ချန်းလန်ဓါးဂိုဏ်း။
Vol. 11 Ch. 154
"ရှေးဦးမှော်ဓါးချက်" ဤသိုင်းကွက်တွင် လူအများအား ထိတ်လန့်စေနိုင်သော အဆုံးအစမဲ့ စွမ်းအားများ ပါရှိလေသည်။
တင်းဖန်းသည် ဤဓါးကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့သည်။ သူသည် ဤဓါးအား နတ်ဆိုးဓါးသွား အဖြစ်မှ နတ်ဘုရား၏ မှော်ဝင်ဓါးသွားအဖြစ် ပြောင်းလဲနိုင်ခဲ့ ပေသည်။ ယန်ရှီစန်းသည် ဆယ့်ငါးချက်မြောက် ဓါး "သေခြင်းအားဖော်ညွှန်းခြင်း"ဓါးချက်ကို အသုံးပြု မည်ဆိုပါက တင်းဖန်း၏ ရှေးဦးမှော်ဓါးကွက်နှင့် ယှဉ်ပြိုင်နိုင်လိမ့်မည်သည်။
သို့သော်လည်း ဝမ်းနည်းစရာက ယန်ရှီစန်းမှာ ဤအခွင့်အရေးအား လက်လွတ်ဆုံးရှုံးခံလိုက်သည်။ ထို့ကြောင့် ယန်ရှီစန်းသည် ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်တွင်သာ ကျန်ရစ်ခဲ့ပြီးတင်းဖန် းကတော့ ဆန်းကြယ်အဓိပတိအဆင့် ရောက်ရှိနေခြင်း ဖြစ်သည်။
"ဒီလူတွေက ဘယ်သူတွေလဲ? ၊ အရမ်းကြောက်စရာကောင်းတာဘဲ ၊ တစ်ခဏအတွင်းမှာဘဲ သူတို့က မဟာအကြီးအကဲလေးယောက်ကို သတ်လိုက်ပြီလား?"
တင်းဖန်း၏ မှော်ဓါးက နောက်ထပ်မဟာအကြီးအကဲ နှစ်ယောက်၏ ဦးခေါင်းအား ဖြတ်တောက်သွားသည့်အခါ အဝေးတစ်နေရာမှ တိုက်ပွဲအားစောင့်ကြည့်နေကြသော ချန်းလန်ဓါးဂိုဏ်း စွမ်းအားရှင်များ အားလုံးသည် ထိတ်လန့်သွားကြကာ ကြောက်လန့်တကြား အော်ဟစ်ပြောဆိုလိုက်ကြသည်။
ဤကနေ့တွင်ဖြင့် သူတို့၏ ယုံကြည်ချက်များ အား လုံးသည် ပြိုကွဲပျက်စီး သွားကြရသည်။ ယခင်က သူတို့သည် ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားများမှာ ကောင်းကင်ယံမှ အမတ မသေမျိုးများအလား အလွန်အမင်းအစွမ်းထက်သူများဟု မှတ်ယူခဲ့ကြသည်။ သို့သော်လည်း ယခုမှာတော့ သူတို့တစ်ချိန်က အလွန်လေးစား အားကျခဲ့ဖူးသော ချန်းလန်ဓါးဂိုဏ်း မဟာအကြီးအကဲများ၏ ဦးခေါင်းများက သေသေသပ်သပ် ဖြတ်တောက်ခံလိုက်ရသည်ကို သူတို့၏ မျက် လုံးများဖြင့် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ကြရ သည်။
"ဒင်... ရှန်ရှန့်ကျုံဂိုဏ်း အစောင့်အရှောက်အကြီးအကဲ တင်းဖန်းမှ ချန်းလန်ဓါးဂိုဏ်း၏ မဟာအကြီးအကဲ သုံးယောက်ကို သတ်ဖြတ်ပစ်ခဲ့သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် ၄၅၀၀၀ နှင့် ကျပန်းဆင့်ခေါ်ခွင့် သုံးကြိမ် ဆုချလိုက် သည်"
ဝမ်ဖုန်းသည် တင်းဖန်း၏ ခွန်အားအပေါ် မည်သည့်အခါကမှ သံသယမဝင်ခဲ့ပေ။ သူဆင့်ခေါ်ခဲ့သော စွမ်းအားရှင်ကြီး နှစ်ဦးမှ လွဲလျှင် တင်းဖန်းအား အဆင့်တူအတွင်း ရင်ဆိုင်နိုင်သူမှာ ဤကမ္ဘာကြီးထဲ၌ လက်တစ်ဆုပ်စာခန့်သာ ရှိပါလိမ့်မည်။
ဟုတ်ပါသည် ၊ ဤသည်မှာ သုံးပြည်ထောင်အတွင်း ရှိ အခြေအနေကို ပြောဆိုခြင်းဖြစ်ပါသည်။ သုံးပြည်ထောင်အား ကျော်လွန်သော ပြင်ပကမ္ဘာကိုတော့ ဝမ်ဖုန်းလည်း ရောက်ရှိ ကြုံတွေ့ဖူးခဲ့ဖူးခြင်း မရှိသေးရာ အလွယ်တကူ ကောက်ချက်ချရဲခြင်း မရှိသေးပေ။
ချန်းလန်ဓါးဂိုဏ်း၏ မဟာအကြီးအကဲသုံးယောက်အား သတ်ဖြတ်ပြီးတာတောင် တင်းဖန်းသည် ရပ်တန့် မသွားခဲ့ပေ။ သူသည် မုအာ၏ ဘေးနားသို့ ပြေး လွှားသွားကာ ပြောဆိုလိုက်သည်။
"ဒီလူကို ငါနဲ့ထားခဲ့ ပြီး မင်းတခြားသူတွေကို သွားကူညီလိုက်!"
" ကျေးဇူးတင်ပါတယ် အစောင့်အရှောက်အကြီး အကဲ" မုအာသည် ခေါင်းညိမ့်ကာ ကျေးဇူးတင်လိုက် ပြီး ရွှမ်းစီအား ကူညီရန် ထွက်ခွာသွားတော့သည်။
"အင်း"
တင်းဖန်းသည် ထိုစကားတစ်ခွန်းအား ပြောဆိုလိုက်ပြီး သူ့ရှေ့ရှိ ချန်းလန်ဓါးဂိုဏ်း အကြီးအကဲအား စူးစိုက်ကြည့်ရှုလိုက်သည်။ တင်းဖန်း၏ စိတ်ခံစားချက် တစ်စုံတစ်ရာမပါဝင်သော မျက်လုံးများက သူ့အပေါ်ကျ ရောက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ချန်းလန်ဓါးဂိုဏ်း၏ မဟာအကြီးအကဲသည် အလွန်အမင်းထိတ်လန့်သွားကာ ထပြီး ပျံသန်းထွက်ပြေးတော့ သည်။
ထိုချန်းလန်ဓါးဂိုဏ်း မဟာအကြီးအကဲသည် တင်းဖန်း၏ မျက်ဝန်းများနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရသော အခါ ယမမင်း၏ အကြည့်စူးစူးများအား မျက်မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရချေသည်။
သူသည် အလွန်အမင်းထိတ်လန့် တုန်လှုပ်နေတာကြောင့် ချန်းလန်ဓါးဂိုဏ်း၏ စွမ်းအားရှင်များက ဤတိုက်ပွဲကို စောင့်ကြည့်နေသည်ကို သိနေတာတောင် ချက်ချင်းဘဲ တန်းပြီး ထွက်ပြေးသွားတော့သည်။
သူတကယ့်ကို မလုပ်နိုင်ဘူး!
သူသည် ဆန်းကြယ်အဓိပတိ အလယ်အလတ်အဆင့် တွင်ရှိနေသော်လည်း တင်းဖန်းနှင့် တိုက်ခိုက်ဝံ့ခြင်း မရှိဘဲ ပျံသန်းထွက်ပြေးသွားသည် ။ ဤသို့ ပြုလုပ်လိုက်ခြင်းကြောင့် သူလွတ်မြောက်သွားလျှင် တောင်မှ သူ၏ ဂုဏ်သတင်းကတော့ လုံးဝပျက်စီးသွား ပြီဖြစ်သည်။
တစ်ချိန်တည်းမှာဘဲ အခြားတစ်နေရာတွင် ဝမ်ချုံးယန်သည် ချန်းလန်ဓါးဂိုဏ်း၏ ဆန်းကြယ်အဓိအတိ အထွတ်အထိပ်အဆင့် မဟာအကြီးအကဲတစ်ယောက် ၏ ဦးခေါင်းအား ရိုးရှင်းသေသပ်စွာဖြင့် ဖြတ်တောက်လိုက်သည်။ ဝမ်ချုံးယန်၏ ဆန်းပြား သော သိုင်းကွက်များမှာလည်း ပြိုင်ဘက်ကင်းပေသည်။
"ဒင်... ရှန်ရှန့်ကျုံဂိုဏ်း အစောင့်အရှောက်အကြီးအကဲ ဝမ်ချုံးယန်မှ ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်အား သတ်ဖြတ်ခဲ့ သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် ၃၀၀၀၀ နှင့် ကျပန်းဆင့်ခေါ်ခွင့် တစ်ကြိမ် ဆုချလိုက်သည်"
ချန်းလန်ဓါးဂိုဏ်း၏ စွမ်းအားရှင်တစ်ယောက်အား ဝမ်ချုံးယန် သတ်ဖြတ်လိုက်သည့်နောက်တွင် ဝမ်ဖုန်း ၏ စိတ်ထဲ၌ စနစ်၏အသံ ထွက်ပေါ်လာသည်။
ချန်းလန်ဓါးဂိုဏ်း မဟာအကြီးအကဲနှင့် ရင်ဆိုင် တိုက်ခိုက်နေတုန်း ဝမ်ဖုန်းသည် တိုက်ပွဲမြေပြင် တစ်ခုလုံးအား ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဤအချိန်တွင် တိုက်ပွဲတစ်ခုလုံးမှာ တစ်ဖက်သတ် ဆန်လွန်းလှသည်။ ချန်းလန်ဓါးဂိုဏ်းရှိ စွမ်းအားရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သတ်ဖြတ်ခြင်း ခံနေကြရသည်။
ဝမ်ဖုန်းနှင့် ဝမ်ချုံးယန်တို့သည် ဆန်းကြယ်အဓိပတိ အထွန်အထိပ်အဆင့်ရှိ စွမ်းအားရှင် တစ်ဦးစီကို သတ်ဖြတ်ခဲ့ကြပြီး တင်းဖန်းကတော့ ဆန်းကြယ်အဓိပတိအစောပိုင်းအဆင့် စွမ်းအားရှင် သုံးယောက်အား တရစပ် သတ်ဖြတ်ခဲ့လေသည်။ ဤအချိန်တွင် ချန်းလန်ဓါးဂိုဏ်းရှိ စွမ်းအားရှင်များ အားလုံးမှာ ပြောမပြတတ်အောင်ကို ကြောက်ရွံ့ထိတ်လန့်နေပြီ ဖြစ်သည်။ သူတို့တွင် ရင်ဆိုင်တိုက်ခိုက်ရန် သတ္တိများ မရှိတော့ပါပေ။ စိတ်ဓာတ်ကျ အားလျော့နေကြသည်။
လေဧကရာဇ်နှင့် ချန်းလန်ဂိုဏ်းချုပ် ချန်းရှောင်းရှောင်း တို့ကြားရှိ သူမသာကိုယ်မသာ တိုက်ပွဲမှ လွဲ၍ တိုက်ပွဲ မြေပြင်တစ်ခုလုံးရှိ ချန်းလန်ဓါးဂိုဏ်း အကြီးအကဲများ အားလုံးမှာ အရေးနိမ့်နေကြရသည်။
လေဧကရာဇ်နှင့် ရင်ဆိုင်တိုက်ခိုက်နေသော ချန်းရှောင်းရှောင်း၏ မျက်နာကြီးသည် ပြိုတော့မည့် မိုးကဲ့သို့ မဲမှောင်ကျသွားသည်။ သူသည် ဝမ်ဖုန်းနှင့် အခြားလူများမှာ ထိုမျှလောက် သန်မာနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူတို့က ချန်းလန်ဓါးဂိုဏ်း မဟာအကြီးအကဲများအား တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်နေကြသည်။ တကယ့်ကို ဒေါသ ထွက်စရာကောင်းလိုက်တာ!
ဤမြင်ကွင်းကြောင့် လေဧကရာဇ်တောင်မှ အံ့အားသင့် ထိတ်လန့်သွားခဲ့သည်။ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ် ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ၏ ထိတ်လန့်ဖွယ် တိုက်ပွဲဝင် စွမ်းရည်များကြောင့် မြင့်မြတ်သော လေဧကရာဇ်တောင်မှ ထိတ်လန့်သွားရပြီး သူ၏ နှလုံးသားကလည်း ပိုမို ခိုင်မာလာခဲ့သည်။ ဘာဘဲဖြစ်ဖြစ် ရှန်ရှန်ကျုံ ဂိုဏ်းနှင့် မဟာမိတ်ဖြစ်ဖို့ သူအကောင်းဆုံး ကြိုးစားရမယ်!
"မင်း အဲ့မှာ ဘာရပ်လုပ်နေတာလဲ? ၊ မုပထျန်းရဲ့သား မုယွင်ဖေးကို ခေါ်ထုတ်ခဲ့စမ်း ၊ မုပထျန်း မင်းသား မင်းမျက်စိရှေ့မှာ သေဆုံးသွားမှာကို မင်းမြင်ရက်လား ဆိုတာကို ငါကြည့်ချင်သေးတယ်ကွာ"
ချန်းရှောင်းရှောင်းသည် အဝေးတစ်နေရာမှ တိုက်ပွဲကို စောင့်ကြည့်နေသော ဆန်းကြယ်အင်ပါယာ အဆင့် အကြီးအကဲအား ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။ ယင်းနောက်မှ သူသည် လေဧကရာဇ် မုပထျန်းအား သတ်ဖြတ်လိုစိတ်များ ပြည့်နေသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လျှက် ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည်။
ချန်းရှောင်းရှောင်း၏ အမိန့်ကို ကြားလိုက်ရသည့်အခါ ဆန်းကြယ်အင်ပါယာအဆင့် အကြီးအကဲလည်း လျစ်လျူရှု မနေရဲတော့ဘဲ မုယွင်ဖေးအား ဖမ်းဆီးထားသော နန်းတော်ရှိရာကို အလျှင်စလို ပြေးသွားတော့သည်။
လေဧကရာဇ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား ပြီး သူ၏မျက်နာထက်၌ စိုးရိမ်ပူပန်စိတ်များ အထင်းသား ဖြစ်ပေါ်လာသည်။ မုယီတစ်ယောက် မုယွင်ဖေးအား ကယ်တင်ခဲ့ပြီးပြီလား ဆိုတာကို သူမသိရသေး ပေ။
"ဂိုဏ်းချုပ်..မုယွင်ဖေး မရှိတော့ဘူး!"
တစ်ခဏအကြာမှာဘဲ ဆန်းကြယ်အင်ပါယာအကြီး အကဲသည် အလျှင်အမြန် ပြန်လည်ပြေးလွှားလာကာ အော်ဟစ်ပြောဆိုလိုက်သည်။ သူ၏အသံက ကမ္ဘာတစ်ခုလုံး ပဲ့တင်ထပ်သွားပါသည်။
"သေစမ်း!"
ထိုအကြီးအကဲ၏ အသံအား ကြားလိုက်ရသည့်အခါ ချန်းရှောင်းရှောင်းသည် အလွန်အင်မတန်မှ ဒေါသ ထွက်သွားလေသည်။ ဒီဂိုဏ်းမှာ အရူးတွေနဲ့ ပြည့်နေတယ်ဆိုတာကို သူဘာလို့ အရင်က သတိမပြုမိခဲ့ပါ လိမ့်။
အဲ့သူတောင်းစား သေသေချာချာ စောင့်ကြည့်မထား ဘူးလား!
သူသာ လေဧကရာဇ်နှင့် အသက်လုတိုက်ခိုက်နေရ ၍ မဟုတ်လျှင် ချန်းရှောင်းရှောင်းသည် အဆိုပါ ဆန်းကြယ်အင်ပါယာ အကြီးအကဲအား ထိုးကြိတ်ကန်ကျောက်ချင်နေမိသည်။
" ဟားဟား... ချန်းရှောင်းရှောင်း မင်းရဲ့နောက်ဆုံး မျှော်လင့်ချက်လေးလည်း ပျက်စီးသွားပါပေါ့လား ၊ မင်းက ဒီဧကရာဇ်ရဲ့ သားတော်ကို ထိရဲမှတော့ မင်းတို့ ချန်းလန်ဓါးဂိုဏ်းတစ်ခုလုံးကိုလည်း မြေမြုပ်ပစ် လိုက်မယ်ကွ.."
လေဧကရာဇ်သည် ကောင်းကင်ပေါ် မော့ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောဆိုလိုက်သည်။ တစ်ချိန်တည်းမှာဘဲ သူ့လက်ထဲက လှံရှည်ဆီမှ လှံအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး နဂါးအမြှီး ယမ်းလိုက်သကဲ့သို့ တရစပ်လွှဲယှမ်း တိုက်ခိုက်လိုက်သည်။
" မုပထျန်း... မင်းတစ်ကယ်ဘဲ ဒီဂိုဏ်းချုပ်ကို အဆုံး စွန်ထိ ဖိအားပေးချင်နေတာလား?" ချန်းရှောင်းရှောင်းသည် လေဧကရာဇ်၏ တိုက်ကွက်ကို ရင်ဆိုင်ခုခံရင်း ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။
မုပထျန်းသည် ဘာစကားတစ်ခွန်းမှ မပြောဘဲ လှောင်ရယ်လိုက်ကာ သူ၏လှံတံအား နဂါးတစ်ကောင် လို ဝှေ့ယမ်းလျက် အစပ်မပြတ် ထိုးသွင်း တိုက်ခိုက်နေသည်။ လှံချက်တိုင်းက အင်မတန်မှ ရိုးဆင်းသော်လည်း အင်မတန်ပြင်းထန်သော စွမ်းအင်များ ကိန်းဝပ်နေသည်။ လေထုတစ်ခုလုံးမှာ လှံထိုးနှက်ချက်များကြောင့် အဆက်မပြတ်တုန်ခါနေပြီး အက်ကွဲတော့မလိုတောင် ဖြစ်နေရသည်။
"အား...."
ချန်ရှောင်းရှောင်းသည် အလွန်အမင်းဒေါသထွက် ထိတ်လန့်သွားကာ တစ်စုံတစ်ခုအား ပြောတော့မည့်ဟန် ပြုလိုက်သည့် အခါမှာဘဲ ကြောက်လန့်တကြား ဟစ်အော်သံကြီးတစ်သံက သူ့အား တုန်လှုပ်သွားစေ ခဲ့သည်။ သူသည် အသံလာရာဘက်သို့ လှည့်ကြည့် လိုက်သည့်အခါ သတ်ဖြတ်ရေးနတ်ဘုရား တင်းဖန်းသည် သူတို့ ချန်းလန်ဓါးဂိုဏ်း၏ မဟာအကြီးအကဲ နောက်တစ်ယောက်အား သတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သတ်ဖြတ်ခံလိုက်ရသော မဟာအကြီးအကဲမှာ ဆန်းကြယ်အဓိပတိ အလယ် အလတ်အဆင့် ဖြစ်ပေသည်။
"မင်းတို့ငါ့ကို ဖိအားပေးလိုက်တာဘဲ ၊ ငါတို့ချန်းလန် ဓါးဂိုဏ်းက ရှေးယခင်ကြာမြင့်တဲ့ အချိန်ကာလကတည်း က တည်ရှိခဲ့တာ ၊ ငါတို့ရဲ့ နောက်ခံအင်အားက မင်းတို့ မှန်းဆနိုင်တဲ့ အရာမဟုတ်ဘူး ၊ မင်းတို့က သေချင်နေမှတော့ ဒီဂိုဏ်းချုပ်ကလည်း ဖြည့်ဆည်းပေး ရမှာပေါ့.."
ဒီလိုဆက်သွားနေလို့ မဖြစ်တော့ဘူးဆိုတာကို သိရှိလိုက်သော ချန်းရှောင်းရှောင်းသည် နီရဲနေသော မျက်ဝန်းများဖြင့် အံကိုတင်းတင်းကြိတ်လိုက်ကာ အေးစက်စက် အော်ပြောလိုက်သည်။
သူသည် ဓါးရှည်ကို ဒေါသတကြီး ဝှေ့ယမ်းလိုက်သည့် အခါ ကြီးမားသော ဓါးအလင်းတန်းကြီးတစ်ခုက လေဧကရာဇ်ဆီသို့ ပြေးဝင်သွားသည်။ ဤသည်ကို အခွင့်အရေးယူ၍ ချန်းရှောင်းရှောင်းသည် လေဧကရာဇ်နှင့်ဝေးရာကို ဆုတ်ခွာသွားပြီး ရှုတ်ထွေးဆန်းပြားသော မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။