← Chapters

လူနှစ်ဦးအား ရုတ်တရက်သတ်ဖြတ်ခြင်း၊ ထူးဆန်းသောတောင်တန်းများ။

Vol. 10 Ch. 135

လူနှစ်ဦးအား ရုတ်တရက်သတ်ဖြတ်ခြင်း၊ ထူးဆန်းသောတောင်တန်းများ။

Vol. 10 Ch. 135

“တကယ့်ကိုကံဆိုးတာပဲ။ သူတို့အားလုံးကျ အကြီးအကဲတွေနောက်ကို ရတနာရှာဖို့လိုက်သွားကြပြီး ငါတို့‌နှစ်ယောက်ပဲ ဒီနေရာမှာစောင့်ကြပ်ဖို့ကျန်နေခဲ့ရတယ်”

အလင်းတန်းနေရာမှ စောဒကတက်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“အကြီးအကဲ၁က ပိုပြီးကံဆိုးတာမဟုတ်ဘူးလား။ ဒီရတနာနေရာကိုတောင် ဝင်ဖို့အခွင့်အရေးမရလိုက်ဘဲ အပြင်ဘက်မှာစောင့်ကြပ်ဖို့ကျန်ခဲ့ရတာ”

“ဟုတ်တယ်။ တကယ်တမ်းပြောရရင် အကြီးအကဲတွေက အရမ်းသတိကြီးလွန်းနေတာပဲ။ ငါတို့ချန်းလန်ဓားဂိုဏ်းက ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးပဲကို ဘယ်သူက ပြစ်မှားရဲမှာတဲ့လဲ”

“ချန်းလန်ဓားဂိုဏ်းကလွဲပြီး တခြားဘယ်သူမှ ရတနာတွေကိုယူမသွားနိုင်ပါဘူးကွာ”

“သတိကြီးကြီးထားတာ ပိုကောင်းတာပေါ့။ အခုဖြစ်ရပ်ကြီးက နီးကပ်လာနေပြီ။ တခြားရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးတွေလည်း တဖြေးဖြေးနဲ့ပြန်ပေါ်လာနေပြီ။ အဲ့တော့ တခြားလျှို့ဝှက်ဂိုဏ်းကြီးတစ်ခုခုက ဒီနေရာကိုရောက်မလာနိုင်ပါဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ”

“အမှန်ပဲ! ရှေးဟောင်းဧကရာဇ်တောင်တန်းက ဖျက်ဆီးခံရတာမဟုတ်ဘဲ ဒီလိုဏ်ခေါင်းကြီးအောက်မှာ မြှုပ်နှံခံထားရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး။ ဒီဧရာမလိုဏ်ခေါင်းကြီးအောက်မှာ အန္တိမရှေးဟောင်းဧကရာဇ်တောင်တန်းကို မြှုပ်နှံနိုင်တဲ့ အဲဒီ့စွမ်းအားကြီးပုဂ္ဂိုလ်ကြီးက တကယ်ပဲဘယ်သူလဲမသိဘူး”

“ငါတို့ချန်းလန်ဓားဂိုဏ်းက အဆင့်အတန်းမြင့်မားလွန်းတယ်မဟုတ်လား။ ရှေးဟောင်းသဘာဝရတနာတစ်ပါးလို့ကျော်ကြားတဲ့ ရှေးဟောင်းဧကရာဇ်တောင်တန်းက ချန်းလန်ဓားဂိုဏ်းရဲ့အပိုင်လေ။ အခုကစပြီး အဲဒီ့ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးတွေအကုန်လုံး ငါတို့ချန်းလန်ဂိုဏ်းကို ကျော်တက်ဖို့ကြိုးစားရင် ခြေထောက်တွေရောင်ကိုင်းကုန်တော့မှာပဲ”

“ဟုတ်တယ် ငါလည်း အဲဒီ့နေ့ကိုရောက်လာဖို့မျှော်လင့်နေပြီ!”

လိုဏ်ခေါင်းဝင်ပေါက်အနီးရှိ အမှောင်ထုထဲတွင်ပုန်းအောင်းနေသည့် ဝမ်ဖုန်းတို့သုံးဦးသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလျက် သူတို့၏မျက်လုံးများတွင် အလင်းတစ်စဖြတ်ပြေးသွား၏။ ဝမ်ဖုန်းသည် အနည်းငယ်လည်း အံ့အားသင့်သွားမိ၏။

ရှေးဟောင်းဧကရာဇ်တောင်တန်းက ဖျက်ဆီးမခံရဘဲ ဒီရှန်းလင်းရှေးဟောင်းနယ်မြေအောက်မှာ မြှုပ်နှံခံထားရတာတဲ့လား?

ဤသတင်းသာပျံ့နှံ့သွားပါလျှင် အင်ပါယာကြီးသုံးခုမှ လေပြင်းမုန်တိုင်းတစ်လွှာ ဖြစ်ပေါ်စေမည့်မြင်ကွင်းကို မဟာနတ်ဆိုးရွှမ်ရှ စိတ်ကူးကြည့်မိ‌ပါ၏။

ဝမ်ဖုန်းသည် အချိန်ခဏမျှ မျက်လုံးမှိတ်၍စဉ်းစားဆင်‌ခြင်ပြီးနောက်တွင် တုံ့ဖန်းပုပိုင်အား မျက်ရိပ်မျက်ခြေပြလိုက်၏။

တုံ့ဖန်းပုပိုင်သည် ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ကျောက်စိမ်းအလားကြည်စင်သည် လက်သွယ်သွယ်၌ ပန်းထိုးအပ်တစ်ချောင်းကို ညှပ်ကိုင်လိုက်လေသည်။ ဝမ်ဖုန်းသည်လည်း ဓားတစ်လက်ကိုင်ဆွဲလိုက်၏။

“သတ်!”

ဝမ်ဖုန်းသည် ကျယ်လောင်သည့်ဟစ်ကြွေးသံနှင့်အတူ ခန္ဓာကိုယ်မှချီစွမ်းအင်များ ဖြာထွက်စေခဲ့သည်။ ဝမ်ဖုန်းသည် လိုဏ်ခေါင်းတွင်းသို့ အရိပ်သဖွယ် တစ်ဟုန်ထိုးပြေးဝင်သွားခဲ့ပြီး လက်ချောင်းများမှာ ဓားရှည်ကိုမြဲမြံစွာကိုင်ဆွဲလျက် အလွန်တရာတောက်ပလှစွာသောဓားရောင်ခြည်သည် ရုတ်ချည်းလင်းလက်သွားခဲ့သည်။

တုံ့ဖန့်ပုပိုင်သည်လည်း ဝမ်ဖုန်းဘေးတွင် ‌ထွက်ပေါ်လာခဲ့ကာ သူ၏လက်ထဲရှိပန်းထိုးအပ်သည်လည်း ပြင်းစွာသောသတ်ဖြတ်လိုခြင်းအငွေ့အသက်ဖြင့် ကြယ်တစ်စင်းကဲ့သို့ တောက်ပစွာပစ်လွှတ်ခံလိုက်ရသည်။

“ပြောင်း…”

ဝမ်ဖုန်းတို့နှစ်ဦး၏ ဖောက်ထွင်းဝင်ရောက်လာခြင်းမှာ အလွန်လျင်မြန်လွန်းသောကြောင့် သူတို့၌ တုံ့ပြန်ချိန်ပင် မရှိလိုက်ချေ။

သူတို့တုံ့ပြန်ချိန်တွင် သူတို့၏ဦးခေါင်းတို့မှာ လွင့်ပျံထွက်သွားခဲ့ပြီဖြစ်ပြီး ဝိဉာဉ်တို့မှာ ကြောက်မက်ဖွယ်ထက်ရှမှုဖြင့် အပိုင်းပိုင်းဖြိုခွဲခံလိုက်ရချေပြီ။

ဖြစ်စဉ်တစ်ခုလုံးမှာ ချောမွေ့လွန်းစွာဖြင့် အမှားအယွင်း အလျဉ်းမရှိခဲ့ပေ။ ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူနှစ်ဦးမှာ ဝမ်ဖုန်းနှင့်တုံ့ဖန်းပုပိုင်၏ သတ်ဖြတ်ခြင်းကိုခံလိုက်‌ရပေသည်။

ဝမ်ဖုန်းသည် မြေပြင်သို့ဆင်းသက်ရင်းဖြင့် အလောင်းနှစ်လောင်းကိုကြည့်လိုက်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ရှူထုတ်လိုက်၏။

ချန်းလန်ဓားဂိုဏ်းအကြီးအကဲနှစ်ဦး စိတ်အေးသက်သာဖြစ်နေချိန်တွင် အလင်းအလျင်ဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် သတ်ဖြတ်နိုင်ခဲ့ရသည်။ သို့မဟုတ်ပါက ဝမ်ဖုန်း၏လက်ရှိ ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့်ကျင့်ကြံမှုဖြင့် အဆင့်တူကျင့်ကြံသူကို သတ်ဖြတ်လိုပါလျှင် ဤသို့လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့မည်မဟုတ်ချေ။

ဆန်းကြယ်အဓိပတိအဆင့်သို့ရောက်ရှိနိုင်သူတိုင်းသည် ဝံ့ကြွားခက်ထန်သူများဖြစ်ကြပြီး များစွာသောရုန်းကန်တိုက်ခိုက်မှုများကို ဖြတ်ကျော်ပြီးမှသာ ဤကျင့်ကြံဆင့်သို့ရောက်ရှိနိုင်ခြင်းဖြစ်သည်။

မဟာနတ်ဆိုးရွှမ်ရှ လိုဏ်ခေါင်းအတွင်းသို့ဝင်လာချိန်တွင် ချန်းလန်ဓားဂိုဏ်းအကြီးအကဲနှစ်ဦး၏ မြေပြင်တွင်သွေးများစွန်းထင်းလျက်လဲကျနေသည့် အလောင်းတို့ကို မြင်တွေ့လိုက်ရသည်။ ကနဦးတွင် ထိတ်လန့်သွားခဲ့သော်ငြား အလောင်းနှစ်လောင်းအနီးသို့ တိတ်ဆိတ်စွာတိုးကပ်သွား၍ ကျွမ်းကျင်စွာကောက်ယူလိုက်သည်။

ဝမ်ဖုန်းသည် မြင်ကွင်းကိုစိတ်သက်သာရာရစွာ ကြည့်နေခဲ့၏။ နတ်ဆိုးအိုကြီးသည် မိမိအား နက်နက်ရှိုင်းရှိုင်း အထင်ကြီးသဘောကျသွားခဲ့လေပြီ။

“ဒင်! ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့်ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၅သောင်းနဲ့ ကျပန်းဆင့်ခေါ်ခွင့်သုံးခု ရရှိပါတယ်”

ဝမ်ဖုန်းသည် စိတ်တွင်းမှထွက်ပေါ်လာသည့် အေးစက်သည့်အသံကိုလျစ်လျူရှု၍ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်နေခဲ့သည်။

ယခုသူတို့ရောက်ရှိနေသည်မှာ တောင်မြင့်တစ်ခုပေါ်တွင်ဖြစ်သည်။ လိုဏ်ခေါင်း၏ဝင်ပေါက်သည် တောင်တစ်ဝက်တွင်တည်ရှိ၏။

ဝမ်ဖုန်း မျက်ခုံးပင့်၍ရှေ့သို့မျှော်ကြည့်လိုက်သည်။ ရှေ့တွင်ပေါ်ထွက်လာသည်မှာ ကျယ်ပြောလှသော အဆုံးမဲ့တောင်တန်းကြီးဖြစ်‌သည်။

မြင့်မားသည့်တောင်တန်းကို ရှေးဟောင်းသစ်တောကြီးဖြင့်လွှမ်းခြုံနေလျက် တောင်တန်းကြီးတစ်ခုလုံးမှာ မြူထုတစ်လွှာဖြင့် ဖုံးလွှမ်းနေပေသည်။ ဝမ်ဖုန်း၏ကျင့်ကြံမှုအခြေခံဖြင့်ကင် တောင်တန်းကြီးတစ်ခုလုံးကို အလုံးစုံ မမြင်တွေ့နိုင်ပါချေ။

လူတို့၌ပုံပန်းသွင်ပြင်ရှိပြီး တောင်တန်းများ၌ ပုံပန်းသဏ္ဍာန်ရှိသည်ဟူသော ဆိုရိုးစကားအတိုင်းပင်။

လူတစ်ဦး၏ပုံပန်းသွင်ပြင်သည် တစ်မူထူးခြားနေပါလျှင် သာမန်ထက်သာလွန်ထူးကဲသော အထုံပါရမီကို ဘုရားသခင်၏လက်ဆောင်အဖြစ် လက်ခံရရှိထားသူဖြစ်ပြီး အလွန်လူသားဆန်သူဖြစ်သည်ဟူ၏။ ဤအဆုံးမဲ့‌တောင်တန်းကြီးမှာ တောင်တန်းကြီးဖြစ်စေ၊ သစ်တောသစ်ပင်များဖြစ်စေ အရာအားလုံး သာလွန်ထူးခြားနေသည်မှာ တစ်ချက်ကြည့်ရုံဖြင့်ပင် ဤတောင်တန်းကြီးမှာ မရိုးရှင်းကြောင်းသိနိုင်ပါ၏။

ဝမ်ဖုန်းသည် ဤရှေးဟောင်းသစ်တောကြီးကြောင့် အံ့အားသင့်သွားခဲ့ရပြီး စိတ်နှလုံးတွင်းမှ သဘာဝ၏စွမ်းအားကို အသိအမှတ်ပြုမိပေသည်။ ဤမြင်ကွင်းသည် ‘တောင်တစ်လုံးထက် ပိုမြင့်မားတဲ့တောင်ဆိုတာ ရှိစမြဲ'ဟူသော ဆိုရိုးစကားနှင့် လိုက်ဖက်လှ၏။

အသိအမှတ်ပြုဆင်ခြင်တွေးတောပြီးနောက် ဝမ်ဖုန်း မျက်မှောင်ကြုတ်လိုက်၏။ ဝမ်ဖုန်း၏မျက်နှာထက်တွင် ဂုဏ်သရေရှိလေးနက်သောအမူအရာ ထင်ဟပ်လာ၏။

ဤရှေးဟောင်းသစ်တောသည် တစ်ခုခုမှားယွင်းနေ၏။ တိတ်ဆိတ်လွန်းနေသည်။ တိတ်ဆိတ်လွန်းသောကြောင့် လူကိုထိတ်လန့်ချောက်ချားစေနိုင်သည်အထိပင်။

ဝမ်ဖုန်းသည်ပင် လေစီးကြောင်းကို မခံစားမိပါ။ ဤနေရာတစ်ခုလုံးမှာ အလုံးစုံရပ်တန့်ငြိမ်သက်နေသည့်အခြေအနေသို့ ကျရောက်နေသည့်အလားပင်။

“ဂိုဏ်းချုပ်!”

မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းဘေးသို့လျှောက်လာ၍ သိုလှောင်လက်စွပ်နှစ်ကွင်းအား ရိုသေစွာပေးခဲ့ပြီးနောက် ရှေ့ရှိသစ်တောအုပ်သို့ လျှောက်သွား၏။

ဤသစ်တောအုပ်မှာ မဟာနတ်ဆိုးရွှမ်ရှ မြင်တွေ့ခဲ့ဖူးသည့်သစ်တောအုပ်များထဲတွင် ရှေးအကျဆုံးနှင့် အကြီးမားဆုံးသစ်တောအုပ်ဖြစ်သည်။ အင်ပါယာကြီးသုံးခုလုံးတွင် ဤသစ်တောအုပ်တောင်တန်းနှင့် နှိုင်းယှဉ်နိုင်သည့်တောင်တန်းမျိုး မရှိနိုင်သည်မှာ သေချာပါ၏။

“သွားစို့ ရှေ့ကိုကြည့်!”

ဝမ်ဖုန်းသည် သိုလှောင်လက်စွပ်နှစ်ကွင်းကို လက်ခံယူလိုက်ပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။

ဝမ်ဖုန်းတို့သုံးဦးသည် တောင်တစ်ဝက်နေရာမှ ဆက်လက်ထွက်ခွာ၍ အောက်ဘက်ရှိသစ်တောအုပ်သို့ ဆင်းသက်ခဲ့ကြသည်။ သူတို့သည် သစ်ပင်ကြီးတစ်ပင်အောက်တွင်ရပ်လိုက်ကြသည်တွင် သုံးဦးသားမှာ ရှေးဟောင်းသစ်ပင်ကြီး၏ကြီးမားမှုကို ပို၍ခံစားမိလိုက်ကြရသည်။ မော့ကြည့်ရုံမျှဖြင့် သစ်ပင်ကြီး၏ထိပ်ဖျားကို မမြင်တွေ့နိုင်ချေ။

“ဘယ်သူက ဒီရှေးဟောင်းဧကရာဇ်တောင်တန်းကြီးကို မြေအောက်မှာမြှုပ်နှံနိုင်ခဲ့တာလဲမသိဘူး”

မဟာနတ်ဆိုးရွှမ်ရှသည် ဧရာမသစ်ပင်ကြီး၏ပင်စည်ကို ထိကိုင်ကြည့်ရင်းဖြင့် အံ့အားသင့်စွာပြောလာခဲ့သည်။

ဝမ်ဖုန်းတို့သုံးဦး ရှေ့သို့ဆက်လျှောက်ခဲ့ကြသည်။ သစ်တောအုပ်ကြီးတစ်ခုလုံးမှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေလျက် ဝမ်ဖုန်းတို့သုံးဦး၏ခြေသံကိုသာလျှင် ကြားနေရသည်။ အခြားမည်သည့်အသံမျှ မကြားရချေ။

မည်မျှကြာမြင့်သည်အထိ လျှောက်ခဲ့ပြီးသည်မသိတော့ပေ.. ဝမ်ဖုန်းတို့သုံးဦးသည် တောင်ကြီးတစ်ခု၏အောက်ခြေတွင် ရပ်လိုက်ကြ၏။ သူတို့၏ရှေ့‌တွင် လူမှတမင်ရည်ရွယ်၍ အတင်းအကြပ်ခွဲထားသည့်အလား ရှည်လျားကျဉ်းမြောင်းသည့်အက်ကွဲကြောင်းတစ်ခု တည်ရှိနေခဲ့သည်။

ဝမ်ဖုန်းတို့ ထိုတောင်ကြားလမ်းမှ ၁၅မိနစ်ခန့်လျှောက်လာခဲ့ပြီးနောက်တွင် မြက်ခင်းစိမ်းများအုပ်‌ဆောင်းနေသည့် ကြီးမားသည့်ချိုင့်ဝှမ်းကြီးကို မြင်တွေ့ကြရသည်။ ထိုနောက်တွင် တောအုပ်ငယ်လေးရှိနေ၏။ ခပ်ဝေးဝေးတွင် ရေတံခွန်တစ်ခုရှိနေပြီး ရေကြည်ကြည်များသည် ကျောက်တုံးများသို့စီးကျနေခဲ့သည်။

ဤသည်မှာ အမှန်တကယ်ကို ကောင်းကင်ဘုံကဲ့သို့ရတနာဖြစ်ပါ၏။

သို့သော် ဝမ်ဖုန်း စိတ်မလှုပ်ရှားမိပါ။ ထိုအစား အလွန်လေးနက်တည်ကြည်၍ ထူးဆန်းနေခဲ့သည်။ ရှေးဟောင်းဧကရာဇ်တောင်တန်းသို့ ဝင်ရောက်လာချိန်မှစ၍ ထူးဆန်းမှုတစ်မျိုးကို ဝမ်ဖုန်းခံစားမိနေခဲ့သည်။

ရေတံခွန်မှ ရေကျသံသည်လည်း တစ်စုံတစ်ရာ၏ဝါးမျိုခံလိုက်ရသည့်အလား ရေကျသံထွက်ပေါ်ခြင်း မရှိချေ။

ထိုအခိုက်တွင် ဝမ်ဖုန်းသည် မျက်လုံးများကိုမှေးကျဉ်း၍ အရှေ့အရပ်ရှိတောအုပ်ငယ်ကို အာရုံစိုက်ကြည့်လိုက်သည်။ တောအုပ်ငယ်၏နောက်တွင် တောင်ကုန်းကြီးတစ်ခုရှိနေသည်။ ‌ထိုတောင်ကုန်းရှေ့တွင် မီတာ၁၀ကျော်မြင့်မားသည့် ကျောက်ပြားချပ်ကြီးရှိနေ၏။

All Chapters