ဘုရားသခင်! ဂိုဏ်းချုပ်က အရမ်းစွမ်းအားကြီးမားတာပဲ
Vol. 10 Ch. 140
ယဲ့ကျန်းချန်သည် တုံ့ဖန်းပုပိုင်အား ထိတ်လန့်အံ့ဩစွာဖြင့်ကြည့်နေခဲ့သည်။ တုံ့ဖန်းပုပိုင်သည် အင်အားကြီးမားသော်ငြား ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သည့် မိမိနှင့် ယှဉ်နိုင်စွမ်းရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပါ။
သို့သော် ယဲ့ကျန်းချန်မှာ တုံ့ဖန်းပုပိုင်၏အင်အားသည် သူမှန်းဆထားသည်ထက် သာလွန်သည်ကို နားလည်ခဲ့ရသည်။ သူ့အနေဖြင့် တုံ့ဖန်းပုပိုင်အား အနိုင်ရယူနိုင်ခြေမှာ ၆၀ရာခိုင်နှုန်းထက် မများပေ။
ထိုသို့အတွေးတွင် ယဲ့ကျန်းချန်၏မျက်နှာအမူအရာမှာ မှိုင်းထိုင်းသွား၍တွေဝေလာခဲ့၏။ ယဲ့ကျန်းချန်သည် ကြောက်ရွံ့နေခြင်း မဟုတ်ရပါ။ မိမိမှာ တုံ့ဖန်းပုပိုင်အတွက် အချိန်များစွာဖြုန်းတီးလိုက်ခြင်းကြောင့် ရတနာများကို စူးစမ်းလေ့လာရန် အချိန်နည်းပါးသွားရသည်ဟု အတွေးဝင်လာခြင်းကြောင့်ဖြစ်ပါ၏။
ထို့ပြင် ဤရှေးဟောင်းဧကရာဇ်သင်္ချိုင်းကို ဝမ်ဖုန်းတို့မှ ရှာတွေ့နိုင်လေရာ အခြားသူများသည်လည်း ရှာတွေ့နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပါလော။ အချိန်နှင့်အမျှ ပြောင်းလဲမှုများမှာ ပို၍ကြီးမားလာနိုင်ပေသည်။
ဂူသင်္ချိုင်းထဲရှိရတနာများကို ချန်းလန်ဓားဂိုဏ်းသာလျှင် ပိုင်ဆိုင်ရပေမည်။
တိုက်ခိုက်ချေမှုန်းစွမ်းရည်တူညီသည့် ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားမြင့်ကျင့်ကြံသူနှစ်ဦး၏တိုက်ပွဲဟူသည် အနိုင်၊အရှုံးရလဒ် မထွက်ပေါ်ဘဲနှင့် သုံးရက်၊သုံးည တိုက်ခိုက်ရပေရော့မည်။ ပို၍ကြာမြင့်သည်လည်း ဖြစ်နိုင်ကောင်း၏။
ယဲ့ကျန်းချန်သည် ဤကြောက်မက်ဖွယ်အင်အားကြီးမားသည့် အမျိုးသမီးကို အသိအမှတ်ပြုခဲ့လေပြီ။ သို့သော် သူမ၌ အဖော်နှစ်ဦး ပါရှိသေး၏။ မောက်မာထောင်လွှားသည့်ထိုကောင်လေးမှာ ဤအမျိုးသမီးအတွက် အရေးပါပုံရသည်။
ယဲ့ကျန်းချန်၏မျက်လုံးများ၌ ကောက်ကျစ်စဉ်းလဲမှုများ ဖြတ်ပြေးသွား၏။ ယဲ့ကျန်းချန်မှ ရုတ်တရက် အော်ပြောခဲ့သည်။
“ငါဒီတစ်ယောက်ကို ထိန်းထားမယ်။ ပြီးတော့ ဟိုပုရွက်ဆိတ်နှစ်ကောင်ကို သတ်ရမှာမလို့ ငါနဲ့အတူ ဝန်းရံတိုက်ခိုက်ကြ!”
ချန်းလန်ဓားဂိုဏ်းသားများသည် ယဲ့ကျန်းချန်၏စကားကိုကြားလိုက်ရသည်တွင် မျက်နှာအမူအရာများ ပြောင်းလဲသွားလျက် မျက်လုံးများ၌ မယုံကြည်နိုင်ခြင်းများ ထင်ဟပ်သွားခဲ့သည်။
အကြီးအကဲလူသတ်ရင် ဘယ်တုန်းကများ သူတို့ရဲ့အကူအညီကို လိုအပ်ဖူးလို့လဲ?
မယုံကြည်နိုင်ဖြစ်နေကြသော်ငြား ချန်းလန်ဓားဂိုဏ်းသားများသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ရုတ်ချည်းလှုပ်ရှားကြသည်။
လှုပ်ရှားမှုတစ်ချက်ဖြင့် သူတို့သည် ဝမ်ဖုန်းတို့နှစ်ဦး၏ဘေးသို့ ချက်ချင်းရောက်ရှိလာကြ၏။ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူ၅ဦးနှင့် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူ၉ဦးတို့သည် ဝမ်ဖုန်းနှင့် မဟာနတ်ဆိုးရွှမ်ရှတို့နှစ်ဦးကို ဝန်းရံထားခဲ့ကြသည်။
ဤတစ်ကြိမ်တွင်တော့ မဟာနတ်ဆိုးရွှမ်ရှသည် သူ၏ဘေးတွင် ဝမ်ဖုန်းရှိနေပါသော်ငြား ခြေထောက်များ အားနည်းချည့်နဲ့ကာ မတ်တပ်မရပ်နိုင်တေ့ာလုနီးပါး တစ်ကိုယ်လုံးတုန်ရီနေတော့သည်။ ဝမ်ဖုန်းမှ တွဲပေးထားခြင်းကြောင့် မဟုတ်ပါလျှင် မြေပြင်သို့လဲကျသွားလောက်ပေပြီ။
ဒီလောကကြီးက အန္တရာယ်များလွန်းတယ်။ ဒီနတ်ဆိုးအိုကြီး သည်းမခံနိုင်တော့ဘူး။
“ကျစ် ကျစ် ပုရွက်ဆိတ်တွေက ပုရွက်ဆိတ်တွေပါပဲ”
“ပုရွက်ဆိတ်ကောင်တွေက တကယ်ကြီး ငါ့ကိုစောင့်ဆိုင်းရအောင်လုပ်ခဲ့တာပဲ။ စောင့်ဆိုင်းခဲ့ရတဲ့ငါ့လက်တွင် ညစ်ပေရပြီ”
“ငါတို့လိုဘဝပေါင်းများစွာကျင့်ကြံခဲ့သူတွေရဲ့ လက်ထဲမှာသေရတာ ဒီပုရွက်ဆိတ်တွေအတွက်တော့ ကောင်းချီးပဲလေ”
မဟာနတ်ဆိုးရွှမ်ရှ၏ပုံစံကြောင့် ချန်းလန်ဓားဂိုဏ်းသားများမှ တစ်ယောက်ပြီးတစ်ယောက် လှောက်ရယ်လာခဲ့၏။ သူတို့သည် သူတို့၏အထင်မြင်သေးမှုကို စိုးစဉ်းသော်မျှ ဖုံးကွယ်ခြင်းမရှိပါချေ။ သူတို့၏အထင်အမြင်သေးသော မထီမဲ့မြင်အသံများမှာ ခန်းမကြီးတစ်ခုလုံး၌ ဖုံးလွှမ်းသွား၏။
ဝမ်ဖုန်းခေါင်းလှည့်၍ မဟာနတ်ဆိုးရွှမ်ရှကို စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ ထို့နောက် မဟာနတ်ဆိုးရွှမ်ရှ၏ အလားအလာကောင်းမနေခြင်းကို လျစ်လျူရှုလိုက်လေသည်။
ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူ၅ဦးကြားထဲ၌ ဝမ်ချုံးယန်မှ စောစီးစွာပေါ်ထွက်လာပါလျှင် ထိုကျင့်ကြံသူ၅ဦးအတွက် ပြင်ဆင်ချိန်ရသွားပေမည်။ သို့ဖြစ်၍ ဝမ်ချုံးယန်အတွက်လည်း ထို၅ဦးကို အချိန်တိုအတွင်းသတ်ရန် ခက်ခဲနိုင်၏။
ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်းမှ ချီစွမ်းအင်များလည်ပတ်စီးဆင်းနေလျက် အင်အားကြီးမားလှစွာသောအရှိန်အဝါများ ဖြာထွက်လာခဲ့သည်။ သူ၏လက်ထဲတွင် ချီစွမ်းအင်ဖြင့်ဖန်ဆင်းထားသည့် ဓားရှည်တစ်လက်သည် ပြင်းထန်လှစွာသောဓားအရှိန်အဝါဖြင့် ပေါ်ထွက်လာခဲ့၏။
ဓားအရှိန်အဝါဖြာထွက်ခြင်းနှင့်အတူ ဝမ်ဖုန်းသည် သေဆုံးခြင်းနတ်ဘုရားတစ်ပါးအလား ကြောက်မက်ဖွယ်သတ်ဖြတ်လိုခြင်းအငွေ့အသက်များ တစ်ကိုယ်လုံးမှ ဖြာထွက်နေခဲ့သည်။
“နတ်ဆိုးအိုကြီး မင်းရဲ့နတ်ဆိုးစွမ်းအင်တွေထုတ်သုံးတော့လေ!”
ဝမ်ဖုန်း နောက်လှည့်၍ မဟာနတ်ဆိုးရွှမ်ရှအား စူးရဲစွာစိုက်ကြည့်လျက် အော်ငေါက်လိုက်သည်။ ထို့နောက် ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူ၅ဦးသို့ ချက်ချင်းဦးတည်တိုက်ခိုက်တော့သည်။
ထိုအခိုက်အတန့်၏ဝမ်ဖုန်းမှာ မဟာနတ်ဆိုးရွှမ်ရှ၏မျက်လုံးထဲတွင် ကျယ်ပြောသည့်ကောင်းကင်ထက်မှ သူရိန်နေမင်းကြီးအလား အနှိုင်းမဲ့ကျက်သရေဖြင့် တောက်ပနေခဲ့သည်။ ပိုးဖလံမျိုးမီးပုံတိုးသည်ကဲ့သို့ဆိုလျှင်သော်မှ သေချာပေါက် နောက်မှလိုက်ပါပေမည်။
“တိုက်!”
မဟာနတ်ဆိုးရွှမ်ရှသည် ကျယ်လောင်စွာဟစ်ကြွေးလျက် ချီစွမ်းအင်များ ဖြာထွက်စေခဲ့၏။ ထို့နောက် သူ၏မှော်နက်တုတ်တံဖြင့် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူ၉ဦးကို တစ်ဟုန်တိုးတိုက်ခိုက်တော့သည်။
ထိုအခိုက်တွင် မဟာနတ်ဆိုးရွှမ်ရှ၏မျက်လုံးများ၌ ကြောက်ရွံ့မှုဟူသည် မရှိတော့ပါ။ အနှိုင်းမဲ့တည်ငြိမ်မှုနှင့် ရူးသွပ်ဖွယ်သတ်ဖြတ်လိုခြင်းအငွေ့အသက်များသာ တည်ရှိတော့သည်။
သူသည် မဟာနတ်ဆိုးရွှမ်ရှဖြစ်၏။ ဂိုဏ်းချုပ်၏ အသိအမှတ်ပြုခံရသော မဟာနတ်ဆိုးရွှမ်ရှဖြစ်သည်!
“ပိုပျံကောင်ဟာ သစ်ပင်ကြီးကိုလှုပ်ယိမ်းခဲ့တယ်!”
မဟာနတ်ဆိုးရွှမ်ရှမှ တစ်ဟုန်တိုးပြေးဝင်တိုက်ခိုက်သည်ကို ရင်ဆိုင်ရသော်ငြား ချန်းလန်ဓားဂိုဏ်းသားမျာသည် အထင်မြင်သေးဟန်ပြုံးလျက် လက်သီးထိုးချက်တစ်ချက် ပစ်လွှတ်လိုက်သည်။ လက်သီးထိုးချက်ကိုးချက်သည် ကြယ်ကိုးပွင်တန်းကြီးကဲ့သို့ မဟာနတ်ဆိုးရွှမ်ရှသို့ ဦးတည်သွား၏။
ထိုမျှပြင်းထန်ကြောက်မက်ဖွယ်သော တိုက်ခိုက်မှုရှေ့မှောက်၌ပင် မဟာနတ်ဆိုးရွှမ်ရှသည် တောင့်ခဲကြောင်အခြင်း ရှိမနေပါချေ။ လက်နှစ်ဖက်ဖြင့် မှော်နက်တုတ်ချောင်းအား ကစားနေလျက် ထိုလက်လှုပ်ရှားမှုတစ်လျှောက် ကျန်ရစ်ခဲ့သည့် မှော်နက်တုတ်ချောင်းမှ အရိပ်သဏ္ဍာန်များသည် မဟာနတ်ဆိုးရွှမ်ရှအား ဝန်းရံလိုက်လေသည်။
ဘုန်း!
မဟာနတ်ဆိုးရွှမ်ရှသည် အစွမ်းကုန်ကြိုးစား၍ ကာကွယ်ဟန့်တားခဲ့သော်ငြား လွင့်ထွက်သွားခဲ့ရသည်။ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်လှသောအရှိန်ဖြင့် ကြမ်းပြင်သို့ပြုတ်ကျသွားခဲ့ရ၏။
ထိုမျှပြင်းထန်လှသောအင်အားဖြင့် ရိုက်ခတ်ခံခဲ့ရသော်ငြား ခန်းမ၏ကြမ်းပြင်မှာ အကောင်းပကတိရှိနေမြဲပင်။ မဟာနတ်ဆိုးရွှမ်ရှ ကြမ်းပြင်သို့ပြုတ်ကျခဲ့ချိန်တွင် စွမ်းအင်တစ်ခုမှ ခန်းမ၏ကြမ်းပြင်ကို ကာကွယ်ပေးခဲ့လေသည်။
မဟာနတ်ဆိုးရွှမ်ရှသည် ရှက်ရွံ့စွာဖြင့် ပြန်လည်ထရပ်၍ နှုတ်ခမ်းထောင့်စွန်းမှ သွေးတို့ကိုသုတ်လိုက်ပြီး ချန်းလန်ဓားဂိုဏ်း၏ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူ၉ဦးအား အေးစက်စွာစူးစိုက်ကြည့်နေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှသည် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သော်ငြား ကြမ်းကြုတ်ခက်ထန်မှုမှာ တိုးမြင့်လာခဲ့၏။
ထို့နောက် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျင့်ကြံသူ၉ဦးကို နောက်တစ်ကြိမ် တိုက်ခိုက်ပြန်သည်။ ဤတစ်ကြိမ်၌ သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာသည့်စွမ်းအင်တို့မှာ ပို၍ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ သူ၏တစ်ကိုယ်လုံး၌ အနက်ရောင်စွမ်းအင်တို့ စိမ့်ဝင်စီးဆင်းဖြာထွက်နေလျက် ရှေးဟောင်းနတ်ဆိုးကြီးတစ်ကောင်ကဲ့သို့သော အသွင်အပြင်ဖြစ်လာခဲ့သည်။
တစ်ဖက်တွင်လည်း ဝမ်ဖုန်းသည် ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူ၅ဦးနှင့် ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။
ဝမ်ဖုန်းသည် တွေဝေတွန့်ဆုတ်ခြင်းအလျဉ်းမရှိပါဘဲ အစွမ်းကုန်တိုက်ခိုက်နေခဲ့၏။ ထိုဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူ၅ဦးမှာ သူရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသူများထဲတွင် အင်အားအကြီးမားဆုံးရန်သူဖြစ်သည်။
ဝမ်ဖုန်းသည် ဤစွမ်းအားမြင့်ကျင့်ကြံသူ၅ဦးကို မိမိတစ်ဦးတည်းဖြင့် အနိုင်တိုက်နိုင်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ဖူးပါ။ အနိုင်ရယူရန် မဖြစ်နိုင်သည်မှာ သိသာလှသည်မဟုတ်ပါလော။ ဝမ်ဖုန်း ဆင့်ခေါ်ခဲ့ပြီးသည့် ကျင့်ကြံသူအားလုံး၏စွမ်းအားများကိုပေါင်းစည်းလိုက်လျှင်သော်မှ သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် များစွာသာလွန်ပေသည်။ သို့သော် ခြုံငုံသုံးသပ်လျှင်မူ ဝမ်ဖုန်း၏တိုက်ခိုက်ေချမှုန်းမှုအတွေ့အကြုံမှာ နည်းပါးလွန်းလှသည်။
ထို့ပြင် ဝမ်ဖုန်းရင်ဆိုင်နေရသည်မှာ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးတည်းမဟုတ်ဘဲ ၅ဦးဖြစ်၏။ တောင့်ခံကိုင်တွယ်ထားနိုင်ခြင်းသည်ပင် အံ့ချီးဖွယ်ဖြစ်နေပေပြီ။
ဆန်းကုယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကုံသူ၅ဦးကြားတွင် အဆက်မပြတ်ကူးလူးသွားလာပျံသန်းနေသည့် ဝမ်ဖုန်း၏ပုံရိပ်မှာ နူးညံ့သိမ်မွေ့လှသည်။ တစ်ခါတစ်ရံတွင် ကောင်းကင်ထက်မှ အမတတစ်ပါးအလား ပေါ်ထွက်လာ၏။ တစ်ခါတစ်ရံတွင် ဟွားကွမ်းဓားသိုင်းဖြင့်ပေါ်ထွက်လာပြန်ကာ ကြောက်ခမန်းလိလိသော ဓားချီများဖြာထွက်ထုတ်လွှတ်နေခဲ့သည်။ သို့ဖြစ်ရာ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူငါးဦးမှာ ဒေါသထွက်လာကြတော့သည်။
ဝမ်ဖုန်း၏အရှိန်နှုန်းသည် လျင်မြန်လွန်းလှသည်မှာ ကြက်သူခိုးအလားပင်။ ချန်းလန်ဂိုဏ်းသား၅ဦးမှ ဝမ်ဖုန်းကိုတိုက်ခိုက်ရန် စွမ်းအင်ပေါင်းစည်းလိုက်တိုင်းတွင် ဝမ်ဖုန်းသည် သူတို့ထဲမှတစ်ဦးထံတွင် တွယ်ကပ်နေလေရာ အချင်းချင်းထိခိုက်မိမည်စိုး၍ ဝမ်ဖုန်းကို သတ်ဖြတ်ရန်မဝံ့မရဲဖြစ်စေလေသည်။
ပြဿနာမှာထိုသို့ဖြစ်၏။ အဓိကအချက်မှာ ဝမ်ဖုန်း၏တိုက်ခိုက်စွမ်းရည်သည် အလွန်တရာကြမ်းကြုတ်ခက်ထန်သည်။ ချန်းလန်ဓားဂိုဏ်းသား၅ဦးမှာ အထင်မြင်မသေးရဲသည့်အပြင် ဂရုတစိုက် ပြန်လည်ခုခံရန်လည်း လိုအပ်သေး၏။
ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူများသည် ဝမ်ဖုန်းကဲ့သို့ ဂုဏ်သိက္ခာကိုအရေးမထားသော၊ ဖြောင့်မတ်ခြင်းမရှိသော၊ အရှက်မဲ့သည့်လူမျိုးအား တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပါချေ။
ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကိုးဦးထံမှ သဲအိတ်ကဲ့သို့ အရိုက်ခံနေရသည့် မဟာနတ်ဆိုးရွှမ်ရှသည် ထိုမြင်ကွင်းကို မျက်ထောင့်မှ တစ်စွန်းတစ်စမြင်လိုက်ရရာ အံ့ဩမင်သက်သွားရသည်။
ဘုရားသခင်.. ဂိုဏ်းချုပ်က အရမ်းစွမ်းအားကြီးမားတာပဲ! ဘယ်လိုလုပ်ပြီး တစ်ယောက်တည်းနဲ့ ဆန်းကြယ်အဓိပတိအလယ်အလတ်အဆင့် ကျင့်ကြံသူ၅ဦးကို အလွယ်လေးရင်ဆိုင်တိုက်ခိုက်နိုင်ရတာလဲ?
ဝမ်ဖုန်းပြသခဲ့သည့်စွမ်းအားသည် အကြီးအကဲများထက် များစွာနည်းပါးသော်ငြား မဟာနတ်ဆိုးရွှမ်ရှ၏မျက်လုံးထဲတွင် ဝမ်ဖုန်းသည် အချိန်အတော်ကြာမြင့်စွာ လျှို့ဝှက်ဆန်းကြယ်၍မှန်းဆရန်ခက်ခဲနက်နဲသူဖြစ်ခဲ့သည်။ သို့သော် ယခု၌ မဟာနတ်ဆိုးရွှမ်ရှသည် မိမိမှာ ဂိုဏ်းချုပ်၏အင်အားကို လျှော့တွက်ခဲ့မိကြောင်း နားလည်သွားရပေသည်။
“တကယ့်ကိုကံဆိုးတာပဲ။ သူတို့အားလုံးကျ အကြီးအကဲတွေနောက်ကို ရတနာရှာဖို့လိုက်သွားကြပြီး ငါတို့နှစ်ယောက်ပဲ ဒီနေရာမှာစောင့်ကြပ်ဖို့ကျန်နေခဲ့ရတယ်”
အလင်းတန်းနေရာမှ စောဒကတက်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
“အကြီးအကဲ၁က ပိုပြီးကံဆိုးတာမဟုတ်ဘူးလား။ ဒီရတနာနေရာကိုတောင် ဝင်ဖို့အခွင့်အရေးမရလိုက်ဘဲ အပြင်ဘက်မှာစောင့်ကြပ်ဖို့ကျန်ခဲ့ရတာ”
“ဟုတ်တယ်။ တကယ်တမ်းပြောရရင် အကြီးအကဲတွေက အရမ်းသတိကြီးလွန်းနေတာပဲ။ ငါတို့ချန်းလန်ဓားဂိုဏ်းက ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးပဲကို ဘယ်သူက ပြစ်မှားရဲမှာတဲ့လဲ”
“ချန်းလန်ဓားဂိုဏ်းကလွဲပြီး တခြားဘယ်သူမှ ရတနာတွေကိုယူမသွားနိုင်ပါဘူးကွာ”
“သတိကြီးကြီးထားတာ ပိုကောင်းတာပေါ့။ အခုဖြစ်ရပ်ကြီးက နီးကပ်လာနေပြီ။ တခြားရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးတွေလည်း တဖြေးဖြေးနဲ့ပြန်ပေါ်လာနေပြီ။ အဲ့တော့ တခြားလျှို့ဝှက်ဂိုဏ်းကြီးတစ်ခုခုက ဒီနေရာကိုရောက်မလာနိုင်ပါဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ”
“အမှန်ပဲ! ရှေးဟောင်းဧကရာဇ်တောင်တန်းက ဖျက်ဆီးခံရတာမဟုတ်ဘဲ ဒီလိုဏ်ခေါင်းကြီးအောက်မှာ မြှုပ်နှံခံထားရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး။ ဒီဧရာမလိုဏ်ခေါင်းကြီးအောက်မှာ အန္တိမရှေးဟောင်းဧကရာဇ်တောင်တန်းကို မြှုပ်နှံနိုင်တဲ့ အဲဒီ့စွမ်းအားကြီးပုဂ္ဂိုလ်ကြီးက တကယ်ပဲဘယ်သူလဲမသိဘူး”
“ငါတို့ချန်းလန်ဓားဂိုဏ်းက အဆင့်အတန်းမြင့်မားလွန်းတယ်မဟုတ်လား။ ရှေးဟောင်းသဘာဝရတနာတစ်ပါးလို့ကျော်ကြားတဲ့ ရှေးဟောင်းဧကရာဇ်တောင်တန်းက ချန်းလန်ဓားဂိုဏ်းရဲ့အပိုင်လေ။ အခုကစပြီး အဲဒီ့ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးတွေအကုန်လုံး ငါတို့ချန်းလန်ဂိုဏ်းကို ကျော်တက်ဖို့ကြိုးစားရင် ခြေထောက်တွေရောင်ကိုင်းကုန်တော့မှာပဲ”
“ဟုတ်တယ် ငါလည်း အဲဒီ့နေ့ကိုရောက်လာဖို့မျှော်လင့်နေပြီ!”
လိုဏ်ခေါင်းဝင်ပေါက်အနီးရှိ အမှောင်ထုထဲတွင်ပုန်းအောင်းနေသည့် ဝမ်ဖုန်းတို့သုံးဦးသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလျက် သူတို့၏မျက်လုံးများတွင် အလင်းတစ်စဖြတ်ပြေးသွား၏။ ဝမ်ဖုန်းသည် အနည်းငယ်လည်း အံ့အားသင့်သွားမိ၏။
ရှေးဟောင်းဧကရာဇ်တောင်တန်းက ဖျက်ဆီးမခံရဘဲ ဒီရှန်းလင်းရှေးဟောင်းနယ်မြေအောက်မှာ မြှုပ်နှံခံထားရတာတဲ့လား?
ဤသတင်းသာပျံ့နှံ့သွားပါလျှင် အင်ပါယာကြီးသုံးခုမှ လေပြင်းမုန်တိုင်းတစ်လွှာ ဖြစ်ပေါ်စေမည့်မြင်ကွင်းကို မဟာနတ်ဆိုးရွှမ်ရှ စိတ်ကူးကြည့်မိပါ၏။
ဝမ်ဖုန်းသည် အချိန်ခဏမျှ မျက်လုံးမှိတ်၍စဉ်းစားဆင်ခြင်ပြီးနောက်တွင် တုံ့ဖန်းပုပိုင်အား မျက်ရိပ်မျက်ခြေပြလိုက်၏။
တုံ့ဖန်းပုပိုင်သည် ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ကျောက်စိမ်းအလားကြည်စင်သည် လက်သွယ်သွယ်၌ ပန်းထိုးအပ်တစ်ချောင်းကို ညှပ်ကိုင်လိုက်လေသည်။ ဝမ်ဖုန်းသည်လည်း ဓားတစ်လက်ကိုင်ဆွဲလိုက်၏။
“သတ်!”
ဝမ်ဖုန်းသည် ကျယ်လောင်သည့်ဟစ်ကြွေးသံနှင့်အတူ ခန္ဓာကိုယ်မှချီစွမ်းအင်များ ဖြာထွက်စေခဲ့သည်။ ဝမ်ဖုန်းသည် လိုဏ်ခေါင်းတွင်းသို့ အရိပ်သဖွယ် တစ်ဟုန်ထိုးပြေးဝင်သွားခဲ့ပြီး လက်ချောင်းများမှာ ဓားရှည်ကိုမြဲမြံစွာကိုင်ဆွဲလျက် အလွန်တရာတောက်ပလှစွာသောဓားရောင်ခြည်သည် ရုတ်ချည်းလင်းလက်သွားခဲ့သည်။
တုံ့ဖန့်ပုပိုင်သည်လည်း ဝမ်ဖုန်းဘေးတွင် ထွက်ပေါ်လာခဲ့ကာ သူ၏လက်ထဲရှိပန်းထိုးအပ်သည်လည်း ပြင်းစွာသောသတ်ဖြတ်လိုခြင်းအငွေ့အသက်ဖြင့် ကြယ်တစ်စင်းကဲ့သို့ တောက်ပစွာပစ်လွှတ်ခံလိုက်ရသည်။
“ပြောင်း…”
ဝမ်ဖုန်းတို့နှစ်ဦး၏ ဖောက်ထွင်းဝင်ရောက်လာခြင်းမှာ အလွန်လျင်မြန်လွန်းသောကြောင့် သူတို့၌ တုံ့ပြန်ချိန်ပင် မရှိလိုက်ချေ။
သူတို့တုံ့ပြန်ချိန်တွင် သူတို့၏ဦးခေါင်းတို့မှာ လွင့်ပျံထွက်သွားခဲ့ပြီဖြစ်ပြီး ဝိဉာဉ်တို့မှာ ကြောက်မက်ဖွယ်ထက်ရှမှုဖြင့် အပိုင်းပိုင်းဖြိုခွဲခံလိုက်ရချေပြီ။
ဖြစ်စဉ်တစ်ခုလုံးမှာ ချောမွေ့လွန်းစွာဖြင့် အမှားအယွင်း အလျဉ်းမရှိခဲ့ပေ။ ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူနှစ်ဦးမှာ ဝမ်ဖုန်းနှင့်တုံ့ဖန်းပုပိုင်၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရပေသည်။
ဝမ်ဖုန်းသည် မြေပြင်သို့ဆင်းသက်ရင်းဖြင့် အလောင်းနှစ်လောင်းကိုကြည့်လိုက်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ရှူထုတ်လိုက်၏။
ချန်းလန်ဓားဂိုဏ်းအကြီးအကဲနှစ်ဦး စိတ်အေးသက်သာဖြစ်နေချိန်တွင် အလင်းအလျင်ဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် သတ်ဖြတ်နိုင်ခဲ့ရသည်။ သို့မဟုတ်ပါက ဝမ်ဖုန်း၏လက်ရှိ ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့်ကျင့်ကြံမှုဖြင့် အဆင့်တူကျင့်ကြံသူကို သတ်ဖြတ်လိုပါလျှင် ဤသို့လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့မည်မဟုတ်ချေ။
ဆန်းကြယ်အဓိပတိအဆင့်သို့ရောက်ရှိနိုင်သူတိုင်းသည် ဝံ့ကြွားခက်ထန်သူများဖြစ်ကြပြီး များစွာသောရုန်းကန်တိုက်ခိုက်မှုများကို ဖြတ်ကျော်ပြီးမှသာ ဤကျင့်ကြံဆင့်သို့ရောက်ရှိနိုင်ခြင်းဖြစ်သည်။
မဟာနတ်ဆိုးရွှမ်ရှ လိုဏ်ခေါင်းအတွင်းသို့ဝင်လာချိန်တွင် ချန်းလန်ဓားဂိုဏ်းအကြီးအကဲနှစ်ဦး၏ မြေပြင်တွင်သွေးများစွန်းထင်းလျက်လဲကျနေသည့် အလောင်းတို့ကို မြင်တွေ့လိုက်ရသည်။ ကနဦးတွင် ထိတ်လန့်သွားခဲ့သော်ငြား အလောင်းနှစ်လောင်းအနီးသို့ တိတ်ဆိတ်စွာတိုးကပ်သွား၍ ကျွမ်းကျင်စွာကောက်ယူလိုက်သည်။
ဝမ်ဖုန်းသည် မြင်ကွင်းကိုစိတ်သက်သာရာရစွာ ကြည့်နေခဲ့၏။ နတ်ဆိုးအိုကြီးသည် မိမိအား နက်နက်ရှိုင်းရှိုင်း အထင်ကြီးသဘောကျသွားခဲ့လေပြီ။
“ဒင်! ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့်ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၅သောင်းနဲ့ ကျပန်းဆင့်ခေါ်ခွင့်သုံးခု ရရှိပါတယ်”
ဝမ်ဖုန်းသည် စိတ်တွင်းမှထွက်ပေါ်လာသည့် အေးစက်သည့်အသံကိုလျစ်လျူရှု၍ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်နေခဲ့သည်။
ယခုသူတို့ရောက်ရှိနေသည်မှာ တောင်မြင့်တစ်ခုပေါ်တွင်ဖြစ်သည်။ လိုဏ်ခေါင်း၏ဝင်ပေါက်သည် တောင်တစ်ဝက်တွင်တည်ရှိ၏။
ဝမ်ဖုန်း မျက်ခုံးပင့်၍ရှေ့သို့မျှော်ကြည့်လိုက်သည်။ ရှေ့တွင်ပေါ်ထွက်လာသည်မှာ ကျယ်ပြောလှသော အဆုံးမဲ့တောင်တန်းကြီးဖြစ်သည်။
မြင့်မားသည့်တောင်တန်းကို ရှေးဟောင်းသစ်တောကြီးဖြင့်လွှမ်းခြုံနေလျက် တောင်တန်းကြီးတစ်ခုလုံးမှာ မြူထုတစ်လွှာဖြင့် ဖုံးလွှမ်းနေပေသည်။ ဝမ်ဖုန်း၏ကျင့်ကြံမှုအခြေခံဖြင့်ကင် တောင်တန်းကြီးတစ်ခုလုံးကို အလုံးစုံ မမြင်တွေ့နိုင်ပါချေ။
လူတို့၌ပုံပန်းသွင်ပြင်ရှိပြီး တောင်တန်းများ၌ ပုံပန်းသဏ္ဍာန်ရှိသည်ဟူသော ဆိုရိုးစကားအတိုင်းပင်။
လူတစ်ဦး၏ပုံပန်းသွင်ပြင်သည် တစ်မူထူးခြားနေပါလျှင် သာမန်ထက်သာလွန်ထူးကဲသော အထုံပါရမီကို ဘုရားသခင်၏လက်ဆောင်အဖြစ် လက်ခံရရှိထားသူဖြစ်ပြီး အလွန်လူသားဆန်သူဖြစ်သည်ဟူ၏။ ဤအဆုံးမဲ့တောင်တန်းကြီးမှာ တောင်တန်းကြီးဖြစ်စေ၊ သစ်တောသစ်ပင်များဖြစ်စေ အရာအားလုံး သာလွန်ထူးခြားနေသည်မှာ တစ်ချက်ကြည့်ရုံဖြင့်ပင် ဤတောင်တန်းကြီးမှာ မရိုးရှင်းကြောင်းသိနိုင်ပါ၏။
ဝမ်ဖုန်းသည် ဤရှေးဟောင်းသစ်တောကြီးကြောင့် အံ့အားသင့်သွားခဲ့ရပြီး စိတ်နှလုံးတွင်းမှ သဘာဝ၏စွမ်းအားကို အသိအမှတ်ပြုမိပေသည်။ ဤမြင်ကွင်းသည် ‘တောင်တစ်လုံးထက် ပိုမြင့်မားတဲ့တောင်ဆိုတာ ရှိစမြဲ'ဟူသော ဆိုရိုးစကားနှင့် လိုက်ဖက်လှ၏။
အသိအမှတ်ပြုဆင်ခြင်တွေးတောပြီးနောက် ဝမ်ဖုန်း မျက်မှောင်ကြုတ်လိုက်၏။ ဝမ်ဖုန်း၏မျက်နှာထက်တွင် ဂုဏ်သရေရှိလေးနက်သောအမူအရာ ထင်ဟပ်လာ၏။
ဤရှေးဟောင်းသစ်တောသည် တစ်ခုခုမှားယွင်းနေ၏။ တိတ်ဆိတ်လွန်းနေသည်။ တိတ်ဆိတ်လွန်းသောကြောင့် လူကိုထိတ်လန့်ချောက်ချားစေနိုင်သည်အထိပင်။
ဝမ်ဖုန်းသည်ပင် လေစီးကြောင်းကို မခံစားမိပါ။ ဤနေရာတစ်ခုလုံးမှာ အလုံးစုံရပ်တန့်ငြိမ်သက်နေသည့်အခြေအနေသို့ ကျရောက်နေသည့်အလားပင်။
“ဂိုဏ်းချုပ်!”
မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းဘေးသို့လျှောက်လာ၍ သိုလှောင်လက်စွပ်နှစ်ကွင်းအား ရိုသေစွာပေးခဲ့ပြီးနောက် ရှေ့ရှိသစ်တောအုပ်သို့ လျှောက်သွား၏။
ဤသစ်တောအုပ်မှာ မဟာနတ်ဆိုးရွှမ်ရှ မြင်တွေ့ခဲ့ဖူးသည့်သစ်တောအုပ်များထဲတွင် ရှေးအကျဆုံးနှင့် အကြီးမားဆုံးသစ်တောအုပ်ဖြစ်သည်။ အင်ပါယာကြီးသုံးခုလုံးတွင် ဤသစ်တောအုပ်တောင်တန်းနှင့် နှိုင်းယှဉ်နိုင်သည့်တောင်တန်းမျိုး မရှိနိုင်သည်မှာ သေချာပါ၏။
“သွားစို့ ရှေ့ကိုကြည့်!”
ဝမ်ဖုန်းသည် သိုလှောင်လက်စွပ်နှစ်ကွင်းကို လက်ခံယူလိုက်ပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။
ဝမ်ဖုန်းတို့သုံးဦးသည် တောင်တစ်ဝက်နေရာမှ ဆက်လက်ထွက်ခွာ၍ အောက်ဘက်ရှိသစ်တောအုပ်သို့ ဆင်းသက်ခဲ့ကြသည်။ သူတို့သည် သစ်ပင်ကြီးတစ်ပင်အောက်တွင်ရပ်လိုက်ကြသည်တွင် သုံးဦးသားမှာ ရှေးဟောင်းသစ်ပင်ကြီး၏ကြီးမားမှုကို ပို၍ခံစားမိလိုက်ကြရသည်။ မော့ကြည့်ရုံမျှဖြင့် သစ်ပင်ကြီး၏ထိပ်ဖျားကို မမြင်တွေ့နိုင်ချေ။
“ဘယ်သူက ဒီရှေးဟောင်းဧကရာဇ်တောင်တန်းကြီးကို မြေအောက်မှာမြှုပ်နှံနိုင်ခဲ့တာလဲမသိဘူး”
မဟာနတ်ဆိုးရွှမ်ရှသည် ဧရာမသစ်ပင်ကြီး၏ပင်စည်ကို ထိကိုင်ကြည့်ရင်းဖြင့် အံ့အားသင့်စွာပြောလာခဲ့သည်။
ဝမ်ဖုန်းတို့သုံးဦး ရှေ့သို့ဆက်လျှောက်ခဲ့ကြသည်။ သစ်တောအုပ်ကြီးတစ်ခုလုံးမှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေလျက် ဝမ်ဖုန်းတို့သုံးဦး၏ခြေသံကိုသာလျှင် ကြားနေရသည်။ အခြားမည်သည့်အသံမျှ မကြားရချေ။
မည်မျှကြာမြင့်သည်အထိ လျှောက်ခဲ့ပြီးသည်မသိတော့ပေ.. ဝမ်ဖုန်းတို့သုံးဦးသည် တောင်ကြီးတစ်ခု၏အောက်ခြေတွင် ရပ်လိုက်ကြ၏။ သူတို့၏ရှေ့တွင် လူမှတမင်ရည်ရွယ်၍ အတင်းအကြပ်ခွဲထားသည့်အလား ရှည်လျားကျဉ်းမြောင်းသည့်အက်ကွဲကြောင်းတစ်ခု တည်ရှိနေခဲ့သည်။
ဝမ်ဖုန်းတို့ ထိုတောင်ကြားလမ်းမှ ၁၅မိနစ်ခန့်လျှောက်လာခဲ့ပြီးနောက်တွင် မြက်ခင်းစိမ်းများအုပ်ဆောင်းနေသည့် ကြီးမားသည့်ချိုင့်ဝှမ်းကြီးကို မြင်တွေ့ကြရသည်။ ထိုနောက်တွင် တောအုပ်ငယ်လေးရှိနေ၏။ ခပ်ဝေးဝေးတွင် ရေတံခွန်တစ်ခုရှိနေပြီး ရေကြည်ကြည်များသည် ကျောက်တုံးများသို့စီးကျနေခဲ့သည်။
ဤသည်မှာ အမှန်တကယ်ကို ကောင်းကင်ဘုံကဲ့သို့ရတနာဖြစ်ပါ၏။
သို့သော် ဝမ်ဖုန်း စိတ်မလှုပ်ရှားမိပါ။ ထိုအစား အလွန်လေးနက်တည်ကြည်၍ ထူးဆန်းနေခဲ့သည်။ ရှေးဟောင်းဧကရာဇ်တောင်တန်းသို့ ဝင်ရောက်လာချိန်မှစ၍ ထူးဆန်းမှုတစ်မျိုးကို ဝမ်ဖုန်းခံစားမိနေခဲ့သည်။
ရေတံခွန်မှ ရေကျသံသည်လည်း တစ်စုံတစ်ရာ၏ဝါးမျိုခံလိုက်ရသည့်အလား ရေကျသံထွက်ပေါ်ခြင်း မရှိချေ။
ထိုအခိုက်တွင် ဝမ်ဖုန်းသည် မျက်လုံးများကိုမှေးကျဉ်း၍ အရှေ့အရပ်ရှိတောအုပ်ငယ်ကို အာရုံစိုက်ကြည့်လိုက်သည်။ တောအုပ်ငယ်၏နောက်တွင် တောင်ကုန်းကြီးတစ်ခုရှိနေသည်။ ထိုတောင်ကုန်းရှေ့တွင် မီတာ၁၀ကျော်မြင့်မားသည့် ကျောက်ပြားချပ်ကြီးရှိနေ၏။