← Chapters

ချုံးယန်၏အသက်သည် အခြားသူများထက် အားမနည်း!

Vol. 10 Ch. 134

ချုံးယန်၏အသက်သည် အခြားသူများထက် အားမနည်း!

Vol. 10 Ch. 134

“ရွှမ်ရှ သူတို့ကိုယ်ပေါ်အနှံ့ ရတနာတွေရှာကြည့်လိုက်။ ပြီးရင် မြှုပ်လိုက်တော့”

ချန်းလန်ဓားဂိုဏ်းအကြီးအကဲနှင့်ဂိုဏ်းသားများမှ အကျိုးအမြတ်ကြီးမားသည့်တာဝန်ကို ဖွင့်လှစ်စေနိုင်ခဲ့ခြင်းအတွက် ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်း၍ ညွှန်ကြားလိုက်၏။

ဤရက်စက်ကြမ်းကြုတ်သည့်ကျင့်ကြံရေးလောကကြီးတွင် ရန်သူ၏အလောင်းကို မြှုပ်နှံပေးနိုင်သူသည် သူတစ်ဦးတည်းသာ ရှိနိုင်ပေမည်။

“ဟုတ်ကဲ့ ဂိုဏ်းချုပ်!”

မဟာနတ်ဆိုးရွှမ်ရှသည် အလွန်စိတ်လှုပ်ရှားနေလျက် ပြန်လည်ဖြေကြားပြီးနောက် ချန်းလန်ဓားဂိုဏ်းအကြီးအကဲနှင့်ဂိုဏ်းသားများထံမှ ရတနာများကို အလျင်အမြန်ရှာဖွေခဲ့ပြီး နေရာလွတ်အချို့ကိုလည်း ရှာဖွေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှမှ လက်သီးဖြင့်ထိုးလိုက်ရာ တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် ချန်းလန်ဓားဂိုဏ်းအကြီးအကဲနှင့်ဂိုဏ်းသားများကို မြှုပ်နှံပေးခဲ့သည်။

ဘေးတွင်ရပ်နေရင်းဖြင့် ဝမ်ဖုန်းခေါင်းညိတ်မိရ၏။ ကျင့်ကြံသူများ၏အလောင်းသည် ကွာခြားပေသည်။

“သွားစို့.. ချန်းလန်ဓားဂိုဏ်းက ဘယ်လိုရတနာတွေရှာတွေ့ထားလဲဆိုတာ သွားကြည့်ရအောင်”

ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်း၍ စိတ်ဝင်စားမှုကြီးစွာဖြင့်ပြော၏။

စကားဆိုပြီးသည်နှင့် ဝမ်ဖုန်းသည် ရှေ့သို့တန်းတန်းမတ်မတ်လျှောက်သွားတော့သည်။ မဟာနတ်ဆိုးရွှမ်ရှနှင့် တုံ့ဖန်းပုပိုင်တို့နှစ်ဦးသည်လည်း နောက်မှလိုက်သွားခဲ့သည်။

“စနစ် ကြိုတင်ကျပန်းဆင့်ခေါ်ခွင့်သုံးမယ်”

ဝမ်ဖုန်းသည် လမ်းလျှောက်ရင်းဖြင့် စိတ်တွင်းမှပြောလိုက်၏။

ရှေ့မှပိတ်ဆို့သည်ကိုပင် ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့်ကျင့်ကြံသူကို စေလွှတ်ထားသည်ဖြစ်ရာ ရှေ့တွင်စူးစမ်း‌‌ရှာဖွေနေသူများသည် ပို၍အင်အားကြီးမားနိုင်ပေသည်။ လူအနည်းငယ်မျှဖြင့် ဝင်သွားရန်မှာ အနည်းငယ်အန္တရာယ်များ၏။

သို့ဖြင့် ဝမ်ဖုန်းသည် ကြိုတင်ကျပန်းဆင့်ခေါ်ခွင့်ကို ဖြုန်းတီးမနေဘဲ အသုံးပြုလိုက်သည်။

“ဒင်! ဝမ်ချုံးယန်ကိုဆင့်ခေါ်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဝမ်ချုံးယန်ရဲ့စွမ်းရည်ဇယားကို စစ်ဆေးပါမလား”

စနစ်၏အသံထွက်ပေါ်လာချိန်တွင် ဝမ်ဖုန်း၏မျက်လုံးများတွင် နှစ်လိုဖွယ်အငွေ့အသက်တို့ ထင်ဟပ်နေခဲ့သည်။ သို့သော် ထိုပုဂ္ဂိုလ်ကို ဆင့်ခေါ်မိရန် မျှော်လင့်မထားခဲ့ပါချေ။

ထိပ်သီးသိုင်းငါးဖော်၏ခေါင်းဆောင်… သူ မသေဆုံးမီတွင် အနောက်ပိုင်းအဆိပ်သခင်အိုးရန်ဖုန်းကို ဆိုးရွားစွာပျက်‌စီးစေခဲ့ပြီး ဆယ်စုနှစ်များစွာတိုင် အလယ်ပိုင်းလွင်ပြင်သို့ ခြေမချဝံ့ ဖြစ်စေခဲ့သည်။

ဘယ်လိုတောင် ကြီးစိုးခြယ်လှယ်နိုင်တာလဲ?

စိတ်ပါဝင်စားခြင်းတို့ ဝမ်ဖုန်း၏မျက်နှာထက်တွင် ထင်ဟပ်လာခဲ့လျက် အလျင်အမြန်ပြောလိုက်သည်။

“စစ်မယ်!”

“ဝမ်ချုံးယန်၏စွမ်းရည်ဇယား:

အမည်: ဝမ်ချုံးယန်

ဂုဏ်ပုဒ်: ကျုံးရှန်းထုန်၊ ချွမ်ကျန်းကျောင်းတော်၏တည်ထောင်သူ

ကျင့်ကြံဆင့်: ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်

စွမ်းရည်များ: မွေးရာပါကျင့်စဉ်၊ ကျင်းယွမ်ကျင့်စဉ်၊ ရေခဲဖြိုခွင်းလက်ဝါးသိုင်း၊ ချွမ်ကျန်းဓားသိုင်းပညာ၊ ယိယန်လက်‌ချောင်းသိုင်း။

‌မှော်စွမ်းအင်: ချီစွမ်းအင်တစ်ခုဖြင့် စင်ကြယ်ခြင်းသုံးပါးနှင့် ယင်ကျမ်းဂန်ကိုးပါးကိုပြောင်းလဲခြင်း။

လက်နက်: ချွမ်ကျန်းဓား။

ထူးခြားစွမ်းရည်များ: တာ့အိုဖွဲ့စည်းမှု (ကိုယ်တိုင်ဖန်းတီးသောထျန်းကန်းပေသို့ဖွဲ့စည်းမှု၊ တာ့အိုဖွဲ့စည်းမှုအဆင့်: တာ့အိုဖွဲ့စည်းမှုအဆင့်ငါးရသေ့ကြီး)”

ချုံးယန်၏အသက်သည် အခြားသူများထက် အားမနည်း!

ဝမ်ချုံးယန်၏စွမ်းရည်ဇယားကိုကြည့်ရင်းဖြင့် ဝမ်ဖုန်း၏စိတ်ထဲတွင် ထိုစာကြောင်းကို အလိုအလျောက် တွေးတောမိသွား၏။

ဝမ်ဖုန်းကို ဝမ်းမြောက်စေသည့်အဓိကအချက်မှာ ဝမ်ချုံးယန်၏ဖွဲ့စည်းမှုကျင့်စဥ်သည် တာ့အိုဖွဲ့စည်းမှုအဆင့်၅ရသေ့ကြီးဖြစ်သည်အထိ ရောက်ရှိသည့်တိုင် ကောင်းမွန်လွန်းသောကြောင့်ဖြစ်သည်။ ၎င်းမှာ အလွန်ထူးကဲသောပါရမီဖြစ်ပါ၏။

သူ၏ရှန်ရှန့်ကျုံဂိုဏ်းတွင် ဖွဲ့စည်းမှုကျင့်စဉ်အတွက် ဝမ်ချုံးယန်ရှိပြီး အဂ္ဂိရတ်ပညာရပ်အတွက် ကျန်းစန်းဖုန်းရှိသည်။

ဘာလို့များ ဝမ်းမမြောက်နိုင်ဘဲရှိပါတော့မလဲ?

ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ကျင့်ကြံသူ ဝမ်ချုံးယန်ကိုဆင့်ခေါ်ပြီးနောက်တွင် ဂိုဏ်းချုပ်ဝမ်၏စိတ်နှလုံးသည် နောက်ဆုံး‌တွင်တော့ တည်ငြိမ်သွားခဲ့ပြီဖြစ်ရာ ခြေလှမ်းများသည်လည်း လျင်မြန်သွက်လက်လာခဲ့သည်။

သို့သော်ငြား နာရီဝက်ခန့်ကြာမြင့်သည်အထိ ဝမ်ဖုန်းတို့သည် ပုံရိပ်လေးတစ်ခုတစ်လေပင် မတွေ့ရှိကြသေးပေ။ ထို့ကြောင့် ဝမ်ဖုန်းသည် မိမိတို့မှာ တစ်ခုခုမှားယွင်းသွားခဲ့သည်လားဟု ရုတ်တရက်ရှုပ်ထွေးသွားရ၏။

ဝမ်ဖုန်းသည် ပတ်ဝန်းကျင်ကိုစုံစမ်းစစ်ဆေးရန် ဝိဉာဉ်လွှင့်လိုက်သည်။

အချိန်ခဏမျှကြာပြီးနောက်တွင် ဝမ်ဖုန်းသည် မျက်လုံးမှေးကျဉ်းလျက် ကြီးမားထူးဆန်းသည့်သစ်ပင်ကြီးတစ်ပင်ကို ကြည့်လိုက်၏။ ထို့နောက် ရွမ်ရှတို့နှစ်ဦး‌ကိုခေါ်ဆောင်၍ သစ်ပင်ဆီသို့ ဦးတည်သွားခဲ့သည်။

သစ်ပင်ကြီး၏အမြစ်များသည် နှိုင်းဆမရနိုင်လောက်အောင်ထူထဲပြီး လေထုထဲတွင်လှုပ်ခတ်နေပြီး အလင်းစီးကြောင်းကဲ့သို့ အမြစ်များမှာလင်းလက်နေကာ ကြည့်မြင်ရသူများအား လျှို့ဝှက်ဆန်းကြယ်ပုံပေါ်စေသည်။

သစ်ပင်မြစ်များသို့အနီးကပ်ကြည့်လိုက်သည်တွင် အမြစ်နှစ်ခုကြားနေရာ၌ တွင်းနက်ကြီးတစ်ခုကို မြင်တွေ့ခဲ့ရသည်။ ထိုတွင်းနက်သည် ထူထဲကြီးမားသည့်အမြစ်များကြားတွင် ပုန်းကွယ်နေခြင်းဖြစ်၏။ သေချာဂရုတစိုက်မကြည့်ပါလျှင် ရှာတွေ့နိုင်မည်မဟုတ်ပေ။

“ဂိုဏ်းချုပ် ဒါက…”

မဟာနတ်ဆိုးရွှမ်ရှသည် ရှေ့သို့‌လျှောက်သွား၍ နက်နဲစွာသောသစ်ခေါင်းပေါက်ကြီးကိုကြည့်၍ အံ့အားသင့်စွာဖြင့်ပြော၏။

“ဒါက ချန်းလန်ဓားဂိုဏ်းရှာတွေ့ထားတဲ့ရတနာတွေ ရှိတဲ့နေရာပဲဖြစ်မယ်။ သွားစို့.. အောက်ဆင်းပြီးသွားကြည့်ရအောင်”

ဝမ်ဖုန်း၏မျက်လုံးများ အရောင်လက်သွား၍ တည်ကြည်လေးနက်စွာဖြင့်ပြော၏။

ဝမ်ဖုန်းသည် တုံ့ဖန်းပုပိုင်နှင့် ချန်းလန်ဓားဂိုဏ်းအကြီးအကဲ၏တိုက်ပွဲကို အံ့အားသင့်နေဆဲဖြစ်ပါ၏။ ထိုမျှကြီးမားသည့်လှုပ်ရှားမှုကိုကြည့်ခြင်းအားဖြင့် အပြင်ဘက်တွင် ချန်းလန်ဓားဂိုဏ်းမှစွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ယောက်မျှ မရှိသည်လည်းဖြစ်နိုင်ပေသည်။

ချန်းလန်ဓားဂိုဏ်း၏စွမ်းအားမြင့်ပုဂ္ဂိုလ်များသည် လိုဏ်ခေါင်းအတွင်းတွင် ရတနာရှာဖွေနေကြခြင်းဖြစ်ပေမည်။ ထို့ကြောင့် အပြင်ဘက်ရှိ လှုပ်ရှားသံများကို သတိမထားမိခြင်းဖြစ်နိုင်၏။

လိုဏ်ခေါင်းသည်နက်နဲပြီး လူကိုဖျက်ဆီးဝါးမျိုပစ်မည့်သားရဲတစ်ကောင်ကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြစ်သော်ငြား ဝမ်ဖုန်းတို့သုံးဦးသည်တော့ တုံ့ဆိုင်းမှုမရှိ ခုန်ချရဲ‌ပေသည်။

တစ်နာရီ၏လေးပုံတစ်ပုံခန့်မျှ အချိန်ကြာမြင့်ပြီးနောက်တွင်မှ ဝမ်ဖုန်းတို့သုံးဦးမှာ မြေပြင်သို့ကျရောက်သွားခဲ့သည်။ ပတ်ဝန်းကျင်မှာ မှောင်မိုက်နေပြီး အလင်းတစ်စပင် မရှိချေ။

ဝမ်ဖုန်းမှ ချီစွမ်းအင်တို့ကိုစုစည်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် ချီစွမ်းအင်လုံးတစ်ခုဖန်းတီးခြင်းဖြင့် ပတ်ဝန်းကျင်ကိုအလင်းရစေခဲ့သည်။

ဝမ်ဖုန်းတို့သည် ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်ကြသည်။ သူတို့ပြုတ်ကျလာခဲ့သည့်နေရာသည် အချင်းဝက်မီတာ၁၀ခန့်ရှိ စင်္ကြံတစ်ခုဖြစ်သည်။ စင်္ကြံပတ်လည်တွင် နက်နဲသည့်အသူတရာချောက်နက်ကြီးရှိနေ၏။

စင်္ကြံ၏ရှေ့တူရူ၌ လမ်းသွယ်တစ်ခုရှိပြီး ထိုလမ်းသွယ်အ‌ဆုံး၌ တွင်းနက်တစ်ခုရှိသည်။

“သွားစို့”

ဝမ်ဖုန်းမှ တုံ့ဆိုင်းခြင်းမရှိစွာဖြင့် နူးညံ့ညင်သာစွာရေရွတ်၍ မဟာနတ်ဆိုးရွှမ်ရှတို့နှစ်ဦးကို လမ်းသွယ်တစ်လျှောက် လိုဏ်ခေါင်းပေါက်ဝသို့ ဦးဆောင်ခေါ်ဆောင်သွားခဲ့သည်။

အချိန်ခဏလေးအတွင်း၌ ဝမ်ဖုန်းတို့သုံးဦးသည် လိုဏ်ခေါင်းဝင်ပေါက်သို့ ရောက်ရှိသွား၏။ လိုဏ်ခေါင်းဝင်ပေါက်တွင် စာလုံအနည်းငယ်ရှိနေ၏။ သို့သော် အချို့စာကြောင်းများမှာ တမင်ရည်ရွယ်၍ ဖျက်ထားသည့်အလား ပျောက်နေခဲ့သည်။

“နတ်ဘုရား… မြှုပ်နှံသင်္ဂြုဟ်ခြင်း… ပြန်လည်… ပစ္စုပ္ပန်…?”

ထိုစာလုံးလေးလုံးကိုသာ ရှင်းလင်းပြတ်သားစွာမြင်နိုင်ပေသည်။ ဝမ်ဖုန်းသည် ထိုစာလုံးလေးလုံးကို စိတ်တွင်းမှ လေးလေးနက်နက် ဖတ်ရှုနေခဲ့၏။

“ဒီရှန်းလင်းရှေးဟောင်းနယ်မြေ(ရှေးဟောင်းနတ်ဘုရားနယ်‌မြေ)ထဲမှာ ဒီလိုလျှို့ဝှက်ဆန်းကြယ်နေရာမျိုး ရှိသေးတာလား”

မဟာနတ်ဆိုးရွှမ်ရှသည် စာလုံးများကိုကြည့်ရင်းဖြင့် အံ့အားသင့်နေခဲ့သည်။ နတ်ဆိုးအိုကြီးမိမိသည် ဤရှန်းလင်းရှေးဟောင်းနယ်မြေ(ရှေးဟောင်းနတ်ဘုရားနယ်‌မြေ)ထဲတွင် နှစ်ပေါင်းထောင်ချီ ချိပ်ပိတ်ခံထားခဲ့ရသည်။ ချိပ်ပိတ်မခံရမီ၌လည်း ရှန်းလင်းရှေးဟောင်းနယ်မြေ(ရှေးဟောင်းနတ်ဘုရားနယ်‌မြေ)ထဲကို အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ဖူးပါ၏။ သို့သော် ဤလျှို့ဝှက်ဆန်းကြယ်နေရာကို မတွေ့ရှိခဲ့ဖူးပေ။

ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးများတွင် အမှတ်တကယ် သူ့နည်းသူ့ဟန်ရှိကြ၏။ ဤနတ်ဆိုးအိုကြီးမှာ မယှဉ်နိုင်ပါပေ။

ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်း၍ မဟာနတ်ဆိုးရွှမ်ရှတို့နှင့်အတူ ရှေ့သို့ဆက်လျှောက်ခဲ့သည်။

လိုဏ်ခေါင်းဝင်ပေါက်မှ နက်ရှိုင်းရာသို့ရောက်လာသည်နှင့်အမျှ ထူးဆန်းသည့်စွမ်းအင်တစ်မျိုးကို ဝမ်ဖုန်းခံစားမိနေခဲ့သည်။ ပတ်ဝန်းကျင်ရှိအဆုံးမဲ့အမှောင်ထုကြီးသည် အလင်းအားလုံးကို ဝါးမျိုသွားတော့မည့်အလား သူ၏လက်ထဲမှ အလင်းပေးနေသည့်ချီစွမ်းအင်လုံးသည် အားနည်းလာခဲ့သည်။

ဝမ်ဖုန်း၏မျက်နှာမှာ အနည်းငယ်တောင့်ခဲသွားလျက် အချိန်မရွေးကျရောက်လာနိုင်သည့်အန္တရာယ်ကို ရင်ဆိုင်ရန် ခန္ဓာကိုယ်တွင်းမှ ချီစွမ်းအင်တို့ကို တိတ်တဆိတ်လည်ပတ်စီးဆင်းနေစေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှသည် သူလေးစားရသည့် တုံ့ဖန်းပုပိုင်နှင့် ဝမ်ဖုန်းတို့နှစ်ဦးလုံးသည်လည်း စိတ်လှုပ်ရှားနေကာတောင့်ခဲနေပုံကို မြင်တွေ့လိုက်ရသောကြောင့် သူ၏တစ်ကိုယ်လုံးမှာလည်း တောင့်တင်းသွားရတော့သည်။

လိုဏ်ဂူလမ်းတစ်လျှောက်လုံးတွင် ဝမ်ဖုန်းတို့သည် အချိန်စီးဆင်းမှုကို အလျဉ်းမခံစားရပေ။ ဝမ်ဖုန်း၏လက်ထဲရှိ ချီစွမ်းအင်လုံးသည်တော့ ကနဦးတွင် နေလုံးငယ်လေးကဲ့သို့မှ ကြယ်အလင်းကဲ့သို့ပြောင်းလဲသွားကာ ယခုတွင် ဖယောင်းတိုင်မီးတောက်လေးကဲ့သို့ ဖြစ်နေခဲ့လေပြီ။

အဆုံးမဲ့အ‌မှောင်ထုကြီးဖြင့် ဝန်းရံထားသည်ဖြစ်ရာ နောက်ကျောမှာအေးစက်၍ ခန္ဓာကိုယ်မှာတုန်ရီလာရသည်။

အချိန်မည်မျှကြာမြင့်သွားခဲ့သည်မသိပေ… ဝမ်ဖုန်းတို့သည် ရှေ့တူရူမှ အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ဝမ်ဖုန်း၏ဘေးရှိ မဟာနတ်ဆိုးရွှမ်ရှမှာ ‌ဟစ်အော်ပစ်လိုက်ချင်သည်အထိ စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော် ဝမ်ဖုန်းမှ သူ၏ပါးစပ်ကို ချက်ချင်းလှမ်းပိတ်လိုက်၏။

ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား ခေါင်းခါရမ်းပြပြီးနောက် လွှတ်ပေးခဲ့သည်။

မဟာနတ်ဆိုးရွှမ်ရှသည်လည်း ဝမ်ဖုန်းကို ခေါင်းညိတ်ပြ၍ အသက်ရှူနှုန်းကိုပါထိန်းချုပ်လိုက်သည်။

သူတို့သည် ရှေ့သို့ခြေဖော့၍ဆက်လျှောက်ခဲ့ကြပြီး အချိန်အနည်းငယ်ကြာပြီးနောက်တွင် အသံများစွာကိုကြားခဲ့ရ‌လေသည်။

All Chapters