောက်မစွာနှင့် ထောင်ချောက်ဝင်္ကပါက သိပ်မခက်ခဲပေ။
သူ့နောက်ကျောမှ ကြောက်လန့်တကြား အော်ဟစ်သံများကို ကြားရသောအခါ ပကတိအရှင်ယွင်တူသည် ပို၍ ထိတ်ထိတ်ပျာပျာ ဖြစ်လာ၏။
သို့သော်လည်း နောက်သို့ သူလှည့်မကြည့်အားပေ။
သူ့စိတ်အာရုံက ပျက်ယွင်းလို့ မဖြစ်ချေ။
သူတို့အတွက် အသက်ရှင်နိုင်ဖို့ရာ တစ်ခုတည်းသော အခွင့်အရေးမှာ ဤထောင်ချောက်ဝင်္ကပါကို တတ်နိုင်သမျှ အမြန်ဆုံး ပယ်ဖျက်နိုင်ဖို့ပင်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာ၏။
အတန်ကြာပြီးနောက် မြူခိုးများက ပျက်ပြယ်သွားလေသည်။
ပကတိအရှင်ယွင်တူသည် စိတ်သက်သာစွာ သက်ပြင်းချ၍ မြေပြင်ပေါ် ဖင်ထိုင်လျက် ပစ်ကျသွား၏။ သူ့ကျောတစ်ပြင်လုံးက ချွေးများဖြင့် ရွှဲနေလေပြီ။
နေရောင်ခြည်ခပ်ပါးပါးက မြို့လေးပေါ်သို့ ဖြာဆင်းလာပြီး တိတ်ဆိတ်အေးချမ်းမှုကို ဆောင်ကျဉ်းပေးလာပုံရ၏။
ရုတ်တရက်.. ပကတိအရှင်ယွင်တူသည် တစ်ခုခု လွဲမှားနေတာကို သတိထားမိသွား၏။
အဲ့ဒါက အရမ်းကို ငြိမ်သက်လွန်းနေ၏။
မသိလိုက်မသိဘာသာနှင့်ပင် သူ့နောက်ကျောဘက်ရှိ ငိုသံများ၊ အော်သံများနှင့် အသနားခံတောင်းပန်သံများက ပျောက်ကွယ်သွားလေပြီ။
ချပ်.. ချပ်..
ခြေသံက ထွက်လာ၏။
အဲ့ဒါသည် စေးကပ်ကပ် တမံသလင်းပေါ်ကနေ လူတစ်ယောက်က ဖြတ်လျှောက်၍ ချဉ်းကပ်လာနေသော အသံပင်။
ထိုခြေသံက သူ့နောက်တည့်တည့်မှာ ရပ်တန့်သွား၏။
သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထ၍ ကျောရိုးတစ်လျှောက် စိမ့်တက်လာလေသည်။
ပကတိအရှင်ယွင်တူသည် နောက်သို့ လှည့်မကြည့်ရဲပေ။
သွေးနီရောင်ဆေဘာတစ်လက်က ခပ်စူးစူးသွေးရနံ့နှင့်အတူ သူ့လည်ပင်းဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။ ဆေဘာ၏ ထက်ရှမှုက အလွန်တရာ ကျောချမ်းစရာပင်။
“မင်းက နောက်ဆုံးတစ်ယောက်ပဲ”
မည်သည့်စိတ်ခံစားချက်မှာ မပါသော အသံတစ်သံက သူ့နားထဲသို့ ဝင်လာ၏။
“ဗြစ်”
သွေးများက ဖြာထွက်လာ၏။
ပကတိအရှင်ယွင်တူ၏ ဦးခေါင်းက မြေကြီးပေါ် လိမ့်ဆင်းသွားလေသည်။
သူ့ဦးခေါင်းက မြေပြင်ပေါ်မှာ သုံးလေးပတ် လိမ့်သွားပြီးနောက် ပင်ယန်းမြို့ဘက်သို့ မျက်နှာမူကာ ရပ်တန့်သွားလေသည်။
သူ့မျက်လုံးများက ပြူးကျယ်နေ၏။
အစိမ်းရောင်ဝတ်ရုံ.. သွေးစွန်းသောလမ်း..
သူ၏ နောက်ဆုံး အသိစိတ်ထဲ ဝင်ရောက်လာသည်က ထိုစကားနှစ်စုပင်။
ထို့နောက် သူ၏ အသိစိတ်အာရုံက ပျောက်ကွယ်သွားလေပြီ။