← Chapters

လောကနံပါတ်တစ်ဂုဏ်သရေ၊ ပြိုင်ဘက်ကင်းကျင့်ကြံသူ။

Vol. 10 Ch. 132

လောကနံပါတ်တစ်ဂုဏ်သရေ၊ ပြိုင်ဘက်ကင်းကျင့်ကြံသူ။

Vol. 10 Ch. 132

ယခုတွင် လူမိသွားပြီဖြစ်ရာ ဝမ်ဖုန်းသည် ဆက်လက်ပုန်းကွယ်မနေတော့ဘဲ တုံ့ဖန်းပုပိုင်၊ မဟာနတ်ဆိုးရွှမ်ရှတို့နှင့်အတူ ပေါ်ပေါ်ထင်ထင်ထွက်လာခဲ့လိုက်၏။ ရှေးဟောင်းနတ်ဘုရားနယ်မြေသိင့ ထပ်မံလာရောက်ခဲ့ရာမှ ဆန်းကြယ်အဓိပတိကျင့်ကြံသူနှင့် ပက်ပင်းတိုးမိလိမ့်မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပါချေ။

‘တကယ်ပဲဘာတွေဖြစ်ခဲ့တာ‌လဲ? ဒီစွမ်းအားမြင့်ကျင့်ကြံသူတွေ ‌တစ်ယောက်ပြီး‌တစ်ယောက် ထွက်လာရအောင်လေ?’

ကနဦးတွင် ဤလောက၌ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သာ ရှိခဲ့၏။ သို့သော် မည်သည့်အချိန်မှစတင်ခဲ့သည်မသိချေ.. ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သည် သာမန်အဆင့်သို့ရောက်ရှိလာခဲ့ပြီး ဆန်းကြယ်အဓိပတိအဆင့်တည်ရှိမှုသည် အဓိကဖြစ်လာခဲ့သည်။

ချန်းလန်ဓားဂိုဏ်း၏အကြီးအကဲကြီးမှ ဝမ်ဖုန်းနှင့်အခြားသူများကို မြင်တွေ့လိုက်သည်တွင် အထူးသဖြင့် ဝမ်ဖုန်း၏ဘေးရှိ တုံ့ဖန်းပုပိုင်မြင်လိုက်ရသောအခါ သူ၏မျက်လုံးများတွင် အံ့အားသင့်သောအရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့၏။ သို့သော် လျင်မြန်စွာပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

“ငါတို့က ဒီနေရာကို ချန်းလန်ဓားဂိုဏ်းကို စူးစမ်းလေ့လာဖို့အတွက် ရောက်နေတာပါ။ ဒီကလူကြီးမင်းတို့ ကျေးဇူးပြုပြီးထွက်သွားပေးဖို့ တောင်းဆိုပါတယ်”

ချန်းလန်ဂိုဏ်းအကြီးအကဲသည် ဝမ်ဖုန်းတို့သုံးဦးအား ရိုသေလေးစားစွာလက်နှစ်ဖက်ကိုယှက်၍ ယဉ်ကျေးစွာ‌ပြောခဲ့သည်။

ထိုစကားကြောင့် ဝမ်ဖုန်းမျက်လုံးများ အနည်းငယ်မှေးကျဉ်းသွား၏။ ချန်းလန်ဂိုဏ်းအကြီးအကဲသည် အလွန်တရာယဉ်ကျေးပျူငှာဟန်ရသော်ငြား သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် အဖက်မလုပ်လိုခြင်း၊ တသီးတခြားတည်းသောအရှိန်အဝါကို ဝမ်ဖုန်းခံစားမိနေပေသည်။

၎င်းမှာ ’ငါမင်းတို့အ‌ပေါ် ယဉ်ကျေးတာက မင်းတို့ကိုမျက်လုံးထဲထားနေလို့မဟုတ်ဘူး။ ငါ့ရဲ့ကျင့်ကြံဆင့်နဲ့ဆို ငါ့မျက်လုံးထဲမှာမင်းတို့တွေက ပုရွက်ဆိတ်လောက်အဆင့်မလို့ပဲ'ဟူသော ခံစားချက်မျိုးဖြစ်သည်။

“ချန်းလန်ဓားဂိုဏ်း? ငါဘာလို့ ဒီလောက်နှစ်တွေအများကြီးကို အင်ပါယာကြီးသုံးခုထဲမှာ အဲဒီ့ဂိုဏ်းနာမည်ကို မကြားဖူးတာပါလိမ့်”

ဝမ်ဖုန်းသည် ချန်းလန်ဓားဂိုဏ်းအကြီးအကဲကို ကြည့်၍ အရေးမထားဟန်ပြောလိုက်သည်။

ဝမ်ဖုန်း၏ဘေးတွင်ရပ်နေသည့် မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်း၏စကားကြောင့် နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ်တွန့်ကွေးတက်သွား၏။

‘ဂိုဏ်းချုပ်က အခုထိ အင်ပါယာကြီးသုံးခုကို မနှံ့စပ်သေးဘူးပဲ’

“ငါတို့က ရှေးယခင်အချိန်တွေတည်းက ပုန်းကွယ်နေတဲ့ချန်းလန်ဓားဂိုဏ်းပဲ။ ငါတို့ချန်းလန်ဓားဂိုဏ်း ကျော်ဇောထွန်းတောက်ချိန်မှာ ဒီကလူကြီးမင်းတို့ရဲ့ဂိုဏ်းလေးဟာ မမွေး‌ဖွားလောက်သေးပါဘူး”

ချန်းလန်ဂိုဏ်းအကြီးအကဲသည် မျက်လုံးများကိုမှေးကျဉ်းလျက် ဝမ်ဖုန်းကိုစိုက်ကြည့်၍ တည်ကြည်လေးနက်စွာဖြင့်ပြော၏။

ဝမ်ဖုန်းသည် အပြင်ပန်းတွင် ရေသေကဲ့သို့တည်ငြိမ်နေသော်ငြား သူ၏စိတ်နှလုံးမှာတော့ ဗြောင်းဆန်နေပြီဖြစ်သည်။ ဝမ်ဖုန်းသည် သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးဟု အလွန်အမင်းအမွှမ်းတင်ထားခဲ့သည်။ သို့သော် မိမိ၏မိသားစုအရေးကိစ္စကို မိသားစုသည်သာ သိပါ၏။ ရှန်ရှန့်ကျုံဂိုဏ်းသည် တည်ထောင်ထားခဲ့သည်မှာ တစ်နှစ်မပြည့်သေးပေ။ ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းမဆိုထားနှင့် နောက်ကြောင်းရာဇဝင်အမှန်သည်လည်း ဂိုဏ်းကြီးတစ်ဂိုဏ်းပင် မဟုတ်နေပါ‌ချေ။

သို့သော် မမျှော်လင့်ဘဲ‌ အမှန်စင်စစ်‌ေသာ ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းဖြင့် ပက်ပင်းတိုးခဲ့ရလေပြီ။

သို့ဖြစ်ရာ ဆန်းကြယ်အဓိပတိအဆင့်စွမ်းအားမြင့်ကျင့်ကြံသူရှိနေသည်မှာ အံ့ဩဖွယ်မဟုတ်‌တော့ပေ။

“ဒီနေရာက ရှေးဟောင်းနတ်ဘုရားနယ်မြေဖြစ်ပြီး ကမ္ဘာလောကကြီးရဲ့ဘယ်သူမဆို ဒီနေရာကိုလာရောက်နိုင်တယ်။ ချန်းလန်ဓားဂိုဏ်းက ပိတ်ဆို့ထားတယ်ပြောတာနဲ့ အဝင်အထွက်မလုပ်ရတော့ဘူးလား။ ငါဂိုဏ်းချုပ်က ထွက်တော့ထွက်သွားမှာပါ.. ဒါပေမဲ့ အဲ့အချိန်ထိ ခင်ဗျားအရင်စောင့်နေလိုက်ပါဦးလား”

ဝမ်ဖုန်းမှ ပခုံးတွန့်လျက်လှောင်ရယ်၏။

ချန်းလန်ဓားဂိုဏ်းမှပိတ်ဆို့ထားသည့်ဤနေရာသည် သာလွန်ထူးခြားမှုရှိလိမ့်မည်ဟု ဝမ်ဖုန်းခန့်မှန်းမိ‌နေ၏။

ချန်းလန်ဓားဂိုဏ်းသည် အလွန်မောက်မာပြီး ဤနေရာကိုပိတ်ဆို့ထားရန် ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများစွာတို့ကို စေလွှတ်ထားခဲ့၏။ ၎င်းလုပ်ရပ်မှာ အခြားသူများအား ဤနေရာတွင် ရတနာများရှိပါသည်။ လာပြီးယူကြပါဟု ကြေညာနေခြင်းမဟုတ်ပါလော။

ဝမ်ဖုန်း ဤချန်းလန်ဂိုဏ်းကို မကျေနပ်ပါ။ ရတနာများသည် သူတို့လက်ထဲတွင်ရှိနေ၏။

သေချာပေါက်ပင် အရေးကြီးဆုံးအချက်မှာ ရှေးဟောင်းလျှို့ဝှက်ဂိုဏ်း၏အင်အားကို စစ်ဆေးကြည့်လိုခြင်းဖြစ်ပါ၏။ ဤလောကတွင် တစ်စုံတစ်ရာပြောင်းလဲမှုရှိခဲ့သောကြောင့် ထိုရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးများ ဖြေးဖြေးချင်းပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု ဝမ်ဖုန်းခံစားမိခဲ့သည်။ အနာဂတ်တွင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် ထိုရှေးဟောင်းလျှို့ဝှက်ဂိုဏ်းများနှင့် မလိုအပ်ပါဘဲ ရန်သူဖြစ်လိမ့်မည်မဟုတ်လေရာ ထိုဂိုဏ်းကြီးများအကြောင်း များများသိနိုင်ခြင်းသည် ပိုကောင်းပေလိမ့်မည်။

“ကြည့်ရတာ ငါတို့ချန်းလန်ဂိုဏ်းက လောကကြီးကနေပုန်းကွယ်နေတာ အရမ်းကြာသွားလို့ ဒီလောကကြီးရဲ့လူတွေက ကြောက်ရွံ့ရိုသေမှုတွေ‌ပျောက်ဆုံးသွားပြီထင်တယ်”

ဝမ်ဖုန်း၏စကားကို ချန်းလန်ဂိုဏ်းအကြီးအကဲသည် ဒေါသဖြင့်မတုံ့ပြန်ဘဲ ပြုံးရယ်လာခဲ့၏။

သူ၏နောက်ရှိ ချန်းလန်ဂိုဏ်းသားများသည်လည်း အေးစက်သည့်မျက်လုံးတို့ဖြင့် ပြုံးရယ်လာခဲ့ကြသည်။

ပိုးစုန်းကြူးလေးက ဂုဏ်သရေထွန်းတောက်မှုကြီးကို ဘယ်လိုများယှဉ်ပြိုင်ရယူနိုင်မတဲ့လဲ!

ချန်းလန်ဓားဂိုဏ်းအကြီးအကဲမှ စတင်လှုပ်ရှား၏။ သူ၏မျက်လုံးများမှ ထက်ရှနေကာ ခက်ထန်လှစွာသော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ရုတ်ချည်းဖြာထွက်လာခဲ့သည်။

ချန်းလန်ဓားဂိုဏ်းသည် ဓားသိုင်းအမွေကိုဆက်ခံသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ အကြီးအကဲသည် ဓားကိုအသုံးပြုလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အရှိန်အဝါသည်လည်း ဓားတစ်ချောင်းအလား ထပ်တူညီသွားခဲ့သည်။

ယခင်အကြီးအကဲသည် သတ်ဖြတ်လိုခြင်းအငွေ့အသက်များကို ထိန်းချုပ်ကန့်သတ်ထားသည့် ဓားအိမ်ထဲမှဓားတစ်ချောင်းဖြစ်ပါလျှင် ယခုလက်ရှိအကြီးအကဲသည် ထက်ရှချွန်ထက်လှသည့် ဓားတစ်ချောင်းဖြစ်သည်။

မိုးပြာရောင်ဓားရောင်ခြည်ဖြာထွက်ခြင်းနှင့်အတူ လေဟာပြင်သည်လည်း တုန်ခါသွား၏။ ဓားရောင်ခြည်ဖြတ်သန်းသွားရာနေရာတိုင်းတွင် အက်ကွဲကြောင်းကြီးကျန်ရှိနေခဲ့သည်။

တုံ့ဖန်းပုပိုင်သည်လည်း လှုပ်ရှားခဲ့သည်။ သူမသည် ပန်းထိုးအပ်တစ်ချောင်းကို ကိုင်ထားရင်းဖြင့် နဂါးနှင့်ဖီးနစ်ငှက်သဏ္ဍာန်ပန်းထိုးနေလျက် ပျံဝဲနေခဲ့သည်။ သူမ၏စွဲမက်ဖွယ်ခန္ဓာကိုယ်တွင် အေးစက်သည့်သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ လွှမ်းခြုံနေပြီး‌ လောကတစ်ခွင်လုံး၌ အပူချိန်ကျဆင်းသွားသည်ကဲ့သို့ လူတို့အား မထိန်းချုပ်နိုင်စွာတုန်ရီစေ၏။

လေဟာပြင်တွင် အရေအတွက်မည်မျှသော အေးစက်သည့်အလင်းများ ရှိနေခဲ့သည်မသိတော့ချေ။ ထိုအလင်းများမှာ အေးစက်သည့်သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ ထင်ဟပ်‌နေသည့် ပန်းထိုးအပ်လက်နက်များဖြစ်သည်။ လေတိုက်လျှင်လွင့်ပါနိုင်လောက်သော၊ ရေ၌ပင်ပေါလောပေါ်နိုင်သော သေးသွယ်သည့်ပန်းထိုးအပ်လေးများသည် ယခုအချိန်၌ ညှို့ယူဖမ်းစားနိုင်စွမ်းသောဓားများအလား ခံစားရပေသည်။

ထိုမြင်ကွင်းကြောင့် ချန်းလန်ဓားဂိုဏ်းအကြီးအကဲမှာ မျက်နှာအမူအရာပြောင်းလဲသွား၏။ ယောက်ျားသားတိုင်း၏နှလုံးအိမ်ကို ခုန်လှုပ်စေနိုင်သောထိုအမျိုးသမီးသည် တကယ်တမ်းတွင် ကြောက်မက်ဖွယ်အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်နေခဲ့သည်။ ဓားထက်တွင် ပြိုင်ဘက်ကင်းဓားရောင်ခြည်အလင်းတစ်ခု လင်းလက်သွားခဲ့ပြီး ဓားချက်တစ်ချက် ပစ်လွှတ်ခုတ်ပိုင်းလိုက်၏။

မမျှော်လင့်စွာဖြင့် ပန်းထိုးအပ်လေးများသည် ဓားသိုင်းပညာရှင်တစ်ဦးအား အလွန်စိတ်လှုပ်ရှားစေခဲ့သည်။

ဘုန်း!

ဓားရောင်ခြည်နှစ်ခုသည် ကောင်းကင်ထက်ရှိပန်းထိုးအပ်များနှင့် တစ်ခုပြီးတစ်ခု ထိပ်တိုက်ထိခတ်သွားခဲ့ကာ နားကွဲမတတ်သောပေါက်ကွဲသံကြီးဖြင့် လောကတစ်ခွင် လွှမ်းခြုံသွားခဲ့သည်။ သာမန်မျက်လုံးဖြင့်ပင်မြင်နိုင်သော စွမ်းအင်လှိုင်းများ အရပ်လေးမျက်နှာအနှံ့အပြားသို့ ဖြာထွက်သွားခဲ့လျက် အနီးပတ်ဝန်းကျင်ရှိလူအားလုံးမှာ ကောင်းကင်ထက်တွင် လှုပ်လှုပ်ရှားရှားဖြစ်သွားကြရသည်။ သစ်ပင်များသည်လည်း အမြစ်မှပိုင်းဖြတ်ခံလိုက်ရပြီး မြေပြင်သို့ပြိုလဲကျလေရာ ဖုန်လုံးကြီးများလှိုင်းထသွား၏။

ထိုကြမ်းကြုတ်ပြင်းထန်လှစွာသော ချီစွမ်းအင်လှိုင်းလုံးကြီးသည် ချန်းလန်ဓားဂိုဏ်းသားများသို့ ဖြတ်သန်းသွားချိန်တွင် ထိုဂိုဏ်းသားများအားလုံးမှာ မျက်နှာပျက်ယွင်းသွားကြလျက် အလျင်အမြန်နောက်ဆုတ်ကြလေသည်။ ကောင်းကင်ထက်တွင် လူအုပ်စုကြီးပျံသန်းတည်ရှိနေသည်မှာ နတ်ဘုရားပုံရိပ်များအလား ထင်မှတ်ရ၏။

အကြီးအကဲသည် ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့်ကျင့်ကြံသူဖြစ်သည်ကို ထိုအမျိုးသမီးသည် အားနည်းဆုတ်ယုတ်ခြင်းမရှိဘဲ အကြီးအကဲကို ဆန့်ကျင်တိုက်ခိုက်နိုင်ပါသည်လော။ မိမိ၏ချန်းလန်ဓားဂိုဏ်းမှာ အချိန်ကြာမြင့်စွာပုန်းကွယ်နေခဲ့သည်တွင် ကမ္ဘာလောကကြီးမှာ ပြောင်းလဲသွားခဲ့သည်လော။

“အံ့ဩဖွယ်ရာပါပဲ.. မိန်းကလေးက ဘယ်ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကပါလဲ?”

ချန်းလန်ဓားဂိုဏ်းအကြီးအကဲသည် ဓားကိုကိုင်ဆွဲလျက် အနီရောင်ပုံရိပ်ကိုရပ်ကြည့်နေရင်းဖြင့် စမ်းသပ်‌စစ်ဆေးဟန် မေးမြန်းလာခဲ့၏။

တုံ့ဖန့်ပုပိုင်သည် ချန်းလန်ဂိုဏ်းအကြီးအကဲကို တစ်ချက်မျှကြည့်၍ စကားမဆိုဘဲ တိုက်ရိုက်တိုက်ခိုက်လေသည်။

သူမ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်တွင် ပန်းထိုးအပ်လက်နက်များ ထပ်မံပေါ်ထွက်လာခဲ့ပြန်သည်။ သို့သော် ဤတစ်ကြိမ်၏ပန်းထိုးအပ်လက်နက်များတွင် ကြက်သွေးရောင်ချီစွမ်းအင်များစီးဝင်နေခဲ့ရာ လောကတစ်ခွင်ကို အနီရောင်များ ရောင်ပြန်ဟပ်သွားစေ၏။ သူမ၏အနီရောင်ပုံရိပ်သည်လည်း ထိုရောင်ပြန်နှင့်အတူ ပြီးပြည့်စုံစွာလိုက်ဖက်နေပေသည်။ အနီရောင်ပုံရိပ်နှင့်ချီစွမ်းအင်တို့သည် အကာအကွယ်တစ်ခုကဲ့သို့ ချွင်းချက်မရှိပေါင်းစည်းသွားခဲ့ကာ ကောင်းကင်နှင့်နေမင်းကို ဖုံးအုပ်သွားခဲ့၏။

ပို၍ထူးခြားဆန်းကြယ်လှသည်မှာ ထိုကြက်သွေးနီရောင်ကောင်းကင်တွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များပြည့်နှက်နေသည့် ကြောက်မက်ဖွယ်ဓားတစ်ချောင်း တည်ရှိနေခြင်းဖြစ်သည်။

“အပ်ကိုဓားအဖြစ်သုံးတယ်!!”

ဓားအရှိန်အဝါကိုခံစားမိလိုက်သည်တွင် ချန်းလန်ဓားဂိုဏ်းအကြီးအကဲမှာ မျက်နှာပျက်ယွင်းသွားလျက် နီမြန်းနေသည့်ကောင်းကင်ကို မယုံကြည်နိုင်စွာကြည့်နေခဲ့သည်။ ဓားသိုင်းပညာရှင်တစ်ဦးအနေဖြင့် ဤမြင်ကွင်းမှာ အဘယ်ကိုကိုယ်စားပြုကြောင်း သူကောင်းစွာသိပါ၏။

ဓားနှလုံးသားဟာ ပရိယာယ်ကင်းမဲ့တယ်!

ဤအမျိုးသမီးသည် ဓားသိုင်းပညာရှင်တစ်ဦးဖြစ်နေခဲ့ပြီး ပရိယာယ်ကင်းမဲ့သောဓားနှလုံးသားဟူသောအဆင့်ထိ ရောက်ရှိနေခဲ့ပြီးသူဖြစ်သည်။

၎င်းမှာ သူမရောက်ရှိသေးသောအဆင့်တစ်ခုဖြစ်၏။

ချန်းလန်ဓားဂိုဏ်းအကြီးအကဲမှာ ခေါင်းခါရမ်းလိုက်ခြင်းနှင့်အတူ သူ၏အရေပြားမှ စူးနစ်သည့်နာကျင်မှုကိုခံစားလိုက်ရသည်။ ထိုနာကျင်မှုကြောင့် အကြီးအကဲသည် ဦးမော့ကြည့်လိုက်ရာ နီမြန်းသည့်ကောင်းကင်ကြီးနှင့် သူ့ထံသို့ဦးတည်ဖိနှိပ်လာနေသည့်စွမ်းအားတို့ကို မြင်တွေ့လိုက်ရသည်။

ချန်းလန်ဓားဂိုဏ်းအကြီးအကဲသည် ထိုမျှကြောက်မက်ဖွယ်သောဓားသိုင်းကွက်ကို မမြင်ခဲ့ဖူးပါချေ။ သူ၏မျက်လုံးရှေ့တွင် အဆုံးမဲ့ကြက်သွေးရောင်ဓားသိုင်းကွက်ကြီးကို မြင်တွေ့နေရ၏။ ပြင်းထန်ကြမ်းကြုတ်၍ ကြောက်မက်ဖွယ်သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသည်မှာ သူ၏ဝိဉာဉ်ကိုခေါ်ယူဆွဲနုတ်နေသည့်အလားပင်။

အဝေးမှကြည့်နေသည့်ဝမ်ဖုန်းသည်လည်း ခံစားချက်ပေါင်းစုံနေရ၏။ တုံ့ဖန်းပုပိုင်သည် အမှန်တကယ်ပင် လောကနံပါတ်တစ်ဂုဏ်သရေဖြစ်ပြီး လောက၏ပြိုင်ဘက်ကင်းကျင့်ကြံသူဖြစ်ပါ၏။

All Chapters