ခန်းမသခင်၊ ဒေါသမဖြစ်ပါနဲ့။
Vol. 11 Ch. 106
သေချာတာကတော့ သူက ဘယ်လိုမှ လူကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။
လီဟမ်ရှန်း ၏စကားများကြောင့် လီကျင်းစုန့် သည် လီချန်ချင်း အကြောင်းပြန်တွေးလိုက်မိပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
" ဟုတ်တယ်၊ ငါတို့ ရှေးဟောင်းတာအိုတောင်ဂိုဏ်းထဲကို တစ်စုံတစ်ယောက်က တစ်ညတာ ကျူးကျော်ဝင်ရောက်ခဲ့တယ်။ သူ့ကို တောင်ထိပ်သခင် အတော်များများက သတိပြုမိခဲ့ကြပြီး ဂိုဏ်းထဲမှာ နည်းနည်းတော့ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သေးတယ်။ ဒါပေမယ့် ထိခိုက်ပျက်စီးတာတော့ မရှိခဲ့ပါဘူး။ အဲဒီလူကလည်း ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ပြန်ထွက်သွားခဲ့တယ်လေ " လီကျင်းစုန့် သည် အသေးစိတ်မပြောဘဲ အဖြစ်အပျက်များကို အပေါ်ယံသာရှင်းပြလိုက်သည်။
"ဒီလူက သိပ်ကိုရဲတင်းလွန်းပါလား" "ရှေးဟောင်းတာအိုတောင်ဂိုဏ်းကိုတောင် ခိုးဝင်ရဲတယ်ပေါ့လေ၊ အဲ့ဒီလူက ဘယ်သူလဲဆိုတာ ခန်းမသခင်သိလား "
" မသိဘူး "
" ဒီလူက သိပ်ကိုစွမ်းအားကြီးပြီး သူ့မှာ သုံးမကုန်နိုင်တဲ့ ဝှက်ဖဲတွေလည်း အများကြီးပဲရှိတယ်။ ငါတောင်မှ သူ့ကိုမဖမ်းနိုင်ခဲ့ဘူး။ လွတ်အောင်ပြေးသွားသေးတာ " လီကျင်းစုန့် သည် ခပ်တိုးတိုးပြောလာခဲ့၏။
" ထပ်မမေးနဲ့တော့။ အဟမ်း ၊ သေချာတာကတော့ အဲ့ဒီလူက လူကောင်းတစ်ယောက် မဟုတ်ဘူး "
ရှမူဟိုင်က သူ့ကို လီချန်ချင်းအကြောင်း လီဟမ်ရှန်း အား မပြောရန် အထူးညွှန်ကြားထားခဲ့သည်။
သူကလည်း လီချန်ချင်း အကြောင်းကို မပြောချင်ပါဘူး။
လီချန်ချင်းက အတော်ဆုံးဖြစ်နေတာနဲ့ပတ်သက်ပြီး သူ့မှာဘာပြောစရာရှိရမှာလဲ။ ပြီးတော့ ဘာကြောင့်လဲဆိုတာ သူ မသိပေမယ့် လီချန်ချင်းက သူ ဒီလောက် စွမ်းအားကြီးကြောင်း သူ့သားကို မပြောရသေးဘူး ဆိုတာကိုတော့ သူသိသည်။ ဖြစ်နိုင်တာကတော့ လီဟမ်ရှန်း ကို ကာကွယ်ချင်လို့ပဲ ဖြစ်လိမ့်မယ်။ အကယ်၍ အဲ့တာက လီဟမ်ရှန်း ကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုရင် သူလည်းသေချာပေါက် ဘာမှပြောမှာမဟုတ်ပါဘူး။
လီဟမ်ရှန်းသည် လီကျင်းစုန့် စိတ်မကောင်းဖြစ်နေသည်ကို တွေ့လိုက်ရပြီး သူ့ကိုယ်စား ဒေါသဖြစ်နေဟန်ဖြင့် " ခန်းမသခင် ပြောတာမှန်တယ်။ ညနက်သန်းခေါင်ကြီး ကျွန်တော်တို့ ရှေးဟောင်းတာအိုတောင်ဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်လာတဲ့သူက ဘယ်လိုမှ လူကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။ ပြီးတော့ ခန်းမသခင်၊ သူ့နဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချမနေပါနဲ့။ ခန်းမသခင်သာ ပြင်းပြင်းထန်ထန်တုန့်ပြန်တိုက်ခိုက်ခဲ့မယ်ဆိုရင် ဒီလို မကောင်းတဲ့ကောင်ကို ရင်ဆိုင်ဖို့ဆိုတာ အလွယ်လေးပဲ မဟုတ်လား? "
" ဟုတ်တာပေါ့၊ ငါက သူ့ကို အရမ်းအထင်ကြီးနေမိတာပဲ။ ကောင်လေး၊ မင်းတော်တော် ဉာဏ်ကောင်းတာပဲ။ လာ၊ လာ ငါတို့အတူလက်ဖက်ရည်သောက်ရအောင် " လီကျင်းစုန့် သည် ရွှင်မြူးစွာပြောလာခဲ့သည်။
တခြားတစ်ယောက်ယောက်ကသာ သူ့ကို ဒီလိုမြှောက်ပင့်ပြောဆိုမယ်ဆိုရင် သူ ဘယ်လိုမှခံစားရမှာ မဟုတ်ပါဘူး။
ဒါပေမယ့် လီချန်ချင်းရဲ့သားဖြစ်သူကိုယ်တိုင်က သူ့အဖေထက် သန်မာတယ်လို့ မြှောက်ပင့်ပြောဆိုတာကို ကြားရတဲ့အခါမှာတော့ သူ အတော်လေး ကျေနပ်သွားခဲ့သည်။
သူ့ခွက်ထဲက လက်ဖက်ရည်ကတောင် ပိုချိုလာသလိုပါပဲ။
လီဟမ်ရှန်းသည် လီကျင်းစုန့် ၏ စိတ်အခြေအနေ တိုးတက်လာသည်ကိုသိလိုက်ပြီး အခွင့်အရေးကိုအသုံးချကာထပ်မံပြောဆိုလိုက်၏။ " ဒီလိုမကောင်းတဲ့သူတစ်ယောက်ဟာ ဆိုးရွားတဲ့အဆုံးသတ်တစ်ခုကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်။ နောင်ကျရင် သူ့သားမှာ ဖင်တောင်ရှိမှာမဟုတ်ဘူး။."
"ဖူးးး!"
လီကျင်းစုန့် သည် သူ့ပါးစပ်ထဲရှိလက်ဖက်ရည်များကို လီဟမ်ရှန်း၏ မျက်နှာပေါ်သို့ ထွေးထုတ်လိုက်မိတော့သည်။
လက်ဖက်ရည်များပေပွနေသည့်မျက်နှာနှင့် လီဟမ်ရှန်းတစ်ယောက် အံ့ဩမှင်သက်နေခဲ့၏။
ဘာလဲဟ? ငါ အမြှောက်လွန်သွားလို့လား။
" အိုး၊ တောင်းပန်ပါတယ် တောင်းပန်ပါတယ် " လီကျင့်စုန့်သည် လီဟမ်ရှန်း၏ မျက်နှာကို အဝတ်တစ်ထည်ဖြင့် အမြန်သုတ်ပေးလိုက်ပြီး အလျင်စလိုပြောလာခဲ့၏။ "ကျူးကျော်ဝင်ရောက်လာတဲ့လူက မကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင်တောင် သူ့သားနဲ့တော့ ဘာမှ မသက်ဆိုင်ပါဘူးလေ။ သူ့သားက လူကောင်းလေးတစ်ယောက် ဖြစ်နေနိုင်ပါတယ် "
" ခန်းမသခင်၊ ခန်းမသခင်က သိပ်ကြင်နာတတ်တာပဲ။ ဒီဖအေ ကမွေးမှတော့၊ ဒီသားပဲဖြစ်မှာပေါ့ဗျာ။ ကြွက်ရဲ့သားက တွင်းတွေဖောက်မှာအသေအချာပဲလေ။ သူက မကောင်းတဲ့သူတစ်ယောက်ဆိုရင် သူ့သားကလည်း လူကောင်းတစ်ယောက်ဖြစ်မှာမဟုတ်ဘူး " လီဟမ်ရှန်း သည် လီကျင်းစုန့် ၏ စကားများကို သဘောမတူဟန်ဖြင့် ခေါင်းယမ်းကာ ပြောဆိုလိုက်၏။
ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။
ဘမျိုးဘိုးတူ သားလေးပေါ့လေ။ အကြင်နာတရားကင်းမဲ့ပုံကတော့ သူ့ကိုယ်သူတောင် ခွင့်မလွှတ်တော့ပါလား။ တကယ့်ပဲ ကြွက်ရဲ့သားက တွင်းတွေ ဖောက်နေခဲ့တာပဲ။
"ဒါနဲ့လေ၊ စကားမစပ် "
" မင်းရဲ့ မွေးရပ်မြေက ဘယ်နေရာမှာလဲ " လီကျင်းစုန့် ရုတ်တရက် မေးလိုက်၏။
" မင်ဟုန် ခရိုင်၊ ချန်ထင် မြို့ကပါ "
" မင်းအဖေကရော ချန်ထင် မြို့ဇာတိလား "
" ... မဟုတ်ဘူးထင်တယ်။ ကျွန်တော် ငယ်ငယ်လေးတုန်းက ချန်ထင်မြို့ ကိုပြောင်းလာခဲ့ကြတာကို ကျွန်တော်မှတ်မိတယ်။ အရင်က ဘယ်မှာနေခဲ့ကြတယ်ဆိုတာတော့ ကျွန်တော်လည်းမမှတ်မိတော့ဘူး။ အဖေကို မေးဖူးပေမယ့် သူက မပြောဘူးဗျ " လီဟမ်ရှန်း က ခေါင်းခါယမ်းကာ ပြောလိုက်၏။ သူ့အတိတ်မှ အမှတ်တရများက အတော်ကို ဝေဝါးနေခဲ့ပေသည်။
"ခန်းမသခင်က ဘာလို့ ဒီအကြောင်းတွေမေးတာလဲ"
"အိုး ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်းပဲ မေးမြန်းကြည့်တာပါကွာ "
အဲ့ဒီ လီချန်ချင်း မှာ ပန်းချီသူတော်စင်တစ်ယောက်ရဲ့ကျင့်ကြံဆင့်မျိုးတွေ့ရတယ်။
ပြီးတော့ အဲ့ဒီနေ့က သစ်ပင်ပေါ်က ပုံရိပ်ဟာ ယွဲ့ဟန်ကျွင်း နှင့် သိပ်ကိုတူလွန်းနေတယ်။
လီဟမ်ရှန်း ၏အသက်အရွယ်ကိုသုံးသပ်ကြည့်တော့ သူမွေးဖွားခဲ့တာ ယွဲ့ဟန်ကျွင်း မတော်တဆမှုဖြစ်ခဲ့တဲ့အချိန်လောက်မှာပင်။
တကယ်ပဲ ယွဲ့ဟန်ကျွင်း ဖြစ်နေမလား။
သူ ဘယ်သူလဲ? ယွဲ့ဟန်ကျွင်းလား
ကံမကောင်းစွာနဲ့ပဲ၊ အဲ့ဒီနေ့က သူ့မျက်နှာကို ကောင်းကောင်းမမြင်ခဲ့ရပေ။
သူထင်တာမှန်နေခဲ့မယ်ဆိုရင် ယွဲ့ဟန်ကျွင်း က ဘာကြောင့် မင်ဟုန်ခရိုင်မှာ ထွက်ပေါ်လာရတာလဲ။ သူ့ကိုယ်သူ မမှတ်မိတော့အောင်ထိကို ဘာတွေများ ဖြတ်သန်းခဲ့ရလို့လဲ။
အဲ့ဒီအချိန်တုန်းက ဘာကြောင့်စန်းယွမ်နယ်မြေ အရှင်သခင်အပေါ်မှာ အပြစ်လုပ်မိရတာလဲ။
ပျောက်ဆုံးနေသော လျှို့ဝှက်ချက်များစွာကို လီကျင်းစုန့် တကယ်ပဲ ရှာဖွေချင်နေမိသည်။
အဲ့ဒီအချိန်ကသူသာ ရှိနေခဲ့မယ်ဆိုရင် သူ့ညီအစ်ကိုအတွက် တရားမျှတမှုကိုရှာဖို့ ထျန်းဟိုင် မြို့ကို သွားပြီး ဒီကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှာ အသေအချာပါပဲ။
ယွဲ့ဟန်ကျွင်း အတွက်တင်မဟုတ်ပဲ၊ သူမအတွက်ကြောင့်ပါ သူဒီလိုလုပ်ရပေလိမ့်မည်။
သို့သော်လည်း
အဲ့ဒီအချိန်က သူသည် ဟင်းလင်းပြင်နဂါးကျွန်းတွင် အလွန်ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ရပြီး သေလုနီးပါးဖြစ်ခဲ့ပြီးကတည်းက သူ၏ နတ်ဘုရားဝိဉာဉ်သည်လည်း ပျက်စီးသွားခဲ့ကာ ပန်းချီသူတော်စင်အဆင့်ကို လုံးဝ ပြန်မရောက်နိုင်တော့သည့်အခြေအနေသို့ရောက်ရှိသွားသည်။ ထိုအဖြစ်အပျက်ဆိုးများကြောင့် လီကျင်းစုန့် သည် သူ့ဘဝ၏ အချိန်ဆယ်နှစ်တာလုံးလုံး တစ်ယောက်တည်း လေလွင့်နေခဲ့တော့သည်။
ထိုဆယ်နှစ်အတွင်း၌ သူ့မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းများအပါအဝင် မည်သူတစ်ဦးတစ်ယောက်နှင့်မှ အဆက်အသွယ်မလုပ်ခဲ့ပေ။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် ရှောင်ပုန်းနေခဲ့ပြီး ဂိုဏ်းအတွက် ပန်းချီအချို့ ရေးဆွဲပေးကာ အချိန်အများစုကို မျောလွင့်ပုံရိပ်ခန်းမ၌ ဝိုင်သောက်ရင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
ထိုစဉ်အချိန်ကာလများသည် သူ့ဘဝ၏ အမှောင်မိုက်ဆုံးအချိန်များပင်ဖြစ်၏။ နောက်ဆုံး၊ သူ့နှလုံးသားထဲရှိ နာကျင်မှုများကို ကုစားနိုင်ခဲ့ပြီး သက်သာလာချိန်မှာတော့ အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်သည်။
ယွဲ့ဟန်ကျွင်း သည်လည်း စန်းယွမ်နယ်မြေအရှင်သခင်၏ နှိမ်နင်းခြင်းကိုခံခဲ့ရပြီးဖြစ်သည်။
သူ့လို အဆင့်မြင့်ပန်းချီဆရာလေးတစ်ယောက်က ဘာလုပ်နိုင်တော့မလဲ။
အချိန်အတော်ကြာ စကားစမြည်ပြောဆိုခဲ့ကြပြီးနောက် လီဟမ်ရှန်း သည်လည်း အနားယူဖို့ ပြန်သွားခဲ့၏။
လီဟမ်ရှန်း ထွက်သွားပြီးနောက်
လီကျင်းစုန့် သည် နေရာတွင်ပင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အချိန်အတော်ကြာထိုင်နေခဲ့ပြီး လီချန်ချင်း၏ ပုံရိပ်ကိုသာ ထပ်တလဲလဲ တွေးနေမိလေသည်။
နောက်ဆုံး၌မူ လီကျင်းစုန့် သည် မျောလွင့်ပုံရိပ်ခန်းမ ၏ အတွင်းပိုင်းသို့ဝင် ရောက်သွားခဲ့ပြီး လျှို့ဝှက်နေရာတစ်ခုမှ သစ်သားသေတ္တာဟောင်းလေးတစ်ခုကို ထုတ်ယူလာခဲ့သည်။ သေတ္တာလေးသည် အလွန်အိုဟောင်းနေပြီး အပေါ်၌ဖုန်ထူထူများက ဖုံးအုပ်နေပေသည်။
သူသေတ္တာကိုဖွင့်လိုက်သည့်အခါတွင် အထဲ၌ စာတစ်စောင် ရှိနေခဲ့၏။ စာအိတ်၏အရောင်သည် အဝါရောင်သို့ပင်ပြောင်းနေခဲ့ပြီဖြစ်ပြီး ဤနေရာတွင် ရှိနေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့သည်ကို ညွှန်ပြနေပေသည်။
ဒီစာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေးသားခဲ့ခြင်းဖြစ်သည်။
သို့ပေမယ့်လည်း မပို့ဖြစ်ခဲ့ပေ။
ယွဲ့ချင်းဝူ ထံသို့
"ချင်းဝူ..." လီကျင်းစုန့် သည် စာအိတ်ပေါ်ရှိ စာလုံးလေးသုံးလုံးကို ညင်သာစွာ ပွတ်သပ်ကာ နူးညံ့သောအကြည့်များဖြင့် ကြည့်လိုက်လေသည်။
ယွဲ့ချင်းဝူ သည် ယွဲ့ဟန်ကျွင်း ၏ညီမဖြစ်ပြီး တစ်ချိန်က လီကျင့်စုန် အလွန်ချစ်မြတ်နိုးခဲ့သော အမျိုးသမီးဖြစ်သည်။
ယွဲ့ချင်းဝူ ၏ အလိုမကျသောမျက်နှာထားလေးများ၊ သဘောတကျပြုံးတတ်သောအပြုံးလေးများကို သူ ယခုထိတိုင် မှတ်မိနေသေးပေသည်။ သူမ၏ နှုတ်ခမ်းစွန်းလေးများ ကော့တက်သွားသည့် အခိုက်အတန့်သည် သူ့ကို ဆောက်တည်ရာမရအောင် အလုပ်နိုင်ဆုံးသောအချိန်ဖြစ်၏။
သူနှင့် ယွဲ့ဟန်ကျွင်း တို့သည် ပြိုင်ဘက်များဖြစ်ကြပြီး တစ်ဦးကို တစ်ဦးအနိုင်မခံအရှုံးမပေးခဲ့ကြပေ။ သူတို့နှစ်ဦးသည် နံပါတ်တစ် ပါရမီရှင် နေရာအတွက် အမြဲယှဉ်ပြိုင်နေကြသည့် အသက်အငယ်ဆုံး ပန်းချီသူတော်စင် နှစ်ပါးဖြစ်ခဲ့သည်။
သူနှင့် ယွဲ့ဟန်ကျွင်း တို့၏ ပြိုင်ပွဲတစ်ခုတွင် သူမနှင့် တွေ့ဆုံခဲ့ရသည်။
ထိုအချိန်က သူမ၏အပြုံးသည် လီကျင်းစုန့်အား သူမကို ချက်ချင်းပင် ကြွေဆင်းသွားစေခဲ့သည်။
သူနဲ့ ယွဲ့ဟန်ကျွင်း အပြင်မှာ ပန်းချီဆွဲတဲ့အခါတိုင်း၊ သူမ က သူတို့အတွက် လက်ဖက်ရည်နဲ့ အဆာပြေမုန့်များ ပြင်ဆင်ပေးကာ ဘေးကနေ တိတ်တဆိတ်ကြည့်နေတတ်သည်။
" လီကျင့်စုန် ၊ ရှင့်ရဲ့ပန်းချီကားက ကျွန်မအစ်ကိုဟာလောက် မကောင်းဘူး "
" ကျွန်မအစ်ကိုရဲ့ ပန်းချီကားက ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ လက်ရာအမြောက်ဆုံးပဲ "
" သဘောမတူဘူးလား၊ အဲ့တော့ ရှင်ဘာလုပ်ချင်လဲ။ မကျေနပ်လည်း သည်းခံပေါ့၊ ကျွန်မကအမှန်တွေပြောနေတာလေ "
ကြယ်တာယာ ကောင်းကင်ကြီးအောက်၌။
သူတို့နှစ်ဦးသားမြက်ခင်းပြင်တစ်ခုပေါ်တွင် တိတ်တဆိတ်ထိုင်ကာ တလက်လက်တောက်ပနေသည့် ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့ကြသည်။ လေတိုးသံများမှလွဲ၍ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။
ဟိုးအဝေးတစ်နေရာရှိ စမ်းချောင်းတစ်ခုမှ ရေစီးသံတသွင်သွင်ကိုလည်းဝိုးတဝါး ကြားနေရသည်။
လူငယ်လေး၏ လက်ချောင်းများသည် မိန်းကလေး၏ လက်ဖဝါးကို လှမ်းကိုင်လိုဟန်ဖြင့် မြက်ခင်းပြင်ပေါ်တွင် တရွေ့ရွေ့ လှုပ်ရှားနေခဲ့သည်။
လက်မအနည်းငယ်သာ ကွာဝေးသော်လည်း သူ့အတွက်တော့ ကမ္ဘာခြားနေသလို ခံစားရပုံပေါ်ပေသည်။
လီကျင့်စုန့် အလွန် စိတ်လှုပ်ရှားနေခဲ့၏။
" လီကျင့်စုန့်၊ ကျွန်မကြားဖူးတာတော့ ဒီကမ္ဘာမှာ နဂါးတွေတကယ်ရှိတယ်တဲ့၊ သူတို့က နေနဲ့လကိုတောင် ဖြတ်ကျော်နိုင်ပြီး၊ တိမ်ပင်လယ်ကြီးကိုလည်း ဖန်တီးနိုင်တယ်တဲ့လေ၊ အဲ့တာဟုတ်လားဟင် " မိန်းကလေး က စတင်မေးမြန်လိုက်လေသည်။
"နဂါးတွေ?" လူငယ်လေးသည် အံ့သြသွားခဲ့၏။ " ဟုတ်တယ်၊ နဂါးတွေရှိခဲ့ဖူးတယ် ။ သူတို့အကြောင်း မှတ်တမ်းတင်ထားတဲ့စာအုပ်တွေရှိတယ်လေ။ သူတို့က မရေမတွက်နိုင်တဲ့ လူတွေကို ထိခိုက်ပျက်စီးစေခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဖရိုဖရဲဖြစ်သွားစေခဲ့တယ်။ နောက်ပိုင်းမှာတော့ စန်းယွမ် နယ်မြေအရှင်သခင်ရဲ့ နှိမ်နင်းခြင်းကို ခံခဲ့ရတယ်တဲ့ "
" နဂါးတွေက လှသလားဟင် " မိန်းကလေးက လူငယ်လေးကို လှည့်ကြည့်ကာမေးလိုက်၏။
သူမ၏ အကြည့်က လူငယ်ကို ရုတ်တရက်မိန်းမောသွားစေခဲ့သည်။
သူမ၏ မျက်လုံးများက ကောင်းကင်ပေါ်ရှိ ကြယ်လေးများထက် ပိုမိုတောက်ပနေကာ၊ သူမ၏ ရှည်လျားသော မျက်တောင်များနှင့် အလွန်ပနံသင့်နေသည်။ ထို နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် ကမ္ဘာပေါ်ရှိ အခြားအရာအားလုံးကိုပင် မှေးမှိန်သွားစေသလိုပင်။
" လှတယ်… " လူငယ်လေး သည် သူမ၏အလှတွင်နစ်မြောနေခဲ့ပေသည်။
" ဟင်၊ တွေ့ဖူးလို့လား "
" မတွေ့ဖူးဘူး "
" မမြင်ဖူးပဲနဲ့ လှတယ်ဆိုတာ ရှင်ဘယ်လိုသိလဲ "
" အာ ၊အဲဒါက နဂါးတစ်ကောင်ပဲလေကွာ၊ ကိုယ်သိတာပေါ့ "
"ချင်းဝူ ၊ မင်းမြင်ချင်တယ်ဆိုရင် ကိုယ်တစ်နေ့ကျ မင်းအတွက် နဂါးတစ်ကောင်ပုံဆွဲပေးမယ် "
" တကယ်လား? ဒါပေမယ့် ရှင်က နဂါးတစ်ကောင်ကို မမြင်ဖူးပဲနဲ့ ဘယ်လိုဆွဲနိုင်မှာလဲ "
" အဲ့ဒီအတွက် မင်းစိတ်မပူပါနဲ့။ ကိုယ်မင်းအတွက် ဆွဲပေးနိုင်ပါတယ် " လူငယ်လေးက ယုံကြည်မှုအပြည့်နှင့် ပြောလာခဲ့၏။ "အချိန်တန်ရင် ယွဲ့ မိသားစုဆီမှာ မင်းကိုတောင်းရမ်းဖို့အတွက် အဲ့ဒီနဂါးပန်းချီကို ကိုယ်ယူလာခဲ့မယ် "
"ကောင်းပြီ ကျွန်မ ရှင့်ကိုစောင့်နေပါ့မယ် "
လီကျင်းစုန့် ၏ အတွေးများသည် လက်ရှိသို့ပြန်ရောက်လာခဲ့ပြီးနောက် စာလေးကို ထိကိုင်ရင်းဖြင့် သူ့အကြည့်များက အဝေးတစ်နေရာကိုရောက်ရှိသွားခဲ့ပြန်သည်။
ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီပဲ။
သူမရော အခုချိန်မှာ ဘယ်လိုရှိနေမလဲ?
ယွဲ့ဟန်ကျွင်း အကြောင်းကိုရော သူမ သိသလား?
……
လီဟမ်ရှန်း သည် ယင်ရှင်းရေကန် သို့သွားပြီး ကိုးထပ်တိုက်ပွဲခန်းမ၏ ပညာရှင်ကို ထပ်မံစိန်ခေါ်ခဲ့သည်။
ရလဒ်ကတော့ လုံးဝ ရှုံးနိမ့်နေဆဲပင်။
သူ၏ ကျင့်ကြံဆင့်သည် တက်လှမ်းခြင်းအဆင့် ၏ သတ္တမမြောက်အဆင့်မှ နဝမအဆင့်သို့ တိုးတက်လာခဲ့ပြီဖြစ်ပြီးလုပ်ဆောင်ချက်များကလည်း မပြောင်းလဲကာ အရင်တစ်ကြိမ်နှင့် အတူတူပင် ဖြစ်သော်လည်း ရလဒ်ကတော့ အတူတူဖြစ် နေဆဲပင်။
ပညာရှင်ရဲ့ဓားက
တအား အရမ်းမြန်လွန်းတယ်!
လီဟမ်ရှန်းတွင် သူ၏ ဓားချက်များကို ခုခံနိုင်စွမ်းမရှိပဲ လည်စင်းပေးရုံသာတတ်နိုင်ပေသည်။
သူ၏တိုက်ခိုက်မှုများသည် ပညာရှင်၏ မျက်လုံးထဲတွင်တော့ ချို့ယွင်းချက်များဖြင့် ပြည့်နှက်နေပြီး ပညာရှင်ကို လုံးဝမထိခိုက်စေနိုင်ခဲ့ပေ။
မူလက သူစီစဉ်ထားသည်မှာ ကျိုးကျွင်း နှင့် လက်ဖက်ရည်တစ်ခွက်သောက်ရင်း ကျိုးကျွင်းပြောခဲ့ဖူးသည့် 'နှလုံးသားနောက်ကို လိုက်သောဓား' အဆင့်အကြောင်းကို ကျိုးကျွင်း အားမေးမြန်းကြည့်ရန်ဖြစ်သည်။
သို့သော် ကျိုးကျွင်း သည် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် မရှိဘဲ တိုက်ရိုက်တပည့်တစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန် အပြင်တွင်ရောက်နေခဲ့သည်။
သို့ဖြစ်၍ မေးမြန်းရန်အတွက် လီဟမ်ရှန်း သည် မူဟိုင်ဖုန်း တောင်ထိပ် သို့သွားကာ ရှမူဟိုင်ကိုရှာရပေတော့သည်။
" နှလုံးသားနောက်ကို လိုက်သောဓား ?"
ရှမူဟိုင်သည် ပြုံးကာပြောလိုက်၏။ "ဒီအဆင့်ကိုကျင့်ကြံနိုင်ဖို့က၊ ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်ဖို့လိုတယ်။ မင်းရဲ့ အဆင့်နဲ့က အတော်လေးလိုသေးတယ်"
" မင်းကအခု တက်လှမ်းခြင်းအဆင့်ရဲ့ နဝမမြောက်အဆင့်ကိုရောက်နေပြီဆိုပေမယ့် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က ဒီ့ထက်ပိုပြီးသန်မာဖို့လိုသေးတယ်။ နောက်အဆင့်တစ်ခုတက်လှမ်းဖို့ အချိန် မရောက်သေးဘူး။ မင်း ပြန်လည်မွေးဖွားခြင်းအဆင့် ကိုရောက်မှ ဒီအဆင့်ကိုနားလည်အောင်လုပ်လည်း နောက်မကျသေးပါဘူးကွာ"
လီဟမ်ရှန်း၊ ဒီကောင်လေး ရည်မှန်းချက် နည်းနည်းကြီးလွန်းမနေဘူးလားဟ။
"ကဲပါ မင်းသိချင်တယ်ဆိုရင်တော့ ဆရာ နည်းနည်းပြောပြမယ်၊ လာ လိုက်ခဲ့"
ရှမူဟိုင်သည် လီဟမ်ရှန်းကို မနီးမဝေးမှ သစ်ပင်တစ်ပင်ဆီကို ခေါ်ဆောင်သွားခဲ့၏။
" 'နှလုံးသားနောက်ကို လိုက်သောဓား' ဆိုတဲ့ ကျင့်စဉ်က ဓားကျင့်စဉ်ဆိုပေမယ့် လှံနဲ့လည်း အသုံးပြုလို့ရတယ်။ အမည်နာမပဲကွာခြားသွားတာ သဘောတရားက အတူတူပဲ ။ အဓိကသော့ချက်က နှလုံးသားနဲ့ လှုပ်ရှားဖို့ပဲ "
" ဒါပေမယ့် ဒီ 'နှလုံးသား' ဆိုတာ မင်းသိထားတဲ့ 'နှလုံးသား' မဟုတ်ဘူး " ရှမူဟိုင်သည် အပြုံးတစ်ခုနှင့်ပြောလာခဲ့၏။
လီဟမ်ရှန်း အတော်လေးခေါင်းရှုပ်သွားခဲ့၏။ သူသိတဲ့ 'နှလုံးသား' မဟုတ်ရင် ဘယ် 'နှလုံးသား' ဖြစ်နိုင်မလဲ။ လူတစ်ယောက်မှာ နှလုံးသားနှစ်ခု ရှိနိုင်လို့လား?
" မင်းရဲ့လှံကိုသုံးပြီး ဒီသစ်ရွက်တွေကို ထိုးဖောက်စမ်း။ မင်း ဘယ်နှစ်ရွက်လောက်ထိုးဖောက်နိုင်မလဲ ကြည့်ရအောင် " ရှမူဟိုင် သည် လီဟမ်ရှန်းကို သူ့ဘေးနားရှိ သစ်ပင်ကို ညွှန်ပြကာ ပြောလိုက်၏။
ထိုသို့ပြောပြီးနောက် ရှမူဟိုင် သည် သစ်ပင်ကို လက်ဖြင့် ခပ်ဖွဖွ တစ်ချက် ရိုက်လိုက်၏။
ခပ်ဖွဖွ ရိုက်လိုက်သည်ဟု ထင်ရသော်လည်း လက်ဝါး အစွမ်းမှာ အလွန်ကြီးမားပေသည်။ သစ်ပင်ကြီးတစ်ခုလုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော သစ်ရွက်များ ကြွေကျလာခဲ့သည်။
သစ်ရွက်များ ကြွေကျလာတာကိုမြင်သည်နှင့် လီဟမ်ရှန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အကြည့်များစူးရှလာကာ သူ၏ အင်မော်တယ်ပုံဖော်ခြင်း လှံ ကို ချက်ချင်း ဆွဲထုတ်ကာလှုပ်ရှားလိုက်၏။
လီဟမ်ရှန်း ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် အလွန်ကြံ့ခိုင်သန်မာသောကြောင့် သူ၏လှံထိုးချက်များသည် အလွန်ဖြတ်လတ်လျင်မြန် လှသည်။
အထူးသဖြင့် လီဟမ်ရှန်း သည် " သစ္စာကိုးပါး လှံသိုင်းကျင့်စဉ်" ကို လေ့ကျင့်ပြီးနောက် သူ၏လက်ကောက်ဝတ် လှုပ်ရှားမှုများသည် အလွန်လျင်မြန်လာခဲ့ပြီး သူ၏လှုပ်ရှားမှုများကိုကြည့်လျှင် လှံရိပ်များကိုသာ မြင်နိုင်ပေသည်။
မရေမတွက်နိုင်သော သစ်ရွက်များသည် မြေပြင်ပေါ်သို့မရောက်ခင်မှာပင် လီဟမ်ရှန်း၏ လှံချက်များဖြင့် ထိုးဖောက်ခံခဲ့ရတော့သည်။
ရှမူဟိုင် သည် လီဟမ်ရှန်း ကို ကြည့်ကာ အံ့အားသင့်နေခဲ့၏။ လီဟမ်ရှန်း အခြားလှံကျင့်စဉ်တစ်ခုကို လေ့ကျင့်နေခဲ့လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။
အရင်တစ်ခုကို ဘယ်အချိန်က သူနားလည်သွားခဲ့တာလဲ?
သူ့ရဲ့နားလည်နိုင်စွမ်းက တကယ့်ကို ပုံမှန်မဟုတ်ဘူးပဲ။
ရှမူဟိုင်သည် သူ၏လက်ကို အနည်းလှုပ်ရှားလိုက်သည်နှင့် တဖျပ်ဖျပ်ဝဲကျနေသော သစ်ရွက်များသည် လေထုထဲ၌ ရပ်တန့်သွားကြ၏။
ထိုလှုပ်ရှားမှုသည် လီဟန်ရှန်း ကို အလွန်အံ့အားသင့်သွားစေခဲ့သည်။
ဒါက ဂိုဏ်းရဲ့နာမည်ကြီးသိုင်းကွက်ဖြစ်တဲ့ စည်းတံဆိပ်ငါးချက် ဆိုတာ ဖြစ်ရမယ်။
ရာနှင့်ချီသော သစ်ရွက်များထဲတွင် အနည်းဆုံး အရွက် ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်သည် လီဟမ်ရှန်း၏ လှံချက်များဖြင့်ထိုးဖောက်ခံထားရသည်။
" မဆိုးပါဘူး၊ မင်းရဲ့လှံသိုင်းကလည်း တကယ့်ကို ကောင်းတယ် " ရှမူဟိုင် သည် ချီးကျူးလိုက်၏။
"ဆရာက သိပ်ကြင်နာလွန်းနေပါပြီ"
လီဟမ်ရှန်းသည် ယဉ်ကျေးစွာ တုံ့ပြန်လိုက်၏။
" ဆရာ့ကိုခဏပေးစမ်း " ရှမူဟိုင်သည် လက်လှမ်းကာ လီဟမ်ရှန်းထံမှ အင်မော်တယ် ပုံဖော်ခြင်းလှံ ကို တောင်းလိုက်၏။
တစ်ချိန်တည်းမှာပင် ရှမူဟိုင်သည် သူ၏လက်ကို လှုပ်ရှားလိုက်သည့်အခါ သစ်ပင်ကြီးသည် တုန်ခါသွားပြီး သစ်ရွက်များစွာ ကြွေကျလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှမူဟိုင် ၏ ပျင်းရိသောအမူအရာသည် ချက်ချင်းပင် ဓားသွားတစ်ခုကဲ့သို့ ထက်ရှသည့်အမူအရာကို ပြောင်းလဲသွားခဲ့သည်။
လီဟမ်ရှန်း ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် ရှမူဟိုင်၏ လှံထိုးချက်များက စတင်လှုပ်ရှားနေခဲ့ပြီဖြစ်သည်။
သူ၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန်ပြီး သေသေချာချာမကြည့်မိပါက ကြုံသလို ထိုးစိုက်နေဟန်ပင် ပေါ်သည်။
သူ၏ ထိုးစိုက်မှုအရှိန်ကြောင့် သိပ်သည်းသောလှံရောင်ဝါတစ်ခုပင် ထွက်ပေါ်နေခဲ့သည်။
အသက်တစ်ရှိုက်စာမတိုင်မီတွင်ပင် ရှမူဟိုင် တစ်ယောက် လှံထိုးချက်များ ဘယ်နှစ်ကြိမ်လောက် ထိုးစိုက်လိုက်သည်ကိုတောင် လီဟမ်ရှန်း ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
လီဟမ်ရှန်း ၏အမြင်တွင်၊ ဤအမြန်နှုန်းသည် ကိုးထပ်တိုက်ပွဲခန်းမ၏ ဒုတိယအဆင့်မှ ဓားသမားထက်ပင် ပိုမြန်နေပေသည်။
" ရော့၊ ဒီမှာပြန်ယူလိုက် " ရှမူဟိုင် သည် အင်မော်တယ် ပုံဖော်ခြင်းလှံ ကို လီဟမ်ရှန်း ထံသို့ ပြန်ပစ်ပေးလိုက်၏။
" ဆရာရဲ့ လှံသိုင်းကလည်း အံ့မခန်းပါပဲ " လီဟမ်ရှန်း မျှော်မှန်းထားတာထက် ပင်ကျော်လွန်နေခဲ့ပေသည်။
သို့သော်လည်း ရှမူဟိုင်သည် ခေါင်းကို ခါယမ်းလိုက်ပြီး " ဆရာက လှံသိုင်းကို တစ်ခါမှ မလေ့ကျင့်ဖူးဘူး။ ဒါပေမယ့် ဓားဖြစ်ဖြစ်၊ လှံပဲဖြစ်ဖြစ်အားလုံးက ဦးတည်ရာလမ်းကြောင်း တူညီတယ်။ နိယာမသဘောတရားတွေကလည်း အတူတူပဲ။ တကယ်တော့ ဆရာ့ရဲ့အဆင့်က ဘာမှမဟုတ်သေးဘူး။ ငါတို့ရဲ့ ဒုဂိုဏ်းချုပ် ရွှယ်ချင်းပိုင်ဆိုရင် အတော်ဆုံး ဓားသမားတစ်ယောက်ဖြစ်နေပေမယ့်လည်း မင်း သူ့ကို လှံတစ်ချောင်းပေးလိုက်ရင်တောင် သူက ထိပ်တန်း ကျွမ်းကျင်တဲ့ သူတစ်ယောက် ဖြစ်နေအုံးမှာပဲ "
ရှမူဟိုင်၏ စကားများကိုကြားပြီး လီဟမ်ရှန်း သဘောပေါက်သွားတော့သည်။
ထို့နောက် မြေပြင်ပေါ်ရှိ သစ်ရွက်များကို ဆောင့်ကြောင့်ထိုင်၍ အနည်းငယ်ကောက်ယူကာကြည့်လိုက်၏။ အရွက်တစ်ခုစီတိုင်းတွင် အပေါက်တစ်ခုစီရှိနေသည်ကို တွေ့လိုက်ရသည်။
လီဟမ်ရှန်း သည် တွေ့ရာ သစ်ရွက်လက်တစ်ဆုပ်စာကို ကောက်ယူ ကာကြည့်လိုက်သော်လည်း ၎င်းတို့အားလုံးတွင် အင်မော်တယ် ပုံဖော်ခြင်းလှံ ဖြင့် ထိုးသွင်းထားသည့်အပေါက်များ ပါရှိနေပေသည်။
တစ်ရွက်တစ်လေတောင်မှ လွတ်မသွားခဲ့ဘူး။
ထို့ထက် ပိုအရေးကြီးသည်မှာ အပေါက်တစ်ခုစီ၏ အနေအထားသည် တစ်ရွက်နှင့်တစ်ရွက်တူညီမှုမရှိဘဲ ကွဲပြားနေခြင်းဖြစ်သည်။
ဒါကိုမြင်တော့ လီဟမ်ရှန်း အလွန်တုန်လှုပ်သွားခဲ့၏။
" သစ်ရွက်တွေ ကြွေကျတာကို မင်းမျက်လုံးနဲ့မြင်လိုက်ရတဲ့အခါ၊ မင်းမျက်လုံးတွေကတစ်ဆင့် အချက်အလက်တွေကို မင်းရဲ့အသိစိတ်ဆီ ပို့ပေးတယ်၊ ပြီးတော့ မင်းရဲ့အသိစိတ်က မင်းရဲ့ခြေလက်တွေကို အမိန့်ပေးတယ်၊ အဲ့ဒီနောက်မှာမှ မင်းရဲ့ခြေလက်တွေက လှံထိုးချက်တွေကို ဖန်တီးတယ် "
" ဒါဆိုရင် မင်းရဲ့ လှုပ်ရှားမှုတွေကအရမ်းနောက်ကျနေပြီ၊ အဲဒါကြောင့် မင်း ဓားသမားရဲ့ ဓားချက်တွေကို မခုခံနိုင်တာပဲ။ မင်းက သူ့ထက်အများကြီးနှေးနေလို့လေ"
ရှမူဟိုင် သည် အံဩတကြီးဖြစ်နေသော လီဟမ်ရှန်းကို ကြည့်လိုက်ပြီး "နှလုံးသားဖြင့် လှုပ်ရှားခြင်း" ဆိုတာမင်းရဲ့ အမြင်အာရုံကိုအသုံးပြုရတာမဟုတ်ဘဲ မင်းရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုရတာပဲ။ မင်းရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို တစ်သားတည်းပေါင်းစပ်နိုင်တဲ့အချိန်မှာ ' နှလုံးသားဖြင့် လှုပ်ရှားခြင်းလှံ ' ဆိုတဲ့အဆင့်ကိုမင်းတက်လှမ်းနိုင်လိမ့်မယ် "