← Chapters

နတ်ဘုရားဆင်းသက်လာသည်နှင့် ရုပ်အလောင်းများကိုခေါ်ဆောင်၍ အလုံးစုံမြှုပ်နှံရမည်

Vol. 10 Ch. 136

နတ်ဘုရားဆင်းသက်လာသည်နှင့် ရုပ်အလောင်းများကိုခေါ်ဆောင်၍ အလုံးစုံမြှုပ်နှံရမည်

Vol. 10 Ch. 136

“သွားကြည့်ရအောင်”

ဝမ်ဖုန်းမှ လက်ဝှေ့ယမ်း၍ပြော၏။ ဝမ်ဖုန်းသည်ရှေ့မှဦးဆောင်၍ မဟာနတ်ဆိုးရွှမ်ရှနှင့် တုံ့ဖန်းချင်ချန်းတို့နှစ်ဦးသည် နောက်မှာလိုက်ပါကြ၏။

ဝမ်ဖုန်းတို့သုံးဦးသည် ကျောက်ပြားချပ်ကြီး၏ရှေ့ မီတာ၁၀ခန့်အကွာအဝေးသို့ လျှောက်လာခဲ့ကြသည်။ ကျောက်ပြားချပ်ကြီးကို ရှင်းလင်းပြတ်သားစွာ‌မြင်တွေ့ရသောအခါတွင်မူ ၎င်းသည် ကမ္ဗည်းကျောက်စာတိုင်နှင့် ပို၍တူညီပေသည်။

ကမ္ဗည်းကျောက်စာတိုင်သည် မြေပြင်ထက်တွင်ထောင်မတ်နေပုံမှာ မြေပြင်ပေါက်ရောက်နသည့်အပင်ကြီးအလား ထင်မှတ်ရသည်။ ထိုကမ္ဗည်းကျောက်စာ၌ ရှေးကျ၍အရိုင်းဆန်သောအရှိန်အဝါများ ပျံ့နှံ့စီးဆင်းနေ၏။ ထို့ပြင် ကမ္ဗည်းကျောက်စာထက် နေရာအနှံ့အပြား၌ သိပ်သည်းစွာသောလျှို့ဝှက်ဆန်းကြယ်သည့် မျဥ်းကြောင်းများရှိနေခဲ့သည်။

၎င်းမျဥ်းကြောင်းများသည် ရှုပ်ထွေးဟန်မရှိဘဲ ပြေပြစ်ညီညာနေလျက် လျှို့ဝှက်ဆန်းကြယ်မှုတည်းသောညှို့ဓာတ်တို့ ထွက်ပေါ်နေခဲ့သည်။

ကမ္ဗည်းကျောက်စာတိုင်၏အလယ်ဗဟို၌ စာကြောင်းတစ်ကြောင်းရှိသည်။

“ထာဝရအဓွန့်ရှည်တည်တံ့လျှင်သော်မှ၊ ကမ္ဘာလောကစကြဝဠာမှာ ပြိုင်ဘက်ကင်းဖြစ်လျှင်သော်မှ၊ နတ်ဘုရားဆင်းသက်လာသည်နှင့် ရုပ်အလောင်းများကိုခေါ်ဆောင်၍ အလုံးစုံမြှုပ်နှံရမည်”

“ဒါက ဂူသင်္ချိုင်းလား”

ဝမ်ဖုန်း တင်္ဂမျှ‌‌ထိတ်လန့်တုန်လှုပ်သွား၏။ ကမ္ဗည်းကျောက်စာတိုင်ထက်ရှိ စာလုံးများသည် အလွန်အိုဟောင်းနေခဲ့ပြီဖြစ်သော်ငြား ထိုစာလုံးများ၏အဓိပ္ပာယ်ကို ဝမ်ဖုန်းသိနိုင်ပါ၏။ စာလုံးများကို နားမလည်ပါသော်ငြား ထိုစာလုံးများ၏အဓိပ္ပာယ်ကို သိရှိပေသည်။

သို့သော် ‌ကမ္ဗည်းကျောက်စာတိုင်သည် သင်္ချိုင်းကမ္ဗည်းကျောက်စာတိုင်ဖြစ်သင့်သော်ငြား ဂူသင်္ချိုင်းထဲရှိပုဂ္ဂိုလ်၏အမည်၊ ကွယ်လွန်သူ၏ဂုဏ်ပုဒ်၊ ဂူသင်္ချိုင်းတည်ဆောက်သူ၏အမှတ်အသားတို့ကို ရေးထိုးထားခြင်းမရှိဘဲ စာပိုဒ်တစ်ပိုဒ်ကိုရေးထိုးထားခြင်းသည် ဝမ်ဖုန်းအား ထူးဆန်းသည်ဟုခံစားရစေ၏။

ထိုစာပိုဒ်မှတစ်ဆင့် ဤစာပိုဒ်ကိုရေးထိုးခဲ့သူ၏ မလိုလားမှုနှင့် ပူဆွေးသောကတို့ကို ဝမ်ဖုန်း ခံစားနိုင်ပေသည်။

“မြေအောက်မှာမြှုပ်နှံထားတဲ့ ရှေးဟောင်းဧကရာဇ်တောင်တန်းကြီးမှာ ရှေးဟောင်းဂူသင်္ချိုင်းရှိနေမယ်လို့ ထင်မထားခဲ့ဘူး”

ဝမ်ဖုန်း လေးလေးနက်နက်ဆင်ခြင်သုံးသပ်နေခဲ့သည်။

ကမ္ဗျည်းကျောက်စာတိုင်အားဝန်းရံနေသည့် ရှေးကျသည့်အငွေ့အသက်များအရ ဤဂူသင်္ချိုင်းသည် အလွန်တရာအိုဟောင်းကြာမြင့်နေခဲ့ပြီကို သိနိုင်ပေသည်။ ထို့ပြင် ကျောက်စာတိုင်ထက်တွင် ထွင်းထားသောစာလုံးများသည်လည်း ဤဂူသင်္ချိုင်း၏ ထူးခြားမှုကိုပြသနေပေသည်။

“ဂိုဏ်းချုပ် ရုပ်အလောင်းများကိုခေါ်ဆောင်မည်ဆိုတာက ဘာလဲ”

ဘေးရှိမဟာနတ်ဆိုးရွှမ်ရှသည်လည်း စာပိုဒ်ကိုစူးစိုက်ကြည့်ရင်းမှ မေးလာခဲ့သည်။

ဝမ်ဖုန်း ခေါင်းခါရမ်းလိုက်သည်။ ဝမ်ဖုန်း ဤလောကသို့ရောက်လာခဲ့သည်မှာ လအနည်းငယ်သာရှိသေး၏။ ရှေးကျသည့်အရာများကို အဘယ်သို့များ သိနိုင်ပါမည်နည်း။

“ဂိုဏ်းချုပ် ဒီရှေးဟောင်းဂူသင်္ချိုင်းမှာ ပြိုင်ဘက်ကင်းရတနာတွေများ ကွယ်ဝှက်ထားမလား မသိဘူး။ ကျွန်တော်တို့ ဘာလို့သွားမကြည့်တာလဲ”

မဟာနတ်ဆိုးရွှမ်ရှမှ အရောင်လက်နေသည့်မျက်လုံးများဖြင့် ပြော၏။

စကားဆုံးသည်နှင့်တစ်ပြိုင်နက် မဟာနတ်ဆိုးရွှမ်ရှသည် ရှေ့သို့ခြေလှမ်းခဲ့တော့သည်။ သို့သော် မြန်မြန်မလျှောက်ခဲ့ပါ။ မဟာနတ်ဆိုးရွှမ်ရှသည် သတိကြီးစွာဖြင့် မိမိကိုယ်ကိုကာကွယ်ရန် ခန္ဓာကိုယ်တွင်းချီစွမ်းအင်များကို ထုတ်လွှတ်ထားခဲ့သည်။

ဝမ်ဖုန်းနှင့် တုံ့ဖန်းပုပိုင်သည်လည်း ကမ္ဗည်းကျောက်စာတိုင်သို့သွားရန် ဟန်ပြင်လိုက်သည်။

သို့သော် မဟာနတ်‌ဆိုးရွှမ်ရှသည် ကမ္ဗည်းကျောက်စာတိုင်နှင့် မီတာ၁၀အကွာအဝေးအတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် ရှေးဟောင်းကမ္ဗည်းကျောက်စာတိုင်မှ ကိုးဆင့်ရေခဲကဲ့သို့ ကြောက်မက်ဖွယ်လေအေးငွေ့များ ထွက်ပေါ်လာခဲ့သည်။

မီးတောင်ပေါက်ကွဲသည့်အလား ဖြာထွက်လာသည့်လေအေးငွေ့များသည် မြူခိုးထုဖြူအဖြစ် ပြောင်းလဲသွားပြီးနောက် ရုတ်ချည်းဖောင်းပွလာခဲ့ကာ မဟာနတ်ဆိုးရွှမ်ရှသို့ လျင်မြန်သည့်အရှိန်ဖြင့် တိုက်ခိုက်လေသည်။

“ဝိုး!”

မြူခိုးထုဖြူများ ဖြတ်သန်းသွားရာနေရာ၏မြေပြင်၌ မီတာဝက်ခန့်ထူထဲသည့် ရေခဲသားတစ်လွှာဖြစ်တည်သွားခဲ့ပြီး လှိုင်းဂယက်ကဲ့သို့ ကျောက်စာတိုင်၏မီတာ၁၀အကွာအဝေးထိ အရပ်လေးမျက်နှာတွင် ရေခဲများဖြင့်ဖုံးလွှမ်းသွားခဲ့သည်။

ကြောက်မက်ဖွယ်လေအေးငွေ့သည် ကျောက်စာတိုင်အနီးဝန်းကျင်ရှိ အရာအားလုံးကို ရေခဲသွားစေခဲ့သည်။

ရေခဲလွှာ၏အစွန်ဖျားရှိ မဟာနတ်ဆိုးရွှမ်ရှသည် ထိတ်လန့်တုန်လှုပ်သွားရ၏။

မဟာနတ်ဆိုးရွှမ်ရှသည် စွမ်းအင်အလုံးစုံကို အသုံးပြုခဲ့သော်ငြား လေအေးငွေ့ဖြင့်ထိသွားခဲ့ချိန်တွင် ခြေဖဝါးမှစတင်၍ သူ၏တစ်ကိုယ်လုံး၌ ရေခဲလွှာသည် လျင်မြန်စွာပျံ့နှံ့ဖြစ်တည်လာခဲ့သည်။ မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ မဟာနတ်ဆိုးရွှမ်ရှမှာ ရေခဲလွှာများ အပြည့်အဝဖုံးလွှမ်းအေးခဲသွားတော့သည်။

မဟာနတ်ဆိုးရွှမ်ရှသည် ကမ္ဗည်းကျောက်စာတိုင်ရှေ့ရှိ ရေခဲရုပ်တုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ သူ၏မျက်နှာထက်ရှိ ထိတ်လန့်တုန်လှုပ်မှုကို အတိုင်းသားမြင်‌တွေ့နိုင်ပေသည်။

“အမြန် နတ်ဆိုးအိုကြီးကိုအမြန်ဆွဲ‌ထုတ်!”

ရုတ်တရက်ဆန်လှသည့်ပြောင်းလဲမှုသည် ဝမ်ဖုန်းနှင့် တုံ့ဖန်းပုပိုင်တို့နှစ်ဦးလုံးကို ‌ထိတ်လန့်သွားစေလျက် ဝမ်ဖုန်းမှ အော်ပြောလိုက်သည်။

နှစ်ဦးသား၏ခန္ဓာကိုယ်မှ အလုံးစုံသောချီစွမ်းအင်များကို ဖြာထွက်စေခဲ့ကာ ချက်ချင်းပင် ကြောက်မက်ဖွယ်ချီစွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းတို့နှစ်ဦးသည် ဧရာမလက်ဖဝါးကြီးများပြောင်းလဲဖန်တီး၍ ရေခဲရုပ်တုဖြစ်သွားသည့်မဟာနတ်ဆိုးရွှမ်ရှအား အပြင်းအထန်ဆွဲလိုက်ကြ၏။ ရုတ်ချည်းပင် မဟာနတ်ဆိုးရွှမ်ရှသည် ရေခဲလွှာများဖုံးအုပ်‌ေနသည့်နေရာမှ အပြင်ထွက်သွားခဲ့သည်။

မဟာနတ်ဆိုးရွှမ်ရှအား ကျောက်စာတိုင်အနီးမှ ဆွဲခေါ်ပြီးနောက်တွင် ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိ မဟာနတ်ဆိုးရွှမ်ရှအား တစ်ချက်ရိုက်ပစ်လိုက်၏။ ဆန်းကြယ်အဓိပတိအဆင့်ချီစွမ်းအင်စီးဆင်းနေသည့် ကြောက်မက်ဖွယ်လက်ဝါးချက်၏ရိုက်နှက်ခံလိုက်ရသည်ဖြစ်ရာ မဟာနတ်ဆိုးရွှမ်ရှမှာ လွင့်ထွက်သွားတော့သည်။

လွင့်ထွက်သွားခြင်းနှင့်အတူ မဟာနတ်ဆိုးရွှမ်ရှ၏ကိုယ်ပေါ်မှ ရေခဲလွှာသည်လည်း နည်းနည်းချင်းစီ ကွာကျလာခဲ့၏။

“ဘုန်း!”

ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ မဟာနတ်ဆိုးရွှမ်ရှသည် အဝေးရှိမြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကာ သွေးတစ်ပွက်အန်ထွက်သွား၏။ ခြေထောက်များယိုင်နဲ့ကာ မျက်နှာမှာဖြူဖျော့လျက် တစ်ကိုယ်လုံးတုန်ယင်နေခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်မှုသည်လည်း ပျောက်ကွယ်မသွားသေးချေ။

နတ်ဆိုးအိုကြီးမှာ ရေခဲလုနီးပါးဖြစ်သွားခဲ့၏။

မဟာနတ်ဆိုးရွှမ်ရှသည် ဒဏ်ရာများစွာရရှိခဲ့သော်ငြား စိတ်ထဲတွင်တော့ ကံကောင်းသည်ဟုတွေးမိပါ၏။ မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းနှင့်တုံ့ဖန်းပုပိုင်တို့ထံသို့ ယိမ်းယိုင်စွာလျှောက်လာခဲ့ပြီး လက်နှစ်ဖက်ယှက်၍ အရိုအသေပေးခဲ့သည်။

“ဂိုဏ်းချုပ်ကိုကျေးဇူးတင်ပါတယ်။ အကြီးအကဲကိုကျေးဇူးတင်ပါတယ်”

ဝမ်ဖုန်းသည် ဒဏ်ရာကိုဦးစွာကုသရန်အတွက် မဟာနတ်ဆိုးရွှမ်ရှသို့ ဆေးပုလင်းပစ်ပေးလိုက်သည်။ ထိုဆေးပုလင်းမှာ ချန်းလန်ဓားဂိုဏ်းအကြီးအကဲထံမှ ရရှိထားခြင်းဖြစ်သည်။

မဟာနတ်ဆိုးရွှမ်ရှသည် တုံ့ဆိုင်းခြင်းမရှိ ဆေးလုံးကိုသောက်သုံး၍ မြေပြင်၌တင်ပျဉ်ခွေထိုင်လျက် ‌ဒဏ်ရာကုသလိုက်သည်။

ဝမ်ဖုန်းသည် ဒဏ်ရာကုသနေသည့်မဟာနတ်ဆိုးရွှမ်ရှကိုကြည့်ရင်းဖြင့် မျက်နှာအမူအရာမှာ အလွန်လေးနက်တည်ကြည်နေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှသည် ဆန်းကြယ်အဓိပတိအဆင့်သို့ မရောက်ရှိသေးသော်ငြား ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်မှာ ထူးကဲသာလွန်ပေသည်။

ကြိုတင်ပြင်ဆင်ထားသည့်အခြေအနေ၌ပင် မဟာနတ်ဆိုးရွှမ်ရှသည် လေအေးငွေ့ကြောင့် ခုခံနိုင်စွမ်းအလျဉ်းမရှိပါဘဲ ချက်ချင်းအေးခဲသွားခဲ့ရသည်။ ကမ္ဗည်းကျောက်စာတိုင်သည် ဝမ်ဖုန်းမှန်းဆထားသည်ထက် ပို၍ဆန်းကြယ်နက်နဲ၏။

ကြည့်ရသည်မှာ ယခုလက်ရှိတွင် ဤရှေးဟောင်းဂူသင်္ချိုင်းကို စူးစမ်းရှာဖွေရန် မဖြစ်နိုင်လောက်ပေ။

ဝမ်ဖုန်းသက်ပြင်းချ၍ ခေါင်းငုံ့လိုက်ကြည့်လိုက်သည်။

ဝမ်ဖုန်းသည် ရေခဲလွှာကိုကျော်ဖြတ်ရန် နည်းလမ်းရှာဖွေကြည့်လိုခဲ့ခြင်းဖြစ်၏။ မြေပြင်ထက်တွင် ရှုပ်ထွေးနေသည့်ခြေရာအချို့ကို မြင်တွေ့လိုက်ရသည်။

ထိုခြေရာများမှာ ချန်းလန်ဓားဂိုဏ်းကျင့်ကြံသူများ ကျန်ရစ်ခဲ့သည့်ခြေရာများဖြစ်နိုင်ပေသည်။

ဝမ်ဖုန်းတို့သုံးဦးသည် ကမ္ဗည်းကျောက်စာတိုင်၏ ဆွဲဆောင်ညှို့ယူခံလိုက်ရသောကြောင့် ချန်းလန်ဓားဂိုဏ်းသည်လည်း ဤနေရာတွင်စူးစမ်းရှာဖွေနေသည်ဟူသောအချက်ကို မေ့လျော့သွားခဲ့ကြသည်။

မြေပြင်ရှိခြေရာများကို ဝမ်ဖုန်း သေချာကြည့်လိုက်သည်။ ချန်းလန်ဓားဂိုဏ်းသားများ ဤနေရာသို့ရောက်ခဲ့ပြီးသည်ဖြစ်ရာ သူတို့သည် ရှေးဟောင်းဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး လူအချို့သည်လည်း ကျောက်စာတိုင်၏အေးခဲခြင်းကို ခံခဲ့ရပြီးဖြစ်ပေမည်။

အေးခဲသွားပြီးသည့်ရေခဲရုပ်တုများကို မမြင်တွေ့ရခြင်းမှာ ခုခံခဲ့ပြီး ချန်းလန်ဓားဂိုဏ်းသားများမှ မြှုပ်နှံခဲ့ပြီးသည်ကြောင့်ဖြစ်နိုင်၏။

သို့ဖြစ်ရာ ရှေးဟောင်းဂူသင်္ချိုင်းကို ဝင်ရောက်မရနိုင်ကြောင်း သိရှိပြီးနောက်တွင် ချန်းလန်ဓားဂိုဏ်းသည် အဘယ်သို့ သွားလိုက်ကြသနည်း။

ဝမ်ဖုန်းသည် မြေပြင်မှ‌ရှုပ်ထွေးနေသည့်ခြေရာများကိုကြည့်၍ တိတ်ဆိတ်စွာစဉ်းစားနေခဲ့သည်။ ရုတ်တရက်ပင် ရှေးဟောင်းဂူသင်္ချိုင်း၏အခြားတစ်ဖက်သို့ ဦးတည်သွားသည့်ခြေရာအချို့ကို တွေ့လိုက်ရ၏။

ချန်းလန်ဓားဂိုဏ်းသည် ‌ကမ္ဗည်းကျောက်စာတိုင်၏ကြောက်မက်ဖွယ်ကာင်းမှုကို တွေ့မြင်‌ပြီးလျှင်သော်မှ ဤရှေးဟောင်းဂူသင်္ချိုင်းအား စူးစမ်းရှာဖွေရန်လက်မလျှော့နိုင်သည်မှာ သိသာပါ၏။ ဦးတည်ရာကိုပြောင်းလဲ၍ ဆက်လက်ရှာဖွေခဲ့ကြလိမ့်မည်။

“ဘယ်လိုနေသေးလဲ”

မတ်တပ်ရပ်လာသည့် မဟာနတ်ဆိုးရွှမ်ရှကိုကြည့်၍ ဝမ်ဖုန်း မေးလိုက်သည်။

“ဂိုဏ်းချုပ်ကိုကျေးဇူးတင်ပါတယ်။ အခုကောင်းသွားပါပြီ”

မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာသည် အနည်းငယ်အသွေးအရောင်ပြန်ရှိလာခဲ့ပြီး ဝမ်ဖုန်းသို့ လက်နှစ်ဖက်ယှက်၍ အရိုအသေပြု၏။

ဂိုဏ်းချုပ်၏ကျေးဇူးကြောင့်မဟုတ်ခဲ့ပါလျှင် နတ်ဆိုးအိုကြီးမှာ ထိုအခိုက်အတန့်တွင် ဝိဉာဉ်ထိတိုင် အေးခဲခံရလောက်ပြီးလေပြီ။ ယခုပြန်တွေးလျှင်ပင် မဟာနတ်ဆိုးရွှမ်ရှမှာ ကြောက်စိတ်များဖြစ်ပေါ်လာရ၏။

ထိုလေအေးငွေ့များသည် တကယ်ကို စိတ်နှလုံးအား ‌ဗလောင်ဆူစေ၏။

“သွားရအောင်.. ချန်းလန်ဓားဂိုဏ်းက တစ်ခုခုရှာတွေ့ပြီလား သွားကြည့်ရအောင်”

ဝမ်ဖုန်းမှ မြေပြင်ရှိခြေရာများကိုညွှန်ပြ၍ ပြောခဲ့သည်။

All Chapters