← Chapters

ခေါင်းတလားကြီးအတွင်းမှ မိန်းမပျို။

Vol. 11 Ch. 145

ခေါင်းတလားကြီးအတွင်းမှ မိန်းမပျို။

Vol. 11 Ch. 145

တစ်ခဏအတွင်းမှာဘဲ ဂိုဏ်းချုပ်ဝမ်၏ ကျင့်ကြံဆင့်သည် ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်သို့ အလျှင်အမြန်ခုန်တတ်သွားသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ အပြည့်အဝမချေဖျက်ရသေးပေ။

ဝမ်ဖုန်းသည် ဆက်လက်၍ ကျင့်ကြံဆင့်များကို မတိုးမြှင့်ရဲတော့ပါ။ အစကတည်းက သူ၏ကျင့်ကြံမှု အမြန်နှုန်းမှာ အလွန်အမင်း လျှင်မြန်နေပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် ဝမ်ဖုန်းသည် လုံးဝပြင်ဆင်ထားခြင်းမရှိဘဲ ကျင့်ကြံဆင့်များကို အတင်းအကြပ် တိုးမြှင့်ခြင်း ခံလိုက်ရသည်။ သူသာ သူ၏ကျင့်ကြံဆင့်များကို ဆက်လက်မြှင့်တင်နေဦးမည်ဆိုပါက သူ၏ အခြေခံ အုတ်မြစ်မှာ မတည်မငြိမ်ဖြစ်လာပေလိမ့်မည်။ ယခုအချိန်တွင်တောင်မှ သူ၏အခြေခံသည် စတင်၍ မတည်မငြိမ်ဖြစ်လာပြီ ဖြစ်သည်။

ဝမ်ဖုန်းသည် သူကိုယ်တွင်းရှိ ချီစွမ်းအင်များကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။ နောက်တဒင်္ဂ အတွင်းမှာဘဲ သူ၏ကျင့်ကြံဆင့်သည် ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့်သို့ ပြန်လည်ကျဆင်းသွားသည်။ ယင်းနောက်မှတစ်ဖန် ကျင့်ကြံဆင့်များသည် အရူးအမူး ပြန်လည်မြင့်တက်လာပေသည်။ နောက်တစ်ဖန် ဆန်းကြယ်အဓိပတိအထွတ်အထိပ် အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။ ဝမ်ဖုန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို အပြည့်အဝစုပ်ယူလိုက်သည်။ ယင်းနောက် ဝမ်ဖုန်း၏ ကျင့်ကြံဆင့်သည် ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်၌ တည်မြဲသွားလေသည်။

ဤအချိန်တွင် ဝမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များမှာ အလွန်အမင်းသန့်စင်လေပြီး ရွှေရောင်ဖျော့ဖျော့အလင်းတန်းတစ်ခုကိုတောင် ထုတ်လွှတ်နေပါသည်။ ကြိမ်ဖန်များစွာ ဖိနှိပ်လိုက် ၊ ကျင့်ကြံဆင့်များ ပြန်လည်မြင့်တက်လိုက်ဖြင့် ဝမ်ဖုန်း၏ ကိုယ်တွင်းရှိ ချီစွမ်းအင်များသည် ထူး ဆန်းသော အပြောင်းအလဲတစ်ချို့ကို ကြုံတွေ့လိုက်ရသည်။

သိပ်သည်းသော ချီစွမ်းအင်များ၏ ဖိနှိပ်မှုအောက်တွင် သူ၏ ခြေလက်များနှင့် အရိုးများကတောင် သလင်းကျောက်သဖွယ် ကြည်လင်သန့်စင် လာပေသည်။ သူ၏ ရုပ်ခန္ဓာသည်လည်း ယခင်ကနှင့်မယှဥ် သာလောက်အောင် အလွန်အမင်းသန်မာလာပေသည်။

"တကယ့်ကို နီးနီးလေးဘဲကွာ.."

ဝမ်ဖုန်းသည် သူ၏မျက်ဝန်းများကို တဖန်ပြန်လည်ဖွင့်လိုက်ပြီး နှဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။ သူသည် သူကိုယ်တွင်းရှိ ချီစွမ်းအင်ဝင်ပေါက်များအားလုံးကို တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားရပြီး ဝမ်ဖုန်းသည် ဤနယ်မြေအတွင်းတွင် အသက်တစ်ရှိုက်တောင်မရှုရဲတော့ပါပေ။

အသက်တစ်ရှိုက်ရှုရှိုက်လိုက်မိလျှင်တောင်မှ ထူး ဆန်းသော ချီစွမ်းအင်များက ဝမ်ဖုန်း၏ ခန္ဓာ ကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရမည်ဖြစ်သည်။ သူသာထပ်မံ၍ အနည်းငယ် အသက်ရှုရှိုက်လိုက်ပါက ဝမ်ဖုန်းသည် သူ၏ ခန္ဓာကိုယ်ကြီးပေါက်ကွဲပြီး သေဆုံးသွားလိမ့်မည်ဟု ခံစားနေရသည်။ စနစ်ကတောင်မှ သူ့ကိုကယ်တင်နိုင်မှာ မဟုတ်တော့ပါ။

သူ၏ချီစွမ်းအင်ဝင်ပေါက်များအားလုံးကို ပိတ်ဆို့ပြီးတာတောင်မှ ဝမ်ဖုန်းသည် ဤနေရာလွတ်လေးအတွင်းတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များက အလွန်အမင်းတက်ကြွလှုပ်ရှားနေသည်ကို ခံစားလိုက်ရသည်။ ထို့ပြင် သူ့ကိုယ်တွင်းရှိ ဆန်းကြယ်သော ချီစွမ်းအင်များမှာလည်း ပွက်ပွက်ဆူနေပေသည်။ ဤအချိန်မှာဘဲ ဝမ်ဖုန်းသည် ဆေးဝါးပင်များကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ပထမအကြည့်တစ်ချက်ဖြင့်ပင် ဝမ်ဖုန်းသည် မရေမတွက်နိုင်အောင် မြောက်များစွာသော မှော်ဆေးဝါးပင်များကို မြင်တွေ့လိုက်ရသည်။ သူမှော်ဆေးဝါးပင်များ၏ အထက်တွင် မရေမတွက်နိုင်သော မှော်ဝင်သားရဲများ၏ ပုံရိပ်များကို မြင်တွေ့လိုက်ရပြီး ဝမ်ဖုန်းသည် သားရဲများ၏ ဟိန်းဟောက်သံတစ်ချို့ကိုတောင် ကြား လိုက်ရသကဲ့သို့ ထင်မြင်လာရသည်။

ဝမ်ဖုန်း၏ မျက်နာသည် ဖြူဖျော့လာပြီးသူ၏ ခန္ဓာ ကိုယ်က မတည်မငြိမ်ဖြစ်လာသည်။ သူသည် သူ၏ မျက်လုံးများကို အလျှင်အမြန်မှိတ်ချလိုက်ရပြီး စိတ်တည်ငြိမ်လာစေရန် ကြိုးပမ်းလိုက်ရသည်။

အချိန်အတော်လေး ကြာလာသည့်အခါတွင် ဝမ်ဖုန်းသည် နောက်တဖန် မျက်ဝန်းများကို ဖွင့်လိုက်ပြန်သည်။ ဤတစ်ကြိမ်မှာတော့ သူသည် မှော်ဆေး ဝါးပင်များ အားလုံးကို လိုက်လံမကြည့်ရှုရဲတော့ပါပေ။ ထို့နောက်ဝမ်ဖုန်းသည် သူ၏အကြည့်များကို မီးတောင်လျှော် ကျောက်နက်နှင့်တူသော မှော်ဆေးဝါး ပင်တစ်ပင်ဆီကို ပို့လွှတ်လိုက်တော့သည်။

အနှီ မီးတောင်လျှော်ကျောက်နက်နှင့်တူသော မှော်ဆေးဝါ ပင်တွင် ခန္ဓာကိုယ်ကို သန့်စင်နိုင်သော စွမ်းအားကြီးတစ်ရပ် ပါဝင်နေသည်။ ၄င်းသည် ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပေးနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာကို ပိုမိုကြံ့ခိုင်လာစေသည်။

ဝမ်ဖုန်းသည် မီးတောင်လျှော်ကျောက်နက်နှင့်တူ သော မှော်ဆေးပင်ဆီသို့ တဖြည်းဖြည်းချဥ်းကပ် သွားလိုက်သည်။ သူသည် ထိုဆေးပင်ကို ခူးယူဖို့အတွက် ဒူးထော က်ထိုင်ချလိုက်သည်။

မည်သည့်အခက်အခဲကိုမှ တွေ့ကြုံလိုက်ခြင်းမရှိဘဲ ဝမ်ဖုန်းသည် ရွှမ့်ဝူမှော်ဆေးဝါးပင်ကို အလွယ်တကူ ခူးဆွတ်ရယူလိုက်ပါသည်။

ဤသည်က ဂိုဏ်းချုပ်ဝမ်ကို သေချာသွားစေသည်။ သင်သာ ဤအကာအရံအတွင်းသို့ ဝင်ရောက်နိုင်မည်ဆိုပါက ရာထောင်ချီသော မှော်ဆေးပင်များကို သင်အလိုရှိသလို ခူးယူရရှိနိုင်မည်ဖြစ်သည်။

"ဟားဟား.... ဒီမှော်ဆေးဝါးပင်တွေအားလုံးက ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အပိုင်တွေဖြစ်သွားပြီကွ!ဂိုဏ်း ချုပ်ဝမ်က အရမ်းကိုအံ့အားသင့်စရာကောင်းတာပဲ!''

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အကာအရံအလွှာ၏ အပြင်ဘက်တွင် မတ်တပ်ရပ်နေသော မဟာနတ်ဆိုးရွှမ်ရှသည် စိတ်လှုပ်ရှားစွာ ကခုန်လျှက် ပြောဆိုလိုက်သည်။ ထိုမှော်ဆေးဝါးပင်များကို ခူးယူလိုက်သည့်သူမှာ သူဖြစ်နေသည့်အလားပင် မဟာနတ်ဆိုးရွှမ်ရှသည် ပျော်မြူးဝမ်းမြောက်သွားသည် ။

ဝမ်ချုံးယန်နှင့် တုံ့ဖန်းပုပိုင်တို့သည်လည်း မဟာနတ်ဆိုးရွှမ်ရှကဲ့သို့ ပုံကြီးချဲ့ကခုန်လှုပ်ရှားခြင်းမပြုသော် လည်း သူတို့၏ မျက်နှာများထက်၌ အပြုံးများကိုယ် စီ ဖြစ်ပေါ်လျှက်ရှိသည်။ ရာချီသော မှော်ဆေးဝါးပင်များ..၊ ဤသည်များမှာ အဆုံးစွန်တိုင်အောင် ကြွယ်ဝမှုပင်ဖြစ်ပါတော့သည်။ ဤသည်က ရှန်ရှန့်ကျုံဂိုဏ် ၏ ခွန်အားကို ကောင်းကင်ထိ မြင့်တက်သွားစေရန် လုံလောက်နေပေတော့သည်။

ဒါ့အပြင် ဤမှော်ဝင်ဆေးဝါးပင်များသည် နောင်တစ်ချိန်၌ ရှန်ရှန့်ကျုံဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်လာပေလိမ့်မည်။

သို့ပါသော်လည်း ရေခဲမျက်နာပြင်၏ အောက်ခြေ၌ မယှဥ်သာလောက်အောင် ကြီးမားသော သင်္ကေတ အစီအရင်ကြီးတစ်ခု ရှိနေလေလိမ့်မည် ဟုတော့ မည်သူကမှ မျှော်လင့်မထားခဲ့ကြပါ။ ထိုအစီအရင်ကြီးသည် ဤနေရာကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး မြေပြင်တစ်ခုလုံးပေါ်တွင် ဆန်းကြယ်သော မှော်သင်္ကေတများကို ရေးထွင်းထားလေသည်။ ဝမ်ဖုန်းသည် ရွှမ့်ဝူ မှော်ဆေးဝါးပင်အား ခူးဆွတ်ရယူလိုက်သည့်အခါ ရေခဲမျက်နာပြင်အောက်ခြေ၌ ဖုံးကွယ်ထားသော မှော်အစီအရင်ကြီးပေါ်ရှိ ဆန်းပြားသော အက္ခရာ တစ်ချို့သည် ပျောက်ပျက်သွားရသည်။ ယင်းနောက် ထိုဆန်းပြားသော အက္ခရာတချို့ ပျောက်ပျက်သွားသည့်နေရာ၌ အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာလေသည်။

ဤအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏ အခန်းတစ်ခန်းထဲ၌ ရှိနေသော မျက်လုံးမှိတ်ကျင့်ကြံနေသည့် ရုပ်အလောင်းဝိညာဥ်သည် သူ၏ မျက်လုံးများကို ရုတ် တရက်ဖွင့်လိုက်ပြီး ရှေးဟောင်းနတ်ဘုရားများ ကျရှုံးရာ နယ်မြေရှိသည့်အရပ်ဆီသို့ လှမ်းမျှော်ကြည့်ရှုလိုက်သည်။

ဤအချိန်တွင် ရုပ်အလောင်းဝိညာဥ်၏ မျက်လုံးများက အလွန်အမင်း ထူးဆန်းနေပြီး သူ၏မျက်လုံး တစ်ခုလုံးမှာ မီးခိုးရောင်အသွင် ပြောင်းလဲသွားကာ မျက်စိသူငယ်အိမ်များကိုတောင် တွေ့မြင်ရခြင်းမရှိတော့ချေ။

"ရုပ်အလောင်းများအား ခေါ်ဆိုခြင်း.. ၊ သွေးကြောတစ်ခု မကြာခင် ပြန်လည်ပေါ်ပေါက်လာလိမ့်မယ်."

ရုပ်အလောင်းဝိညာဥ်သည် မပီမသ စကားလုံးတစ်ချို့ကို တီးတိုးရေရွတ်လိုက်သည်။ ဤသကားလုံးများကို ရေရွတ်လိုက်ပြီးသည့်နောက်မှာ ရုပ်အလောင်းဝိညာဥ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အပြင်းအထန် တုန်ခါလာသည်။

နောက်တစ်ခဏအကြာမှာ ရုပ်အလောင်းဝိညာဥ်၏ မျက်လုံးများမှာ ပကတိပုံစံအဖြစ် ပြန်လည်ပြောင်း လဲသွားသည်။ သူ၏မျက်ဝန်းများအတွင်း စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ စိတ်သန္တာအတွင်း၌ အသံတစ်သံကို ကြားလို က်ရပါသည်။ ထိုအသံက သူ့အား ရှန်းလင်ရှေး ဟောင်းနယ်မြေကို သွားဖို့ရန် လှုံ့ဆော်နေပေသည်။

(ရှန်းလင်ရှေးဟောင်းနယ်မြေက နတ်ဘုရားများ ကျဆုံးရာနယ်မြေနှင့် အတူတူပါဘဲ)

ရုပ်အလောင်းဝိညာဥ်၏ မျက်လုံးများထဲ၌ နက်ရှိုင်း သောစိတ်ခံစားချက် တစ်ချို့ ပေါ်ပေါက်လာသည်။ သူသည် တဒင်္ဂကြာအောင် တုံ့ဆိုင်းသွားပြီးတဲ့နောက်မှာ အခန်းထဲက ထွက်သွားကာ ကျန်းစန်ဖုန်းရှိ ရာအရပ်ဆီသို့ ဦးတည်လိုက်လေသည်။

''ဂိုဏ်းသားရုပ်အလောင်းဝိညာဥ်က ဂိုဏ်းအစောင့်အရှောက်အကြီး အကဲအား တွေ့ဆုံပါတယ်။''

"ဘာကိစ္စရှိလို့လဲ?"

ကျန်းစန်ဖုန်း၏လေသံက ထပ်ခိုးနန်းဆောင်ထပ်ဆီမှ ထွက်ပေါ်လာသည်။

"ဒီတပည့်က ဂိုဏ်းကနေထွက်ပြီး အပြင်ထွက်လေ့ကျင့်ချင်ပါတယ်"

"ဂိုဏ်းစည်းမျဥ်းတွေအရ အပြင်စည်း တပည်တွေကို အပြင်ထွက်ပြီး လေ့ကျင့်ခွင့်မပေးထားဘူး"ကျန်းစန်ဖုန်း၏အသံက နောက်တစ်ကြိမ် ပျံ့လွင့်ထွက်ပေါ် လာသည်။

"ဒီတပည့်ရဲ့ကျင့်ကြံဆင့်က အပြောင်းအလဲသို့ ဝင်ရောက်ခြင်းအဆင့်ကို ရောက်ရှိပြီးပါပြီ ၊ ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်ပေမယ့်လည်း အရာမထင်ခဲ့ ပါဘူး ၊ ဒါ့အပြင် အပြင်ထွက်လေ့ကျင့်ရင် အခွင့်အရေးကြီးတစ်ခုက ဒီတပည့်ကို စောင့်ကြိုနေတယ် လို့ ခံစားရပါတယ် ၊ ကျေးဇူးပြုပြီး ဂိုဏ်းအစောင့် အရှောက်အကြီးအကဲက ခွင့်ပြုပါရန် တောင်းပန်ပါတယ်!"

ရုပ်အလောင်းဝိညာဥ်သည် ကိုးဆယ် ဒီကရီ တိတိတိုင်အောင် ဦးညွတ်ဂါရဝပြုလိုက်ပြီး အလွန်တရာလေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါဆိုလည်း....သွားပါ ၊ မင်းပြန်လာတဲ့ အခါကျရင် ဂိုဏ်းချုပ်ဆီ ကိုယ်တိုင်သွားပြီး အပြစ်ဒဏ်ကို ခံယူရမယ်" ကျန်းစန်ဖုန်းက ပြောလိုက်သည်။

"အစောင့်အရှောက်အကြီးအကဲကို ကျေးဇူးအများကြီး တင်ပါတယ်၊ ဒီတပည့်ပြန်ရောက်လာတဲ့ အခါ ဂိုဏ်းချုပ်က ဘယ်လိုအပြစ်ဒဏ်မျိုးကိုပဲ ပေးပါစေ ဒီတပည့်က ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်" ရုပ်အလောင်းဝိညာဥ်သည် နောက်တစ်ကြိမ် လေးလေး နက်နက် ဂါရဝပြုလိုက်ပြီး ကျယ်လောင်သော လေသံဖြင့် ပြောဆိုလိုက်သည်။

ယင်းနောက် ရုပ်အလောင်းဝိညာဥ်သည် လှည့်၍ ထွက်သွားတော့သည်။

ထပ်ခိုးနန်းဆောင်ထဲတွင် ကျန်းစန်ဖုန်း၏ မျက်လုံးများက အတားအဆီးများကို ဖြတ်ကျော်၍ ရုပ်အလောင်းဝိညာဥ်၏ နောက်ကျောဆီသို့ ကျဆင်းသွားသည်။ သူသည် မျက်မှောင် ခပ်ဖွဖွကြုတ်လိုက် ပါသည်။ အကြောင်းအရင်း တစ်ချို့ကြောင့် ရုပ်အလောင်းဝိညာဥ်၏ ခန္ဓာကိုယ်ပေါ်၌ မသက်မသာဖြစ်စေသော အရှိန်အဝါတစ်ချို့ကို သူတွေ့မြင်လိုက်ရသည် ။ သို့သော်လည်း သူ ထပ်မံစုံစမ်းကြည့်ရှု လိုက်သည့်အခါ ရုပ်အလောင်းဝိညာဥ်ထံ၌ မူမမှန်သည့်အရာ ဘာမှ ရှိမနေခဲ့ပါပေ။

အကာအရံအလွှာငယ်လေး အတွင်းတွင် ဝမ်ဖုန်းသည် နောက်ထပ်မှော်ဆေးဝါးပင်တစ်ပင်ကို ခူးယူ ရန် လက်လှမ်းလိုက်သည်။ သို့ပါသော်လည်းသူသည် ပြောမပြနိုင်သော အကြောင်းအရာတစ်ချို့ကြောင့် စိတ်ထဲ ထိတ်လန့်သွားမှု တချို့ကို ခံစားလိုက်ရလေသည်။ သူသာ နောက်ထပ်မှော်ဆေးဝါးပင် တစ်ပင်ကို ခူးယူလိုက်ပါက ကြောက်စရာကောင်းသော အရာတစ်ခု ထွက်ပေါ်လာတော့မည်ကဲ့သို့ ရုတ်ချည်းခံစားလိုက်ရလေသည်။

ဤခံစားချက်က ဝမ်ဖုန်းအား မျက်မှောင်ကြုတ်သွား စေပြီး သူ၏လက်များကိုလည်း ရပ်တန့်သွားစေခဲ့ သည်။ သူသည် အဝေးတစ်နေရာတွင် ရှိနေသော သလင်းကျောက်ခေါင်းတလားရှိရာကို လှည့်ကြည့် လိုက်မိသည်။

အကာအရံအလွှာငယ်လေး အတွင်းသို့ ဝင်ရောက် လာပြီးနောက်တွင် ဝမ်ဖုန်းသည် သလင်းကျောက်ခေါင်းတလားရှိရာကို မကြည့်မိစေရန် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းချုပ်ထားလေသည်။ ပြောရပါလျှင် အနှီသလင်းကျောက် ခေါင်းတလားသည် အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်ပြီး ပြောမပြနိုင် အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုသလင်းကျောက် ခေါင်းတလားအား ခစားဝန်းရံ ရန်အတွက် ရာထောင်ချီသော မှော်ဆေးဝါးပင်များကို တောင် တစ်စုံတစ်ယောက်က စိုက်ပျိုးခဲ့လေသည်။ အဲ့ဒီထဲမှာ ဘာများရှိနေတာလဲ?။ ထိုအရာ၏ မူလဇာမြစ်က တကယ့်ကို အံ့အားသင့်ဖွယ် ကောင်းလှပေသည်။

သလင်းကျောက် ခေါင်းတလားကြီးကို ရှေးဟောင်းအချိန်ကာလများစွာက သင်္ကေတများဖြင့် ဖုံးလွမ်းထားသည်။ ထိုသင်္ကေတ များတွင် မယှဥ်ပြိုင်နိုင်လောက်သော စွမ်းရည်နိယာမတစ်ချို့ ပါဝင်နေပုံပင်။ ဝမ်ဖုန်းသည် ဤသို့ဤဖုံ ခံစားလိုက်ရသော် လည်း အဆိုပါ နိယာမများမှာ မည်သည့် အရာဖြစ်နေကြောင်းကိုတော့ တိတိပပသိရှိခြင်း မရှိပေ။

ဤတစ်ကြိမ်တွင် ဝမ်ဖုန်းသည် ထိုသလင်းကျောက် ခေါင်းတလားအား သာမာန်ကာလျှံမျှ ကြည့်ရှုခြင်း မပြုတော့ဘဲ နတ်ဘုရားကဲ့သို့ သိမြင်ခြင်း ချီကျင့်စဥ်ကို အသုံးပြုလျှက် ကြည့်ရှုလိုက်သည်။ ဆန်းပြားသော ရွှေရောင် အလင်းဖျော့ဖျော့က သူ၏ မျက်လုံး သူငယ်အိမ်များအတွင်း ဖြစ်တည်လာလေသည်။ ယင်းနောက် အလုံးစုံကို သိမြင်နိုင်သော ကောင်းကင် ဘုံ၏ ဆန်းကြယ်သော စွမ်းအင်များသည် ဝမ်ဖုန်း၏ မျက်စိသူငယ်အိမ်အတွင်း၌ ဖြစ်တည်လာလေသည်။

နောက်တစ်ခဏတွင် ဝမ်ဖုန်းသည် အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏ ကျောပြင်တစ်လျှောက်သည်လည်း အေးစက်လာကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တောင့်တင်းသွားလေသည်။

သူသည် ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။

ရှေးဟောင်းခေါင်းတလားအတွင်း၌ ကမ္ဘာကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည်အထိ အလွန်အမင်း လှပသော မိန်းမပျိုလေးတစ်ယောက် လှဲလျောင်းနေသည်။

သူမသည် ရှည်လျားသော မိုးပြာရောင် ဂါဝန်ရှည်ကို ဝတ်တင်ထားပြီး အပြာရောင် သလင်းကျောက် ဖိနပ်များကို သူမ၏ခြေထောက်၌ ဝတ်ဆင်ထားသည်။ သူမအား ကြည့်ရသည်မှာ မိုးပြာရောင် နတ်သူငယ်မ လေးအလားပင်။ သူမ၏ မျက်နှာဟာ မယှဥ်သာနိုင် လောက်အောင် ချောမောလှပေသည်။ သူမအား တွေ့မြင်လိုက်သူ မှန်သမျှမှာ အံ့အားသင့် ထိတ်လန့်သွား ကြမှာ အမှန်ဘဲဖြစ်သည်။ ဤအမျိုးသမီး၏ အလှကြောင့် ထာဝရရှင်သန်သူများပင် သက်ပြင်းသက်မ ချရပေလိမ့်မည်။

သူမသည် မျက်ဝန်းများကို တင်းတင်းကြပ်ကြပ် မှိတ်ထားပြီး သူမ၏ လက်နှစ်ဖက်ကို ဝမ်းဗိုက် ပေါ်တွင် တင်ထားကာ အေးဆေးသက်သာစွာ လှဲလျောင်းအနားယူနေသည်။ သူမထံတွင် အသက်ရှု နေခြင်းအရိပ်အယောင်မျိုးကို တွေ့မြင်ရခြင်းမရှိဘဲ မျက်ရည်စက်ကဲ့သို့ အပြာရောင် ရေစက်ကလေး တစ်စက်က သူမ၏ မျက်ခုံးနှစ်ဖက်ကြား၌ ရှိနေလေသည်။

ဝမ်ဖုန်း၏ ဦးခေါင်းတစ်ခုလုံးကို ထုံကျဥ်ထိတ်လန့် သွားစေသည့် အချက်အလက်ကတော့ ဒီအမျိုးသမီးကို သူယခင်က တွေ့မြင်ဖူးလေသည်။

ဒီအမျိုးသမီးမှာ သူနှင့် အနီးကပ်ဆုံး တည်ရှိခဲ့သူ ဖြစ်ပါသည်။

သူမသည်ကား ယဲ့မုချင် ပင်ဖြစ်တော့သည်!

All Chapters