ရှေးဟောင်းဧကရာဇ်တောင်တန်း ။
Vol. 10 Ch. 129
ရွှမ်ယိသည် ရှေးဟောင်းမှတ်တမ်းစာအုပ်များကို ဝမ်ဖုန်းအားလက်လွှဲပေးရင်းပြောလိုက်သည်။ " ဂိုဏ်းချုပ်ဝမ် ၊ ဒီမှာမှော်ဆေးဝါးတွေအကြောင်းကိုမှတ်တမ်းတင်ထားတဲ့ စာအုပ်တွေပါ ။ "
ဝမ်ဖုန်းသည်ရှေးဟောင်းမှတ်တမ်းစာအုပ်များကိုယူလိုက်ပြီး ၎င်းတို့ကို စိုက်ကြည့်လိုက်သည်။ ထိုရှေးဟောင်းစာအုပ်များတွင် စာအုပ်အမည်များပါဝင်မနေပဲ ၎င်းတို့၏အဖုံးကိုတော့ အမည်မသိသားရဲတိရိစ္ဆာန်များ၏ သားရေဖြင့်ပြုလုပ်ထားသည် ။
သူသည် စာအုပ်တစ်အုပ်ကို ထုတ်ယူ၍ကောက်ကိုင်ကြည့်လိုက်သည်။ စာအုပ်၏အရှေ့ပိုင်းစာမျက်နှာများတွင် သူတစ်ကြိမ်တစ်ခါမျှကြားဖူးခြင်းမရှိသော ရှေးဟောင်းနယ်မြေများအကြောင်းကို မှတ်တမ်းတင်ထားသည်။
ထို့ကြောင့် ဝမ်ဖုန်းသည် ထိုနယ်မြေများအကြောင်းကို လေးလေးနက်နက်တွေးတောကြည့်ရှုခြင်းမရှိပါပေ ။ သူသည် စာမျက်နှာများကို လျင်မြန်စွာ လှန်လှောလိုက်သည် ။ တစ်နေရာသို့အရောက်မှာ သူ၏မျက်ဝန်းများသည် ကျဉ်းမြောင်းသွားပြီး စာအုပ်အား စူးစိုက်ကြည့်လိုက်လေသည် ။
" ဒီစာအုပ်ထဲမှာပြောထားတာတော့ ရှေးဟောင်းဧကရာဇ်တောင်တန်းမှာ နိဗ္ဗာန်ဆေးဝါးလို့ခေါ်တဲ့ မှော်ဝင်ဆေးဝါးတစ်မျိုး ရှိတယ်ဆိုပဲ ။ အဲ့ဒီနိဗ္ဗာန်ဆေးဝါးက ရှေးဟောင်းဖီးနစ်သားရဲ၏အသွင်သဏ္ဍာန်နှင့်တူပြီး နိဗ္ဗာန်၏စွမ်းအားများပါဝင်နေတယ် ။ ပြီးတော့ ရှင်သန်ခြင်းစွမ်းရည်များကို ပြန်လည်စုစည်းဖို့ အသုံးပြုနိုင်တယ်ဆိုပဲ ။ "
ထိုအထိဖတ်ပြီးနောက်တွင် စာလုံးများသည် မှန်ဝါးသွားလေသည်။ဝမ်ဖုန်းသည် သူ၏သံသယများကိုချိုးနှိမ်လိုက်ပြီး နောက်ထပ်ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထပ်မံကောက်ယူဖတ်ရှုလိုက်သည်။
အစပိုင်းကကဲ့သို့ပင်ဝမ်ဖုန်းသည် ရှေးစာမျက်နှာများကို လှန်လှောလိုက်သည် ။ စာမျက်နှာတစ်ခုသို့အရောက်တွင် သူသည်တစ်ဖန်ပြန်လည်ရပ်တန့်လိုက်ပြီး လေးလေးနက်နက်ဖတ်ရှုလိုက်ပါသည် ။
" ဒီစာအုပ်ထဲမှာပြောထားတာကလည်း ရှေးဟောင်းဧကရာဇ်တောင်တန်းမှာ ရွှမ့်ဝူဆေးဝါးလို့ခေါ်တဲ့ မှော်ဝင်ဆေးတစ်မျိုးရှိတယ်ဆိုပဲ ။ "
ထိုထိဖတ်ရှုပြီးမှ ပထမစာအုပ်ကလိုပင် စာလုံးများက မှန်ဝါးသွားလေသည် ။ သူသည် ရွှမ်ယိအားစိုက်ကြည့်ကာပြောလိုက်သည် ။ " ဒီစာအုပ်တွေကိုကြည့်ပါဦး ။ အဲ့ဒီထဲမှာ ရှေးဟောင်းဧကရာဇ်တောင်တန်းဆိုတာကို မှတ်တမ်းတင်ထားတယ် ။ ဒါပေမယ့်အဲ့ဒီ့တောင်တန်းက ဒီကမ္ဘာကြီးမှာရော ရှိလို့လား ။ အဲ့ဒီ့တောင်တန်း ဘယ်မှာရှိလဲဆိုတာကိုရော မင်းသိလား ။ "
ဝမ်ဖုန်း၏ စကားများကိုကြားရသည့်အခါ ရွှမ်ယိသည် ခေါင်းကိုခါရမ်းကာ အင်တင်တင်ပြုံးလျက်ပြောလိုက်သည် ။ " ကျွန်တော်တို့ဒီရှေးဟောင်းစာအုပ်တွေကို စတင်ရရှိတုန်းကလည်း လေဧကရာဇ်က ဒီစာအုပ်ထဲမှာပါတဲ့ ရှေးဟောင်းဧကရာဇ်တောင်တန်းကို ရှာဖွေဖို့ရန်အတွက် လူတွေစေလွှတ်ခဲ့ဖူးပါသေးတယ် ။ ဒါပေမယ့်အဆုံးမှာတော့ ဧကရာဇ်တောင် ရှာမတွေ့ခဲ့ပါဘူး ။ "
ဝမ်ဖုန်းသည်ခေါင်းညှိတ်လိုက်သည် ။ သူသည်ရလာဒ်ကိုခန့်မှန်းပြီးဖြစ်သည် ။ ဒီလိုမှမဟုတ်ရင် ဧကရာဇ်မှာ မှော်ဝင်ဆေးဝါးတစ်မျိုး နဂိုကတည်းက ရှိနေပြီဖြစ်သည် ။
" ရှေးဟောင်းစာအုပ်တွေအားလုံးကိုယူလာခဲ့ ။ အဲ့ဒီ့စာအုပ်တွေထဲမှာ အချက်အလက်တစ်ချို့ ထပ်ရှိနေနိုင်သေးတယ်။ "ဝမ်ဖုန်းသည် ရွှမ်ယိအားစိုက်ကြည့်ကာ ပြောလိုက်သည်။
ရွှမ်ယိသည် ခေါင်းညှိတ်ကာ သူ့၏လက်ကို တဖန်ပြန်လည်ဝှေ့ယမ်းလိုက်သည်။ စာအုပ်စင်များသည် အလိုအလျောက်ထပ်မံရွေ့လျားသွားပြီး ဒါဇင်ကျော်မျှသောရှေးဟောင်းစာအုပ်များသည် လေထဲမှာပျံသန်းလာကာ ရွှမ်ယိ၏ရှေ့သို့ အထပ်လိုက်စီလျက်ကျသွားသည် ။
" ဒီစာအုပ်တွေအားလုံးက လေအင်ပါယာပိုင်ဆိုင်တဲ့ ရှေးဟောင်းစာအုပ်တွေအကုန်လုံးပါပဲ ။ ကျွန်တော်တို့လေအင်ပါယာကလည်း စာသင်သားတွေကိုခေါ်ယူပြီးတော့ စာအုပ်တွေအကုန်လုံးကိုဖတ်ရှုခိုင်းခဲ့ပါတယ် ။ ဒါပေမယ့်ဘယ်သူကမျှ ဘယ်အချက်အလတ်ကိုမှ မတွေ့ရှိခဲ့ကြပါဘူး။ ဂိုဏ်းချုပ်ဝမ်လည်းကြည့်ကြည့်ပါလေ ။ ဂိုဏ်းချုပ်ဝမ်ဆိုရင်တော့ တွေ့ချင်ရင်တွေ့မှာပေါ့။"
ရွှမ်ယိသည် မြေပြင်ပေါ်မှအထပ်လိုက်ရှိသော ရှေးဟောင်းစာအုပ်များကို ညွှန်ပြရင်း ဝမ်ဖုန်းအားလေးလေးစားစားပြောလိုက်သည် ။
ဝမ်ဖုန်းသည်ခေါင်းညှိတ်ကာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို သာမန်ကာလျှံကာ အလျင်အမြန်ဖတ်ရှုလိုက်သည် ။ ဝမ်ဖုန်း၏ကျင့်ကြံမှုအဆင့်ဖြင့်ဆိုပါက သူသည်ဒီစာအုပ်တစ်အုပ်လုံးကို အတွေးတစ်ချက်နှင့်ပင်ဖတ်ရှုနိုင်သည် ။
သို့သော်လည်း ဤရှေးဟောင်းစာအုပ်များကို အမည်မသိရှေးဟောင်းသားရေများဖြင့်ဖုံးအုပ်ထားပြီး ၎င်းတိရိစ္ဆာန်သားရေများတွင် စိတ်ဝိညာဉ်စွမ်းအင်များကို ကာကွယ်နိုင်သော အစွမ်းသတ္တိရှိလေသည် ။ ထိုစာအုပ်များကိုသာ စိတ်ဝိညာဉ်စွမ်းအင်များအသုံးပြုပြီး ဖတ်ရှုမည်ဆိုပါက ဝမ်ဖုန်းသည် တစ်ချို့သောအချက်အလက်များကို မသိရှိလိုက်မည်ကိုကြောက်နေမိသည် ။
တစ်နာရီတိတိတိုင်အောင် ဝမ်ဖုန်းသည် စာအုပ်များကိုဖတ်ရှုနေခဲ့သည် ။ သူသည်ရှေးဟောင်းစာအုပ်ပေါင်း ၅၀ခန့်ကို ဖတ်ရှုပြီးဖြစ်သော်လည်း မည်သည့်သတင်းအချက်ကိုမျှ ရရှိခြင်းမရှိသေးပါပေ။
ဤသည်ကိုမြင်တော့ ဘေးမှာမတ်တပ်ရပ်နေသော ရွှမ်ယိသည် ဝမ်ဖုန်းကို အရှုံးပေးလိုက်ဖို့ဖျောင်းဖျချင်နေသည် ။ သို့သော်လည်း အဆုံးမှာတော့ ဘာမှထုတ်မပြောခဲ့ပါ ။ ဘာပဲဖြစ်ဖြစ်ဂိုဏ်းချုပ်ဝမ် ယခုလို ရှာဖွေနေရသည်မှာ သူတို့၏အရှင်မင်းကြီးအတွက်မဟုတ်ပါလော။
နောက်ထပ်နာရီဝက်တိတိအကြာတွင် ဝမ်ဖုန်းသည် နောက်ထပ်ရှေးဟောင်းစာအုပ်တစ်အုပ်ကိုယူ၍ လှန်လှောကြည့်ရှုလိုက်သည် ။ ဤအကြိမ်တွင်သူသည် အလွန်အမင်းနှေးကွေးစွာ ဖတ်ရှုလိုက်သည် ။ ဤရှေ့ဟောင်းစာအုပ်ထဲတွင် သဲလွန်စတစ်ချို့ တွေ့ရှိရမည်ဟု သူ့စိတ်ထဲထင်နေမိသည် ။
" အဲ့ဒီ့နေ့မှာပဲ ကမ္ဘာကြီးတစ်ခုလုံးတုန်ခါပြီး မှောင်အတိပြီးသွားခဲ့သည် ။ ထူးဆန်းသည့် တောက်တောက်ပပ အလင်းရောင်တစ်ခုက အမည်မသိအကွာအဝေးတစ်ခုမှ ဖြစ်ပေါ်လာခဲ့သည် ။ ထိုအလင်းသည် အစပိုင်းတွင် အလွန်ဝေးကွာပုံပေါ်သော်လည်း မျက်စိတမှိတ်အတွင်းမှာပင် နီးနီးကပ်ကပ်အနေအထားသို့ ရွေ့လျားလာနေခဲ့သည် ။
ဗိုင်းကနဲ မြည်သံကြီးနှင့်အတူ ကမ္ဘာပေါ်ရှိလူတိုင်းသည် နားစည်ကွဲလောက်စရာကောင်းသောအသံကြီးကို ကြားလိုက်ရသည်။ ဘာတွေဖြစ်ပျက်သွားသလဲဆိုသည်ကို မည်သူမျှမသိရှိခဲ့ကြဘူး။
ကမ္ဘာကြီးတစ်ခုလုံးတုန်ခါနေပြီး နဂါးကြီးတစ်ကောင် လူးလွန့်လိုက်သလို တောင်တန်းနှင့်မြစ်ပြင်တွေဟာ ကွဲအက်သွားခဲ့သည်။
ဆူညံသံကြီးအပြီးတွင် ရှေးဟောင်းဧကရာဇ်တောင်ကြားတစ်ခုလုံးဟာ နတ္ထိအခြေအနေသို့ ပျောက်ကွယ်သွားတယ် ။ ကမ္ဘာပေါ်ရှိလူသားတိုင်းက အမျက်ဒေါသထွက်ပြီး ယူကျုံးမရဖြစ်ကုန်ကြတယ် ။ ကောင်းကင်နှင့် မြေကြီးက ဖန်ဆင်းပေးထားသော သဘာဝရတနာတိုက်ကြီးက ဤသို့ပျက်စီးပျောက်ကွယ်သွားလေတယ် ။ ယခုချိန်မှစ၍ ဤရတနာတိုက်ကြီးကို မည်သူတစ်ဦးတစ်ယောက်ကမျှ ထပ်မံစူးစမ်းလေ့လာလို့ရတော့မှာမဟုတ်ပါဘူး ။
ဤနယ်မြေကိုလူအများက နတ်ဘုရားတို့၏နယ်မြေလို့ ခေါ်ဆိုသတ်မှတ်ကြသည် ။ နတ်ဘုရားတို့ဟာ ကောင်းကင်ဘုံနယ်မြေကြီးအား သဘာဝအလျောက်ဖန်တီးထားသည်ကို ဖျက်ဆီးလိုက်သည်။ သူဟာ အခြားသောရှင်သန်ခြင်းအရာတစ်ခုကို အစားထိုးအနေနဲ့ ပြန်လည်ပေးအပ်ခဲ့လေသည် ။"
ဤအကြောင်းအရာများသည် ရှေ့ဟောင်းစာအုပ်၏နောက်ဆုံးစာမျက်နှာ၌ မှတ်တမ်းတင်ထားခဲ့သော အချက်အလက်များဖြစ်ပါသည် ။ ဝမ်ဖုန်းသည် ထိုအချက်အလက်များကို သေသေချာချာ တိတိကျကျဖတ်ရှုခဲ့သည် ။ ဤစာမျက်နှာပေါ်တွင် ရှေးဟောင်းဧကရာဇ်တောင်တန်းအကြောင်းကို တိတိကျကျ ဖော်ညွှန်းမထားသော်လည်း ဝမ်ဖုန်းသည် တစ်ချို့တစ်လေ ကို ခန့်မှန်းသိရှိလိုက်သည် ။
သူသည် ထိုနေရာသို့ ယခင်ကရောက်ရှိခဲ့ဖူးသည် ။ သို့သော်လည်း ထိုနေရာသည် ရှေးဟောင်းဧကရာဇ်တောင်တန်း ဖြစ်နေလိမ့်မည်ဟု သူထင်မထားခဲ့ပါ ။ သို့ပေတည်း ထိုနေရာသည် ယခုအချိန်မှာတော့ ကန္တာရကြီးအလား ခြောက်ကပ်နေလေပြီ ။ သူ မှော်ဆေးဝါးကို ထိုနေရာမှာမည်သို့မည်ပုံ သွားရောက်ရှာဖွေရမည်နည်း ။
ရုတ်ချည်းဆိုသလို ဝမ်ဖုန်း၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သူသည် တစ်စုံတစ်ခုကိုမှတ်မိသွားခဲ့သည် ။ ထိုနေရာတွင် သစ်ပင်ကြီး များရှိမနေပဲ မြေကြီးထိတိုင်အောင် ဇောက်ထိုးဆင်းသွားသော အနက်ရောင်သစ်ပင်ကြီးများတော့ ရှိနေပါသည် ။
''လေအင်ပါယာမှာ ရှေးဟောင်းနယ်မြေတွေအကြောင်းကို မှတ်တမ်းတင်ထားတဲ့ စာအုပ်ေတွမရှိလား ။ ''ဝမ်ဖုန်းသည် ရွှမ်ယိအားစိုက်ကြည့်ကာ မေးလိုက်သည် ။
" တစ်ချို့တစ်လေတော့ရှိပါတယ် ။ ဒါပေမယ့် အကြောင်းအရာ နည်းနည်းကိုပဲ မှတ်တမ်းတင်ထားတာ ။ အဲ့ဒီ ရှေးဟောင်းနေရာတွေအကြောင်းကို မှတ်တမ်းတင်ထားတဲ့ စာအုပ်တော်တော်များများမှာ ရေးမထားကြဘူး ။ အဲ့ဒီ့အရာတွေက လေထဲမှာ ဒီအတိုင်းပျောက်ကွယ်သွားသလိုပဲ ။ မှတ်တမ်းအပြည့်အစုံပါသည့်စာအုပ်တွေဆိုတာ အရမ်းကိုရှားတယ် ။" ရွှမ်ယိက မှင်သေသေအမူအရာဖြင့်ဖြေဆိုလိုက်သည် ။
ထို့နောက်သူသည် ဝမ်ဖုန်း၏ညွှန်ကြားချက်ကို စောင့်ဆိုင်းမနေတော့ပဲ လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ စာအုပ်တစ်ချို့က ဝမ်ဖုန်းအရှေ့သို့ ပျံသန်းရောက်ရှိလာပေသည် ။ ဝမ်ဖုန်းသည် ထိုစာအုပ်များကို ကိုင်တွယ်ကြည့်လိုက်ပြီး ရပ်တန့်ခြင်းမရှိပဲ တစ်အုပ်ပြီးတစ်အုပ် တိုက်ရိုက်ဖတ်ရှုလိုက်သည် ။
ဤတစ်ကြိမ်တွင်တော့ဝမ်ဖုန်းသည် လေအင်ပါယာအတွက် ရှေးဟောင်းမှော်ဆေးဝါးကိုရှာဖွေနေယုံသာမက ရှေးဟောင်းမှတ်တမ်းများရှိ ရှေးဟောင်းနယ်မြေများအကြောင်းကိုပါ သေသေချာချာဖတ်ရှုရှာဖွေလိုက်သည် ။
" အဲ့ဒီ့နေ့တွင် နတ်ဘုရားတွေဟာ ပေါ်ထွက်လာကြတယ်။ တစ်ချိန်တည်းမှာပဲ ရှေးဟောင်းတောင်တန်းကြီးတစ်ခုလုံးက ပျောက်ကွယ်သွားခဲ့တယ်။ ကမ္ဘာကြီးကပြောကြတာကတော့ ဒါက နတ်ဘုရားတွေရဲ့အပြစ်ဒဏ်ပဲ ။ လူသားတွေရဲ့အလိုလောဘကြောင့် နတ်ဘုရားတွေဟာအပြစ်ဒဏ်တစ်ခုကိုချမှတ်ခဲ့ကြတယ် ။ သူတို့ဟာ သဘာဝရတနာသိုက်ကြီးကို ဖျက်ဆီးပစ်လိုက်ပြီး ကမ္ဘာကြီးကို သတိပေးလိုက်တာဖြစ်တယ် ။ "
" အဲ့ဒီ့အချိန်ကစပြီး သဘာဝရတနာသိုက်ကြီး ပျောက်ဆုံးသွားသည် ။ အစားအနေနှင့် တားမြစ်နယ်မြေတစ်ခု ပေါ်ထွန်းလာခဲ့သည် ။ အစမှာ ကမ္ဘာပေါ်ရှိလူတိုင်းက ထိုတားမြစ်နယ်မြေကို ကြောက်လန့်နေကြပြီး မစူးစမ်းဝံ့ကြပေ ။ သို့သော်လည်း အဆုံးမှာတော့ အကြောက်တရားကို လောဘက အနိုင်ယူသွားခဲ့သည် ။ ကမ္ဘာပေါ်ရှိကျင့်ကြံသူများက နတ်ဘုရားတွေဖန်ဆင်းထားသည့်တားမြစ်နယ်မြေကို ဝင်ရောက်စူးစမ်းခဲ့ကြသည် ။ "
" သူတို့ဟာ ထိုရတနာပစ္စည်းတွေကို ရှာဖွေမတွေ့ရှိခဲ့ကြပေမယ့် ရတနာနှင့်အလားသဏ္ဍာန်တူသည့် တစ်စုံတစ်ခုကိုတော့ ရှာဖွေတွေ့ရှိခဲ့ကြသည် ။ သူတို့ဟာ ပျော်မြူးသွားကြပြီး ရှေးဟောင်းနယ်မြေမှ နတ်ဘုရားတွေပေးအပ်ထားသည့်စွမ်းအားကိုအသုံပြုးလျက် သူတို၏ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်နိုင်ခဲ့ကြသည် ။ "
" နှစ်ထောင်ပေါင်းများစွာတိုင်ကောင် သူတို့က နတ်ဘုရားတွေဖန်ဆင်းထားပေးခဲ့သည့်နယ်မြေ၏ တစ်လက်မ မကျန် ရှာဖွေခဲ့ကြသည်။ သို့သော်လည်း သူတို့သည် နတ်ဘုရားနယ်မြေ၏ ထူးခြားသောစွမ်းအင်တစ်ခုမှလွဲပြီး မည်သည့်အရာမှ ရှာမတွေ့ခဲ့ကြပေ။ "
" နောက်ဆုံးမှာတော့ သူတို့သည် ရတနာပစ္စည်းရှာဖွေခြင်းကို လက်လျော့လိုက်ကြပြီး ရှေးဟောင်းနယ်မြေ၏စွမ်းအားကိုသာ နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုခဲ့ကြသည် ။ "
" သည်အချိန်အတောအတွင်းမှာ ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်လာသည် ။ ကမ္ဘာတစ်လွှမ်းကျော်ကြားသည့် စွမ်းအားရှင်ကြီးတစ်ယောက်သည် ရှေးဟောင်းနယ်မြေကြီးအတွင်း ရုတ်တရက်ဆိုသလို ရူးနှမ်းသွားခဲ့သည် ။ သူသည် " နတ်ဘုရားက ထိုအရာကိုပေးသနာခဲ့ပြီး တံခါးကို ကျွန်ုပ်ရှာဖွေတွေ့ရှိခဲ့တယ် ။ ထိုအရာဟာ ကျုပ်တစ်ယောက်ထဲနဲ့ပဲ သက်ဆိုင်တယ် "လို့ စူးစူးရှရှအော်ပြောခဲ့သည် ။ "
" လူတိုင်းက သူ့ကိုရူးသွားပြီဟု ထင်မှတ်ထားခဲ့ကြသည် ။ သူဟာ တူညီသောစကားလုံးများကို ကိုးကြိမ်တိုင်တိုင် ဟစ်ကြွေးပြီးနောက် သူ၏စိတ်ဝိညာဉ်သည်လည်း ချုပ်ငြိမ်းသွားခဲ့သည် ။ ဒါက ကမ္ဘာကြီးတစ်ခုလုံးကို အံ့ဩထိတ်လန့်သွားစေခဲ့သည် ။ "
ဝမ်ဖုန်းသည် စာအုပ်ကို ဖြေးလေးစွာပိတ်ချလိုက်ပြီး သူ၏နှလုံးသားတစ်ခုလုံး တုန်ရီ
နေပေသည်။ သူသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပုံပေါ်သော်လည်း အဆုံးမှာတော့ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပါ။
(ရှေးဟောင်းနတ်ဘုရားနယ်မြေကို အရင်က နတ်ဘုရားများကျရှုံးရာနယ်မြေလို့သုံးခဲ့ကြောင်း၊နောက်ပိုင်း ရှန်းလင်ရှေးဟောင်းနယ်မြေလို့သုံးမှာဖြစ်ကြောင်း)