ချန်းလန်ဓားဂိုဏ်း။
Vol. 10 Ch. 131
မဟာနတ်ဆိုးရွှမ်ရှသည် တစ်ကိုယ်လုံးတောင့်ခဲသွားလျက် မျက်လုံးများသည် ပတ်ဝန်းကျင်အား ဝေ့ဝဲအကဲခတ်နေခဲ့သည်။ ဂိုဏ်းချုပ်၏ ခုနကအကြည့်မှတစ်ဆင့် မဟာနတ်ဆိုးရွှမ်ရှသည် တစ်စုံတစ်ခုကိုခန့်မှန်းမိခဲ့သော်ငြား တစ်စုံတစ်ယောက်မှ သူတို့နောက်သို့ နောက်ယောင်ခံလိုက်ရန်အထိ သတ္တိကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
မည်သို့ပင်ဖြစ်စေ မဟာနတ်ဆိုးရွှမ်ရှသည် မိမိမှာ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သော်ငြား တစ်စုံတစ်ယောက်မှ နောက်ယောင်ခံလိုက်လာခဲ့သည်ကို သတိမထားမိခဲ့သောကြောင့် အလွန်အံ့ဩထိတ်လန့်သွားခဲ့ရ၏။ ထိုနောက်ယောင်ခံလိုက်သူသည် မည်မျှသော စွမ်းအားမြင့်ကျင့်ကြံသူဖြစ်သနည်း။
ဝမ်ဖုန်းကို ပြန်လည်ေဖြကြားသူမရှိဘဲနှင့် ကမ္ဘာလောကကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်မှာ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေသည့်အလားပင်။
ဟမ်!
ထိုအခိုက်တွင် ဝမ်ဖုန်းတို့နှင့်မဝေးလှသော အရှေ့အရပ်မှ လေဟာပြင်သည် အပြင်းအထန်တုန်လှုပ်သွားလျက် အနီရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
၎င်းမှာ အနီအလင်းဖြင့်တောက်ပနေသည့် ဓားတစ်လက်ဖြစ်ပေသည်။ ၎င်းဓားပေါ်ထွက်လာခဲ့ခြင်းဖြင်း ကောင်းကင်တစ်ခြမ်းခန့်ကို လင်းလက်သွားစေခဲ့သည်။ ရိုးရှင်းလှစွာသောအထီးကျန်ဓားသိုင်းသမားတစ်ဦးသည် အဆုံးမဲ့သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ကို သယ်ဆောင်ထားရှိ၏။
အမှောင်ထုနောက်ကွယ်တွင် ဖုံးကွယ်တည်ရှိနေသည့် ထိုတည်ရှိမှုသည် စကားနည်းသူများ၏ သာဓကဖြစ်သည်။
တိုက်ခိုက်မှုတစ်ချက်သည် အသက်နုတ်မည့်သတ်ဖြတ်ခြင်းဖြစ်၏။
ဝမ်ဖုန်းသည် ကြက်သွေးရောင်တောက်ပနေသည့်ဓားကိုကြည့်လျက် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသော်ငြား မလှုပ်ရှားခဲ့ပေ။
ဝမ်ဖုန်း၏ဘေးရှိ တုံ့ဖန်းပုပိုင်သည် သူ၏ကျောက်စိမ်းကဲ့သို့သွယ်လျကြည်စင်သောလက်တို့ကို ဝှေ့ယမ်းလိုက်ပြီး ခမ်းနားသောချီစွမ်းအင်တို့ ထွက်ပေါ်လာစေခဲ့သည်။ အေးစက်သည့်အလင်းတစ်ခုနှင့်အတူ ထက်ရှသည့်အချွန်ကိုပစ်လွှတ်လိုက်၏။ လေဟာပြင်သည် အေးစက်သည့်အလင်း၏ထိုးဖောက်ခံလိုက်ရသည်တွင် အပေါက်ငယ်တစ်ခုဖြစ်သွားခဲ့သည်။
ဘုန်း!
အလွန်ကျယ်လောင်လှစွာသော ပေါက်ကွဲသံကြီးမြည်ဟီးလာခဲ့ပြီး သာမန်မျက်လုံးဖြင့်မမြင်နိုင်သော စွမ်းအင်လှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ရိုက်ခတ်သွားခဲ့သည်။ တောင်ကြားတစ်ခုလုံးတုန်ခါသွားခဲ့ပြီး မရေမတွက်နိုင်အောင်သော ကျောက်တုံးများ ပြိုပျက်လိမ့်ကျလာခဲ့သည်။
ထိုအေးစက်သည့်အလင်းတန်းငယ်သည် နီစွေးတောက်ပသည့်ဓားရောင်ခြည်ကို အလုံးစုံဖုံးအုပ်သွားခဲ့ပြီး အဆုံးမဲ့သတ်ဖြတ်လိုခြင်းအငွေ့အသက်များပါဝင်နေသည့် ဓားရောင်ခြည်ကို အစိတ်စိတ်အမွှာမွှာ ဖြိုခွင်းပစ်လိုက်သည်။
ထို့အပြင် ထိုအေးစက်သည့်အလင်းတန်းသည် လေဟာပြင်ကိုဆက်လက်ထိုးဖောက်သွားလျက် ထိုလေဟာပြင်မှ နီစွေးသည့်သွေးအချို့ စီးကျလာခဲ့၏။ သို့သော် လူရုပ်သဏ္ဍာန်ကိုမူ မမြင်တွေ့ရပေ။
“စိတ်ဝင်စားစရာပဲ.. ဒါက တစ်စုံတစ်ယောက်က ငါဂိုဏ်းချုပ်ကိုတိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်ပဲ။ ဒီကြီးမြတ်သောလေအင်ပါယာမင်းသားက တကယ့်ကို တစ်မူထူးခြားတာပဲ”
ဝမ်ဖုန်းသည် သွေးစီးကျထားရာနေရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ကိုယ်တည်းရယ်မော၏။
ရယ်မောရင်းဖြင့် ဝမ်ဖုန်းသည် အံ့ဩထိတ်လန့်မှုကိုလည်း ခံစားမိနေပေသည်။ ထိုလူသည် သေချာပေါက် ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူဖြစ်ပေမည်။ သို့မဟုတ်ပါက တုံ့ဖန်းပုပိုင်၏တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
သေချာပေါက်ပင် ထိုလူသည် တုံ့ဖန်းပုပိုင်ထက် အင်အားနည်းသူဖြစ်၏။ ထိုလူထွက်ပြေးလွတ်မြောက်နိုင်သွားခဲ့သည်မှာ ဝမ်ဖုန်းနှင့် တုံ့ဖန်းပုပိုင်တို့အားလုံးသည် ထိုလူမှာ တိုက်ခိုက်မှုတစ်ကြိမ်ကျရှုံးသွားရုံဖြင့် ချက်ချင်းနောက်ပြန်ဆုတ်သွားမည်ဟု မျှော်လင့်မထားခဲ့ခြင်းကြောင့်သာဖြစ်သည်။
အလွန်တိကျပြတ်သားလှပုံမှာ အထူးတလည်လေ့ကျင့်ထားသည့် လူသတ်သမားများဖြစ်ပေမည်။
ဝမ်ဖုန်း၏ဘေးတွင်ရပ်နေသည့် မဟာနတ်ဆိုးရွှမ်ရှမှာ ထိုတဒင်္ဂတွင် ကြောင်အသွားရ၏။ တုံ့ဖန်းပုပိုင်သည် မည်မျှစွမ်းအားကြီးမားသည်ကို သူမသိသော်ငြား တုံ့ဖန်းပုပိုင်ပစ်လွှတ်လိုက်သည် ထိုတိုက်ကွက်သည် သူ၏အမြင်တွင် ငရဲသို့ဆွဲေခါ်သွားမည့်ဝိဉာဉ်တစ်ခုအလား ခံစားရပေသည်။
ထိုမျှကြောက်မက်ဖွယ်တိုက်ကွက်ကို မည်သူမျှလွတ်မြောက်နိုင်လိမ့်မည် မဟုတ်လေရာ လွတ်မြောက်သွားခဲ့သည့်ထိုလူသည် မည်မျှထိ စွမ်းအားကြီးမားသနည်း။
ထို့ပြင် ထိုမျှစွမ်းအားကြီးမားသူကို စေလွှတ်လိုက်သူမှာ ကြီးမြတ်သောလေအင်ပါယာ၏မင်းသားဖြစ်သည်ဟု အဓိပ္ပာယ်ရသော ဂိုဏ်းချုပ်၏စကားကြောင့် မဟာနတ်ဆိုးရွှမ်ရှမှာ ပို၍ထိတ်လန့်သွားရသည်။
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?
မဟာနတ်ဆိုးရွှမ်ရှသည် မိမိမှာ ဤလောကကြီးကို စိုးစဉ်းမျှ အမှန်တကယ်နားမလည်ခဲ့ဖူးသည်ကဲ့သို့ ရုတ်တရက်ခံစားလိုက်ရ၏။
တကယ်တမ်းတွင် မဟာနတ်ဆိုးရွှမ်ရှသာမက ဝမ်ဖုန်းသည်လည်း ထိုတဒင်္ဂတွင် မိမိမှာ ဤလောကကြီးနှင့် အလွန်တရာစိမ်းသက်နေသည်ဟု ခံစားလိုက်ရပါ၏။
တစ်ချိန်က ဝမ်ဖုန်းသည် ဤလောက၌ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သည် အင်အားအကြီးဆုံးဟု တွေးထင်ခဲ့သည်။ သို့သော် မိမိကိုယ်တိုင် အင်အားကြီးမားလာသည်နှင့်အမျှ ဤလောကကြီးသည် သူ့ထံသို့ ရေခဲတောင်ထိပ်ကို ဖွင့်လှစ်ပြသခဲ့၏။ သို့ဖြင့် မြေအောက်တွင်ပုန်းကွယ်နေသည့် ကြောက်မက်ဖွယ်အင်အားတို့ကို မြင်တွေ့စေခဲ့သည်။
“ဂိုဏ်းချုပ် ကြီးမြတ်သောလေအင်ပါယာရဲ့မင်းသားက ကျွန်တော်တို့ကိုလုပ်ကြံဖို့ လူလွှတ်စေခိုင်းရဲတယ်.. ဂိုဏ်းချုပ်ဘယ်လိုလုပ်ချင်…?”
မဟာနတ်ဆိုးရွှမ်ရှသည် စိတ်နှလုံးတွင်းမှ အံ့ဩထိတ်လန့်မှုကိုဖိနှိပ်၍ ဝမ်ဖုန်းကိုကြည့်လျက် အလျင်စလိုပြော၏။
“အခုက သင့်တော်တဲ့အချိန်မဟုတ်သေးဘူး။ မင်းမှာသက်သေရှိလို့လား”
ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှကို တစ်ချက်လှည့်ကြည့်၍ ခေါင်းခါယမ်း၏။
ဝမ်ဖုန်းသည် ကြီးမြတ်သောလေအင်ပါယာမင်းသားကို ပြန်သွား၍သတ်ပစ်နိုင်ပါ၏။ သို့သော် သက်သေအထောက်အထားမရှိဘဲနှင့် ကြီးမြတ်သောလေအင်ပါယာ၏အိမ်ရှေ့မင်းသားသည် အသက်သေဆုံးရလျှင်သော်မှ ဝန်မခံခဲ့ပါလျှင် အဘယ်သို့ဖြေရှင်းပါမည်နည်း။
‘ကြီးမြတ်သောလေအင်ပါယာအိမ်ရှေ့မင်းသားကို အတင်းအဓမ္မသတ်မယ်တဲ့လား? လာမနောက်စမ်းပါနဲ့ကွာ။ ဒီဂိုဏ်းချုပ်က ခုလေးမှ ကြီးမြတ်သောလေအင်ပါယာနဲ့ မဟာမိတ်ဖွဲ့ထားတာဟ’
ကြီးမြတ်သောလေအင်ပါယာအိမ်ရှေ့မင်းသားကို အတင်းအဓမ္မသတ်ဖြတ်လိုက်ပါလျှင်
ကြီးမြတ်သောလေအင်ပါယာဧကရာဇ်ကြီးသည် အိမ်ရှေ့မင်းသားကို မည်မျှမုန်းတီးသည်ဖြစ်စေ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ကြီးမြတ်သောလေအင်ပါယာ၏ဆက်ဆံရေးကို သေချာပေါက်ပျက်စီးစေမည်ဖြစ်သည်။
“ကြီးမြတ်သောလေအင်ပါယာအိမ်ရှေ့မင်းသားကို ဒီပုံစံအတိုင်း ဆက်ခွင့်ပြုထားလို့လည်း မဖြစ်သးဘူးလေ”
မဟာနတ်ဆိုးရွှမ်ရှမှ ဒေါသတကြီးဖြင့်ပြော၏။
“ဘာအလျင်လိုစရာရှိလဲ? ဒီဂိုဏ်းချုပ်က ယွင်ဖေးကိုကူညီပေးမှာကို သူအရမ်းကြောက်နေမှတော့ ဒီဂိုဏ်းချုပ်က သူဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးရတော့မှာပေါ့။ သူက ရာဇပလ္လင်ပေါ်မှာ ဘေးကင်းကင်းနဲ့တက်ထိုင်ချင်တယ်ဆိုတာလည်း ဒီဂိုဏ်းချုပ် ဆန္ဒရှိ၊မရှိအပေါ်မှာ မူတည်သေးတယ်”
ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။ ခပ်ဟဟအပြုံးနှင့်အတူ ရှင်းပြရန်ခက်ခဲသောအရိပ်အယောင်များလည်း မျက်လုံးတွင်ဖြတ်ပြေးသွားခဲ့သည်။
ထိုစကားအဆုံးတွင် မဟာနတ်ဆိုးရွှမ်ရှသည်လည်း မျက်လုံးများတောက်ပသွားခဲ့ပြီး စကားမဆိုတော့ချေ။ ဂိုဏ်းချုပ်၏အတွေးတို့ကို သူခန့်မှန်းမိပါသည်။
“သွားစို့ ရှေးဟောင်းနတ်ဘုရားနယ်မြေကိုသွားမယ်”
ဝမ်ဖုန်းမှ လက်ကိုဝှေ့ယမ်း၍ အထက်လေဟာပြင်သို့ ပျံတက်သွားခဲ့ပြီး ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ တစ်ဟုန်ထိုးဦးတည်သွားခဲ့သည်။
နာရီဝက်ခန့်ကြာမြင့်ပြီးနောက်တွင် ဝမ်ဖုန်းနှင့်သုံးဦးတို့သည် ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ ဆင်းသက်ခဲ့ကြ၏။
နက်နဲဆန်းကြယ်လှသော ရှေးဟောင်းနတ်ဘုရားနယ်မြေကိုကြည့်၍ ဝမ်ဖုန်း သက်ပြင်းဖျော့ဖျော့ချလိုက်သည်။ ဤသည်မှ ဝမ်ဖုန်း၏ ဒုတိယအကြိမ် ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ လာရောက်ခြင်းဖြစ်သည်။ ပထမအကြိမ်လာရောက်ခဲ့ချိန်နှင့် ခံစားချက်မှာ ကွာခြားမှုကြီးမား၏။
ပထမအကြိမ်တွင် ဝမ်ဖုန်းသည် ဤရှေးဟောင်းနတ်ဘုရားနယ်မြေမှာ လျှို့ဝှက်ဆန်းကြယ်၍မှန်းဆမရနိုင်ဟု ခံစားခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ထိုချိုင့်ဝှမ်းကြီးကိုကြည့်ရသည်မှာ တောရိုင်းသားရဲတစ်ကောင်ကို တွေ့မြင်နေရသည်ကဲ့သို့ခံစားရပြီး သူ၏ဝိဉာဉ်မှာ ၎င်းချိုင့်ဝှမ်း၏ဝါးမျိုခြင်းခံနေရသည်ဟု ခံစားရပေသည်။
ပထမအကြိမ်တွင် သူ၏နှလုံးအိမ်ကို တစ်ချက်ကြည့်ရုံဖြင့်ခုန်လှုပ်သွားစေခဲ့သည့် နတ်သမီးတစ်ပါးကို ဆုံတွေ့ခဲ့ရပြီး ဇနီးတစ်ယောက်ရရှိခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း ဝမ်ဖုန်းသည် အကျိုးအမြတ်တစ်စုံတစ်ရာ ထပ်မံရရှိရန် မျှော်လင့်နေမိပါ၏။
“သွားစို့”
လက်ကိုခပ်ပြင်းပြင်းဝှေ့ယမ်း၍ ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှနှင့် တုံ့ဖန်းပုပိုင်တို့ကို ရှေးဟောင်းနတ်ဘုရားနယ်မြေထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ဝမ်ဖုန်းသည် ဆန်းကြယ်အဓိပတိကနဦးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်ငြား ရှေးဟောင်းနတ်ဘုရားနယ်မြေထဲသို့ ခြေချလိုက်သည်နှင့် ကြီးမားပြင်းထန်သည့်မြေဆွဲအားနှင့်ဖိအားသည် သူ၏ခန္ဓာကိုယ်ကိုနစ်မြုပ်စေနိုင်မြဲဖြစ်လေသည်။
ဒီနေရာက တကယ်ပဲ နတ်ဘုရားတွေဆင်းသက်ခဲ့တဲ့နယ်မြေများလား။
ဝမ်ဖုန်းသည် ရှောင်လွှဲမရနိုင်သည့် မြေဆွဲအားဖိအားကို ခံစားရသည်တွင် စိတ်ထဲမှမေးခွန်းထုတ်လိုက်မိ၏။
ဝမ်ဖုန်းသည် ရှေးဟောင်းစာအုပ်တွင် မှတ်တမ်းတင်ထားသည့်တံခါးကို မည်သို့ရှာဖွေရမည်မသိပေ။ ဝမ်ဖုန်းသည် ကျန်နှစ်ဦးနှင့်အတူ ရှေးဟောင်းနတ်ဘုရားနယ်မြေထဲတွင် ဦးတည်ရာမရှိ လျှောက်သွားနေခဲ့သည်။
ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်းရှိ မြေဆွဲအားဖိအားကြောင့် ဝမ်ဖုန်းတို့သုံးဦး၏စိတ်ဝိဉာဉ်အတွေးတို့မှာ အကွာအဝေးတစ်ခုအတွင်း ကန့်သတ်ခံထားရသည်။ မဟာနတ်ဆိုးရွှမ်ရှ၏ ကန့်သတ်အကွာအဝေးမှာ မီတာတစ်ရာဖြစ်သည်။
ထိုမီတာတစ်ရာအကွာအဝေးသည် ဤကျယ်ပြန့်လှစွာသော ရှေးဟောင်းနတ်ဘုရားနယ်မြေထဲတွင် လက်သည်းခွံမျှသော အကွာအဝေးလေးဖြစ်၏။ သို့ဖြစ်ရာ ဝမ်ဖုန်းတို့၏ရှာဖွေသည့်အရှိန်နှုန်းမှာ နှေးကွေးလှပေသည်။
ထိုအခိုက်တွင် ဝမ်ဖုန်းနှင့် တုံ့ဖန်းပုပိုင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏အကြည့်များတွင် ရှင်းပြ၍မရနိုင်သောအဓိပ္ပာယ်များ ပါဝင်နေခဲ့သည်။ သူတို့နှစ်ဦးသားသည် ဦးတည်မှုတစ်ခုတည်းသို့ အရှိန်ပြင်းစွာပြေးသွားခဲ့ရာ မဟာနတ်ဆိုးရွှမ်ရှသည်လည်း နောက်မှအမြန်လိုက်သွား၏။
ဝမ်ဖုန်းတို့သည် မဝေးလှသောအကွာအဝေးရှိ အထက်အောက်ပြောင်းပြန်ဖြစ်နေသည့် သစ်ပင်အမြစ်၏နောက်တွင် ဆင်းသက်လိုက်ကြပြီး မကွာဝေးလှသည့်အရှေ့အရပ်မှ များစွာေသာပုံရိပ်တို့ကို အကဲခတ်ကြည့်လိုက်ကြသည်။
ထိုပုံရိပ်များမှာ တာ့အိုဝတ်ရုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးများ ဖြစ်ကြသည်။ သူတို့၏ဝတ်ရုံများကို နှင်းကဲ့သို့ဖြူလွသောဓားပါးသဏ္ဍာန် ပန်းထိုးထားပေသည်။ ထိုလူများသည် တစ်စုံတစ်ခုကို ရှာဖွေနေကြခြင်းမဟုတ်ပေ။ တိတ်ဆိတ်စွာရပ်နေကြလျက် တစ်စုံတစ်ခုကို စောင့်ကြပ်နေကြခြင်းဖြစ်ပေသည်။
“လူကြီးမင်းတို့ ဒီနေရာက ချန်းလန်ဓားဂိုဏ်း စောင့်ကြပ်ပိတ်ဆို့ထားတဲ့နေရာပါ။ ကျေးဇူးပြုပြီး ချန်းလန်ဓားဂိုဏ်းရဲ့မျက်နှာကိုထောက်ထားပြီး ဒီနေရာက ထွက်သွားပေးပါ”
သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် ရုတ်တရက်ပင် ဝမ်ဖုန်းတို့ရှိရာသို့ ဦးတည်ကြည့်လျက် သိမ်မွေ့စွာအော်ပြောခဲ့သည်။
…..