ငါ ယန် မိသားစုကို အခွင့်အရေးတစ်ခုပေးမယ်။
Vol. 11 Ch. 101
“ငါးရက်လောက်ကြာတာတောင် အခုလိုလတ်လတ်ဆတ်ဆတ်ရှိသေးလား?"
ဒီလို ချက်ပြုတ်ထားပြီးသားဟင်းကို
နောက်မှစားဖို့ သိမ်းဆည်းထားတယ်ဆိုတဲ့ နည်းလမ်းမျိုးဟာ လူတိုင်းရဲ့နားလည်နိုင်မှုကို ကျော်လွန်နေခဲ့ပေသည်။
လူအများစုကတော့ သံသယဝင်နေဆဲပင်ဖြစ်၏။ စားသောက်ကုန်တွေကို ဒီလောက်ကြာအောင် ထိန်းသိမ်းထားနိုင်မယ်ဆိုရင် လူမှုဘဝတွေမယုံကြည်နိုင်လောက်အောင် အဆင်ပြေသွားကြပေလိမ့်မည်။
တကူးတက ပြင်ဆင်ချက်ပြုတ်နေစရာ မလိုဘဲ စားချင်တဲ့အချိန်မှာ အပူလေးပေးပြီးစားလိုက်ရုံပဲလေ။ အရေးကြီးဆုံးကတော့ ဒီအသင့်စားဟင်းလျာ ဆိုတာကြီးက သိပ်ကိုအရသာရှိနေတာပဲ။ ဒီလိုအရသာရှိတဲ့ အစားအစာတွေကို ဘယ်သူက အိမ်မှာချက်ပြုတ်နိုင်မှာလဲ။
စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည့် လူအုပ်ကြီးထဲတွင် စားသောက်ဆိုင်ပိုင်ရှင်များနှင့် တည်ခိုခန်းပိုင်ရှင်များလည်းပါဝင်ပေသည်။ ထိုဟင်းကို သူတို့ကိုယ်တိုင်မြည်းစမ်းကြည့်ပြီးနောက် သူတို့၏ ကိုယ်ပိုင်စားဖိုမှူးများ ချက်ပြုတ်ထားသည့် ဟင်းလျာများထက် ပိုအရသာရှိနေသည်ကို သိလိုက်ရ၏။ ထိုခဏမှာပင် စားသောက်ဆိုင်ပိုင်ရှင်နှင့်တည်းခိုခန်းပိုင်ရှင်များစွာသည် အကျပ်အတည်းတစ်ခုကို ခံစားလိုက်ကြရလေသည်။
အသင့်စားဟင်းလျာက ဒီလောက်တောင်အရသာရှိနေမယ်ဆိုရင် သူတို့ရဲ့ စားသောက်ဆိုင်တွေက ဘယ်လိုလုပ်ရတော့မှာလဲ။ ဒါပေမယ့်လည်း စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်သည် အကြံတစ်ခုရသွားခဲ့၏။ ဒီအသင့်စားဟင်းလျာကိုဝယ်ယူပြီး စားသောက်ဆိုင်ရဲ့ ရေခဲနဲ့ပြုလုပ်ထားတဲ့ သိုလှောင်ခန်းထဲမှာ ထည့်ပြီး လတ်ဆတ်အောင် သိမ်းဆည်းထားမယ်။ ဧည့်သည် လာလို့ အစားအသောက်မှာမှပဲ အပြင်ထုတ်ပြီး အပူပေးလိုက်ရုံနဲ့ မြန်မြန်ဆန်ဆန်ပြင်ဆင်ပေးနိုင်တော့မှာပဲ။
သူတို့တွေ မတူညီတဲ့ဈေးနှုန်းတစ်ခုသတ်မှတ်လိုက်မယ်ဆိုရင် သေချာပေါက် အကျိုးအမြတ် ရနိုင်လိမ့်မယ်။ ဒီအကြောင်းကို ပိုတွေးလေလေ၊ ဖြစ်နိုင်ချေက ပိုများလေလေပင်ဖြစ်၏။ အချိန်တစ်ခုကြာအောင် တွေးတောပြီးနောက် ထိုစားသောက်ဆိုင်ပိုင်ရှင်သည် အလျင်အမြန်ပင် ယန်လီရှန့် ကိုအပြင်သို့ တိတ်တဆိတ် ခေါ်ထုတ်ပြီး ထိုအကြောင်းအရာကို ဆွေးနွေးတော့သည်။
ရလဒ်ကောင်း၊မကောင်းသိရဖို့ အရင်ဆုံးအမှာစာတစ်ခုကို ချန်ချင်း ကုန်သွယ်ရေး ထံ တင်သွင်းထားရပေလိမ့်မည်။ ရလဒ်ကောင်းရင်တော့ ဆက်မှာပေမည်။
ဒီလိုအရောင်းအဝယ်မျိုးကိုတော့ ယန်လီရှန့် လည်း ငြင်းဆန်မှာမဟုတ်ပေ။ ထိုအမှာစာများသည် လီချန်မျှော်မှန်းထားသည့် အတိုင်းသာဖြစ်၏။ ဉာဏ်ကောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင်တိုင်းသည် ချန်ချင်း ကုန်သွယ်ရေးထံ အစောပိုင်းကတည်းကအမှာစာများတင်သွင်းကြပေလိမ့်မည်။ ထိုအမှာစာများကို အသုံးချ၍ ချန်ချင်းကုန်သွယ်ရေး အတွက်လည်း များစွာ အကျိုးအမြတ်ရမည်ဖြစ်သည်။
ပထမဦးဆုံး အမှာစာ ရုတ်တရက် တင်သွင်းလာခဲ့ပြီးနောက် တချိန်တည်းမှာပင် လူတော်တော်များများကလည်း အoင့်စား ဟင်းလျာများကို စိတ်ဝင်စားလာကြပြီး သူတို့၏မိသားစုများ မြည်းစမ်းကြည့်စေရန် အိမ်ကိုဝယ်ယူသွားချင်နေကြပေသည်။
တစ်ချို့ကလည်း ညလယ်စာ အတွက် ဝယ်ယူသိမ်းဆည်းထားလိုကြသည်။ ဤသို့ဖြင့် လူအုပ်ကြီးသည် တဟုန်ထိုးပင် ချန်ချင်း ကုန်သွယ်ရေး သို့ အပြေးအလွှားဝင်ရောက်လာကြတော့သည်။
ချန်ချင်းကုန်သွယ်ရေး ၏ အရှေ့တွင် လူအသွားအလာများဖြင့် အလွန်စည်ကားနေပြီး ဝယ်ယူနှုန်းသည်လည်း တဖြည်းဖြည်း များပြားလာခဲ့သည်။ သူတို့သည် ကုန်သွယ်ရေးဌာန အတွင်းသို့ ဝင်ရောက်လာသောအခါတွင် ချန်ချင်းကုန်သွယ်ရေးမှ အခြားသော ပစ္စည်းဆန်းများစွာကို တွေ့လိုက်ရပြန်သည်။
ဥပမာပြရလျှင် ချန်ထင်မြို့မှ သယ်ဆောင်လာသော လီချန်ချင်း ကိုယ်တိုင် ယခင်က သူကြည့်ခဲ့ဖူးသော နန်းတွင်း ဒရမ်မာ ဇာတ်လမ်းတွဲအမျိုးမျိုးမှ ဒီဇိုင်းများအတိုင်း ဖန်တီးထားသည့် အလွန်ဆန်းသစ်သော အဝတ်အထည်များပင်ဖြစ်သည်။
အချို့သောဒီဇိုင်းများသည် အလွန်အထက်တန်းကျပြီး လူများစွာ၏အာရုံကို စွဲဆောင်ထားနိုင်ခဲ့သည်။ ဤသတင်းသည် အခြားသောကုန်သွယ်ရေး လုပ်ငန်းများစွာထံသို့လည်း သဘာဝကျကျပင် ပျံ့နှံ့သွားတော့သည်။
ပိုင်သော် ကုန်သွယ်ရေး။
ပိုင်သော် ကုန်သွယ်ရေးသည် အသေးစားကုန်သွယ်ရေး လုပ်ငန်းလေးတစ်ခုမျှသာဖြစ်သည်။ ခေါင်းဆောင် စုန့်ပိုင်သော် သည် လုကျင်းမြို့ ရှိ မိသားစုလုပ်ငန်းများအကြားတွင် နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။ သူတို့၏ ကုန်သွယ်ရေးလုပ်ငန်းလေးသည် အပြင်ပန်းတွင်ကောင်းမွန်စွာလည်ပတ်နေသော်လည်း၊ အတွင်း၌ ယိုပေါက်များအပြည့်ဖြစ်နေသည်ကိုတော့ စုန့်ပိုင်သော် ကိုယ်တိုင်သာသိသည်။
မင်ဟိုင် ကုန်သွယ်ရေး နှင့် ယွင်လင် ကုန်သွယ်ရေး တို့ကဲ့သို့သော လုပ်ငန်းကြီးနှစ်ခု၏ ဖိနှိပ်မှုအောက်တွင် ပိုင်သော် ကုန်သွယ်ရေးလို အသေးစားကုန်သွယ်ရေးလုပ်ငန်းလေးများသည် တိုးတက်လာဖို့ နည်းလမ်းမရှိတော့ပေ။
လစဉ်လတိုင်း သူတို့ ကြိုးကြိုးစားစားရှာဖွေ၍ရသော ဝင်ငွေလေးသည် ဇနီးနှင့် သားသမီးများကို ကျွေးမွေးထောက်ပံ့နိုင်ရုံ၊ သာမာန်လူများထက် အနည်းငယ်လေးလောက်ပိုပြီး အဆင်ပြေပြေနေနိုင်ရုံသာ ရှိသည်။ ဝင်ငွေအများကြီးရဖို့ဆိုတာ မဖြစ်နိုင်ပေ။
အချို့သော ကုန်ပစ္စည်းများကို စျေးနှုန်းလျော့ချ၍ ရောင်းချခြင်းကနေ အမြတ်အနည်းငယ်ရရှိသော်လည်း လုပ်ငန်းလည်ပတ်ဖို့ ပြန်လည်ရင်းနှီးမြှုပ်ရသည်။ ဤနည်းဖြင့် ဖောက်သည်ဟောင်းအချို့ကိုသာ ဆွဲဆောင်ထားနိုင်ပေသည်။
ထို့အပြင်၊ နေ့စဉ် မရေမတွက်နိုင်အောင် လုကျင်းမြို့ သို့ဝင်ရောက်လာသည့် လူသစ်များထံမှလည်း ဝင်ငွေအချို့ ရရှိကာ ထိုငွေကို လုပ်ငန်းအတွက် အဓိကဝင်ငွေအရင်းအမြစ်တစ်ခုအဖြစ် အသုံးချနေရသည်။
" ထုံ လူကြီးမင်း၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါဗျ၊ ပြီးတော့ စိတ်ချနော်၊ မှာထားတဲ့ပစ္စည်းအားလုံးကို လူကြီးမင်းရဲ့အိမ်ကို အမြန်ဆုံးပို့ပေးဖို့ တစ်ယောက်ယောက်ကို ကျွန်တော်စီစဉ်ခိုင်းလိုက်ပါ့မယ် " စုန့်ပိုင်သော် သည် ဖောက်သည်ဟောင်းတစ်ဦးကို တံခါးအပြင်သို့ လိုက်ပို့နေခဲ့၏။
သူ အထဲပြန်ဝင်တော့မယ့်အချိန်မှာပဲ သူ့နောက်ကနေ လူတစ်ယောက်က သူ့ကိုလှမ်းအော်လိုက်သောအသံကိုကြားလိုက်ရ၏။
" ဆိုင်ရှင်၊ ကျွန်တော်ပြန်လာပြီ "
သူ လှည့်ကြည့်လိုက်တော့ ဆိုင်အကူတစ်ယောက် အမောတကောပြေးလာသည်ကို တွေ့လိုက်ရလေသည်။
" ဘယ်လိုလဲ၊ အဲ့ဒီမှာအခြေအနေတွေဘယ်လိုရှိလဲ" စုန့်ပိုင်သော် သည် စိတ်ဝင်တစား မေးမြန်းလိုက်၏။
" အဲ့ဒါက ကုန်သွယ်ရေးလုပ်ငန်းအသစ်တစ်ခုပါပဲ၊ ချန်ချင်းကုန်သွယ်ရေး လို့ခေါ်တဲ့ ကုန်သွယ်ရေးလုပ်ငန်းကြီးတစ်ခု အဲဒီနေရာမှာ လာဖွင့်လှစ်တာပါ " ဆိုင်အကူက စုန့်ပိုင်သော် ကို အလျင်အမြန် တင်ပြလိုက်လေသည်။
ကုန်သွယ်ရေးလုပ်ငန်းတစ်ခုသာဖြစ်ကြောင်း သိလိုက်ပြီးနောက်တွင် စုန့်ပိုင်သော် ၏မျက်နှာတွင် စိုးရိမ်ပူပန်သည့်အမူအရာမျိုးမရှိတော့ချေ။
ယင်းအစား လှောင်ပြောင်သရော်လိုသည့်ဟန်ဖြင့် " လုကျင်းမြို့ မှာ ကုန်သွယ်ရေးလုပ်ငန်းတစ်ခုလာဖွင့်တာ အသက်မရှင်ချင်တော့လို့လားပဲ၊ စဖွင့်တဲ့အချိန်မှာ လူဘယ်နှစ်ယောက်လောက်များ အဲ့ကို ဝင်သွားခဲ့သလဲ။ ပြောပြစမ်းပါအုံး " စုန့်ပိုင်သော် သည် ထိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူရင်း အပြုံးတစ်ခုဖြင့် ပြောလာခဲ့သည်။
အဲ့ဒီ ချန်ချင်းကုန်သွယ်ရေး ၏အဝင်ဝတွင် လူသူကင်းမဲ့နေမည့်မြင်ကွင်းကို သူကြိုမြင်နိုင်ပေသည်။ လုကျင်းမြို့ သည် ကုန်သွယ်ရေး လုပ်ငန်းများဖြင့်ပြည့်နှက်နေခဲ့ပြီဖြစ်ပြီး၊ ချန်ချင်းကုန်သွယ်ရေးလို လုပ်ငန်းသစ်လေးတစ်ခု မည်သို့တိုးဝင်နိုင်ပါမည်နည်း။
"အာ... " ဆိုင်အကူသည် ကို့ယို့ကားယားအမူအရာဖြင့် ပြောလာခဲ့၏။ "တကယ်တော့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက သိပ်ကောင်းတယ်ထင်တယ်။ လူတွေအများကြီး ချန်ချင်းကုန်သွယ်ရေး မှာပစ္စည်းတွေဝင်ဝယ်နေကြပြီး အမှာစာတွေအများကြီးတင်နေကြတာကိုတောင် ကျွန်တော်တွေ့ခဲ့တယ် "
"မဖြစ်နိုင်တာ" စုန့်ပိုင်သော် ၏မျက်နှာသည် ပြောင်းလဲသွားကာ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ပြောလာခဲ့၏။ " လုကျင်းမြို့ မှာကုန်သွယ်ရေးလုပ်ငန်းအသစ်တစ်ခုက ဘယ်လိုလုပ် ဒီလောက်အောင်မြင်နိုင်မှာလဲ၊ လူတွေငှားပြီးအယောင်ဆောင်ခိုင်းထားတာမျိုး ဖြစ်မလား"
ဆိုင်အကူသည် သူမြင်ခဲ့ရသမျှ ကြားခဲ့ရသမျှ အရာအားလုံးကို ပြန်ပြောပြလာခဲ့တော့သည်။
အဲဒါကို နားထောင်ရင်း စုန့်ပိုင်သော် တစ်ယောက် အံ့သြမှင်သက်သွားခဲ့၏။ ကုန်သွယ်ရေးလုပ်ငန်းတစ်ခုက ကုန်ပစ္စည်းတွေမရောင်းဘဲ အသင့်စား အစားအစာတွေ စတင်ရောင်းချတယ်တဲ့လား။ ဒီအံ့ဖွယ်လုပ်ဆောင်မှုကြီးကို ဘယ်ဉာဏ်ကြီးရှင်ကများ အကောင်အထည်ဖော်ခဲ့တာလဲ။
ပြီးတော့ အေးခဲထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းတယ်? အဲ့ဒါတွေက စားလို့ရောရရဲ့လား? အခုလိုဖန်တီးမှုမျိုးမှာ စုန့်ပိုင်သော် မတွေးနိုင်သောအရာပင်ဖြစ်၏။
ဆိုင်အကူ၏ ပြောပြမှုအရ အေးခဲထားသော အသီးအရွက်များရောင်းရုံသာမဟုတ်ပဲ အရသာ အထူးကောင်းမွန်သော အေးခဲထားသည့် ဟင်းလျာမျိုးစုံလည်း ရှိသေးကာ စားသောက်ဆိုင်ပေါင်းများစွာကလည်း အမှာစာများကြိုတင်ထားကြသေးသည်။
စုန့်ပိုင်သော် သူ့ကိုယ်သူ အနည်းငယ်တော့သံသယဖြစ်သွားမိ၏။ သူတို့သုံးသည့် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန် ထုတ်ကုန်တစ်ခုတည်းကိုသာ အားကိုးပြီး စျေးကွက်အတွင်း တဖြည်းဖြည်း ဝင်ရောက် ယှဉ်ပြိုင်သည့် နည်းလမ်းမျိုးကို အဲ့ဒီ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက မသုံးခဲ့ပေ။ သူတို့တွေ အစွမ်းအစတော့ရှိသားပဲ။
စုန့်ပိုင်သော် သည် ဤချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ နောက်ကွယ်တွင် မည်သူရှိနေသည်ကို သိချင်သွားမိ၏။ တကယ့်ကို ဉာဏ်ကောင်းတဲ့လူတစ်ယောက် ရှိနေပေသည်။
" ဒါပေမယ့်..." စုန့်ပိုင်သော် တီးတိုးရေရွတ်လိုက်၏။ "လုကျင်းမြို့ မှာ ခိုင်ခိုင်မာမာရပ်တည်ဖို့ဆိုဆိုရင် ဒီလောက်နဲ့ မလုံလောက်သေးဘူး " ပစ္စည်းကောင်းတွေရှိတော့ရော ဘာအသုံးဝင်မှာလဲ?
မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်း နဲ့ ယွင်လင် ကုန်သွယ်ရေး လုပ်ငန်း နှစ်ခုက လုကျင်းမြို့ မှာ နှစ်ပေါင်းများစွာ စိုးမိုးလာခဲ့တာလေ။ သူတို့ရဲ့ စျေးကွက် တစ်စိတ်တစ်ပိုင်းကို ကျေကျေနပ်နပ် စွန့်လွှတ်ပေးမှာတဲ့လား။
အပေါ်ယံမှာ အဆင်ပြေနေတယ်လို့ ထင်ရပေမယ့်လို့ နောက်ကွယ်မှာတော့ ရိုးရှင်းမှာ မဟုတ်ဘူး။ အထူးသဖြင့် မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းပဲ၊ သူတို့က အလွယ်တကူအလျော့ပေးမယ့်သူတွေမဟုတ်ဘူး။
မင်ဟိုင် ကုန်သွယ်ရေး ရဲ့နောက်ကွယ်မှာရှိတဲ့ ဟိုင် မိသားစုဆိုတာ မူလအဆင့် ကျွမ်းကျင်သူတစ်ဦးရှိပြီး ထင်ရှားကျော်ကြားတဲ့ မျိုးနွယ်စုတစ်ခုပဲ။ ဟိုင် မိသားစုကို ဆန့်ကျင်မယ်ဆိုရင် အရင်းအနှီးတွေ အများကြီးပေးဆပ်ရလိမ့်မယ်။
ဒါ့အပြင် မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်း ၏ခေါင်းဆောင် ဟိုင်တုံရှန့် သည် ရက်စက်ကြမ်းကြုတ်သော စရိုက်လက္ခဏာရှိသူတစ်ဦးဖြစ်၏။ ယခုအချိန်တွင် သူနှင့် ယွင်လင် ကုန်သွယ်ရေး လုပ်ငန်း ၏ခေါင်းဆောင် လင်းဝမ့်ဟွမ် တို့နှစ်ဦးစလုံးသည်လည်း ထိုသတင်းများကို ရရှိကြပြီးဖြစ်ပေလိမ့်မည်။
လုကျင်းမြို့ တွင် ချန်ချင်း ကုန်သွယ်ရေး ဟုခေါ်သော ကုန်သွယ်ရေး လုပ်ငန်းသစ်ကြီးတစ်ခု ဖွင့်လှစ်လိုက်ချေပြီ။
" ခေါင်းဆောင်၊ လုကျင်းမြို့ မှာ ရုတ်တရက် ပေါ်လာတဲ့ အဲ့ဒီ ချန်ချင်း ကုန်သွယ်ရေး မှာ ကျွန်မတို့နဲ့ ယှဉ်ပြိုင်လိုတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ သိသာပါတယ်။ မင်ဟုန်ခရိုင်တစ်ခုလုံးကို ကျွန်မတို့ ယွင်လင် ကုန်သွယ်ရေး နဲ့ မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းစုနှစ်ခုက လွှမ်းမိုးထားတယ်ဆိုတာ သူတို့ သေချာပေါက် သတိပြုမိလိမ့်မယ်။ ကြည့်ရတာသူတို့မှာ နောက်ခံကောင်းကောင်းရှိနေတဲ့ပုံပဲ " လင်းဝမ့်ဟွမ် ၏ရှေ့တွင် အမျိုးသမီးတစ်ဦးသည် မျက်မှောင်ကြုတ်ကာ ပြောနေခဲ့၏။
ချန်ချင်းကုန်သွယ်ရေး လုပ်ငန်း ရုတ်တရက်ပေါ်ထွက်လာခြင်းသည် သူမကို ပဟေဠိဖြစ်စေခဲ့သည်။ လင်းဝမ့်ဟွမ် သည် သူမလက်ထဲရှိ စာရွက်စာတမ်းများကိုကြည့်ပြီး ခေါင်းကိုမော့ကာ ထိုအမျိုးသမီးကိုပြောလိုက်၏။ " အဒေါ် မုန့် ၊ ချန်ချင်း ကုန်သွယ်ရေး မှာ ကြိုတင်ပြင်ဆင်ထားတာတစ်ခုမှမရှိရင် သူတို့တွေအခုလို မဆင်မခြင် လာဖွင့်မှာမဟုတ်ဘူး။ ကျွန်မအဖေဆီကို စာတစ်စောင် ပို့ပြီး ဒီ ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းကိုစုံစမ်းဖို့ ယွင်လင် ဂိုဏ်းကို အကူအညီတောင်းလိုက်ပါ "
" ကောင်းပါပြီ " အမျိုးသမီးသည် ခေါင်းညိတ်ကာ ဖြေလိုက်၏။ လင်းဝမ့်ဟွမ် သည် ပြတင်းတံခါး အပြင်ဖက်သို့တစ်ချက်ဝေ့ကြည့်ကာ ပြုံးလိုက်၏။ " အသင့်စား အစားအစာတွေ ဟုတ်လား? တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ဆန်းသစ်တီထွင်မှုတော့ရှိသားပဲ။ ဒါပေမယ့် မင်းတို့ရဲ့ ဒီလုပ်ဆောင်မှုကြီးက ကုန်သွယ်ရေး လုပ်ငန်းအားလုံးကိုတင်မကဘူး စားသောက်ဆိုင်လုပ်ငန်းတချို့ကိုပါ အပြစ်လုပ်လိုက်မိတာပဲ!"
အချို့သော စားသောက်ဆိုင်လေးတွေက ချန်ချင်းကုန်သွယ်ရေး မှ ထို အသင့်စားအစားအစာများကိုဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချကြပေလိမ့်မည်။
သို့သော် နာမည်ကြီး စားသောက်ဆိုင်များအတွက်ကတော့ ယခုလိုအသင့်စား အစားအစာများ ရုတ်တရက်ပေါ်ပေါက်လာခြင်းသည် ၎င်းတို့၏ စီးပွားရေးကို ကြီးမားသော သက်ရောက်မှုဖြစ်စေလိမ့်မည်။
အရင်တုန်းကတော့ လူတွေဟာ အစားအသောက်ကောင်းတွေစားဖို့ စားသောက်ဆိုင်တွေကို သွားလေ့ရှိကြသည်။ ယခုတော့? အိမ်မှာတင်ပဲ အသင့်စား အစားအစာတွေကို အပူလေးပေးကာစားကြပေလိမ့်မည်။
ထိုအရာသည် သူတို့၏ လုပ်ငန်းကို များစွာ နစ်နာစေတော့သည်။ ဒါ့အပြင်၊ ထိုအသင့်စား အစားအစာများ၏ အရသာသည် သူတို့၏ စားသောက်ဆိုင်များမှထင်ရှားသော ဟင်းလျာအချို့ထက်ပင် ပိုမိုကောင်းမွန်နေခဲ့သည် ။
သူတို့ဆိုင်မှ အဓိက ဟင်းလျာများ၏ အားသာချက်များ ဆုံးရှုံးသွားခြင်းသည် သူတို့၏ စားသောက်ဆိုင်များ ကြီးစွာသော ဆုံးရှုံးမှုကိုရင်ဆိုင်လိုက်ရခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ချန်ချင်းကုန်သွယ်ရေး သည် လုကျင်းမြို့ ရှိ ဘက်ပေါင်းစုံမှ ရန်သူများနှင့် ရင်ဆိုင်ရတော့မည်ကို လင်းဝမ့်ဟွမ် ကြိုတင်ခန့်မှန်းနိုင်ပေသည်။ သူမအနေဖြင့် အလျင်စလိုတုန့်ပြန်နေစရာမလိုပေ။ တစ်လမပြည့်ခင်မှာပဲ အဲ့ဒီ ချန်ချင်းကုန်သွယ်ရေးအရှက်တကွဲအကျိုးနည်း ဖြစ်သွားပေလိမ့်မည်။
ဒါ့အပြင်၊ ဟိုင် မိသားစုမှ ဟိုင်တုံရှန့် သည် သဘောထားသေးသိမ်သော လူတစ်ဦးဖြစ်သည်။ သူကတော့ ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ပေ။
" ခေါင်းဆောင်၊ နေ့လည်ရောက်ပြီလေ။ နေ့လယ်စာ ဘာစားချင်ပါသလဲ၊ အစေခံတွေကို ပြင်ဆင်ခိုင်းလိုက်ပါ့မယ်" အဒေါ် မုံ့ သည် လင်းဝမ့်ဟွမ် ကို မေးလိုက်၏။
"ဘာစားရမလဲ?" လင်းဝမ့်ဟွမ် သည် မျက်တောင်တစ်ချက်ဖြတ်ကနဲခတ်လိုက်ပြီး ပြုံးကာပြောလိုက်၏။ "ချန်ချင်းကုန်သွယ်ရေး က အသင့်စားအစာအစာတစ်ပွဲ ဝယ်ပြီး မြည်းစမ်းကြည့်တာပေါ့ "
"ဟင်?" လင်းဝမ့်ဟွမ် ၏ ပြောစကားကြောင့် အဒေါ် မုံ့သည် သိသိသာသာပင် အံ့ဩသွားခဲ့သည်။
" အဲ့ဒီ အသင့်စား အစားအစာတွေရဲ့ အရသာကို ကျွန်တော် အရမ်း သိချင်နေတယ်" လင်းဝမ့်ဟွမ် သည် အပြုံးတစ်ခုနှင့်ပြောလာခဲ့၏။
" ကောင်းပါပြီ၊ ကျွန်မသူတို့ကို ချက်ချင်းသွားဝယ်ခိုင်းလိုက်ပါ့မယ်"
... ပထမနေ့တစ်ရက်တည်းမှာပင် ချန်ချင်းကုန်သွယ်ရေး ၏ ၀င်ငွေသည် အတော်လေး ကောင်းမွန်နေခဲ့သည်။
မျိုးနွယ်စုလေးများ၏ အကြီးအကဲများသည် အလွန်ကျေနပ်နေကြ၏။ ယနေ့တွင် သူတို့သည် စားသောက်ဆိုင်များမှ အမှာစာများလည်း ရာနှင့်ချီ၍ လက်ခံရရှိခဲ့သည်။
ဒါ့အပြင်၊ ချန်ချင်းကုန်သွယ်ရေးမှ စျေးချိုသော ကုန်ပစ္စည်းအချို့သည်လည်း ဝယ်သူများများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့၏ ချန်ချင်းကုန်သွယ်ရေးသည် ကုန်သွယ်ရေးလုပ်ငန်းအသစ်တစ်ခုဖြစ်ပြီး ကြာရှည်ရပ်တည်နိုင်မည်မဟုတ်ဟု လူအများအပြားကထင်မြင်ထားကြသော်လည်း တစ်ခါလောက်စမ်းကြည့်ရန် အမှာစာတင်ထားသူများလည်း ရှိသေးသည်။
ယန်လီရှန့် သည် ယနေ့ ၀င်ငွေများကို ကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်နေခဲ့သည်။ ဒါက သူမျှော်မှန်းထားတာထက်ပင် အများကြီး ပိုကောင်းနေပေသည်။
သို့သော် ဤအဆင့်သည် ချန်ချင်းကုန်သွယ်ရေး ၏ ပထမဆုံးခြေလှမ်းမျှသာဖြစ်ကြောင်းကို ယန်လီရှန့် သိပေသည်။ တကယ့် စစ်ပွဲက အခုထိ မစသေးပေ ။
လခြမ်းကွေးလေးတစ်ခုက ကောင်းကင်မှာ ချိတ်ဆွဲနေ၏။ အလွန်လှပသော ခြံဝင်းတစ်ခုထဲတွင် ရေပူစမ်း ကန်လေးတစ်ခုလည်းရှိနေပေသည်။ ထိုရေပူစမ်းမှ ရေများသည် ပွက်ပွက်ဆူနေပြီး ကောင်းကင်မှ လရောင်ကလည်း ရောင်ပြန်ဟပ်နေသေးသည်။
ထိုအခိုက်အတန့်တွင် ရေပူစမ်းထဲတွင် လူတစ်ယောက် ကိုယ်လုံးတီးနှင့် ရေစိမ်နေ၏။ ရေများသည် ကြက်ဥပြုတ်လို့ရလောက်အောင် ပူနေသော်လည်း ထိုလူသည် လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့်ပင်။ သူ၏ ခန္ဓာကိုယ်သည်လည်း မြင့်မားသော အပူချိန်ကို လုံးဝမမှုပေ။ သူ့ကိုကြည့်ရသည်မှာ ထိုကဲ့သို့ပြုလုပ်ရတာကို နှစ်သက်သဘောကျသည့်ဟန်ရှိသည်။
သူ၏မျက်လုံးများသည် သိမ်းငှက်တစ် ကောင်၏ မျက်လုံးများကဲ့သို့စူးရှနေပြီး ဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအားတစ်ခုကို လူတိုင်းအားခံစားရစေသည်။ ထိုသူသည် မူလအဆင့် ကျင့်ကြံသူတစ်ဦးပင်ဖြစ်၏။
"အကြီးဆုံး သခင်လေး "
ထိုအချိန်တွင်၊ အဘိုးအို တစ်ယောက်သည် ဟိုင်တုံရှန့် ထံသို့ တလေးတစားဖြင့် ချဉ်းကပ်လာခဲ့သည်။
" ချန်ချင်းကုန်သွယ်ရေး ရဲ့ နောက်ခံကို စုံစမ်းပြီးပြီလား?" ဟိုင်တုံရှန့် သည် ပျင်းရိသောအမူအရာဖြင့် မေးမြန်းလိုက်၏။
" ဟုတ်ကဲ့၊ စုံစမ်းပြီးပါပြီ " အဘိုးအိုသည် တိုးညှင်းသော အသံဖြင့် ပြောလာခဲ့သည်။ " ချန်ချင်းကုန်သွယ်ရေး ဆိုတာ ချန်ထင်မြို့က မျိုးနွယ်စုများစွာ ရဲ့ ဖက်စပ်လုပ်ငန်းတစ်ခုပါ။ ခေါင်းဆောင်ကတော့ ချန်ထင်မြို့က ယန် မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် ယန်ပါးထောင် လို့ခေါ်ပါတယ် "
" ချန်ထင် မြို့?" ဟိုင်တုံရှန့် လှောင်ရယ်လိုက်၏။ " ဟမ့်၊ နေရာသေးသေးလေးတစ်ခုကလာတဲ့ ဘာအဆင့်မှမရှိတဲ့သူတစ်ယောက်က လုကျင်းမြို့ ကို စီးပွားရေးလာလုပ်ရဲတယ်ပေါ့လေ "
" အကြီးဆုံးသခင်လေး ရှိပါတယ်။ သူက မူလအဆင့် ကိုရောက်နေပါပြီ" အဘိုးအိုသည် လေးလေးစားစားပြောလာခဲ့၏။
" ယန်ပါးထောင်..." ဟိုင်တုံရှန့် မျက်မှောင်ကြုတ်လိုက်၏။ "ဒီနာမည်ကို ဘာလို့ ရင်းနှီးတာပါလိမ့်၊ တစ်နေရာရာမှာ ကြားဖူးသလိုပဲ "
"ဟုတ်ပါတယ်၊ အဲ့ဒီ ယန်ပါးထောင် ဆိုတာ အရင်က အမည်ပျက် စာရင်းထဲက မာစန်းထောင်ကို သတ်ခဲ့ပြီး ကျန့်ဟယ်ဌာန က ဆုချီးမြှင့်တာခံခဲ့ရတဲ့သူပါ" အဘိုးအိုက ဟိုင်တုံရှန့် ကို ပြန်သတိပေးလိုက်၏။
ဟိုင်တုံရှန့် ရုတ်တရက် သဘောပေါက်သွားခဲ့၏။ ဪ အဲ့လူက သူပေါ့။
" မာစန်းထောင်ကို သတ်နိုင်ခဲ့တဲ့လူပေါ့လေ " ဟိုင်တုံရှန့် ရယ်မောလိုက်ပြန်၏။ " မူလအဆင့်ရဲ့ ခွန်အားလေးရှိရုံနဲ့ လုကျင်းမြို့ ကို လာပြီး တစ်စုံတစ်ရာ ရဖို့ မျှော်လင့်နေတာလား။ သူ့နေရာကို သူတကယ်မသိတာပဲ။ ဒါ့အပြင် ကုန်သွယ်ရေးလုပ်ငန်း တစ်ခုမဖွင့်ခင်မှာ သူက ငါတို့ရဲ့ ဟိုင် မိသားစုဆီကိုလာပြီး ဂါရဝပြု လက်ဆောင်တောင် လာမပေးဘူးပေါ့။ ဒီစည်းကမ်းလေးကိုတောင် မသိတာလား "
" နေရာသေးသေးလေးကလူတွေက စည်းကမ်းတွေကို နားမလည်ကြပါဘူး။ မူလအဆင့် လေးရောက်တာနဲ့ စိတ်ကြီးဝင်နေတဲ့ပုံပါပဲ" အဘိုးအိုသည်လည်း အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်။
" သူသာ အသိတရားရှိခဲ့မယ်ဆိုရင် လုကျင်းမြို့ မှာ နေရာလေးတစ်ခုလောက်ဖဲ့ပေးပြီး ဝင်ငွေလေးနည်းနည်းရအောင် ငါ ဖန်တီးပေးမှာပါ။ ဒါပေမယ့်လည်း အခုအချိန်မှာ အသိတရားရဖို့ ဆန္ဒရှိအုံးမယ်ဆိုရင်တော့ကောင်းတာပေါ့။ ငါ သူ့ကို အခွင့်အရေးတစ်ခုတော့ပေးမယ် " ဟိုင်တုံရှန့် သည် ပြတ်ပြတ်သားသားပင် ပြောလာခဲ့သည်။
"အကြီးဆုံး သခင်လေး ၊ ငါတို့ ဒီအကြောင်းကို သခင်ကြီး ကို အကြောင်းကြားသင့်သလား။ ချန်ချင်းကုန်သွယ်ရေး ရဲ့ နောက်ကွယ်မှာ ပါရမီရှင် အဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိနေတာဆိုတော့ ဆက်ဆံရေးကို တင်းမာအောင် လုပ်လိုက်မိရင် မကောင်းပါဘူး" အဘိုးအိုက ကြင်နာစွာ ဖြင့် သတိပေးလိုက်လေသည်။
" ဘယ်လိုလုပ်ရမယ်ဆိုတာ ငါ့ကိုလာသင်ပေးနေတာလား " ဟိုင်တုံရှန့် သည် အဘိုးအိုကို အေးစက်စက်အကြည့် တစ်ချက်ဖြင့် ကြည့်ကာ ပြောလိုက်၏။
" ကျွန်တော် မလုပ်ရဲပါဘူး " အဘိုးအိုက ခေါင်းကို အမြန်ငုံ့ကာ ပြောလိုက်လေသည်။
"တကယ်တော့၊ ပါရမီရှင်အဆင့် ကျွမ်းကျင်သူတစ်ယောက်နဲ့ ရန်သူဖြစ်ရတာ ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကံကောင်းထောက်မပြီး အဆင့်တက်ခွင့်ရလိုက်တဲ့ ကျွမ်းကျင်သူတစ်ယောက်က ငါတို့ရဲ့ ဟိုင် မိသားစုရှေ့မှာတော့ ဘာမှမဟုတ်ဘူးလေ "
ဟိုင်တုံရှန့် သည် ရုတ်တရက်မတ်တပ်ထရပ်ကာ ရေပူစမ်းကန်ထဲမှ ထွက်လာခဲ့သည်။ အဘိုးအိုကအလိုက်တသိဖြင့်ပင် သူ့ကိုယ်ပေါ်မှာ ခြုံဖို့ ပုဝါတစ်ထည်ကို အမြန်ယူလာပေးလိုက်၏။
ဟိုင်တုံရှန့် သည် သူ့လည်ပင်းကို အနည်းငယ်လှုပ်ရှားလိုက်ပြီး "မနက်ဖြန် ငါ့တို့ ဟိုင် မိသားစုရဲ့ကိုယ်စား တစ်ယောက်ယောက်ကိုလွှတ်ပြီး သူတို့ကို အသိပေးခိုင်းလိုက်ပါ။ ငါတို့ ဟိုင် မိသားစုက သူတို့ချန်ချင်း ကုန်သွယ်ရေး ရဲ့ အသင့်စား အစားအစာ ဈေးကွက်ကို တစ်ဦးတည်းပိုင်အဖြစ် လက်ဝါးကြီးအုပ်ထားဖို့အတွက် သူတို့ရဲ့ ချက်ပြုတ်နည်းအားလုံးကိုငွေတုံး ငါးထောင် ပေးပြီး ကမ်းလှမ်းမယ်။ အဲဒီအချိန်ကစပြီး သူတို့ဟာ ချန်ချင်းကုန်သွယ်ရေး ဆိုတဲ့ နာမည်ကိုအသုံးပြုလို့မရနိုင်တော့ဘဲ တခြားစီးပွားရေးလုပ်ငန်းတစ်ခုကို ပြောင်းလဲရလိမ့်မယ် "