ဓားတစ်ချောင်း နှင့် ဓားတစ်လက်။
Vol. 11 Ch. 153
" ဘုန်း ! "
ဝမ်ဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းကြီးသည် ချန်းလန်ဓားဂိုဏ်းမှ အကြီးအကဲကြီး ၂ယောက်၏ ဓား၂ချောင်းနှင့် ပွတ်တိုက်မိသွားသည် ။ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ မယှဉ်သာလောက်အောင် စွမ်းအားကြီးမားသော စွမ်းအင်လှိုင်းကြီးသည် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားသည် ။
ချန်းလန်ဓားဂိုဏ်း၏ အဆောက်အအုံကြီးမှာ ရုတ်တရက်ပင် အဆက်မပြတ် တုန်ခါလာပါတော့သည်။ ကာကွယ်ရေးအစီအရင်ကြောင့်သာမဟုတ်ပါက ဤစွမ်းအားကြီး၏လက်ချက်အောက်တွင် ချန်းလန်ဓားဂိုဏ်း၏ အဆောက်အဦးကြီးတစ်ခုလုံးသည် အလဲလဲ အကွဲကွဲ ပြိုကျပျက်စီးသွားမှာဖြစ်သည်။
ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲ၂ယောက်သည် လှောင်ပြုံးပြုံးနေကြသည်။ ဝမ်ဖုန်းသည် သူတို့ ၂ယောက်အား တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ချင်နေသည် ။ ဤသည်မှာ လုပ်ဆောင်နိုင်စွမ်းထက်ကျော်၍ လုပ်နေခြင်းပင်ဖြစ်သည်။ သို့သော်လည်း ဝမ်ဖုန်း၏ ပတ်ပတ်လည်၌ရှိနေသော ဓားစွမ်းအင်များမှာ မုန်တိုင်းသဖွယ်ဖြစ်နေလိမ့်မည်ဟု သူတို့မထင်ထားမိခဲ့ကြချေ။ ဓားချီမုန်တိုင်းသည် သူတို့အား တိုက်ခတ်သွားလေသည် ။
ထိုဓားချီမုန်တိုင်းသည် အတုအယောင်ဟု ထင်ရပုံပေါ်သော်လည်း ချွန်ထက်သောဓားချီတစ်မျှင်တိုင်းဆီက ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်ကြီးများကို ထိတ်လန့်သွားစေရန် လုံလောက်ပါသည် ။ ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲ၂ယောက်သည် တုန်လှုပ်သွားကြသည် ။
ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲ၂ယောက်မှာ ဆက်လက်ရယ်မောနိုင်ခြင်း မရှိတော့ပေ။ ချွန်မြထက်ရှသော ဓားချီစွမ်းအင်များက သူတို့၏အရေပြားကို အနည်းငယ်ပေါက်ပြဲလာစေခဲ့သည်။ သူတို့ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာ အရူးအမူးလှည့်ပတ်လာပြီး သူတို့လက်ထဲရှိ လင်းလက်သော ဓားနှစ်ချောင်းကလည်း စူးစူးရှရှအလင်းများ ထုတ်လွှတ်လာလေသည် ။
သူတို့သည် အနှီဓားအလင်းတန်းများအား ထိန်းချုပ်လျက် သူတို့လက်ထဲ၌ ကိုင်ဆောင်ထားသော ဓားများအားဝှေ့ယမ်းလိုက်ပြီး အရပ်မျက်နှာအသီးသီးစီမှ သူတို့ဆီဝင်ရောက်လာသော ဓားချီမုန်တိုင်းများအား ခုခံနေရသည် ။ သူတို့ခန္ဓာကိုယ်အတွင်းရှိ အရေပြားများမှာ ဓားချီတိုက်ခိုက်မှုများကြောင့် အဆက်မပြတ် စုတ်ပြဲလာလေသည် ။
ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲ၂ယောက်သည် ဓားချီမုန်တိုင်းနှင့် ရင်ဆိုင်တိုက်ခိုက်နေရစဉ်တွင် ဝမ်ဖုန်းသည်လည်း ရပ်တန့်မနေပါပေ။ သူသည် လေပေါ်ကိုပျံတက်သွားလိုက်ပြီး ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲ၂ယောက်အား အေးစက်သောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည် ။ ဝမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှုရှိုက်လိုက်ပြီး ယဲ့ကူချန်၏ပျံသန်းနေသော အမတအရှင်သိုင်းကွက်အား စိတ်သန္တာန်ထဲတွင် မြင်ယောင်လာစေလိုက်သည်။
ဤအချိန်တွင် ဝမ်ဖုန်းနှင့် သူ့လက်ထဲရှိဓားသွားမှာ တစ်သားတည်းပေါင်းစပ်သွားသည့်အလားပင် ။သူ့ခန္ဓာကိုယ်အတွင်းရှိ ဆန်းကြယ်သောချီစွမ်းအင်များမှာ အရူးအမူးလှည့်ပတ်လာပြီး သူသည် သူ့လက်ထဲရှိ ဓားရှည်အား လွှဲရမ်းခုတ်ပိုင်းလိုက်သည်။
တဒင်္ဂအတွင်းမှာပဲ မိုးကောင်းကင်မှ ပျံသန်းနေသော သက်တန့်ကြီးအလား ဓားအလင်းတန်းကြီးသည် ရုတ်ချည်းပေါက်ကွဲထွက်ပေါ်လာသည်။ ထိုဓားအလင်းတန်းမှာအင်မတန်မှ လင်းလက်မြန်ဆန်လှသည်။ ယင်းသည် အနည်းငယ်မျှတောင် လားရာပြောင်းလဲခြင်းမရှိပဲ ဖြောင့်မတ်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ရင်ဆိုင်နေရသည့်လူတိုင်း အချိန်မရွေး ထွက်ပြေးလွတ်မြောက်နိုင်မည့် ခံစားချက်ကိုလည်း ပေးစွမ်းနေပါသည်။
ဤဓားသည် လားရာပြောင်းလဲခြင်းမရှိသော်လည်း ယင်းမှာ အထိရောက်ဆုံးသော ပြောင်းလဲမှုကြီးပင်ဖြစ်သည်။ တူညီသောပကတိပသွင်မှ ပြောင်းလဲခြင်းမရှိပါက ဤသည်မှာ ဓားချက်တစ်ချက်မဟုတ်တော့ပေ။ ဤသည်မှာ မိုးကြိုးနတ်ဘုရား၏ အမျက်ဒေါသမိုးကြိုးကြီး ပစ်ချလိုက်သလိုပင်ဖြစ်သည်!
ဓားချက်၏ဦးတည်ရာ၌ ရှိနေသောအကြီးအကဲမှာ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားပြီး သူ၏နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားသည် ။ သူခေါင်းမော့ကြည့်လိုက်သည့်အခါ တစတစ ကြီးထွားလာသော သက်တန့်ရောင်ဓားအလင်းတန်းကြီးတစ်ခုအား တွေ့မြင်လိုက်ရပြီး သူ၏မျက်လုံးသူငယ်အိမ်များသည် တုန်ခါသွားတော့သည်။
" မလုပ်နဲ့ ! ။ "
ဤမဟာအကြီးအကဲသည် သေစေနိုင်လောက်သည့် အန္တရာယ်ကြီးတစ်ခုအား ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရသည်။ သူသည် သူ့ကိုယ်တွင်းရှိ ချီစွမ်းအင်များကို အရူးအမူးလှည့်ပတ်လိုက်ပြီး ဓားချက်ကို ခုခံတားဆီးရန် အကောင်းဆုံးပြုလုပ်လိုက်သည်။ ဓားချီမုန်တိုင်း၌ ပိတ်မိနေသော အခြားမဟာအကြီးအကဲသည် ဒါကိုတွေ့မြင်လိုက်ရသည့်အခါ ရူးနှမ်းစွာ ပြေးထွက်သွားသည်။ သူသည် သူ၏မိတ်ဆွေအား ကူညီကယ်ဆယ်လိုခြင်းဖြစ်သည်။
သို့ပါသော်လည်း ဝမ်ဖုန်းက သူ့အားအဘယ်မှာလျှင် ခွင့်ပြုနိုင်ပါမည်နည်း ။ သူ၏ပုံရိပ်မှာ ရုတ်ချည်းပျောက်ကွယ်သွားပြီး တခြားမဟာအကြီးအကဲ၏ရှေ့၌ ပိတ်ပင်တားဆီးလိုက်သည်။
" မင်း ငါတို့ ချန်းလန်ဓားဂိုဏ်းက မဟာအကြီးအကဲကို သတ်ဖြတ်ရဲတယ်တဲ့လား ။ ငါတို့ချန်းလန်ဓားဂိုဏ်းက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူးကွ "။ တစ်ခြားသောမဟာအကြီးအကဲသည် သူ၏ရှေ့၌ရှိနေသော ဝမ်ဖုန်းအားစိုက်ကြည့်ကာ ထိတ်လန့်နေသော ၊ ဒေါသထွက်နေသောလေသံဖြင့် ပြောဆိုလိုက်ပြီး ဝမ်ဖုန်းရှိရာဆီ တဟုန်ထိုးပြေးဝင်လာသည် ။ သူသည် ဝမ်ဖုန်းအား ကျော်ဖြတ်သွားလိုခြင်းဖြစ်သည်။ သို့သော်လည်း သူမည်မျှ ရူးနှမ်းကာလှုပ်ရှားနေစေကာမူ ဝမ်ဖုန်းက သူ့အား တားဆီးနေဆဲဖြစ်သည်။ သူသည် ဝမ်ဖုန်းအား ဖြတ်ကျော်၍ မသွားနိုင်ခဲ့ပေ။
"ရွှမ် ! "
ဒီအချိန်မှာပဲ မိုးကောင်းကင်ယံထက်ဆီမှ ကျဆင်းလာသော သက်တံ့ရောင်ဓားသွားသည် မဟာအကြီးအကဲ၏ လည်ပင်းအား တိုက်ရိုက်ဖြတ်ချသွားသည်။ ယင်းနောက် ဓားအလင်းတန်းသည် ဆက်လက်ရွေ့လျားသွားပြီး ကမ္ဘာမြေကြီးအား မီတာထောင်ပေါင်းများစွာနက်သည်အထိ ဓားရာတစ်ခုဖြစ်စေခဲ့သည်။
ထိုမဟာအကြီးအကဲမှာ ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်၌ရှိနေသော်လည်း ဤဓားစွမ်းအင်မှာ ဝမ်ဖုန်း၏ ချီစွမ်းအင်အားလုံးကိုအသုံးပြု၍ ဖန်တီးထားခြင်းဖြစ်သည်။ ယင်းမှာ ထိုမဟာအကြီးအကဲ ရင်ဆိုင်နိုင်လောက်သည့် စွမ်းအားမျိုးမဟုတ်ခဲ့ပါပေ။
ဟုတ်ပါပေသည် ။ ဝမ်ဖုန်း၏ ချီစွမ်းအင်ကသာ အကြိမ်ကြိမ်အခါခါ ဖိနှိပ်ခြင်းမခံခဲ့ရဘူး။ တစ်ဖက်ကမ္ဘာ လျှို့ယင်း၏ အားဖြည့်ခြင်းကို မခံခဲ့ရဘူးဆိုပါက ဒီဓားကလည်း ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့် စွမ်းအားရှင်ကြီးတစ်ယောက်ကို သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။
ဓားအလင်းတန်းဖြတ်ပိုင်းသွားသည့် တခဏတွင်မဟာအကြီးအကဲ၏ဦးခေါင်းသည် ပြတ်ထွက်သွားပြီး သူ၏လည်ပင်းမှတစ်ဆင့်သွေးများသည် ရေတံခွန်မှရေပန်းသကဲ့သို့ အဆက်မပြတ် ဖွားကနဲ ဖွားကနဲ ထွက်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကြီးကလည်း မြေပြင်အပေါ် ပြိုလဲသွားသည်။
တိတ်ဆိတ်ခြင်း ။
သုဿာန် တစပြင်အလား တိတ်ဆိတ်ခြင်း !
အဝေးတစ်နေရာမှ စောင့်ဆိုင်းကြည့်ရှုနေသော ချန်းလန်ဓားဂိုဏ်းမှစွမ်းအားရှင်များသည် ဤမြင်ကွင်းအား တွေ့လိုက်ရသည့်အခါ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိတ်လန့်တကြား တုန်ယင်သွားကြပါသည်။
တုံ့ဖန်းပုပိုင်အား တိုက်ခိုက်နေသော ချန်းလန်ဓားဂိုဏ်းမှ စွမ်းအားရှင်များသည်လည်း တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ကြောင်အသွားကြသည်။ ဤမြင်ကွင်းမှာ အလွန်ပင် ထိတ်လန့်ချောက်ခြားဖွယ်ကောင်းသော မြင်ကွင်းကြီးပင်ဖြစ်ပါသည် ။သို့သော်လည်း သူတို့ပူဆွေးဝမ်းနည်းချိန်တောင်မရလိုက်ပါပဲ သူတို့သည် သူတို့၏ပြိုင်ဘက်အသီးသီးအား ထပ်မံရင်ဆိုင်တိုက်ခိုက်လိုက်ကြရသည် ။
" သတ်ပစ်မယ်ကွ ! "
ဝမ်ဖုန်း၏တားဆီးခြင်းခံနေရသော အကြီးအကဲ၏ မျက်ဝန်းများသည် နီရဲလာကာ ဝမ်ဖုန်းအားစူးစိုက်ကြည့်လျက် ဒေါသတကြီး ဟစ်အော်ကြွေးကြော်လိုက်သည် ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဝမ်ဖုန်းထံသို့ အရူးတစ်ယောက်အလား ပြေးဝင်လာပါသည်။ ဤအချိန်တွင်သူသည် အကောင်းဆုံးကြိုးစား၍ ဝမ်ဖုန်းအား တိုက်ခိုက်နေပြီး သူ၏ဝှက်ဖဲများ အကုန်လုံးနီးပါးကိုလည်း အသုံးပြုခဲ့ပေသည်။
ရူးသွပ်နေသော ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲနှင့် ရင်ဆိုင်ရသည့်အခါ ဝမ်ဖုန်းသည် ကြောက်လန့်ခြင်းတစ်စုံတစ်ရာမျှ မရှိပါဘဲ လှောင်ရယ်လိုက်ကာ ထိုမဟာအကြီးအကဲရှိရာဆီ ပြေးဝင်သွားတော့သည် ။
" ဒင် ၊ ချန်းလန်ဓားဂိုဏ်းမှ ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ပိုင်ရှင့်အား ဂုဏ်ပြုပါတယ် ။ ဂိုဏ်းအမှတ်သုံးသောင်းနှင့် စီနီယာတစ်ယောက်အား ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ်ကို ဆုချလိုက်ပါတယ် ။ "
ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲနှင့် ရင်ဆိုင်တိုက်ခိုက်နေရသော ဝမ်ဖုန်းသည် သူ့စိတ်သဏ္ဍာန်အတွင်းရှိ အေးစက်စက်လေသံအား တခဏသာ လစ်လျူရှုထားလိုက်သည် ။ ဤအချိန်တွင် သူ၏စိတ်အာရုံအားလုံးအား ရူးသွပ်နေသော မဟာအကြီးအကဲဆီသို့သာ ပို့ဆောင်ထားရပေသည် ။
အခြားတစ်ဖက်မှာတော့၊ မှော်ဓားအရှင်တင်းဖန်းသည် ဆန်းကြယ်အဓိပတိ အစောပိုင်းအဆင့် စွမ်းအားရှင်ကြီးသုံးယောက်နှင့် တစ်ပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်နေလေသည် ။ တိုက်ပွဲမှာ အလွန့်ကို ပြင်းထန်လှပေသည် ။
တင်းဖန်း၏ ဓားချက်တိုင်းတွင် ထူးခြားသောမှော်စွမ်းအင်များ ပါဝင်ပေါင်းစပ်လျက်ရှိနေပြီး ချန်းလန်ဓားဂိုဏ်း၏ စွမ့်းအားရှင်ကြီး၃ယောက်စလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။
သူတို့အားလုံးသည် ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားရှင်များဖြစ်ကြပါသည်။ သူတို့သုံးဦးစလုံးသည် သူတို့နှင့် အဆင့်တူ စွမ်းအားရှင်ဖြစ်သော တင်းဖန်းအား ရင်ဆိုင်တိုက်ခိုက်နေရပါသော်လည်း တင်းဖန်း၏ ကြောက်မက်ဖွယ် တိုက်ပွဲဝင်စွမ်းအင်မှာ သူတို့အား ထ်ိတ်လန့်ေခြာက်ခြားသွားစေခဲ့သည် ။
" တာအိုရောင်းရင်းရေ ၊ ငါတို့ချန်းလန်ဓားဂိုဏ်းက တာအိုရောင်းရင်းကို ဘယ်တုန်းကမှ ရန်မစဖူးပါဘူး ။ ရောင်းရင်းကဘာလို့ ဒီလိုများ လုပ်ရတာလဲ ။ "
အကြီးအကဲသုံးယောက်အနက်မှတစ်ယောက်သည် တင်းဖန်း၏မှော်ဓားအားရှောင်ရှားရင်း ကျယ်လောင်သောလေသံဖြင့် ပြောဆိုလိုက်သည် ။
" ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက သတ်ချင်တဲ့သူတိုင်း နောက်တစ်နေ့ နေထွက်တာကို ကျိန်းသေပေါက်မြင်ရတော့မှာမဟုတ်ဘူး!'' တင်းဖန်းသည် အေးစက်သောလေသံဖြင့် ပြောဆိုလိုက်သည် ။ ယင်းစကားသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ၏မျက်ဝန်းများသည် မှေးကျဉ်းသွားကာ သူ၏ဓားကို ဝှေ့ယမ်းလိုက်သည် ။ သူသည် ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ဓားချီစွမ်းအင်များသည် အရပ်မျက်နှာအသီးသီးသို့ စက်ဝိုင်းတစ်ခုသဏ္ဍာန် ပျံ့နှံ့သွားသည် ။ ယင်းစက်ဝ်ိုင်းသဏ္ဍာန် ဓားချီစွမ်းအားများတွင် အဆုံးမဲ့ ထက်မြမှုများ ပါဝင်နေပြီး အဆက်မပြတ် ဝေ့ယမ်းလည်ပတ်လျက်ရှိသည်။
ဤသည်မှာ တင်းဖန်း၏ အထူးသိုင်းကွက်ဖြစ်သော ရှေးဦးမှော်ဓားချက်ပင်ဖြစ်သည် ။
ဤဓားချက်တွင် အဆုံးစမဲ့ အနန္တစွမ်းအင်များ ပါဝင်နေပေသည် ။ ဤဓားချက်မှာ အလွန်အမင်းစွမ်းအားကြီးမားပြီး ထက်မြသော ဓားချက်ပင်ဖြစ်သည် ။
ဤဓားချက် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ရန်သူသည် အမှန်တကယ်ပင် သေဆုံးရမည်ဖြစ်သည် ။
အနှီဓားချက်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော မဟာအကြီးအကဲ၏ဦးခေါင်းသည် ရုတ်ချည်းပင် ပြတ်တောက်ထွက်သွားသည်။ ဤ စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်နေသော ဓားအလင်းမှာ သူရင်ဆိုင် နိုင်သည့်အရာ မဟုတ်ခဲ့ပါပေ။
ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲတစ်ယောက်၏ ဦးခေါင်းအားဖြတ်တောက်ပြီးသွားသည့်တိုင်အောင် ဤဓားချီအလင်းတန်းသည် ဆက်လက်ပျံသန်းနေဆဲဖြစ်ပြီး အခြားချန်းလန်ဓားဂိုဏ်းမှ အကြီးအကဲများရှိရာဆီသို့ အရှိန်အဟုန် ပျံ့လွင့်လျော့ပါးသွားခြင်းမရှိပဲ ထပ်မံတိုးဝင်သွားသည် ။
ကျန်ရစ်သော ချန်းလန်ဓားဂိုဏ်း၏ မဟာအကြီးအကဲ၂ယောက်သည် ဤသည်ကိုတွေ့မြင်လိုက်ရသည့်အခါ ဝိညာဉ်လိပ်ပြာလွင့်လုမတတ် ကြောက်လန့်သွားခဲ့ပါသည်။ ဓားရောက်မလာခင်ကပင် သူတို့၏ လည်ပင်းက အေးစက်သွားသလို ခံစားလိုက်ရသည် ။ သူတို့သည် သူတို့၏ ခန္ဓာကိုယ်များအား ရှောင်ရှားနောက်ဆုတ်လိုက်ကြပြီး ချီစွမ်းအင်များအား အဆုံးစွန်တိုင်အောင် လှည့်ပတ်လိုက်ကြသည် ။
သို့ပါသော်လည်း သနားစရာပင်။ သူတို့မည်မျှရှောင်ရှားသည်ဖြစ်ပါစေ ဤဓားချက်၏ စက်ကွင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် တင်းဖန်းသည် တည်နေရာ ၊ အချိန် ၊ ခွန်အားနှင့် ဓား၏အလျင် စသည်တို့ကို အဘက်ဘက်မှ တိကျစွာ တိုင်းဆ တွက်ချက်ပြီးဖြစ်သည် ။ တင်းဖန်းသည် ဤဓားချက်အား သူ၏တွက်ဆနိုင်မှုနှင့် ခွန်အားအကုန်လုံးကို အသုံးပြု၍ ထုတ်ဖော်လိုက်ခြင်းပဲဖြစ်သည် ။
ဤဓားချက်အား ထုတ်ဖော်လိုက်ကတည်းက တင်းဖန်းသည် လူတစ်ယောက်တည်းမဟုတ်ပဲ လူသုံးယောက်၏ဦးခေါင်းအား တရစက် ဖြတ်တောက်ရန်အတွက် ပြင်ဆင်တွက်ချက်ထားခဲ့ခြင်းဖြစ်သည်။