ဂိုဏ်းချုပ်ဝမ်အား ငါဧကရာဇ်ကဲ့သို့ ရှု့မြင်စေ။
Vol. 11 Ch. 149
ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်ကာ လေဧကရာဇ်ဆီမှ ရွှမ်ဝူမှော်ဝင်ဆေးဝါးကို ပြန်လည်ယူလိုက်ပြီး အိပ်ရာထက်ဆီသို့ လက်ညှိုး ညွှန်ပြလိုက်ကာ လေဧကရာဇ်အား လဲလျောင်းရန် အချက်ပြလိုက်သည်။
တချိန်တည်းမှာပဲ တုံ့ဖန်းပုပိုင်၊ ဝမ်ချုံးရန် နှင့် လေဧကရီတို့သည်လည်း လူစုခွဲလိုက်ကြကာ မဟာလေခန်းမကြီးတစ်ခုလုံးအား ချိတ်ပိတ်လိုက်ကြသည်။
လေဧကရာဇ်နှင့် လေဧကရီတို့သည် လေအင်ပါယာ၏အကြီးအကဲများကိုတောင် သူတို့အားစောင့်ကြပ်စေရန်မခိုင်းစေရဲပါပေ။ ဤကဲ့သို့သော သေရေရှင်ရေးကာလတွင် ရွှမ်ဝူမှော်ဆေးဝါးသည်လည်း ဒီနေရာတွင်လည်းရှိနေလိမ့်မည်ဖြစ်ကာ သူတို့သည်သူတို့၏ကိုယ်ပိုင်လူများကိုတောင် ယုံကြည်ရဲခြင်းမရှိတော့ပါပေ။
တခြားဘက်တစ်ဖက်မှာတော့ ဝမ်ဖုန်းနှင့်သူ့လူများက ယုံကြည်ရပေသည်။ ဘာပဲဖြစ်ဖြစ်မှော်ဝင်ဆေးဝါးသည် မူလကဝမ်ဖုန်း၏ ပိုင်ဆိုင်မှုပင်မဟုတ်ပါလော။
"စနစ်၊ လေဧကရာဇ်ရဲ့ရုပ်ပိုင်းဆိုင်ရာပျက်စီးယို့ယွင်းခြင်းကို ငါဘယ်လိုကုသပေးရမလဲ။"
ဝမ်ဖုန်းသည် လေဧကရာဇ် ကုတင်ထက်၌လှဲလျောင်း လိုက်သည်နှင့် တပြိုင်နက် စနစ်အား တီးတိုးမေးလိုက်သည်။
"ဒင်၊ ပိုင်ရှင်အနေနဲ့ မှော်ဝင်ဆေးဝါးရဲ့ စွမ်းအင်တွေကို လေဧကရာဇ်နဲ့ခန္ဓာကိုယ်အတွင်း ထည့်ပေးဖို့ပဲလိုအပ်ပါတယ်။ မှော်ဝင်ဆေးဝါးရဲ့စွမ်းအားတွေကို လေဧကရာဇ်ဆီသို့ တပြိုက်နက်ထုတ်လွှတ်မပေးဖို့ သတိပေးပါရစေ။ ဒီလိုမှမဟုတ်ရင် လေဧကရာဇ်ရဲ့ကျင့်ကြံဆင့်က ဆန်းကြယ်အဓိပတိအဆင့်ရဲ့အထွတ်အထိပ်မှာရှိနေရင်တောင် ပေါက်ကွဲပြီးသေဆုံးသွားမှာပါ။"
စနစ်ရဲ့ သတိပေးချက်ကိုကြားရတဲ့အခါ ဝမ်ဖုန်းကဖြေးညင်းစွာခေါင်းငြိမ့်လိုက်သည်။ မှော်ဝင်ဆေးဝါးတစ်ခု၏စွမ်းအားများကို ဆန်းကြယ်အဓိပတိအဆင့်များကတောင် အံ့တုရင်ဆိုင်နိုင်မည်မဟုတ်ပါပေ။ ဆန်းကြယ်သူတော်စင်များကသာလျှင် ကြံ့ကြံံ့ခံရင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
ကယ်တင်ရမည့်နည်းလမ်းကို သိရှိပြီးသောအခါ ဝမ်ဖုန်းသည်ရွှမ်ဝူမှော်ဆေးဝါးအား အဆုံးရှုံးခံရန်လုံးဝတွန့်ဆုတ်မနေခဲ့ပေ။ သူသည် ရွှမ်ဝူမှော်ဆေးဝါးအား လက်နှစ်ဖက်ဖြင့်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။
ဝမ်ဖုန်းသည် သူ၏ကိုယ်တွင်းရှိ ချီစွမ်းအင်များကို လှည့်ပတ်လိုက်သည့်အခါ ထူးခြားဆန်းပြားသောစွမ်းအားကြီးတစ်ရပ်က ပေါက်ကွဲထွက်လာပေသည်။ ဝမ်ဖုန်း၏လက်နှစ်ဖက်အတွင်းရှိလေထုသည်လည်း ပကတိမျက်စိဖြင့်မြင်နိုင်သည်အထိ တုန်ခါလာလေသည်။
ဝမ်ဖုန်း၏လမ်းညွှန်မှုအောက်တွင် ရွမ်ဝူမှော်ဆေးဝါးမှစွမ်းအင်လမ်းကြောင်းတစ်ခုက ရုတ်တရက်ထုတ်လွှတ်လိုက်ပြီး ၎င်းစွမ်းအင်လမ်းကြောင်းက လေဧကရာဇ်ရှိရာဆီသို့ ဦးတည်သက်ဆင်းသွားလေသည်။
လေဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ယင်းနောက်တွင် အနက်ရောင်မြူခိုးများသည် လေဧကရာဇ်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာလေသည်။ ဤသည်မှာ လေဧကရာဇ်၏ခန္ဓာကိုယ်အား အားပြတ်ယုတ်လျော့စေသော သေခြင်း၏အငွေ့အသက်များပင်ဖြစ်ပါသည်။
ဖြစ်စဥ်တစ်ခုလုံးမှာ ခက်ခဲမှုတစ်စုံတစ်ရာမပါဝင်ဘဲ ရိုးရှင်းလွယ်ကူလှပေသည်။
တစ်နာရီလောက်ကြာသည့်အခါ လေဧကရာဇ်၏ခန္ဓာ
ကိုယ်အတွင်းရှိ သေဆုံးခြင်းစွမ်းအင်များအားလုံးကို စစ်ထုတ်စွန့်ပစ်ပြီးဖြစ်သည်။ လေဧကရာဇ်သည် နဂိုသူ၏
မြင့်မြတ်ကျော့ရှင်းသော ပုံပန်းသွင်ပြင်ကိုပြန်လည်ရရှိသွားပါသည်။ သူ၏သေလုမြောပါးလူအိုကြီးတစ်ယောက်၏ အသွင်အပြင်မှ ချောမောခန့်ညားသောသက်လတ်ပိုင်းလူကြီးတစ်ယောက်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပေသည်။ ဤအချိန်တွင် ရွှမ်ဝူမှော်ဆေးဝါး၏ စွမ်းအင်တစ်ဝက်တိတိကိုသာ အသုံးပြုရသေးသည်။ ဝမ်ဖုန်းသည်ရပ်တန့်သွားခြင်းအလျင်းမရှိဘဲ ရွှမ်ဝူမှော်ဆေးဝါးမှမှော်စွမ်းအင်များကို ဧကရာဇ်၏ခန္ဓာကိုယ်အတွင်းသို့ ဆက်လက်လွှဲပြောင်းပေးလိုက်သည်။
ဤသည်ကိုခံစားရရှိသောအခါ ပြန်လည်ကောင်းမွန်လာသောကြောင့် ပျော်ရွှင်နေသောဧကရာဇ်သည် လျစ်လျူရှု့မနေရဲတော့ပေ။ သူသည် သူ၏ချီစွမ်းအင်များကို အလျင်အမြန် လှည့်ပတ်လှုပ်ရှားလိုက်သည်။ မှော်ဝင်ဆေးဝါး၏အကူအညီဖြင့် ကောင်းကင်ဘုံချို့ယွင်းချက်ကြီး ငါးချက်အား ရင်ဆိုင်တွန်းလှန်လိုက်သည်။
ယခုအချိန်တွင် လေဧကရာဇ်သည် ဝမ်ဖုန်း၏ကယ်တင်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။ သူ၏လက်ရှိအခြေအနေမှာ ကောင်းကင်ဘုံချို့ယွင်းခြင်းငါးချက်အနက် ဒုတိယမြောက်ချီချို့ယွင်းခြင်းရဲ့ အထွတ်အထိပ်တွင်ရှိနေသည်။ သူသာ ဆက်လက်၍ ဆေးလုံး၏စွမ်းအင်များကို စုပ်ယူပြီးအဆင့်တက်လိုက်ပါက တတိယမြောက်ကောင်းကင်ဘုံချို့ယွင်းခြင်းနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဝမ်ဖုန်းယူဆောင်လာပေးသော ရွှမ်ဝူမှော်ဆေးဝါး၏ စွမ်းအင်များကြောင့်သာမဟုတ်ပါက လေဧကရာဇ်သည် တတိယမြောက်ချို့ယွင်းချက်ဖြစ်သော ဝိညာဥ်ချို့ယွင်းချက်အား ရင်ဆိုင်ယှဥ်ပြိုင်ရဲမည်မဟုတ်ပါပေ။ ဒုတိယမြောက်ကောင်းကင်ဘုံချို့ယွင်းချက်ကပင် သူ၏အသက်အားနှုတ်ယူလုနီးပါးဖြစ်ခဲ့ပေသည်။
သို့သော်လည်း မှော်ဝင်ဆေးဝါး၏ အကူအညီကြောင့် တတိယမြောက်ကောင်းကင်ဘုံချို့ယွင်းချက်မှာလည်း ရိုးရှင်းလျင်မြန်စွာဖြင့် ဖြတ်ကျော်ပြီးသွားသည်။ လေဧကရာဇ်၏ ဝိညာဥ်အတွင်းသို့ထိုးဖောက်ဝင်ရောက်ရန် ဟန်ပြင်နေသော မကောင်းသောစွမ်းအင်များသည် ရွှမ်ဝူမှော်ဆေးဝါး၏ ပိတ်ပင်တားဆီးခြင်းကို ခံလိုက်ရပြီး အလျင်အမြန်ပဲ ပြန်လည်ပျောက်ကွယ်သွားသည်။
အချိန်တိုအတွင်းမှာပဲ လေဧကရာဇ်သည် ကောင်းကင်ဘုံချို့ယွင်းချက်၏ တတိယမြောက်ချို့ယွင်းချက်အား ဖြတ်ကျော်သွားပြီး စတုတ္ထမြောက်ချို့ယွင်းချက်အခြေအနေသို့ တက်လှမ်းသွားသည်။ ဖြစ်စဥ်တစ်ခုလုံးမှာ အလွန်အမင်းလွယ်ကူရိုးရှင်းလှပါသည်။ ရိုးရှင်းလွန်းသောကြောင့် လေဧကရာဇ်သည်ပင် အိမ်မက်ယောင်နေသလားဟု ထင်မှတ်မှားလိုက်မိတော့သည်။
တစ်နာရီတိတိကြာမြင့်သည့်အခါမှာ ရွှမ်ဝူမှော်ဆေးဝါးသည် လုံးဝနွမ်းလျနေပြီဖြစ်သည်။ လေဧကရာဇ်သည်လည်း ကောင်းကင်ဘုံချို့ယွင်းချက်ကြီး ငါးချက်စလုံးကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်သည်။ လေဧကရာဇ်သာ ချီစွမ်းအင်များကို ဆက်လက်စုဆောင်းပြီး ကျင့်ကြံလိုက်မည်ဆိုပါက သူသည် ဆန်းကြယ်သူတော်စင်အဆင့်သို့ တိုက်ရိုက်ချိုးဖြတ်တက်ရောက်သွားမှာပဲဖြစ်သည်။
ဝမ်ဖုန်းသည် စွမ်းအင်ပို့လွှတ်ခြင်းကို ရပ်တန့်လိုက်သည့်တိုင်အောင် လေဧကရာဇ်သည် တွေဝေမိန်းမောနေဆဲဖြစ်သည်။ သူသည် နှလုံးသားအတွင်းမှာ ပြင်းပြင်းပြပြဟစ်အော်လိုက်မိသည်။
"သေစမ်းကွာ၊ ဒီနှစ်တွေအတောအတွင်းမှာ ဒီဧကရာဇ်က ခွေးလိုကျင့်ကြံနေမိတာများလား။''
"ဂိုဏ်းချုပ်ဝမ်ရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ငါကိုယ်တော် အပိုစကားတွေပြောမှာမဟုတ်ပါဘူး။ အခုချိန်ကစပြီး ဂိုဏ်းချုပ်ဝမ် အကူအညီလိုအပ်တိုင်းမှာ ဒီအင်ပါယာက တက်နိုင်တဲ့အရာရင် ချက်ချင်းထိထိရောက်ရောက်အကူအညီပေးပါ့မယ်။"
လေဧကရာဇ်သည် အိပ်ယာပေါ်မှထလိုက်ပြီး ဝမ်ဖုန်းအားဂါရဝပြုကာ အလွန်အမင်းလေးနက်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။
"အရှင်မင်းကြီးက ယဥ်ကျေးလွန်းနေပါပြီ။"
ဝမ်ဖုန်းသည် ခေါင်းငြိမ့်ကာ နူးညံ့သောလေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
"ဒင်၊ လေဧကရာဇ်အား ကယ်တင်ခြင်းတာဝန်ကို ပြီးဆုံးသွားသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ အဆင့်မြင့်ဆင့်ခေါ်ခွင့် တစ်ကြိမ် နှင့် ဂိုဏ်းအမှတ် ငါးသောင်းကို ဆုချလိုက်ပါတယ်။"
ထိုအချိန်မှာပဲ ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ စနစ်၏ အသံက ပဲ့တင်ထပ်သွားလေသည်။ ဝမ်ဖုန်းသည် ထိုအသံအား လျစ်လျူရှု့လိုက်သည်။ ဤအချိန်မှာ တာဝန်ဆုလာဒ်များအကြောင်း တွေးတောရမည့်အချိန် မဟုတ်သေးပါပေ။
"ရွှမ်ယိ"
လေဧကရာဇ်သည် သူ့အားချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်နေသော ဧကရီကိုတောင် ဂရုမစိုက်အားသေးပဲ ကျယ်လောင်သောလေသံဖြင့်ပြောဆိုလိုက်သည်။
"အရှင်မင်းကြီး၊ အရှင်မင်းကြီး သင်..."
ခန်းမကြီးထဲဝင်ရောက်လာသော ရွှမ်ယိသည် ဧကရာဇ်၏ လက်ရှိအခြေအနေကို တွေ့မြင်လိုက်ရသည့်အခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားပြီး သူသည် မည်သည့်စကားကိုမှရှင်းရှင်းလင်းလင်းမပြောနိုင်ခဲ့တော့ပါ။
" သွား၊ မြင့်မြတ်သောလေအင်ပါယာကြီးအတွင်းက ထိပ်တန်းဂိုဏ်းတွေကို လေမြို့တော်မှာစုရုံးခိုင်းလိုက်။ သူတို့ ဒီအမိန့်ကိုမနာခံဘူးဆိုရင် အင်ပါယာရဲ့စစ်အင်အားကို သုံးပြီး ဂိုဏ်းတွေအားလုံးကို အမြစ်ပြတ်ဖျက်စီးပစ်မယ်လို့ပြောလိုက်။ ဒါ့အပြင် ငါ လေဧကရာဇ်ရဲ့ နာမတော်အားဖြင့် လေအင်ပါယာကြီး တစ်ခုလုံးအား လူငယ်မျိုးဆက်တွေကို လေမြို့တော်မှာ လာရောက်စုရုံးဖို့အမိန့်ပေးတယ်။"
"ဒါ့အပြင် ကမ္ဘာကြီးတစ်ခုလုံးကို သိပါစေ။ ဒီအချိန်ကစပြီး ငါတို့လေအင်ပါယာက ရှန်ရှန့်ကျုံဂိုဏ်းနဲ့ သေအတူရှင်မကွဲ မဟာမိတ်တွေဖြစ်သွားပြီ။ လေအင်ပါယာအတွင်းရဲ့ လူတိုင်းလူတိုင်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဝမ်ကို ငါဧကရာဇ်ကိုရိုသေလေးစားသလိုပဲ လေးစားစေရမယ်။"
"လေမြို့တော်မှာ ကျင်းပမယ့် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံကို မင်းပဲ စီစဥ်လိုက်ပါ။ အရာအားလုံးကို အကောင်းဆုံးပြုပြင်စီရင်ပါလေ။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ညီအစ်ကိုတွေကိုလည်း လေအင်ပါယာရဲ့ ဧည့်ဝတ်ကျေပွန်မှုအကြောင်း ကောင်းကောင်းသိသွားအောင် ဧည့်ခံလိုက်ကြပါ။"
လေဧကရာဇ်ဆီမှ တသီတတန်းကြီးထွက်ပေါ်လာသော စကားများက စိတ်လှုပ်ရှားနေသော ရွှမ်ယိအား အနည်းငယ်ကြောင်အသွားစေသည်။ သို့သော်လည်း သူသည် ပြန်လည်ဦးညွှတ်လိုက်ပြီး လေးလေးစားစားပြန်လည်ပြောဆိုလိုက်ပါသည်။
"ရွှမ်ယိ အမိန့်ကိုလက်ခံရရှိပါတယ်။"
စကားဆုံးသွားသည့်အခါမှာ ရွှမ်ယိသည် ဝမ်ဖုန်းအားလေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး စီစဥ်စရာရှိတာတွေကို စီစဥ်ရန် မဟာလေခန်းမကြီးမှ ချက်ချင်းပဲထွက်ခွာသွားပါတော့သည်။
အရှင်မင်းကြီး၏ အမိန့်များကိုသာ စီစဥ်လိုက်ပါက လေအင်ပါယာတစ်ခုလုံး မုန်တိုင်းထန်သွားမည့်အဖြစ်ကို ရွှမ်ယိသည် တွေးဆမိလေသည်။ သို့သော်လည်းဘာလုပ်ရမည်နည်း။ အရှင်မင်းကြီး၏ အမိန့်များကို မလွှဲဧကန် နာခံရမည်သာဖြစ်သည်။
လေဧကရာဇ်၏ အပြုအမူများက ဝမ်ဖုန်းအားစိတ်ကျေနပ်စွာ ခေါင်းတဆက်ဆက်ငြိမ့်လိုက်မိစေသည်။ ရွှမ်ဝူမှော်ဆေးဝါးအား ဆုံးရှုံးလိုက်ရသောကြောင့် မျက်နှာကြီးသုန်မှုန်နေသော မဟာနတ်ဆိုးကြီး ရွှမ်ရှသည်ပင် အနည်းငယ်ပြုံးယောင်လာပေသည်။
"ဂိုဏ်းချုပ်ဝမ် တော်ဝင်မိသားစုမှာ မင်းသားမင်းသမီးတွေအများကြီးရှိပါတယ်။ ဂိုဏ်းချုပ်ဝမ်သာ စိတ်မကွက်ဘူးဆိုရင် ဒီဧကရာဇ်က သူတို့ကို ရှန်ရှန်ကျုံဂိုဏ်းထဲဝင်ခိုင်းလိုက်ပါ့မယ်။ ဂိုဏ်းချုပ်ဝမ်ဘယ်လိုသဘောရသလဲ"
လေဧကရာဇ်သည် ဝမ်ဖုန်းအားကြည့်ကာ ပြုံးလျက်မေးလိုက်သည်။
"ရှန်ရှန့်ကျုံဂိုဏ်းထဲဝင်ရောက်ဖို့ဆိုရင် စစ်ဆေးမှုတွေကိုတော့ကျော်ဖြတ်ရမယ်။"
ဝမ်ဖုန်းသည် လေဧကရာဇ်အား စိုက်ကြည့်ကာ ပေါ့ပါးသောလေသံဖြင့်ပြောဆိုလိုက်သည်။
"ဒါက သဘာဝပါပဲလေ။"
လေဧကရာဇ်သည်လည်း ခေါင်းငြိမ့်ကာ နားလည်သဘောပေါက်ကြောင်း ဖော်ပြလိုက်ပါသည်။
"ဂိုဏ်းချုပ်ဝမ်၊ ဒါဖြင့်ရင် ငါကိုယ်တော်က ဂိုဏ်းချုပ်ဝမ်ကို လေအင်ပါယာရဲ့ ဘဏ္ဍာတိုက်ဆီခေါ်ဆောင်သွားပါ့မယ်။ ဂိုဏ်းချုပ်ဝမ် အလိုရှိတဲ့အရာသုံးခုကို ယူပြီးပြီဆိုရင် ငါကိုယ်တော်က ချန်းလန်ဓားဂိုဏ်းကိုသွားပြီး အမှန်တရားကို ရှာဖွေရလိမ့်မယ်။ ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကိုတော့ အကြီးအကဲရွှမ်ယိက ကိုင်တွယ်ပြုလုပ်ပါလိမ့်မယ်။''
လေဧကရာဇ်၏ စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်သည်။ သူသည် တုံ့ဖန်းပုပိုင်အား လှည့်ကြည့်ကာ ညွှန်ကြားပြောဆိုလိုက်သည်။
"တုံ့ဖန်း၊ မင်း ရှန်ရှန့်ကျုံဂိုဏ်းကို ပြန်သွားပြီး တင်းဖန်ကို ဒီကိုလာခိုင်းလိုက်ပါ။ ပြီးတော့ ချီမိန်၊ကူချန်းနဲ့ယောင်ယွဲ့တို့သုံးယောက်ကိုလည်း အတူတူလာခိုင်းလိုက်ပါ။"
တုံ့ဖန်းပုပိုင်သည် ခေါင်းငြိမ့်လိုက်သည်။ သူမ၏ပုံရိပ်ကချက်ချင်းဆိုသလိုပဲ ရုတ်ချည်းပျောက်ကွယ်သွားပါသည်။
ယင်းနောက် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား စိုက်ကြည့်လိုက်ပြီး ဆက်လက်ညွှန်ကြားလိုက်သည်။
"ရွှမ်ရှ၊ မင်းကတော့ မြင့်မြတ်တဲ့လေမြို့တော်မှာပဲနေရစ်ခဲ့ပြီး ဂိုဏ်းသားစုဆောင်းခြင်းကို ဦးစီးလုပ်ဆောင်ရမယ်။ ပထမအကြိမ် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံကလိုပဲ စံချိန်စံညွှန်းတွေနဲ့ပဲ လုပ်ဆောင်လိုက်ပါ။ ဂိုဏ်းအကြီးအကဲသုံးယောက်က မင်းကိုကူညီကြလိမ့်မယ်။"
"ကောင်းပါပြီ ဂိုဏ်းချုပ်။"
မဟာနတ်ဆိုးရွှမ်ရှသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်ပါသည်။
ဒီဂိုဏ်းသားစုဆောင်းခြင်းညီလာခံကို ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဘဏ္ဍာစိုးတစ်ယောက်အနေနဲ့ ဒီနတ်ဆိုးအိုကြီးက အကောင်းဆုံးကြိုးစားပြီး လုပ်ပါ့မယ်။