← Chapters

ကျောက်ယန်ဇီ၏စိတ်ရိုင်းများ....

Vol. 54 Ch. 755

ကျောက်ယန်ဇီ၏စိတ်ရိုင်းများ....

Vol. 54 Ch. 755

လီလော့ ၏ ရုတ်တရက် စကားများသည် ကျောက်ယန်ဇီ၏ မျှော်လင့်ချက်များကို တိုက်ရိုက် အနှောင့်အယှက် ဖြစ်စေသည်။

ထို့ကြောင့် ရဲတင်းသော ကျောက်ယန်ဇီကိုပင် ခေတ္တစိတ်လွတ်သွားသလို ခံစားရစေပြီး သူမ၏ တောက်ပပြီး အပြစ်အနာအဆာကင်းသော မျက်နှာထားက ရုတ်တရက် တင်းမာလာသည်။

သို့သော်လည်း သူမသည် လျင်မြန်စွာ စိတ်ထိန်းလိုက်ပြီး အပြစ်ကင်းသောဟန်ပန်ဖြင့်.....

"ခေါင်းဆောင်....ရှင် ဘာပြောနေတာလဲ....ကျွန်မက ရှင့်ကို ဒီအတိုင်း သတိပေးနေတာပါ!"

သူမ၏ မက်မွန်ပွင့်ကဲ့သို့ မျက်လုံးများက အနည်းငယ် စိတ်ရှုပ်နေပုံရပြီး သူမ၏ စကားလုံးများသည် အလွန်ရိုးသားပုံပေါက်နေသဖြင့် လီလော့ပင်လျှင် သူ့ကိုယ်သူ သံသယဝင်နေမိသည်။

သူ အတွေးလွန်သွားပြီလား......

ကျောက်ယန်ဇီသည် ဆွဲဆောင်မှုရှိသော နတ်ဆိုးတစ်ကောင်လိုပင်။ သူမသည် သုံးယောက်ထဲတွင် ကိုင်တွယ်ရန် အခက်ခဲဆုံးဖြစ်သည်။

ကျန်နှစ်ဦးသည် တဲ့တိုးဆန်သည့်အပြင် ယောက်ကျားသားများဖြစ်သောကြောင့် ကိုင်တွယ်ရ ပိုလွယ်ကူသည်။ ဤသူသည် နူးညံ့သိမ်မွေ့စွာချဉ်းကပ်နေပြီး သူ့ကို စွဲလန်းစေကာ စိတ်နှင့်ကိုယ်ကို ဖမ်းစားချင်နေသည်။ သူမသည် အခြားနှစ်ယောက်ထက် ပိုမိုကြီးမားသော ရည်မှန်းချက်ရှိကြောင်း ထင်ရှားသည်။

ကျန်းချင်းအာ ဒီမှာမရှိတာ စိတ်မကောင်းစရာပဲ..... ဒီလိုမှမဟုတ်ရင် သူမဟာ ဒီနတ်ဆိုးဝိဉာဉ်လေးကို နှိပ်စက်ညှဉ်းပန်းခံရတခံစားချက်ကို အမှန်တကယ်နားလည်စေပါလိမ့်မယ်.....

သို့တိုင် ဤအမျိုးသမီးကို စိတ်ရှုပ်စေခြင်းသည် ဒုက္ခဖြစ်မည့်အလားအလာလည်းဖြစ်သည်။

"တကယ်လား?"

ကျောက်ယန်ဇီရဲ့ ချောမွတ်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲမှာ ပေါ့ပေါ့ပါးပါး အရိပ်အမြွက်တစ်ခု ပေါ်လာသည်။ ထို့နောက်တွင်တော့ သူ့အကြည့်များသည် သူ့ရှေ့မှ လုံးကြီးပေါက်လှ မြင်ကွင်းအားလုံးကို အစုန်အဆန်ငေးမောလိုက်သည်။

"မင်းရဲ့အလှအပက အနုပညာလက်ရာတစ်ခုလိုပဲ...."

လီလော့ ထိုစကားပြောနေစဉ်တွင် ကျောက်ယန်ဇီ၏ မျက်နှာကို အသာအယာထိတွေ့ရန် သူ့လက်ကို မြှောက်လိုက်သည်။

လီလော့ ၏ရုတ်တရက်ပြောင်းလဲမှုသည် ကျောက်ယန်ဇီကို ထိတ်လန့်သွားစေပြီး လီလော့၏တဖြည်းဖြည်းနီးကပ်လာသောလက်ကြောင့် သူမ၏နူးညံ့သိမ်မွေ့သောခန္ဓာကိုယ်တင်းမာလာပြီး၊ သူမ၏သွယ်လျသောလက်ချောင်းများကို အချင်းချင်းတင်းကြပ်စွာဆုပ်ကိုင်ပြီးစိတ်ထိန်းနေရသည်။

လီလော့၏ ရည်ရွယ်ချက်ကို သူမ နားမလည်နိုင်ပေ။သို့သော်လည်း ကျိုးကြောင်းဆီလျော်မှုကို ချုပ်ထိန်းထားပြီး မခို့တရို့သာ ပြုံးနေခဲ့သည်။

သို့သော် လီလော့သည် သူမ၏မျက်နှာကို ပေါ့ပေါ့တန်တန် ကိုင်တွယ်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။

ကျောက်ယန်ဇီ အနည်းငယ် ထိတ်လန့်သွားပုံရသည်။ သူဘာဖြစ်နေတာလဲ?

သူမသည် အများအားဖြင့် အခြားသူများကို ရူးသွပ်သည်အထိ လှည့်စားတတ်သော်လည်း အခုတော့ သူမ လှည့်စားခံလိုက်ရပြီ.....

"ခေါင်းဆောင်.... ရှင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ကျောက်ယန်ဇီ မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။

လီလော့က သူ့လက်ကိုပြန်ရုတ်ပြီး ပြုံးလိုက်ကာ....

"ဆန့်ကျင်ဘက်ယောက်ကျားသားတွေရဲ့ ထိတွေ့မှုကို မကြိုက်ဘူးမလား.... ဒါပေမယ့် မင်းကအရမ်းကို ရယ်စရာကောင်းတဲ့လူစားမျိုးပဲ...ဘာလို့ဟန်ဆောင်နေတာလဲ"

လီရုန်ယွင့် ပေးထားသော အချက်အလက်စာအုပ်ငယ်တွင် သရုပ်ဖော်အချက်အလက်များနှင့် ကောက်ချက်ချမှုများ အပြည့်ရှိသည်။ ယင်းတွင် မတူညီသော လူတစ်ဦးချင်းစီ၏ မှောင်မိုက်သော လျှို့ဝှက်ချက်များစွာ ပါဝင်သည်။ ကျောက်ယန်ဇီအတွက်ကတော့ ယောက်ျားများကို မုန်းတီးသည်ဟု ရေးသားထားသည်။

သူမသည် လောဘကြီးပြီး လက်တွေ့ဆန်သည်။ သို့သော် မရေမတွက်နိုင်သော ဆက်ဆံရေးများကြားတွင် ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ကာ လူတိုင်း၏ အထင်ကြီးလေးစားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။

သူမသည် မွေးစကတည်းက နိမ့်ပါးသော အနေအထားဖြင့် ပြည့်တန်ဆာဂေဟာတွင်ကြီးပြင်းလာခဲ့သည်။ဤနေရာသို့ရောက်ဖို့ ခြေလှမ်းတိုင်းတွင် မထင်မှတ်လောက်အောင် အဖိုးအခများပေးခဲ့ရသည်။

ထို့အပြင် မည်သူမျှ မမျှော်လင့်ထားနိုင်သည့် အရာမှာ သူမ၏ နှလုံးသားထဲတွင် ယောက်ကျားများကို နက်နက်ရှိုင်းရှိုင်းမုန်းတီးနေခြင်းပင်........

ပြေပြစ်သော အပြုံးတိုင်းသည် ဒေါသနှင့် တုန်လှုပ်နေသော နှလုံးသားနှင့် တွဲဆက်နေသည်။

လီလော့၏ မှန်းဆချက်မှာ သူမသည် ငယ်စဉ်ကပင် ရွံရှာဖွယ် မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရပြီး သူမ၏ နှလုံးသားပေါ်တွင် အရိပ်တစ်ခု ဖုံးလွှမ်းနေပေလိမ့်မည်။

ကျောက်ယန်ဇီသည် လီလော့၏ တုံ့ပြန်မှုကြောင့် အနည်းငယ် မှင်တက်သွားပုံရသည်။ သူမ၏ အနက်ရှိုင်းဆုံး၊ အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

သူမ၏ ကျက်သရေရှိလှသော အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အေးစက်သော ခံစားချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ၏ ညုတုတုလေသံသည်ပင် အေးစက်သွားခဲ့သည်။

"တတိယသခင်လေးရဲ့ ဉာဏ်ရည်ထက်မြက်မှုက အထင်ကြီးလောက်စရာပဲ"

" တတိယသခင်လေးတစ်ယောက်အနေနဲ့ ကျွန်မ ခံစားခဲ့ရတဲ့ အခက်အခဲတွေကို ရှင်ဘယ်တော့မှ နားမလည်နိုင်မှာမဟုတ်ဘူး....ရှင်က ပြင်ပနတ်ဘုရားတိုက်ကြီးမှာကြီးပြင်းလာခဲ့ပေမယ့် ရှင့်မှာ ထူးချွန်တဲ့မိဘတွေရှိတော့ အဆင့်အတန်းနိမ့်ကျတယ်ဆိုတာ ဘာမှန်းသိမှာမဟုတ်ဘူး... ပြည့်တန်ဆာဂေဟာတစ်ခုမှာ မွေးဖွားသူတစ်ယောက်က ထူးခြားတဲ့အရာတွေရရှိနိုင်မယ်လို့ တကယ်ပဲထင်နေတာလား...အရင်းအမြစ်တွေရဖို့အတွက် ယောက်ျားတွေကို ဖြားယောင်းပြီး အရူးလုပ်နေတယ်လို့ ထင်နေတာလား...."

လီလော့ နှုတ်ဆိတ်နေ၏။ ရက်စက်ကြမ်းကြုတ်သော စကားလုံးများနောက်ကွယ်တွင် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော အဓိပ္ပါယ်ကို သူခံစားနိုင်သည်။သူမ ယခုလိုအနေအထားမျိုးရရှိရန် အလွန်အမင်း ပင်ပန်းခဲ့ရပါသည်။

"ငါ့ရဲ့ရည်ရွယ်ချက်က မင်းကိုဘယ်တုန်းကမှ မထီမဲ့မြင်ပြုချင်ခဲ့တာမဟုတ်ဘူး..... ဆန့်ကျင်ဘက်အနေနဲ့ မင်းကိုလေးစားပါတယ်...." လို့ လီလော့က ရိုးရိုးသားသားပြန်ဖြေလိုက်သည်။

ကျောက်ယန်ဇီ အနည်းငယ် လှုပ်ရှားသွားသည်။ သူ့ဘဝတစ်လျှောက်လုံး လူအများနဲ့တွေ့ဆုံခဲ့သဖြင့် လီလော့၏ ချီးကျူးစကားက စစ်မှန်တယ်လို့ ခံစားနေရသည်။

ရလဒ်အနေဖြင့် သူမ၏အကြည့်များ အနည်းငယ် ပူနွေးလာသည်။

"ကျွန်မမှာ ခေါင်းဆောင်နဲ့ ပရောပရည်လုပ်လိုတဲ့ ရည်ရွယ်ချက်ရှိခဲ့တယ်...ရှင် ကျွန်မကို စွဲလန်းပြီး ကျွန်မစကားတိုင်းကို နားထောင်ရင် ကျွန်မအတွက် အများကြီးအကျိုးရှိမှာပါ" ဟု ကျောက်ယန်ဇီက ရိုးရိုးသားသား ဝန်ခံလိုက်သည်။

"မင်းရဲ့ အားသာချက်တွေကို အသုံးချပြီး နောက်ထပ် အကျိုးကျေးဇူးတွေ ရရှိဖို့ မျှော်လင့်နေတာပေါ့..." လီလော့ ခေါင်းညိတ် ထောက်ခံလိုက်သည်။

"ခေါင်းဆောင်အသစ်တစ်ယောက်နဲ့ ဆက်ဆံတဲ့အခါ၊ မင်းရဲ့ လုံခြုံရေး ခံစားချက်ကို တိုးမြင့်စေဖို့အတွက် ဒီလိုနည်းလမ်းတွေကို အသုံးချမယ်ဆိုတာ နားလည်နိုင်ပါတယ်.... ဒါပေမယ့် ဒီလိုလုပ်ဖို့ မလိုအပ်ဘူး.... မင်း သစ္စာရှိရှိနဲ့ ရိုးသားစွာ လုပ်ဆောင်နေသရွေ့ အရင်ကပြောခဲ့တဲ့အတိုင်း မင်းကို အမြဲကာကွယ်ပေးမှာပါ...."ဟု လီလော့က လေးနက်စွာ ရှင်းပြခဲ့သည်။

ကျောက်ယန်ဇီက လီလော့ကို အံ့သြသော အကြည့်ဖြင့် ကြည့်သည်။ဒီလောက်ရိုးရှင်းနိုင်ပါ့မလား.....

မည်သို့ပင်ဆိုစေကာမူ သူမရှေ့က လူငယ်သည် မုသားစကားမပါဘဲ သူ့နှလုံးသားထဲကဆန္ဒအတိုင်း ပြောဆိုနေပုံရသည်။လီလော့လို ဂုဏ်သရေရှိသူတစ်ယောက်က သူမကို လိမ်ညာနေစရာမလိုပေ။

ထို့ကြောင့် သူမ ပို၍ စိတ်ရှုပ်လာသည်။ အတိတ်က သူနဲ့ ထိတွေ့ဖူးတဲ့ ယောက်ျားအားလုံးနီးပါးဟာ သူတို့ရဲ့ ရွံရှာဖွယ် ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက်သာ သူမကို လိုအပ်ခဲ့ကြသည်။

"ဒါဆို ကျွန်မမှာ အထင်ကြီးစရာကောင်းတဲ့ ကျောထောက်နောက်ခံရှိနေပြီလို့ ပြောနေတာလား။" ကျောက်ယန်ဇီ သတိကြီးကြီးထားပြီး မေးလိုက်သည်။

လီလော့ ခေါင်းညိတ်ပြသော်လည်း ကျောက်ယန်ဇီ မယုံနိုင်သေးပေ။

"ရှင် ကျွန်မခန္ဓာကိုယ်ကို မမက်မောဘူးလား"

လီလော့၏ မျက်နှာမည်းမှောင်သွားပြီး.... "ငါက စေ့စပ်ထားပြီးသား.....မင်းကို စိတ်မဝင်စားဘူး"

" ခေါင်းဆောင်....ရှင်နဲ့ စေ့စပ်ထားသူက ပြင်ပနတ်ဘုရားတိုက်ကြီးကမလား.... ကျွန်မလောက် လှနိုင်ပါ့မလား....."

ကျောက်ယန်ဇီက မကျေနပ်တဲ့ လေသံနဲ့ မေးလိုက်သည်။

လီလော့ သူမကို မမက်မောတာကိုလက်ခံနိုင်သည်။ သို့သော်၊ အထူးသဖြင့် အပြင်ဘက်နတ်ဘုရားတိုက်ကြီးလို လူဆိတ်ညံရာအရပ်တွင် သူ့ထက် ပိုလှပနိုင်သည့် အမျိုးသမီးတစ်ဦးရှိရန် မဖြစ်နိုင်ပေ။

သူမသည် သူမ၏ကိုယ်ပိုင်ဆွဲဆောင်မှုကို အလွန်ယုံကြည်မှုရှိသည်။

လီလော့က စိတ်ကုန်နေဟန်ဖြင့်ခေါင်းယမ်းလိုက်ပြီး.... "ပိုးစုန်းကြူးက တောက်ပတဲ့လမင်းနဲ့ ဘယ်လိုယှဉ်နိုင်မလဲ...."

ကျောက်ယန်ဇီက ရိုင်းစိုင်းသော တုံ့ပြန်မှုကြောင့် အံကြိတ်ထားရင်း.....

"ခေါင်းဆောင်...ရှင့်ဟာသက မရယ်ရဘူး.....ရှင်နဲ့စေ့စပ်ထားသူကို နဂါးစွယ်ကလန်ကို ဖိတ်ကြားပြီး လမင်းရဲ့တောက်ပမှုကို သက်သေပြလိုက်စမ်းပါ......"

"တစ်နေ့တော့ ရောက်လာလိမ့်မယ်....."

လီလော့သည် သူ့စိတ်ထဲတွင် ကြော့ရှင်းသော နတ်ဘုရားမရုပ်သဏ္ဍာန်ပေါ်လာသဖြင့် ပြုံးလိုက်မိသည်။

"အဲဒီနေ့ရောက်လာရင် မင်းကို ဘာကြောင့် မတပ်မက်သလဲ နားလည်လာလိမ့်မယ်......"

All Chapters