← Chapters

တော်ဝင်မိသားစု ရောက်လာတယ်

Vol. 11 Ch. 102

တော်ဝင်မိသားစု ရောက်လာတယ်

Vol. 11 Ch. 102

" ဟုတ်ကဲ့ " အကြီးအကဲက လျင်မြန်စွာ အရိုအသေပေး၍ ပြောလိုက်သည်။ " မနက်ဖြန် ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းကို ခင်ဗျားရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သတ်ပြီး တစ်ယောက်ယောက်ကို အသိပေးခိုင်းလိုက်ပါ့မယ် "

" ပြီးတော့ ဒီနေ့ သခင်ကြီးက လူတစ်ယောက်ကို ဒုတိယ သခင်လေးက ခုတစ်လော စိတ်အခြေအနေ မကောင်းဘူးလို့ ပြောခိုင်းလိုက်တယ်။ သခင်ကြီးရဲ့ ရည်ရွယ်ချက်က ဒုတိယ သခင်လေးကို အလုပ် တစ်ခုခု ရှိစေချင်နေတာ ဖြစ်လို့ သူက မင်းကို မဆုတ်မနစ်မြို့ က မင်ဟိုင်အခွဲ ကို ဒုတိယ သခင်လေးဆီ လွှဲပြောင်း ပေးစေချင်နေတယ် "

" ဟမ် "

" အဲဒီ အမှိုက်ကောင်ကိုပေါ့လေ " ဟိုင်တုံရှန့် ဟာ သူ့ညီကို သိသိသာသာပင် အထင်သေးပြီး အေးစက်စက် ပြောလိုက်တယ်။

" သူက ကလေးဘဝကတည်းက အမှိုက်ကောင် ဖြစ်လာတာကို ကြီးလာတော့လည်း အမှိုက်ကောင် ဖြစ်နေတုန်းပဲ။ သူ့မှာ ရည်မှန်းချက် လုံးဝ မရှိဘူး။ သူ မဆုတ်မနစ်မြို့ ကို ရွေးလိုက်တာကလည်း ရှေးဟောင်း တာအိုဂိုဏ်းနဲ့ နီးလို့ ဖြစ်နိုင်တယ် "

" သူက လုမိသားစု က မိန်းမကို ခုထိ မေ့လို့ မရသေးဘူးပေါ့။ အဲ့မိန်းမကဖြင့် တစ္ဆေမျိုးနွယ်စုက လူတစ်ယောက်နဲ့ ထွက်သွားတာတောင် သူက အဲ့မိန်းမအကြောင်း တွေးနေသေးတာလား။ သူကတော့ ဒီဘဝမှာ အရှုံးသမား တစ်ယောက်ဖြစ်ဖို့ ကံပါလာတာပဲ "

ယနေ့၌ ချန်ထင်မြို့တွင် အမျိုးသမီး တစ်ယောက်သည် အဖြူရောင် မြင်းကောင်း တစ်ကောင်ကို စီးလျက် ချန်ထင်မြို့သို့ ရောက်လာလေသည်။ ထိုမြင်းကို ဦးဆောင် လမ်းပြလာသူမှာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ဖြစ်လေသည်။

ထိုအမျိုးသားသည် စစ်မြေပြင်မှ စစ်သားတစ်ယောက်ကဲ့သို့ ဆုံးဖြတ်ချက် ခိုင်မာသည့် မျက်လုံးများရှိပြီး အားကောင်း၍ ရဲရင့်လေသည်။

" သခင်မ ၄ ဒါက ချန်ထင်မြို့ပါ။ ယန်မိသားစုက ဒီမြို့က ဖြစ်မယ်။ ပြီးကျရင် ကျွန်တော် တစ်ယောက်ယောက်ကို မေးလိုက်မယ် " ထိုအမျိုးသားသည် မြင်းပေါ်က အမျိုးသမီးအား လှည့်၍ပြောလိုက်သည်။

" ဟွမ်ရှင်း မင်း လူတွေကို မေးတဲ့အခါ ယဉ်ကျေးပါ။ ဒေသခံ လူတွေကို မခြောက်လှန့်မိစေနဲ့ " အမျိုးသမီးသည် ချိုသာစွာ ပြောလိုက်သည်။

" မစိုးရိမ်ပါနဲ့ သခင်မ " ထိုအမျိုးသားသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ရဲ့ အရှိန်အဝါကို ထိန်းလျက် အခြားသူများအား လမ်းမေးမြန်းရန် ထွက်သွားလေသည်။

အမျိုးသမီးသည် မြင်းပေါ်တွင် ထိုင်လျက် လှည့်ပတ်ကြည့်နေလေသည်။ ထိုအချိန်တွင် လူများစွာသည် သူမအား သတိထားမိသွားကြသည်။ သူမက မင်သက်သွားလောက်အောင် လှပလို့ မဟုတ်ဘဲ သူမစီးတဲ့ မြင်းက နှိုင်းယှဉ်လို့ မရလောက်အောင် လှပ၍ ဖြစ်သည်။

မြင်းရဲ့ တစ်ကိုယ်လုံးသည် အဖြူချည်း သပ်သပ် ဖြစ်ပြီး အပြစ်အနာအဆာ ဟူ၍ မရှိပေ။ သူ့ရဲ့ လည်ဆံမွှေးကတောင် အဖြူသန့်သန့် ဖြစ်ပြီး သန်မာ အားကောင်း၍ ခံ့ညားနေလေသည်။

တစ်ချိန်တည်းတွင် မြင်းပေါ်ရှိ အမျိုးသမီးသည်လည်း သာမန်ထက် ထူးခြားနေလေသည်။ လူများစွာသည် ထိုအမျိုးသမီးက ဘယ်သူဆိုတာကို ခန့်မှန်းနေကြလေသည်။

" အနည်းဆုံးတော့ ချန်ထင်မြို့မှာ အဲလို လှပတဲ့ မြင်းမျိုး ပိုင်ဆိုင်တဲ့ မိသားစု မရှိနိုင်ပေ။ လူများစွာက သိချင်ကြသော်လည်း ဘယ်သူမှ မကပ်ရဲပေ။ ဒီလို အမူအကျင့် နဲ့ မြင်း ရှိတဲ့လူဟာ သူတို့ ပစ်မှားလို့ရတဲ့ လူမဟုတ်နိုင်ပေ။

" သခင်မ ကျွန်တော် မေးခဲ့ပြီ။ အဲဒါက ဒီလမ်းပဲ " ဟွမ်ရှင်း သည် မြင်းကို သဘောကျနေကြသော လူအုပ်ကြီးအား တစ်ချက် ကြည့်လိုက်သည်။ လူအုပ်ကြီးမှာ ဟွမ်ရှင်း ထံမှ ခြိမ်းခြောက်သည့် အကြည့်အား ခံစားလိုက်ကြရသည်။

အဲလူ မျက်လုံးတွေက တစ်ကယ် ကြောက်ဖို့ ကောင်းတာပဲ။ သူတို့ နှစ်ယောက်သည် ယန်မိသားစု၏ ဂိတ်တံခါးပေါက်သို့ ရောက်လာကြသည်။

" ရပ် " ယန်မိသားစုရဲ့ အစောင့်သည် ချက်ချင်းပင် သူတို့အား တားလိုက်သည်။

" မင်းတို့ရဲ့ မိသားစု ခေါင်းဆောင် ယန်ပါးထောင်ကို တွေ့ဖို့လာတာ " ဟွမ်ရှင်း သည် ရှေ့တိုး၍ ပြောလိုက်သည်။

" ငါတို့ မိသားစု ခေါင်းဆောင်ကို မင်းတွေ့ချင်တိုင်း တွေ့လို့ရတယ် ထင်နေလား " အစောင့်သည် ထိုလူနှစ်ဦးမှာ ထူးခြားသော သူများဖြစ်သည်ကို တွေ့သော်လည်း လူတိုင်းကို ယန်ပါးထောင်နှင့် တွေ့ခွင့်ပြု၍ မရပေ။

ဟွမ်ရှင်း သည် အမျိုးသမီးငယ်အား ပြန်လှည့်ကြည့်လိုက်သည်။ အမျိုးသမီးငယ်သည် အသာအယာ ခေါင်းညိတ်ပြလိုက်ရာ ရှေ့သို့တိုး၍ အစောင့်အား တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။

အစောင့်ရဲ့မျက်နှာသည် တစ်ဖြည်းဖြည်း ပြောင်းလဲလာသည်။ သူသည် အမျိုးသမီးငယ်အား လှမ်းကြည့်ပြီးနောက် လျင်မြန်စွာ ပြောလိုက်သည်။ " တောင်းပန်ပါတယ်။ ခင်ဗျား ဘယ်သူဆိုတာ မသိလိုက်လို့ပါ။ ဒါပေမယ့် ကျုပ်တို့ မိသားစု ခေါင်းဆောင်က ဒီမှာ မရှိဘူး။ သူ လုကျင်းမြို့ ကို သွားတယ် "

" သူက ဒီမှာ မရှိဘူးလား " ဟွမ်ရှင်း သည် မျက်မှောင် ကြုတ်လိုက်မိသည်။

" ဘယ်အချိန် ပြန်ရောက်မှာလဲ "

" ကျုပ် သေချာမသိဘူး " အစောင့်သည် ခေါင်းရမ်းပြလိုက်သည်။

" သခင်မ ၄ ကျွန်တော်တို့ ဘာလုပ်ကြမလဲ " ဟွမ်ရှင်း သည် အမျိုးသမီးငယ်ဆီသို့ ပြန်လာပြီး အခြေအနေအား ပြောပြလိုက်သည်။

" ကိစ္စမရှိဘူး " အမျိုးသမီးငယ်သည် အေးအေးဆေးဆေးပင် ပြောလိုက်သည်။ " ယန်ပါးထောင် အိမ်မှာမရှိဘူးဆိုရင်လည်း ယန်မိသားစုအတွက် ဆုံးဖြတ်ချက်ချလို့ရတဲ့ တစ်ယောက်ယောက်နဲ့ တွေ့ခွင့်ပြုပါ "

" ဟုတ်ကဲ့။ ကျွန်တော် တစ်ယောက်ယောက်ကို သွားရှာလိုက်ဦးမယ် " အစောင့်သည် တစ်စုံတစ်ယောက်အား ရှာရန် မြန်မြန် လှည့်ထွက်သွားတော့သည်။

" သခင်မ ကျွန်တော်တို့ ယန်ပါးထောင်နဲ့မှ မတွေ့ရရင် အခြား တစ်ယောက်နဲ့ တွေ့တာ ဘာအသုံးဝင်မှာလဲ " ဟွမ်ရှင်း သည် အံ့အားသင့်စွာ မေးလိုက်မိသည်။

" မာစန်းထောင်ကို ယန်ပါးထောင်က သတ်တာ မဟုတ်ဘူး " အမျိုးသမီးသည် ခေါင်းကို ခါယမ်းလိုက်သည်။ " အဲဒီနေ့က ငါအဲဒီမှာ မရှိပေမယ့် ယန်ပါးထောင်က မူလအဆင့် ရဲ့ စဦးကို ဝင်ရောက်ရုံပဲ ရှိသေးတယ်လို့ ငါ့ ဆရာသခင်ဆီက ကြားဖူးတယ်။ စွမ်းအားအရဆိုရင် ယန်ပါးထောင်က မာစန်းထောင်အတွက် ပြိုင်ဘက်မဟုတ်ဘူး။ သူက ဘယ်လိုလုပ် မာစန်းထောင်ကို သတ်နိုင်မှာလဲ "

" ယန်မိသားစုရဲ့ နောက်ကွယ်မှာ ပိုပြီး စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက် ရှိရမယ်။ ပြီးတော့ အဲ့ပစ္စည်းကလည်း အဲလူ့ လက်ထဲမှာ ဖြစ်မယ် " အမျိုးသမီးသည် ယုံကြည်ချက် ရှိရှိပင် ပြောလိုက်သည်။

" ချန်ထင်မြို့ရဲ့ ယန်မိသားစု သေးသေးလေးက အဲ့လို နဂါး နဲ့ ကျားလိုစွမ်းတဲ့ လူကို တကယ်ပဲ ဖုန်းကွယ်ထားနိုင်ပါ့မလား " ဟွမ်ရှင်း ဟာ အနည်းငယ် မယုံသင်္ကာ ဖြစ်နေလေသည်။ ဒီလို မိသားစု သေးသေးလေးမှာ မူလအဆင့်တစ်ယောက် အပြင် နောက်ထပ် ကျွမ်းကျင်သူ တစ်ယောက် ထွက်လာနိုင်ပါ့မလား။

လီချန်ချင်းသည် ခြံဝင်းရဲ့ အနောက်ဘက်က ဝါးတောထဲတွင် ပန်းပု ထုနေလေသည်။ ထိုဝါးတောထဲကို လီချန်ချင်းမှ လွဲ၍ ဘယ်သူ့ကိုမျှ ဝင့်ခွင့်ပြုမထားဘဲ အပြင်ဘက်တွင် ဖေးက စောင့်ကြပ်ပေးနေလေသည်။

လီချန်ချင်းဟာ သူ့ရဲ့ ပန်းပုတွေက အလွန် အစွမ်းထက်သည်ကို သိလာတာကြောင့် သူ့ကို ပစ်မှတ်ထားလာခြင်းမှ ကာကွယ်ရန် သတိထားလာပြီး အခြားသူများကို အလွယ်တကူ မြင်ခွင့် မပြုတော့ပေ။

လီချန်ချင်းသည် အချိန်အကြာကြီး မပြုလုပ်ဘဲနေလျှင် မကျွမ်းကျင်တော့မည်ကို စိုးရိမ်၍ နေ့စဉ် လေ့ကျင့်နေလေသည်။ ထို့အပြင် လီချင်ချန်းသည် သူ ပန်းပုထုနေလျှင် သူ့ရဲ့ နတ်ဘုရား ဝိဉာဉ်ဟာ စုစည်းလာပြီး ကျင့်ကြံရေးကို တိုးလာစေနိုင်သည်ကို သိလာခဲ့သည်။

ပန်းချီ ဆရာများ ပန်းချီ ဆွဲခြင်းနှင့် အခြေခံသဘောတရား တူလေသည်။

" သခင်ကြီး ချန်ချင်း " ထိုအချိန်တွင် ကျန့်ဖုကွမ်း ရဲ့ အသံဟာ အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။ " ယန်မိသာစု အကြီးအကဲ နှစ်ယောက်က သခင်ကြီးကို လာတွေ့ပါတယ် "

" ငါသိပြီ။ အဲ့ဒီ့ကို သွားလိုက်မယ် " လီချန်ချင်းသည် ယန်မိသားစုက ကိစ္စ မရှိဘဲ ဘာလို့ နှောင့်ယှက်လဲဆိုတာ သိချင်၍ လုပ်လက်စ အလုပ်ကို ချထားခဲ့လိုက်သည်။

လီချန်ချင်း အပြင်ရောက်တဲ့အခါ ယန်မိသားစု အကြီးအကဲနှစ်ယောက်က သူ့အား လေးစားစွာ စောင့်ဆိုင်းနေတာကို တွေ့လိုက်ရတယ်။ " တစ်ခုခု ရှိလို့လား " လီချန်ချင်းသည် ညစ်ပေနေသော လက်တွေကို သုတ်လိုက်၏။

" မဟာ အကြီးအကဲ အပြင်ဘက်မှာ တစ်စုံ တစ်ယောက်က မိသားစု ခေါင်းဆောင်ကို တွေ့ခွင့်တောင်းနေပြီးတော့ ခေါင်းဆောင်က ဒီမှာမရှိပါဘူး " အကြီးအကဲ တစ်ယောက်သည် တုံ့ဆိုင်းသွားသည်။ " ရောက်လာသူရဲ့ အဆင့်အတန်းက တော်တော်မြင့်တော့ ကျွန်တော်တို့ ယန်မိသားစုအနေနဲ့ မတွေ့လို့ မရပါဘူး။ ကျွန်တော်တို့တော့ တစ်ယောက်ယောက်က တာဝန်ယူပြီး တွေ့ပေးဖို့ မျှော်လင့်ပါတယ်။ အဲဒါ မဟာအကြီးအကဲ အတွက် တွေ့ပေးလို့ အဆင်ပြေမလား မသိဘူး "

" အဲဒါက ဘယ်သူမို့လဲ " လီချန်ချင်းသည် အနည်းငယ် အံ့အားသင့်သွားရသည်။ ဘယ်လို ထူးခြားတဲ့ ဧည့်သည်က ယန်မိသားစုကို လာခဲ့တာမို့လဲ။ အကြီးအကဲ နောက်တစ်ယောက်သည် ပဟေဠိဆန်စွာ ပြောလိုက်သည်။ " ဧည့်သည်က အမျိုးသမီး တစ်ယောက်ပါ။ သူမဘေးက လူတွေရဲ့ တင်ပြချက်အရတော့ သူမက ကျန့်ဟယ် ဌာနက ပန်းချီဆရာ တစ်ယောက်တဲ့။ ပြီးတော့ ကျွန်တော်တို့လည်း သူမအကြောင်း ကြားဖူးတယ်။ သူမနာမည်က ယင်ရှုယွီ ဖြစ်ပြီးတော့ မြောက်ပိုင်း အေးခဲ နိုင်ငံ က တော်ဝင်မိသားစုနဲ့လည်း ကြီးမားတဲ့ ဆက်နွှယ်မှုရှိတယ် "

" ပန်းချီ ဆရာလား " လီချန်ချင်း စိတ်ဝင်စားသွားသည်။ လီချန်ချင်းအနေနဲ့ စန်းယွမ်နယ်မြေကို ရောက်လာကတည်းက လီကျင်းစုန့်ကလွဲပြီး တခြား ပန်းချီပညာရှင်ကို မမြင်ဖူးသေးပေ။ ဒီပုဂ္ဂိုလ်က ယန်မိသားစုကနေ ဘာကိုလိုချင်နေတာလဲ။

ကျန့်ဟယ်ဌာနလို့ ပြောပုံအရတော့ မာစန်းထောင်နဲ့ ပတ်သတ်ပြီးများ ဖြစ်နေမလားဆိုတာကို လီချန်ချင်းအနေနဲ့ တွေးမိသွားရသည်။

" ဒါဆို သူမကို ဝင်ခိုင်းလိုက်ပါ " လီချန်ချင်းက ပြောလိုက်၏။ " သူမ ငါ့ဆီကို လာလို့ရတယ် "

" ဟုတ်ကဲ့ ! " အကြီးအကဲ နှစ်ယောက်သည် ချက်ချင်း သဘောတူလိုက်သည်။ လီချန်ချင်းအနေနဲ့ ပန်းချီပညာရှင်တွေနဲ့ ပတ်သတ်ပြီး မေးစရာ အများကြီး ရှိနေ၍ မေးလို့ရတဲ့ တစ်ယောက်ယောက်ကို တွေ့ချင်ခဲ့ပေမယ့် ရင်းနှီးကျွမ်းဝင်နေသောသူကို မသိခဲ့ပေ။

သူနဲ့ လီကျင်းစုန့်ရဲ့ ဆက်ဆံရေးက မကောင်းပေ။ သူ့ကို ကျေးဇူး မတင်ရသေးခင်ပင် ထွက်သွားခဲ့သည်။

လီချန်ချင်း အနေဖြင့် လီကျင်းစုန့်ကို မေးတာက မှန်ကန်တယ်လို့ မခံစားရပေ။ ဒီနေ့တော့ ပန်းချီ ပညာရှင် တစ်ယောက် ရောက်လာပြီ ဖြစ်ပြီး လီချန်ချင်းအနေနဲ့ သူမဆီမှ အချက်အလက်အချို့ ရမလားဆိုတာ သိချင်မိသည်။

ပြီးတော့ ပန်းချီ ပညာရှင်တွေနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်တွေက များလွန်းတယ်။ ယန်မိသားစုရဲ့ ဝမ်ရှု မျှော်စင် မှာ စာအုပ်တွေ အများကြီး ရှိပေမယ့် ပန်းချီပညာရှင်များနှင့် ပတ်သတ်၍ မရှိပေ။

ယန်မိသားစုဟာ အဲဒီ အဆင့်မှာ ရှိတဲ့ ပန်းချီဆရာတွေနဲ့ အဆက်အသွယ် မရှိ၍ ဖြစ်သည်။ လီချန်ချင်းသည် ခြံဝင်းလေးထဲတွင် လက်ဖက်ရည်ကို ပြင်ဆင်ထားလိုက်သည်။

မကြာခင်ပဲ အကြီးအကဲနှစ်ယောက်ဟာ အမျိုးသမီးကို ခေါ်လာကြသည်။ ဦးဆောင်လာသည့် အမျိုးသမီးသည် နှစ်ဆယ့် ငါးနှစ် ဝန်းကျင်လောက် ရှိပုံပေါ်သည်။ သူမသည် မင်သက်သွားရလောက်အောင် လှပမနေပေမယ့် သူမရဲ့ ပါရမီကတော့ သာမန်လူတွေနဲ့ နှိုင်းယှဉ်လို့မရနိုင်ပေ။

အမျိုးသမီးရဲ့ နောက်ကလူ ဟွမ်ရှင်း ကတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့ကို သူ့ထံမှ ထွက်ပေါ်နေသည့် ဖိနှိပ်မှု အရှိန်အဝါရေးရေးဖြင့် သန်မာ အားကောင်းသော စစ်သား တစ်ယောက်ဖြစ်သည်မှာ ထင်ရှားလှသည်။

လီချန်ချင်း၏ အမြင်တွင် ဒီလူက အနည်းဆုံးတော့ ဗိုလ်ချုပ် အဆင့်ပဲ။ နှစ်ဦးသားသည် ခြံဝင်းထဲသို့ ရောက်လာကြလေသည်။

" ဒါက ကျွန်တော်တို့ ယန်မိသားစုရဲ့ မဟာအကြီးအကဲပါ " အကြီးအကဲနှစ်ယောက်သည် ယင်ရှုယွီ နဲ့ ဟွမ်ရှင်း ကို လီချန်ချင်းနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ယင်ရှုယွီ နှင့် ဟွမ်ရှင်း တို့ဟာ သူတို့ရှေ့က လီချန်ချင်းကို ကြည့်လိုက်ကြတယ်။

ဒါပေမယ့် သူတို့ဟာ စိတ်ရှုပ်ထွေးသွားကြရတယ်။ သူတို့မြင်တာကတော့ လီချန်ချင်းက သာမန်လူပါပဲ။

ဒီလိုလူက ယန်မိသားစုရဲ့ မဟာ အကြီးအကဲတဲ့လား။

" ထိုင်ပါ " လီချန်ချင်းသည် အသာအယာ ပြုံးပြလိုက်သည်။ သူသည် သူနှင့် ပထမဆုံး အကြိမ် တွေ့ဆုံသော လူများ၏ အမြင်များကို ကျင့်သားရနေခဲ့ချေပြီ

သူသည် သိုင်းကျင့်ကြံသူ မဟုတ်သောကြောင့် သူ့ရဲ့ အရှိန်အဝါဖြင့် သူ့ကို ခန့်မှန်း၍ မရနိုင်ပေ။ သူ့ရဲ့ နတ်ဘုရား ဝိဉာဉ်ကို အာရုံခံမှသာလျှင် ပန်းချီဆရာနှင့် တူညီသော လမ်းကြောင်းပေါ်တွင် ရှိသည်ကို သိနိုင်မည်ဖြစ်၏။

ဒါပေမယ့် လူအများစုက လီချန်ချင်းရဲ့ နတ်ဘုရား စိတ်ဝိဉာဉ်ကို အာရုံခံလို့မရခြင်းမှာ လီချန်ချင်းရဲ့ နတ်ဘုရား စိတ်ဝိဉာဉ်က သူတို့ထက် ပိုမို အားကောင်းနေသောကြောင့် ဖြစ်သည်။

နတ်ဘုရား စိတ်ဝိဉာဉ် ကျင့်ကြံခြင်းသည် ပန်းချီ သူတော်စင် အဆင့်ရောက်ပြီးနောက် နတ်ဘုရား စိတ်ဝိဉာဉ်သည် ပေါင်းစပ်သွားမည်ဖြစ်ပြီး အခြားသူများက မသိရှိနိုင်ပေ။ အဲဒါကြောင့် လူအများစုက လီချန်ချင်းကို သာမန်လူ ထင်ကြခြင်း ဖြစ်သည်။

ယင်ရှုယွီ က ဘာမှ မပြောဘဲ တည်ငြိမ်စွာ ထိုင်လိုက်သည်။ သူမသည် အလွန် သန့်ရှင်းနေပြီး ထူးခြားသော ရနံ့ရှိနေသည့် ခြံဝင်းတစ်ခုလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။

လီချန်ချင်းလည်း ထိုင်လိုက်ပြီး ယင်ရှုယွီ အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။ ဟွမ်ရှင်း သည် မလှမ်းမကမ်းတွင် ရပ်နေပြီး တစ်ဖက်တွင် ပန်းပင်၊ သစ်ပင်များကို တိဖြတ်နေသော ကျန့်ဖုကွမ်း အား တစ်ချက် လှမ်းကြည့်လိုက်သည်။ ဟွမ်ရှင်း သည် အကြိမ်အနည်းငယ် ကြည့်လိုက်သော်လည်း မူမမှန်တာ မတွေ့ရပေ။

" မဟာ အကြီးအကဲက လျှို့ဝှက် နက်နဲတဲ့ လူပဲ " ယင်ရှုယွီ သည် ဖြေးညင်းစွာ ပြောလိုက်သည်။

" ယင် သခင်မ က ဘာလို့ ဒီလို ပြောတာလဲ " လီချန်ချင်းက အနည်းငယ် သိချင်သွားရသည်။

" ခံစားချက် သပ်သပ်ပါ " ယင်ရှုယွီ သည် လီချန်ချင်းအား ကြည့်လိုက်သည်။ သူမသည် လီချန်ချင်းအား သာမန်လူအဖြစ် မြင်နေရသော်လည်း သာမန်လူတစ်ယောက်က ပါရမီရှင် မိသားစုရဲ့ အကြီးအကဲ တစ်ယောက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

ပြီးတော့ ယင်ရှုယွီ အနေနဲ့ မာစန်းထောင်ရဲ့ သေဆုံးခြင်းဟာ သူ့ရှေ့ကလူနဲ့ အများကြီး ဆက်နွှယ်မှုရှိသည်ဟု ခံစားနေရလေသည်။

" ဒီနေ့ ယင်သခင်မ က ကျုပ်တို့ ယန်မိသားစုကို ဘာလာလုပ်တာလဲဆိုတာ မေးလို့ရမလား " လီချန်ချင်းသည် ‌ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

" ဒါဆို ကျွန်မ တည့်တည့်ပဲ ပြောတော့မယ် " ယင်ရှုယွီ သည် စာရွက် တစ်ရွက်ကို ထုတ်၍ စာပွဲပေါ်တင်လိုက်ပြီး မေးလိုက်လေသည်။ " ရှင့်အနေနဲ့ ဒီပစ္စည်းကို တွေ့ဖူးလား မသိဘူး " လီချန်ချင်းဟာ တစ်ချက်ကြည့်ပြီး မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။ ဒီပန်းချီက မာစန်းထောင်ဆီက သူရလိုက်တဲ့ ဓားပျံ ပန်းချီရတနာဆိုတာ အသေချာပဲ။

" ကျုပ် အဲဒါကို တွေ့ဖူးတယ် " လီချန်ချင်းသည် ဖုံးကွယ်မထားပေ။ ထိုသို့ကြားလိုက်ရသောအခါ ယင်ရှုယွီ ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး ဘယ်နေရာမှာလဲဆိုတာ မေးမိလုနီးပါး ဖြစ်သွားရသည်။

သူမက မေးမလို့ရှိသေး လီချန်ချင်းက ဓားပျံကို ထုတ်ယူပြီး စားပွဲပေါ် တင်လိုက်၏။

" အဲဒါပဲ " ယင်ရှုယွီ သည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ လီချန်ချင်းသည် ထို ပန်းချီ ရတနာကို အချိန်အကြာကြီး လေ့လာခဲ့ပေမယ့် ထူးခြားမှု မရှိသည့် သာမန် ပန်းချီရတနာသာ ဖြစ်လေသည်။

သို့ပေမယ့် လီချန်ချင်းဟာ ကြိုးစားကြည့်ခဲ့‌လေသည်။ ထိုအရာသည် လျို့ဝှက် တိုက်ခိုက်မှုများ၊ လုပ်ကြံ သတ်ဖြတ်မှုများအတွက် အမှန်တစ်ကယ် အားကောင်းပြီး သင့်တော်လှသည်။

ဒါပေမယ့် ဒါက လီချန်ချင်းအတွက် အသုံး မဝင်ပေ။

" ယင်သခင်မက အဲဒါကို လိုချင်တာလား " လီချန်ချင်းက ပြုံး၍ မေးလိုက်သည်။ ယင်ရှုယွီသည် စိတ်လှုပ်ရှား သွားရပြီးနောက် သူမ၏ အမူအရာသည် အေးဆေးသွားလေသည်။ သူမသည် လီချန်ချင်းအား ကြည့်၍ ပြောလိုက်သည်။ " တန်ကြေးပြောပါ။ ကျွန်မ အဲ့ဒါကို ပြန်ရဖို့ ဘာလုပ်ရမလဲ " " တန်ကြေးလား " လီချန်ချင်းသည် ဓားပျံအား ကစားလိုက်၍ သိချင်စွာ ပြောလိုက်သည်။ " ယင် သခင်မက ပန်းချီဆရာ တစ်ယောက်ဖြစ်ပြီးတော့ မြောက်ပိုင်း အေးခဲ နိုင်ငံရဲ့ တော်ဝင်မိသားစုဝင်လို့ ကျုပ်ကြားဖူးတယ်။ သူမက ဒီလို ပန်းချီရတနာအတွက်နဲ့ ယန်မိသားစုကို အထူးတလည်လာပါ့မလား။ အဲဒါက ကျုပ်လုံးဝ နားမလည်ခဲ့တဲ့ ဒီပန်းချီရတနာမှာ လျို့ဝှက်ချက်တွေ ရှိနေတယ်ဆိုတာ သေချာပေါက် သံသယဖြစ်စေတယ် "

" ရိုင်းစိုင်းလိုက်တာ " ယင်ရှုယွီ မပြောရသေးခင် ဘေးမှ ဟွမ်ရှင်း သည် ခက်ထန်စွာ အော်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးသော အထက်စီးဆန်သည့် အရှိန်အဝါသည် ချက်ချင်းပင် ပေါ်ထွက်လာလေသည်။

" ငါ့သခင်မလေးဆီကို ပစ္စည်းကို လွှဲပေးလိုက် အဲဒါဆို ငါ မင်းအသက်ကို ချမ်းသာပေးမယ် " ဟွမ်ရှင်း ၏ သတ်ဖြတ်လိုစိတ်သည် ဒီရေလှိုင်းသဖွယ် လီချန်ချင်းအား ရိုက်ခတ်နေတော့သည်။

All Chapters