← Chapters

ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ဘာတွေကြံနေတာလဲ

Vol. 12 Ch. 111

ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ဘာတွေကြံနေတာလဲ

Vol. 12 Ch. 111

“ယွင်လင်ဂိုဏ်းနဲ့ ဟိုင်မိသားစုက ပေါ်ပေါ်တင်တင်ကော၊ခိုးကြောင်ခိုးဝှက်ကော နှစ်အကြာကြီး ယှဉ်ပြိုင်လာခဲ့ကြတာ၊ အခုလိုမျိုးအခြေအနေမျိုးကို ယွင်လင်ဂိုဏ်းက အလွတ်ခံမယ်လို့များ ထင်နေတာလား” ကျောက်ရီချိုးက ယပ်တောင်ကို တဖျတ်ဖျတ်ခပ်ရင်း ဆိုလိုက်သည်။

“ငါ့ အထင်သာ မမှားဘူးဆိုရင် ယွင်လင်ဂိုဏ်းက အခုလောက်ဆိုရင် စပြီးတော့တောင် လှုပ်ရှားနေလောက်ပြီ။

“ပြီးတော့ ယွင်လင်ကုန်သွယ်ရေးကုမ္ပဏီရဲ့ သူဌေးက တော်တော်ကို ပါးနပ်တဲ့ လူတယောက်ပဲ။ကျုပ်တို့ ချန်ချင်းကုမ္ပဏီနဲ့ မင်ဟိုင်ကုမ္ပဏီတို့ စပြီးယှဉ်ပြိုင်ကတည်းကိုက သူတို့ယွင်လန်လုပ်ငန်းစုက နှစ်ဖက်စလုံးကို အပြစ်မပြုပဲ ရှောင်နေခဲ့တယ်။ကျုပ်တို့ တိုက်ခိုက်တာကို ကြည့်နေပြီး နောက်ဆုံးမှ အကျိုးအမြတ်တွေအကုန်လုံးကို ရိတ်သိမ်းမယ့် တံငါသည်တယောက်လို ပြုမူနေခဲ့တာပဲ။

သူတို့ရဲ့ ပထမဦးဆုံးရည်ရွယ်ချက်က ဟိုင်မိသားစုကို အကြီးအကျယ် ဆုံးရှုံးသွားစေချင်တာပဲ၊နောက်ရည်ရွယ်ချက်က ကျုပ်တို့ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစုရဲ့ အင်အားကို စောင့်ကြည့်ချင်တာပဲ”

“လင်းဝမ်ရှုက ရည်မှန်းချက်လည်းကြီးသလို စိတ်လည်းရှည်တဲ့လူပဲ။ ကျုပ်ခန့်မှန်းတာမမှားရင် လင်းဝမ်ရှုက ဟိုင်မိသားစုရဲ့ အရေးနဲ့ပတ်သက်ပြီးတော့ အရေးစယူနေလောက်ပြီ။ ဒါပေမယ့်လည်း အရင်ဆုံး စလှုပ်ရှားမှာတော့ မဟုတ်ဘူး။ သူက ဟိုင်မိသားစုနဲ့ ရန်ညှိုးကြီးကြီးမားမားရှိတဲ့ လူတွေကို အရင်ဦးဆုံးလှုပ်ရှားအောင်လို့ သတင်းဖြန့်လိမ့်မယ်”

“အဲ့ဒီ့လူတွေလှုပ်ရှားပြီးမှသာ ယွင်လင်လုပ်ငန်းစုက သူတို့ဝေစုကို လာထွက်ယူကြလိမ့်မယ် ဟုတ်တယ်မဟုတ်လား”

ပိုင်ကျင့်ဖေးက အံ့အားတကြီးနှင့် ဝင်ရောက်ပြောဆိုလိုက်သည်။

“ဒီ လင်းဝမ်ရှုဆိုတဲ့ လူက နှယ်နှယ်ရရ မဟုတ်ပါလား”

“သေချာတာပေါ့”

ကျောက်ရီချိုးက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေ၏။

“ယွင်လင်ဂိုဏ်းက အဲ့ဒီ့အတိုင်းကို ကျိန်းသေပေါက် လှုပ်ရှားကြလိမ့်မယ်။အဲ့ဒီ့အချိန်ကျရင် ဟိုင်မိသားစုရဲ့ ပိုင်ဆိုင်မှုကို လာလုကြမယ့်အင်အားစုတွေက သိပ်ကို များပြားနေလိမ့်မယ်။အဲ့ဒီ့အင်အားစုတွေကြားထဲမှာ ငါတို့ချန်ချင်းကုမ္ပဏီက ဝင်ပါပြီး လုဖို့ဆိုတာက လုံးဝကို မဖြစ်နိုင်သလို အင်အားလည်း မျှတမနေဘူး၊ ပြီးတော့လည်း ငါတို့ရဲ့ ချန်ချင်းကုမ္ပဏီက တည်ထောင်ထားတာ ရက်နည်းနည်းပဲရှိသေးတယ်လေ။ ကျန်တဲ့ အင်အားစုကြီးတွေနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာမို့လဲ”

“တခြားမိသားစုတွေက မူလအဆင့်တွေကို သွားလျှော့တွက်လို့ မရဘူး။ငါတို့ လုပ်ငန်းစုရဲ့ အုတ်မြစ်က နိမ့်ကျနေသေးတယ်။အခုချိန်က ငါတို့ စွန့်စားလို့မဖြစ်နေဘူး”

ကျောက်ရီချိုးက သက်ပြင်းတချက်ကို ဖျော့တော့စွာ မှုတ်ထုတ်လိုက်လေ၏။

“အဲ့ဒါနဲ့ပဲ ငါတို့တွေက လက်လျှော့လိုက်ကြတော့မှာလား” ပိုင်ကျင့်ဖေးမှာ သိသာစွာပင် အလိုမကျနေခဲ့ပေ။

“ကိုယ့်ပန်းကန်လုံး ဆန့်သလောက်ပဲ စားလို့ရတယ်။လောဘဆက်ကြီးနေမယ်ဆိုရင် အစားနင်ပြီးသေတတ်တယ်တဲ့” ကျောက်ရီချိုးက ဦးခေါင်းကို ဖြေးညင်းစွာ ယမ်းရင်းဆိုလိုက်၏။ယန်ပါးထောင်ကလည်း တခွန်းမှ ဝင်မပြောပဲ၊ကျောက်ရီချိုး၏ သုံးသပ်ပြမှုများကို တွေးတောနေတော့သည်။

ကျောက်ရီချိုး၏ သုံးသပ်ပြမှုများမှာ အကျိုးအကြောင်းနှင့် ညီညွတ်လှသည်ဟု သူ ခံစားခဲ့ရသည်။ချန်ချင်းကုမ္ပဏီကသာ ဝင်ပါမိမည်ဆိုပါက အကျိုးအမြတ်ရရှိမည်ထက် ဆုံးရှုံးမှုများမှာ ပိုများပေလိမ့်မည်။

“ခင်ဗျားတို့နှစ်ယောက်စလုံးကသာ ဒီကိစ္စကို လက်မလျှော့ချင်ဘူးဆိုရင်တော့ လူကြီးမင်းချန်ချင်းရဲ့ အကူအညီကို ယူမှပဲ ဖြစ်လိမ့်မယ်ထင်တယ်”

ကျောက်ရီချိုးက ယန်ပါးထောင်ကို ကြည့်ကာ ပြောလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် သူ့နှုတ်မှ ထိုစကားထွက်သွားသည်နှင့် ယန်ပါးထောင်ကော၊ပိုင်ကျင့်ဖေးပါ ဦးခေါင်းများကို ပြိုင်တူခါယမ်းလိုက်လေ၏။သူတို့က ဟိုင်မိသားစု၏ အရှုပ်ထုတ်ကိစ္စကို မရှင်းနိုင်သောကြောင့် လီချန်ချင်းအား တကြိမ်ဒုက္ခပေးခဲ့ပြီးပြီ ဖြစ်လေသည်။ နောက်ထပ်တကြိမ် လီချန်ချင်းအား မတောင်းဆိုဝံ့တော့ပေ။

“လူကြီးမင်းချန်ချင်းကို အကူအညီတောင်းဖို့ထက် အကျိုးအမြတ်တွေကိုပဲ လက်လျှော့လိုက်တော့မယ်” ပိုင်ကျင့်ဖေးက သက်ပြင်းဖျော့ကို မှုတ်ထုတ်ရင်းဆိုလိုက်တော့သည်။

“လူကြီးမင်းချန်ချင်းက ယွင်လင်ဂိုဏ်းနဲ့ ဟိုင်မိသားစုကိစ္စကို ဖြေရှင်းထားပြီးပြီ။ငါတို့က အရှက်မရှိပဲ လူကြီးမင်းချန်ချင်းရဲ့ အကူအညီကိုသာ ထပ်တောင်းလိုက်မယ်ဆိုရင် ငါတို့နဲ့ လမ်းဘေးကအမှိုက်နဲ့က ဘာမှ မကွာတော့ဘူးပဲ။ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ကျင့်ဖေးဆိုတဲ့ ကျုပ်က အရှက်တော့ရှိသေးတယ်”

“ကျုပ်လည်း အဲ့ဒီ့အကြံက မကောင်းဘူးလို့ တွေးမိတယ်ဗျ။ကျုပ်တို့က လူကြီးမင်းချန်ချင်းကို စိတ်ပျက်စေမိသွားရင် သူက ချန်ထင်မြို့ကနေ ထွက်သွားလိမ့်မယ်။အဲ့အချိန်ကျရင် ကျုပ်တို့ရဲ့ ဆုံးရှုံးမှုက ပိုပြီးတော့ ကြီးမားလိမ့်မယ်”

ယန်ပါးထောင်က လေးနက်စွာ ပြောလိုက်သည်။

ကျောက်ရီချိုးသည်လည်းပဲ ခေါင်းညိတ်လိုက်လေသည်။

“ကျုပ်တို့ချန်ချင်းလုပ်ငန်းက ဖြေးဖြေးချင်းတိုးတက်တာမျိုးက ပိုသင့်တော်မယ်။ အခု ကျုပ်တို့လိုအပ်နေတာက အရင်တုန်းက အမှာစာ လာအပ်ဖူးတဲ့ လုပ်ငန်းရှင်တွေအပြင် နောက်ထပ်လူသစ်တွေပါ အမှာစာလာအပ်ဖို့ လိုအပ်နေတာပဲ။

ဟိုင်မိသားစုက ပျက်စီးဖို့ကံတရားကနေ မရှောင်လွှဲနိုင်တော့ဘူး။သူတို့က လုံးဝကို ခြိမ်းခြောက်မှုမဟုတ်တော့ဘူး။ကျုပ်တို့ လုပ်ငန်းစုက ဒီလုကျင်းမြို့မှာ ခြေကုပ်စယူလိုက်ပြီပဲ”

“ဟိုင်မိသားစုကို ကြောက်ရွံ့နေတဲ့ ဝယ်သူတွေကလည်း အခုဆိုရင် စိတ်ရှင်းရှင်းနဲ့ ကျုပ်တို့ဆီမှာ လာဝယ်နိုင်ကြပြီ” ကျောက်ရီချိုးက အပြုံးတခုနှင့် ဆိုလိုက်သည်။

ဟိုင်မိသားစု၏ အခြေအနေပြောင်းလဲမှုမှာ လွန်စွာမှကို လျှင်မြန်လွန်းလှပေ၏။အင်အားစုများစွာတို့မှာ ရေမြို့၌ သုံးရက်အတွင်းတွင် ဟိုင်မိသားစုကို ဝိုင်းဝန်းကာ တိုက်ခိုက်ကြလေ၏။

ဟိုင်မိသားစု၌ ကျွမ်းကျင်သူများစွာတို့ ရှိကြသည့်တိုင်၊မြောက်မြားစွာသော အင်အားကြီးရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သူတို့လည်း အချိန်ကြာမြင့်စွာ တောင့်မခံနိုင်ကြတော့ပေ။

ညတွင်းချင်းပင် ရေမြို့ရှိ ဟိုင်မိသားစုဝင်တိုင်းမှာ အသတ်ဖြတ်ခံခဲ့ကြရလေ၏။သွေးများမှာ မြစ်များစီးဆင်းသလိုမျိုး စီးဆင်းနေခဲ့သည်။လူများပြောဆိုပုံအရ ထိုညက ရေမြို့သခင်ပင်လျှင် ဟိုင်မိသားစုကို ကိုယ်တိုင်သတ်ဖြတ်သည့်အထဲ၌ ပါဝင်သည်တဲ့။

အခြားမြို့များတွင်ရှိသည့် မင်ဟိုင်ကုန်သွယ်ရေးဌာနခွဲများသည်လည်း တူညီသောကံကြမ္မာကို ခံစားခဲ့ကြရတော့လေသည်။ခံစားခဲ့ရသည့် နည်းလမ်းများမှာ အလွန်အင်မတန်ပင် ရက်စက် ကြမ်းကြုတ်လွန်းလှပေသည်။

မင်ဟိုင်ကုန်သွယ်လုပ်ငန်းရှိ ငွေကြေးများနှင့် ကုန်ပစ္စည်းများအားလုံးမှာ လုယက်ခြင်းကို ခံလိုက်ခဲ့ရသည်။ထိုဖြစ်ရပ်များမှာ မင်ဟုန်ခရိုင်၌ ဖြစ်ပွားနေခဲ့ကြသော်လည်း ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ထိုကဲ့သို့ ဖြစ်ရပ်များမှာ သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သောကြောင့် ဝင်ရောက်မစွက်ဖက်ခဲ့ချေ။

သာမန်အများပြည်သူများကို အဆင်အခြင်မဲ့စွာ မသတ်ဖြတ်သရွေ့ လေးနက်သော ပြသနာဟု မယူဆကြပေ။ထိုဖြစ်ရပ်မှာ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာသည့် ဖြစ်ရပ်ဖြစ်လေ၏။ထိုသို့သော အရာမျိုးမှာ လောကကြီး၌ နေ့စဉ်ဖြစ်ပွားနေသော သာမန်ဖြစ်ရပ်သာ ဖြစ်သည်မဟုတ်ပါလား။

ဟိုင်မိသားစု၏ ဖြစ်ရပ်ဆိုးမှာ မင်ဟုန်ခရိုင်တခုလုံးကို လှုပ်ခတ်သွားစေခဲ့တော့သည်။အခြေအနေကို အာရုံစိုက်နေကြသော အင်အားစုများသည်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို သတိထားမိလာကြတော့၏။ထိုဖြစ်ရပ်ကြောင့် ချန်ချင်းကုန်သွယ်ရေးမှာ နာမည်ကြီးလာခဲ့တော့၏။

ထိုသို့ဖြစ်ရခြင်းမှာ အပြင်ဘက်တွင် ပျံ့နှံ့နေသော ယုတ္တိမတန်သော ကောလဟာလများကြောင့်ပင် ဖြစ်သည်။ကောလဟာလများမှာ တခုထက်တခုက ပိုမို၍ မယုံကြည်နိုင်ဖွယ်ဖြစ်လာတော့သည်။ကောလဟာလတိုင်းလိုလိုတွင် ဟိုင်စန့်ထောင်၏ သေဆုံးမှုမှာ ချန်ချင်းကုန်သွယ်ရေး၏ လက်ချက်ဖြစ်ကြောင်း တညီတညွတ်တည်း ဆိုခဲ့ကြသည်။ထို့ကြောင့် မည်သူမျှမသိကြသော ကုန်သွယ်ရေးလုပ်ငန်းဖြစ်သည့် ချန်ချင်းလုပ်ငန်းစုသည် လူတိုင်း၊အင်အားစုတိုင်း စောင့်ကြည့်နေကြသည့် လုပ်ငန်းစုတခုအဖြစ်သို့ နေ့ချင်းညချင်းကို ရောက်သွားခဲ့လေတော့သည်။

သူတို့အားလုံးက ချန်ချင်းကုန်သွယ်ရေး၏ နောက်ကြောင်းကို စုံစမ်းခဲ့ကြပြီးနောက်တွင် ထိုကုန်သွယ်ရေးလုပ်ငန်းမှာ တောကြိုအုံကျားနေရာဖြစ်သော ချန်ထင်မြို့မှ လာရောက်ဖွဲ့စည်းထားသော လုပ်ငန်းစုလေးဆိုတာကို သိလိုက်ကြရတော့သည်။ထိုကုမ္ပဏီ၏ သူဌေးမှာ မူလအဆင့်ကို လောလောလတ်လတ် ရောက်ရှိထားသော ယန်ပါးထောင်ဖြစ်သည်ကိုပင် သိခဲ့ကြရ၏။

သူက ယန်မိသားစု၏ မိသားစုခေါင်းဆောင်လည်း ဖြစ်သည့်အပြင် လောလောလတ်လတ်အဆင့်တက်ထားသဖြင့် သူ့က စွမ်းအားမည်သို့ ကြီးမားနိုင်ပါ့မလဲ

ထို့ကြောင့် မြောက်မြားစွာသော ပါးစပ်ပြောပုံပြင်များ ပေါ်ထွက်လာခဲ့တော့သည်။အချို့က ပြောကြသည်မှာ ချန်ထင်မြို့၌ မူလအဆင့်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသော ဘုန်းတော်ကြီးတပါးက သီတင်းသုံးနေသည်ဟု ဆိုကြ၏။ထိုဘုန်းတော်ကြီးမှာ သေလုနီးပါး ဒဏ်ရာရရှိနေချိန်၌ ယန်ပါးထောင်က ကယ်တင်ပေးခဲ့ခြင်းကြောင့် ကျေးဇူးပြန်ဆပ်သည်ဟု ပြောကြသည်။

အချို့က ပြောကြသည်မှာ ယန်ပါးထောင်၏ သမီးဖြစ်သူ ယန်ယုယွင်က ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် တာအိုလက်တွဲဖော်တယောက် တွေ့ခဲ့သည်တဲ့။ထိုတာအိုလက်တွဲဖော်ဖြစ်သူမှာ တောင်သခင်တပါး၏ ကိုယ်ပိုင်တပည့်ဖြစ်နေပြန်သည်။ယန်ယုယွင်မှာ မိသားစုအခက်အခဲကို ဖြေရှင်းရန်အတွက် သူမ၏ တာအိုလက်တွဲဖော်ဖြစ်သူကို အကူအညီတောင်းခဲ့သည်တဲ့။ထိုတာအိုလက်တွဲဖော်ကို လွန်စွာ တန်ဖိုးထားသော တောင်သခင်မှ ထိုကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းကာ ဟိုင်စုန့်ထောင်ကို သတ်ဖြတ်ခဲ့သည်တဲ့။တောင်သခင်မှာ သူ၏ သရုပ်မှန်ကို မဖော်ပြပဲ တိတ်တဆိတ်သာ လှုပ်ရှားခဲ့သည်တဲ့။

နောက်ထပ် ကောလဟာလမှာမူ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစု၏ နောက်ကွယ်တွင် လွန်စွာ ဆန်းကြယ်ကာ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်ကြီးတယောက်ရှိသည်တဲ့။ထိုပုဂ္ဂိုလ်ကသာ အရာရာကို ဆုံးဖြတ်နေပြီး ယန်မိသားစုနှင့် ကျန်သောသူများမှာ ရုပ်သေးရုပ်သာသာ ဟန်ပြသာ ဖြစ်သည်တဲ့။

ချန်ချင်ကုန်သွယ်ရေးလုပ်ငန်းကို ဟိုင်မိသားစု၏ ဆက်ဆံမှုများကို သိရှိလိုက်ပြီးသည့်နောက်တွင် ထို ပုဂ္ဂိုလ်ကြီးမှာ လွန်စွာ ဒေါသူပုန်ထသွားပြီးနောက် ဟိုင်စုန့်ထောင်ကို ခေါင်းဖြတ်ကာ မင်ဟိုင်ကုန်သွယ်ရေးလုပ်ငန်းစု၏ အပြင်၌ ခေါင်းကို ပစ်ချခဲ့သည်ဟု ဆို၏။

နောက်ထပ် ပိုမို၍ ယုတ္တိမတန်သော ကောလဟာလများစွာတို့မှာလည်း လူအများကြားတွင် လွန်စွာမှကို ပျံ့နှံ့နေခဲ့တော့သည်။ ယန်ပါးထောင်ကိုယ်တိုင်ပင်လျှင် ထိုအရာများကို နားထောင်ပြီးသော် ရယ်ရမလို ငိုရမလိုပင် ခံစားနေခဲ့ရတော့၏။အချို့ ကောလဟာလများမှာမူ လက်ရှိအဖြစ်မှန်နှင့် နီးစပ်သည့်တိုင် ကျန်ရှိသော ကောလဟာလများမှာမူ ဖြစ်ရပ်မှန်နှင့် ဆန့်ကျင်ဖက်အဝေးဆုံးတွင် ဖြစ်နေခဲ့တော့သည်။

သို့သော်လည်း ရက်နည်းနည်းအတွင်းမှာပင် ဟိုင်မိသားစုတစုလုံး အဖြိုခွင်းလိုက်ရသည့် ဖြစ်ရပ်မှာမူ သူတို့၏ စိတ်ကူးကို လွန်စွာ ကျော်လွန်နေခဲ့တော့သည်။ဟိုင်မိသားစုတွင် ထိုကဲ့သို့ ရန်သူများစွာ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝကို မမျှော်လင့်ထားခဲ့မိပေ။

ယခင်တုန်းက ဟိုင်စုန့်ထောင်တယောက် အသက်ရှိစဉ်ကာလတုန်းကတော့ ထိုသူများမှာ ခေါင်းငုံ့နေကြပြီး အခွင့်အရေးကို စောင့်စားနေခဲ့ကြသည်။ယခုတွင် ဟိုင်စုန့်ထောင်က သေဆုံးသွားပြီဖြစ်သောကြောင့် သူတို့မှာ မည်သည့်အရာကိုမှ ဂရုမစိုက်နေကြတော့ပေ။

သို့ပေမယ့် ဟိုင်မိသားစုဝင်နှစ်ယောက်၏ တည်နေရာကိုမူ လုံးလုံးကို ရှာမတွေ့ခဲ့ကြချေ။ပျောက်နေသော နှစ်ယောက်အနက် တစ်ယောက်မှာ ဟိုင်စုန့်ထောင်သေဆုံးသွားသော နေ့လည်ခင်းထဲမှ ပျောက်ဆုံးသွားသော ဟိုင်ဒေါင်ရှန်းပင် ဖြစ်လေသည်။သူ ဘယ်ကို ထွက်သွားတာလဲဆိုတာကို မည်သူမျှ မသိကြပေ။

နောက်တယောက်မှာမူ ဟိုင်မိသားစု၏ အိမ်တော်ထိန်းချုပ်ကြီးဖြစ်သည့် ဟိုင်မင်းချန်ပင် ဖြစ်သည်။သူက အတိတ်တုန်းက ဆိုးရွားသောအရာများစွာတို့ကို ပြုလုပ်ခဲ့လေ၏။လူပေါင်းမြောက်မြားစွာတို့မှာ သူ့အားရန်ညှိုးဖွဲ့ထားကြသည်။ဒါပေမယ့် သူ့ကို ဘယ်လောက်ပဲ လိုက်ရှာရှာ၊ ရှာမတွေ့ခဲ့ကြပေ။

ဟိုင်မိသားစုဝင်များကို နှိပ်စက်ကာ စစ်ဆေးကြည့်သည့်အခါမှသာ ဟိုင်မင်းချန်သည် လွန်ခဲ့သောရက်အနည်းငယ်ခန့်က မင်ဟိုင်ကုန်သွယ်ရေးဌာနခွဲများကို ငွေပို့ရန်ဟူသော အကြောင်းပြချက်နှင့် ငွေများစွာကို ယူဆောင်သွားကာ ပျောက်ဆုံးသွားခဲ့သည်ဟု သိခဲ့ကြရလေ၏။

ဟိုင်စုန့်ထောင်သေဆုံးသွားသည်ကို သူ သိသွားသောကြောင့် ငွေမျးကို ယူဆောင်ကာ ထွက်ပြေးသွားပုံရလေသည်။ဟိုင်ဒေါင်ရှန်းကိုလည်း လူပေါင်းများစွာတို့မှ အသည်းအသန် လိုက်လံရှာဖွေနေခဲ့ကြတော့၏။

သူ့ကို အမည်ပျက်စာရင်းတွင်ပင် ထည့်သွင်းကာ လိုက်ဖမ်းနေခဲ့ကြတော့သည်။ယွင်လင်ကုန်သွယ်ရေးလုပ်ငန်းစုအတွက်မူ ထိုဖြစ်ရပ်မှ မြောက်များစွာသော အကျိုးအမြတ်များကို ရရှိခဲ့လေတော့၏။

ထိုသို့ဆိုသည့်တိုင် ထိုဖြစ်ရပ်မှာ လင်းဝမ်ရှုကို စိတ်မကျေနပ်လိုက်ခဲ့ပေ။သူမ၏ စိတ်က ပေါ့ပါးမနေသည့်အပြင် ဖိအားများနေခဲ့၏။ထိုသို့ဖြစ်နေရခြင်းမှာ သူမ နားမလည်နိုင်သည့် ကိစ္စရပ်တခု ရှိနေခြင်းကြောင့်ပင်။

ထိုကိစ္စရပ်မှာ အကျိုးအမြတ်ကြီးကြီးမားမားရသည့် ဟိုင်မိသားစု၏ ပိုင်ဆိုင်မှုများကို လုယက်ခွဲဝေသည့် ကိစ္စကြီးတွင် ပြသနာကို စတင်ခဲ့သည့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစုက သူတို့နှင့် ထိုဖြစ်ရပ်မှာ ဘာမျှမဆိုင်သည့်အလား ဖာသိဖာသာ နေနေခြင်းကြောင့်သာ ဖြစ်သည်။

မြို့ပေါင်းများစွာတွင် ဌာနခွဲများရှိသည့် ဟိုင်မိသားစု၏ စီးပွားရေးလုပ်ငန်းများနှင့် ပစ္စည်းများကို သိမ်းပိုက်ရန်အတွက် ချန်ချင်းကုန်သွယ်ရေးမှ လူတယောက်မျှပင် မလွှတ်ခဲ့သောကြောင့်သာ ဖြစ်သည်။လက်တွေ့ကျကျပြောရမည်ဆိုလျှင် ဟိုင်စုန့်ထောင်ကို သတ်ခဲ့သည်မှာ ချန်ချင်းကုန်သွယ်ရေးမှ ဖြစ်လေသည်။သူတို့ကသာ ခြင်္သေ့အပုံကို ယူချင်လျှင် ကျန်သော အင်အားစုအများစုမှာ ဘာမှမပြောနိုင်ပဲ လက်ရှောင်ကြရမည်သာ ဖြစ်သည်။အဲ့ဒါကိုတောင် ချန်ချင်းကုမ္ပဏီက ဘာလို့ မလှုပ်ရှားခဲ့ကြရတာလဲ?

ထိုအခြေအနေမှာ လင်းဝမ်ရှုအား ခေါင်းခဲနေစေခဲ့တော့သည်။လင်းဝမ်ရှုပင် မဟုတ်ချေ၊ အင်အားစုများ၏ နောက်ကွယ်မှ အကျိုးအမြတ်များစွာကို ရရှိသွားသော ခေါင်းဆောင်ကြီးများသည်လည်း ရင်တထိတ်ထိတ်နှင့် ရှိနေခဲ့ကြတော့သည်။

ချန်ချင်းကုန်သွယ်ရေးက ဘာတွေလုပ်ဖို့ ကြိုးစားနေခဲ့တာလဲ။ကုန်လွန်ခဲ့သော ရက်များတွင် ဟိုင်မိသားစု၏ နှောက်ယှက်မှုများ မရှိတော့သောကြောင့် ချန်ချင်းကုမ္ပဏီမှာ စီးပွားရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ခဲ့ကြသည်။

အသင့်စားစားသောက်ကုန်များမှာ မှာယူမှုများပြားလှလွန်းသောကြောင့် ရေးမှတ်ရသည့်လူများနှင့် စားဖိုမှုးများသည် သူတို့၏ လက်များ ယောင်ကိုင်းလာသည်အထိ အလုပ်ကို လုပ်နေခဲ့ကြရတော့သည်။ချန်ချင်းလုပ်ငန်းစု၏ အင်အားကို ကြောက်ရွံ့ခြင်းသာမက၊အသင့်စားစားသောက်ကုန်များ၏ အရသာများကို ကြိုက်နှစ်သက်ခြင်းကြောင့် ကုန်သည်များစွာတို့သည် ချန်ချင်းကုန်သွယ်ရေးသို့ လာရောက်ကြကာ အသင့်စားစားသောက်ကုန်များစွာတို့ကို အမှာစာ လာအပ်နှံခဲ့ကြလေသည်။

ချန်ချင်းကုန်သွယ်ရေးနှင့် ဈေးကွက်ပြိုင်ဆိုင်မှုဖြစ်ပေါ်နေသည့် စားသောက်ဆိုင်များပင်လျှင် သူတို့နှင့် အကျိုးတူပူးပေါင်းစပြုလာခဲ့ပြီ ဖြစ်၏။

ယခင်က မင်ဟိုင်ကုန်သွယ်ရေးနှင့် ပူးပေါင်းကာ အလုပ်အတူတူလုပ်ကြသည့် ကုန်သည်များပင်လျှင် ချန်ချင်းကုန်သွယ်ရေးသို့ ပြောင်းရွှေ့လာခဲ့ကြပြီ ဖြစ်လေသည်။

သူတို့ရောက်လာခဲ့ကြပြီးနောက်တွင် ချန်ချင်းကုန်သွယ်ရေးရှိ ကုန်ပစ္စည်းများ၏ အရည်အသွေးများမှာ လွန်စွာကောင်းမွန်လှကြောင်းကို သိလိုက်ကြရတော့သည်။ပြင်ဆင်မှုပုံစံများမှာ ပုံပြင်များထဲမှ အတိုင်းပင်၊ဈေးနှုန်းမှာမူ မင်ဟိုင်ကုန်သွယ်ရေးလုပ်ငန်းစုထက် များစွာ ချိုသာပေသည်။

အတိတ်တုန်းက မင်ဟိုင်ကုန်သွယ်ရေးမှ ကုန်ပစ္စည်းများကို ရရှိမှသာ သူတို့က ငွေရှာနိုင်ကြပေသည်။ယခုတွင်တော့ သူတို့အတွက် မျှော်လင့်ချက်ရောင်ခြည်တခုကို မြင်လိုက်ကြရချေပြီ။

ထိုရလဒ်ကြောင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ စီးပွားရေးမှာ ဤရက်ပိုင်းတွင် လွန်စွာမှကို ကောင်းမွန်နေခဲ့လေ၏။ထို့ကြောင့် မင်ဟိုင်ကုန်သွယ်ရေးလုပ်ငန်းစု၏ ကိတ်မုန့်တုံးအကျိုးအမြတ်ကို ယူရမည့်ကိစ္စကို သူတို့အားလုံးမေ့လျော့နေကြသည်မှာ မထူးဆန်းလှပေ။

သူတို့၏ ထိုကဲ့သို့ မလှုပ်ရှားသောအခြေအနေကြောင့် မင်ဟုန်ခရိုင်ရှိ အင်အားစုများ၏ ခေါင်းဆောင်များအားလုံးကို ဖင်ဂနာမငြိမ်ဖြစ်စေနေကြောင်းကို ယန်ပါးထောင်ကိုယ်တိုင်ပင် မခန့်မှန်းမိခဲ့ပေ။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစုက ဘာလုပ်ချင်တာလဲ။ဟိုင်စုန့်ထောင်ကိုကျတော့ သတ်ခဲ့ပြီးတော့တာတောင် ဟိုင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုကျတော့ တပြားတချပ်မှတောင် လာမထိခဲ့ကြပါလား။

၎င်းကိစ္စရပ်မှာ သူတို့နှင့် လုံးလုံးမျှ မသက်ဆိုင်သည့်အလားပင်။အဲ့ဒါကြီးက ဘာအဓိပ္ပာယ်ကြီးတုန်း။ပုံမှန်အချိန်တွင် လွန်စွာမှကို ဉာဏ်ထက်ကာ ကွက်ကျော်မြင်တတ်သည့် လင်းဝမ်ရှုကိုယ်တိုင်ပင် စိတ်ပူနေခဲ့ချေပြီ။

(အရှေ့အပိုင်းတွေမှာ လင်းဝမ်ဟွမ့်လို့ ဘာသာပြန်ခဲ့ပါတယ်၊မူရင်းမှာကိုက ဒီအပိုင်းကနေစပြီး နာမည်ပြောင်းသွားတာမို့လို့ ပြောင်းသွားတဲ့အတိုင်းပဲ ဘာသာပြန်ထားလိုက်ပါတယ်)

နှစ်ရက်တိတိတိုင်အောင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေပြီးသည့်နောက်တွင် သူမ၏ ဤစီးပွားရေးလောကအပေါ် နားလည်မှုမှာ မနက်ရှိုင်းသေးဟု ဆုံးဖြတ်ခဲ့လေသည်။ သူမ သည်းမခံနိုင်တော့ပေ။ထို့ကြောင့် သူမ၏ ဖခင်ဖြစ်သူအား စာပို့ကာ ဆုံးဖြတ်ပေးရန် တောင်းဆိုခဲ့တော့၏။

သို့သော်လည်း လင်းဝမ်ရှုလေး မထင်ခဲ့သည်မှာ သူမ၏ ဖခင်ဖြစ်သူ လင်းရှန်နန်းကိုယ်တိုင်ပင်လျှင် ဤရက်ပိုင်းတွင် ထိုကိစ္စကို အဖြေရှာမရ၍ ခေါင်းခဲနေခြင်းကိုပင် ဖြစ်သည်။

ဆန်းကြယ်တဲ့ စွမ်းအားရှင်ဖြစ်တဲ့ လီချန်ချင်းက ဒီအကွက်ကို ဘာလို့ရွှေ့ခဲ့တာလဲ?

အိမ်တွင် အေးအေးလူလူ ပန်းပုထုနေသော လီချန်ချင်းကိုယ်တိုင်မှာ မင်ဟုန်ခရိုင်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များက သူ့ကို စိတ်ပူပန်ကာ ကြောက်ရွံ့နေကြသည်ဟု လုံးဝကိုမမျှော်လင့်ထားသလို သိလဲ မသိပေ။

ဒီရက်ပိုင်းတွင် လီချန်ချင်း၏ ပန်းပုထုလုပ်သည့် လုပ်ငန်းစဉ်မှာ ပုံစံပေါ်လာပြီ ဖြစ်သောကြောင့် အသေးစိတ်ကျနစွာ ထုလုပ်ရသည့် အပိုင်းသို့ပင် ရောက်ရှိနေလေခဲ့ပြီ။လီချန်ချင်း၏ အတွေ့အကြုံအရ ခုနစ်ရက်ကြာပြီးလျှင် သူ၏ ပန်းပုထုသည့်လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားလိမ့်မည် ဖြစ်၏။

ကျန်းဖုကွမ်းမှာ အပြင်သို့ ထွက်သွားပြီး သုံးရက်မြောက်နေ့တွင် ယန်အိမ်တော်သို့ ပြန်ရောက်လာခဲ့လေ၏။သူ၏ ပုံစံမှာ အပန်းဖြေခရီးထွက်သွားသည့်အလားပင်၊ဘာမှ ပြောင်းလဲမှုဟူ၍ မရှိခဲ့ပါချေ။သူ ပြန်ရောက်ပြီးသည့်နောက်တွင် သူက ကြမ်းပြင်ကို တံမြက်စည်းပြန်လှဲ၏။ပန်းပင်များနှင့် စားပင်များကို ရေလောင်း၊ပေါင်းသင်ကာ ဂရုစိုက်ပေး၏။ထို့နောက်တွင် သမီးလေးဖြစ်သူ ကျန်းစစ်ယောင်လေးနှင့် ညစာတူတူစားကြသည်။

ဒါပေမယ့် ကျန်စစ်ယောင်လေးမှာ ဒီရက်ပိုင်းတွင် လီချန်ချင်း၏ ကျဉ်းမြောင်းသော ခြံဝင်းထဲ၌ နေထိုင်ရသည်မှာ အနည်းငယ် ဂနာမငြိမ်ဖြစ်နေခဲ့သည်။သူမလေးသည် ယန်မိသားစု၏ ကျယ်ဝန်းသော အိမ်ဝင်းအတွင်းတွင် စပ်စုစွာဖြင့် လျှောက်ကြည့် လျှောက်သွားနေခဲ့တော့သည်။

အစေခံများမှာ ကျန်းစစ်ယောင်က လီချန်ချင်း၏ ကာကွယ်မှုအောက်တွင် ရှိသည်ကို သိသောကြောင့် သူမလေးအား ခက်ခဲအောင် ဘာတခုမှ မလုပ်ကြပေ။သူမစိတ်ကြိုက် လျှောက်သွားခွင့်ပြုထားကြလေ၏။

ထိုရလဒ်မှာ ကျန်းစစ်ယောင်လေးသည် အားလပ်ချိန်တိုင်းတွင် ယန်မိသားစု၏ စာသင်ကျောင်းအပြင်တံခါးဝသို့ ရောက်နေခဲ့တော့သည်။အတွင်းရှိစာသင်နေကြသော ကလေးငယ်များသည် ယန်မိသားစု၏ ကလေးငယ်များဖြစ်ပြီး ကျန်းစစ်ယောင်လေးနှင့် အသက်တူဖြစ်သော ငါးနှစ်၊ခြောက်နှစ်အရွယ်များဖြစ်ကြလေသည်။ထိုကလေးငယ်များမှာ စာသင်ခန်းထဲတွင် ထိုင်နေကာ စာများကို ဖတ်ကာ ရွတ်ဆိုနေကြသည်။အချို့မှာ စာလုံးပေါင်းများကို သင်ယူနေကြလေ၏။

ထိုအခြေအနေမှာ ကျန်းစစ်ယောင်လေးကို မနာလိုဖြစ်စေခဲ့သည်။သူမက စာသင်ကျောင်းကို ငယ်ရွယ်စဉ်အချိန်က နှစ်ဝက်ခန့်သာ သင်ခဲ့ဖူးလေသည်။ထို့နောက်တွင် ကိစ္စအချို့ကြောင့် ကျောင်းမှ နှုတ်ထွက်ခဲ့ကြရလေ၏။ယခုတွင် အတွင်းရှိ စာရွတ်ဆိုသံများကို ကြားရသောကြောင့် ကျန်းစစ်ယောင်လေးမှာ စာကို အလွန်အမင်းသင်ကြားလိုခဲ့တော့သည်။ယန်မိသားစုဝင်ဖြစ်သော စာသင်ကြားပေးသည့်ဆရာကလည်း ကျန်းစစ်ယောင်လေးကို မြင်ပါသည်။သူမလေးမှာ လီချန်ချင်း၏ ကာကွယ်မှုအောက်တွင် ရှိကြောင်းကို သိသဖြင့် သူမ၏ နားထောင်နေမှုကို မတားဆီးခဲ့ချေ။လီချန်ချင်း၏ ခွင့်ပြုချက်လည်း ရှိမနေသောကြောင့် အထဲသို့ ဝင်ခွင့်လည်းမပြုရဲပေ။ထို့ကြောင့်သာ သူမကို မမြင်ချင်ယောင်သာဆောင်နေခဲ့ရတော့သည်။

အချိန်များမှာ နှေးကွေးစွာဖြင့် ကုန်ဆုံးသွားခဲ့တော့သည်။ချင်ကျူးတောင်တွင် လီဟမ်ရှန်းမှာ တံခါးပိတ်ကျင့်ကြံနေရာမှ ပြန်ထွက်လာခဲ့တော့သည်။သူ၏ ကျင့်ကြံခြင်းမှာလည်း တက်လှမ်းခြင်းအဆင့်ကိုး အထွတ်အထိပ်အခြေအနေတွင် တည်ငြိမ်သွားခဲ့ချေပြီ။

သူ၏ ပုံပန်းသွင်ပြင်မှာ များများစားစား ပြောင်းလဲသွားခြင်းမရှိသည့်တိုင် လက်ရှိတွင် သူက ပြန်လည်မွေးဖွားခြင်းအဆင့်သို့ရောက်ရန် ခြေတလှမ်းသာလိုတော့၏။ထိုခြေလှမ်းကိုသာ သူလှမ်းနိုင်မည်ဆိုပါက သူက စစ်မှန်သော ကျွမ်းကျင်သူတယောက် ဖြစ်လာခဲ့တော့ပေမည်။

လီဟမ်ရှန်းအပြင်သို့ ထွက်လာသည်နှင့် အသင့်စောင့်နေသော ရှုခွေက သတင်းလာပို့ခဲ့သည်။

“သခင်လေး၊ ကျိုးကျွင်း ရောက်နေပါတယ်။ သခင်လေးတံခါးပိတ်ကျင့်ကြံနေတာကို သူစောင့်နေတာ ရက်နည်းနည်းကြာနေပါပြီ”

“အကို၃ ရောက်နေတာလား”

လီဟမ်ရှန်းက တောက်ပစွာပြုံးလိုက်လေ၏။သူ၏ အကို၃ နှင့်မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် သူ သတိရနေခဲ့တော့သည်။သူက ခြံဝင်းလေးထဲသို့ ရောက်သည်နှင့် ကျိုးကျွင်း၏ အသံကို ကြားလိုက်ရတော့သည်။

“ညီ၄ မင်းကျင့်ကြံလို့ပြီးသွားပြီလား”

“ဟားဟား မင်းနဲ့ တွေ့ရဖို့အတွက် ငါ့မှာ စောင့်လိုက်ရတာကွာ” ကျိုးကျွင်းက ပြုံးရင်း လျှောက်လာခဲ့တော့သည်။

“အကို၃ မတွေ့ရတာ အတော်ကြာပြီပဲ။ကျွန်တော် အကို့ကို လာရှာသေးတယ်။ဒါပေမယ့်အကိုက တာဝန်နဲ့ ဂိုဏ်းအပြင်ကို ထွက်သွားတယ်ဆိုလို့ လွဲသွားခဲ့တယ်ဗျာ”

ကျိုးကျွင်းကို မြင်သော် လွန်စွာရင်းနှီးသော ခံစားချက်ကို ခံစားရသောကြောင့် လီဟမ်ရှန်းက ပြောလိုက်တော့လေသည်။

ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်နေသော အကို၃ကို မြင်ရသည်မှာ တကယ်ကောင်းလှ၏။

“ပြောမနေပါနဲ့တော့ကွာ။အဲ့ဒီသောက်တာဝန်က တော်တော်ကို အာရုံနောက်ခဲ့တာဟေ့”

ကျိုးကျွင်းက ဆက်မပြောလိုသည့်ဟန်နှင့် လက်ကိုဝှေ့ယမ်းလိုက်တော့သည်။

“အဲ့ဒါကို မပြောပဲထားရအောင် မင်းအတွက်ငါ ပစ္စည်းကောင်းလေးတွေယူလာတယ်။လာကြည့်ပါဦး”

“ပစ္စည်းကောင်း?” လီဟမ်ရှန်းက အနည်းငယ်ဆွံ့အနေခဲ့သည်။

“အမ၂ရဲ့ စိတ်ဝိဉာဉ်ကြက်တွေတော့ မဟုတ်ပါဘူးနော် အကို”

“ကျွတ်… ဘာစိတ်ဝိဉာဉ်ကြက်လဲ။ ဒီတခါ ငါဝယ်လာတာက တကယ့်ရတနာကြီးဟ” ကျိုးကျွင်းက ခြံဝင်းထဲရှိ ကျောက်စားပွဲကို လက်ညှိုးညွှန်ပြလိုက်လေ၏။စားပွဲပေါ်တွင် ဝိုင်းကရားတအိုး ရှိလေသည်။

ညစ်ပေကာ ဟောင်းနွမ်းနေသော ကရားအိုးကို ကြည့်ကာ လီဟမ်ရှင်းက ဝေခွဲရခက်နေသည့် အမူအရာနှင့် ပြောလိုက်လေသည်။

“အဲ့ဒါက ပန်းချီရတနာလား”

“-ီးကို ပန်းချီရတနာ၊ မင်းက ဘာပဲမြင်မြင် ပန်းချီရတနာလို့ပဲ တွေးနေတော့တာပဲ” ကျိုးကျွင်းက စိတ်တိုစွာ ပြောလိုက်သည်။

“ဒါက ဝိုင်ကရားလို့”

“ဝိုင်က ဘာများ စိတ်ဝင်စားဖို့ကောင်းလို့လဲ”

လီဟမ်ရှန်းက ချက်ချင်းပင် စိတ်မဝင်စားတော့ပေ။

“ဒီကောင်စုတ်လေးကတော့၊ အကောင်းအဆိုးကို နားမလည်ဘူး” ကျိုးကျွင်းက ဝိုင်ကရား၏ အဖုံးကို ဖွင့်ဟလိုက်လေတော့သည်။ချက်ချင်းပင် ဝိုင်သင်းရနံ့မှာ ထွက်ပေါ်လာခဲ့တော့သည်။ဝိုင်ရနံ့နှင့်အတူ ပေါကြွယ်ဝသော စိတ်ဝိဉာဉ်စွမ်းအားများ ပါဝင်လာခဲ့တော့၏။

“ဒါက…” လီဟမ်ရှန်း၏ မျက်လုံးများမှာ အရောင်လက်သွားခဲ့တော့သည်။သင်းရနံ့တခုတည်းနှင့်ပင် ဝိုင်ကရားမှာ ပစ္စည်းကောင်းဆိုတာကို သိနိုင်ပေသည်။

“ဒီဝိုင်က လင်ရွှမ်းကျားဖြူရဲ့ အမြူတေနဲ့ ချက်ထားတာကွ”

ကျိုးကျွင်းက အပြုံးတခုနှင့် ဆိုလိုက်သည်။

“လင်ရွှမ်းကျားဖြူတွေက အရမ်းကိုရှားပါးလွန်းတယ်လေ။ပြီးတော့ အမြူတေထုတ်နိုင်တဲ့ ကျားဖြူက ပိုလို့တောင်မှ ရှားပါးသေးတယ်။ဒီကျားဖြူရဲ့ ကျင့်ကြံဆင့်က အနည်းဆုံးတော့ မူလအဆင့်ပဲ”

“ဒီဝိုင်က ဘယ်ကနေရခဲ့တာလဲ”

လီဟမ်ရှန်းက သိလိုစွာနှင့် မေးလိုက်၏။မူလအဆင့်ရှိသော ဝိဉာဉ်သားရဲမှာ သာမန်လူများ အလွယ်တကူနှင့် ရရှိနိုင်သော အရာမျိုး မဟုတ်ပါချေ။

“ဟီးဟီး ညီ၄၊ မင်းက အားနေကျင့်ကြံဖို့ပဲ သိနေတာကြောင့် မင်ဟုန်ခရိုင်မှာ ဖြစ်သွားတဲ့ ကိစ္စကြီးကို မသိသေးဘူးမဟုတ်လား။ ဟိုင်မိသားစုဆိုတာကို မင်းကြားဖူးသလား”

ကျိုးကျွင်းက အပြုံးတခုနှင့် မေးလိုက်သည်။

All Chapters