တစ်ဦးနှင့်ငါးဦးယှဉ်ပြိုင်ခြင်း။
Vol. 10 Ch. 138
စက်ဝိုင်းခြမ်းသဏ္ဍာန်ကြမ်းပြင်သို့ ခြေလှမ်းပြီးနောက်တွင် ဝမ်ဖုန်းတို့မှန်းဆထားသည်ကဲ့သို့ ကြီးမားသည့်မြင်ကွင်းမျိုး ရှိမနေခဲ့ပေ။
ဤနေရာသည် ရှေ့ဘက်ခန်းမ၏ ဆယ်ပုံတစ်ပုံခန့်သာရှိသည့် သေးငယ်သည့်နေရာတစ်ခုဖြစ်သည်။
ဤခန်းမ၏အလယ်ဗဟိုတွင် အကာအကွယ်တစ်လွှာရှိ၏။
တစ်ချက်ကြည့်ရုံမျှဖြင့် ထိုအကာအကွယ်အတွင်းရှိ ချန်းလန်ဓားဂိုဏ်းသားများကို မြင်တွေ့နိုင်ပေသည်။ ချန်းလန်ဓားဂိုဏ်းသား၁၅ဦးသည် ဝမ်ဖုန်းတို့အား ကျောပေးလျက်အနေအထားဖြင့် အကာအကွယ်အတွင်းရှိစင်မြင့်ကို ဝန်းရံထားကြသည်။ သူတို့သည် စူးစမ်းရှာဖွေခြင်း၌ အထူးအာရုံစိုက်ထားကြသည့်အလား ဝမ်ဖုန်းတို့ရောက်လာသည်ကို သတိမထားမိကြချေ။
သို့တည်းမဟုတ် ထိုအကာအကွယ်မှ ချန်းလန်ဓားဂိုဏ်းသားတို့၏ အာရုံခံစားနိုင်စွမ်းကို ကန့်သတ်ထားခြင်းဖြစ်နိုင်ပေသည်။
ဝမ်ဖုန်းသည် တုံ့ဖန်းပုပိုင်၊ မဟာနတ်ဆိုးရွှမ်ရှတို့နှင့် အကြည့်ချင်းဆုံလိုက်ကြပြီးနောက် သုံးဦးသားသည် အသက်ရှူအောင့်ထားလိုက်ကြသည်။ ပုစဉ်းရင်ကွဲကိုဖမ်းဆီးနေသည့် ရှိခိုးကောင်နှင့် နက်ဝါငှက်သည် နောက်တွင်ရှိနေ၏။ ချန်းလန်ဓားဂိုဏ်း၏အောင်နိုင်မှုအသီးအပွင့်တို့သည် နောက်ဆုံးတွင် ဒီဂိုဏ်းချုပ်၏အပိုင် ဖြစ်ရပေမည်။
ချန်းလန်ဓားဂိုဏ်းသား၁၅ဦးရှိနေသော်ငြား ဝမ်ဖုန်းသည် စိုးရိမ်တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။ ခွေးအိုကြီးတစ်ကောင်ကဲ့သို့ တည်ငြိမ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဝမ်ဖုန်းသည် အင်အားကြီးမားသည့် လူသတ်သမားမဟုတ်ပါလော။
မတိုင်မီ၌ ဝမ်ဖုန်းသည် ဝမ်ချုံးယန်ကို ဆင့်ခေါ်ထားပြီးဖြစ်သည်။ သို့သော် စနစ်အား ယာယီထိန်းထားရန် ခိုင်းစေထား၏။ လိုအပ်သည့်အခါမှ ဝမ်ချုံးယန်ကို ပြန်လည်ဆင့်ခေါ်လိုက်ပေမည်။
ရန်သူအား ဦးစွာ အားနည်းဟန်ပြသမည်။ ရန်သူဘက်မှ စိတ်အေးသက်သာသွားချိန်တွင် အပြင်းအထန်ဖြိုခွင်းပစ်ပေမည်။ ဝက်တစ်ကောင်အဖြစ်ဟန်ဆောင်၍ ကျားကိုစားသုံးခြင်း။ ဂိုဏ်းချုပ်ဝမ်သည် ၎င်းနယ်ပယ်တွင် ကျွမ်းကျင်ပါ၏။
ဝမ်ဖုန်းသည် တုံ့ဖန်းပုပိုင်နှင့် မဟာနတ်ဆိုးရွှမ်ရှတို့ကို ဦးဆောင်၍ အကာအကွယ်ရှေ့သို့ တွားသွားခဲ့သည်။ အကာအကွယ်အနီးသို့ နီးကပ်သွားသည်နှင့်တစ်ပြိုင်နက် ခိုက်ခိုက်တုန်စေလောက်သည့်အေးစိမ့်မှုကို ခံစားလိုက်ရသည်။
ထိုအေးစိမ့်မှုသည် ကျောရိုးထဲထိ စိမ့်ဝင်အေးစက်စေသော်ငြား ခံနိုင်ရည်ရှိသည့်အတိုင်းအတာထဲတွင် ရှိနေဆဲဖြစ်သည်။
ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှတို့နှစ်ဦးကို အကာအကွယ်အတွင်းသို့ တိုက်ရိုက်ခေါ်မသွားခဲ့ဘဲ အကာအကွယ်ကို ဦးစွာထိကိုင်ကြည့်ခဲ့သည်။ အကာအကွယ်သည် အလင်းတစ်လွှာအလား ဟန့်တားမှုမရှိ အလွယ်တကူဖြတ်သန်းသွားနိုင်မည်ဟု ထင်မှတ်ရသည်။
“ဘယ်သူလဲ!”
ဝမ်ဖုန်း အကာအကွယ်ကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ခုကိုအာရုံစွဲလမ်းနေဟန်သော ချန်းလန်ဓားဂိုဏ်း၏အကြီးအကဲချုပ်ယဲ့ကျန်းချန်သည် ရုတ်ချည်းလှည့်လာခဲ့၍ ဝမ်ဖုန်းတို့အား စူးရဲစွာစိုက်ကြည့်လျက် အော်ပြောလာခဲ့၏။
ကျယ်လောင်သည့်စကားသံပေါ်ထွက်လာသည်နှင့် ကျန်ချန်းလန်ဓားဂိုဏ်းသား၁၄ဦးသည်လည်း တစ်ပြိုင်နက်လှည့်ကြည့်လာ၏။ ချက်ချင်းပင် ဝမ်ဖုန်းတို့သုံးဦးမှာ ကြောက်မက်ဖွယ်အဟုန်ဖြင့်မုန်တိုင်းကြီးတစ်ခု မိမိတို့ထံ ဦးတည်လာတော့မည့်အလား ခံစားလိုက်ရသည်။ အားအနည်းဆုံးဖြစ်သည့်မဟာနတ်ဆိုးရွှမ်ရှမှာ တစ်ကိုယ်လုံးတောင့်ခဲသွားရလျက် အသက်အန္တရာယ်ခြိမ်းခြောက်မှုကိုပါ ခံစားလိုက်ရပေသည်။
ကြောက်မက်ဖွယ်အဟုန်ကို ခံစားလိုက်ရလေရာ ဝမ်ဖုန်း၏မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားလျက် နှလုံးအိမ်အနည်းငယ်တုန်လှုပ်သွား၏။ ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်တစ်ဦး၊ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့်၅ဦး၊ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်၉ဦး.. ဤရှေးဟောင်းလျှို့ဝှက်ဓားဂိုဏ်းကြီး၏အင်အားသည် အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းလှသည်။
ဝမ်ဖုန်းနှင့် တုံ့ဖန်းပုပိုင်တို့နှစ်ဦးသည် ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူများ ဖြစ်၏။ ချန်းလန်ဓားဂိုဏ်းမှ စေလွှတ်ထားသည်မှာ ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူ၆ဦးနှင့် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ၉ဦးဖြစ်သည်။ ထိုမျှသောအင်အားစုသည် အင်ပါယာကြီးသုံးခုတွင်ရှိနေပါလျှင် မည်သည့်အင်အားစုကိုမဆို ကိုင်လှုပ်နိုင်ပေလိမ့်မည်။
“မင်းတို့ဘယ်သူတွေလဲ! ဘယ်လိုတောင် ချန်းလန်ဓားဂိုဏ်းရဲ့အကာအကွယ်ကို ချိုးဖောက်ရဲတာလဲ”
ချန်းလန်ဓားဂိုဏ်း၏အကြီးအကဲချုပ်ယဲ့ကျန်းချန်သည် အေးစက်စွာနှာမှုတ်၏။ သူ၏ခန္ဓာကိုယ်မှလည်း အလွန်တရာအေးစက်လှသည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထုတ်လွှတ်နေခဲ့သည်။
“ချိုးဖောက်တယ်တဲ့လား? ဒီဂိုဏ်းချုပ်က ဘာမှမချိုးဖောက်ခဲ့မိပါဘူး။ ဒီတိုင်း ရိုးရိုးသားသားလေး ဖွင့်ပြီးလမ်းလျှောက်ဝင်ခဲ့ရုံပါဟ”
ဝမ်ဖုန်း နှုတ်ခမ်းထောင့်စွန့်ကိုတွန့်ကွေးလျက် ခပ်သာသာပြုံးလိုက်၏။ ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ကျင့်ကြံသူ၏ စစ်မေးမှုရှေ့မှောက်၌ပင် ဝမ်ဖုန်းသည် တည်ငြိမ်အေးဆေးနိုင်မြဲဖြစ်၏။
“ချန်းလန်ဓားဂိုဏ်းအကြီးအကဲတွေ ဘယ်မှာလဲ”
ဝမ်ဖုန်း၏စကားအဆုံးတွင် ယဲ့ကျန်းချန်၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားလျက် မေးလာခဲ့သည်။
“သေချာပေါက်… သေပြီပေါ့”
ဝမ်ဖုန်းသည် သံရှည်ဆွဲ၍ နောက်ပြောင်လိုက်သေး၏။
“အတင့်ရဲလိုက်တာ!!!”
“သေချင်နေတာပဲ!”
ဝမ်ဖုန်း၏စကားအဆုံးတွင် ယဲ့ကျန်းချန်သည် စကားဆိုမလာခဲ့ပေ။ သို့သော် အခြားသောချန်းလန်ဓားဂိုဏ်းသားများမှ ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုလာခဲ့သည်။ သူတို့၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ချီစွမ်းအင်လှိုင်းများ ဖြာထွက်လာကြကာ ဝမ်ဖုန်းတို့အား အချိန်မရွေး တိုက်ခိုက်ကြတော့မည့်အလား ထင်မှတ်ရသည်။
“ချန်းလန်ဓားဂိုဏ်းသားတွေကို သတ်ရဲတယ်ပေါ့။ မင်းကို မြှုပ်နှံပစ်ရုံတင်မကဘူး.. မင်းနဲ့ပတ်သက်တဲ့လူတိုင်းပါ မင်းနဲ့အတူ မြှုပ်နှံခံရမယ်”
ယဲ့ကျန်းချန်သည် ဒေါသအရိပ်အယောင် ဖော်ထုတ်ပြသခြင်းမရှိပါဘဲ တည်ငြိမ်အေးဆေးစွာဖြင့်ပြော၏။
အတည်ငြိမ်ဆုံးသော အသံအနေအထားဖြင့် တိကျပြတ်သားသောစကားတို့ကို ပြောသည်။
ဤသေးငယ်ကျဉ်းမြောင်းသောနေရာလေးတွင် ထိုစကားသံကိုကြားလိုက်ရသည်နှင့် ပြင်းလှစွာသော သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို ခံစားနိုင်ပေသည်။
ယဲ့ကျန်းချန်သည် ဝမ်ဖုန်းတို့ကို ထပ်မံကြည့်မလာတော့ပေ။ သူ၏မျက်လုံးထဲတွင် ဝမ်ဖုန်းတို့သုံးဦးသည် သေလူဖြစ်နေခဲ့လေပြီ။ ယဲ့ကျန်းချန်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် တစ်ဖက်သို့ပြန်လှည့်သွားတော့သည်။
ဝမ်ဖုန်းတို့သုံးဦးပေါ်ထွက်လာခြင်းသည် နေရာရှိရတနာများကို လေ့လာနေခြင်းအား အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ထိုအချက်သည်ပင် ကြီးလေးစွာသာပြစ်မှုကြီးဖြစ်၏။ ထို့အပြင် ထိုသုံးဦးမှာ ချန်းလန်ဓားဂိုဏ်းသားများကိုပင် သတ်ဖြတ်ခဲ့သေးသည်။ ေသချာပေါက် အပြစ်ကြွေးဆပ်ရပေမည်။
သို့သော် ဝမ်ဖုန်းတို့သုံးဦးမှာ သူကိုယ်တိုင် ရင်ဆိုင်တိုက်ခိုက်ရန် မထိုက်တန်ပါချေ။
‘သူက ဘယ်လိုအဆင့်အတန်းမျိုး မလို့လဲ?’
ရှေးဟောင်းလျှို့ဝှက်ဓားဂိုဏ်းကြီး၏ အကြီးအကဲချုပ်တစ်ဦးဖြစ်၏။ ဝမ်ဖုန်းတို့ကဲ့သို့ ပုရွက်ဆိတ်လေးများကို သတ်ဖြတ်ရခြင်းမှာ လက်ညစ်ပတ်ရုံသာရှိပေမည်။
ယဲ့ကျန်းချန် တစ်ဖက်သို့လှည့်သွားသည်နှင့် ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူ၅ဦးမှ တစ်ပြိုင်နက်တိုက်ခိုက်လာခဲ့သည်။ သူတို့၏လှုပ်ရှားမှုမှာ အရိပ်များကဲ့သို့ဖြင့် ဝမ်ဖုန်းတို့ရှေ့တွင် ရုတ်လျည်းထွက်ပေါ်လာခဲ့၏။ ထို့နောက် ဦးငုံ့ကြည့်လျက် ပြင်းလှစွာသောလက်ဝါးရိုက်ချက်ဖြင့် ရိုက်ချခဲ့သည်။
လက်ဖဝါးရိုက်ချက်ကြီး၅ခုသည် ရုတ်တရက်ဆန်လှစွာ ပေါ်ထွက်လာခဲ့၏။ ၎င်းလက်ဖဝါးရိုက်ချက်ငါးခုတွင် ခမ်းနားကြီးကျယ်လှစွာသော ချီစွမ်းအင်များပါဝင်စီးဆင်းနေပြီး လက်ဖဝါးရိုက်ချက်တစ်ချက်စီတိုင်းသည် တောင်တစ်လုံးကို အစိတ်စိတ်အမွှာမွှာ ကြွေမွကွဲထွက်စေရန်လုံလောက်သည်။
ဆန်းကြယ်နက်နဲလှသည့်ဂိုဏ်းချုပ်ဝမ်နှင့် အကြီးအကဲဝုံ့ဖန်းပုပိုင်တို့ သူ့ဘေးတွင်ရှိနေခြင်းကြောင့်မဟုတ်ပါလျှင် မဟာနတ်ဆိုးရွှမ်ရှသည် သေးထွက်ကျသည်အထိ ကြောက်ရွံ့တုန်လှုပ်မိလောက်ပေသည်။
နတ်ဆိုးအိုကြီးရွှမ်ရှမှာ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သာ ရောက်ရှိသေး၏။ သို့ဖြစ်ရာ အဘယ်သို့များ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူငါးဦးနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်နည်း။ နတ်ဆိုးအိုကြီးမိမိမှာ ဤကဲ့သို့သောဆက်ဆံမှုမျိုးနှင့် တကယ်ကို မထိုက်တန်ပါချေ။
လက်ဖဝါးရိုက်ချက်ငါးချက် ကျရောက်တော့မည်တွင် ဝမ်ဖုန်း၏ဘေးရှိတုံ့ဖန်းပုပိုင်မှ လက်ဟန်လှုပ်ရှားမှုဖြင့် ပန်းထိုးအပ်ငါးချောင်းကို ဖန်းဆင်းလိုက်ရာ အေးစက်သည့်အလင်းတို့လင်းလက်သွားပြီးနောက် ပြင်းထန်လှသည့်အဟုန်ဖြင့် ပစ်လွှတ်လိုက်၏။
ထိုပန်းထိုးအပ်ငါးချောင်းသည် သေးငယ်ပုံပေါ်သော်ငြား အလွန်တရာလွှမ်းမိုးနိုင်စွမ်းသော ဓားအရှိန်အဝါများပါဝင်စီးဆင်းနေလျက် ထက်ရှသည့်ဓား၅လက်အလား ခံစားရစေနိုင်ပေသည်။
ဘုန်း!
ပန်းထိုးအပ်၅ချောင်းနှင့် လက်ဖဝါးရိုက်ချက်၅ခုတို့ ထိခတ်သွားကြသည်နှင့်တစ်ပြိုင်နက် အရောင်အဆင်းမဲ့သော စွမ်းအင်လှိုင်းဂယက်များသည် အရပ်လေးမျက်နှာသို့ ဖြာထွက်ပျံ့နှံ့သွားခဲ့သည်။ ထိုကြောက်မက်ဖွယ်စွမ်းအင်လှိုင်းဂယက်ကြီးသည် တောင်အလုံးပေါင်းများစွာကို ဖြိုဖျက်ပစ်နိုင်သည်အထိ အင်အားကြီးမား၏။ သို့သော် ဤခန်းမကိုမှု တုန်ခါလှုပ်ယိမ်းစေနိုင်ခြင်း မရှိခဲ့ပေ။ အက်ကွဲကြောင်းတစ်ခုတစ်လေပင် မဖြစ်ပေါ်စေခဲ့ချေ။
ဝမ်ဖုန်းသည် ထိုထူးဆန်းသည့်အချက်ကို သတိထားမိခဲ့သော်ငြား လက်ရှိအခြေအနေတွင် ဝမ်ဖုန်းမှာ ဤနေရာ၏ထူးဆန်းသည့်အချက်တို့ကို စူးစမ်းစစ်ဆေးရန်စိတ်အခြေအနေ ဟုတ်မနေပေ။ ထို့ကြောင့် တိုက်ပွဲသို့သာ မျက်လုံးအကြည့်တို့ကို အာရုံစူးစိုက်ထားလိုက်သည်။
လက်ဖဝါးရိုက်ချက်၅ခုနှင့် ပန်းထိုးအပ်၅ချောင်းတို့သည် အသက်တစ်ချက်ရှူသွင်းစာမျှသောအချိန်အတွင်း ထိခတ်သွားကြခြင်းဖြစ်၏။ လက်ဖဝါးရိုက်ချက်၅ခုသည် ပန်းထိုးအပ်၅ချောင်း၏ဖြိုခွင်းမှုကို အလွယ်တကူခံလိုက်ရပြီး ကြောက်မက်ဖွယ်လက်ဖဝါးရိုက်ချက်သည် ကြယ်မှုန်လေးများအဖြစ်ပြောင်းလဲသွားကာ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ပန်းထိုးအပ်၅ချောင်းသည်တော့ ကြောက်ခမန်းလိလိသောအရှိန်နှုန်းဖြင့် ချန်းလန်ဓားဂိုဏ်းအကြီးအကဲ၅ဦးသို့ ဆက်လက်ဦးတည်ထိုးစိုက်နေခဲ့သည်။
သူတို့၏ထိုရိုက်ချက်သည် ဝမ်ဖုန်းတို့အား အလွယ်တကူဖြင့် အသွေးအသားများကြေမွသွားစေလိမ့်မည်ဟု တွေးဆထားခဲ့သော ချန်းလန်ဓားဂိုဏ်းအကြီးအကဲ၅ဦးသည် လက်ရှိမြင်ကွင်းကို မြင်တွေ့လိုက်ရသည်တွင် မျက်လုံးအိမ်များ ကျဉ်းကျုံ့သွားရလျက် မျက်နှာတို့မှာ မယုံကြည်နိုင်သည့်အမူအရာတို့ ထင်ဟပ်သွားရ၏။
ထိုလက်ဖဝါးရိုက်ချက်သည် သူတို့၏အင်အားအလုံးစုံကို အသုံးပြုထားခဲ့ခြင်းမဟုတ်သော်ငြား သူတို့၅ဦးမှာ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူများဖြစ်ကြပြီး အတူတကွပေါင်းစည်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ဤလှပသောအမျိုးသမီးသည် သူတို့၏ပြင်းထန်လှသောအင်အားဖြင့်တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့လေသည်။
တစ်ဖက်သို့လှည့်သွားခဲ့သည့် ယဲ့ကျန်းချန်သည်လည်း ဖြစ်ရပ်ကိုသတိထားမိသောကြောင့် ပြန်လှည့်လာခဲ့၏။ သူ၏မျက်လုံးအကြည့်များသည် တုံ့ဖန်းပုပိုင်သို့ စူးရဲစွာကျရောက်နေလျက် အံအားသင့်နေခဲ့သည်။