ဖခင်ဖြစ်သူ၏အရိုက်အရာကိုထိန်းသိမ်းပေးခြင်း.....
Vol. 54 Ch. 746
လီကျင်းဇယ်၏စကားများသည် အားလုံးကိုအံအားသင့်စေခဲ့သည်။
အဖေရဲ့နေရာကို သားကဆက်ခံမယ်??????
လီလော့လည်း အများနည်းတူ အံ့သြနေသည်။ လီကျင်းဇယ် ထိုသို့ဆုံးဖြတ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။အခြားသူတွေလို သူလည်း စိတ်ရှုပ်သွားသည်။ နတ်ဆိုးနန်းတော်အဆင့်နဲ့ သူ့အဖေလိုအောင်မြင်မှုတွေဘယ်လိုဆောင်ကျဉ်းပေးနိုင်မည်နည်း.....
လီကျင်းဇယ်က လီလော့ကိုကြည့်ရင်း ပြုံးလိုက်သည်။
"မင်းက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကိုဝင်ပြီး အရင်ဆုံးတံခွန်ကိုင်ရာထူးကိုရအောင်ကြိုးစားပါ....ဒါဆို ခန်းမသခင်ရာထူးကို မင်းအဖေအတွက်ချန်ထားပေးမယ်.....ဘယ်လိုလဲ"
လီလော့ ဒါကိုကြားတော့ ဘာပြောရမှန်းတောင် မသိတော့ပေ။ သူ့အဖေသာဒီအကြောင်းသိရင် ဒီရာထူးကို ပိုင်သည်ဖြစ်စေ၊ မပိုင်သည်ဖြစ်စေ ဂရုစိုက်နေမည်မဟုတ်ပေ။
"ဒါကို မင်းအောင်မြင်နိုင်ရင် ခန်းမသခင် ရာထူးကို အကာအကွယ်ပေးနိုင်ရုံသာမကဘဲ ခန်းမသခင်တွေရမယ့် ကျင့်ကြံမှုဆိုင်ရာအရင်းအမြစ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို မင်းကို တိုက်ရိုက်ခွဲဝေပေးမယ်......ဒါကလည်း အစိမ်းရောင်နယ်သာခန်းမကို မင်းအဖေလက်ထက်ကလို အောင်မြင်အောင်လုပ်နိုင်မှနော်..... ။”
လီကျင်းဇယ် ၏ စူးရှသောအကြည့်တွင် ရွှင်မြူးနေသည့်အရိပ်အယောင်အချို့ကို မြင်တွေ့နိုင်သည်။ “ခန်းမသခင်ကို ခွဲဝေပေးတဲ့ အရင်းအမြစ်တွေက အသေးအဖွဲမဟုတ်ပါဘူး.... တစ်စိတ်တစ်ပိုင်းဆိုရင်တောင် မင်းအတွက် မထင်မှတ်ထားတဲ့ ပမာဏပဲဖြစ်လိမ့်မယ်..... မင်း ကျေနပ်လိမ့်မယ် ဆိုတာ သေချာတယ်.....ဘယ်လိုလဲ...စိန်ခေါ်ရဲတဲ့သတ္တိရှိလား...."
လီလော့၏ မျက်လုံးများ ပြူးကျယ်လာပြီး သွေးတွေပွက်ပွက်ဆူလာသည်။ ခန်းမသခင် သည် ကလန်အကြီးအကဲမှလွဲ၍ နဂါးစွယ်ကလန်တွင် အမြင့်ဆုံးရာထူးဖြစ်သည်။ သူတို့ခံစားနိုင်တဲ့ အရင်းအမြစ်တွေက မြို့စားအဆင့်တွေကိုပင် စိတ်လှုပ်ရှားစေနိုင်သည်။ တစ်စိတ်တစ်ပိုင်းရခဲ့ရင်တောင် မလုံလောက်တော့မှာကို စိတ်ပူနေဖို့ မလိုတော့ပေ။
သူ့အဖိုးက အတော်ဆုံးပဲ....မြေးဖြစ်သူကို
အရင်းအမြစ်တွေပေးဖို့ အကြောင်းပြချက်ရှာပေးနေတယ်....
လီလော့၏ နှလုံးသား တုန်လှုပ်သွားပြီး သူ့ရည်ရွယ်ချက်ကို မကြေငြာမီ တတ်နိုင်သမျှ အတောက်ပဆုံးသော အပြုံးကို အမြန်ထုတ်ဖော်လိုက်သည်။
" ကျွန်တော့်အပေါ် အဖေ့ရဲ့ကျေးဇူးတရားတွေက တောင်တန်းတွေလို လေးလံပြီး ကြီးမားလွန်းပါတယ်..ကျေးဇူးသိတတ်တဲ့သားတစ်ယောက်အနေနဲ့ အဖေ့အတွက် တိုက်ပွဲဝင်ဖို့ဆို ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုတောင်ဖြတ်ဝံ့ပါတယ်...."
လီကျင်းထောင်နှင့်လီဖန်းရိတို့သည် သူ့ကို လူထူးဆန်းတစ်ယောက်လို စိုက်ကြည့်နေကြသည်။ ခုနကတင် ငြင်းပယ်ဖို့ စီစဉ်နေပုံရသည် မဟုတ်ပါလား.....သူ ဘာကြောင့် ရုတ်တရက် စိတ်ပြောင်းသွားတာလဲ.....
လီကျင်းဇယ်က ခေါင်းတညိတ်ညိတ်နဲ့ ချီးကျူးလိုက်ပြီး.... "ဒီလို စိတ်ထားမျိုးရတာ တကယ်ကို ချီးကျူးစရာပဲ"
ထိုအချိန်တွင် အထူးသဖြင့် ဒုခန်းမသခင် ကျုံးယုရှီ ထိတ်လန့်တုန်လှုပ်သွားပုံရသည်။ ထိုလူ၏ မျက်နှာသည် ကျောက်တုံးကဲ့သို့ တောင့်တင်းနေကာ ထိန်းချုပ်မရတော့ဘဲ...
"ကလန်အကြီးအကဲ၊ ဒါ... ခန်းမသခင်ရဲ့ လစ်လပ်နေတဲ့ ရာထူးကို ထပ်ပြီး ချန်ထားဖို့ စီစဉ်နေတာလား....ဒါက အကျိုးရှိမှာ မဟုတ်ဘူး!"
"နောက်ထပ် နှစ်နှစ်ပါပဲ.... ရှောင်လော့က အစိမ်းရောင်နယ်သာတံခွန်ရဲ့ ဂုဏ်ကျက်သရေကို ပြန်မယူနိုင်ဘူးဆိုရင် တ်ိုင်ရွှမ်ရဲ့ ခန်းမသခင် ရာထူးကို ငါချက်ချင်း ရုပ်သိမ်းမှာပါ" လို့ လီကျင်းဇယ်က ပြန်ဖြေခဲ့သည်။
ကျုံးယုရှီ၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားပြီး ကျောက်ရွှမ်းမင်ဆီသို့ ယောင်ဝါးဝါး လှည့်ကြည့်လိုက်သည်။ နောက်မှ နားမလည်နိုင်ဟန်ဖြင့် ခေါင်းခါလိုက်သည်။ ယနေ့အစည်းအဝေး မကြာမီ ပြီးဆုံးတော့မည် ဖြစ်ပြီး ကလန်အကြီးအကဲက ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသနေပြီဖြစ်သည်။ ဒီကိစ္စကို ဒီထက်ပိုပြီး တွန်းလှန်လိုက်ရင် ဒုက္ခရောက်ပေလိမ့်မည်။
ကျုံးယုရှီသည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး မချိတင်ကဲပြုံးကာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့မျက်လုံးများ မှေးမှိန်သွားသောအခါ နက်ရှိုင်းသောနေရာမှ မှောင်မိုက်ခြင်းအချို့ ထွက်ပေါ်လာသည်။
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သည် နတ်ဆိုးနန်းတော်အဆင့်သာရောက်သေးသော လီလော့လက်ထဲတွင်နှစ်နှစ်အတွင်း အမြင့်အသစ်သို့ မည်သို့ရောက်ရှိနိုင်မည်နည်း။ သူ၏ လက်ရှိအင်အားသည် လက်အောက်ခံခေါင်းဆောင်တစ်ဦးအဖြစ် ယုံကြည်စိတ်ချစွာ ရပ်တည်နိုင်စေရန် အရည်အချင်းပြည့်မီအောင်ပင် မစွမ်းဆောင်နိုင်သေးပေ။
ပဲ့တင်ထပ်သံသုံးခုက အားကောင်းသော်လည်း အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတွင် အရင်းအမြစ်များ ကျဲပါးလှသည်။ လီလော့သည် ရွယ်တူများနှင့် နှိုင်းယှဉ်လျှင် အားနည်းနေမည်မဟုတ်သော်လည်း တံခွန်ကိုင်ရာထူးအတွက် ယှဉ်ပြိုင်နေသော ပါရမီရှင်များနှင့်ယှဉ်ပါက ကွာခြားချက်ကြီးမားနေပေလိမ့်မည်။
ကျုံးယုရှီ ထင်နေသည့်အတိုင်း လီကျင်းဇယ် သည် နောက်ထပ်အချိန်ဆွဲရန် လီလော့ကို ဆင်ခြေတစ်ခုအဖြစ် အသုံးပြုနေသည်။
သူနည်းနည်းထပ်စောင့်ပြီး လီလော့သာ ဘာမှ မအောင်မြင်ဘူးဆိုရင် ကလန်အကြီးအကဲတွင် တခြားရွေးချယ်စရာရှိတော့မည်မဟုတ်ပေ။
ထိုသို့တွေးပြီးနောက် သူ့ထိုင်ခုံတွင် အေးအေးဆေးဆေး ပြန်ထိုင်လိုက်တော့သည်။
"ရှောင်လော့၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို သတင်းမပို့ခင် နောက်နှစ်ရက်လောက် အနားယူသင့်တယ်..... မင်းတို့နှစ်ယောက်က ရှောင်လော့အတွက် နေရာထိုင်ခင်း စီစဉ်ပေးလိုက်ကြ...."
လီကျင်းဇယ်သည် ဒုတိယနှင့် တတိယခန်းမသခင်များဖြစ်သောကျုံးယုရှီနှင့်လီရုန်ယွင့် ကို အမိန့်ပေးလိုက်သည်။
"အမိန့်အတိုင်းပါ...."
"ဒီနေ့အတွက် အစည်းအဝေးပြီးပြီ...."
အရာအားလုံး ပြေလည်သွားပြီးနောက် လီကျင်းဇယ်သည် လက်ကို ဝှေ့ယမ်းကာ နိဂုံးချုပ်လိုက်သည်။
လူစုကွဲသွားပြီးနောက် လီကျင်းဇယ်က....
"ရှောင်လော့၊ကျင်းထောင်နဲ့ဖန်းရိတို့ ငါနဲ့အတူထမင်းစားဖို့နေခဲ့..."
လီကျင်းထောင်နှင့် လီဖန်းရိတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့၏အဖိုးက လီလော့နှင့်သာ စကားပြောချင်ကြောင်း သိလိုက်သည်။သို့သော်လည်း သူတို့နှစ်ယောက်ကိုပါ ခေါ်နေသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။
"အဖေ..ကျွန်တော်တို့လည်း လိုက်ခဲ့မယ်..."
"ကိုယ့်ကိိစ္စကိုယ် အာရုံစိုက်ကြ... ငါ့မှာမင်းကိုပြောစရာမရှိဘူး...ကလေးတွေနဲ့ပဲစကားပြောမယ်...မင်းတို့မပါဘူး...."
လီကျင်းဇယ်က ခေါင်းယမ်းကာ ယင်ကောင်ကို မောင်းထုတ်သလို လက်ကို ဝှေ့ယမ်းလိုက်သည်။ လီကျင်းပန်နှင့် လီချင်းဖန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော်လည်း ကူကယ်ရာမဲ့ ခေါင်းညိတ်ပြကာ ထွက်သွားခဲ့ကြသည်။
မထွက်ခွာခင် လီရုန်ယွင့်က လီလော့ကို အစိမ်းရောင်နယ်သာခန်းမသို့ နွားသိုးကြီးပေါင်ပေါင်ကို ခေါ်ဆောင်ပြီး နေရာထိုင်ခင်းစီစဉ်ပေးမည်ဟု အသိပေးခဲ့သည်။
အားလုံးထွက်သွားပြီးနောက် လီကျင်းဇယ် ၏ တင်းမာသောအမူအရာက ပို၍နွေးထွေးလာသည်။ ထို့နောက် သူသည် မြေးသုံးယောက်ကို တောင်လယ်ရှိ ခြံဝင်းတစ်ခုဆီသို့ဉီးဆောင်သွားခဲ့သည်။လီကျင်းဇယ်နေထိုင်သောနေရာသည် ငြိမ်သက်အေးချမ်းမှုအပြည့်ရှိသော ဝါးတောအလယ်က ရိုးရှင်းသောသာမာန်အိမ်လေးတစ်လုံးပင်....
လီကျင်းဇယ်သည် ရိုးရှင်းပြီး ပေါ့ပါးသော အစားအစာများကို ချက်ပြုတ်ရာတွင် အသုံးပြုဖို့ လတ်ဆတ်ပြီး နူးညံ့သောမျှစ်များကို ဝါးတောထဲမှ ကိုယ်တိုင် တူးဖော်ခဲ့သည်။
ဝါးပင်ပးအမြူတေမှ ဂရုတစိုက် ချက်ထားသော ဝိုင်ကိုလည်း ထုတ်ယူခဲ့သည်။
"ဒီဝါးအမြူတေအရက်ကို ကြီးထွားနေတဲ့ဝါးပင်ထဲထည့်မြှုပ်ပြီး ချက်လုပ်ထားတာ... ဆယ်နှစ်သက်တမ်းတဲ့အရက်က နည်းနည်းခါးတယ်... အနှစ်ငါးဆယ်နဲ့နှစ်တရာသက်တမ်းဆို ချိုလာပြီ.... မင်းအဖေ တိုင်ရွှမ်က အနှစ်တစ်ရာကျော် ဝါးအမြူတေအရက်ကိုရှာဖို့ ငါ့ဝါးတောတစ်ဝက်လောက်ကို တူးဖော်ခဲ့ဖူးတယ်.... ဒါနဲ့ ငါလဲ စိတ်တိုတိုနဲ့ဝါးတောထဲဝင်ခွင့်ပိတ်ပစ်ခဲ့တယ်...."
လီကျင်းဇယ်၏ ပါးရည်နားရည်တွန့်နေသော မျက်နှာသည် စိတ်ပျက်စရာအမှတ်တရများကို ပြောနေသော်လည်း ပြုံးယောင်သန်းနေသည်။
လီဖန်းရိနှင့်လီကျင်းထောင်တို့ ဘာပြောရမှန်းမသိဖြစ်နေကြသည်။
သူတို့၏အဖိုး၏စကားကြောင့်၊ သူတို့၏ဖခင်များဖြစ်သော လီကျင်းပန်နှင့်လီချင်းဖန်တို့နှင့်ဆက်ဆံစဉ်က မမြင်နိုင်သော နက်နဲသောချစ်ခင်မှုကို ကွဲကွဲပြားပြားခံစားရနိုင်သည်။
ဒါက သာမန်မိသားစုလို ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ လီချင်းဖန်သည် အကြီးဆုံးသားဖြစ်ပြီး မျက်နှာသာပေးမှုကို အများဆုံးရရှိထားသည်။သို့သော် သူသည် ထိုက်သင့်သလောက်အရည်အချင်းမရှိပေ။ ထို့ကြောင့် လီကျင်းဇယ်သည် သူ့အပေါ် တန်ဖိုးထားမှု တဖြည်းဖြည်း လျော့နည်းလာသည်။
ဒုတိယသား လီကျင်းပန်ကတော့ သနားစရာအကောင်းဆုံးဖြစ်သည်။ သူ့အရည်အချင်းက လီချင်းဖန် ထက်သာလွန်ပေမယ့် အကန့်အသတ်ရှိနေဆဲဖြစ်ပြီး သားလတ်ဖြစ်သောကြောင့် ထုံးစံအတိုင်း လျစ်လျူရှုထားခံရသည်။
လီတိုင်ရွှမ်သည် တတိယမြောက်နှင့် အငယ်ဆုံးသားဖြစ်ပြီး အရည်အချင်းရှိသူဖြစ်သောကြောင့် မိသားစုတွင် အချစ်ဆုံးသားဖြစ်လာခဲ့သည်။စည်းကမ်းတင်းကြပ်တတ်သော လီကျင်းဇယ်ပင်လျှင် လီတိုင်ရွှမ်ကိုအတတ်နိုင်ဆုံးအလိုလိုက်ထားခဲ့သည်။ ရှင်းနေသည်မှာ၊ လီတိုင်ရွှမ်သည် နဂါးစွယ်ကလန်ကို ဆက်ခံမည့်သူဖြစ်သည်။
လီဖန်းရိနှင့်လီကျင်းထောင်တို့သည် သူတို့၏တတိယဦးလေး၏ စိတ်နေစိတ်ထားနှင့် အရည်အချင်းက သူတို့၏ဖခင်များထက် အံ့သြဖွယ်ကောင်းကြောင်း သိကြသည်။စိတ်မကောင်းစရာအဖြစ်အပျက်အချို့သာမဖြစ်ခဲ့လျှင်......
လေးယောက်သား စားပွဲသေးသေးလေးမှာ ထိုင်လိုက်သည်နှင့် လေထုက သာယာလာသည်။
သို့သော် နှစ်ယောက်လုံး သတိထားနေကြဆဲဖြစ်သည်။ အဲဒီအစား လီကတော့ စိတ်အေးသက်သာစွာနှင့် သူ့အဖိုးနဲ့အတူ အရက်သောက်ရင်း ငယ်ဘဝအကြာင်းကို ဝမ်းသာအားရ ပြောပြနေသည်။လီကျင်းဇယ်ကတော့ တပြုံးပြုံးနှင့်နားထောင်နေရှာသည်။
ကွာခြားချက်မှာ လီဖန်းရိတို့နှစ်ဦးသည် ကြီးပြင်းလာစဉ်တွင် လီကျင်းဇယ်၏ စည်းကမ်းတင်းကြပ်မှုနှင့်ကြုံတွေ့ခဲ့ရပြီး နှလုံးသားထဲမှ သူ့ကို လေးစားကြသောကြောင့် ရေခဲလွှာလေးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားရခြင်း ဖြစ်သည်။
တစ်ဖက်တွင်မူ လီလော့သည် လီကျင်းဇယ် နှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး သူ၏ကိုယ်ရည်ကိုယ်သွေးကို မသိခဲ့ပေ။ သူ့အဖိုးရဲ့ တင်းကျပ်မှုကို တစ်ခါမှ မကြုံဖူးဘဲ နည်းနည်းထူးခြားတဲ့ အဘိုးကြီးတစ်ယောက်အနေနဲ့သာ ဆက်ဆံခဲ့သည်။
သို့သော်လည်း လီဖန်းရိ နှင့် လီကျင်းထောင်တို့ အကြာကြီးမနေနိုင်ပေ။ ပေါ့ပေါ့ပါးပါး စားသောက်ပြီးတာနဲ့ အကြောင်းပြချက်ကိုယ်စီနှင့် လစ်ပြေးလေတော့သည်။
သူတို့ ခြံဝင်းထဲကနေ ထွက်သွားတဲ့အခါ လီလော့ဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွင်းက တင်းမာမှုတွေ ပြေလျော့သွားတယ်လို့ ခံစားနေရသည်။
လီကျင်းဇယ်သည် လူငယ်နှစ်ဦး ထွက်ခွာသွားသည်ကြည့်ရင်း စိတ်မကောင်းဖြစ်နေပုံရသည်။
"ဒီလူအိုကြီးကို ကြောက်စရာကောင်းတယ်လို့ပဲထင်နေကြတယ်...."
"အဖိုးက နှစ်ပေါင်းများစွာ ဂုဏ်သိက္ခာကြီးမြတ်ခဲ့သူမို့ အစ်ကိုနဲ့အစ်မကိုအသာထားဉီး အကြီးဆုံးဉီးလေးနဲ့ ဒုတိယဦးလေးတောင် အဖိုးရှေ့ဆို တုန်တုန်ယင်ယင်ဖြစ်နေကြတာ.... ကျွန်တော်က အခုမှရောက်တာဆိုတော့ အဖိုးအကြောင်းသိပ်မသိသေးဘူး...ဒါပေမယ့် ဖိအားတွေခံစားနေရတယ်...."
"ဒါဆို ဒီအတိုင်းပဲပေါ့ပေါ့ပါးပါးနေပါ.... ငါ့ကို အဖော်ပြုမယ့်သူ ရှာရတာ ရှားတယ်..... အားလပ်ချိန်တိုင်း ဒီကိုလာပြီ ငါ့ကိုအဖော်ပြုပေးပါ"
လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
လီကျင်းဇယ်က ပြုံးရင်း လီလော့၏ နုပျိုချောမောသောမျက်နှာကို သေချာအကဲခတ်ကာ..... "မင်းက မင်းအဖေနဲ့ တကယ်တူတယ်....."
"ကျွန်တော်က အဖိုးဆီကမွေကို အဖေ့ဆီက အမွေဆက်ခံထားတာပါ..."
လီကျင်းဇယ်၏ အပြုံး ပို၍နက်ရှိုင်းလာပြီး သူ့အတွက် နောက်ထပ် အရက်တစ်ခွက်ငှဲ့ပေးကာ.... "ဒီမှာ အပြင်လူမရှိဘူး၊ ဒါကြောင့် ငါ့ကို တလေးတစားခေါ်ဝေါနေတာတွေရပ်လိုက်....."
လီလော့ အနည်းငယ် အံ့သြသွားသည်။ အဘိုးအို၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များကို သူမြင်နေရသည်။ လက်ရှိ လီကျင်းဇယ် သည် ဘုရင်အဆင့်ကျွမ်းကျင်သူ သို့မဟုတ် နဂါးစွယ်ကလန်အကြီးအကဲ မဟုတ်တော့ဘဲ သူ့သားကို အိမ်ပြန်လညဖို့ မျှော်လင့်နေတဲ့ အဘိုးအိုတစ်ယောက်နှင့်သာတူနေသည်။
လီလော့ စိတ်ထဲမှာ သူ့အဖေမျက်နှာ ပေါ်လာပြီး သူ့ကိုယ်ပိုင် အရက်ခွက်ကိုမြှောက်ကာ...
"မြေးဖြစ်သူ လီလော့က အဖိုးကို နှုတ်ခွန်းဆက်ပါတယ်...."
လီကျင်းဇယ်သည် နောက်ဆုံးတွင် သူ့နှလုံးသားထဲမှ ဝန်ထုပ်ဝန်ပိုးအချို့ကို လွတ်ချလိုက်နိုင်သလို ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည့်အခါ ရယ်မောသံများက ခြံဝင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
လီကျင်းဇယ်၏ ရယ်သံများ ဝါးတောတစ်ခွင်မှာ ပဲ့တင်ထပ်နေပြီး လီကျင်းထောင်နဲ့ လီဖန်းရိတို့တောင် ကြားနိုင်ခဲ့သည်။ သူတို့သည် လီလော့၏ ရဲစွမ်းသတ္တိကို မနာလိုဖြစ်မိကြသည်။
"လီလော့ရောက်လာပြီဆိုတော့ ငါတို့အတွက်ပိုအဆင်ပြေသွားပြီပေါ့...."
နှစ်ယောက်သား တယောက်ကို တယောက်ကြည့်ကာ အလျင်စလို ထွက်လာခဲ့ကြသည်။
လီလော့သည် အချိန်အခါနေရာဒေသအလိုက် သင့်တင့်အောင်နေတတ်သူမို့ သူတို့အဖိုး၏ လေးလံသော မျှော်လင့်ချက်များကို သယ်ဆောင်ပေးနိုင်လိမ့်မည်။ အနည်းဆုံးတော့ သူတို့၏ ဖခင်များ အတင်းအကျပ် တွန်းအားပေးခံရတော့မည် မဟုတ်ပေ။