← Chapters

နယ်ခြား မိသားစုက ဟင်းချက်နည်းကို ဝယ်ဖို့ ရောက်လာတယ် !

Vol. 11 Ch. 104

နယ်ခြား မိသားစုက ဟင်းချက်နည်းကို ဝယ်ဖို့ ရောက်လာတယ် !

Vol. 11 Ch. 104

ယင်ရှုယွီအနေဖြင့် အတော်များများကို သူမကိုယ်တိုင် ကောက်နုတ်ထားသောကြောင့် သူမရဲ့ ရှင်းပြချက်တွေဟာ လုံလုံလောက်လောက် ရှင်းလင်းနေပါ့မလားဆိုတာ မသေချာပေ။

သို့သော် ထိုအရာသည် သူမ နားလည်နိုင်သည့် နည်းလမ်းသာဖြစ်လေသည်။ သူမရဲ့ ဆရာက သူမအား ရှင်းပြခဲ့သလိုပင် ဖြစ်သည်။

" ပန်းချီဆရာ ရဲ့ နတ်ဘုရား စိတ်ဝိဉာဉ် အဆင့်နဲ့ ပန်းချီကို နားလည်သဘောပေါက်နိုင်စွမ်းတို့က သေချာတဲ့ အဆင့်ကို ရောက်သွားတဲ့အခါ ပန်းချီရတနာကို ဖန်တီးနိုင်တယ်။ ဒါပေမယ့် ပန်းချီဆရာရဲ့ နတ်ဘုရား စိတ်ဝိဉာဉ် အဆင့်က လုံလောက်အောင် မမြင့်မားဘူးဆိုရင် ပန်းချီရတနာ ဖြစ်လာမှာ မဟုတ်ဘူး " ယင်ရှုယွီသည် လီချန်ချင်းအား ရှင်းမပြမီ ခဏလောက် တွေးဆလိုက်သည်။ " ဥပမာအနေနဲ့ ပန်းချီသူတော်စင် အဆင့် ကျွမ်းကျင်သူဟာ အစွမ်းထက်တဲ့ ပန်းချီရတနာတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် သူဟာ ဓား တစ်ချောင်းကို ရေးဆွဲလိုက်တယ် ဆိုပါစို့။ သူ့အနေနဲ့ အဲ့ဓားဟာ သာမန် မူလအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို တိတ်တဆိတ်သတ်နိုင်တဲ့ လက်နက်တစ်ခုလို့ စိတ်ထဲမှာ တွေးထားရတယ် "

" အဲဒါဆို သူ့ရဲ့ ပန်းချီရတနာက အောင်မြင်ကောင်း အောင်မြင်နိုင်လိမ့်မယ်။ ဒါပေမယ့် သူက မြေကမ္ဘာနတ်ဘုရားအဆင့်ကို သတ်နိုင်တဲ့လက်နက်လို့ တွေးထားလိုက်ရင်တော့ အဲ့ပန်းချီရတနာက သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး " ယင်ရှုယွီရဲ့ ရှင်းပြချက်ကို နားထောင်ပြီး လီချန်ချင်းအနေနဲ့ အကြမ်းဖျင်းအားဖြင့် နားလည်သွားရသည်။

" တစ်ကယ်တော့ အဲဒါက ဥပမာတစ်ခုပါပဲ။ ပန်းချီရတနာရဲ့ အသုံးဝင်မှုက အသုံးပြုသူရဲ့ စွမ်းအားပေါ်မှာလည်း မူတည်သေးတယ်။ တစ်ကယ်လို့ မြေကမ္ဘာ နတ်ဘုရားတစ်ယောက်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပန်းချီရတနာ ရှိတယ်ဆိုရင်တောင် အဲ့ပန်းချီရတနာမှာ အမြင့်ဆုံး ကန့်သတ်ချက် ရှိလိမ့်မယ်။ သာမန် မူလအဆင့် သိုင်းကျင့်ကြံသူ တစ်ယောက်ဟာ အဲ့ကန့်သတ်ချက်ကို သေချာပေါက် ရောက်နိုင်မှာ မဟုတ်ဘူး "

"မူလအဆင့် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဆိုရင်တော့ ဖြစ်နိုင်လောက်တယ် " ယင်ရှုယွီသည် သုံးသပ်ပြလိုက်သည်။ လီချန်ချင်းသည် ဘာမှ မပြောဘဲ ယင်ရှုယွီပြောသမျှကိုသာ မှတ်သားနေလိုက်သည်။ သူမ ပြောတာတွေက နားလည်ရန် မခက်ခဲဘဲ သူ့ရဲ့ ခေတ်သစ် တွေးခေါ်မှု ပုံစံနဲ့ နားလည်သဘောပေါက်နိုင်လေသည်။

လီချန်ချင်းသည် ပန်းချီရတနာ ရေးဆွဲပုံအား သင်ယူရန် တုန်လှုပ်နေရုံသာ ဖြစ်လေသည်။ ယခုအခါတွင် သူ့မှာ ရှင်းလင်းသည့် ရည်ရွယ်ချက်ရှိသွားပြီး ကိုယ်တိုင် ကြိုးစားကြည့်ချင်နေတော့သည်။

တစ်ကယ်လို့ သူ့ရဲ့ ပန်းပုတွေသာ ရတနာတွေဖြစ်သွားရင်လည်း ပန်းချီရတနာတွေလို့ ခေါ်ရမှာလား။ မမှန်သေးဘူးပဲ။ ဘယ်လိုခေါ်ရင် ကောင်းမလဲ။

ပန်းပုရတနာတွေလို့လား။ လီချန်ချင်းသည် သူ့အတွေးသူ ရယ်ချမိလုနီးပါးပင် ဖြစ်သွားရသည်။ သူ့မှာ နောက်ထပ်မေးခွန်းများ မေးစရာရှိ နေမလားပုံစံဖြင့် မျှော်လင့်ချက်ကြီးစွာ သူ့အား ကြည့်နေသော ယင်ရှုယွီအား ကြည့်လိုက်သည်။

ယခုအတွက်တော့ လီချန်ချင်းတွင် နောက်ထပ် မေးစရာ မရှိတော့ချေ။ အဲဒါနဲ့ သူလည်း ယင်ရှုယွီအား ဓားပန်းချီရတနာကို လှမ်းပေးလိုက်တော့တယ်။

" ကျေးဇူးတင်ပါတယ် ဆရာတူ အစ်ကို " ယင်ရှုယွီ၏ မျက်နှာသည် တောက်ပနေပြီး ဓားအား လက်နှစ်ဖက်စလုံးဖြင့် လေးစားစွာ လက်ခံလိုက်လေသည်။

" ကိစ္စမရှိပါဘူး။ အစကတည်းက မင်းရဲ့ဟာပဲကို " လီချန်ချင်းသည် ပန်းချီရတနာကို ယင်ရှုယွီအား ပြန်ပေးပြီးနောက် ပြောလိုက်သည်။ " ကျုပ်ကို အများကြီး ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကူအညီ အများကြီး ရလိုက်ပါတယ် "

" စီနီယာအတွက် အကူအညီ ဖြစ်ရင် ပြီးတာပါပဲ " ယင်ရှုယွီသည် ခေါင်းညိတ်ပြလိုက်၏။ သူမကို ပန်းချီဆရာတွေနဲ့ ပတ်သတ်ပြီး ဘာ့ကြောင့် မေးခွန်းအများကြီး မေးလဲ မသိပေမယ့် သူမရှေ့က လူဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားနေလေသည်။ ယင်ရှုယွီအနေဖြင့် ထိုသူနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားချင်မိလေသည်။

အတိုချုပ် ပြောပြီးနောက် ယင်ရှုယွီသည် ပြန်ရန် ဆုံးဖြတ်လိုက်သည်။ လီချန်ချင်းသည်လည်း မတားခဲ့ပေ။ ဟွမ်ရှင်းသည် တစ်ချိန်လုံး ဘာမှ မပြောဘဲ ယင်ရှုယွီနှင့် မပြန်မီ လီချန်းချင်းအား အရိုအသေသာ ပေးလိုက်လေသည်။

သူသည် ဒီနေရာတွင် မလုံခြုံမှုနှင့် မသက်မသာဖြစ်မှုကိုသာ ခံစားနေရလေသည်။ အထူးသဖြင့် လီချန်ချင်းက သူ့အား အလွယ်တကူ သတ်နိုင်တာကို သိရှိပြီးချိန်တွင် ဖြစ်သည်။

" ဖုကွမ်း ပြီးရင် ဒီနေရာကို ရှင်းလိုက်ပါ " လီချန်ချင်းသည် ရေကန်ထဲက ငါးတွေကိုအစာကျွေးနေသော ကျန့်ဖုကွမ်းအား ကြည့်၍ အမိန့်ပေးလိုက်လေသည်။

" ဟုတ်ကဲ့ " ကျန့်ဖုကွမ်းသည် ငါးစာကို ချထားခဲ့လိုက်ပြီး လက်ဖက်ရည်ပွဲအား သွားရှင်းလိုက်သည်။

ဒါပေမယ့် ကျန့်ဖုကွမ်းဟာ လီချန်ချင်းရဲ့ နောက်ကျောကို ကြည့်လိုက်သော အခါတွင်မူ သူ့မျက်လုံးထဲတွင် အံ့အားသင့်နေမှု အနည်းငယ်ရှိနေလေသည်။ စောစောက ဟွမ်ရှင်း တစ်ချက်လှုပ်ရှားတော့မယ့် အချိန်မှာ သူသာ တစ်ကယ် လှုပ်ရှားရင် ကျန့်ဖုကွမ်းအနေနဲ့ သူ့ကို သတ်ပစ်ဖို့ အဆင်သင့်ပင် ဖြစ်၏။ ဒါပေမယ့် လီချန်ချင်းက လှုပ်ရှားလိုက်သောအခါ ကျန့်ဖုကွမ်း အံ့အားသင့်သွားရသည်။

သူသည် အားကောင်းသည့် အရှိန်အဝါ ထုတ်မနေဘဲ သိမ်မွေ့ ခန့်ညားပုံပေါ်သော လီချန်ချင်းတွင် ထိုသို့ စွမ်းအားကြီးသော ကျင့်ကြံရေးရှိလိမ့်မည်ဟု မျှော်လင့်မထားပေ။ တစ်ကယ့်ကို ငြိမ်သက်နေတဲ့ရေပြင်က ပိုနက်တာပဲ !

သို့သော် ကျန့်ဖုကွမ်းအနေနဲ့ ထိုအရာကို မကြာမီကမှ နားလည်လိုက်ရသည်။ လီချန်ချင်းက လူတွေသတ်ဖို့ သူ့အကူအညီမလိုဘူးလို့ ပြောတာက အံ့ဩစရာ မရှိတော့ပါဘူး။ ကျန့်ဖုကွမ်းသည် အစက သူ့အကြွေးဆပ်ဖို့ရန် လီချန်ချင်းအား စိတ်အနှောင့်အယှက်ဖြစ်စေသည့် ကိစ္စများအား ကူညီဖြေရှင်းပေးချင်သော်လည်း အခုတွင်တော့ သူ့ရဲ့ ကျန်ရှိတဲ့ ဘဝတစ်ခုလုံးကို ဥယျာဉ်ခြံဝင်းအား ဂရုစိုက် ထိန်းသိမ်းခြင်းဖြင့်သာ အကြွေးဆပ်နိုင်သည်ကို နားလည်သွားရလေသည်။

ကျန့်ဖုကွမ်းသည် ထိုသို့တွေးရင်း ခါးသီးစွာ ပြုံးလိုက်မိသည်။ တချိန်က သူ့ရဲ့ ဂုဏ်သတင်းဖြင့်ပင် အခြားသူများကို ကြောက်ရွံ့စေသူ ဖြစ်ခဲ့ပေမယ့် အခုတော့ ဥယျာဉ်မှူးတစ်ယောက် ဖြစ်လာခဲ့ပြီ။

ဒါပေမယ့် သူ့ရဲ့ သမီးဖြစ်သူက ဒီနေရာကို ဘယ်လောက် ကြိုက်လိုက်လဲ ဆိုတာ တွေးပြီး အတော်ကောင်းတာပဲလို့ ခံစားလိုက်ရလေသည်။ သူသည် တစ်ခါက သူ မရောက်ရှိနိုင်တဲ့ ကမ္ဘာတစ်ခုဖြစ်တဲ့ သာမန် လူသားဘဝလေးအား တောင့်တဖူးသည်။ အခု အဲလို ဘဝလေးကို ကြုံတွေ့နေရတာ အတော်ကောင်းတယ်။ သူ့အနေနဲ့ ဒီလိုနေ့ရက်တွေကို သူ့ရဲ့သမီးနဲ့ ဘယ်လောက်ကြာကြာ ခံစားရမလဲ မသိရုံသာ ဖြစ်သည်။

သူ့အနောက်သို့ လိုက်နေသော အန္တရာယ်များ ရှိနေသေးသည် မဟုတ်ပါလား

အနောက်ဘက် ဝါးတောထဲတွင် လီချန်ချင်းသည် ဒီနေ့ ယင်ရှုယွီ ပြောခဲ့သမျှအား အကျဉ်းချုပ်ပြီး ပဏာမ စိတ်ကူး ရသွားသည်။

လီချန်ချင်း ထိုစိတ်ကူးရသည်မှာ ရှေးဟောင်းတာအိုဂိုဏ်းကတည်းက ဖြစ်ပြီး အကြမ်းဖျင်းသာ ဖြစ်လေသည်။ အခု ယင်ရှုယွီရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူ့ရဲ့ စိတ်ကူးဟာ ဖြစ်နိုင်ချေရှိတယ်လို့ ခံစားလိုက်ရသည်။

သူ့သားရဲ့ ကိစ္စက လီချန်ချင်းအား အလောသုံးဆယ် ဖြစ်နေစေလေသည်။သူသည် သူ့ရဲ့ ကိုယ်ပိုင် စွမ်းအားကို မြန်မြန် နားလည် သဘောပေါက်ရန်လိုအပ်ပြီး အစွမ်းထက် သစ်သား ပန်းပုများ ဖန်တီးရန် လိုအပ်လေသည်။ အနည်းဆုံးတော့ သူ့အနေနဲ့ သူ့သား အန္တရာယ် ရှိနေတုန်းက အကူအညီမပေးနိုင်ဘဲ ဘေးက ရပ်ကြည့်နေရချိန်လိုမျိုး မဖြစ်ချင်ပေ။

သူ့သား အဆိပ်မိပြီး ဘာမှ မလုပ်နိုင်တာကို ကြည့်ပြီး လီချန်ချင်းသည် မျှော်လင့်ချက်မဲ့တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ခံစားလိုက်ရလေသည်။

အရင်ဘဝက သူ့မိန်းမ ကွယ်လွန်သွားတာကို ဘာမှ မလုပ်နိုင်ဘဲ ကြည့်နေရတဲ့ အချိန်ကနဲ့ ခံစားချက်တူတူပင် ဖြစ်လေသည်။ ထို့ကြောင့် လီချန်ချင်းသည် ကိုယ်ပိုင် ရတနာများ ဖန်တီးဖို့ စီစဉ်ထားလေသည်။ ငါ့ရဲ့ သစ်သား ပန်းပုတွေနဲ့ ပန်းချီလိပ်တွေက မတူဘူး။ ပန်းချီလိပ်တွေမှာက စာရွက်ကောင်းကောင်းရယ်၊ မင်ရည်ရယ်နဲ့ စုတ်တံတွေ လိုအပ်တယ်။ ဒါပေမယ့် ငါက အာ့တွေမလိုဘူး။ ငါ့သစ်သားပန်းပုတွေအားလုံးက သစ်သားကောင်းကောင်းကိုပဲ လိုအပ်တယ်။

လီချန်ချင်းရဲ့ လက်ထဲတွင် ရှေးဟောင်း ပန်းချီနယ်မြေမှ ယူလာခဲ့သော ထာဝရရှင်သန်ခြင်းသစ်သား ရှိလေသည်။

ဒါပေမယ့် ထာဝရရှင်သန်ခြင်းသစ်သားက အခု သိပ်မကျန်တော့ဘူး။ တစ်ချက်ကြည့်လိုက်ရာ သူ့သားအတွက် ပန်းချီရတနာ တစ်ခု လုပ်ဖို့ လောက်ရုံသာ ဖြစ်လေသည်။

လီချန်ချင်း နားလည်သည်မှာ ပန်းချီ ရတနာများသည် သက်ဝင်လှုပ်ရှားမှု ရှိသည့် အရာများ ဖြစ်နိုင်သလို သက်ဝင်လှုပ်ရှားမှု မရှိသည့် အရာများ လည်း ဖြစ်နိုင်လေသည်။ မူလအဆင့်နှင့် မူလ အစစ်အမှန် အနှစ်သာရကို နှိုးဆွဖို့ရန် လိုအပ်သော အရာများသည် သက်ဝင်လှုပ်ရှားမှု ရှိသည့် ပန်းချီရတနာများ ဖြစ်ကြသည်။

သူ ပန်းပုထုထားသော မြေကမ္ဘာစောင့် ဗောဓိသတ္တ လိုမျိုး လှုပ်ရှားမှု လုပ်ဆောင်ချက် မလိုအပ်သော အရာများသည် သက်ဝင်လှုပ်ရှားမှု မရှိသည့် ပန်းချီရတနာများဖြစ်သည်။

ဒီအချိန်တွင် လီချန်ချင်းရဲ့ ပန်းတိုင်သည် သူ့ရဲ့သားကို လုံခြုံမှု ခံစားရစေနိုင်မည့် သက်ဝင်လှုပ်ရှားမှု မရှိသည့် ပန်းချီရတနာအား ပန်းပုထုရန် ဖြစ်သည်။

ထိုသို့ စိတ်ထဲတွင် တွေးလျက် လီချန်ချင်းသည် ပြင်းထန်စွာ ပန်းပု စထုတော့သည်။

လုကျင်းမြို့ ၊ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်း ။

ယနေ့ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းတွင် ထူးခြားစွာ စီးပွားရေး ကောင်းနေလေသည်။

မနေ့က အသင့်စား ဟင်းလျာ ဝယ်သော သူများသည် ထပ်လာကြသည်။ သူတို့ အိမ်ပြန်ပြီး အသင့်စား ဟင်းလျာများရဲ့ အကျိုးကျေးဇူးကို တွေ့ရှိပြီး သူတို့မှာ စိတ်ကျေနပ်နေကြလေသည်။ မိနစ်အနည်းလောက် အပူပေးလိုက်ရုံနဲ့ အရသာရှိသော ဟင်းလျာသည် အဆင်သင့် ဖြစ်သွား၏။

အချို့လူများသည် ထိုအရာကို ဝယ်ပြီး မိသားစုအား ဧည်ခံကျွေးမွေးကြသည်။ အချို့က ညလယ်စာ အဖြစ် စားကြသည်။

အများစုသည် စားသောက်ဆိုင် ပိုင်ရှင်များ ဖြစ်ကြသည်။ အစားအစာများကို ဝယ်ယူပြီး သူတို့ရဲ့ စားသောက်ဖွယ်စာရင်းတွင် ပေါင်းထည့်ကြပြီး စားသုံးသူများကလည်း ကြိုက်နှစ်ကြသည်။

လူများစွာသည် အသင့်စား ဟင်းလျာနှင့် ပတ်သတ်၍ သိတောင်မသိကြဘဲ စားသောက်ဆိုင်တွေက တီထွင်လိုက်တဲ့ ဟင်းလျာသစ်တွေလို့ ထင်နေကြလေသည်။ ထို့ကြောင့် ယနေ့ အမှာများမှာ များပြားနေပြီး အကျိုးကျေးဇူးရဖူးသော စားသောက်ဆိုင် ပိုင်ရှင်များသည် မှာရမည့် နေရာသို့ လာရောက်ကြလေသည်။ စားသောက်ဆိုင် အများစုနှင့် တည်းခိုဆောင်များတွင် ရေခဲနှင့် ပြုလုပ်ထားသော သိုလှောင်ခန်းများရှိသောကြောင့် အသင့်စား ဟင်းလျာများ ပျက်စီးသွားမည်ကို စိုးရိမ်စရာ မလိုပေ။

ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းရဲ့ ပြောချက်အရ ထို အသင့်စား ဟင်းလျာများမှာ ရေခဲနှင့် ပြုလုပ်ထားသော သိုလှောင်ခန်းထဲတွင် သိုလှောင်ထားလျှင် တစ်နှစ်ကျော်တောင် ထိန်းသိမ်းနိုင်လေသည်။

ထိုနှစ်ဆယ်ဝန်းကျင် အသင့်စား ဟင်းလျာများသည် အလွန် ရောင်းကောင်းလေသည်။ အနာဂတ်တွင် အသင့်စား ဟင်းလျာ အမျိုးမျိုး ရှိလာဦးမည်ဟု ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းက ကတိပေးထားသောကြောင့် သူတို့သည် ယုံကြည်မှုရှိရှိဖြင့် ဝယ်ယူကြလေသည်။

လူတိုင်း ကျေနပ်ကြပြီး ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းတွင် စရန်ပေး၍ မှာယူကြလေသည်။ နေ့လည်မှသာ ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းတွင် လူနည်းသွားတော့သည်။ သားရေအင်္ကျီနှင့် လူတစ်ယောက်သည် ပါးစပ်ထဲတွင် ကောက်ရိုးပင်ကို ကိုက်လျက် ခါးတွင်လည်း ဓားတစ်ချောင်းဖြင့် သာမန်ကာ လျှံကာ လမ်းလျှောက်လျက် ဦးဆောင်လာလေသည်။ သူနဲ့ ကြုံတွေ့ဖူးသော လမ်းပေါ်ရှိ လူများသည် ပုလိပ်ရောဂါအား ရှောင်ရှားနေသကဲ့သို့ ရှောင်ရှားနေကြလေသည်။

အဲ့လူရဲ့ နောက်တွင် အခြားလူများပါပြီး ထိုသူ အားလုံးသည်လည်း အထက်စီးဆန်ပြီး ဗိုလ်ကျလွန်း ပုံ ပေါ်ကြလေသည်။ သူတို့ ကုန်သွယ်ရေး လုပ်ငန်းထဲကို ဝင်ဝင်ချင်းပင် အာရုံစိုက်မှုများစွာ ရသွားကြလေသည်။

လုပ်ငန်းထဲရှိ ကုန်သည်များသည် လူစိမ်းများကို မြင်လိုက်သောအခါ ကြောက်ရွံ့သွားကြပြီး တစ်ဖက်သို့ မြန်မြန် ပုန်းလိုက်ကြလေသည်။

" အဲဒါ ဟိုဝူမလား "

" သူက ဘာလို့ ဒီရောက်နေတာလဲ။ ကောင်းမဲ့ပုံတော့ မပေါ်ဘူး "

" ဟိုဝူက ဟိုင်မိသားစုရဲ့ အထက်စီးဆန်ပြီး ကျိုးကြောင်းမသင့်တဲ့ အိမ်မွေးခွေးလေ။ သူဒီကိုလာတာ ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းကို ဒုက္ခပေးမလို့ ဖြစ်မယ် "

" သေချာပေါက်ပဲ၊ ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းက လုကျင်းမြို့ မှာ ဖွင့်လိုက်ရုံရှိသေး ဟိုင်မိသားစုက အခံ့သား ထိုင်နေပြီး ဘာမှ မလုပ်ဘဲ မနေနိုင်တော့ဘူးလေ " လူအုပ်ကြီးသည် ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်း ဒုက္ခရောက်တော့မည်ကို တွေးလျက် တိတ်တဆိတ် တီးတိုးပြောနေကြလေသည်။ ဟိုဝူက အတော် စိတ်ပျက်စရာကောင်းတဲ့ လူပဲ။

" လူကြီးမင်း ဘာများ ကြည့်ချင်ပါသလဲ။ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းက လတ်တလောမှ ဖွင့်တာဖြစ်ပြီးတော့ ဈေးနှုန်းတွေက သင့်တင့်ပြီး တတ်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ် " ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်း မှ လူငယ်လေးသည် ယဉ်ကျေးစွာ သွား၍ မေးလိုက်လေသည်။ သူသည် ချန်ထင်မြို့ရှိ စွန်းမိသားစုဝင် တစ်ယောက်ဖြစ်ပြီး အခု ဧည့်လမ်းညွှန် တစ်ယောက်အဖြစ် ဒီနေရာတွင် အလုပ်လာလုပ်နေခြင်း ဖြစ်လေသည်။

" ဟက် ထွီ ! " ဟိုဝူက ဘာမှ မပြောဘဲ ရန်လိုသော အကြည့်ဖြင့် ကြည့်လျက် မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်သည်။

ထို့သို့ တမင်တကာ စိတ်ဆွသော အပြုအမူက စွန်းမိသားစု လူငယ်လေးရဲ့ မျက်နှာအား ပြောင်းလဲ သွားစေလေသည်။ ဒုက္ခရောက်တော့မှာပဲ !

" လူကြီးမင်း ဒီနေရာမှာ တံတွေးထွေးခွင့် ပြုမထားပါဘူး " စွန်းမိသားစု လူငယ်လေးက စိတ်ရှည်စွာ သတိပေးလိုက်သည်။

" အိုး အဲလိုလား အဲဒါဆိုလည်း တစ်ကယ် တောင်းပန်ပါတယ် " ဟိုဝူက ထိုသို့ သရော်လျက် သူ့နောက်လိုက်များကို လှည့်၍ ပြောလိုက်သည်။" မင်းတို့ ကြားလိုက်လား။ တံတွေး မထွေးရဘူးတဲ့ " သူ့နောက်လိုက်များသည် ရယ်မောလျက် မြေပြင်ပေါ်သို့ အသီးသီး တံတွေးထွေးလိုက်ကြလေသည်။

ထွီ ထွီ ထွီ ထွီ ။ သူတို့ထဲက တစ်ယောက်သည် ဆားငန်သော မနက်စာကို စားခဲ့လို့ ဖြစ်မည် လေးခါတောင် တန်း၍ ထွေးလိုက်လေသည်။

" ဟားဟားဟား " ဟိုဝူသည် စွန်းမိသားစု လူငယ်လေး၏ မည်းမှောင်နေသော မျက်နှာကို ကြည့်လျက် ပြောလိုက်လေသည်။ " ပေါက်တတ်ကရ ပြောတာ ရပ်။ မင်းတို့ရဲ့ စီမံခန့်ခွဲသူကို ခေါ်လိုက်။ငါဒီကို လာတာက မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းရဲ့ ကိုယ်စား အလုပ်ကိစ္စ ဆွေးနွေးဖို့ ! မင်းတို့ကို ဂရုစိုက်ဖို့၊ မင်းတို့ကို ပိုက်ဆံပေးဖို့ ငါဒီမှာ ရောက်နေရတာပဲ ! "

" လူကြီးမင်း ကျွန်တော်တို့ ဥက္ကဌက တွေ့ချင်တိုင်း တွေ့လို့မရပါဘူး။ ကြိုတင် ချိန်းဆိုချက် ရှိမှ ရတာပါ " စွန်းမိသားစု လူငယ်လေးသည် တုံ့ဆိုင်း၍ ပြောလိုက်လေသည်။

" ဖြန်း ! " ထိုစကား ပြီးပြီးချင်းပင် ဟိုဝူသည် လက်မြှောက်၍ စွန်းမိသားစု လူငယ်လေးအား ရိုက်လိုက်ရာ မီတာများစွာသို့ လွင့်ထွက်သွားတော့သည်။

" မင်းဘာလို့ လူတွေကို ရိုက်နေတာလဲ " လူတစ်ယောက်သည် ဒေါသထွက်စွာ အော်လိုက်လေသည်။ " အစောင့်တွေ ! " သူပြောလိုက်သည်နှင့် အစောင့်များစွာသည် နေရာများစွာမှ ပြေးထွက်လာတော့သည်။

" ဘာရယ်။ တိုက်ချင်တာလား ။ ငါဘယ်သူလဲဆိုတာ ကြည့်လိုက်စမ်း ။ ငါ့ပေါ်မှာ လက်တစ်ချောင်း တင်ကြည့်လိုက်စမ်းပါ " ဟိုဝူသည် မျက်နှာပေါ်တွင် အေးစက်စက် အပြုံးကြီးဖြင့် ရှိနေတဲ့ လူတိုင်းအား လုံးဝ ဂရုမစိုက်ပုံဖြင့် သူ၏ အမူအရာသည် အလွန် အထက်စီးဆန်နေလေသည်။

ရှိနေသော ကုန်သည်များသည် တိတ်ဆိတ်နေကြလေသည်။ ဟိုင်မိသားစုရဲ့ လူတွေက အမြဲတမ်း အထက်စီးဆန်ကြပြီး လုကျင်းမြို့ က ဘယ်သူကများ ဟိုင်မိသားစုကို စော်ကားရဲမှာလဲ ။

ယွင်လင် ကုန်သွယ်ရေး လုပ်ငန်းကသာ ဟိုင်မိသားစုနှင့် ယှဉ်ပြိုင်ရဲမည် ဖြစ်သည်။ အစောင့်များသည် သူတို့ရဲ့ရှေ့က စွမ်းအားကြီးတဲ့ နောက်ခံ ရှိနေသကဲ့သို့ အလွန် အထက်စီးဆန်နေသော လူအား ကြည့်၍ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ထိုအချိန်တွင် သူတို့သည် ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းအတွက် ဒုက္ခရောက်မည် စိုး၍ ဘာမှ မလုပ်ရဲကြပေ။

" မင်းတို့ရဲ့ ဥက္ကဌကို အခုခေါ်လိုက် မဟုတ်ရင် မင်းတို့ရဲ့ ချာတူးလန်ဆိုင်ကို အခုပဲ ဖျက်စီးပစ်မယ် " ဟိုဝူသည် ကျယ်လောင်စွာ အော်လိုက်လေသည်။

သူပြောလိုက်သည်နှင့် သူ့အောက်ဆွဲ တစ်ကောင်သည် တစ်ဖက်သို့ လှမ်းလျှောက်သွားပြီး စင်ပေါ်မှ အဝတ်များကို မြေပြင်ပေါ်သို့ ကန်ချလိုက်လေသည်။

" ရပ်စမ်း " ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာလေသည်။ ကုန်သွယ်ရေး လုပ်ငန်းအတွင်းမှ လူများစွာ ထွက်ပေါ်လာလေသည်။

သူတို့ကို ဦးဆောင် လာသူသည် ယန်ပါးထောင်ကိုယ်တိုင် ဖြစ်ပြီး နောက်တွင် ပိုင်ကျင့်ဖေနှင့် ကျောက်ရီချိုးတို့ပါလေသည်။ ယန်လီရှန့်သည်လည်း နောက်မှ လိုက်လာလေသည်။

ယန်ပါးထောင်သည် ဒုက္ခရောက်လာမည်ကို မျှော်မှန်းထားသော်လည်း အခုလို မြန်မြန် ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူသည် မကြာမီ ဒုက္ခရောက်တော့မည်ကို သိနေသော လီချန်ချင်းရဲ့ အမိန့်အရ ဒီနေရာတွင် ရှိနေခြင်းဖြစ်သည်။ စောင့်ကြပ်ပေးသည့် စွမ်းအားကြီး ပုဂ္ဂိုလ်မရှိဘဲ ဖြစ်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ယန်ပါးထောင် လာရခြင်း ဖြစ်လေသည်။ နေ့လည်မှာ ဒီလိုမျိုး ဖြစ်လာမယ်လို့ ဘယ်သူက သိမှာလဲ။ နောက်မှ လိုက်လာသော ကျောက်ရီချိုးနှင့် ပိုင်ကျင့်ဖေတို့သည်လည်း ထိုမြင်ကွင်းအား မျက်မှောင်ကြုတ်၍ ကြည့်နေကြလေသည်။

ချန်ထင်မြို့ရှိ သူတို့ရဲ့ မိသားစုကို ဘယ်သူက ဒီလို လုပ်ရဲတာလဲ။ အဲလို ခေါင်းမာတဲ့လူကို ကြုံတွေ့ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်၏။

မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းက ဒီလောက်တောင် ဘဝင်မြင့်နေတာလား ။

" အိုး ဒါဆို ခင်ဗျားက ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းရဲ့ ဥက္ကဌလား " ဟိုဝူသည် နီးကပ်လာသည့် လူအား ကြည့်လိုက်လေသည်။ သူသည် ယန်ပါးထောင်ရဲ့ အရှိန်အဝါဟာ အားကောင်းတာကို ခံစားမိပေမယ့် သူ့နောက်တွင် ဟိုင်မိသားစု ရှိနေတာကို တွေးပြီး လုံးဝ စိုးရိမ်မနေပေ။

သူ့ရှေ့က လူက ဘယ်လောက် စွမ်းအား ကြီးကြီး ဟိုင်မိသားစုကို ပစ်မှားရဲမှာတဲ့လား။ ယန်ပါးထောင်သည် ဟိုဝူအား တစ်ချက် ကြည့်လိုက်ပြီး အရိုက်ခံထားရတဲ့ သူ့ရဲ့ဝန်ထမ်းတွေ၊ မြေပြင်ပေါ်က တံတွေးတွေနဲ့ ပြန့်ကြဲနေတဲ့ အဝတ်တွေကို ကြည့်လိုက်တယ်။

" ဒါတွေကို မင်းလုပ်လိုက်တာလား " ယန်ပါးထောင်သည် အရေးမစိုက်ဟန် မေးလိုက်သည်။

" ငါပဲ။ ဟိုဝူသည် သူ့ရင်ဘတ်ထဲမှ ငွေလက်မှတ်ကို ဆွဲထုတ်လိုက်ပြီး ရှေ့တိုးလာလေသည်။ " ဒီနေ့ မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းရဲ့ ကိုယ်စား ငါရောက်လာတာပဲ။ အခုက စပြီးတော့ မင်းတို့ရဲ့ အသင့်စား ဟင်းလျာတွေကို နောက်ထပ် ရောင်းခွင့် မပြုတော့ဘူး။ ဟင်းချက်နည်းအားလုံးကို ငါတို့ မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းက ပိုင်တယ်။ ဒါက မင်းတို့ ဟင်းချက်နည်းကို ဝယ်ဖို့ ပေးတဲ့ ပိုက်ဆံ ငွေစ နှစ်ထောင်ပဲ " မူလက မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းက ငွေစ ငါးထောင်ပေးပေမယ့် ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းက ဈေးပေါလွန်းတယ်လို့ ခံစားရတာကြောင့် ငွေစ သုံးထောင်ကို သူ့ဘာသာ သိမ်းထားလိုက်လေသည်။

ဟိုဝူသည် အရင်ကလည်း အကြိမ်များစွာ ထိုသို့ လုပ်လေသည်။ နောက်ဆုံးတွင်တော့ သူ့ရဲ့ နောက်မှာ စွမ်းအားကြီး မိသားစုတွေဖြစ်တဲ့ ဟိုင်မိသားစုနဲ့ မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းရှိတာပဲ။

ဘယ်သူက ဘာပြောရဲမှာလဲ။ သူတို့က မြန်မြန် ခယပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ပေးလိုက်ကြမှာပဲမလား။ ထိုသို့ ပြောရင်း သူသည် ငွေလက်မှတ်အား သာမန်ကာလျှံကာ ပစ်ပေးလိုက်လေသည်။

ငွေလက်မှတ်သည် မြေပြင်ပေါ်သို့ လွင့်ကျသွားလေသည်။ ဟိုဝူသည် မေးမော့လိုက်လေသည်။ " ငါကိုယ်တိုင် ရှင်းအောင် လုပ်ပြီးပြီလို့ ထင်တာပဲ။ နောက်ထပ် ငါကိုယ်တိုင် လုပ်စရာ မလိုတော့ဘူး မလား။ ကဲ အခု ငွေလက်မှတ်ကို ကောက်ပြီးတော့ ငါ့ဆီ ဟင်းချက်နည်းတွေယူခဲ့ " ထိုအချိန်တွင် ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ကုန်သည်အားလုံး၏ မျက်နှာများသည် ပြောင်းလဲသွားကြလေသည်။ မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းက အတော် မျက်နှာပြောင်တိုက်တာပဲ။ ဒါက လက်တွေ့ကျကျ ဗြောင်လိမ်နေတာပဲ။

သူတို့သည် အသင့်စား ဟင်းလျာ လုပ်ငန်းကို မင်ဟိုင် ကုန်သွယ်ရေး လုပ်ငန်းကို ပေးလိုက်ရင် ဆိုပြီး စိတ်ကူးကြည့်လိုက်ရာ ဈေးကတော့ အနည်းဆုံး နှစ်ဆ ဖြစ်သွားတော့မှာပဲ။

" အာ အနာဂတ်မှာ ငါတို့ အသင့်စား ဟင်းလျာကို စားဖို့ ပိုက်ဆံ ပိုကုန်တော့မှာပဲ "

" ငါတို့ ဘာတတ်နိုင်မှာလဲ။ ဟိုင်မိသားစုက ပြောတဲ့ဟာကို ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းက မလိုက်နာဘဲ နေရဲပါ့မလား " အားလုံးသည် ယန်ပါးထောင်အား ကြည့်နေကြလေသည်။

All Chapters