လီဟမ်ရှန်းတယောက် သံသယဝင်လာပြန်ပြီ
Vol. 12 Ch. 112
“ဟိုင်မိသားစု”
ထိုအမည်မှာ သူနှင့် ရင်းနှီးနေသလို လီဟမ်ရှန်းက ခံစားခဲ့ရသည်။ ထို့နောက်မှ သူချက်ချင်း သတိရသွားခဲ့တော့လေသည်။ လုချောင်းချောင်းနှင့် လက်ထပ်ပွဲပြုလုပ်ရမည့် လူမှာ ဟိုင်မိသားစုမှ ဒုတိယသခင်လေး မဟုတ်ပါလား။
ထိုကိစ္စကြောင့်ပင် ဟိုင်မိသားစုဟူသော မိသားစုကြီးအကြောင်းကို လီဟမ်ရှန်းက သိလာခဲ့တော့သည်။ ထိုမိသားစုတွင် များစွာသော ပြန်လည်မွေးဖွားခြင်းအဆင့်များ ရှိကြပြီး မူလအဆင့်ပင်လျှင် နှစ်ယောက်ရှိလေ၏။
တယောက်မှာ သားကြီးဖြစ်သူ ဟိုင်ဒေါင်ရှန်ဖြစ်ပြီး ကျန်တယောက်မှာ လွန်စွာကြောက်ရွံ့ဖွယ်ကောင်းသော ဟိုင်မိသားစု၏ တည်ထောင်သူ ဟိုင်စုန့်ထောင်သာ ဖြစ်သည်။
လူအိုကြီးမှာ မူလအဆင့်အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်လေသည်။ မင်ဟုန်ခရိုင်တခုလုံးတွင် သူက ဒုတိယဆိုလျှင် ပထမဆိုသည်မှာ မရှိတော့ပေ။ ၎င်းတို့မိသားစုတွင် မင်ဟုန်ခရိုင်တခုလုံးကို ဖြန့်ထားသော မင်ဟုန်ကုန်သွယ်ရေးလုပ်ငန်းစုကြီး ရှိပေ၏။
သူတို့မှာ ငွေကြေးကော အာဏာကော ပြည့်စုံသည့် မိသားစုဟုခေါ်ဆိုလျှင်လည်း မှားလိမ့်မည်တော့ မဟုတ်ပါချေ။
“မင်ဟုန်ခရိုင်မှာ ကြီးကြီးမားမားတခုခုဖြစ်နေခဲ့လို့လား။ ဟိုင်မိသားစုနဲ့ သက်ဆိုင်လို့လား”
လီဟမ်ရှန်းက ထိုင်ချလိုက်ပြီးနောက် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များကို သေချာလေးသိချင်နေခဲ့၏။
“ဟိုင်မိသားစုတခုလုံး အချေမှုန်းခံလိုက်ရပြီ။ ဟိုင်မိသားစုဆိုတာ မရှိတော့ဘူးလို့တောင် ပြောလို့ရတယ်” ကျိုးကျွင်း၏ စကားကြောင့် လီဟမ်ရှန်း၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့တော့သည်။
“အချေမှုန်းခံလိုက်ရတယ်?” လီဟမ်ရှန်းက ထိုစကားကိုကြားသော် ယုံကြည်ရန်ပင် အလွန်ခက်ခဲသွားတော့လေ၏။ ဟိုင်မိသားစု၏ အင်အားနှင့်ဆိုလျှင် မည်သူကများ သူတို့ကို ချေမှုန်းနိုင်မှာလဲ။
“ဟုတ်တယ် ဟိုင်မိသားစုရဲ့ တည်ထောင်သူဘိုးဘေး ဟိုင်စုန့်ထောင်တောင် အသတ်ခံလိုက်ရတယ်လေ” ကျိုးကျွင်းက အပြုံးတခုနှင့် ပြောလိုက်လေသည်။
“ဟိုင်စုန့်ထောင်သေပြီဆိုမှတော့ အတိတ်တုန်းက ဟိုင်မိသားစုက အပြစ်ပြုထားတဲ့ ရန်သူတွေက ဒီအတိုင်းငြိမ်မနေတော့ဘူးဆိုတာကို မင်းနားလည်ထားရမယ်။သူတို့အားလုံးက ဟိုင်မိသားစုကို တိုက်ခိုက်ကြတယ်လေ။ ရေမြို့တခုလုံးဆိုရင် သွေးချောင်းကို စီးတော့တာပဲ။
“မင်ဟုန်ခရိုင်တခုလုံးက ဟိုင်မိသားစုရဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေက ရှိကို မရှိတော့ဘူးလေ။ ဒုတိယသခင်လေးကလည်း မြို့ထဲက အထွက်မှာတင် အသတ်ခံခဲ့ရတယ်။ ဒါပေမယ့် ကောလဟာလတွေအရတော့ သားကြီးကတော့ သေဘေးကနေ လွတ်ပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်တဲ့။ သူ ဘယ်ကိုထွက်သွားလဲဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြဘူး”
“သူက မူလအဆင့်ဖြစ်နေတာကြောင့် သူ့နောက်ကို လိုက်ဖို့ဆိုတာကတော့ အတော်လေးကို ခက်ခဲလိမ့်မယ်”
“ငါတို့ ကျိုးမိသားစုကလည်း ဒီဖြစ်ရပ်မှာ အကျိုးအမြတ်အများကြီး ရခဲ့တယ်လေ။ ဒီလင်းရွှမ်းကျားအမြူတေပါတဲ့ ဝိုင်အရက်က ရေမြို့ ဟိုင်မိသားစုဂိုထောင်ထဲကနေ တွေ့ခဲ့တာပေါ့။ ပြောကြတာကတော့ ဟိုင်စုန့်ထောင်က ဒါကို ပုံမှန်သောက်ပြီး သူ့ရဲ့ ကြွက်သားသန်စွမ်းမှုနဲ့ အသက်ကြီးရင့်မှုကို လျှော့ချဖို့ အသုံးပြုတယ်တဲ့။ အဲ့လိုဆိုမှတော့ ဒါက တကယ့်ကို ပစ္စည်းကောင်းပဲလေ။”
ကျိုးကျွင်းက လူယုတ်မာအပြုံးပြုံးကာ ပြောလိုက်လေ၏။
“ငါတို့ ကျိုးမိသားစုက ဒီလို ဝိုင်အိုးကို သုံးအိုးရလာခဲ့တာလေ။ ဂိုဏ်းတာဝန်ကို ဆောင်ရွက်ပြီးတော့ ငါလည်း အိမ်ကို ဝင်ပြီး တအိုး မလာခဲ့တော့တာပဲ။ ဒီဝိုင်အိုးကို ညီ၄နဲ့ အတူတူ သောက်ဖို့ကို တခါတည်း ငါတွေးလာခဲ့တော့တာပဲဟေ့။ မင်းရဲ့ အကို၃က မင်းအပေါ်မကောင်းဘူးလားဟေ။ ပစ္စည်းကောင်းတခုခုရတာနဲ့ အကို၃က မင်းကို အရင်သတိရတာနော်”
လီဟမ်ရှန်းမှာမူ ဟိုင်မိသားစု အချေမှုန်းခံရသည့် သတင်းကိုကြားပြီးနောက် ယခုထိ သတိပြန်မဝင်လာခဲ့သေးပေ။
ထိုကဲ့သို့သော အင်အားကြီးမားသည့် မိသားစုမှာ ညတွင်းချင်းပင် ပြာပုံဘဝသို့ ရောက်သွားခဲ့ကြရလေသည်။ အလွန်ကြောက်ရွံ့ဖွယ်ကောင်းလေစွ။
“အကို၃က အခုလိုမျိုး တန်ဖိုးကြီးတဲ့ ဝိုင်အိုးကို မသိအောင် မလာခဲ့မှတော့ အကို့အဖေက အကို့ကို ရိုက်မှာကို မစိုးရိမ်ဘူးလား”
လီဟမ်ရှန်းက ခေါင်းခါယမ်းကာ ရယ်မောရင်း မေးလိုက်၏။
“အမလေးကွာ ဝိုင်အိုးလေးတအိုးလောက်ကတော့ ထည့်ပြောနေဖို့ မလိုပါဘူးကွာ” ကျိုးကျွင်းက လက်ကိုဝှေ့ယမ်းရင်း ဆန်းကြယ်စွာနှင့် ဆက်ပြောသည်။
“စကားမစပ် ဟိုင်စုန့်ထောင်ကို သတ်လိုက်တာက ဘယ်သူလဲဆိုတာ မင်းသိလား”
“ ဟိုင်စုန့်ထောင်ကို သတ်နိုင်ဖို့ဆိုရင်တော့ အနည်းဆုံးတော့ မူလအဆင့်အထွတ်အထိပ်အဆင့်တော့ ရောက်နေမှ သတ်နိုင်လောက်မယ်။ ဒါမှမဟုတ် မူလအဆင့်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်လောက်ကို ရောက်နေတဲ့ မဟာအကြီးအကဲအဆင့်တွေလောက်ပဲ သတ်နိုင်မယ်လို့ ထင်တယ်”
လီဟမ်ရှန်းက ခန့်မှန်းလိုက်လေ၏။
“မင်ဟုန်ခရိုင်မှာ ဟိုင်စုန့်ထောင်ကို သတ်နိုင်တာ ဘယ်သူများဖြစ်နိုင်မလဲ။ ကျွန်တော်တို့ ရှေးဟောင်းတာအိုဂိုဏ်းကများလား”
“တကယ်တော့ မဟုတ်ဘူး” ကျိုးကျွင်းက သူ၏ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ အဲ့ဒီ့ဇာတ်လမ်းရဲ့အစက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကြောင့်ပဲ”
“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း?”
ထိုကုန်သွယ်ရေးလုပ်ငန်း၏ အမည်ကိုကြားသော် လီဟမ်ရှန်းမှာ အတော်လေးကို အံ့အားသင့်သွားခဲ့ပြန်သည်။ လုပ်ငန်းစု၏ အမည်မှာ သူ၏ ဖခင်ဖြစ်သူ၏ နာမည်နှင့် ဆင်တူနေခဲ့တော့၏။ သူ့ဖခင်အမည်မှာ လီချန်ချင်းဖြစ်သည်လေ။
ဒါပေမယ့်လည်း လီဟမ်ရှန်းက တိုက်ဆိုင်မှုတခုဟုသာ ယူဆခဲ့လေတော့သည်။ ထို့နောက်တွင် ကျိုးကျွင်းမှာ သူသိသလောက် အပေါ်ယံအကြောင်းများဖြစ်သည့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းနှင့် မင်ဟိုင်ကုန်သွယ်ရေးလုပ်ငန်းအကြား အဖုအထစ်များကို ပြောပြတော့လေသည်။
သူကြာကြာနားထောင်လေလေ၊ လီဟမ်ရှန်း၏ မျက်နှာအမူအရာမှာ ပိုမို၍ ထူးဆန်းလာလေလေ ဖြစ်နေခဲ့တော့သည်။
“စီနီယာအကို အခုပြောလိုက်တာက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းဆိုတာက မိသားစုငယ်လေးတွေ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ လုပ်ငန်းစုလို့ ပြောခဲ့တာလား”
လီဟမ်ရှန်းက လွန်စွာ အံ့ဩနေခဲ့ပြီး မေးလိုက်လေတော့သည်။
“ ပြီးတော့ ဒီမိသားစုငယ်လေးတွေအားလုံးကလည်း ချန်ထင်မြို့ကလား”
“ဟုတ်တယ်လေ” ကျိုးကျွင်းက ပြောပြလိုသော အကြောင်းအရာပြီးဆုံးသွားသောကြောင့် ခဏနားလိုက်၏။ ထို့နောက်မှ တစုံတခုကို သတိရသွားပြီးနောက်တွင် လီဟမ်ရှန်းအား ထူးဆန်းစွာဖြင့် ကြည့်လိုက်လေသည်။
“ညီ၄ မင်းကလည်း ချန်ထင်မြို့ကပဲ မဟုတ်လား။ အဲ့ဒါဆိုမှတော့ ဒီမိသားစုငယ်လေးတွေအကြောင်းကို မင်းကပိုပြီးတော့ သိမှာပေါ့”
“ကျွန်တော်က ချန်ထင်မြို့ကပါ။ ပြီးတော့ အဲ့ဒီ့မိသားစုတွေအကြောင်းကိုတော့ နည်းနည်းတော့ သိပါတယ်”
လီဟမ်ရှန်းမှာ လွန်စွာမှကို ထူးဆန်းသည့် ခံစားချက်ကို ဖြစ်ပေါ်နေခဲ့လေ၏။
ထိုကုန်သွယ်ရေးလုပ်ငန်းစုမှာ ချန်ထင်မြို့မှ မိသားစုများက စုပေါင်းစပ်ပေါင်းပြီး ထူထောင်ထားသည်ဆိုလျှင် ဘာလို့ လုပ်ငန်းစုနာမည်က သူ့အဖေနာမည်ကြီး ဖြစ်နေရတာလဲ။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတဲ့လား။ အဲ့ဒါကြီးက ထူးဆန်းလွန်းနေတယ် မဟုတ်ဘူးလား။ ကုန်သွယ်ရေးလုပ်ငန်းစုကို တည်ထောင်တဲ့ လူတွေက လီချန်ချင်းနဲ့ လားလားမျှ မဆိုင်တဲ့ လူတွေဖြစ်နေခဲ့တာကိုး။ လီဟမ်ရှန်းက ထို့ကြောင့် များများစားစား မတွေးတောခဲ့ပါချေ။ ဒါပေမယ့် သူ့အဖေက လောလောဆယ်မှာ ယန်မိသားစုမှာ အလုပ်ဝင်လုပ်နေခဲ့တာမဟုတ်ဘူးလား။
ပြီးတော့ လီဟမ်ရှန်း သိသလောက်ပြောရမည်ဆိုလျှင် ချန်ထင်မြို့တွင် မူလအဆင့်ကျွမ်းကျင်သူဟူ၍ ရှိမနေခဲ့ပေ။စွမ်းအားအကြီးဆုံးသော မိသားစုခေါင်းဆောင်သုံးဦးတို့မှာ ကျောက်ရီချိုး၊ ပိုင်ကျင့်ဖေ နှင့် ယန်ပါးထောင်တို့သာ ဖြစ်ကြပေသည်။
မိသားစုခေါင်းဆောင်တဦးဦးက ကံစွပ်ပြီး မူလအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ရင်တောင်မှ ဟိုင်စုန့်ထောင်ကို သတ်နိုင်ဦးမည် မဟုတ်ချေ။
ချန်ထင်မြို့မှာ ဘာတွေ ဖြစ်ကုန်တာလဲ
“ကောလဟာလတွေထဲကအတိုင်း ဒီမိသားစုငယ်လေးတွေရဲ့ နောက်ကွယ်မှာ တကယ်ပဲ စွမ်းအားကြီး ကျွမ်းကျင်သူတယောက်များ ရှိနေခဲ့တာလား”
ကျိုးကျွင်းက သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်ပြန်၏။
“ဘာလို့ အများကြီးတွေးနေဦးမှာလဲ။ လာ လာ ကျားဖြူအမြူတေနဲ့ ချက်ထားတဲ့ ဝိုင်ကို မြည်စမ်းရအောင်ကွာ။ ဒါပေမယ့် ဒီတိုင်းသောက်ရတာက ပျင်းဖို့တယ်ကောင်းသကွ။ ညီ၄ မင်းအမ၂ဆီကိုသွားပြီးတော့ စိတ်ဝိဉာဉ်ကြက်နှစ်ကောင်လောက် တောင်းခဲ့ကွာ”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျိုးကျွင်း၏ မျက်ဝန်းများမှာ အရောင်တလက်လက်တောက်ပနေခဲ့ချေပြီ။ လီဟမ်ရှန်းမှာ ကျိုးကျွင်း၏ ရည်ရွယ်ချက်ကို သိလိုက်ရသဖြင့် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေခဲ့တော့သည်။ ဝိုင်ကရားနှင့် သူ့ထံသို့ ရောက်လာသည့် ရည်ရွယ်ချက်မှာ အမ၂ရဲ့ ကြက်သားကို စားချင်လို့ကိုးး
“အမ၂က ကြက်တွေကို ကြီးပြင်းအောင် မွေးရတာ မလွယ်ကူပါဘူး။ အဲ့ဒါကြောင့် ထားလိုက်ပါတော့။ အကို့အတွက် ရိုးရိုးကြက်ကင်တကောင် ကျွန်တော်သွားဝယ်ပေးပါ့မယ်။ အရသာက သိပ်မကွာပါဘူး” လီဟမ်ရှန်းက တချက်ရယ်ကာ ခေါင်းယမ်းရင်း ပြောလိုက်သည်။
“အိုးးး ငါ့ရဲ့ ညီငယ်လေး၊ မင်းက အခွင့်အရေးရပြီး အရင်းအမြစ်တွေရနေတာတောင်မှ ဘယ်လို အသုံးချရမလဲဆိုတာကို မသိဘူးပဲ။ မင်းရဲ့ အမ၂က စိတ်ဝိဉာဉ်ကြက်တွေကို မင်းစားချင်သလောက်လာယူလို့ မှာထားတယ်လေကွာ။ မလာနိုင်ရင်တောင်မှ သူကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးပြီးတော့ မင်းဆီကိုတောင် ပို့ပေးမယ်လို့ပြောထားတာပဲလေ။ မင်းနေရာမှာသာ ငါဆိုရင်တော့ သူမကို နေ့တိုင်း ကြက်သားတွေ ပို့ခိုင်းမှာပဲ”
“ညီ၄ မင်းကွာ အခွင့်အရေးကို ကောင်းကောင်းအသုံးမချတတ်ဘူးကွာ။ ဖြုန်းတီးတာပဲ” ကျိုးကျွင်းက စိတ်ပျက်စွာ ပြောလိုက်၏။
“ အကို၃ ကျွန်တော်ကတော့ အကိုကတော့ တုတ်တောင်းနေတယ်လို့ထင်တာပဲနော်”
လီဟမ်ရှန်းက ရယ်မောလိုက်ပြီး စံအိမ်မှ အစေခံများကို အစားအစာများနှင့် ကြက်ကင်များကို ဝယ်ယူရန် စေခိုင်းလိုက်၏။
ကြက်ကင်လာမှာကို စောင့်နေရင်းနှင့် လီဟမ်ရှန်းက အခွင့်အရေးကို အသုံးချကာ ကျိုးကျွင်းအား မေးလိုက်၏။
“အကို၃ ကျွန်တော်က တက်လှမ်းခြင်းအဆင့်ကိုးရဲ့ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ။ သိပ်မကြာခင်မှာ မူလအဆင့်ကို ရောက်နိုင်တော့မယ်” လီဟမ်ရှန်းက ပြောလိုက်၏။
“ဒါပေမယ့် အကို၊ ကျွန်တော်က အခုထိအတွင်းအားကို မခံစားမိသေးဘူး။ ကျွန်တော့်ခန္ဓာကိုယ်က သွေးချီစွမ်းအားကတော့ အရမ်းကို ပြင်းထန်လွန်းတယ်။ ချီပင်လယ်ကို ချိုးဖောက်ဖို့ ကျွန်တော်ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ကျွန်တော်က ချီပင်လယ်ရဲ့ အကာအရံကိုတောင်မှ မချိုးဖြတ်နိုင်ခဲ့သေးဘူး။ အဲ့ဒါက ဘာကြောင့်များလဲဗျ”
ကျိုးကျွင်းမှာ ထိုမေးခွန်းကြောင့် အံ့အားမသင့်သွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဖြစ်ရပ်မှာ ပုံမှန်အတိုင်းသာ ဖြစ်၏။
သူက ပန်းသီးတလုံးကို ကောက်ကိုင်လိုက်ကာ တကိုက်ကိုက်လိုက်၏။ ထို့နောက်တွင် လီဟမ်ရှန်း၏ အနောက်သို့ လျှောက်လာကာ လီဟမ်ရှန်း၏ ကျောပေါ်သို့ လက်တင်လိုက်သည်။
“ ငါအာရုံခံကြည့်မယ်။ စိတ်လျော့ထားပြီး မခုခံနဲ့” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
ချက်ချင်းပင် စွမ်းအားကြီးမားလှသည့် အားလှိုင်းတရပ်မှာ သူ့ခန္ဓာကိုယ်တွင်းသို့ ကျူးကျော်လာသည်ကို ခံစားလိုက်ရတော့လေသည်။ ထိုစွမ်းအားမှာ ကျိုးကျွင်း၏ အတွင်းအားပင် ဖြစ်လေသည်။
ထိုအတွင်းအားမှာ သူ၏ သွေးချီစွမ်းအားပင်နှိုင်းယှဉ်၍ မရနိုင်လောက်သည်အထိကို စွမ်းအားကြီးမားကာ ပြင်းထန်လှပေသည်။
လီဟမ်ရှန်း၏ ကိုယ်တွင်းမှ ပြင်းထန်လှသော သွေးချီစွမ်းအားများကို ခံစားလိုက်ရသည့်အခိုက်တွင် မူလကတည်ငြိမ်နေသော ကျိုးကျွင်း၏ မျက်နှာအမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့တော့လေ၏။လီဟမ်ရှန်း၏ ကိုယ်တွင်းမှ သွေးချီစွမ်းအားများမှာ စွမ်းအားကြီးမားသည်ကို နဂိုကတည်းကိုက သူက သိထားပြီးသားဖြစ်ပေသည်။
ယခုမှသာ လီဟမ်ရှန်း၏ ကိုယ်တွင်းရှိ သွေးချီစွမ်းအားများကို နဖူးတွေ့ ဒူးတွေ့ကြုံလိုက်ရမှသာ လီဟမ်ရှန်း၏ သွေးချီစွမ်းအားမှာ မည်မျှကို သာမန်မဟုတ်ကြောင်းကို သူသေချာသိလိုက်ရလိုက်တော့သည်။
“မင်းမေကြီးတော်ကြီး” ဆဲရေးသော စကားတခု ကျိုးကျွင်း၏ နှုတ်မှထွက်လာခဲ့သည်။ သူက နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ လီဟမ်ရှန်းအား တုန်လှုပ်နေသော မျက်နှာအမူအရာနှင့် ကြည့်လိုက်တော့လေသည်။
“ညီ၄ မင်းဘယ်လိုသိုင်းကျင့်စဉ်တွေကို ကျင့်ကြံနေတာလဲကွာ။ ဘာလို့ မင်းရဲ့ သွေးချီစွမ်းအားတွေက အရမ်းကို ကြောက်ဖို့ကောင်းနေရတာလဲ” ကျိုးကျွင်းသည် ထိုကဲ့သို့ ထူးဆန်းကာ သာမန်မဟုတ်သည့် တက်လှမ်းခြင်းအဆင့်ကို လုံးဝကို မမြင်ဖူးခဲ့ပါချေ။
သံမျက်နှာဖုံးနှင့်လူကို တက်လှမ်းခြင်းအဆင့်၇နှင့် အနိုင်ယူနိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပါချေ။ သူ့မှာ အားကိုးစရာသိုင်းကျင့်စဉ်ရှိနေခဲ့တာပဲ။ ကျိုးကျွင်းမှာ သူ့ကိုယ်သူ ဉာဏ်ကြီးရှင်တယောက်၊ ပါရမီရှင်ဟု တွေးထားသော်လည်း သူ တက်လှမ်းခြင်းအဆင့်ကိုးတုန်းက ပိုင်ဆိုင်သည့် စွမ်းအားနှင့် ယခု တက်လှမ်းခြင်းအဆင့်ကိုးသို့ရောက်နေသော လီဟမ်ရှန်းနှင့် နှိုင်းယှဉ်လျှင် လွန်စွာမှကို ကွာဟချက်ကြီးမားကြောင်းကို သိလိုက်ရတော့သည်။
သူ၏ သွေးချီစွမ်းအားများမှာ မြစ်ငယ်လေးတစင်းလောက်သာ ရှိသော်လည်း လီဟမ်ရှန်းမှာမူ သမုဒ္ဓရာ ကြီးလောက် ဖြစ်နေခဲ့သည်။
“အဲ့ဒါဆိုရင် ကျွန်တော်က အဆင့်ချိုးဖြတ်ဖို့က အတော်လေးကို ခက်ခဲတာပေါ့နော်” လီဟမ်ရှန်းက ကျိုးကျွင်း၏ မေးခွန်းကို မဖြေခဲ့ပေ။ နေလအင်မော်တယ်နတ်ဆိုးခန္ဓာကျင့်စဉ်မှာ သူ၏ လျို့ဝှက်ချက်ဖြစ်လေသည်။ လူသိနည်းလေ အန္တရာယ်ကင်းလေ ဖြစ်သည်။
လောလောဆယ်တွင် သူဂရုစိုက်သည်မှာ နောက်တဆင့်ကို ချိုးဖြတ်ရန်ပင် ဖြစ်သည်။
“ခက်ခဲတယ်ဟုတ်လား? ခက်ခဲတာထက်ကို ပိုတာပေါ့” ကျိုးကျွင်းက သက်ပြင်းဖျော့တခုနှင့် ပြောလိုက်သည်။
“ချီပင်လယ်ကို ချိုးဖောက်တဲ့အချိန်ကျရင် သွေးချီစွမ်းအားကနေ အတွင်းအားအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် မင်းရဲ့ သွေးချီစွမ်းအားက အရမ်းကို စွမ်းအားပြင်းထန်နေခဲ့တာမို့လို့ ပြောင်းလဲဖို့က အတော်လေးကို ခက်ခဲနေလိမ့်မယ်။ ပြီးတော့ နောက်ထပ်အရေးကြီးတာတခုက မင်းရဲ့ ကိုယ်ခန္ဓာက အရမ်းကို ကြံ့ခိုင်လွန်းတာမို့လို့ကြောင့် ချီပင်လယ်အကာအရံကလည်း သာမန်ထက်အများကြီး သန်မာလွန်းနေတယ်။ အဲ့ဒါကြောင့်မို့လို့ မင်းအနေနဲ့ ချိုးဖြတ်ဖို့က အတော့်ကို ခက်ခဲနေလိမ့်မယ်”
“သာမန်တပည့်တယောက်က တက်လှမ်းခြင်းအဆင့်ကိုး အထွတ်အထိပ်ကို ရောက်ရင် နယ်ပယ်ချိုးဖြတ်ဆေးတလုံးထဲနဲ့တင် နောက်တဆင့်ကို အသာလေးတက်လှမ်းသွားနိုင်တယ်။ ဆေးတလုံးနဲ့တင် ချီပင်လယ်ကို ချိုးဖြတ်နိုင်လိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ ကိစ္စကတော့... ပြောရခက်တယ်။ နယ်ပယ်ချိုးဖြတ်ဆေးလုံးနဲ့ဆိုရင်တောင်မှ အောင်မြင်နိုင်စွမ်းက အရမ်းကို နည်းပါးလိမ့်မယ်”
ကျိုးကျွင်းက ရှင်းပြသည်။
“ဒါဆိုရင် တခြားဘာနည်းလမ်းတွေ ရှိနေသေးလဲ” လီဟမ်ရှန်းက မျက်မှောင်တွန့်ကွေးလိုက်လေသည်။ သူ၏ ကိုယ်ကာယကြံ့ခိုင်မှုမှာ ပြသနာဖြစ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။
ပြန်လည်မွေးဖွားခြင်းအဆင့်သို့ တက်လှမ်းရန်မှာ အလွန့်ကို ခက်ခဲလွန်းလှပေသည်။
“တခုတော့ရှိတာပေါ့” ကျိုးကျွင်းက အချိန်တခဏကြာအောင် တွေးတောလိုက်လေ၏။
“သာမန်အခြေအနေမျိုးမှာ ဆေးဝါးကို အသုံးပြုပြီး ချိုးဖြတ်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ချိုးဖြတ်တာနဲ့ဆိုပြီး နှစ်မျိုးရှိတယ်။ ဒါပေမယ့် မင်းရဲ့ အခြေအနေကျတော့ ကိုယ့်အားကိုယ်ကိုးပြီး ချိုးဖြတ်နိုင်မယ့် အခွင့်အလမ်းက အရမ်းကို နည်းပါးလွန်းနေတယ်။ ဒါပေမယ့် ဆေးဝါးကိုအားကိုးမယ်ဆိုပြန်တော့လည်း သာမန်နယ်ပယ်ချိုးဖြတ်ဆေးလုံးနဲ့ကျတော့လည်း အလုပ်မဖြစ်နိုင်ပြန်တော့ဘူး။ အဆင့်မြင့်ဆေးကို သုံးမှ ဖြစ်နိုင်လိမ့်မယ်။
“အဆင့်မြင့်နယ်ပယ်ချိုးဖြတ်ဆေးလား” လီဟမ်ရှန်းက သိလိုစွာနှင့် မေးလိုက်ပြန်သည်။
“ဆေးဝါးတွေမှာလည်း အဆင့်အမျိုးမျိုးရှိသေးတာပဲလား”
“သာမန်ဆေးဝါးတွေမှာတော့ အဆင့်ခွဲခြားထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် အဆင့်မြင့်ဆေးဝါးတွေကိုတော့ အဆင့်ကိုးဆင့်ခွဲထားတယ်”
“သာမန်တပည့်တယောက်က ပထမအဆင့်နယ်ပယ်ချိုးဖြတ်ဆေးကို စားသုံးလိုက်ရုံနဲ့တင်ပဲ အဆင့်ချိုးဖြတ်နိုင်သွားလိမ့်မယ်။ မင်းအခြေအနေဆိုရင်တော့ ငါ့အမြင်အရတော့ အဆင့်ငါးနယ်ပယ်ချိုးဖြတ်ဆေးလောက်မှပဲ အဆင်ပြေလိမ့်မယ်”
ကျိုးကျွင်းက ညစ်ကျယ်ကျယ်ပြုံးလိုက်လေ၏။ သူ့ဂျူနီယာညီလေး၏ ကျင့်ကြံရေးလမ်းကြောင်းမှာ မဟားဒယားကို ဈေးကြီးလွန်းလှပေသည်။
“အဆင့်ငါးဆေးလုံးလား”
“အဲ့ဒါဆိုလည်း အဓိကတောင်မကြီးကို သွားပြီးတော့ သွားဝယ်လိုက်မယ်လေ”
“ဝယ်ဖို့က အဲ့လောက်ကြီးလွယ်ကူမနေဘူးလေ” ကျိုးကျွင်းက ပုခုံးတွန့်ပြလိုက်လေ၏။
“ငါတို့ ရှေးဟောင်းတာအိုဂိုဏ်းမှာ အဲ့လိုဆေးမျိုးရှိဖို့က မသေချာဘူး။ ငါတို့ဂိုဏ်းက ဆေးလုံးတွေက ဂိုဏ်းက ဆေးဖော်စပ်သူတွေက ပြုလုပ်ထားတာပဲ။ ဆေးတော်တော်များများက သာမန်ဆေးတွေဖြစ်ပြီးတော့ ဂိုဏ်းတပည့်တွေကို ကောင်းကောင်း အထောက်အပံ့ပေးနိုင်တယ်လေ”
“ဒါပေမယ့် သူတို့ကို အဆင့်ငါးဆေးလုံးကို ဖော်စပ်ခိုင်းတာမျိုးကတော့ သူတို့အတွက် ခက်ခဲနေလိမ့်မယ်။ ပြီးတော့ ဆေးလုံးရဲ့ အဆင့်ကမြင့်လေလေ၊ ပေးချေရတဲ့ တန်ဖိုးကလည်း ပိုပြီး ကြီးလေလေပဲ။ အပြန်အလှန်အနေနဲ့ သူတို့က ဘယ်အရာတွေကို တောင်းဆိုမလဲဆိုတာကို မသိနိုင်ဘူးလေ။ ဒါပေမယ့်လည်း တခြားနည်းလမ်း ရှိ၊မရှိဆိုတာ ဆရာ့ကို မေးကြည့်လိုက်ပါဦး။ အဲ့လောက်အထိတော့ ငါလည်း မကူညီနိုင်တော့ဘူး”
လီဟမ်ရှန်းက ခေါင်းကို လေးနက်စွာ ညိတ်လိုက်၏။ သိပ်မကြာခင်တွင် အစေခံများမှာ အသားဝယ်ပြီး ပြန်လာခဲ့ကြတော့သည်။ သူတို့နှစ်ယောက်မှာ ကြက်ကင်ကို ဝိုင်အိုးနှင့် မြည်းကာ သောက်လိုက်ကြတော့သည်။
လင်ရွှမ်းကျားဖြူအမြူတေနှင့်ပြုလုပ်ထားသည့် ဝိုင်မှာ အလွန်ကောင်းမွန်လှသည်ဟု ပြော၍ရပေသည်။ ဝိုင်အိုးတွင်ပါဝင်သော ဝိဉာဉ်စွမ်းအားမှာ လွန်စွာမှကို ပေါကြွယ်ဝလွန်းပေသည်။ ထိုဝိုင်ကို သောက်သုံးပြီးသည့်အခါတွင် မိမိကိုယ်တွင်းရှိ သွေးချီစွမ်းအားများနှင့် အတွင်းအားများမှာ တရိပ်ရိပ်နှင့် ထိုးတက်လာသည်ကို ခံစားရလိမ့်မည် ဖြစ်သည်။ သာမန်ဆေးဝါးများကို သုံးစွဲခြင်းထက် ရလဒ်မှာပိုမို၍ ကောင်းမွန်လွန်းလှပေသည်။
ကြံ့ခိုင်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် လီဟမ်ရှန်းပင်လျှင် ဝိုင်ကိုသောက်သုံးပြီးသော် မူးနောက်သည့် ခံစားချက်ကို ခံစားနေခဲ့ရတော့သည်။ သူကလည်း ဝိုင်အိုး၏ မူးဝေမှုဒဏ်ကို မခံစားနိုင်ပေ။ သူ၏ မူလရည်ရွယ်ချက်မှာ ရှမူဟိုင်ကို အဆင့်ချိုးဖြတ်တက်ရောက်မှုအကြောင်းကို မေးရန်ဖြစ်လေသည်။ သို့သော် ဝိုင်အရက်၏ ကောင်းမှုကြောင့် တခေါခေါနှင့် တညလုံးအိပ်မောကျသွားသည့်အပြင် နောက်တနေ့နေ့ခင်းမှသာ ပြန်လည်၍ နိုးလာခဲ့တော့သည်။
သူနိုးသည့်အချိန်တွင် ကျိုးကျွင်းမှာ မရှိတော့ချေပြီ။ ဝိုင်ကရားတွင် တဝက်ခန့်မျှသာပါရှိသော ဝိုင်အနည်းငယ်လောက်နှင့် ယခုလို မူးဝေသွားလိမ့်မည်ဟု လီဟမ်ရှန်းက မမျှော်လင့်ထားခဲ့မိပါချေ။
အရက်မှာ လွန်စွာမှကို ပြင်းလှပေသည်။ မနေ့က ကျိုးကျွင်းနှင့်အတူ အရက်သောက်နေစဉ် အဖြစ်အပျက်များကို သူမမှတ်မိတော့ပါချေ။ ကျိုးကျွင်းရှေ့တွင် ရှက်စရာကောင်းသောအရာများကို သူပြုလုပ်မိလေသလားဆိုတာကိုပင် မသေချာတော့ပါချေ။
လီဟမ်ရှန်းက ရှမူဟိုင်ကို လိုက်ရှာတော့မည့်အချိန်မှာပင် ရှုခွေက သူ့ထံသို့ ဧည့်သည်ရောက်လာသည်ဟု အကြောင်းကြားခဲ့လေသည်။
သူ့အတွက် အံ့အားသင့်ဖွယ်ဖြစ်နေသည်မှာ ရောက်လာသူမှာ တခြားမဟုတ်ပဲ ယန်ယုယွင် ဖြစ်နေခဲ့တော့၏။
“အကိုလီ” ယန်ယုယွင်က သူမ၏ သွားတက်လေးပေါ်အောင် ပြုံးရင်း သူ့ထံသို့ လှမ်းလာခဲ့လေသည်။
“ကျွန်မက မူဟိုင်ဖုန်းတောင်နားကို ရောက်နေတာနဲ့ အကိုလီ့ကို လာဝင်တွေ့တာ၊ အကို ကျင့်ကြံနေတာ အနှောင့်အယှက်ဖြစ်သွားခဲ့လား”
“မဖြစ်ပါဘူး။ ငါလည်း အခုမှ နိုးလာတာပါ။ ချင်ကျူးတောင်အထိလာပြီး ငါ့ကို တယောက်ယောက်ကလာတွေ့ဖို့ဆိုတာက ရှားရှားပါးပါးပဲလေ။ ဒီတော့ ညီမလေးယုယွင်က ရှားရှားပါးပါး ဧည့်သည်တော်ကြီးပဲပေါ့။ လာထိုင်ပါဦး”
သူတို့နှစ်ယောက်စလုံးမှာ တမြို့ထဲသားချင်းများဖြစ်ကြသောကြောင့် လီဟမ်ရှန်းမှာ သူမကို နွေးထွေးစွာဖြင့် နှုတ်ဆက်လိုက်တော့သည်။ ထို့အပြင် ယန်မိသားစုမှာ သူ့ဖခင်၏ အလုပ်ရှင်များဖြစ်နေသေးသည် မဟုတ်ပါလား။
နှစ်ယောက်စလုံးသည် လောကဝတ်စကားးများကို ပြောဆိုပြီးသည့်အခိုက်တွင် ယန်ယုယွင်က စကားစလာခဲ့တော့သည်။
“အကိုလီ ညီမတောင်အောက်ဆင်းမလို့”
“ချန်ထင်မြို့လေးကို ပြန်သွားမလို့လား” လီဟမ်ရှန်းက ယန်ယုယွင်ကို ကြည့်ကာ မေးလိုက်လေသည်။
“ဟုတ်တယ်၊ ကျွန်မ အိမ်မပြန်ဖြစ်တာ အတော်ကို ကြာနေပြီ။ အဲ့ဒါကြောင့် မပြန်ခင် အကို့ဆီကို လာမေးတာ၊ အကိုကော ညီမနဲ့ အတူတူ အိမ်မပြန်ချင်ဘူးလားလို့”
“ငါ...” လီဟမ်ရှန်းမှာ အိမ်ကို အလွန်ပြန်ချင်နေခဲ့လေသည်။ ဒါပေမယ့် သေချာတွေးတောပြီးသည့်နောက်တွင် သူက ဦးခေါင်းကို ခါယမ်းလိုက်တော့သည်။ လက်တလောတွင် ကြုံတွေ့ထားသော သေလုနီးပါးဖြစ်ရပ်မှာ သူ့မှတ်ဉာဏ်ထဲတွင် စွဲထင်နေခဲ့တော့သည်။
ထို့အပြင် ရှေးဟောင်းတာအိုဂိုဏ်းအပြင်သို့ ထွက်ရန် အန္တရာယ်များသေးသည့်အကြောင်းကို ရှမူဟိုင်က သူ့အား ပြောထားပြန်သေးသည်။ သူ့ကိုယ်သူ ကာကွယ်နိုင်သည့်အချိန်ကျရောက်မှသာ အပြင်သို့ထွက်သင့်လေသည်။ လောလောဆယ်တော့ စောင့်နေသည်က ကောင်း၏။
ေနာက်ထပ် လီဟမ်ရှန်း ေတွးမိသည်မှာ တခုရှိေသး၏။ သူသာ စန်းဟိုင်စောင့်ရှောက်ရေးလုပ်ငန်းကို ချန်ထင်မြို့အား သူ့ကိုလိုက်ပို့ခိုင်းနိုင်ပေသေးသည်။ ထိုလုပ်ငန်းမှ ပညာရှင်များသာ သူ့ကို ကာကွယ်ပေးပါလျှင် ချန်ထင်မြို့သို့ သူက ချောမွေ့စွာ ပြန်ရောက်နိုင်ပေလိမ့်မည်။
ဒါပေမယ့် သူက ချန်ထင်မြို့ကိုရောက်ပြီးရင် ဘာဆက်ဖြစ်နိုင်မှာလဲ။ သူကတော့ အဆင်ပြေနိုင်ပေမယ့် ထာဝရရှင်သန်ခြင်းဂိုဏ်းက လူတွေ ရုတ်တရက်ပေါ်လာခဲ့ရင် သူ့အနားက လူတွေအားလုံး ဒုက္ခရောက်သွားနိုင်မည် မဟုတ်ပါလား။
အထူးသဖြင့် လီဟမ်ရှန်းမှာ သူ၏ ဖခင်ဖြစ်သူအား အန္တရာယ်နှင့် မကြုံတွေ့စေလိုပါချေ။ ထာဝရရှင်သန်ခြင်းဂိုဏ်းက လူတွေက လွန်စွာမှကို ရက်စက်လှသောကြောင့် သူ့ဖခင်အား အသက်အန္တရာယ်ပြုနိုင်ပေလိမ့်မည်။
ထို့ကြောင့် လီဟမ်ရှန်းက အချိန်တခုကြာမြင့်သည်အထိ အိမ်မပြန်ရန်အတွက် ဆုံးဖြတ်လိုက်လေသည်။ အနည်းဆုံးတော့ သူ့ဖခင်အား ကာကွယ်နိုင်လောက်သည်အထိ စွမ်းအားရှိမှသာ ပြန်မှ ဖြစ်ပေလိမ့်မည်။
“ ကျွန်မနားလည်ပြီ။ အဲ့ဒါဆိုရင် ကျွန်မဘာသာ ပြန်လိုက်ပါ့မယ်” ယန်ယုယွင်က အနည်းငယ်စိတ်ပျက်သွားသည့်ပုံစံပင်။
“စကားမစပ် ညီမလေး၊ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ လက်ရှိလှုပ်ရှားမှုတွေကို ညီမလေး သိထားတာတွေ ရှိနေလား” လီဟမ်ရှန်းက ယန်ယုယွင်ကို မေးလိုက်လေသည်။