← Chapters

ဓားသိုင်းပညာရှင်စစ်နတ်ဘုရား။

Vol. 10 Ch. 139

ဓားသိုင်းပညာရှင်စစ်နတ်ဘုရား။

Vol. 10 Ch. 139

ယဲ့ကျန်းချန်သည်လည်း ချန်းလန်ဓားဂိုဏ်းအကြီးအကဲငါးဦး၏ လက်ဖဝါးရိုက်ချက်ကို ခုခံနိုင်စွမ်းရှိပါ၏။ သို့သော် ယဲ့ကျန်းချန်မှာ မည်သူနည်း။ သူသည် ဆန်းကြယ်အဓိပတိအဆင့်ရှိ တိုက်ခိုက်ချေမှုန်းစွမ်းရည်အမြင့်ဆုံးကျင့်ကြံသူတစ်ဦး မဟုတ်ပါလော။

ယဲ့ကျန်းချန်သည် ဝမ်ဖုန်းတို့၏ကျင့်ကြံမှုကို အတိအကျမသိနိုင်သော်ငြား သူတို့၏ကျင့်ကြံဆင့်သည် မိမိထက်နိမ့်ပါးသည်မှာမူ သေချာပါ၏။ ထို့ကြောင့် ယဲ့ကျန်းချန်သည် ယခုကဲ့သို့ အထက်စီးဆန်စွာပြုမူနေခြင်းဖြစ်သည်။

သူနှင့် အဆင့်တူမဟုတ်လေရာ သူသည်လည်း မျက်လုံးထဲထည့်နေမည်မဟုတ်ပေ။

သို့သော် လှပသည့်အမျိုးသမီးတုံ့ဖန်းပုပိုင်သည် သူနှင့်တူညီသည့် တိုက်ခိုက်ချေမှုန်းစွမ်းရည်ရှိနေခဲ့သည်။

လောကကြီး မူမမှန်တော့သည်လော သို့မဟုတ် မိမိမှာ ရူးနှမ်းသွားခဲ့သည်လော။

သူ၏ချန်းလန်ဓားဂိုဏ်းသည် ကမ္ဘာလောကကြီးမှ နှစ်ပေါင်းထောင်ချီပျောက်ကွယ်သွားခဲ့ချိန်တွင် လောကကြီးမှာ အ‌များကြီး ပြောင်းလဲသွားခဲ့ခြင်းပေလော။

ချန်းလန်ဓားဂိုဏ်းအကြီးအကဲ၅ဦးသည် တုံ့ဖန်းပုပိုင်၏ပန်းထိုးအပ်၅ချောင်းကို ရုန်းကန်ရှောင်တိမ်းပြီးနောက်တွင် ထပ်မံတိုက်ခိုက်မလာခဲ့‌ချေ။ နေရာ၌ရပ်တန့်၍ တုံ့ဖန်းပုပိုင်အား တည်ကြည်လေးနက်သည့်မျက်နှာအမူအရာတို့ဖြင့် ငေးစိုက်ကြည့်နေခဲ့ကြသည်။

သူတို့သည် ဝမ်ဖုန်းတို့မှာ သေအောင်ဖိညှစ်ပစ်ရန်လွယ်ကူသည့် ပုရွက်ဆိတ်လေးများဟု တွေးထင်ထားခဲ့ကြသည်။ သို့သော်ငြား တကယ်တမ်းတွင် ကျားတစ်ကောင်ဖြစ်နေခဲ့သည်။

“ငါ့ရဲ့ပြိုင်ဘက်က ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးတွေရဲ့ အကြီးအကဲချုပ်ကြီးတွေဖြစ်မယ်လို့ တွေးထားခဲ့တာ.. မမျှော်လင့်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့အင်အားက ငါကိုယ်တိုင်တိုက်ခိုက်ဖို့ ထိုက်တန်ပါတယ်လေ”

“ငါ့လက်ထဲမှာသေရတာ မင်းအတွက်ဂုဏ်ယူစရာပါပဲ”

ယဲ့ကျန်းချန်သည် တုံ့ဖန်းပုပိုင်အားကြည့်လျက် ဖြေးညှင်းစွာစကားဆို၏။ ထို့နောက် လေဟာပြင်မှပေါ်ထွက်လာသည့် ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ယူလိုက်သည်။

ထိုဓားရှည်ကို မည်သည့်သံမဏိနက်ဖြင့် သွန်းလုပ်ထားသည်မသိပေ။ ၎င်းဓားရှည်သည် မရေမတွက်နိုင်သောလူတို့၏သွေးကို သောက်သုံးထားသည့်အလား နီစွေးစွာတောက်ပနေခဲ့သည်။

လက်ထဲ၌ဓားရှည်ရှိနေလျှင် ကမ္ဘာလောကကြီးကို ငါပိုင်ဆိုင်၏!

ယဲ့ကျန်းချန်ထံမှ ခမ်းနားလှစွာသောစွမ်းအင်များ ဖြာထွက်လာခဲ့ခြင်းနှင့်အတူ အနီးဝန်းကျင်ရှိလေဟာပြင်သည်လည်း တုန်ခါလာခဲ့သည်။ သူ၏ကြောက်မက်ဖွယ်စွမ်းအင်ဖြာထွက်ထုတ်လွှတ်နေခြင်းကြောင့် နေရာရှိလူတို့မှာ ကြီးလေးသည့်တောင်ကြီး၏ဖိနှိပ်မှုကို ခံနေရသည့်အလား အသက်ရှူကြပ်လုမတတ် ခံစား‌ကြရပေသည်။

ယဲ့ကျန်းချန်သည် ဓားကိုကိုင်ဆောင်၍ တုံ့ဖန်းပုပိုင်သို့ ဦးတည်လာခဲ့သည်။ သူ၏လက်ထဲရှိဓားရှည်သည် စကြဝဠာကြီးမှပြောင်းလဲနေသည်ကဲ့သို့ ကျယ်ပြောသည့်အရှိန်အဝါဖြင့် လှုပ်ရှားနေခဲ့သည်။

ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသော်ငြား တုံ့ဖန်းပုပိုင်သည် မျက်နှာအမူအရာ စိုးစဉ်းသော်မှ မပြောင်းလဲ‌ချေ။ သို့သော် သူမ၏လှ‌ပသောမျက်လုံးများမှာ ဂုဏ်သရေခံ့ညားဟန်အပြည့်ထင်ဟပ်သွား၏။

သူမ၏ကျောက်စိမ်းကဲ့သို့ကြည်လင်သော လက်သွယ်သွယ်တို့ကို လေထဲတွင်ကခုန်လှုပ်ရှားလိုက်၏။ တစ်ကြိမ်လှုပ်ရှားမှုတိုင်းတွင် ပန်းထိုးအပ်များ ပျံထွက်လာခဲ့သည်။ သို့သော် ထိုပန်းထိုးအပ်များသည် ယဲ့ကျန်းချန်ကို ထိုးဖောက်ခြင်းမရှိဘဲ သူမ၏လက်တစ်ဝိုက်တွင် ဝန်းရံနေခဲ့၏။

အချိန်ခဏကြာမြင့်ပြီးနောက်တွင် တုံ့ဖန်းပုပိုင်သည် လက်လှုပ်ရှားမှုကိုရပ်တန့်လိုက်သည်။ သူမ၏ရှေ့တွင် ဓားရှည်တစ်လက်ထွက်ပေါ်လာ၏။ ထိုဓားရှည်မှာ ပန်းထိုးအပ်များဖြင့် ပေါင်းစုဖြစ်တည်လာခြင်း‌ဖြစ်ပေသည်။

“ယန်!”

တုံ့ဖန်းပုပိုင်မှ ဓားရှည်ကိုဆွဲကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဓားမန္တာန်ရွတ်ဆိုသံများ ပဲ့တင်ထပ်လာခဲ့၏။

ထိုအခိုက်တွင် တုံ့ဖန်းပုပိုင်၏အရှိန်အဝါမှာ ရုတ်ချည်းပြောင်းလဲသွားတော့သည်။ ပုံမှန်တုံ့ဖန်းပုပိုင်သည် အေးစက်မောက်မာ၏။ သို့သော် ဓားရှည်ကိုင်ဆောင်ထားသည့်တုံ့ဖန်းပုပိုင်မှာမူ ဓားသိုင်းပညာရှင်စစ်နတ်ဘုရားတစ်ပါးအလား လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းသော ပြိုင်ဘက်ကင်းဓားအရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့သည်။

တုံ့ဖန်းပုပိုင်သည် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ကခုန်နေသည့်အလား လှပတင့်တယ်သည့်ကိုယ်ဟန်ဖြင့် လှုပ်ရှားလိုက်သည်။ ထိုလှုပ်ရှားမှုသည် ကမ္ဘာလောကကြီးအား အရောင်အသွေးကင်းမဲ့သွားစေခဲ့၏။

သို့သော် ၎င်းကခုန်လှုပ်ရှားမှုတွင် သေစေနိုင်လောက်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ ပါဝင်နေခဲ့သည်။

ဘုန်း!

ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ကျင့်ကြံသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ တိုက်ခိုက်မှုစွမ်းအင်တို့သည် ခန်းမထဲတွင် ပြင်းထန်စွာထိခတ်သွားကြသည်။

ယဲ့ကျန်းချန်၏ဓားရောင်ခြည်သည် ပင်လယ်အောက်တွင်ငုပ်လျှိုးနေသည့် သွေးရည်ဖုံးလွှမ်းနေသည့်နဂါးပြာတစ်ကောင်အလား ကြက်သွေးနီရောင်တောက်ပနေခဲ့သည်။ ယဲ့ကျန်းချန်၏တိုက်ကွက်တစ်ခုချင်းစီတိုင်း၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ အံ့မခန်းသိပ်သည်းပါဝင်နေ၏။

တုံ့ဖန်းပုပိုင်၏ဓားရောင်ခြည်သည် မိုးဖွဲအလား အင်အားကြီးမား၍ ရှူမောဖွယ်ခမ်းနားတင့်တယ်ပေသည်။

နှစ်ဦီးသားသည် ခေါက်တုံ့ခေါက်ပြန်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်နေကြလျက် သူတို့၏စွမ်းအင်နှစ်ခု ထိခတ်သွားသည့်အကြိမ်တိုင်းတွင် ကြောက်မက်ဖွယ်ချီစွမ်းအင်လှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ရိုက်ခတ်သွားကြသည်။ ဤခန်းမ၏ခိုင်ခံ့တောင့်တင်းမှုကြောင့်မဟုတ်ပါလျှင် သူတို့နှစ်ဦး၏တိုက်ပွဲကြောင့် ဤနေရာမှာ အလုံးစုံပျက်စီးသွားပြီးဖြစ်ပေမည်။

လေဟာပြင်ထက်တွင် ကြက်သွေးနီရောင်ဓားရောင်ခြည်နှင့် မိုးပြာရောင်ဓားရောင်ခြည်တို့သည် တွန်းတိုက်ထိခတ်နေကြရာ ကနဦးတွင် မှိန်ဖျော့ဖျော့အလင်းရောင်သာရှိသည့်ခန်းမမှာ ဓားရောင်ခြည်တို့ဖြင့် လင်းထိန်သွားတော့သည်။

‌လေဟာပြင်ထက်တွင် အပြင်းအထန်တိုက်ခိုက်နေကြသည့် နှစ်ဦးကိုကြည့်ရင်းဖြင့် ချန်းလန်ဓားဂိုဏ်းသားတို့မှာ အံ့ဩထိတ်လန့်ကုန်ကြလေသည်။

‘ဒီအမျိုးသမီးဟာ ဘယ်လိုများ ငါတို့အကြီးအကဲချုပ်နဲ့ သိပ်မကွာခြားရသလဲ’

ဝမ်ဖုန်းသည်လည်း အံ့ဩမိပါသော်ငြား ထိတ်လန့်မှုဖြင့် မရှိပါချေ။ တုံ့ဖန်းပုပိုင်သည် ‌လောကတစ်ခွင်၌ ပြိုင်ဘက်ကင်းကျင့်ကြံသူဖြစ်၏။ တုံ့ဖန်းပုပိုင်၏ကျင့်ကြံမှုသည် ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်နှောင်းပိုင်းသာ ဖြစ်သော်ငြား သူမ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ကျင့်ကြံသူနှင့် ယှဉ်နိုင်ပေသည်။

တုံ့ဖန်းပုပိုင်အနေဖြင့် ဓားအသုံးပြုခြင်းမှာ ရှားပါး၏။ သူမသည် ပန်းထိုးအပ်များကိုသာ မကြာခဏအသုံးပြုတတ်သူဖြစ်သည်။ သူမ၏ဓားစွမ်းရည်သည် ကံကြမ္မာသားတော် လင်းဟူချုံးနှင့် မယှဉ်နိုင်ပါချေ။

တုံ့ဖန်းပုပိုင်မှ ဓားရှည်ကို‌ကိုင်ဆောင်ချိန်သည် သူမ၏တိုက်ခိုက်ချေမှုန်းစွမ်းရည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိချိန်ဖြစ်၏။

ဘုန်း!

ကျယ်လောင်သည့်ပေါက်ကွဲသံကြီးသည် အတွေးထဲနစ်မြောနေသည့်ဝမ်ဖုန်းကို နှောင့်ယှက်လိုက်ရာ ဝမ်ဖုန်း မော့ကြည့်လိုက်သည်။

တုံ့ဖန်းပုပိုင်သည် ဝိဉာဉ်တစ်ကောင်အလား ပေါ့ပါးသည့်အခိုးအငွေ့ကဲ့သို့ ယဲ့ကျန်းချန်၏ဘေးမှ ဖြတ်သန်းလှုပ်ရှားနေခဲ့သည်။ ထိုသို့ဖြတ်သန်းလှုပ်ရှားချိန်တိုင်းတွင် ဓားချက်တစ်ချက် ထိုးသွင်းမြဲဖြစ်၏။

ယဲ့ကျန်းချန်၏ဘေးပတ်ဝန်းကျင်၌ ဓားရှည်၆လက် ထွက်ပေါ်လာခဲ့သည်။ ထိုဓားရှည်၆လက်သည် ယဲ့ကျန်းချန်အား အထက်၊ တောင်အရပ်၊ မြောက်အရပ်၊ အရှေ့၊အနောက်၊ အရပ်မျက်နှာအသီးသီးမှ ဝန်းရံပိတ်ဆို့ထား၏။ ထိုဓားရှည်များသည် လူတို့အား ရေခဲလိုဏ်ဂူတွင်းသို့ ရောက်ရှိနေသည့်အလား အေးစက်လှစွာသော သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ကို ထုတ်လွှတ်နေပေသည်။

တုံ့ဖန်းပုပိုင်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း၌ ပြန်လည်‌ဆုတ်ခွာခြင်းဟူသည် မရှိချေ။ ယဲ့ကျန်းချန်၏မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ ခမ်းနားထည်ဝါသောချီစွမ်းအင်များ ဖြာထွက်လာခဲ့သည်။ ယဲ့ကျန်းချန်သည် ဓားရှည်အားကိုင်ဆောင်၍ ဓားချီတို့ဖြင့်လှုပ်ရှားလာခဲ့သည်။

မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်းတွင် ဓားချီနယ်နိမိတ်တွင်းသို့ကျရောက်သွားသည့်အလား သိပ်သည်း‌လှစွာသောဓားချီများသည် ယဲ့ကျန်းချန်ကို ဝန်းရံလျက်ကာကွယ်ပေးခဲ့သည်။

ယဲ့ကျန်းချန်မှ ထိုဓားချီများကို ထုတ်ဖော်ခဲ့ချိန်တွင် တုံ့ဖန်းပုပိုင်၏ဓားရှည်၆လက်သည်လည်း ပြင်းထန်လှစွာသော သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ဖြင့် ဆင်းသက်လာနေခဲ့ပြီဖြစ်သည်။

ဘုန်း!

ထိခတ်ဆန့်ကျင်သည့်ပေါက်ကွဲသံကြီးဖြင့် ခန်းမတစ်ခုလုံး ပဲ့တင်ခတ်သွား၏။ ထိုအံ့ဖွယ်မြင်ကွင်းကို စောင့်ကြည့်နေကြသည့် မဟာနတ်ဆိုးရွှမ်ရှနှင့် ချန်းလန်ဓားဂိုဏ်းသားတို့မှာ နားစည်များပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။

အရောင်အသွေးကင်းမဲ့သည့် ချီစွမ်းအင်လှိုင်းများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့ပြန်၏။ စွမ်းအင်လှိုင်းကိုခံစားမိသည်တွင် ဝမ်ဖုန်း၏မျက်နှာအမူအရာပြောင်းလဲသွားကာ ခန္ဓာကိုယ်ကိုလှုပ်ရှား၍ မဟာနတ်ဆိုးရွှမ်ရှ၏ရှေ့မှ ကာဆီးပေးလိုက်၏။ အခြားသော ဆန်းကြယ်အင်ပါယာအဆင့် ချန်းလန်ဓားဂိုဏ်းသားများကိုလည်း တစ်ပြိုင်နက်တည်း ‌ကာဆီးပေးခဲ့သည်။

ထိုစွမ်းအင်လှိုင်းလုံး၏အင်အားသည် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများ၏ ခံနိုင်ရည်ထက် ကျော်လွန်၏။

ဘုန်း!

ကျယ်လောင်သည့်အသံကြီးသည် မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများ၏အာရုံကို ပြန်လည်ဆွဲဆောင်လိုက်၏။ သူတို့ မော့ကြည့်လိုက်ကြသည်။

တုံ့ဖန်းပုပိုင်၏ ဓားရှည်၆လက်ရောင်ခြည်များသည် ယဲ့ကျန်းချန်၏ဓားချီအကာအကွယ်ကို ချိုးဖောက်၍သွားခဲ့သည်ကို မြင်တွေ့လိုက်ရ၏။

ယဲ့ကျန်းချန်၏မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားခဲ့ပြီး သူ၏အင်အားကိုထပ်မံမြှင့်တင်ရန် ပြင်ဆင်လေသည်။ သို့သော် တုံ့ဖန်းပုပိုင်၏ ဓားရှည်၆လက်ရောင်ခြည်များသည် သူ၏ဓားချီနယ်နိမိတ်ကို အပိုင်းပိုင်းကွဲကြေသွားစေခဲ့ပြီး ယဲ့ကျန်းချန်အား တိုက်ရိုက်ထိုးစိုက်သွားလေသည်။

ဤအရေးကြီးသောအခိုက်အတန့်တွင် ယဲ့ကျန်းချန်၏လက်ထဲမှဓားရှည်သည် တုံ့ဖန်းပုပိုင်၏ဓားရှည်၃လက်ကို ဟန့်တားနိုင်ခဲ့သည်။ သို့သော် ကျန်၃လက်ကိုမူ မဟန့်တားနိုင်ခဲ့ချေ။ ယဲ့ကျန်းချန်၏အဝတ်များ ရုတ်ချည်းစုတ်ပြဲသွားရကာ သွေးများပန်းထွက်လာခဲ့၏။ သူ၏လက်နှင့် ပခုံးတို့တွင် ကြောက်မက်ဖွယ်ဓားဒဏ်ရာများ ဖြစ်တည်သွားခဲ့သည်။

ယဲ့ကျန်းချန်သည် ခြေလှမ်းဒါဇင်မျှ နောက်ဆုတ်လိုက်ရ၏။ ‌ဓား၃လက်ရောင်ခြည်ကို ဟန့်တားနိုင်ခဲ့သော်ငြား သူ၏နေရာရှိလေဟာပြင်သည်တော့ တုန်ခါသွားမြဲဖြစ်သည်။

All Chapters