ဧကရီမေသုရှား။
Vol. 10 Ch. 137
ဝမ်ဖုန်းတို့သုံးဦးသည် ခြေရာများဦးတည်ရာသို့ လိုက်ပါခဲ့ကြသည်။
ကနဦးတွင် တောအုပ်၏ပိတ်ဆို့နေမှုကြောင့် ဝမ်ဖုန်းတို့သည် ရှေးဟောင်းဂူသင်္ချိုင်းမှာ တောင်ကုန်းတစ်ခုဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ရှေးဟောင်းဂူသင်္ချိုင်းတစ်လျှောက် လက်တွေ့လျှောက်ကြည့်သောအခါတွင်မူ ကြီးမားလွန်းလှသောကြောင့် တောင်ကြားတစ်ခုလုံး၌ အခြေတည်ထားသည်ဟုပင် ခံစားရပေသည်။
“ဂိုဏ်းချုပ် ဟိုမှာ!”
ထိုအခိုက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် လက်ကိုဆန့်ထုတ်ညွှန်ပြ၍ အံ့အားသင့်စွာပြောလာခဲ့၏။
မဟာနတ်ဆိုးရွှမ်ရှ၏အသံကြောင့် ဝမ်ဖုန်း၏မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့၍ ညွှန်ပြရာသို့ကြည့်လိုက်သည်။ ရှေးဟောင်းဂူသင်္ချိုင်း၏ဘေးဘက်တွင် အက်ကွဲကြောင်းတစ်ခုကို မြင်တွေ့ရ၏။ ကြီးမားသည့်အက်ကွဲကြောင်းကြီးရှိနေပြီး ဂူသင်္ချိုင်းဆီ ဦးဆောင်နေသည့်အလား ကျောက်လှေကားထစ်များ ရှိနေခဲ့သည်။
ဝမ်ဖုန်း ကျောက်လှေကားအောက်ခြေသို့ကြည့်လိုက်သည်။ သေချာပေါက်ပင် ရှုပ်ထွေးနေသည့်ခြေရာများ ရှိနေပါ၏။
ကြည့်ရသည်မှာ ချန်းလန်ဓားဂိုဏ်းသည် ရှေးဟောင်းဂူသင်္ချိုင်းကို နက်နက်ရှိုင်းရှိုင်း ရှာဖွေခဲ့ပြီးဖြစ်ပေမည်။
တုံ့ဆိုင်းခြင်းမရှိစွာ ဝမ်ဖုန်းတို့သုံးဦးသည် အက်ကွဲကြောင်းသို့ဦးတည်သွားခဲ့ပြီး ကျောက်လှေကားထစ်များမှ ဂူသင်္ချိုင်းထဲသို့လျှောက်သွားခဲ့သည်။
လမ်းကြောင်းသည် မှောင်မိုက်စိုထိုင်းနေသောကြောင့် လူကိုစိတ်မသက်မသာဖြစ်စေသည်။ ဝမ်ဖုန်းတို့သည် စိတ်သက်သာေစရန် ကိုယ်စီချီစွမ်းအင်များအသုံးပြု၍ သီးခြားလုပ်ဆောင်ကြသည်။
မှောင်မိုက်စိုထိုင်းရုံမျှဖြင့် ဝမ်ဖုန်းတို့သုံးဦးကို စိတ်မသက်မသာဖြစ်စေမည် မဟုတ်ပေ။ အဓိကအချက်မှာ ဤလမ်းကြောင်းတွင် ထူးဆန်းသည့်အရှိန်အဝါတစ်မျိုး ရှိနေခြင်းဖြစ်၏။ ၎င်းထူးဆန်းသည့်အရှိန်အဝါသည် ဝမ်ဖုန်းတို့အား မသက်မသာ ခံသားရစေခြင်းဖြစ်သည်။
သူတို့သည် ကျောက်လှေကားထစ်တစ်လျှောက် ဆင်းလာခဲ့ကြပြီး အချိန်အနည်းငယ်ကြာပြီးနောက်တွင် မြေပြင်သို့ရောက်ရှိခဲ့ကြသည်။ ဝမ်ဖုန်းတို့၏ရှေ့တွင် ကြေးညိုဂိတ်တံခါးကြီး ပေါ်ထွက်လာခဲ့၏။ ကြေးညိုဂိတ်တံခါးကြီးမှာ ရောင်ခြည်များဖြင့်တောက်ပနေလျက် လျှို့ဝှက်ဆန်းကြယ်စွာ မှန်းဆရန်ခက်ခဲပေသည်။
ကြေးညိုတံခါးကြီးကို ထောင့်ချိုးအထိ ဖွင့်လှစ်ထားပြီးဖြစ်သည်။ သို့သော် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွမ်ရှတို့အား အတွင်းသို့ခေါ်ဆောင်သွားရန် အလျင်မလိုပါ။ တံခါးအနီးသို့လျှောက်လာ၍ ဂရုတစိုက်ကြည့်ရှုခဲ့သည်။
ကြေးညိုတံခါးကြီးသည် မီတာ၁၀မြင့်မား၍ သိပ်သည်းဆန်းကြယ်သည့်မျဉ်းကြောင်းများ ရေးထွင်းထားသည်။ ၎င်းတို့မှာ လျှို့ဝှက်ဆန်းကြယ်လွန်း၍ စိုးစဉ်းသော်မျှ နားလည်နိုင်စွမ်းမရှိပါချေ။
မည်သည့်အရာမျှ ရှာဖွေနိုင်မည်မဟုတ်လေရာ ဝမ်ဖုန်းသည် တုံ့ဖန်းပုပိုင်နှင့်အတူ ကြေးညိုတံခါးမှ အတွင်းသို့ဝင်သွားခဲ့သည်။ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်မြူခိုးများ မျက်နှာဆီသို့ တစ်ဟုန်ထိုးပြေးဝင်လာခဲ့သည်။
ထိုမြူခိုးနက်တွင် ပြင်းထန်သည့်တိုက်စားယိုယွင်းနိုင်စွမ်း ရှိသည်။ ဝမ်ဖုန်းတို့သည် မိမိကိုယ်ကိုကာကွယ်ရန် ချီစွမ်းအင်များကြိုတင်ပြင်ဆင်မထားခဲ့ပါလျှင် ထိုမြူခိုးများကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဖြစ်ပေမည်။
“ဒါက အလောင်းချီပဲ! နှစ်ပေါင်းများစွာစုဝေးထားတဲ့ အလောင်းချီ! သာမန်အလောင်းချီက အရမ်းကြောက်မက်ဖွယ်မေကာင်းဘူး။ ဒါပေမဲ့ ဒီမြေအောက်မှာက မရေမတွက်နိုင်တဲ့နှစ်ပေါင်းများစွာ စုပုံနေခဲ့ပြီးပြီ။ ပြီးတော့ သူ့ရဲ့စွမ်းအားကို အများကြီးတိုးပွားစေနိုင်တဲ့ အန္တိမသေခြင်းချီလည်း ပါဝင်နေသေးတယ်”
ဝမ်ဖုန်း၏ဘေးရှိ တုံ့ဖန်းပုပိုင်မှ မျက်လုံးများကိုမှေးကျဉ်း၍ တည်ကြည်လေးနက်စွာဖြင့်ပြော၏။
ဝမ်ဖုန်း ခေါင်းညိတ်၍ လေးနက်စွာပြောလိုက်သည်။
“သတိထား”
ဝမ်ဖုန်းတို့သုံးဦးသည် ဘေးချင်းယှဉ်လျက် အတွင်းသို့ဆက်လျှောက်ခဲ့သည်။ ကြေးညိုတံခါးကြီး၏လမ်းကို ကျော်ဖြတ်ပြီးနောက်တွင် ဗလာကျင်းနေသောခန်းမကြီးတစ်ခု ရှိနေခဲ့သည်။ ခန်းမကြီးတစ်ခုလုံးမှာ မှိန်ဖျော့သည့်အလင်းတန်းအချို့ဖြင့် လင်းလက်နေခဲ့သည်။ သို့ဖြစ်ရာ ဝမ်ဖုန်းတို့သုံးဦးသည် ခန်းမတွင်းအခြေအနေကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ပေသည်။
ခန်းမကြီး၏အပြင်အဆင်မှာ တန်ဖိုးကြီးလှသည်။ ခန်းမထဲတွင် ကျောက်မဏ္ဍိုင်ကိုးဖြာရှိသည်။ သို့သော် ဝမ်ဖုန်းတို့သုံးဦးအား အသက်ပြင်းပြင်းရှူသွင်းမိစေသည်မှာ ထိုကျောက်မဏ္ဍိုင်များတွင် ချည်နှောင်ရစ်ပတ်ထားသည့် သံကြိုးကြီးများဖြစ်သည်။ ထိုသံကြိုးကြီးများဖြင့် မပုပ်သိုးစေရန်စီမံထားသည့် ရုပ်အလောင်းများကို ချုပ်နှောင်ထားသည်။
ထိုစီမံထားသည့်ရုပ်အလောင်းများတွင် မြင်သာသည့်ဒဏ်ရာအနာရွတ် မရှိချေ။ သို့သော် ရုန်းကန်သည့်အရိပ်အယောင်များ ရှိ၏။
၎င်းကြောက်မက်ဖွယ်မြင်ကွင်းသည် ဝမ်ဖုန်းတို့သုံးဦးကို အသိအမှတ်ပြုလေးစားစိတ်များ ပေါက်ဖွားစေခြင်းနှင့်အတူ သူတို့၏ခန္ဓာကိုယ်တွင်းချီစွမ်းအင်များကိုလည်း အဆက်မပြတ် စီးဆင်းနေစေခြင်းဖြင့် အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တာရာယ်ကိုရင်ဆိုင်ရန် အသင့်ပြင်ထားခဲ့သည်။
ဝမ်ဖုန်းသည် ကျောက်မဏ္ဍိုင်ကိုးခုအား ကျော်ဖြတ်၍ရှေ့သို့ကြည့်လိုက်သည်။ ဝမ်ဖုန်း၏မျက်လုံးအိမ် မှေးကျဉ်းသွား၏။ ဘေးရှိ မဟာနတ်ဆိုးရွှမ်ရှသည်လည်း အံ့အားသင့်ဟန်ပင် မပြနိုင်တော့ဘဲ ကြက်သေသေသွား၏။ တုံ့ဖန်းပုပိုင်သည်လည်း မျက်နှာအမူအရာပြောင်းလဲသွားခဲ့သည်။
ခန်းမကြီး၏ရှေ့တူရူတွင် ရုပ်တုကြီးတစ်ခုရှိသည်။ မျက်နှာကိုရှင်းလင်းစွာမမြင်ရသော အမျိုးသမီးရုပ်တုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကျောက်သားမှရုပ်လုံးကြွထွင်းထုထားသည်။ ခန္ဓာကိုယ်အား သိပ်သည်းသေးငယ်သည့်အချိုးဖြင့် ထွင်းထုထားပေသည်။
သူမ၏ခန္ဓာကိုယ်သည် ကျောက်သားမှရုပ်လုံးကြွနေခြင်းအပြင် သူမ၏မည်းနက်လှပသောဆံသားတို့မှာ သက်ရှိလူသားတစ်ဦး၏ဆံပင်များကဲ့သို့ ထင်မှတ်ရသည်မှာ အမှန်တကယ် ထူးဆန်း၍ထိတ်လန့်ဖွယ်ကောင်း၏။ ဆံချည်မျှင်တစ်မျှင်စီတိုင်းသည် တစ်မီတာအရှည်ခန့်ဖြင့် လေထဲတွင် အရိုင်းဆန်စွာလှုပ်ယိမ်းနေကြသည်။
၎င်းသည် သက်ရှိလူသားတစ်ဦးအား ဆံပင်ကိုသာ ချန်ထားရစ်လျက်ဖြင့် ရုပ်တုတစ်ခုအဖြစ် ရုပ်လုံးကြွသွန်းလောင်းထားသည်ဟု ခံစားရပေသည်။
ထိုထူးဆန်းကြောက်မက်ဖွယ်ရုပ်တုကြီး၏ရှေ့တွင် ကျောက်ရုပ်တု၆ခုရှိသေးသည်။ သို့သော် ၎င်းရုပ်တုများသည် အရမ်းမကြီးမားပေ။ ၎င်းရုပ်တု၆ခုသည် အမျိုးသမီးကျောက်ရုပ်တုကြီးရှေ့တွင် ဝတ်ပြုဖူးမြော်နေသည့်အလား သပ်ရပ်စွာဒူးထောက်နေကြသည်။
“ဒါက… ဒါကရှေးဒဏ္ဍာရီတွေထဲက ဧကရီမေသုရှား မဟုတ်လား”
မဟာနတ်ဆိုးရွှမ်ရှမှ မယုံကြည်နိုင်စွာဖြင့်ပြော၏။
“ဧကရီမေသုရှားက ဘာလဲ”
ဝမ်ဖုန်း အလျင်စလိုမေးလိုက်သည်။
“ကြောက်မက်ဖွယ်ဧကရီမေသုရှားအကြောင်းကို မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ် ဖတ်ဖူးတယ်”
“ဒဏ္ဍာရီထဲမှာပြောတာက ရှေးယခင်အချိန်လောကကြီးမှာ လူဦးခေါင်း၊ မြွေခန္ဓာကိုယ်နဲ့ မွေးဖွားလာတဲ့ မေသုရှားလို့အမည်ရတဲ့ မိစ္ဆာတစ်ကောင်ရှိခဲ့တယ်။ မေသုရှားရဲ့မျိုးနွယ်တိုင်းမှာ အဆိပ်ပြင်းမြွေတွေပြည့်နှက်နေတဲ့လူဦးခေါင်းနဲ့ လူတွေကို ကျောက်ရုပ်အဖြစ်ပြောင်းလဲနိုင်တဲ့ မွေးရာပါစွမ်းရည်ရှိကြတယ်။ မေသုရှားမျိုးနွယ်ရဲ့ဘုရင်ပိုင်ဆိုင်ထားတဲ့ ကျောက်ရုပ်အဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းရည်က အရမ်းကြောက်ဖို့ကောင်းပြီး မေသုရှားရဲ့မျိုးနွယ်ထဲမှာ စွမ်းအားအကြီးဆုံးပဲ”
“ဧကရီမေသုရှားက သူ့ရဲ့မိသားစုတွေနဲ့ကွဲပြားခဲ့တယ်။ သူမမှာ လူခန္ဓာကိုယ်ရှိပြီး သူမရဲ့ဦးခေါင်းမှာက အဆိပ်မြွေမရှိဘူး။ ဒါပေမဲ့ အဆိပ်မြွေထက် ပိုကောင်းမွန်တဲ့အရာရှိတယ်။ သူမက လောကတစ်ခွင်မှာ အလှပဆုံးအမျိုးသမီးဖြစ်ပြီး လောကတစ်ခွင်မှာ အဆိပ်အပြင်းဆုံးအမျိုးသီးလည်းဖြစ်တယ်။ သူတစ်ချက်ကြည့်လိုက်ရုံနဲ့ လူအများကြီးကို ကျောက်ရုပ်တုဖြစ်သွားစေနိုင်ပြီး ဘယ်သူမှ ခုခံကာကွယ်နိုင်စွမ်းမရှိဘူး”
“ကောင်းကင်ဘုံသက်ဆင်းလာတဲ့နောက်မှာ မိစ္ဆာမျိုးနွယ်စုဟာ ယိုယွင်းပျက်စီးတဲ့အခြေအနေကို ကျရောက်သွားခဲ့ပြီး လူသားမျိုးနွယ်စုက အင်အားကြီးမားလာခဲ့တယ်။ ပြောကြတာတော့ တစ်ချိန်တုန်းက လူတစ်ယောက်က ဧကရီမေသုရှားကို နှိုးခဲ့ပြီး သူမရဲ့ရုပ်အလောင်းကို စစ်သည်အဖြစ် အသုံးပြုခဲ့တယ်တဲ့။ အဲဒါကြောင့် ကြီးမားတဲ့ကပ်ဘေးကြီးဖြစ်ပွားခဲ့ပြီး သန်းရာချီတဲ့ဝိဉာဉ်တွေကို သွေးရည်လွှမ်းစေခဲ့တယ်”
“ဒီရုပ်တုက အဲဒီ့ရှေးဟောင်းစာအုပ်မှာ မှတ်တမ်းတင်ထားတဲ့ ဧကရီမေသုရှားနဲ့ တစ်ပုံစံတည်းပဲ”
မဟာနတ်ဆိုးရွှမ်ရှသည် မျက်နှာအမူအရာမှာ ထိတ်လန့်တုန်လှုပ်လျက်ဖြင့် ရှင်းပြ၏။ ရှေးဟောင်းစာအုပ်ကို ဖတ်ရှုခဲ့စဉ်တွင် မဟာနတ်ဆိုးရွှမ်ရှသည် များစွာဂရုမစိုက်မိပါ။ သို့သော် ဒဏ္ဍာရီလာဧကရီမေသုရှားအား မျက်မြင်တွေ့ရလေရာ ရုပ်တုပင်ဖြစ်သော်ငြား ထိတ်လန့်တုန်လှုပ်မိရလေသည်။
နိဂုံးချုပ်တွင်တော့ ဤရုပ်တုသည် ဧကရီမေသုရှားဖြစ်၏။ သူမ၏မျက်လုံးအကြည့်တစ်ချက်ကို ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင် ခုခံနိုင်စွမ်းမရှိချေ။
မဟာနတ်ဆိုးရွှမ်ရှ၏စကားကြောင့် ဝမ်ဖုန်းလည်း တုန်လှုပ်သွားခဲ့သည်။ ထိုအခိုက်တွင် ဝမ်ဖုန်းမှာ ထိုအမျိုးသမီးရုပ်တုကို မကြည့်ဝံ့ဘဲ ဖြစ်သွားရသည်။ သူမ၏ရုပ်အလောင်းကို စစ်သည်အဖြစ်အသုံးပြုခြင်းသည်ပင် ကြီးမားသောကပ်ဘေးကြီးကို ဖြစ်ပွားစေခဲ့ပြီး သန်းရာချီသောသက်ရှိသတ္တဝါများကို သွေးများဖုံးလွှမ်းစေခဲ့သည်ဖြစ်၏။ အသက်ရှိနေပါလျှင် မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
“ဂိုဏ်းချုပ် ချန်းလန်ဓားဂိုဏ်းကိုပဲ သွားရှာရအောင်ပါ။ ဒီခန်းမထဲမှာရပ်နေရတာ လူကိုထူးထူးဆန်းဆန်း ကျောချမ်းစေတယ်”
မဟာနတ်ဆိုးရွှမ်ရှမှ ကြောက်ရွံ့နေဟန်ဖြင့်ပြော၏။
ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ ရုပ်တုတစ်ခုသာဖြစ်သော်ငြား စိတ်တုန်လှုပ်မိမြဲဖြစ်၏။
ဝမ်ဖုန်းသည် တုံ့ဖန်းပုပိုင်နှင့် မဟာနတ်ဆိုးရွှမ်ရှတို့ကိုခေါ်ဆောင်၍ ကျောက်မဏ္ဍိုင်များကိုဖြတ်သန်းကာ ခန်းမနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ ဝမ်ဖုန်းသည် မထိန်းချုပ်နိုင်စွာဖြင့် ဧကရီမေသုရှား၏ရုပ်တု ပြန်လှည့်ကြည့်လိုက်၏။
ထိုအကြည့်တွင် ဝမ်ဖုန်းမှာ တောင့်ခဲသွားရလျက် နဖူးမှချွေးစေးများ စီးကျလာခဲ့ရသည်။ တစ်စုံတစ်ရာမှ မိမိအား စိုက်ကြည့်နေသည့်အလား ဝမ်ဖုန်း ခံစားမိေနခဲ့၏။
သို့သော် ထိုခံစားချက်သည် တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ဧကရီမေသုရှားက အသက်ရှင်နေတာများလား?
ထိုကြောက်မက်ဖွယ်အတွေးသည် ဝမ်ဖုန်း၏စိတ်နှလုံး၌ အလဟသ ပေါက်ဖွားလာခဲ့သည်။ ဝမ်ဖုန်း ခေါင်းခါရမ်း၍ သူ၏လက်တွေ့မကျသည့်အတွေးတို့ကို ဖယ်ရှားလိုက်ကာ မဟာနတ်ဆိုးရွှမ်ရှတို့နှင့်အတူ ခန်းမနောက်သို့ ဆက်လျှောက်ခဲ့သည်။
သို့သော် ဧကရီမေသုရှား၏ရှေ့မှောက်တွင် ဒူးထောက်နေသည့် ကျောက်ရုပ်တု၆ခုမှ ဝမ်ဖုန်းတို့၏နောက်ကျောအား လှည့်ကြည့်ခဲ့ပြီးနောက် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည်ကဲ့သို့ ပြန်လှည့်သွားခဲ့သည်ကိုမူ ဝမ်ဖုန်း မမြင်တွေ့လိုက်ပါချေ။